← Chapters

အခန်း ၂၀၄

Vol. 21 Ch. 204

အခန်း ၂၀၄

Vol. 21 Ch. 204

အခန်း (၂၀၄) - ညဉ့်နက်စကားဝိုင်း (၁)

သူတို့သုံးယောက်လုံး ခေတ္တမျှ တိတ်ဆိတ်သွားကြသည်။ ကျန်းရှုရှုမှာ ပင်ကိုစရိုက်ကပင် တက်ကြွဖျတ်လတ်ပြီး ဉာဏ်ပြေးသူဖြစ်ရာ လင်းကျင်းယွီနှင့် ဖာရှန်းတို့ကြားရှိ အနေရခက်သော အခြေအနေကို ချက်ချင်းရိပ်မိလိုက်သည်။ ထို့ကြောင့် သူက ဦးစွာပြုံးလိုက်ပြီး မေးလိုက်သည်။

“ဂိုဏ်းတူညီလေးလင်း... မင်း ဒီနေရာကို ဘယ်လိုရောက်လာတာလဲ...”

လင်းကျင်းယွီသည် ကျန်းရှုရှုနှင့် မရင်းနှီးသော်လည်း ပထမအချက်အနေဖြင့် ဤကဲ့သို့ စိမ်းသက်သောနေရာတွင် မိမိဂိုဏ်းတူလူတစ်ယောက်ကို တွေ့ရသဖြင့် ရင်းနှီးမှုကို ခံစားလိုက်ရသည်။

ဒုတိယအချက်အနေဖြင့် ကျန်းရှုရှုသည် ကျန်းရှောင်ဖန်းနှင့် ရင်းနှီးသောဆက်ဆံရေးရှိကြောင်း သိထားသဖြင့် ကျန်းရှုရှုအပေါ် ကောင်းမွန်သော အမြင်ရှိနေသည်။ သူက ခေါင်းညိတ်ပြကာ ပြောလိုက်သည်။

“ကျွန်တော် အဆိပ်​မြူတွေထဲမှာ ဂိုဏ်းတူအစ်ကိုတွေနဲ့ လူစုကွဲသွားတာ... ဒါနဲ့ပဲ တည့်တည့်အတိုင်း ဆက်လျှောက်လာရင်း လွတ်မြောက်လာလိမ့်မယ်လို့ မထင်ထားမိဘူး... ဒီနားတင်ပဲ တောအုပ်ထဲက ထွက်လာတာ... အဲဒီမှာ တိုက်ခိုက်သံကြားလို့ လာကြည့်ရင်းနဲ့တွေ့တာ...”

ကျန်းရှုရှုက ရယ်မောရင်း မျက်နှာပေါ်မှ မိုးရေများကို လက်ဖြင့်သုတ်လိုက်ကာ ပြောလိုက်သည်။

“ငါတို့တွေ တော်တော်လေး ရေစက်ပါတယ်လို့ ပြောရမယ်... ဒီလိုအန္တရာယ်များတဲ့နေရာမှာ လူများလေ ပိုကောင်းလေပဲ မဟုတ်ဘူးလား... အစ်ကိုဖာရှန်း...”

ဖာရှန်းက ပြုံး၍ ခေါင်းညိတ်လိုက်ရင်း ပြောလိုက်သည်။

“ဟုတ်ပါတယ်...”

သူက စကားကို ခေတ္တရပ်ကာ ကောင်းကင်ကို မော့ကြည့်ရင်း ဆက်ပြောလိုက်သည်။

“အိုး... မိုးတိတ်သွားပြီလား...”

ကျန်းရှုရှုနှင့် လင်းကျင်းယွီတို့ အံ့အားသင့်သွားကြပြီး ကောင်းကင်သို့ မော့ကြည့်လိုက်ကြသည်။ အမှန်ပင် မည်သည့်အချိန်ကတည်းက စတင်ခဲ့သည်မသိဘဲ ရွာသွန်းနေသော မိုးမှာ တဖွဲဖွဲရွာရုံသာ ကျန်တော့ပြီး ယခုအခါ ကောင်းကင်ပြင်ကြီးမှာ ပိုမိုလင်းထိန်လာလေသည်။

လင်းကျင်းယွီက အသက်ကို ပြင်းပြင်းရှူသွင်းလိုက်သည်။ မိုးရွာပြီးစ တောအုပ်အတွင်းရှိ လေထုမှာ အလွန်လတ်ဆတ်နေပြီး မြေသင်းရနံ့က စိမ့်ဝင်နေသကဲ့သို့ ရင်ထဲအထိ လန်းဆန်းသွားစေသည်။

ဖာရှန်းက လှည့်၍ ထူးဆန်းသည့် ပန်းပွင့်ကြီးကို ကြည့်ကာ ပြောလိုက်သည်။

“ဒီနေရာမှာ တကယ်ပဲ ထူးဆန်းတဲ့အရာတွေ အများကြီး ရှိနေတာပဲ... ဒီပန်းပွင့်ကလည်း သာမန်ပန်းပွင့်မျိုး မဟုတ်ဘူး... ငါတို့ ဒီမှာ အကြာကြီးမနေသင့်ဘူး... အရင်ဆုံး ဒီနေရာကနေ ထွက်သွားကြရအောင်...”

လင်းကျင်းယွီက ပြန်မပြောသော်လည်း ကျန်းရှုရှုက ပြုံး၍ပြောလိုက်သည်။

“အစ်ကိုဖာရှန်းပြောတာ မှန်တယ်... သွားကြစို့...”

ပြောရင်းနှင့် သူက လင်းကျင်းယွီဘက်သို့ လှည့်ကြည့်လိုက်ရာ လင်းကျင်းယွီကလည်း တိတ်ဆိတ်စွာ ခေါင်းညိတ်ပြလိုက်သည်။

၎င်းတို့၏ ပစ္စည်းများကို ပြင်ဆင်ပြီးနောက် သူတို့သုံးယောက်လုံး လက်နက်များကို စီးနင်းကာ ကောင်းကင်ထက်သို့ ပျံတက်လိုက်ကြသည်။

ကျန်းရှုရှုသည် လေထဲတွင် ခေတ္တမျှ တုံ့ဆိုင်းသွားပြီးနောက် သူတို့နှစ်ဦးကို အသံကျယ်ကျယ်ဖြင့် လှမ်းပြောလိုက်သည်။

“အစ်ကိုဖာရှန်း... ဂိုဏ်းတူညီလေးလင်း... ဒီတောအုပ်ကြီးက တကယ့်ကို ကြီးမားလွန်းတယ်... ပြီးတော့ အဆိပ်ရှိတဲ့ ပိုးမွှားတွေ... ထူးဆန်းတဲ့ သားရဲတွေနဲ့ ကြောက်စရာကောင်းတဲ့ သတ္တဝါတွေ အများကြီး ရှိနေတယ်...”

“ကောလာဟလထွက်နေတဲ့ အဖိုးတန်ရတနာက ဒီတောအုပ်ရဲ့ အတွင်းပိုင်းမှာရှိနေတာ ဖြစ်နိုင်တယ်... ငါတို့ ဆက်ပြီး ဘာလုပ်ကြမလဲ...”

လင်းကျင်းယွီက စိတ်အားထက်သန်စွာဖြင့် ပြောလိုက်သည်။

“စီနီယာအစ်ကိုကျန်း... ကျားဂူထဲမဝင်ရင် ကျားသားကိုရနိုင်ပါ့မလား...”

ကျန်းရှုရှုက သူ့ကို ကြည့်လိုက်ပြီးနောက် ဖာရှန်းဘက်သို့ လှည့်ကြည့်လိုက်သည်။ ဖာရှန်းက ပြုံးလိုက်ပြီး လက်နှစ်ဖက်ကို ပူးကပ်ကာ ကန့်ကွက်လိုစိတ်မရှိကြောင်း ပြသလိုက်သည်။ သူက ပြုံး၍ ပြောလိုက်သည်။

“ဒါဆိုရင်လည်း ငါတို့ ဒီကြမ်းတမ်းတဲ့ တောရိုင်းမြေကြီးကို သေချာရှာဖွေပြီး ဘယ်လိုအဖိုးတန်ရတနာမျိုး ပေါ်လာသလဲဆိုတာ ကြည့်ကြတာပေါ့...”

သူတို့သုံးယောက်လုံး စိတ်ဓာတ်များ တက်ကြွသွားကြပြီး မှော်လက်နက်များကို အရှိန်မြှင့်တင်ကာ အလင်းတန်းသုံးတန်းအဖြစ် ပြောင်းလဲလျက် တောနက်ထဲသို့ ဆက်လက်ပျံသန်းသွားကြတော့သည်။

ညဉ့်မှောင်ရိပ်သည် တဖြည်းဖြည်း ကျရောက်လာပြီး ကောင်းကင်ပြင်ကြီးတစ်ခုလုံး လုံးဝမှောင်မိုက်သွားခဲ့ပြီ ဖြစ်သည်။

လင်းကျင်းယွီနှင့် အခြားနှစ်ဦးမှာ တစ်ဝက်ခန့် ရှာဖွေခဲ့သော်လည်း မည်သည့်ရလဒ်မျှ မရရှိခဲ့ပေ။ ကောလာဟလထွက်နေသော အဖိုးတန်ရတနာ၏ အရိပ်အယောင်ကိုပင် မတွေ့ရချေ။

ထို့အပြင် တောအုပ်အတွင်းရှိ အဆိပ်ရှိပိုးမွှားများနှင့် ထူးဆန်းသော သားရဲတိရစ္ဆာန်မျိုးစုံကို စိတ်ပျက်ဖွယ်ရာ ကြုံတွေ့ခဲ့ရပြီး အချို့မှာ စိတ်ကူးယဉ်ရန်ပင် ခက်ခဲလှသည်။

သူတို့ ကောင်းကင်ထက်မှနေ၍ သစ်ပင်ကြီးတစ်ပင်ကို ဖြတ်ပျံသန်းစဉ် သစ်ကိုင်းတစ်ခုမှာ ရုတ်တရက် မီးခိုးရောင်အဆိပ်ရှိပိုးကောင်ကြီးအဖြစ် ပြောင်းလဲသွားပြီး ပါးစပ်ကြီးကို ဟကာ သူတို့ကို ကိုက်ရန် ကြိုးစားခဲ့သေးသည်။

သူတို့ ဤအတိုင်း ဆက်လက်သွားလာခဲ့ကြသည်။ သူတို့သုံးယောက်လုံးမှာ ကျင့်ကြံမှုအဆင့်မြင့်မားသော ကျင့်ကြံသူများဖြစ်ကြပြီး မိမိတို့၏ဂိုဏ်းအသီးသီးမှ ထူးချွန်ထက်မြက်သော ပါရမီရှင်များဖြစ်ကြသဖြင့် ဘေးကင်းစွာ ဖြတ်သန်းနိုင်ခဲ့သော်လည်း ရင်ထဲတွင် ထိတ်လန့်တုန်လှုပ်ခြင်းကို မရှောင်လွှဲနိုင်ခဲ့ကြပေ။

ညဉ့်နက်လာသည်နှင့်အမျှ သူတို့သုံးယောက် တိုင်ပင်လိုက်ကြပြီး တောအုပ်ထဲတွင် အတော်အတန် ကြီးမားသော ကျောက်တုံးကြီးတစ်တုံးကို တွေ့ရှိသဖြင့် အနားယူရန် ထိုကျောက်တုံးပေါ်သို့ ဆင်းသက်လိုက်ကြသည်။

ကျန်းရှုရှုက ဘေးပတ်ဝန်းကျင်ကို စောင့်ကြည့်ရင်း ဂရုတစိုက် လျှောက်သွားလိုက်ပြီး တစ်ပြိုင်နက်တည်းတွင် သူ၏လက်နက်ဖြစ်သော ရွှမ်းယွမ်ဓားကို ဆင့်ခေါ်လိုက်သည်။

ဓားမှ ထွက်ပေါ်လာသော အားနည်းသည့် အလင်းရောင်ကို အသုံးပြု၍ သတိကြီးစွာဖြင့် ရှေ့ဆက်သွားကာ သစ်ကိုင်းခြောက်များကို ရွေးချယ်ကောက်ယူပြီးနောက် မီးမွှေးရန်အတွက် ပြန်လာခဲ့သည်။

လင်းကျင်းယွီက ဘေးမှကြည့်နေရင်း ရုတ်တရက် ခါးသီးစွာ ပြုံးလိုက်သည်။ ကျန်းရှုရှုက ထိုအသံကို ကြားသဖြင့် မော့ကြည့်လိုက်ရာ သူတို့နှစ်ဦး မျက်လုံးချင်းဆုံသွားကြသည်။

ကျန်းရှုရှုက လင်းကျင်းယွီ ဘာတွေးနေသည်ကို သိသဖြင့် သူကိုယ်တိုင်လည်း အရှက်ပြေရယ်မောလိုက်သည်။

ချင်းယွင်ဂိုဏ်းကို လွန်ခဲ့သော နှစ်ပေါင်းနှစ်ထောင်ကတည်းက တည်ထောင်ခဲ့ရာတွင် ထင်းကောက်ရာ၌ အသေးစိတ်အကျဆုံးနှင့် အစိုးရိမ်ဆုံးလူကို ပြပါဆိုလျှင် ယနေ့တွင် ကျန်းရှုရှုဖြစ်မည်မှာ သေချာလှသည်။

ကျန်းရှုရှုက လှည့်ပြန်လာပြီးနောက် ရင်ဘတ်ထဲမှ မီးခတ်ကျောက်ကို ထုတ်လိုက်သော်လည်း နေ့ခင်းဘက်က ရွာသွန်းခဲ့သော မိုးကြောင့် ပတ်ဝန်းကျင်ရှိ သစ်ကိုင်းများမှာ စိုစွတ်နေခဲ့သည်။

အချိန်အတော်ကြာအောင် မီးမွှေးရန် ကြိုးစားပြီး မီးခိုးများစွာ ထွက်ပေါ်လာပြီးနောက်တွင်မှ မီးပုံကို အောင်မြင်စွာ မွှေးနိုင်ခဲ့တော့သည်။

ဖာရှန်းက ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်ရာ တောအုပ်အတွင်း၌ မှောင်မိုက်နေသည်ကိုသာ မြင်တွေ့ရသည်။

ခေတ္တမျှ တုံ့ဆိုင်းသွားပြီးနောက် သူက ထိုနှစ်ဦးကို အနားသို့တိုးထိုင်ရန် အချက်ပြလိုက်ပြီး အသက်ကို ပြင်းပြင်းရှူလိုက်သည်။

သူက မန္တန်ကို ဖြည်းညှင်းစွာ ရွတ်ဆိုလိုက်ပြီး လက်ထဲရှိ ပြန်လည်ဝင်စားခြင်းပုလဲကို မြှောက်တင်လိုက်သည်။

ခေတ္တမျှကြာသော် နူးညံ့သော ရွှေရောင်အလင်းတန်းများ ဖြာထွက်လာပြီး ခြောက်ပေခန့် ကျယ်ဝန်းသော ရွှေရောင်အလင်းအဝန်းအဝိုင်းတစ်ခုအဖြစ် ပြန့်ကားသွားကာ သူတို့သုံးဦးလုံးကို လွှမ်းခြုံထားလိုက်တော့သည်။

မှောင်မိုက်နေသော ညဉ့်ဦးယံတွင် ပြန်လည်ဝင်စားခြင်းပုလဲ၏ နူးညံ့သောအလင်းရောင်အောက်၌ သူတို့၏မျက်နှာများမှာ ရွှေရောင်သန်းနေလျက်ရှိသည်။

လင်းကျင်းယွီနှင့် ကျန်းရှုရှုတို့မှာ ကျော်ကြားသော ဂိုဏ်းကြီးများမှ ဖြစ်ကြသဖြင့် ဖာရှန်း၏ လှုပ်ရှားမှုကို ရှင်းလင်းစွာ မြင်တွေ့လိုက်ရသည်။

လင်းကျင်းယွီသည် ဖာရှန်းအပေါ် ရန်ငြိုးအချို့ ရှိနေသော်လည်း ကျန်းရှုရှုကဲ့သို့ပင် သူ၏မျက်နှာတွင် ချီးကျူးမှုနှင့် အံ့အားသင့်မှုများ ပေါ်လွင်နေသည်။

ကျန်းရှုရှုက ပြုံး၍ ပြောလိုက်သည်။

“အစ်ကိုဖာရှန်း... တကယ့်ကို အစွမ်းထက်တဲ့ သီလစွမ်းအားပဲ... ကျုပ်တစ်ကယ်ပဲ လေးစားမိပါတယ်...”

ဖာရှန်းက ပြုံး၍ ပြောလိုက်သည်။

“ဒီနေရာမှာ အဆိပ်ရှိတဲ့ ပိုးမွှားတွေ အများကြီး ရှိနေတော့ ဒီမီးပုံလေးရဲ့ အလင်းရောင်က မလုံလောက်မှာကို စိုးရိမ်ရတယ်...”

“ဒါကြောင့်ပြန်လည်ဝင်စားခြင်းပုလဲရဲ့ အကာအကွယ်နဲ့ဆိုရင် ဒီညတော့ သာမန်အဆိပ်ရှိတဲ့ သတ္တဝါတွေအတွက် စိုးရိမ်စရာ မလိုတော့ဘူးပေါ့...”

ပြောပြီးနောက် သူက သူတို့နှစ်ဦးကို ခပ်ဖွဖွပြုံးပြလိုက်ပြီး တိုက်ဆိုင်စွာဖြင့် လင်းကျင်းယွီကို ကြည့်လိုက်သည်။

လင်းကျင်းယွီက သူ့ကို ကြည့်လိုက်ပြီးနောက် ခေါင်းကို အနည်းငယ်ငုံ့ထားကာ ဘာမျှမပြောပေ။ ဖာရှန်းက သူ၏အကြည့်ကို ဖြည်းညှင်းစွာ လွှဲပြောင်းလိုက်ပြီး သူတို့ကြားရှိ မီးပုံလေးကို ကြည့်လိုက်သည်။

မီးေတာက်များက သူ၏မျက်ဝန်းထဲတွင် ရောင်ပြန်ဟပ်နေပြီး သူ မည်သည်ကို တွေးတောနေသည်ကို မည်သူမျှ မသိနိုင်ချေ။

ပတ်ဝန်းကျင်မှာ တဖြည်းဖြည်း တိတ်ဆိတ်သွားပြီး သူတို့သုံးယောက်လုံး စကားမပြောကြတော့ပေ။ ညဉ့်နက်သထက် နက်လာပြီး ထူထပ်သော အမှောင်ထုကြီးအတွင်း၌ ရုတ်တရက် လေပြင်းတစ်ချက် တိုက်ခတ်သွားသည်။

လေတိုးသံမှာ ဝိညာဥ်များ၏ ငိုကြွေးသံနှင့် တူလှသည်။ ဝေးကွာသော တစ်နေရာရာတွင် နှလုံးကြေကွဲနေသော မိန်းကလေးတစ်ဦး ငိုကြွေးနေသကဲ့သို့ပင်။

လေညင်းသည် တောအုပ်ထဲတွင်တိုက်ခတ်သွားပြီး သစ်ပင်များကို ဖြတ်သန်းကာ သစ်ကိုင်းသစ်ရွက်များကို ပွတ်တိုက်သွားသည်။

မှောင်မိုက်နေသော တောအုပ်ကြီးသည် ဤမှောင်မိုက်လှသော ညဉ့်နက်ပိုင်းတွင် သက်ရှိထင်ရှား ရှိနေသကဲ့သို့ ရုတ်တရက် သူ၏ရင်ခွင်ကျယ်ကြီးကို ဖွင့်ဟလိုက်ပြီး သူ၏ရင်ခွင်ထဲရှိ သားသမီးများကို တက်ကြွစွာ သီချင်းဆိုခွင့် ပေးထားသကဲ့သို့ ရှိနေသည်။

ညဉ့်နက်လာသည်နှင့်အမျှ လေညင်းသည် တောအုပ်၏ အဖျားကို ဖြတ်သန်းတိုက်ခတ်သွားသည်။

မီးပုံလေးမှာ လေထဲတွင် ငြိမ်းလုမတတ်​ ဖြစ်နေသည်။

ဖာရှန်းက မျက်လုံးများကို မှိတ်ကာ တရားထိုင်နေပြီး ကျန်းရှုရှုမှာလည်း ပင်ပန်းနေရကာ မီးပုံဘေးတွင် အဝတ်အစားများ ဝတ်ဆင်လျက် လှဲလျောင်းကာ အိပ်ပျော်သွားလေသည်။

လင်းကျင်းယွီတစ်ဦးတည်းသာ မီးပုံ၏ အခြားတစ်ဖက်တွင် ထိုင်နေပြီး အိပ်ချင်စိတ် လုံးဝမရှိဘဲ တောက်ပသော မျက်ဝန်းများဖြင့် တောက်လောင်နေသော မီးလျှံများကို ငေးကြည့်နေသည်။

သူက လက်ကို ဖြည်းညှင်းစွာ ဆန့်ထုတ်လိုက်ပြီး သစ်ကိုင်းခြောက်တစ်ခုကို ယူကာ ဖျတ်ခနဲ အသံနှင့်အတူ နှစ်ပိုင်းချိုးလိုက်ပြီး မီးပုံထဲသို့ ညင်သာစွာ ထည့်လိုက်သည်။

မီးလျှံများက ထိုသစ်ကိုင်းကို ဖြည်းဖြည်းချင်း ဝါးမြိုသွားပြီး ပိုမိုတောက်လောင်လာလေသည်။

လင်းကျင်းယွီက ရုတ်တရက် တစ်စုံတစ်ခုကို ခံစားမိသဖြင့် ဘေးသို့ လှည့်ကြည့်လိုက်ရာ ဖာရှန်းက မျက်လုံးများကို ဖွင့်ကာ သူ့ကို တိတ်ဆိတ်စွာ ကြည့်နေသည်ကို တွေ့လိုက်ရသည်။

All Chapters