အခန်း ၂၃၀
Vol. 23 Ch. 230
အခန်း (၂၃၀) - သင်နှင့်အတူ မူးအောင် သောက်အံ့
အမှန်တွင် ချူလျန်သည် ယန်ပေါ်မြို့သို့ ပြန်ရောက်ပြီးနောက် မြေအောက်လှိုဏ်ဂူအတွင်း၌ သူ ကြုံတွေ့ခဲ့ရသည်များကို ထုတ်မပြောခဲ့ချေ။
သူသည် ချန်ဝူယင်းနှင့် ပြန်လည်ဆုံတွေ့ခဲ့ပြီး ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်လာခဲ့ကြောင်းသာ ပြောပြခဲ့လေသည်။
အကယ်၍ ချန်ဝူယင်းကို သတ်ဖြတ်နိုင်ခဲ့သည့်သတင်းသာ ပျံ့နှံ့သွားပါက သူသည် ချက်ချင်းပင် နာမည်ကြီးသွားမည်ဖြစ်ပြီး ကိုးပြည်ထောင်မုန်တိုင်းမှတ်တမ်း၏ အထူးကဏ္ဍတွင် ဖော်ပြခံရရန် သေချာပေါက်ထိုက်တန်ပေသည်။
သို့သော် ဤကိစ္စသာ လူသိရှင်ကြားဖြစ်သွားပါက နောင်တွင် သူ အပြင်ထွက်ရန်ပင် လမ်းမရှိတော့ချေ။
မိမိကို အကြီးအကျယ်အရူးလုပ်သွားမှန်း သိသွားသည့် ယီချိုးရွှေသည် ဒေါသထွက်ကာ ရန်ငြိုးဖွဲ့ရန် ရှုတောင်ခြေရင်း၌ လာရောက်စောင့်ဆိုင်းနေပေလိမ့်မည်။
တိတ်တဆိတ်နေပြီး ကြွယ်ဝချမ်းသာလာခြင်းကသာ အကောင်းဆုံးပင်။
ဝတ်ရုံနီနန်းဆောင်ကပင် လောဘတက်နေသည့် ရတနာမှာ ဖုန်းရှန်းကြေးအိုး မဟုတ်ကြောင်း ချူလျန် ခန့်မှန်းမိသည်။ ၎င်းမှာ ရွှေရောင်ဦးခေါင်းခွံနှင့် ၎င်းအတွင်းမှပန်းချီကားချပ် ဖြစ်ပေလိမ့်မည်။
ထိုရွှေရောင်ဦးခေါင်းခွံမှာ တားမြစ်ချက်တစ်စုံတစ်ရာ ဖြစ်ဟန်တူသဖြင့် ချူလျန်သည် ကိုယ်တိုင်ဖြေလျှော့ရန် မကြိုးစားဝံ့ချေ။
ရှုတောင်သို့ပြန်ရောက်မှသာလျှင် ဝမ်ယွဲ့လုံအား ကူညီဖွင့်လှစ်ပေးဖို့ တောင်းဆိုရန် ပြင်ဆင်ထားလိုက်သည်။
တစ်ဝက်ခန့် အကိုက်ခံထားရသော ဖုန်းရှန်းကြေးအိုးကိုလည်း ချူလျန်သည် သိမ်းဆည်းယူဆောင်လာရန် မမေ့လျော့ခဲ့ချေ။
သို့မှသာ ပြန်ရောက်လျှင် လောက်ကောင်လေးအတွက် အစားအစာအဖြစ် ဆက်လက်ကျွေးမွေးနိုင်မည် ဖြစ်သည်။
ကြေးအိုးတစ်ဝက်ခန့်ကို စားသောက်ပြီးနောက် လောက်ကောင်လေး၏ ခန္ဓာကိုယ် အရောင်အဝါမှာ ပိုမိုတောက်ပစိုပြည်လာပြီး အဆင့်တက်လှမ်းတော့မည့် အသွင်သဏ္ဌာန် ဆောင်နေသည်။
၎င်းသည် မည်မျှအထိ ထပ်မံဆင့်ကဲပြောင်းလဲနိုင်မည်ကို ချူလျန် အလွန်ပင် မျှော်လင့်မိနေသည်။
လုဟွန်းဂိုဏ်းမှ လူများ အမှန်တကယ် ဆုတ်ခွာသွားခြင်း ရှိမရှိ မသေချာသဖြင့် ယန်ပေါ်မြို့၏ ကင်းလှည့်စစ်ဆေးမှုမှာ အတန်ကြာ ဆက်လက်တည်ရှိနေပြီး ရက်အနည်းငယ်ကြာပြီးနောက်မှသာ ရုပ်သိမ်းလိုက်လေသည်။
ဤရက်ပိုင်းအတွင်း ရှုတောင်ဂိုဏ်းမှ တပည့်သုံးဦးသည် ညဘက်တွင် ကင်းလှည့်ကာ နေ့ဘက်တွင်လျှောက်လည်ရင်း အေးအေးလူလူ ရှိနေကြလေသည်။
ဤအတောအတွင်း ဖုန်းလိုင်ဂိုဏ်းချုပ်မှ ရန်ယွီဟူသည်လည်း ဤနေရာ၌ ရှိနေပြီး ၎င်းတို့နှင့် အနည်းငယ် ရင်းနှီးခွင့်ရခဲ့သည်။
သူသည် လင်းပေ့နှင့် ရှန်ဇီလျန်တို့အပေါ်တွင် မာနထောင်လွှားသည့် သဘောထားကို ဆက်လက်ထိန်းသိမ်းထားသော်လည်း ချူလျန်ကိုမူ အလွန်ပင် ဖော်ရွေစွာ ဆက်ဆံလေသည်။
ချူလျန်သည် အားလပ်ချိန်များတွင် 'မြေချုံ့သိုင်း' ကို အမြဲမပြတ် လေ့လာဆင်ခြင်နေခဲ့ရာ နောက်ဆုံးတွင် အနည်းငယ်မျှ သဘောပေါက် နားလည်လာခဲ့ပြီ ဖြစ်သည်။
ခုနစ်ရက် ကြာပြီးနောက်မှသာ တုချဲ့က လုံခြုံရေးတင်းကျပ်မှုကို ရုပ်သိမ်းကြောင်း ကြေညာလိုက်သည်။
ဖုန်းလိုင်ဂိုဏ်းနှင့် ရှုတောင်ဂိုဏ်းမှ ကူညီရန် ရောက်ရှိလာကြသော တပည့်များလည်း စိတ်အေးလက်အေးပြန်နိုင်ပြီ ဖြစ်သည်။
မထွက်ခွာမီ တစ်ရက်အလိုတွင် ရန်ယွီဟူသည် ချူလျန်ထံသို့ ရုတ်တရက် ရောက်ရှိလာပြီး အရက်တစ်အိုးလည်း ယူဆောင်လာခဲ့သည်။
“အစ်ကိုရန်... ဒါ ဘာလုပ်တာလဲဗျ..ကျုပ် တစ်ခါမှ အရက်သောက်ဖူးတာမဟုတ်ဘူးဗျ"
ချူလျန်သည် ပြုံးလျက် ပြောလိုက်၏။
၎င်းမှာ အမှန်တရားပင်။ သူသည် အရက်မသောက်ရုံသာမက စက်ဆုပ်ရွံရှာမှုပင် ရှိနေသေးသည်။
အကြောင်းမူကား အရက်၏ဆိုးကျိုးကို အလူးအလဲ ခံစားခဲ့ရဖူးသောကြောင့်ပင်။
အကယ်၍ ဆရာသခင်တိနွီဖုန့်သာ အရက်အလွန်အကျွံ မသောက်စားခဲ့ပါက ငွေဓားတောင်ထွတ်သည် ဤမျှအထိနိမ့်ပါးသွားစရာ အကြောင်းမရှိချေ။
"ဒါက ဖုန်းလိုင်ကျွန်းသုံးကျွန်းရဲ့ အထူးထွက်ကုန် ဖြစ်တဲ့ မက်မွန်နတ်အရက်ပဲဗျ.. တစ်ငုံ သောက်လိုက်ရုံနဲ့ သုံးရက်စာ ကျင့်ကြံခြင်းဉာဏ်ပညာကို တိုးတက်စေပြီး တရားရှာဖွေ ကျင့်ကြံခြင်းအတွက် အကျိုးကျေးဇူး အရမ်းကြီးမားတယ်လေ…"
ရန်ယွီဟူက ပြောလိုက်၏။
"လာပါ... ဒီနေ့တော့ ကျုပ် ခင်ဗျားနဲ့အတူ မူးအောင် သောက်ပါရစေ…"
ချူလျန်က ရုတ်တရက် ရဲရင့်တက်ကြွစွာ ဆိုလိုက်၏။
ရန်ယွီဟူကလည်း မအောင့်နိုင်ဘဲ ခပ်ဖွဖွ ရယ်မောလိုက်သည်။
သူသည် ခွက်များကို အရှေ့သို့တိုးပေးကာ ချူလျန်အတွက် ငှဲ့ပေးပြီးနောက် မိမိအတွက်လည်း တစ်ခွက်ငှဲ့လိုက်၏။
"စောစောက အစ်ကိုရန်ဝင်လာတုန်းက ကျုပ်နှုတ်မဆက်မိတာမလို့... အရင်ဆုံး ကိုယ့်ကိုယ်ကို ပြစ်ဒဏ်ပေးတဲ့အနေနဲ့ သုံးခွက် သောက်ပါရစေ…"
ချူလျန်က ခွက်ကို မြှောက်ကာ တစ်ကျိုက်တည်း မော့ချလိုက်၏။
အရက်တစ်ငုံ လည်ချောင်းထဲသို့ ဝင်သွားသည်နှင့် သန့်စင်သော စွမ်းအင်တစ်ခုသည် ဦးခေါင်းထက်သို့ ချက်ချင်း တက်လှမ်းသွားပြီး စွမ်းအင်ပင်လယ်ဆီသို့ စီးဆင်းသွားတော့သည်။
ခန္ဓာကိုယ်တစ်ခုလုံးရှိ အညစ်အကြေးများနှင့် သန့်စင်သောဓာတ်များ သီးခြားစီ ကွဲပြားသွားကာ သူသည် ညစ်ညမ်းသော လေပူတစ်ချက်ကို မသိမသာ မှုတ်ထုတ်လိုက်မိသည်။
တစ်ခဏအတွင်းမှာပင် ခန္ဓာကိုယ်မှာ ပေါ့ပါးသွားပြီး အတွေးအာရုံများမှာလည်း လျင်မြန်စွာ လည်ပတ်လာခဲ့၏။
ဇိမ်ကျလှပေစွ။
အမှန်တစ်ကယ်ပင် နတ်အရက်ဖြစ်ချေသည်။
ချူလျန်၏မျက်ဝန်းများမှာ ရုတ်တရက် တောက်ပကြည်လင်လာတော့သည်။
"ညီလေးချူ... မလောပါနဲ့ဦး… ဒီအရက်တစ်အိုးလုံးကို ဖြည်းဖြည်းချင်း သောက်လို့ ရပါတယ်ကွ…ကျုပ်ဒါကို ပြန်ယူသွားဖို့စိတ်ကူးမရှိဘူးကွာ…"
ရန်ယွီဟူက ခေါင်းခါလျက် ပြုံးကာ ပြောလိုက်၏။
"ဒီလောက် ကောင်းမွန်တဲ့အရက်ကို အစ်ကိုရန်က အကြောင်းမဲ့ ယူလာတာတော့ မဟုတ်လောက်ဘူး... ကိစ္စတစ်ခုခုများရှိလို့လား…."
ချူလျန်ကလည်း ပြုံးလျက် မေးလိုက်၏။
"ကောင်းပြီ... ပွင့်ပွင့်လင်းလင်းပဲ ပြောကြတာပေါ့…ကျုပ် ညီလေးချူကို ကျုပ်တို့ ဖုန်းလိုင်ဂိုဏ်းဆီ လာဖို့ ဖိတ်ခေါ်ချင်လို့ပါ…"
ရန်ယွီဟူက ပြောလိုက်၏။
"ဟင်..."
သူ့စကားကြောင့် ချူလျန် ခေတ္တမျှ ကြောင်အသွားရသည်။
ဖုန်းလိုင်ဂိုဏ်းသည် ယခုအခါ ပထမဆုံးသော အင်မော်တယ်ဂိုဏ်းကြီးအဖြစ် ရပ်တည်နေပြီး ကမ္ဘာမြေပေါ်ရှိ မည်သည့်ကျင့်ကြံသူပါရမီရှင်မဆို လာရောက် ပူးပေါင်းနိုင်ရန် လမ်းဖွင့်ပေးထားသည့် ခံ့ညားထည်ဝါသောဂုဏ်သိက္ခာ ရှိပေသည်။
အကယ်၍ ပါရမီနှင့်ကျင့်ကြံခြင်း မလုံလောက်သူများဖြစ်ပါက ဖုန်းလိုင်၏ အောက်ဂိုဏ်းခွဲများသို့သာ ဝင်ရောက်နိုင်ပြီး ထူးခြားသော စွမ်းဆောင်ရည် ရှိမှသာ အထက်ဂိုဏ်းသို့တက်လှမ်းခွင့် ရရှိပေလိမ့်မည်။
သို့သော် ပါရမီရှင်အချို့မှာမူ ဂိုဏ်းသို့ ဝင်ရောက်သည်နှင့် ဂိုဏ်းချုပ်အတွင်းသို့ တိုက်ရိုက်ဝင်ရောက်ခွင့် ရရှိကြ၏။
လမ်းခုလတ်မှ ဝင်ရောက်လာသော ပါရမီရှင်များအပေါ်တွင်လည်း ဖုန်းလိုင်ဂိုဏ်းသည် ခွဲခြားမှုမရှိဘဲ တန်းတူရည်တူဆက်ဆံလေ့ ရှိသည်။
အဓိကအချက်မှာ အရင်းအမြစ်များ သာလွန်ကောင်းမွန်ခြင်းကြောင့်ပင်။
ကောင်းကင်နှင့် မြေကမ္ဘာ၏ ရတနာများ စဉ်ဆက်မပြတ် ထွက်ရှိရာ ဖုန်းလိုင်ကျွန်းသုံးကျွန်းသည် ၎င်းတို့အား ကိုးပြည်ထောင်လုံးရှိ ပါရမီရှင်များကို ဆွဲဆောင်နိုင်သည့် အရှိန်အဝါကို ပေးအပ်ထားသည်။
သို့သော် ရန်ယွီဟူမှ မိမိအား ဤသို့ဖိတ်ခေါ်လိမ့်မည်ဟု ချူလျန် လုံးဝ မထင်မှတ်ထားခဲ့မိချေ။
"အစ်ကိုရန်ရဲ့ စကားက ဘယ်လိုသဘောများလဲ... ကျုပ် နည်းနည်းတော့ ဇဝေဇဝါဖြစ်မိတယ်…"
သူက သံသယနည်းနည်းဖြင့် မေးလိုက်၏။
"အမှန်အတိုင်း ပြောရရင်... ကျုပ် ပြီးခဲ့တဲ့ နှစ်တွေအတွင်း မြင့်မြတ်ဂိုဏ်း(၉)ဂိုဏ်းနဲ့ မြေကမ္ဘာဂိုဏ်း(၁၀)ဂိုဏ်းက ပါရမီရှင်တော်တော်များများကို တွေ့ဖူးပါတယ်…”
“တစ်ယောက်ချင်းစီမှာ ကိုယ်စီထူးခြားချက်တွေ ရှိကြတာပေါ့…ဒါပေမဲ့ ဒီအတန်းအစားထက် ကျော်လွန်ပြီး ကိုးပြည်ထောင်ရဲ့ ထိပ်သီးပါရမီရှင်လို့ ခေါ်ထိုက်သူဆိုလို့… ညီလေးနဲ့ ကျုပ်ရဲ့ အစ်ကိုနှစ်ယောက်ပဲ ရှိတယ်လို့ ခံစားရတယ်…"
ရန်ယွီဟူက ပြောလိုက်၏။
"ဗျာ..."
သူ့ထံမှ ထိုမျှအထိ မြင့်မားသော ချီးမွမ်းမှုကို ရရှိသဖြင့် ချူလျန်ပင် အနည်းငယ် အံ့အားသင့်သွားရ၏။
"အစ်ကိုရန်က ကျုပ်ကို တအားချီးကျူးလွန်းနေပါပြီ…ကျုပ်က အစ်ကိုရန်ရဲ့ အစ်ကိုနဲ့ ယှဉ်နိုင်ဖို့ ဘယ်လိုလုပ်ပြီး အဆင့်မှီပါ့မလဲ…"
ဤလူသည် အရက်သောက်ရင်း ပါရမီရှင်များအကြောင်း ဆွေးနွေးနေလိမ့်မည်ဟု မထင်မှတ်ထားခဲ့ချေ။
"ဒီရက်ပိုင်းအတွင်း ကျုပ် ညီလေးချူရဲ့ အကြောင်းတွေကို စုံစမ်းကြည့်မိတယ်… ညီလေးက ဒီခြောက်လအတွင်းမှာတင် ဝိညာဉ်အသိအမြင်အဆင့်ရဲ့ ကနဦးအဆင့်ကနေ အံ့မခန်းတိုးတက်လာပြီး ရွှေအမြုတေအဆင့်ရဲ့ထိပ်ဆုံးအဆင့်ကို ရောက်ရှိသွားတာ တွေ့ရတယ်လေ”
“ဒီအချိန်တိုအတွင်း တိုးတက်လာတာက ကျုပ်ရဲ့ အစ်ကိုနဲ့ ယှဉ်ရင်တောင် ပိုမြင့်ရင်တောင် မြင့်နေဦးမယ်…"
ရန်ယွီဟူက ပြောလိုက်၏။
"ဒါ ကံကောင်းလို့ရခဲ့တဲ့ ရလဒ်လေးတစ်ခုပါပဲဗျာ…"
ချူလျန်က ပြောလိုက်၏။
"ကံကောင်းမှုဆိုတာ လူတိုင်းမှာရှိတတ်ပေမဲ့... အခွင့်အရေးကို ဆုပ်ကိုင်ပြီး ထိုးတက်နိုင်သူကတော့ လူတစ်သောင်းမှာတစ်ယောက်တောင် မရှိပါဘူး..”
“ဒီကိစ္စအတွက် ညီလေးချူ နှိမ့်ချနေဖို့မလိုပါဘူး….ဒါပေမဲ့ ညီလေးလိုလူမျိုးက တတိယအဆင့် ရောက်မှပဲ ရုတ်တရက် ထင်ရှားလာပြီး... အရင် ဆယ်နှစ်ကျော်လုံးလုံး ရှုတောင်ပေါ်မှာ ဘာမှမထူးခြားဘဲ နေခဲ့တာကတော့ တကယ်ကို ထူးဆန်းတယ်…"
ရန်ယွီဟူက ထပ်မံ ပြောလိုက်ပြန်သည်။
"ဟီးဟီး..."
ချူလျန်သည် ရယ်ရုံသာ ရယ်နိုင်တော့သည်။
"ဒါကတခြားကြောင့် မဟုတ်ဘဲ အရင်းအမြစ်မလုံလောက်လို့ ဖြစ်ရမယ်လေ…”
“ရှုတောင်က တပည့်အားလုံးကို မခွဲခြားဘဲဆက်ဆံပေမဲ့... လူတိုင်းက ဂိုဏ်းအတွက် အလုပ်အကျွေးပြုပြီးမှ အရင်းအမြစ်တွေ လဲလှယ်ယူရတာဆိုတော့ အစောပိုင်းအခြေအနေက အရမ်းချို့တဲ့လွန်းတယ်…”
“တကယ်လို့ ညီလေးလိုပါရမီရှင်မျိုးကို စောစောစီးစီး လုံလောက်တဲ့ပံ့ပိုးမှုတွေ ပေးခဲ့မယ်ဆိုရင်...ညီလေးက ကောင်းကင်မှာ အစောကြီးကတည်းက ပျံသန်းနေနိုင်ခဲ့လိမ့်မယ်လို့ ကျုပ် ယုံကြည်တယ်…."
ရန်ယွီဟူက ပြောလိုက်၏။
သူ့စကားများက ပို၍ ပို၍ ချီးမွမ်းလွန်းနေသဖြင့် ချူလျန်က လျင်မြန်စွာ ဝင်ပြောလိုက်သည်။
"အစ်ကိုရန်ကလည်း ချီးကျူးလွန်းနေပါပြီ…ကျုပ်တို့ ရှုတောင်ရဲ့ ဆက်ဆံမှုကလည်း အတော်လေး ကောင်းမွန်ပါတယ်ဗျာ…ကျုပ် အရင်တုန်းက တိုးတက်မှု နှေးကွေးခဲ့တာ... ဉာဏ်မပွင့်သေးလို့ပါဗျာ…"
ရန်ယွီဟူက ခေါင်းခါလျက် ပြောလိုက်ပြန်သည်။
"ညီလေးက တခြားမြင့်မြတ်ဂိုဏ်း(၉)ဂိုဏ်းကလူတွေကို မမြင်ဖူးသေးလို့ ရှုတောင်ကို ကောင်းတယ်လို့ ထင်နေတာ…”
“ကျုပ်တို့ ဖုန်းလိုင်နဲ့ယှဉ်ဖို့ မပြောနဲ့... ဂိုဏ်း(၉)ဂိုဏ်းထဲမှာ အခြေအနေ သိပ်မကောင်းတဲ့ ထျန်းကန်းဂိုဏ်း ဒါမှမဟုတ် အနန္တဓားဂိုဏ်းနဲ့ ယှဉ်ရင်တောင် ရှုတောင်က အများကြီး နိမ့်ကျနေသေးတယ်"
သူပြောသည်ကို ချူလျန်လည်း သိရှိပြီးသားဖြစ်သည်။ (၉)ဂိုဏ်းအနက် ရှုတောင်သည် တပည့်များအား ပေးအပ်သော အရင်းအမြစ်အနည်းဆုံးဖြစ်ပြီး ၎င်းတို့ကို ရရှိရန်အတွက်လည်း လုပ်အားဖြင့်လဲလှယ်ရသေးသည်။
ရိုးရိုးရှင်းရှင်းပြောရလျှင် ဆင်းရဲလွန်းသောကြောင့်ပင်။
အဆင့်မြင့်ဆုံး နတ်ဘုရားလက်နက် ပျောက်ဆုံးသွားသဖြင့် အရင်းအမြစ်နယ်မြေကြီးများ လုယူရာတွင် အင်အားမရှိတော့ပေ။
အချိန်ကြာလာသည်နှင့်အမျှ သဘာဝကျစွာပင် အရေးနိမ့်လာခဲ့ရသည်။
ထို့ကြောင့် ရှုတောင်တပည့်များသည် မိမိတို့၏အရင်းအမြစ်များ ရရှိရန်အတွက် အလုပ်အကျွေးအမြောက်အမြား လုပ်ဆောင်ရသော်လည်း တခြား ဂိုဏ်း(၉)ဂိုဏ်းများမှ တပည့်များမှာမူ သက်တောင့်သက်သာဖြင့်ပင် ပံ့ပိုးမှုမြောက်မြားစွာကို ရရှိကြပေသည်။
"တကယ်လို့ ညီလေးသာ ကျုပ်တို့ ဖုန်းလိုင်ဂိုဏ်းချုပ်ကို လာမယ်ဆိုရင်... ကျုပ်ရဲ့ ဆရာသခင်ဆီမှာ တပည့်အဖြစ် ဝင်ရောက်နိုင်အောင် ကျုပ် ကိုယ်တိုင် မိတ်ဆက်ပေးပါ့မယ်”
“ကျုပ်တို့ တစ်ရေတည်းသောက် တစ်လှေတည်းစီးဖြစ်လာရင် ညီလေးကို ကျုပ်ရဲ့ ဂိုဏ်းတူအစ်ကိုအဖြစ် လေးလေးစားစား ဆက်ဆံပါ့မယ်”
“အဲဒီအချိန်ကျရင် ညီလေးအနေနဲ့ သာမန်ကိစ္စတွေမှာ အချိန်ကုန်ခံစရာမလိုတော့ဘဲ ကျင့်ကြံခြင်းအပေါ်မှာပဲ အာရုံစိုက်နိုင်လိမ့်မယ် အရင်းအမြစ်အားလုံးကိုလည်း အကန့်အသတ်မရှိ ထောက်ပံ့ပေးမှာပါ”
“ဒါကညီလေးအတွက် ကောင်းကင်ဘုံကို တက်လှမ်းဖို့ လမ်းကြောင်းကြီးပဲ မဟုတ်ဘူးလားကွ…."
ရန်ယွီဟူက အလွန်ပင် ရိုးသားဖြူစင်စွာ ပြောဆိုလာခဲ့သည်။ သူ ကတိပေးထားသော အကန့်အသတ်မရှိသော အရင်းအမြစ်ထောက်ပံ့မှုကိုလည်း ဖုန်းလိုင်ဂိုဏ်းအနေဖြင့် အမှန်တကယ် လုပ်ဆောင်နိုင်မည်ဟု ယုံကြည်ရပေသည်။
သို့သော်လည်း...
ချူလျန်သည် ခိုင်မာပြတ်သားစွာဖြင့် ခေါင်းခါလိုက်၏။
"အစ်ကိုရန်...အစ်ကို ကျုပ်ကိုရိုးရိုးသားသား ဆက်ဆံနေတာကို ကျုပ် မြင်နိုင်ပါတယ်ဗျာ…”
“ဒါကြောင့် ကျုပ်လည်း အစ်ကို့ကို ရိုးရိုးသားသားပဲ ပြောပါရစေ…ကျုပ် ငယ်ငယ်လေးကတည်းက ရှုတောင်ပေါ်မှာပဲ ကြီးပြင်းလာခဲ့တာဗျ…”
“အဲဒီနေရာက ကျုပ်ရဲ့ အိမ်ဖြစ်ပြီး ရှုတောင်က ဂိုဏ်းတူတွေနဲ့ လူကြီးမိဘတွေကလည်း ကျုပ်ရဲ့ မိသားစုဝင်တွေပဲလေ…"
ချူလျန်က တည်ကြည်စွာပြောလိုက်၏။
"ဒီဂိုဏ်းမှာ ချို့ယွင်းချက်တွေအများကြီး ရှိနေတာကို ကျုပ် သိပါတယ်…ကျုပ်လည်း တောင်ပေါ်မှာ တချို့လူတွေနဲ့ ပဋိပက္ခတွေ ဖြစ်ဖူးတာပါပဲ..."
သူ့အကြည့်များမှာ ဘေးသို့ရောက်ရှိသွားပြီး လွင့်မျောသွားပုံ ရလေသည်။
"ဒါပေမဲ့ ကျုပ်ဘယ်တုန်းကမှ ရှုတောင်ကနေထွက်သွားဖို့ မစဉ်းစားခဲ့ဖူးဘူးဗျ…"
"ရှုတောင်မှာ မကောင်းတဲ့အချက်တွေ ရှိရင်...ကျုပ်ပဲ အဲဒါတွေကို ပိုကောင်းလာအောင် လုပ်ဆောင်သွားမယ်…”
“ကျင့်ကြံခြင်းမှာ လိုအပ်တာတွေ ရှိရင်လည်း ကျုပ်ဘာသာပဲ ကြိုးစားရှာဖွေသွားမယ်….လူတွေအားလုံးက ဖုန်းလိုင်ကိုကောင်းတယ်လို့ သိကြပေမဲ့... အဲဒီနေရာကလည်း အင်မော်တယ်နန်းတော်တော့ မဟုတ်ဘူးလေ…”
“ဂိုဏ်းတိုင်းမှာ ကိုယ်စီ အားသာချက်နဲ့ အားနည်းချက်တွေ ရှိကြတာပဲ… တကယ်လို့ ကျုပ်က ရှုတောင်ရဲ့ အားနည်းချက်တွေကြောင့် ဖုန်းလိုင်ကို ပြောင်းသွားမယ်ဆိုရင်…”
“နောင်တစ်ချိန်မှာ ဖုန်းလိုင်ရဲ့ အားနည်းချက်တွေကိုတွေ့တဲ့အခါ ကျုပ် ဘယ်ကိုထပ်ပြောင်းရဦးမှာလဲဗျ…"
"ကျုပ် သွားစရာလမ်းမရှိတော့ဘူးလေ... ဘာလို့လဲဆိုတော့ ကျုပ်ရဲ့ အမြစ်တွေ ပျက်စီးသွားပြီမလို့ပဲ…"
"အစ်ကိုရန်... စိတ်မရှိပါနဲ့ဗျာ… ကျုပ် တစ်သက်လုံး ရှုတောင်ကနေ ခွာမှာ မဟုတ်ပါဘူး…"
ချူလျန်က ပြတ်သားစွာ ပြောလိုက်သည်။
"ဒါပေမဲ့..."
ရန်ယွီဟူသည် သူ၏စကားကို ကြားပြီးနောက် အလွန်ပင်စိတ်လှုပ်ရှားသွားရကာ နောက်ဆုံးတွင် စကားတစ်ခွန်းသာပြောနိုင်တော့၏။
"ဒါပေမဲ့ မင်းရဲ့ ဆရာသခင်က တိနွီဖုန့် ဖြစ်နေတာလေ…"
"အင်..."
ချူလျန်သည် ထိုစကားကို ကြားသည်နှင့်မျက်ခုံးများ တွန့်ချိုးသွားတော့၏။
"ဒါဆိုရင်တော့... ကျုပ် ထပ်ပြီး စဉ်းစားပါရစေဦး…"
...
နောက်တစ်နေ့တွင် ချူလျန်သည် ငွေဓားတောင်ထွတ်သို့ ပြန်လည်ရောက်ရှိလာခဲ့သည်။
ရင်းနှီးကျွမ်းဝင်လှသော ပန်းမန်သစ်ပင်များက မျက်စိရှေ့သို့ ပြန်လည်ရောက်ရှိလာပြီး အိမ်၏မြင်ကွင်းတိုင်းမှာ အထူးပင် ရင်းနှီးနွေးထွေးလှပေသည်။
လျိုရှောင်ယုသည် ရွှေရောင်အစင်းကြောင်းရှိသော ပန်းခင်းကြီးထဲတွင် အလုပ်ရှုပ်နေသည်ကို တွေ့လိုက်ရသည်။
ချူလျန်သည် မကြာသေးမီက အားလပ်ချိန်များတွင် အမည်းရောင်အမွေးလုံးများကို သွားရောက်ခုတ်ပစ်သည့် အလေ့အထကောင်းကို ထိန်းသိမ်းထားသဖြင့် ပန်းခြံမှာ ပိုမိုကျယ်ဝန်းလာပြီး သူ၏စိုက်ပျိုးရေးခြံ အိပ်မက်နှင့် ပိုမိုနီးကပ်လာခဲ့ပြီ ဖြစ်သည်။
ကလေးမလေးသည် ချူလျန်ပြန်လာသည်ကို မြင်သည်နှင့် ချက်ချင်းပင် လှမ်းအော်လိုက်၏။
"အစ်ကိုချူလျန်... ကြည့်ပါဦး... ရှောင်ယု ဘာလုပ်နေလဲဆိုတာ"
"ဟဲဟဲ... ရှောင်ယုက အလုပ်ကြိုးစားနေတာပဲ…တကယ် တော်လိုက်တာ…."
ချူလျန်က လက်မထောင်ပြကာ မေးလိုက်၏။
"ဘာက အမွန်မြတ်ဆုံးလဲ.."
"အလုပ်လုပ်တာ အမွန်မြတ်ဆုံးပဲ…"
လျိုရှောင်ယုက ကျယ်လောင်စွာ ပြန်လည်ဖြေကြားလိုက်၏။
ချူလျန်သည် သူမအား အားရပါးရချီးမွမ်းပေးပြီးနောက်မှ ရှေ့သို့ ဆက်လက်လှမ်းသွားခဲ့သည်။
ပန်းခြံ၏အကွေ့တွင် ကြီးမားသောသစ်သားတဲတစ်ခုရှိပြီး ၎င်းမှာ ရွှေမွေးဟူ၏အသိုက် ဖြစ်သည်။
ခေါင်းကြီးသည် အတွင်း၌ တရှူးရှူးအိပ်ပျော်နေ၏။ ၎င်း၏ ဤရက်ပိုင်းအတွင်း အိပ်စက်မှု အလွန်များပြားနေခြင်းမှာ ဆဋ္ဌမအဆင့်သို့ တက်လှမ်းရန်အတွက် စွမ်းအင်များ စုဆောင်းနေခြင်းကြောင့် ဖြစ်သည်။
ချူလျန်သည် ဆရာသခင်အား မိမိပြန်ရောက်ပြီဖြစ်ကြောင်း နှုတ်ဆက်ရန် ပြင်လိုက်စဉ် ခြေလှမ်းအနည်းငယ်မျှ လှမ်းရုံရှိသေးရာ အဆောင်ငယ်ဘက်မှ မီးလျှံတစ်ခုသည် အရှိန်အဟုန်ဖြင့် ပြေးဝင်လာသည်ကို တွေ့လိုက်ရသည်။
ရွှစ်...
တိနွီဖုန့်၏ကိုယ်ထည်သည် မျက်စိရှေ့၌ ရုတ်တရက်ပေါ်လာခဲ့သည်။ ကြည့်ရသည်မှာ သူမသည် အိပ်ချင်မူးတူး ဖြစ်နေဆဲဖြစ်ပြီး မည်သည့်စွမ်းအားက သူမအား ဤသို့ ပျံသန်းလာစေသည်ကို မသိနိုင်ချေ။
သူမသည် မျက်လုံးများကို မဖွင့်သေးသော်လည်း နှာခေါင်းကိုမူ အထက်အောက် ရှူရှိုက်ကာ ပတ်ပတ်လည်ကို အနံ့ခံလိုက်ပြီးနောက် နောက်ဆုံးတွင် မျက်လုံးများကို ပြူးကျယ်လျက် အော်လိုက်တော့၏။
"ဟုတ်တယ်... ဒါ ဖုန်းလိုင်မက်မွန်နတ်အရက်ပဲ….ဒါ မက်မွန်နတ်အရက်ရဲ့ အနံ့ပဲ…"
"ဟုတ်ကဲ့..."
ချူလျန်သည် မျက်တောင်ခတ်လျက် ရှိနေ၏။ မိမိကိုယ်ပေါ်ရှိ အရက်နံ့မှာ တစ်ရက်ကျော်သွားသော်လည်း အနံ့ခံမိလိမ့်မည်ဟု မထင်မှတ်ထားခဲ့မိချေ။
အရက်အနံ့ခံသည့်ကိစ္စတွင် ဆရာသခင်၏ကျွမ်းကျင်မှုမှာ ရွှေမွေးဟူထက်ပင် မနိမ့်ကျချေ။
"ဒီသစ္စာမရှိတဲ့တပည့်ကတော့... ဆရာသခင်ကို ကွယ်ရာထားပြီး အပြင်မှာ ပျော်ပါးနေတယ်ပေါ့…”
“ပြီးတော့ ဒီလောက် ကောင်းတဲ့အရက်ကို သောက်ထားသေးတယ်…"
တိနွီဖုန့်က နှုတ်ခမ်းကိုစူကာ စိတ်မကောင်းစွာ ပြောလိုက်၏။
"အိမ်မှာကျန်ခဲ့တဲ့ သနားစရာကောင်းတဲ့ ဆရာသခင်ကို လုံးဝသတိမရဘူးလား... ဆရာကတော့ ဒီလောက်ကောင်းတဲ့အရက်ကို တစ်ခါမှမသောက်ဖူးဘူး..."
'ဆရာက သောက်ချင်ရင်တောင် ဖုန်းလိုင်ကလူတွေက ရောင်းပေးပါ့မလား...'
ချူလျန်က စိတ်ထဲတွင် ရေရွတ်လိုက်မိသည်။
"ဆရာ... အိမ်မှာ ဆရာသောက်တာလည်း နတ်မူးအရက်ပဲ မဟုတ်လား… အဲဒီပစ္စည်းကလည်း မသက်သာပါဘူးနော်…"
သူက ရယ်မောလျက် ပြောလိုက်၏။
"ငါ ဘာမှ ဂရုမစိုက်ဘူး…"
တိနွီဖုန့်က မျက်လုံးကို စွေစောင်းကြည့်လျက် ဆိုလိုက်၏။
"နောက်တစ်ခါ မက်မွန်နတ်အရက်ကိုထပ်တွေ့ရင် ဘယ်လိုပဲဖြစ်ဖြစ် ငါ့ကို မြည်းစမ်းဖို့ ယူလာပေးရမယ်…မဟုတ်ရင် မင်းက တပည့်ဝတ္တရား မကျေပွန်တဲ့ တပည့်ပဲ…"
ချူလျန်သည် မိမိအရှေ့၌ အရှက်မရှိ ကတ်သီးကတ်သတ် လုပ်နေသော အမျိုးသမီးကိုကြည့်ရင်း မိမိ၏ဆုံးဖြတ်ချက်ကို ရုတ်တရက် သံသယဝင်မိသွားသည်။
'ဒါမှမဟုတ်...'
'ရန်ယွီဟူနဲ့ ပြန်သွားဆွေးနွေးရင် ကောင်းမလား...'