← Chapters

အခန်း ၂၂၈

Vol. 23 Ch. 228

အခန်း ၂၂၈

Vol. 23 Ch. 228

အခန်း (၂၂၈) - မိန်းကလေး... မစိုးရိမ်ပါနဲ့

ချန်ဝူယင်းသည် လက်ထဲရှိ ကြေးအိုးကို ကြည့်ကာ အတွေးနက်နေ၏။

အင်း...

'ဘယ်နေရာများ လွဲနေတာပါလိမ့်...'

လုဟွန်းဂိုဏ်း၏ ကျင့်စဉ်မှာ ထူးခြားဆန်းပြားလှ၏။ လူ့အသက်များကို အရင်းအမြစ်အဖြစ် အသုံးပြုနိုင်ပြီး ကျင့်ကြံမှုအဆင့် မြင့်မားလာလေလေ လူ့အသက်များကို ပိုမိုလိုအပ်လေလေ ဖြစ်သည်။

ဆဋ္ဌမအဆင့်သို့ ချိုးဖျက်တက်လှမ်းလိုပါက ရေတွက်၍မရနိုင်သော သွေးနှင့်အသားများကို ဖုန်းရှန်းကြေးအိုးထဲသို့ ထည့်ကာ သက်ရှိအမြုတေဆေးလုံးအဖြစ် ဖော်စပ်ရပေမည်။

ဖုန်းရှန်းကြေးအိုးသည် သတ်ဖြတ်ခြင်းအဖိုးအိုနှင့်အတူ ပျောက်ကွယ်သွားပြီးနောက်ပိုင်း လုဟွန်းဂိုဏ်းတွင် ဆဋ္ဌမအဆင့်ကျင့်ကြံသူ ပေါ်ထွက်မလာခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီ ဖြစ်သည်။

ယနေ့တွင်မူ သူသည် ဖုန်းရှန်းကြေးအိုးကို ရှာဖွေတွေ့ရှိခဲ့လေပြီ။

အရွယ်အစား၊ အင်းစာသားများနှင့် ပစ္စည်းအမျိုးအစားအားလုံးမှာ ဂိုဏ်း၏မှတ်တမ်းတွင် ဖော်ပြထားသော ရတနာနှင့် တစ်ထေရာတည်း တူညီနေ၏။

ကွဲပြားခြားနားချက် တစ်ခုတည်းမှာ မှတ်တမ်းထဲရှိ ဖုန်းရှန်းကြေးအိုးမှာ တစ်ခုလုံး အကောင်းအတိုင်း ရှိနေခြင်းပင်။

ဤနေရာ၌ ရှိနေသည်မှာမူ တစ်ဝက်တည်းသာ ရှိတော့၏။

'အခြားတစ်ဝက်ကို ဝှက်ထားသေးတာလား...'

'ဒီအက်ကွဲကြောင်းက ပြန်စပ်လို့ရမယ့်ပုံ မပေါ်ဘူး... တစ်ခုခုက ကိုက်ဝါးထားတာနဲ့ ပိုတူနေတယ်...'

ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် သူသည် နောက်ဆုံး၌ စကားတစ်ခွန်းကို ဟစ်အော်လိုက်၏။

"ရှာစမ်း…"

သူ့နောက်ကွယ်ရှိ တပည့်နှစ်ဦးမှာ ဇဝေဇဝါဖြစ်သွားပြီး မေးလိုက်ကြ၏။

"ဂိုဏ်းချုပ်... ဘာကို ရှာရမှာလဲခင်ဗျ…"

ချန်ဝူယင်းက ဒေါသတကြီး အော်ဟစ်လိုက်၏။

"ကျန်တဲ့ ဖုန်းရှန်းကြေးအိုးတစ်ဝက်ကို ရှာရမှာပေါ့…”

“ဒါက တစ်ဝက်တည်းပဲ ရှိတာကို ဘယ်လိုလုပ် ဆေးလုံးဖော်စပ်လို့ ရမှာလဲကွ…"

"ဟုတ်ကဲ့…"

တပည့်နှစ်ဦးမှာ ကပျာကယာဖြင့် လိုက်လံရှာဖွေတော့သည်။

သို့သော် အလောင်းပေါ်မှလက်ချောင်းအရိုးမှာ ချူလျန် ချိုးယူသွားခဲ့ပြီ ဖြစ်သောကြောင့် ၎င်းတို့မြေလှန်ရှာဖွေလျှင်ပင် မည်သည့်အရာမျှ တွေ့ရှိနိုင်တော့မည် မဟုတ်ချေ။

ချူလျန်သည် လျှို့ဝှက်ခန်းထဲမှနေ၍ အပြင်ဘက်မှ လှုပ်ရှားသံများကို နားထောင်နေရင်း ၎င်းတို့ စိတ်ပျက်လက်ပျက်ဖြင့် မြန်မြန် ထွက်ခွာသွားရန်သာ ဆုတောင်းနေမိ၏။

ထိုဖုန်းရှန်းကြေးအိုးတစ်ဝက်ကို ထားခဲ့လျှင် ပို၍ပင်ကောင်းပေလိမ့်မည်။ ပိုးလောက်ကောင်လေး စားမကုန်လျှင်ပင် သူသိမ်းဆည်းသွားနိုင်သည်။

နှမြောစရာကောင်းသည်မှာ ချန်ဝူယင်းသည် လက်လျှော့မည့်ပုံမပေါ်ခြင်းပင်။

ထို့အပြင် သူ၏အကြည့်မှာ ဤနံရံဆီသို့ ကျရောက်လာခဲ့လေသည်။

နှစ်ပေါင်းများစွာ ပိတ်ဆို့နေခဲ့သော ရေအောက်ဂူဗိမာန်၏ပတ်ပတ်လည် နံရံများတွင် ရွှံ့နွံများဖုံးလွှမ်းနေသော်လည်း ဤနံရံတစ်ခုတည်းမှာမူ လျှို့ဝှက်တံခါးကို ဖွင့်လိုက်စဉ်က လှုပ်ရှားသွားခဲ့သောကြောင့် ရွှံ့နွံအမြောက်အမြား ကွာကျနေခဲ့သည်။

ချန်ဝူယင်းက သံသယမျက်လုံးများဖြင့် ကြည့်ကာ ပြောလိုက်၏။

"ဒီနံရံက ဘာလို့ဒီလောက်တောင် သန့်ရှင်းနေရတာလဲ... ရိုက်ခွဲကြည့်စမ်း.."

လျှို့ဝှက်ခန်းထဲရှိ ချူလျန်၏စိတ်မှာ တင်းကျပ်သွား၏။

အကယ်၍ တိုက်ရိုက်ရင်ဆိုင်တိုးမိပါက သူ လွတ်မြောက်နိုင်မည်ကို မသေချာချေ။ ချန်ဝူယင်းသည် ယခင်က ဓားနီကြီးနှင့် တစ်ကြိမ်ကြုံတွေ့ဖူးသဖြင့် နောက်တစ်ကြိမ် ရင်ဆိုင်ရလျှင် ပို၍ခက်ခဲပေလိမ့်မည်။

ထိုဓားမှလွဲ၍ သူ၏တစ်ခုတည်းသော အားကိုးရာမှာ အဘိုးကြီးဖေးသာ ရှိတော့၏။

ပြီးခဲ့သည့်အကြိမ် အင်မော်တယ်နွံတော၌ သူ၏စွမ်းအားအားလုံးကို အသုံးပြုခဲ့ရပြီးနောက်ပိုင်း ချူလျန်သည် ဓားဒင်္ဂါးရာပေါင်းများစွာ အသုံးပြုကာ ယင်စွမ်းအင် ဝိညာဉ်သစ်ပင်များကို ဝယ်ယူ၍ သူ့အခြေအနေကို ပြန်လည်ကုစားပေးခဲ့ရသည်။

ဤအဘိုးကြီးကို တစ်ကြိမ်အသုံးပြုတိုင်း ငွေများကို မီးရှို့ပစ်နေရသကဲ့သို့ ဖြစ်သည်ဟု ဆိုနိုင်သည်။

သို့သော် အကျပ်အတည်းနှင့်ကြုံလာပါက ချူလျန်သည်လည်း တွန့်တိုနေမည် မဟုတ်ပေ။

သူ အသက်ရှူအောင့်ကာ တင်းကြပ်နေစဉ် အပြင်ဘက်မှလှုပ်ရှားသံများ ထပ်မံထွက်ပေါ်လာ၏။

ဝင်ပေါက်ရှိအစီအရင်များ တစ်ခုပြီးတစ်ခု တုန်ခါသွားပြီးနောက် ငွေဆည်းလည်းသံကဲ့သို့ သာယာသောရယ်သံတစ်ခု ပျံ့လွင့်လာခဲ့သည်။

ထိုလုဟွန်းဂိုဏ်းမှ တပည့်နှစ်ဦးမှာ နံရံကိုရိုက်ခွဲရန် ပြင်နေစဉ် နောက်ကွယ်မှ ရယ်သံကြောင့် အာရုံပြောင်းသွားကာ လှည့်ကြည့်လိုက်ကြ၏။

ဝူး...

မွှေးပျံ့သော လေပြေညင်းတစ်ခု ဂူဗိမာန်ထဲသို့ တိုက်ခတ်လာ၏။

ထို့နောက် အနီရောင်ဂါဝန်ကို ဝတ်ဆင်ထားပြီး ခါးကို တင်းကျပ်စွာ စည်းနှောင်ထားသော မိန်းမပျိုတစ်ဦး ပေါ်လာခဲ့သည်။

သူမသည် ခြေဖဝါးအောက်ရှိ ရွှံ့နွံများကို ရွံရှာပုံရပြီး လေထဲ၌ လွင့်မျောရပ်တန့်နေ၏။

သူမ၏ ဆံကေသာများမှာ ရေတံခွန်ကဲ့သို့ နက်မှောင်ဖြောင့်စင်းနေပြီး အသားအရေမှာလည်း ဆီးနှင်းကဲ့သို့ ဖြူဖွေးကာ တောက်ပသော ဝတ်ရုံနီနှင့် လိုက်ဖက်လှသဖြင့် သူမ၏ ဆွဲဆောင်မှုရှိသော အလှတရားမှာ မျက်စိကျိန်းမတတ် ဖြစ်စေသည်။

ဝတ်ရုံနီနှင့် မိန်းကလေးက ပြုံးလျက် ပြောလိုက်၏။

"ဂိုဏ်းချုပ်ချန်ရဲ့ စွမ်းဆောင်ရည်က တကယ့်ကို အံ့မခန်းပါပဲ... ရက်ပိုင်းအတွင်းမှာတင် သတ်ဖြတ်ခြင်းအဖိုးအိုရဲ့ အရိုးစုမြေချရာနေရာကို ရှာတွေ့နိုင်ခဲ့တယ်... ကျမ မထင်ထားမိဘူး..."

ချန်ဝူယင်းက တည်ငြိမ်သောအသံဖြင့် မေးလိုက်၏။

"မိန်းကလေးက ဘယ်သူပါလိမ့်..."

ဤမိန်းကလေး၏ ရောက်ရှိလာပုံမှာ ထူးဆန်းလှပေသည်။ သူ ချက်ချင်း တိုက်ခိုက်ခြင်းမပြုရသည့် အကြောင်းရင်းမှာ တစ်ဖက်လူ၏ အရှိန်အဝါက သူ့ထက် မနိမ့်ကျကြောင်း မရေမရာ ခံစားမိသောကြောင့် ဖြစ်၏။

ဝတ်ရုံနီနှင့် မိန်းကလေးသည် ဖုံးကွယ်ထားခြင်းမရှိဘဲ နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခုဆင်မြန်းကာ ပွင့်လင်းစွာပင် သူမ၏နောက်ခံကို ပြောပြလိုက်၏။

"မင်ဝမ်ဂိုဏ်းက ယီချိုးရွှေပါ"

ချန်ဝူယင်းက ချက်ချင်း သတိရသွားပြီး ပြောလိုက်၏။

"ဝတ်ရုံနီနန်းဆောင်က မိစ္ဆာမယ်လေးပါးထဲက တစ်ဦးဖြစ်တဲ့ ယီမိစ္ဆာမယ်လား..."

မင်ဝမ်ဂိုဏ်းတွင် ဝဲယာအစောင့်အရှောက်များနှင့် ယူမင်နန်းဆောင်လေးခု ရှိရာ ဝတ်ရုံနီနန်းဆောင်သခင်၏ လက်အောက်တွင် တပည့်လေးဦးရှိပြီး ၎င်းတို့ကို မိစ္ဆာမယ်လေးပါးဟု ခေါ်ဆိုကြသည်။

ထိုအထဲတွင် အငယ်ဆုံးဖြစ်သော ယီမိစ္ဆာမယ်၏အမည်မှာ ယီချိုးရွှေ ဖြစ်သည်။ သို့သော် မိစ္ဆာဂိုဏ်းချင်း တူညီကြသော်လည်း ချန်ဝူယင်းသည် သူမကို တစ်ခါမျှ မမြင်ဖူးချေ။

လျှို့ဝှက်ခန်းထဲရှိ ချူလျန်သည် ဤမိစ္ဆာမလေးမှာ မိစ္ဆာကျင့်စဉ်ကို အပြည့်အဝ ကျင့်ကြံထားပုံမရဟု ခံစားမိ၏။

အဘယ်ကြောင့်ဆိုသော် မိစ္ဆာဂိုဏ်းတွင် အခြေချနေထိုင်သူများ၌ သွေးညှီနံ့များ စွဲကပ်နေလေ့ရှိသော်လည်း ဓားနီကြီးကမူ ဤရောက်ရှိလာသော မိန်းကလေးအပေါ် မည်သည့်စိတ်ဝင်စားမှုမျှ မရှိသောကြောင့် ဖြစ်သည်။

၎င်းသည် ဂူဗိမာန်ထဲရှိ အလောင်းနှင့် ချန်ဝူယင်း၏ တည်ရှိမှုအပေါ်တွင်သာ စိတ်လှုပ်ရှားစွာ တုန်ခါနေခဲ့သည်။

ယီချိုးရွှေဟု အမည်ရသော မိန်းကလေးက ချန်ဝူယင်းကို စိုက်ကြည့်ကာ ပြောလိုက်၏။

"ကျွန်မပါပဲ... သတ်ဖြတ်ခြင်းအဖိုးအိုရဲ့ ကိုယ်ပေါ်မှာ ကျမရဲ့ ဆရာသခင် လိုချင်တဲ့ အရာတစ်ခု ရှိနေလို့ပါ…”

“ဒါကြောင့်မို့လို့ ဂိုဏ်းချုပ်ချန်ရဲ့နောက်ကို တစ်လျှောက်လုံး လိုက်လာခဲ့ရတာပါ... အပြစ်မယူပါနဲ့ရှင်..."

ချန်ဝူယင်းက လက်နှစ်ဖက်ကို ဖြန့်ပြကာ ပြောလိုက်၏။

"ဝတ်ရုံနီနန်းဆောင်ကလည်း ငါတို့ဂိုဏ်းရဲ့ ဖုန်းရှန်းကြေးအိုးကို စိတ်ဝင်စားနေတာလား…”

“ဒါဆိုရင်တော့ ငါလည်းငြင်းဆန်ရဲမှာ မဟုတ်ပါဘူး... ဒါပေမဲ့ တစ်ဝက်ပဲ ပေးနိုင်လိမ့်မယ်... ကျန်တဲ့တစ်ဝက် ဘယ်ရောက်သွားလဲဆိုတာ ငါလည်း မသိဘူး..."

ယီချိုးရွှေက ခေါင်းယမ်းလိုက်၏။

"ဟင်း... ကျမတို့ ဆရာသခင်က ရှင်တို့ရဲ့ လူသားသားစားတဲ့ အိုးပုပ်ကြီးကို ဘာလုပ်ဖို့ ယူရမှာလဲ..."

ချန်ဝူယင်းက စိတ်ရှုပ်ထွေးစွာ မေးလိုက်၏။

"သတ်ဖြတ်ခြင်းအဖိုးအိုက ငါတို့ဂိုဏ်းရဲ့ ဘိုးဘေးပဲ... သူ့ဆီမှာ တခြား ရတနာရှိနေတာကို ငါဘာလို့မသိရတာလဲ..."

ယီချိုးရွှေက ပြန်ပြောလိုက်၏။

"သိပ်ပြီးတော့ တန်ဖိုးရှိတဲ့ အရာတော့ မဟုတ်ပါဘူး... ကျမတို့ မင်ဝမ်ဂိုဏ်းနဲ့ အနည်းငယ် ပတ်သက်မှုရှိနေလို့ပါ…”

“ဂိုဏ်းချုပ်ချန်က ဖုန်းရှန်းကြေးအိုးကို ရသွားပြီဆိုတော့ ဒီကနေ ထွက်သွားပြီး ကျမကိုလည်း ရှာဖွေခွင့်ပေးပါဦး..."

ချန်ဝူယင်းက လွယ်လွယ်ကူကူပင် သဘောတူလိုက်၏။

"ရတာပေါ့... ဝတ်ရုံနီနန်းဆောင်က လိုချင်တာရှိရင် စိတ်ကြိုက် ယူနိုင်ပါတယ်…”

“နောင်ကျရင်တော့ ငါတို့က မိစ္ဆာဂိုဏ်းသားအချင်းချင်းမို့ ငါတို့ လုဟွန်းဂိုဏ်းကို စောင့်ရှောက်ပေးဖို့ပဲ မျှော်လင့်ပါတယ်..."

ယီချိုးရွှေကလည်း ပြတ်သားစွာ ပြန်လည်ဖြေကြားလိုက်၏။

"ပြဿနာမရှိပါဘူး…"

ချန်ဝူယင်းက သူ့တပည့်နှစ်ဦးကို ခေါ်ကာ ဂူဗိမာန်တံခါးဆီသို့ ခြေလှမ်းကျဲကြီးများဖြင့် လျှောက်လှမ်းသွား၏။

"သွားကြစို့…"

ယီချိုးရွှေက ဘေးတစ်ဖက်သို့ တိမ်းရှောင်ကာ လမ်းဖယ်ပေးလိုက်သည်။

နှစ်ဦးသား နီးကပ်စွာ ဖြတ်ကျော်မည့် ဆုံမှတ်တွင်မူ ချန်ဝူယင်းသည် ရုတ်တရက် တိုက်ခိုက်လိုက်တော့၏။

သူသည် ဘယ်လက်ဖြင့် မန္တန်ရွတ်ဆိုကာ ညာလက်ကိုမြှောက်လိုက်ပြီး လက်အင်္ကျီအတွင်းမှ သွေးစွမ်းအင်များနှင့် ပြည့်နှက်နေသော နဂါးနက်တစ်ကောင်ကို ထုတ်လွှတ်၍ ယီချိုးရွှေထံသို့ ကြောက်မက်ဖွယ် တိုက်ခိုက်လိုက်လေသည်။

တစ်ဖက်လူသည်လည်း အယုံလွယ်သူ မဟုတ်ချေ။

ချန်ဝူယင်း မလှုပ်ရှားမီကပင် ယီချိုးရွှေသည် ကိုယ်ယောင်ဖျောက်ကာ အနီရောင်အလင်းတန်းအဖြစ် ပြောင်းလဲ၍ တိုးဝင်လာခဲ့ပြီ ဖြစ်သည်။

ဝုန်း... ဝုန်း...

နှစ်ဦးသားမှာ ပြင်းထန်စွာ ထိပ်တိုက်တွေ့ဆုံသွားကြ၏။

ယီချိုးရွှေသည် ဤတစ်ခေါက်တွင် အဖိုးတန်ရတနာကို ရှာဖွေရန် ရည်ရွယ်ချက်ဖြင့် ရောက်ရှိလာခြင်းဖြစ်ပြီး ချန်ဝူယင်း ယန်ပေါ်မြို့သို့ ဝင်ရောက်လာကတည်းက သူမ၏ စောင့်ကြည့်ခြင်းကို ခံခဲ့ရသဖြင့် ထိုရတနာကို မရရအောင် ယူမည်မှာ အသေအချာပင်။

ယခုကဲ့သို့ အခြေအနေတွင် သူ့ကို မည်သို့လွယ်လွယ်ကူကူ လွှတ်ပေးနိုင်မည်နည်း။

သူမလိုက်ပါလာခြင်းမှာ ချန်ဝူယင်းကို မျက်ခြည်မပြတ်စေရန်သာဖြစ်ပြီး စမ်းသပ်ရန် မဟုတ်ပေ။

သူက ရတနာကိုမမြင်ခဲ့ဟု ပြောသော်လည်း အမှန်တကယ် မမြင်ခဲ့ခြင်း ဟုတ်ပါသလော။

ဤစကားသည် အမှန်ဖြစ်စေ၊ အမှားဖြစ်စေ ယီချိုးရွှေသည် သူ့ကို သတ်ဖြတ်ပြီးမှသာ စိစစ်ရန် ဆုံးဖြတ်ထား၏။

အစကတည်းက သူမ ပြုလုပ်လိုသည်မှာ လူသတ်၍ ရတနာလုယူခြင်းသာဖြစ်ပြီး တစ်ခုမျှ လွဲချော်၍ မရချေ။

ချန်ဝူယင်း၏သတ်ဖြတ်လိုစိတ်မှာ ပို၍ ပြင်းထန်နေ၏။

အကယ်၍ ယီချိုးရွှေက ဤနေရာ၌ ရတနာရှိကြောင်း မပြောခဲ့ပါက သူသည် လိုက်လံရှာဖွေပြီး ဖုန်းရှန်းကြေးအိုးတစ်ဝက်ကိုသာ ယူဆောင်ကာ ထွက်သွားမိပေလိမ့်မည်။

သို့သော် ဤစကားကို ကြားလိုက်ရပြီးနောက် သူ မည်သို့ စိတ်လျှော့နိုင်မည်နည်း။

ဝတ်ရုံနီနန်းဆောင်ကပင် မက်မောရသော ရတနာမှာ သာမန်အရာ မဟုတ်သည်မှာ အသေအချာပင်။ ဖုန်းရှန်းကြေးအိုးထက်ပင် ပို၍ တန်ဖိုးရှိပေလိမ့်မည်။

ယီချိုးရွှေကို သတ်ဖြတ်ပြီးသည်နှင့် သူသည် ဤနေရာကို မြေလှန်ရှာဖွေ၍ မရရအောင် ရှာယူမည်သာ ဖြစ်သည်။

မိစ္ဆာဂိုဏ်းသားနှစ်ဦးမှာ အကြံကိုယ်စီဖြင့် ချိန်းဆိုထားသော တိုက်ပွဲတစ်ခုကဲ့သို့ လှည့်ထွက်သွားသည့် ပထမဆုံးစက္ကန့်၌ပင် ချက်ချင်း တိုက်ခိုက်လိုက်ကြ၏။

တစ်ဦးကိုတစ်ဦး အပြန်အလှန် ချောင်းမြောင်းတိုက်ခိုက်ကြသဖြင့် မည်သူမျှ အသာစီးမရကြချေ။

ဤသည်မှာ တရားဝင် ထိပ်တိုက်တွေ့ဆုံမှုတစ်ခုပင် ဖြစ်တော့သည်။

ဤဂူဗိမာန်မှာ ကျယ်ဝန်းလှသော်လည်း ၎င်းတို့နှစ်ဦး၏ တိုက်ပွဲနှင့် ယှဉ်လျှင်မူ ကျဉ်းမြောင်းလွန်းနေ၏။

ပြင်းထန်သောပေါက်ကွဲသံကြီး ထွက်ပေါ်လာပြီးနောက် အနီရောင်အလင်းတန်းများ ပျံ့လွင့်သွားကာ ဂူဗိမာန်၏ နံရံလေးဘက်စလုံးတွင် အက်ကြောင်းကြီးများ ထင်ကျန်ရစ်ခဲ့သည်။

လုဟွန်းဂိုဏ်း တပည့်နှစ်ဦးမှာ ၎င်းတို့ဂိုဏ်းချုပ် တိုက်ခိုက်နေသည်ကို မြင်သောအခါ နောက်ဆုတ်၍ ထွက်ပြေးရန် ပြင်ကြသော်လည်း ယီချိုးရွှေက လက်နှစ်ဖက်ကို လေထဲ၌ ဆုပ်ကိုင်လိုက်ချိန်တွင် ထိုနှစ်ဦးလုံး၏ ခန္ဓာကိုယ်များမှာ ရုတ်တရက် တောင့်တင်းသွားခဲ့သည်။

ထို့နောက် အသံခပ်တိုးတိုး နှစ်ချက် ထွက်ပေါ်လာ၏။

ဖူး... ဖူး...

၎င်းတို့နှစ်ဦး၏ ခန္ဓာကိုယ်မှ သွေးညှီနံ့များ ထွက်ပေါ်လာပြီး ခြောက်သွေ့ညှိုးနွမ်းနေသော မြက်ခြောက်များကဲ့သို့ အရေပြားများသာ မြေပြင်သို့ ကျန်ရစ်ခဲ့ကာ သွေးခိုးများမှာမူ သွေးနီရောင်သရဲလက်သည်းအဖြစ် ပြောင်းလဲ၍ ချန်ဝူယင်းထံသို့ ပြင်းထန်စွာ တိုးဝင်သွားတော့သည်။

ချန်ဝူယင်းသည် လက်ကို မြှောက်ကာ အရိုးဖြူလှံရှည်တစ်စင်းကို ဆွဲထုတ်လိုက်ပြီး သရဲလက်သည်း၏ လက်ဖဝါးအလယ်တည့်တည့်သို့ ထိုးနှက်လိုက်၏။

ထိပ်တိုက်တွေ့ဆုံချိန်တွင် စူးရှတောက်ပသော အစိမ်းရောင် သရဲမီးတောက်များ ပေါက်ကွဲထွက်ပေါ်လာသည်။

ဝုန်း...

နောက်ထပ် ပေါက်ကွဲသံကြီးတစ်ခု ထွက်ပေါ်လာခဲ့ပြန်၏။

ပတ်ပတ်လည်ရှိ နံရံလေးဘက်လုံး ပြိုကျပျက်စီးသွားပြီး ၎င်းအထဲတွင် အောက်ခြေအကျဆုံးနေရာရှိ လျှို့ဝှက်ခန်းနံရံလည်း ပါဝင်သည်။

သတ်ဖြတ်ခြင်းအဖိုးအိုမှာ ယခင်က အလျင်စလို ထွက်ပြေးခဲ့ရသဖြင့် ဤရေအောက်ဂူဗိမာန်ကို ခိုင်ခံ့စွာ တည်ဆောက်ရန် အချိန်မရခဲ့ပုံပင်။

ဤလျှို့ဝှက်ခန်းသည်လည်း အနည်းငယ် ဖုံးကွယ်ထားရုံသာ ဖြစ်ပြီး ပြင်းထန်သော တိုက်ခိုက်မှုဒဏ်ကို မခံနိုင်ဘဲ ခဏချင်းအတွင်း ပြိုကျသွားခဲ့သည်။

နံရံများ ပြိုကျပျက်စီးသွားသည့် စက္ကန့်ပိုင်းအတွင်း နဂါးတစ်ကောင်ကဲ့သို့ ရှည်လျားလှသော ဓားစွမ်းအင်တစ်ခုသည် ယီချိုးရွှေကို ကျော်ဖြတ်ကာ ချန်ဝူယင်းထံသို့ တိုးဝင်သွားတော့သည်။

ဤသည်မှာ အလွန်ပင်ရုတ်တရက် ဆန်လွန်းလှ၏။

ဤဓားချက်ကြီးပင် ဖြစ်ပြန်သည်။

ချန်ဝူယင်းသည် ပြီးခဲ့သည့်အကြိမ်က ဤဓားချက်အောက်မှ သီသီလေး လွတ်မြောက်ခဲ့ရသဖြင့် ယခု ထပ်မံကြုံတွေ့ရချိန်တွင် ဝိညာဉ်အတွင်းပိုင်းအထိ ကြောက်ရွံ့တုန်လှုပ်သွားခဲ့ကာ တွေးတောရန် အချိန်မရှိတော့ဘဲ အလိုအလျောက်တုံ့ပြန်မှုအရ ခန္ဓာအစားထိုးသိုင်းကို ထပ်မံအသုံးပြုရန် ပြင်ဆင်လိုက်၏။

သို့သော် သူလှုပ်ရှားရန် ပြင်လိုက်ချိန်တွင် သူ၏ခန္ဓာကိုယ်အတွင်းရှိ သွေးကြောများမှာ ပိတ်ဆို့နေပြီး သွေးလည်ပတ်မှုမှာလည်း တစ်ခုခုကြောင့် နှောင့်နှေးနေသကဲ့သို့ ခံစားလိုက်ရသည်။

ဝတ်ရုံနီနန်းဆောင်၏ သွေးထိန်းချုပ်ခြင်းအတတ်။

သူသည် အကြောင်းရင်းကို ချက်ချင်းပင် သဘောပေါက်လိုက်၏။ ဤသည်မှာ ယီချိုးရွှေက သူ့အပေါ်တွင် အသုံးပြုထားသော တိုက်ခိုက်မှုတစ်ခု ဖြစ်သည်။

သာမန်အားဖြင့် သူ၏ ကျင့်ကြံမှုအဆင့်မှာ မနိမ့်ပါးသဖြင့် ဤကျိန်စာသည် သူ့ကို အနည်းငယ် နေရခက်ရုံသာ ဖြစ်စေပြီး မန္တန်များကို ချောမွေ့စွာ ထုတ်ဖော်နိုင်ခြင်း မရှိရုံသာ ဖြစ်လိမ့်မည်။

သို့သော် ဤကဲ့သို့ သေရေးရှင်ရေး တိုက်ပွဲအတွင်း၌မူ သွေးလှည့်ပတ်မှု အနည်းငယ် နှောင့်နှေးသွားခြင်းမှာ အသက်ရှင်ခြင်းနှင့် သေဆုံးခြင်းကို အဆုံးအဖြတ်ပေးနိုင်သော ကွာခြားချက် ဖြစ်သွားတော့သည်။

ဝုန်း...

ထိုကြောက်မက်ဖွယ် ဓားစွမ်းအင်သည် ချန်ဝူယင်းကို တိုက်ရိုက် ဝါးမြိုသွားခဲ့ပြီး မည်သည့်ညှာတာမှုမျှမရှိဘဲ သူ၏ခန္ဓာကိုယ်ကို ဖုန်မှုန့်အဖြစ်သို့ ပြောင်းလဲပစ်လိုက်ပြီးမှသာ ငြိမ်သက်သွားခဲ့သည်။

ဤဓားချက်မှာ ယီချိုးရွှေကိုလည်း အကြီးအကျယ် ထိတ်လန့်သွားစေခဲ့ပြီး ကျောချမ်းသွားစေ၏။

သူမသည် သံသယများဖြင့် လှည့်ကြည့်လိုက်ရာ ဝတ်ရုံနက်ကို ဝတ်ဆင်ထားသော လျှို့ဝှက်ဆန်းပြားသူတစ်ဦးသည် ဓားအလင်းတန်းကို သိမ်းဆည်းကာ ပြိုကျနေသော နံရံနောက်ကွယ်မှ ဖြည်းညင်းစွာ ထွက်လာပြီး အဘိုးအိုတစ်ဦး၏ အသံဖြင့် ပြောဆိုလိုက်သည်ကို တွေ့လိုက်ရ၏။

"မိန်းကလေး... မစိုးရိမ်ပါနဲ့... ငါ မင်းကို မသတ်ပါဘူး..."

All Chapters