← Chapters

အခန်း ၂၀၅

Vol. 21 Ch. 205

အခန်း ၂၀၅

Vol. 21 Ch. 205

အခန်း (၂၀၅) - ညဉ့်နက်စကားဝိုင်း (၂)

အိပ်ပျော်နေသော ကျန်းရှုရှုကို အနှောင့်အယှက် မဖြစ်စေရန် ဖာရှန်းက အသံကိုနှိမ့်ချလိုက်ပြီး တိုးတိုးလေး မေးလိုက်သည်။

“ဂိုဏ်းတူညီလေးလင်း... မင်း ဘာလို့ အနားမယူသေးတာလဲ...”

လင်းကျင်းယွီက မီးပုံဆီသို့ ပြန်ကြည့်လိုက်ပြီး ခေတ္တမျှကြာမှ ပြောလိုက်သည်။

“စီနီယာအစ်ကိုကိုယ်တိုင်လည်း အနားမယူသေးတာပဲ မဟုတ်ဘူးလား...”

ဖာရှန်းက ပြောလိုက်သည်။

“ငါကတော့ အမြဲတမ်းတရားထိုင်ပြီး အနားယူလေ့ရှိလို့ အကျင့်ဖြစ်နေပြီ... ဒါပေမဲ့ ညီလေးလင်းက ငယ်သေးတော့ အနားယူဖို့ ပိုလိုတာပေါ့...”

လင်းကျင်းယွီက တိတ်ဆိတ်သွားပြီး အတော်ကြာမှ ရုတ်တရက် ပြောလိုက်သည်။

“ဒီဆယ်နှစ်အတွင်းမှာ ကျွန်တော် အမြဲတမ်းအိပ်ချိန်နည်းခဲ့တယ်...”

ဖာရှန်းက မျက်မှောင်ကြုတ်လိုက်ပြီး စူးစမ်းလိုစိတ်ဖြင့် မေးလိုက်သည်။

“ဘာဖြစ်လို့လဲ...”

လင်းကျင်းယွီ၏ မျက်ဝန်းများထဲတွင် ရှေ့မှတောက်လောင်နေသော မီးလျှံများ ရောင်ပြန်ဟပ်နေပြီး သူက အေးအေးဆေးဆေးပင် ပြောလိုက်သည်။

“မျက်လုံးမှိတ်လိုက်တိုင်း... မတရားသတ်ဖြတ်ခံခဲ့ရတဲ့ မြက်ဘုရားကျောင်းရွာက ဆွေမျိုးတွေကို ပြန်မြင်ယောင်မိတယ်... ပြီးတော့ အခု မိစ္ဆာလမ်းစဉ်ထဲကို ကျဆင်းသွားတဲ့ ညီလေးရှောင်ဖန်းအကြောင်းကိုလည်း တွေးမိတယ်...”

ဖျစ်ခနဲ အသံတစ်သံမှာ မှောင်မိုက်သော ညဉ့်ဦးယံတွင် ခပ်တိုးတိုး ပဲ့တင်ထပ်သွားသည်။ လင်းကျင်းယွီက လက်ထဲရှိ သစ်ကိုင်းကို ထပ်မံချိုးလိုက်ပြီး မီးပုံထဲသို့ ဖြည်းညှင်းစွာ ထည့်လိုက်ပြန်သည်။

ညတာမှာ မှောင်မိုက်နေပြီး တောအုပ်ကြီးသည်လည်း ဝေးကွာသော နေရာတစ်ခုတွင် တိတ်ဆိတ်စွာ အော်ဟစ်နေသကဲ့သို့ ရှိနေသည်။

ဖာရှန်းက လင်းကျင်းယွီကို တိတ်ဆိတ်စွာ ကြည့်လိုက်သည်။ အားနည်းသော မီးပုံဘေးရှိ ထိုလူငယ်လေး၏ ပုံရိပ်မှာ တစ်နည်းနည်းဖြင့် အထီးကျန်နေပုံရသော်လည်း ခေါင်းမာဆဲပင် ဖြစ်သည်။

ခေတ္တမျှကြာသော် သူက အကြည့်ကို လွှဲလိုက်ပြီး ရှေ့တွင် ညင်သာစွာ လွင့်မျောနေသော ပြန်လည်ဝင်စားခြင်းပုလဲကို ကြည့်ကာ ရုတ်တရက် မေးလိုက်သည်။

“မင်းက ကျန်းရှောင်ဖန်းကို စိုးရိမ်နေတုန်းပဲလား...”

လင်းကျင်းယွီက ပြန်မဖြေပေ။ သို့သော် သူက ဖာရှန်းကို ကြည့်လိုက်သောအခါ သူ၏အကြည့်များမှာ အေးစက်နေသည်။

ဖာရှန်း၏ မျက်ဝန်းများတွင် နာကျင်မှုအချို့ ဖြတ်ပြေးသွားသော်လည်း သူ၏အသံမှာ ညင်သာဆဲပင်။

“လွန်ခဲ့တဲ့ ဆယ်နှစ်အတွင်းမှာ သူက မိစ္ဆာဂိုဏ်းဖြစ်တဲ့ သရဲဘုရင်ဂိုဏ်းထဲကို ဝင်သွားခဲ့ပြီး အခုဆိုရင် သရဲဘုရင်ဂိုဏ်းရဲ့ ဒုတိယဂိုဏ်းချုပ် ဖြစ်နေပြီ...”

“တစ်လောကလုံးလည်း သိကြတယ်... အနှေးနဲ့အမြန် သူက သရဲဘုရင်ဂိုဏ်းရဲ့ နောက်ထပ်ဂိုဏ်းချုပ် ဖြစ်လာလိမ့်မယ်...”

သူက ဖြည်းဖြည်းချင်း လှည့်ကာ လင်းကျင်းယွီဖြင့် အကြည့်ချင်း ဆုံလိုက်သည်။ သူ၏မျက်တောင်များ တုန်ခါသွားသော်လည်း ဆက်လက်ပြောလိုက်သည်။

“ဒီဆယ်နှစ်အတွင်းမှာ သူက လူတွေကို သစ်ရွက်လှုပ်သလို သတ်ဖြတ်ခဲ့တယ်... သွေးဆာတာက သူ့ရဲ့ပင်ကိုသဘာဝလို ဖြစ်နေပြီ... မိစ္ဆာဂိုဏ်းသားတွေတောင် သူ့ကို နာမည်နဲ့မခေါ်ဘဲ သွေးသခင်လေးလို့ ခေါ်ကြတယ်...”

“တစ်လောကလုံးက လမ်းမှန်ဂိုဏ်းသားတွေကလည်း သူ့ကို ရင်ခွင်ထဲက မြွေပွေးတစ်ကောင်လို သတ်မှတ်ထားကြတယ်...”

လင်းကျင်းယွီက ရုတ်တရက် အော်ဟစ်လိုက်သည်။

“တော်တော့...”

သူက အံတင်းတင်းကြိတ်ထားပြီး တင်းတင်းဆုပ်ထားသော လက်သီးများပေါ်တွင် အကြောများ ထောင်ထနေသည်။

ဖာရှန်းက သူ့ကို စိုက်ကြည့်လိုက်သော်လည်း ဆက်လက်မေးမြန်းလိုက်သည်။

“တကယ်လို့ တစ်နေ့နေ့မှာ မင်း သူ့ကို ရင်ဆိုင်ရရင် ဘာလုပ်မလဲ...”

ရွှေရောင်အလင်းတန်းနှင့် မီးပုံ၏အလင်းရောင်မှာ လင်းကျင်းယွီ၏ ချောမောသော မျက်နှာပေါ်တွင် ရောင်ပြန်ဟပ်နေသည်။ သူက မျက်လုံးများကို ဖြည်းညှင်းစွာ မှိတ်လိုက်ပြီး အသက်ကို ပြင်းပြင်းရှူလိုက်သည်။

“သူက ကျွန်တော့်ရဲ့ ညီအစ်ကိုပဲ...”

အတော်ကြာ တိတ်ဆိတ်သွားပြီးနောက် လင်းကျင်းယွီက ရုတ်တရက် ပြတ်သားစွာနှင့် တုံ့ဆိုင်းမှုမရှိဘဲ ပြောလိုက်သည်။

ဖာရှန်းက သူ့ကို ကြည့်လိုက်သော်လည်း ဘာမျှမပြောပေ။

လင်းကျင်းယွီက ခေါင်းကို ဖြည်းဖြည်းချင်း ငုံ့လိုက်ပြီး သူ၏အသံမှာ တိုးညင်းလေးနက်သွားသည်။

“ကျွန်တော် သိပါတယ်... အခု သူက မိစ္ဆာလမ်းစဉ်ထဲကို ကျဆင်းသွားပြီး ပြန်လှည့်စရာ လမ်းမရှိတော့ဘူး... နောင်တစ်ချိန်မှာ သူ့ကို တွေ့ရင် ရန်သူတွေလို ဖြစ်သွားဖို့က ပိုများပါတယ်...”

သူက တတိယမြောက် သစ်ကိုင်းကို ချိုးလိုက်ပြီး မီးပုံထဲသို့ ဖြည်းညှင်းစွာ ထည့်လိုက်ရင်း တိုးတိုးလေး ပြောလိုက်သည်။

“ဒါပေမဲ့ ကျုပ်တို့တွေ အသက်လုတိုက်ပွဲ ဆင်နွှဲရရင်တောင် ဒါမှမဟုတ် ရန်သူတွေ ဖြစ်သွားရင်တောင်... မင်းတို့လို လမ်းမှန်ဂိုဏ်းက လူကြီးတွေ ဘယ်လိုထင်မလဲဆိုတာ ဂရုမစိုက်ဘူး...”

“ကျွန်တော့်နှလုံးသားထဲမှာတော့ လမ်းမှန်နဲ့ မိစ္ဆာက အတူတူမရှိနိုင်ဘဲ အနှေးနဲ့အမြန် တိုက်ပွဲဖြစ်ရမယ်ဆိုရင်တောင်...”

“သူက ကျွန်တော့်ကို သတ်ချင်သလား ဒါမှမဟုတ် ကျွန်တော်က သူ့ကို သတ်ရမလားဆိုတာ အရေးမကြီးဘူး... ကျွန်တော်ကတော့ သူ့ကို ကျွန်တော့်ရဲ့ ညီအစ်ကိုအဖြစ် သတ်မှတ်ထားတုန်းပဲ...”

သူက ပြုံးလိုက်၏ယ သို့သော် ထိုအပြုံးတွင် နာကျင်မှုနှင့် ခေါင်မာမှုအချို့ ပါဝင်နေပြီး အဝေးတစ်နေရာသို့ကြည့်ကာ ပြောလိုက်သည်။

“သူက ကျွန်တော့်တစ်သက်လုံးမှာ တစ်ဦးတည်းသော ညီအစ်ကိုပဲ...”

မည်သူမျှ ထပ်မံစကားမပြောကြတော့ပေ။

ရှေးဟောင်းတောအုပ်ကြီးမှာ ပိုမိုတိတ်ဆိတ်လာသည်။ အေးစက်သော လေညင်းထဲတွင် ဝေးကွာသောကောင်းကင်ယံရှိ သစ်ပင်ထိပ်ဖျားမှ တစ်စုံတစ်ယောက်က တိတ်ဆိတ်စွာ သက်ပြင်းချလိုက်သကဲ့သို့ပင်။

ကျန်းရှုရှုက ရုတ်တရက် မျက်လုံးများကို ဖွင့်ကာ ထထိုင်လိုက်သည်။ သူ၏မျက်မှောင်များ ကြုတ်နေပြီး တစ်စုံတစ်ခုကို အာရုံစိုက် နားထောင်နေသကဲ့သို့ ရှိသည်။ ဖာရှန်းနှင့် လင်းကျင်းယွီတို့ နှစ်ဦးလုံး ထိတ်လန့်သွားကြသည်။

လင်းကျင်းယွီက မေးလိုက်သည်။

“စီနီယာအစ်ကိုကျန်း... ဘာဖြစ်လို့လဲ...”

ကျန်းရှုရှု၏ မျက်နှာမှာ လေးနက်သွားပြီး ပြောလိုက်သည်။

“တစ်ခုခုတော့ မဟုတ်တော့ဘူး... အားလုံး နားထောင်ကြည့်ကြ...”

ဖာရှန်းနှင့် လင်းကျင်းယွီတို့ ထိတ်လန့်သွားကြသည်။ သူတို့နှစ်ဦးလုံး စကားပြောကောင်းနေသဖြင့် ပတ်ဝန်းကျင်ရှိ လှုပ်ရှားမှုများကို သတိမထားမိခဲ့ကြပေ။ ယခုအခါ သူတို့က ပတ်ဝန်းကျင်သို့ အာရုံကို အမြန်လွှဲပြောင်းလိုက်ပြီး အာရုံစိုက်လိုက်ကြသည်။

တောအုပ်ထဲတွင် တဝူးဝူး တိုက်ခတ်နေသော လေတိုးသံမှတစ်ပါး အရာအားလုံးမှာ တိတ်ဆိတ်နေဆဲဖြစ်ပြီး မည်သည့်လှုပ်ရှားမှုမျှ မရှိသကဲ့သို့ ရှိသည်။

သို့သော် ခေတ္တမျှကြာသော် သူတို့နှစ်ဦးလုံး တစ်ပြိုင်နက်တည်း မျက်မှောင်ကြုတ်လိုက်ကြသည်။ ခပ်ဝေးဝေးတစ်နေရာမှ တိုးညှင်းသော်လည်း ထူထပ်များပြားလှသော ခြေသံများ ထွက်ပေါ်လာသည်။

ညဉ့်နက်ပိုင်းတွင် ပိုးမွှားရာပေါင်းများစွာ သွားလာနေသကဲ့သို့ပင်။ အမှောင်ထုကြီးက ခြားနားထားသဖြင့် ထိုအသံမှာ မသဲကွဲဘဲ အလွန်ဝေးကွာသော နေရာမှ ထွက်ပေါ်လာသကဲ့သို့ ရှိသော်လည်း ဤမျှတိုးညင်းသော အသံမျိုးကပင် လူကို ကြက်သီးထသွားစေနိုင်သည်။

သူတို့သုံးဦးလုံး၏ မျက်နှာများမှာ စိုးရိမ်ပူပန်မှုများ ပေါ်လာသည်။ လင်းကျင်းယွီက မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။

“အဆိပ်ရှိတဲ့ ပိုးမွှားတွေ ထပ်ရောက်လာတာ မဟုတ်ဘူးလား...”

ကျန်းရှုရှုက မချိပြုံးပြုံးကာ ပြောလိုက်သည်။

“အရေအတွက်က နည်းမှာမဟုတ်ဘူး...”

သူတို့သုံးဦးလုံး အချင်းချင်းကြည့်လိုက်ကြရာ တစ်ဦးစီ၏ မျက်ဝန်းထဲတွင် စိုးရိမ်ထိတ်လန့်မှုများကို မြင်တွေ့လိုက်ရသည်။

အဆိပ်ရှိပိုးမွှားများနှင့် ခန့်မှန်းရခက်သော အန္တရာယ်များ ပြည့်နှက်နေသည့် သေမင်းနွံတောကြီးထဲတွင် တစ်ရက်မျှသာ ရှိသေးသော်လည်း သူတို့သည် ဤနေရာရှိ ကြောက်စရာကောင်းသော သတ္တဝါများကို သတိထားမိနေကြပြီ ဖြစ်သည်။

ထို့အပြင် ဤနေရာရှိ ဆန်းပြားလှသော သတ္တဝါမျိုးစုံမှာ များပြားလွန်းလှရာ နောက်ထပ် မည်သည့်အရာ ထွက်ပေါ်လာဦးမည်ကို မတွေးရဲစရာပင်။

သူတို့က သတိအနေအထားဖြင့် ပြင်ဆင်နေစဉ် ရှေ့ဘက်ရှိ တောအုပ်အတွင်းမှ ရုတ်တရက် ကျယ်လောင်သော ဆူညံသံတစ်ခု ထွက်ပေါ်လာသည်။

ခေတ္တမျှကြာသော် ဒေါသတကြီး အော်ဟစ်သံနှင့် ပိုးမွှားများ၏ အော်ဟစ်သံများ ရောပြွမ်းထွက်ပေါ်လာသည်။ လင်းကျင်းယွီနှင့် အခြားသူများ ထိတ်လန့်သွားကြရာ ကျန်းရှုရှုက ဦးစွာတုံ့ပြန်လိုက်သည်။

“ဒါ ဖန်ရှန်းတောင်ကြားက စီနီယာအစ်ကိုလီရွှင်းရဲ့အသံပဲ...”

လင်းကျင်းယွီ၏ မျက်နှာမှာ ထိတ်လန့်သွားပြီး အလျင်အမြန် ပြောလိုက်သည်။

“စီနီယာအစ်ကိုလီ အန္တရာယ်ရှိနေတာ ဖြစ်နိုင်တယ်... ကျွန်တော် သွားကူညီလိုက်ဦးမယ်...”

ပြောရင်းနှင့် သူက လှုပ်ရှားရန် ပြင်လိုက်စဉ် ရုတ်တရက် လက်တစ်ဖက်က ဆန့်ထွက်လာပြီး သူ့ကို ဆွဲထားလိုက်သည်။ ထိုသူမှာ ဖာရှန်းဖြစ်ပြီး သူက အလျင်အမြန် ပြောလိုက်သည်။

“ငါ သွားလိုက်မယ်... ဒီနေရာက အန္တရာယ်တွေက ခန့်မှန်းရခက်တယ်... မင်းတို့နှစ်ယောက်လုံး အလင်းအကာအကွယ်ထဲမှာပဲ နေကြပါ... စိတ်မလောကြနဲ့...”

သူတို့နှစ်ဦး တုံ့ပြန်မှုကိုမစောင့်ဘဲ သူ၏ခန္ဓာကိုယ်မှာ ပျံတက်သွားပြီး သင်္ကန်းမှာ လေထဲတွင် ဝဲပျံသွားကာ ခေတ္တမျှအတွင်း သူ၏ပုံရိပ်မှာ အမှောင်ထုထဲသို့ တိုးဝင်ပျောက်ကွယ်သွားတော့သည်။

လင်းကျင်းယွီနှင့် ကျန်းရှုရှုတို့ ဆွံ့အသွားကြသည်။ သို့သော် နောက်တစ်စက္ကန့်တွင် ဆူညံသံများမှာ ပိုမိုကျယ်လောင်လာပြီး ဒေါသတကြီး အော်ဟစ်သံများမှာ အဆက်မပြတ်ထွက်ပေါ်လာကာ ပိုးမွှားများ၏ အော်သံများဖြင့် ဆူညံလျက်ရှိနေလေသည်။

ထိုအသံများထဲတွင် ထိတ်လန့်တုန်လှုပ်သံအချို့ ရောပြွမ်းနေသဖြင့် ဖာရှန်းသည် လီရွှင်းရှိရာသို့ ရောက်ရှိသွားပြီး ထူးဆန်းသော သတ္တဝါများနှင့် စတင်တိုက်ခိုက်နေပြီဖြစ်ကြောင်း သိသာလှသည်။

ညဉ့်နက်လာသည်နှင့်အမျှ တောအုပ်အတွင်းရှိ အေးစက်သော လေညင်းမှာလည်း ပိုမိုပြင်းထန်လာပြီး အသံများမှာ ညည်းတွားသံကဲ့သို့ ရှိနေသည်။

ဆူညံသံများမှာ ပိုမိုကျယ်လောင်လာသော်လည်း အမှောင်ထုကြီးမှာ ကျော်ဖြတ်၍မရသော တံတိုင်းကြီးတစ်ခုကဲ့သို့ ကျန်းရှုရှုနှင့် လင်းကျင်းယွီတို့၏ ရှေ့တွင် ပိတ်ဆို့ထားသည်။

သရဲတစ္ဆေများ၏ အော်ဟစ်သံ... ဝံပုလွေများ အူသံကဲ့သို့ပင်...

ကျန်းရှုရှုနှင့် လင်းကျင်းယွီတို့ စိတ်မထိန်းနိုင်တော့ဘဲ ပြေးထွက်ရန် ပြင်လိုက်စဉ် ရုတ်တရက် စူးရှသော ပလွေသံ ထွက်ပေါ်လာပြီး တစ်ခဏအတွင်း ပိုးမွှားများ၏ အော်ဟစ်သံများအားလုံး ငြိမ်ကျသွားသည်။

အမှောင်ထုထဲတွင် လူရိပ်များ လှုပ်ရှားသွားပြီး လူနှစ်ဦး တစ်ပြိုင်နက်တည်း ပျံသန်းလာကြသည်။

ထိုသူတို့မှာ ဖာရှန်းနှင့် ဖန်ရှန်းတောင်ကြားမှ လီရွှင်းတို့ ဖြစ်ကြပြီး သူတို့၏ အဝတ်အစားအချို့မှာ စုတ်ပြဲနေကာ လီရွှင်း၏ ခန္ဓာကိုယ်ပေါ်တွင် သွေးစအချို့ကို မြင်တွေ့ရသည်။

သူတို့၏ လှုပ်ရှားမှုများမှာ အလွန်လျင်မြန်လှသဖြင့် မျက်တောင်တစ်ခတ်အတွင်း ရွှေရောင်အကာအကွယ်ထဲသို့ ရောက်ရှိလာကြသည်။

All Chapters