← Chapters

အခန်း ၂၂၉

Vol. 23 Ch. 229

အခန်း ၂၂၉

Vol. 23 Ch. 229

အခန်း (၂၂၉) - စီနီယာကြီး တူကူး

ယီချိုးရွှေ ရောက်ရှိလာစဥ်က ချူလျန်၏ စိတ်ထဲတွင် အနည်းငယ် ပျာယာခတ်သွားခဲ့ရသည်။

အကြောင်းမူကား မိစ္ဆာဂိုဏ်း၏လက်ရွေးစင် နောက်တစ်ယောက် ထပ်တိုးလာသောကြောင့်ပင်။

သူ၏ ဓားနီကြီးသည် ချန်ဝူယင်းတစ်ဦးတည်းကိုသာ ရင်ဆိုင်နိုင်ပြီး ယီချိုးရွှေကိုမူ ရင်ဆိုင်နိုင်စွမ်း မရှိချေ။

သူသာ လူလုံးထွက်ပြမိပါက ၎င်းတို့နှစ်ဦးလုံး၏ ပစ်မှတ်ဖြစ်လာပေလိမ့်မည်။

ထိုမိစ္ဆာကျင့်ကြံသူနှစ်ဦးအကြား မည်သို့သော ရန်ငြိုးရန်စ ရှိပါစေဦးတော့ လျှို့ဝှက်အခန်းထဲမှထွက်လာသော တရားဝင်ဂိုဏ်းကျင့်ကြံသူဖြစ်သည့် သူ့ကိုသာ အရင်ဆုံး စုပေါင်းသတ်ဖြတ်ကြမည်မှာ သေချာလှပေသည်။

နောက်ပိုင်းတွင် ၎င်းတို့နှစ်ဦး တိုက်ခိုက်ကြသည်ကို မြင်မှသာ ချူလျန် သက်ပြင်းချနိုင်တော့သည်။

၎င်းတို့နှစ်ဦး နှစ်ဖက်လုံး အထိအခိုက်များပြီး ဒဏ်ရာအပြင်းအထန် ရသွားကြရန်သာ သူ မျှော်လင့်နေမိတော့သည်။

သူသည် ကြားညှပ်၍ အမြတ်ထုတ်ရန်မရည်ရွယ်ဘဲ ဘေးကင်းရန်ကင်းနှင့်သာ ဆုတ်ခွာနိုင်ရန် ဆန္ဒရှိပေသည်။

သို့သော် မည်သူက ထင်မှတ်ထားပါမည်နည်း... ၎င်းတို့နှစ်ဦး ဒဏ်ရာမရသေးခင်မှာပင် နံရံက အရင်ဆုံးပျက်စီးလုနီးပါး ဖြစ်လာခဲ့သည်။

ဤနံရံ ပြိုကျသွားပါက သူသည် ဆက်လက်ပုန်းကွယ်နေနိုင်တော့မည် မဟုတ်ပေ။

ချူလျန်သည် ချက်ချင်းပင် ဆုံးဖြတ်ချက်ချလိုက်သည်။ တိုက်ခိုက်ပြီး ထွက်ပြေးမှ ရပေလိမ့်မည်။

သူသည် လက်ကို လှန်လိုက်ပြီး သိုးရေစာလိပ်ကို ကိုက်ထားသည့် ရွှေရောင်ဦးခေါင်းခွံကို အရင်သိမ်းဆည်းလိုက်သည်။

ထို့နောက် ယင်ယွမ်ဆေးလုံးတစ်လုံးကို စားသုံးရန်မမေ့လျော့ဘဲ အသက်ရှူသံဖုံးဝတ်ရုံကိုလည်း ခြုံလိုက်ပြီးနောက် နံရံကြီး လုံးဝပြိုကျမသွားမီ ဓားတစ်ချက်ဖြင့် အပြင်သို့ပြေးထွက်လိုက်တော့သည်။

ချန်ဝူယင်း တဲ့လား။

လုဟွန်းဂိုဏ်းချုပ် တဲ့လား။

လီတိုက်ထောင်ကျန်း အင်မော်တယ်သိုင်း တဲ့လား။

ဓားနီကြီး၏ အာရုံစိုက်မှုကို ခံလိုက်ရသည်နှင့်တစ်ပြိုင်နက် သင်သည် ယခင်က ကျူးလွန်ခဲ့သော ပြစ်မှုများအတွက် နောင်တရရန်သာရှိတော့သည်။

ကံဝဋ်ကြွေးဆိုသည်မှာ မရှိသည်မဟုတ်၊ အချိန်မတန်သေး၍သာ ဖြစ်၏။

ကောင်းကင်မှဒဏ်ခတ်ခြင်းကဲ့သို့သော ဓားချက်တစ်ချက်သည် ယီချိုးရွှေ၏ အကူအညီကိုပါ ရယူကာ ချန်ဝူယင်းကို တစ်ခဏချင်းအတွင်း အမှုန့်ချေပစ်လိုက်လေတော့သည်။

ဖုန်မှုန့်များနှင့် မီးခိုးငွေ့များ ငြိမ်သက်သွားခဲ့သည်။

နေရာတွင် ချူလျန်နှင့် ယီချိုးရွှေ နှစ်ဦးတည်းသာ ကျန်ရစ်တော့ရာ ခေတ္တမျှ တိတ်ဆိတ်သွားတော့သည်။

ချူလျန်သည် ဤမိစ္ဆာမလေး ယီချိုးရွှေအပေါ် အလွန်သတိထားနေမိသည်။ အကြောင်းမှာ ဓားနီကြီးက သူမအပေါ် စိတ်ဝင်စားမှုမရှိဘဲ အဘိုးကြီးဖေးအိုကို ဆင့်ခေါ်မှသာ သူမကို ယှဉ်နိုင်မည် ဖြစ်သောကြောင့်ပင်။

သို့သော် ယီချိုးရွှေသည်လည်း ချူလျန်အပေါ် ကြောက်ရွံ့ရိုသေမှုများဖြင့် ပြည့်နှက်မနေပေဘူးလော။

'ခုနက ကြောက်စရာဓားချက်ကို ငါ ခံခဲ့ရရင် ချက်ချင်း သေသွားနိုင်တယ်...'

သူမကိုယ်တိုင် တွေးဆမိပြီး ကျောချမ်းသွားရသည်။ စွမ်းအားလှိုင်းများ ဖုံးကွယ်ထားသည့် ဤလျှို့ဝှက်ဆန်းကြယ်သော ဝတ်ရုံနက်ဝတ်ဆင်ထားသူသည် မည်သည့်နေရာမှ လာသနည်း...။

ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် ချူလျန်မှ စတင်ကာ စကားဆိုလိုက်သည်။

"မိန်းကလေး... မစိုးရိမ်ပါနဲ့.. ကျုပ် မင်းကို မသတ်ပါဘူး"

စကားဦးသန်းကာ ဖိအားပေးလိုက်ခြင်းဖြင့် သူ၏အရှိန်အဝါကို ချက်ချင်းပင် မြှင့်တင်လိုက်လေသည်။

ယီချိုးရွှေသည် နံရံနောက်ဘက်သို့ တစ်ချက်ကြည့်လိုက်သည်။ ထိုနေရာသည် လျှို့ဝှက်အခန်းတစ်ခန်း ဖြစ်ပုံရသည်။

ဤဝတ်ရုံနက်ဝတ်စုံနှင့် လူသည် အစကတည်းက ထိုနေရာမှ စောင့်ကြည့်နေခဲ့ခြင်းလော...။

သူမက တိုးညင်းစွာ မေးလိုက်သည်။

"စီနီယာကြီး ဒီနေရာမှာ ရှိနေမှန်း ဒီဂျူနီယာ မသိခဲ့လို့ပါ…အပြစ်ပြုမိတာတွေ ရှိရင် ခွင့်လွှတ်ပေးပါ"

"ကိစ္စမရှိပါဘူး…"

ချူလျန်က သူ၏လေသံကို တမင်တကာနှိမ့်ချ၍ လေးပင်စွာ ပြောလိုက်သည်။

"ဒီနေ့ကိစ္စက လျှို့ဝှက်ချက်မို့ မင်းတို့နှစ်ယောက်လုံးကို ကျုပ် သတ်ပစ်သင့်တာ… ဒါပေမဲ့ မင်းရဲ့ ဆရာသခင်နဲ့ ကျုပ်ကြားမှာ ရင်းနှီးမှုအချို့ ရှိခဲ့ဖူးလို့သာ သူ့တစ်ယောက်တည်းကိုပဲ လက်စဖျောက်လိုက်တာ..”

“ကျုပ် စိတ်မပြောင်းခင် မင်း မြန်မြန်ထွက်သွားတာ ကောင်းလိမ့်မယ်…"

ဤစကားကို ကြားသောအခါ ယီချိုးရွှေသည် ထိုအန္တရာယ်ရှိသော နေရာမှ ချက်ချင်းပင် လှည့်ထွက်သွားချင်စိတ် ပေါ်လာမိသည်။ သို့သော် ခေတ္တမျှ စဉ်းစားပြီးနောက် သူမက ပြောလိုက်သည်။

"စီနီယာကြီး ကျွန်မကို မသတ်ဘဲလွှတ်ပေးတဲ့ ကျေးဇူးအထူးတင်ရှိပါတယ်… စီနီယာကြီးက ကျွန်မရဲ့ ဆရာသခင်နဲ့ ရင်းနှီးဖူးတယ်ဆိုရင် စီနီယာကြီးရဲ့ ဘွဲ့နာမကို သိခွင့်ပြုပါ…”

“နောက်နောင် ဆရာသခင်ကို သတင်းပို့တဲ့အခါ ဆရာသခင်ကိုယ်တိုင် စီနီယာကြီးကို ကျေးဇူးတင်နိုင်အောင်လို့ပါ…"

"မင်း ခုနက ဓားချက်ကို မြင်ပြီးတော့တောင် ကျုပ်ရဲ့ အထောက်အထားကို မမှတ်မိသေးဘူးလား…"

ချူလျန်က ထူးဆန်းသလိုမျိုး ရုတ်တရက် မေးလိုက်သည်။

"ဒီဂျူနီယာ ကျင့်ကြံခဲ့တာ နှစ်ပေါင်းသုံးဆယ်ကျော်ပဲ ရှိပါသေးတယ်… လောကထဲကိုလည်း သိပ်မထွက်ဖူးလို့ပါ…”

“စီနီယာကြီး အပြစ်မယူပါနဲ့…"

ယီချိုးရွှေက ခေါင်းငုံ့ကာ အလျင်အမြန် လျှောက်တင်လိုက်သည်။

"ဟားဟားဟားဟား…"

ချူလျန်က ကျယ်လောင်စွာ ရယ်မောလိုက်သည်။

"မင်းကို အပြစ်မတင်ပါဘူး.. တောင်နက်ထဲမှာ နှစ်ပေါင်းများစွာ အခြေချနေထိုင်ခဲ့တာမို့... လောကထဲက လူတွေ ငါ့ရဲ့ ဓားမိစ္ဆာ တူကူးချိုပိုက် ဆိုတဲ့ နာမည်ကို မေ့လျော့နေကြပြီပဲ…”

“တကယ်ကို စိတ်မကောင်းစရာပဲ…"

"ဒါဆိုရင် စီနီယာကြီး တူကူး ပေါ့..."

ယီချိုးရွှေ၏မျက်လုံးများ တောက်ပသွားကာ ပြောလိုက်သည်။

"ဒီဂျူနီယာ ငယ်တုန်းက ဆရာသခင်ဆီက စီနီယာကြီးရဲ့ နာမည်ကို ပြောခဲ့ဖူးပါတယ်…"

“ဟုတ်လို့လား…”

ချူလျန်သည် အရိပ်ထဲတွင် သူ့နှုတ်ခမ်းထောင့်ကို အနည်းငယ် ကွေးညွတ်လိုက်ပြီး မေးလိုက်သည်။

"သူမက ကျုပ်အကြောင်း ဘာတွေ ပြောဖူးလို့လဲ…"

"အင်း..."

ယီချိုးရွှေသည် စဉ်းစားဟန် ပြုလုပ်ပြီးနောက် ပြောလိုက်သည်။

"နှစ်တွေ အများကြီး ကြာသွားပြီမို့ ဂျူနီယာ သိပ်မမှတ်မိတော့ပါဘူး…”

“ဒါပေမဲ့ အကြောင်းအရာရဲ့အဓိပ္ပာယ်ကတော့ စီနီယာကြီးရဲ့ ကျင့်ကြံခြင်းလမ်းစဉ်ကို အလွန်လေးစားမိလို့ ပြောခဲ့တာမျိုးပါ…"

"ဟက်... သူစိတ်ရင်းရှိသေးသားပဲ.."

ချူလျန်က ခေါင်းခါလျက် သက်ပြင်းချကာ ထပ်မံမှာကြားလိုက်သည်။

"ဒီနေ့ကိစ္စကို မင်းရဲ့ ဆရာသခင်ကို ပြန်ပြောပြတာက အဆင်ပြေပါတယ်… ဒါပေမဲ့ အဲဒါအပြင် တခြားသူတွေကို လုံးဝ မသိစေနဲ့… အဲဒါကို မှတ်မိတယ်မလား"

"ဟုတ်ကဲ့ပါ…"

ယီချိုးရွှေက အလျင်အမြန် ပြန်လည် ဖြေကြားလိုက်သည်။

“ငါ လောကထဲကို တစ်ကျော့ပြန်ဝင်ရောက်လာတဲ့သတင်း ပျံ့နှံ့သွားရင် သွေးချောင်းစီးတဲ့ တိုက်ပွဲတွေ ထပ်ဖြစ်လာဦးတော့မှာပဲ…”

ချူလျန်က တိုးညင်းစွာ ရေရွတ်လိုက်သည်။

"ငါ့ရဲ့ခြေရာလက်ရာတွေကို ဘယ်သူ့ကိုမှ မသိစေချင်ဘူး..."

ယီချိုးရွှေသည် သူ့ထံမှရေရွတ်သံများကို ကြားရသောအခါ အနည်းငယ် ကြောက်လန့်သွားပြီး ချက်ချင်းပင် လျှောက်တင်လိုက်သည်။

"ဒါဆိုရင် ဂျူနီယာ နောက်ထပ် မနှောင့်ယှက်တော့ပါဘူး…အခုပဲ ပြန်လိုက်ပါတော့မယ်…"

ထို့နောက် သူမ၏ခန္ဓာကိုယ်သည် အနီရောင်အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားကာ ဂူဗိမာန်ထဲမှ လျှပ်တပြက်အတွင်း ပျံသန်းထွက်ခွာသွားတော့သည်။

ထွက်ခွာသွားသောအရှိန်သည် ရောက်ရှိလာစဉ်ကထက် ဆယ်ဆမျှ ပိုမိုလျင်မြန်လှပေသည်။

သူမ ထွက်သွားပြီးနောက်တွင်လည်း ချူလျန်သည် သူမ တကယ်ပင် ထွက်သွားခြင်း ရှိမရှိ သို့မဟုတ် တိတ်တဆိတ် စောင့်ကြည့်နေခြင်း ရှိမရှိ သေချာမသိသေးချေ။

သို့ဖြစ်ရာ သူသည် စိုးရိမ်ပူပန်ခြင်းမရှိဘဲ ခြေလှမ်းကျဲကြီးများဖြင့် ထိုရေအောက်ဂူဗိမာန်ထဲမှ အေးအေးလူလူပင် ထွက်ခွာခဲ့တော့သည်။

သူ လျှောက်လှမ်းနေစဉ်အတွင်း ကဗျာတစ်ပုဒ်ကို ရွတ်ဆိုနေခဲ့သည်။

"လောကမုန်တိုင်းဟာ ငါတို့ဆီက စတင်လာရတယ်... ဇာတ်လမ်းထဲ ရောက်လာပြန်တော့ သက္ကရာဇ်တွေက မြန်ဆန်လွန်းလို့ ဖိစီးနှိပ်စက်နေသလိုပါပဲလား..."

သူ၏လေသံမှာ ပြတ်သားပြီး ရဲရင့်လှပလှပေ၏။

...

ယီချိုးရွှေသည် အနီရောင်အလင်းတန်းအသွင်ဖြင့် ပြည်နယ်တစ်ခုကို ဖြတ်သန်းပျံသန်းကာ မြင့်မားသော တောင်ထိပ်တစ်ခုပေါ်ရှိ အနီရောင်ရေကန်တစ်ခုအနီးသို့ ဆိုက်ရောက်လာခဲ့သည်။

"ဆရာသခင်... တပည့်မ ပြန်ရောက်ပါပြီ…"

သူမက ကျယ်လောင်စွာ လျှောက်တင်လိုက်သည်။

ခေတ္တမျှ ကြာပြီးနောက် ရေကန်ထဲမှ ရုတ်တရက် ပူပေါင်းများ တဗွက်ဗွက် ထွက်လာပြီး အစိမ်းရောင်အုတ်ကြွပ်များနှင့် အနီရောင်နံရံများ ရေပြင်ပေါ်သို့ ဖြည်းညှင်းစွာ ပေါ်ထွက်လာခဲ့သည်။

ခဏအကြာတွင်မူ အဆောက်အအုံကြီးတစ်ခုလုံး ရေပေါ်သို့ ပေါ်ထွက်လာလေသည်။

ကြီးမားလှသော အဆောက်အအုံကြီးသည် ရေကန်ထဲမှ ထွက်ပေါ်လာပြီးနောက် ရေမျက်နှာပြင်သည် မြေပြင်တစ်ခုကဲ့သို့ ငြိမ်သက်စွာ ရေပေါ်တွင် တည်ရှိနေပေသည်။

ထို့နောက် အတွင်းပိုင်းမှ အသံတစ်သံ ထွက်ပေါ်လာခဲ့သည်။

"ဝင်ခဲ့…"

ယီချိုးရွှေသည် တံခါးကို တွန်းဖွင့်ကာ အဆောက်အအုံထဲသို့ ဝင်ရောက်ခဲ့သည်။

ပထမထပ်တွင် ဆံပင်ဖရိုဖရဲ ဖြစ်နေသော အမျိုးသမီးတစ်ဦးသည် အလွန်တောက်ပလှပသော အနီရောင်ဝတ်ရုံကြီးကို ဝတ်ဆင်ထားပြီး သူမကို ကျောပေးလျက် မှန်တင်ခုံရှေ့တွင် ဆံပင်ဖြီးနေသည်ကို တွေ့လိုက်ရသည်။

ခန်းမဆောင်တစ်ခုလုံး၏ ပြင်ဆင်မှုသည် အလွန်ပင် တောက်ပလှပပြီး မြင်သမျှ နေရာတိုင်းတွင် အနီရောင်များဖြင့်သာ ဖုံးလွှမ်းနေသဖြင့် မျက်စိကျိန်းမတတ် ဖြစ်ရပေသည်။

ယီချိုးရွှေသည် ချက်ချင်းပင် ခေါင်းငုံ့ထားလိုက်ပြီး ထိုမှန်ကို တစ်ချက်မျှပင် မကြည့်ရဲချေ။

မင်ဝမ်ဂိုဏ်း၏ ဝတ်ရုံနီနန်းဆောင်သခင်သည် ရက်စက်ကြမ်းကြုတ်သော သရဲတစ္ဆေတစ်ကောင်၏ ဖန်ဆင်းမှုဖြစ်ပြီး သူမကို ကြည့်မိသူ မည်သူမဆို ထိုညတွင်ပင် သေဆုံးရတတ်သည်ဟု ကောလာဟလများ ရှိနေသောကြောင့်ပင်။

ယီချိုးရွှေ စကားမပြောရသေးမီ ဝတ်ရုံနီနန်းဆောင်သခင်က စတင်၍ မေးမြန်းလိုက်ခြင်းဖြစ်သည်။

"ရှုံးနိမ့်ခဲ့တာလား…"

ယီချိုးရွှေသည် ချက်ချင်းပင် ဒူးထောက်လိုက်သည်။

"တပည့်မ မစွမ်းဆောင်နိုင်ခဲ့ပါဘူး… ဆရာသခင် အပြစ်ပေးတာ ခံယူပါ့မယ်…"

"မစိုးရိမ်ပါနဲ့…အရင်ဆုံး ဘာဖြစ်ခဲ့လဲဆိုတာ ပြောပြ…"

ဝတ်ရုံနီနန်းဆောင်သခင်သည် ဆံပင်ကို ဆက်လက်ဖြီးရင်း အေးအေးလူလူပင် မေးလိုက်သည်။

"မင်း ချန်ဝူယင်းကို ရင်ဆိုင်နိုင်စွမ်း ရှိပါတယ်… တခြားမမျှော်လင့်ထားတဲ့ ကိစ္စတွေ ဖြစ်ပျက်ခဲ့လို့လား…"

"ဟုတ်ပါတယ်... ဆရာသခင်…"

ယီချိုးရွှေက ပြန်လည် ဖြေကြားလိုက်သည်။

"ချန်ဝူယင်းက သတ်ဖြတ်ခြင်းအဘိုးအိုရဲ့ ဂူဗိမာန်ကို ဖွင့်လှစ်ပြီးတဲ့နောက် တပည့်မလည်း ထွက်လာပြီး သူ့ကို တိုက်ခိုက်ခဲ့ပါတယ်…”

“အဲဒီအချိန်မှာ ရုတ်တရက်ကြီး လျှို့ဝှက်ဆန်းကြယ်တဲ့ ဝတ်ရုံနက်နဲ့လူတစ်ယောက် ပေါ်လာပြီး ဓားတစ်ချက်တည်းနဲ့ ချန်ဝူယင်းကို သတ်ပစ်လိုက်ပါတယ်”

“သူက တပည့်မကိုလည်း သတ်ပစ်သင့်ပေမဲ့ ဆရာသခင်နဲ့ ရင်းနှီးဖူးတဲ့အတွက်ကြောင့် ပြန်လွှတ်ပေးလိုက်တာလို့ ပြောပါတယ်…"

“ငါနဲ့ ရင်းနှီးဖူးတာလား…”

ဝတ်ရုံနီနန်းဆောင်သခင်၏ ဖြူဖွေးသောလက်ကောက်ဝတ်သည် ရုတ်တရက် ရပ်တန့်သွားပြီး တစ်စုံတစ်ခုကို စဉ်းစားမိပုံရသည်။

"ငါ မင်းကို နတ်ဘုရားပျက်စီးခြင်းမြေပုံကို လုယူခိုင်းတာက လူတစ်ယောက်အတွက်ပဲ…”

“သူကိုယ်တိုင် သွားယူခဲ့တာဖြစ်နိုင်တယ်… သူက နှစ်ပေါင်းများစွာ ပျောက်ကွယ်သွားခဲ့ပြီးမှ လောကထဲကို တစ်ကျော့ပြန် ဝင်လာခဲ့ပြီလား..."

"ဟုတ်ပါတယ်…"

ယီချိုးရွှေသည် ချက်ချင်းပင် ခေါင်းညိတ်ကာ လျှောက်တင်လိုက်သည်။

"အဲဒီ စီနီယာကြီးက သူ လောကထဲကို ပြန်လည်ဝင်ရောက်လာတာက အရမ်းလျှို့ဝှက်လွန်းပြီး ပေါက်ကြားသွားရင် သွေးချောင်းစီးတဲ့ တိုက်ပွဲတွေ ဖြစ်လာနိုင်လို့ လျှို့ဝှက်ထားဖို့ မှာကြားခဲ့ပါတယ်…"

“သေချာပေါက် လျှို့ဝှက်ထားရမှာပေါ့…အဲဒီတုန်းက ကျန်းမိသားစုလို အင်အားကြီးတဲ့ အဖွဲ့အစည်းကြီးတောင်မှ…”

ဝတ်ရုံနီနန်းဆောင်သခင်သည် တစ်စုံတစ်ခုကို သတိရသွားပုံရသော်လည်း ဆက်မပြောဘဲ သက်ပြင်းချလိုက်သည်။

"သူ ငါ့အကြောင်း ဘာပြောသေးလဲ…"

"သူက..."

သူမ၏ လေသံထဲတွင် မျှော်လင့်ချက်များကို ခံစားမိသောကြောင့် ယီချိုးရွှေက ခေတ္တမျှ တုံ့ဆိုင်းသွားပြီးမှ ဂရုတစိုက် လျှောက်တင်လိုက်သည်။

"ဆရာသခင်က တကယ့်ကို စိတ်ရင်းရှိတဲ့သူပါတဲ့…"

"ဟက်..."

ဝတ်ရုံနီနန်းဆောင်သခင်က ဝမ်းနည်းစွာ ပြုံးလိုက်သည်။

"ငါကတော့ စိတ်ရင်းရှိတာပေါ့... ဘယ်သူက စိတ်မရှိတာလဲတော့ မသိဘူး... ထားလိုက်ပါတော့”

“ဘာပဲဖြစ်ဖြစ် နတ်ဘုရားပျက်စီးခြင်းမြေပုံက သူ့လက်ထဲ ရောက်သွားပြီဆိုတော့ ကိစ္စတွေ အများကြီး သက်သာသွားတာပေါ့”

“...ဒါပေမဲ့ ဒီအခွင့်အရေးနဲ့ သူ့ကို တွေ့ရလိမ့်မယ်လို့ ထင်ထားခဲ့တာကို နှမြောစရာပဲ…"

သူမသည် မထင်မရှား သက်ပြင်းချလိုက်သည်။

ယီချိုးရွှေသည် မျက်လုံးများကို နှိမ့်ချထားပြီး အတန်ကြာမှသာ ရဲရဲတင်းတင်း ပြောလိုက်သည်။

"ဆရာသခင်လည်း စီနီယာကြီးတူကူးနဲ့ မလွဲမသွေ ပြန်တွေ့ရမှာပါ…"

"ဟင်..."

ဝတ်ရုံနီနန်းဆောင်သခင်သည် ကြောင်အံ့သွားပြီး မေးလိုက်သည်။

"ဘယ်က စီနီယာကြီး တူကူးလဲ..."

"ရှင်..."

ယီချိုးရွှေလည်း ဇဝေဇဝါ ဖြစ်သွားပြီး မေးလိုက်သည်။

"ဆရာသခင်ပြောတာ ဓားမိစ္ဆာတူကူးချိုပိုက် ဆိုတဲ့ စီနီယာကြီး မဟုတ်ဘူးလား…"

"ဘယ်က ဓားမိစ္ဆာတူကူးဘာချိုပိုက်လဲ... ဘယ်သူကများ ဒီလောက် အရိုက်ခံချင်စရာကောင်းတဲ့ နာမည်မျိုး ပေးဝံ့ရတာလဲ..."

ဝတ်ရုံနီနန်းဆောင်သခင်သည် ချက်ချင်း မတ်တတ်ထရပ်လိုက်ပြီး မေးလိုက်သည်။

"နတ်ဘုရားပျက်စီးခြင်းမြေပုံကို ဘယ်သူ ယူသွားတာလဲ..."

"ဟတ်ချိုး..."

မြို့တော်စောင့်ကြည့်ရေးရုံးတော်သို့ ပြန်ရောက်လာသော ချူလျန်သည် ရုတ်တရက် နှာချေလိုက်ပြီး နှာခေါင်းကို ပွတ်သပ်ရင်း သူ၏ ရှေ့တွင်ရှိသော ရှန်ဇီလျန်နှင့် လင်းပေ့ကို ပြောလိုက်သည်။

"မင်းတို့ ကျုပ် ခုနက ဘာတွေ ကြုံခဲ့ရလဲဆိုတာ လုံးဝ ခန့်မှန်းမိမှာ မဟုတ်ဘူး..."

"တကယ်ကို စိတ်လှုပ်ရှားဖို့ ကောင်းလွန်းတယ်…"

All Chapters