← Chapters

အစ်ကိုကြီး၏ ဒေါသ

Vol. 10 Ch. 128

အစ်ကိုကြီး၏ ဒေါသ

Vol. 10 Ch. 128

ပင်လယ်စောင့်နတ်မင်းဘုံကျောင်း အတွင်း၌ ကောင်းကင်နတ်မင်းအဆင့်ရှိသော အစောင့်အရှောက်နှစ်ဦးသည် တောင်များ၊ မြစ်များကိုရေးဆွဲထားသည့် ဝိညာဉ်ပန်းချီကားကို ကိုင်၍ အ‌နောက်ခြံဝန်းထောင့်တစ်နေရာတွင် ရပ်နေကြ၏။

အကယ်၍ တစ်စုံတစ်ယောက်သည် ပန်းချီကားကို ခေတ္တမျှ သေချာကြည့်ခဲ့ပါလျှင် သက်ရှိများနှင့်တူသော လူနှစ်ယောက်၏ ရုပ်ပုံကို တွေ့ရမည်ဖြစ်သည်။ သူတို့သည် လက်မြှောက်၍ လက်နှစ်ဖက်ဆုပ် အရိုအသေပေးနေကြ၏။

ထိုရုပ်ပုံနှစ်ခုမှာ လီချန်ရှို့၏ စက္ကူကိုယ်ပွားနှင့် စစ်သူကြီးတုံမုပင်။ သူတို့နှစ်ဦးသည် နှုတ်ဆက်စကားများ ဆိုပြီးနောက် ပင်လယ်စောင့်နတ်မင်းဘုံကျောင်း ပတ်ဝန်းကျင်တွင် သီးခြားမန္တန်အစီအရင်များကို ဆင်လိုက်လေသည်။ သူတို့သည် နတ်အာရုံဖြင့် အာရုံမခံနိုင်သော၊ နတ်နိမိတ်ဖတ်၍မရနိုင်သော ရတနာပန်းချီကားအတွင်းသို့ ဝင်သွားကြလေသည်။

ထိုပန်းချီကားသည် နောက်ကြောင်းသည် အတော်အသင့် ကြီးကျယ်၏။ ၎င်းသည် အမြုတေဝိညာဉ်ရတနာ တောင်နှင့်မြစ် ပန်းချီကားကို တထပ်တည်းတူအောင် ပြန်၍ ကူးဆွဲထားသော ပန်းချီကားပင်။

ပန်းချီကားအတွင်း၌ သူတို့နှစ်ဦးသည် အာလာပသလ္လာပစကားများ ဆိုပြီးနောက် စစ်သူကြီးတုံမုသည် သူ၏ လာရင်းကိစ္စကို ရှင်းပြလိုက်သည်။

“ အရှင် ကျောက်စိမ်းဧကရာဇ်က အရင်တစ်ခေါက်က ပင်လယ်စောင့်နတ်မင်းနဲ့ စကားပြောခဲ့တာမှာ တော်တော်လေး အကျိုးကျေးဇူးရခဲ့တယ်။ လွန်ခဲ့တဲ့ ရက်အနည်းငယ်ယောက်က လင်းရှောင်ခန်းမမှာ နတ်သဘင်အစည်းအဝေးကျင်းပခဲ့တယ်။ အရှင်ဧကရာဇ်က တောင်သမုဒ္ဒရာက ပင်လယ်စောင့်နတ်မင်းကို ကောင်းကင်ဘုံခုံရုံးမှာ တာဝန်ထမ်းဆောင်ဖို့ ဖိတ်ခေါ်မယ်လို့ ပြောပြီး‌သွားပါပြီ။ မကြာခင် ဒီနေရာကို အမိန့်ပြန်တမ်းရောက်လာပါလိမ့်မယ်။ မိတ်ဆွေတာအိုရသေ့ကြီး အခုကစပြီး ကျုပ်တို့က လုပ်ဖော်ကိုင်ဖက်တွေ ဖြစ်လာတော့မှာပါ “

စက္ကူကိုယ်ပွားသည် အတန်ငယ် သက်ပြင်းချ၍ မေးလိုက်သည်။

“ မကြာခင်ဆိုတာ ဘယ်လောက်လောက် ကြာမှာလဲ... ”

“ အမိန့်ပြန်တမ်းရောက်လာဖို့ အချိန်ဘယ်လောက်ကြာဦးမလဲဆိုတာ ကျုပ်ကို ပြောပြပါ ”

“ မြန်တယ်ဆိုရင်တော့ နောက်နှစ်တစ်ရာလောက်နေရင်ပေါ့။ ကြာတယ်ဆိုရင်‌တော့ နှစ်နှစ်ရာ၊ သုံးရာလောက်တော့ ကြာမယ် ”

စစ်သူကြီးတုံမုသည် သူ၏ မုတ်ဆိတ်မွေးကို သပ်၍ အတန်ငယ် ပြုံးလိုက်သည်။ သူ၏ ပိန်ပါးသောမျက်နှာပေါ်တွင် အားတုံ့အားနာ အရိပ်အယောင်များ ရှိနေ၏။

“ မိတ်ဆွေအနေနဲ့ ကောင်းကင်ဘုံခုံရုံးတွေရဲ့ လက်ရှိအနေအထားကို သိသင့်တယ်။ ကောင်းကင်ဘုံခုံရုံးတွေမှာ တရားဝင်နတ်မင်းတွေ သိပ်မရှိသေးတော့ ကောင်းကင်တာအိုကို အရှင်ဧကရာဇ် တစ်ဦးတည်းကပဲ ကိုင်တွယ်လုပ်ဆောင်နေရတယ်။ အဲဒီတော့ တရားဝင်နတ်မင်းခန့်အပ်ဖို့ အမိန့်ပြန်တမ်းကို ကောင်းကင်တာအိုက အသိအမှတ်ပြုတုံ့ပြန်ဖို့ အနည်းဆုံး နှစ်တစ်ရာတော့ အချိန်ပေးရမယ် ”

လီချန်ရှို့သည် စိတ်ထဲတွင်ပြုံးလိုက်ပြီး စက္ကူကိုယ်ပွားမှ တဆင့်မေးလိုက်သည်။

“ အဲ့ကိစ္စအတွက် အားနာစရာနေစရာမလိုပါဘူး။ နှစ်တစ်ထောင်ကြာမယ်ဆိုရင်လည်း ဘာမှမဖြစ်ပါဘူး။ ပြီးတော့ စစ်သူကြီးတုံမုကို အရှင်ဧကရာဇ်ထံကို ကိစ္စတစ်ခုတင်ပြခိုင်းရဦးမယ်။ တကယ်လို့ ကျုပ် တရားဝင်နတ်မင်းဖြစ်သွားရင်တောင် ကောင်းကင်ဘုံခုံရုံးကို ချက်ချင်းလာပြီး အမိန့်ပြန်တမ်းကို နားထောင်နိုင်မှာ မဟုတ်ဘူး။ ကောင်းကင်ဘုံခုံရုံးဆီကို စက္ကူကိုယ်ပွားကို လွှတ်လိုက်လို့ မသင့်တော်ဘူးမလား။ အဲဒီလိုဆို ကောင်းကင်ဘုံခုံရုံးကို မထီမဲ့မြင်ပြုသလို ဖြစ်သွားမှာပေါ့။ အချိန်ကျလာရင်တော့ ကျုပ်ကိုယ်တိုင် ကောင်းကင်ဘုံကိုလာပြီး လင်းရှောင်ခန်းမမှာ အရှင်ဧကရာဇ်ကို လာအရိုအသေပေးပါမယ်။ အရှင်ဧကရာဇ်အတွက် ကျုပ် တတ်စွမ်းသမျှ တာဝန်ထမ်းဆောင်ပါမယ်... ”

“ မိတ်ဆွေ တာအိုရသေ့ကြီး ခင်ဗျားက ရာထူးကို ငမ်းငမ်းတက်လိုချင်တာတွေ၊ စိတ်လှုပ်ရှားသွားတာတွေ မရှိဘူးပဲ။ တကယ့်ကို ကိုယ်ကျင့်သိက္ခာကောင်းတာပဲ... ”

စစ်သူကြီးတုံမု ချီးကျူးလိုက်၏။ သူသည် ပင်လယ်စောင့်နတ်မင်း ထိုသို့ပြောလိမ့်မည်ဟု မျှော်လင့်ထားပြီးဖြစ်သည်။ ယခင်တစ်ခေါက် သူတို့တွေ့ဆုံခဲ့စဉ်က ပင်လယ်စောင့်နတ်မင်းသည် လောလောလတ်လတ်တွင် ကောင်းကင်ဘုံခုံရုံးသို့ လာရန် သူ့အတွက် အဆင်မပြေသေးကြောင်း ပြောခဲ့သည် မဟုတ်ပါလား။

အမိန့်ပြန်တမ်းထွက်လာသောအခါ၌ လီချန်ရှို့သည် ကောင်းကင်ဘုံခုံရုံးတွင် တရားဝင်နတ်မင်းရာထူးကို ရတော့မည်ဖြစ်သည်။

ထို့နောက် သူသည် သူ၏ နတ်တမန်တော်များကို ကျော်ကြားသော ပင်လယ်စောင့်နတ်မင်းဘုံကျောင်းများတွင် ကျောက်စိမ်းဧကရာဇ်၏ ပုံတော်ကို သူနှင့်အောင်းရိတို့၏ ရုပ်တုပေါ်တွင် ချိတ်ဆွဲရန် စေခိုင်းရန်သာ လိုပေတော့သည်။ ထို့နောက် သူသည် ပင်လယ်စောင့်နတ်မင်းဘုံကျောင်းများသည် ကောင်းကင်ဘုံခုံရုံး၏ လက်အောက်ခံဖြစ်သွားပြီး ဖြစ်ကြောင်း ကြေညာရန်ပင် ရှိလေတော့သည်။

ထိုအခါတွင် အမွှေးတိုင်ပူဇော်မှုများရသော ကုသိုလ်များသည် ယခင်နှင့် အတူတူပင်ရှိမည်ဖြစ်သော်လည်း ကောင်းကင်တာအိုသည် ပင်လယ်စောင့်နတ်မင်းကို ကောင်းကင်တာအိုကုသိုလ်များ ထပ်မံချီးမြှင့်မည်ဖြစ်သည်။ ထိုအရာသည် သူ့အား လစာပေးသည်နှင့် သဘောခြင်းဆင်တူ၏။

သို့ရာတွင် ကောင်းကင်တာအိုထံမှ ကုသိုလ်များရရန် မလွယ်ကူပေ။ စစ်သူကြီးတုံမုသည် သူနှင့်အတူ ပြဿနာခြောက်ခုကို ယူဆောင်လာ၏။

ထိုအထဲမှ ငါးခုသည် ကျောက်စိမ်းဧကရာဇ် မဆုံးဖြတ်နိုင်သော ကိစ္စများဖြစ်သည်။ သူသည် ထိုကိစ္စများအပေါ် ပင်လယ်စောင့်နတ်မင်း၏ အမြင်ကို သိလိုခြင်းပင်။ အမှန်တွင် သူသည် ပင်လယ်စောင့်နတ်မင်းကို သူ၏ဗျူဟာမှူးအဖြစ်ထားရန် ထိုက်တန်လေသလောဟု စစ်ဆေးလိုခြင်းပင်။

လီချန်ရှို့သည် ဤအကြိမ်တွင် အလျင်မလိုပေ။ သေချာဂရုတစိုက်တွေးတောပြီးနောက် သူသည် ပြဿနာတစ်ခုချင်းစီအတွက် သူ၏ အမြင်များကို ပေးလိုက်လေသည်။

နွားရှေ့ထွန်ကျူး...အဲ...မိကျောင်းမင်းရေခင်းပြသလို ဖြစ်မနေစေရန် သူသည် သူ၏အမြင်များကို အကုန်ထုတ်မပြောလိုက်ဘဲ ကျောက်စိမ်းဧကရာဇ် မြင်နိုင်သော ကိစ္စများပါဝင်သည့် အမြင်များကိုသာ ပြောလိုက်၏။

ထိုအမြင်များသည် ပြီးခဲ့သည့်တစ်ခေါက်က လီချန်ရှို့ သူ၏ယခင်ဘဝမှအသိများကို အခြေခံ၍ ပေးလိုက်သော အကြံဆယ့်နှစ်ချက်နှင့် သိသိသာသာ ကွဲပြားလေသည်။

သို့သော် စစ်သူကြီးတုံမု၏ နောက်ဆုံးမေးခွန်းသည် သူ၏ကိုယ်ရေးကိုယ်တာ ပြဿနာဖြစ်ပြီး သတိကြီးကြီးထား၍ အကြံပေးရမည့် ကိစ္စဖြစ်သဖြင့် လီချန်ရှို့ ခေါင်းကိုက်သွား၏။

ထိုကိစ္စတွင် တန်ခိုးရှင်များလည်း ပါဝင်နေလေသည်။

လီချန်ရှို့သည် စစ်သူကြီးတုံမု၏ အဆင့်အတန်း၊ ကံတရားနှင့် ဒဏ္ဍာရီများကိုပင် အကြမ်းဖျင်းသိ၏။

လီချန်ရှို့သည် စစ်သူကြီးတုံမု၏ အသေးစိတ်ရှင်းပြမှုများကို ကြားလိုက်ရသောအခါ သက်ပြင်းသာချလိုက်ရလေတော့သည်။ သူ၏အရှေ့တွင် ရှိနေသော အဘိုးအို၏ ဘဝသည်လည်း မလွယ်ကူပေ။

စစ်သူကြီးတုံမုသည် ယခင်က လောကသုံးပါးတွင် ထင်ရှားကျော်ကြားခဲ့သော ကောင်းကင်ဘုံခုံရုံးမှ နတ်မင်းတစ်ပါးဖြစ်သော စစ်သူကြီးတုန်းဝမ့်ဟုခေါ်သည့် လုတုန်းပင်ကို ပြန်ဝင်စားခြင်းဖြစ်သည်။

ထိုစဉ်က ကောင်းကင်ဘုံခုံရုံးများသည် တည်ထောင်ခါစသာဖြစ်သေးသည်။ တန်ခိုးရှင်များသည် ကျောက်စိမ်းဧကရာဇ်၏ အာဏာကို ဖိနှိပ်နိုင်ရန် စစ်သူကြီးတုန်းဝမ့်ကို ကောင်းကင်ဘုံခုံရုံးများနှင့် အမျိုးသားနတ်ဝိဇ္ဇာများကို ထိန်းချုပ်ကိုင်တွယ်ရန် တာဝန်ပေးခဲ့၏။

ထိုတာဝန်သည် ကြီးလေးသော တာဝန်တော့မဟုတ်ချေ။ သို့သော် သူ၏ အာဏာသည် ကျောက်စိမ်းဧကရာဇ်နှင့် တန်းတူနီးပါးဖြစ်လာခဲ့သည်။ သို့တစေ သူသည် ကျောက်စိမ်းဧကရာဇ်၏ လက်အောက်ခံသာ ဖြစ်၏။

အဓိက ပြဿနာမှာ စစ်သူကြီးတုံးဝမ့်၏ ရာထူးတာဝန်သည် အမျိုးသမီးနတ်ဝိဇ္ဇာများကို ထိန်းချုပ်ကိုယ်တွယ်ရသော အနောက်ဘက်ဧကရီနှင့် သွား၍ တူနေခြင်းပင်။

အနောက်ဘက်ဧကရီသည် နောင်တွင် ကျောက်စိမ်းဧကရာဇ်၏ ကြင်ယာတော်ရှီဝမ်းမူ ဖြစ်လာမည့်သူ ဖြစ်သည်။

သူမနှင့် ကျောက်စိမ်းဧကရာဇ်သည် ကလေးဘဝကတည်းက ခရမ်းရောင်တိမ်တိုက်နန်းတော်တွင် တာအိုဘိုးဘေး၏ ဘေး၌ အတူတကွ နေခဲ့ကြသူများဖြစ်သည်။ သူတို့သည် မောင်နှမသဖွယ် ရင်းနှီးကျွမ်းဝင်ကြ၏။

စစ်သူကြီးတုံမု၏ လျှို့ဝှက်လေ့လာထားမှုများအရ ကျောက်စိမ်းဧကရာဇ်နှင့် အနောက်ဘက်ဧကရီတို့သည် ငယ်ကျွမ်းဆွေများ ဖြစ်ကြသည်ဟူသတတ်။ သူတို့သည် ကောင်းကင်ဘုံခုံရုံးတွင် ရာထူးအကြီးဆုံးသူများဖြစ်ကြသည်။

သို့သော် စစ်သူကြီးတုံမုသည် ကောင်းကင်ဘုံရှိ ကျောက်စိမ်းရေအိုင်အတွင်းသို့ ကျောက်စိမ်းဧကရာဇ် ဝင်သွားတတ်သည်ကို မကြာခဏတွေ့ခဲ့ဖူး၏။ တစ်ခါတရံတွင် သူတို့နှစ်ဦးသည် ခွန်းလွန်တောင် အနောက်ဘက်ရှိ ကျောက်စိမ်းရေအိုင်ဆီသို့ အတူတကွသွားကြ၏။ စစ်သူကြီးတုံးဝမ့်နှင့် အနောက်ဘက်ဧကရီသည် အမျိုးသားနတ်ဝိဇ္ဇာများနှင့် အမျိုးသမီးနတ်ဝိဇ္ဇာများကို ထိန်းချုပ်ကိုင်တွယ်ရသူများ ဖြစ်သဖြင့် သူတို့သည် ကောင်းကင်ဘုံခုံရုံးရှိ နတ်ဝိဇ္ဇာများကြားတွင် မကြာမကြာ တွေ့ဆုံကြရ၏။

ကျောက်စိမ်းဧကရာဇ်သည် ထိုအခြင်းအရာကို မျက်စိစပါးမွေးဆူးနေခြင်းပင်။

အစပိုင်းတွင် စစ်သူကြီးတုံးဝမ့်သည် သူ့ကိုတာဝန်ပေးထားသူမှာ တန်ခိုးရှင်ဖြစ်သဖြင့် ကျောက်စိမ်းဧကရာဇ်သည်ပင် သူ့ကို ထိနိုင်လိမ့်မည်ဟု မထင်ခဲ့ပေ။ သို့သော် နောက်ပိုင်းတွင် သူသည် ကျောက်စိမ်းဧကရာဇ်အား လေးစားရမည်ဆိုသည်ကို သိသွား၏။

သူသည် ကျောက်စိမ်းဧကရာဇ်၏ အရည်အချင်းများကို သိခဲ့ပေပြီ။ လက်ရှိတွင် သူသည် လောကသုံးပါး၏ သခင်အား ကူညီပေးနေရခြင်းကို ဂုဏ်ယူလာပြီဖြစ်သည်။

ကျောက်စိမ်းဧကရာဇ်သည် စစ်သူကြီးတုံးဝမ့်နှင့် အနောက်ဧကရီတို့၏ ကိစ္စကို နှုတ်မှထုတ်မပြောသော်လည်း စစ်သူကြီးတုံးဝမ့်သည် သတိထားနေရ၏။ ထို့ကြောင့် စစ်သူကြီးတုံးဝမ့်သည် စစ်သူကြီးတုံမုအဖြစ် ပြန်ဝင်စားခဲ့ခြင်းပင်။ သူသည် သတိကြီးသူတစ်ဦးဖြစ်သဖြင့် အမျိုးသားနတ်ဝိဇ္ဇာများ၏ ခေါင်းဆောင်ဟူသော သူ၏ ဂုဏ်ပုဒ်ကို အလွဲသုံးစားလုပ်မည် မဟုတ်ပေ။ သူသည် ကျောက်စိမ်းဧကရာဇ်၏ မည်သည့်အမိန့်ကိုမဆို နာခံမည်သာဖြစ်သည်။

သို့သော် ကျောက်စိမ်းဧကရာဇ်သည် မကျော်ကြားလာသေးသဖြင့် သူ့လက်အောက်တွင် အသုံးဝင်သော လက်အောက်ခံများ သိပ်မရှိပေ။

အကယ်၍ ကျောက်စိမ်းဧကရာဇ်သည် အတောင်အလက်စုံလာပြီး စစ်သူကြီးတုံမုထံမှ သူ၏အာဏာကို ပြန်လိုချင်သည်ဖြစ်စေ၊ သို့တည်းမဟုတ် သူ၏ ဂုဏ်သိက္ခာကိုထည့်တွက်ခဲ့လျှင်ဖြစ်စေ စစ်သူကြီးတုံမုသည် သေချာပေါက်...

သူသည် သေချာပေါက်...

စစ်သူကြီးတုံမုသည် ထိုကိစ္စကို စိတ်ပူနေခဲ့သည်မှာ နှစ်ပေါင်းများစွာကြာပြီဖြစ်သည်။ သို့သော် သူသည် ထိုကိစ္စကို မည်သူနှင့်မှ ဆွေးနွေးတိုင်ပင်၍ မရဖြစ်နေသည်။ လက်တလောတွင် ကျောက်စိမ်းဧကရာဇ်သည် တောင်သမုဒ္ဒရာမှ ပင်လယ်စောင့်နတ်မင်းကို ချီးမွမ်းနေ၏။ ထို့ကြောင့် သူသည် ရွေးချယ်စရာမရှိတော့သဖြင့် ပင်လယ်စောင့်နတ်မင်းထံမှပင် အကြံတောင်းရခြင်းဖြစ်လေသည်။

“ မိတ်ဆွေက ဖော်ရွေပြီး ကြံရည်ဖန်ရည်ကောင်းပါတယ်။ ကျုပ်ကို ဒီကိစ္စအဆင်ပြေအောင် အကြံပေးလို့ရမလား ”

လီချန်ရှို့ ခေတ္တမျှ အလေးအနက်တွေးတောလိုက်၏။ စက္ကူကိုယ်ပွား တာအိုရသေ့အိုကြီး၏ မျက်နှာထားသည် အတန်ငယ် တုန်လှုပ်နေ၏။

စစ်သူကြီးတုံမုသည် ထရပ်၍ ဦးညွှတ်လိုက်၏။ သူသည် သူ၏အင်္ကျီလက်အတွင်းမှ သိုလှောင်ဓမ္မအဆောင်နှစ်ခုကို ထုတ်ယူလိုက်ပြီး လေသံဖျော့ဖျော့ဖြင့်ပြောလိုက်၏။

“ မိတ်ဆွေသာ ကျုပ်ကို အကြံပေးနိုင်ရင် ကျုပ် သေချာပေါက် ကျေးဇူးဆပ်မှာပါ ”

လီချန်ရှို့သည် အဖိုးတန်ပစ္စည်းများကြောင့် စိတ်ပြောင်းတတ်သူမဟုတ်သော်လည်း စစ်သူကြီးတုံမုပေးသည့် ပစ္စည်းများမှာ မက်လောက်စရာပင်။

‘ အဟမ်း... ကျုပ် ခင်ဗျားကို အကြံပေးလို့မရဘူး... ’

လီချန်ရှို့သည် ထိုပြဿနာအတွက် ဖြေရှင်းနည်းကို သိ၏။ သို့သော် သူသာ စစ်သူကြီးတုံမုကို ကူညီလိုက်လျှင် တန်ခိုးရှင်ကို အရှက်ရအောင်လုပ်မိသလို ဖြစ်သွားနိုင်ပေသည်။

ကျောက်စိမ်းဧကရာဇ်ကို ဒေါသထွက်စေရန် မည်သည့်တန်ခိုးရှင်က စစ်သူကြီးတုံမုကို ထိုတာဝန်ပေးခဲ့ကြောင်း မသိသော်လည်း ထိုကမ္မနှောင်ကြိုးသည် လီချန်ရှို့၏ အဆင့်နှင့် သွား၍ပတ်သက်နိုင်သည့် ကမ္မနှောင်ကြိုးမျိုးမဟုတ်ပေ။

လီချန်ရှို့သည် သူ၏အသက်သည် စည်းစိမ်ချမ်းသာများထက် ပို၍အရေးကြီးကြောင်း သိပြီးဖြစ်သည်။

စက္ကူကိုယ်ပွားသည် သက်ပြင်းချ၍ ပြောလိုက်သည်။

“ ကျုပ်ကိုယ်တိုင် စစ်သူကြီးကို ကူညီပေးလို့မရဘူး။ အဲ့ကိစ္စက စစ်သူကြီးအနေနဲ့ ဘယ်လောက်အထိ စွန့်လွှတ်နိုင်လဲဆိုတဲ့ အပေါ်မှာပဲ မူတည်တယ်... ”

စစ်သူကြီးတုံမုသည် အလျင်အမြန်ပြန်ပြောလိုက်သည်။

“ ကျုပ်သာ အနာဂတ်မှာ အပူအပင်ကင်းကင်းနဲ့ အသက်ရှည်ရှည်နေရမယ်ဆိုရင် ရပါပြီ.... ”

လီချန်ရှို့က ခေတ္တမျှတွေးတောလိုက်ပြီး ပြောလိုက်၏။

“ စစ်သူကြီးအနေနဲ့ ကိစ္စတွေကို လောလို့မရဘူး။ စစ်သူကြီးအနေနဲ့ ဒီပြဿနာကို ခြေလှမ်းသုံးလှမ်းဆုတ်ပြီး ဖြေရှင်းလို့ရနိုင်တယ် ”

“ အဲ့သုံးလှမ်းက ဘာတွေလဲဆိုတာ ကျုပ်မေးလို့ရမလား ခင်ဗျာ ”

“ ကျုပ်လည်း တကယ်ကို အများကြီးမပြောရဲဘူး ဖြစ်နေတယ် ”

လီချန်ရှို့သည် ပြုံး၍ ခေါင်းခါလိုက်ပြီး သိုလှောင်ဓမ္မအဆောင်နှစ်ခုကို စစ်သူကြီးထံသို့ ပြန်တိုးပေးလိုက်သည်။

သူသည် ထိုကမ္မနှောင်ကြိုးထဲတွင် ဝင်မပတ်သတ်နိုင်ပေ။

သို့သော် ယခုတွင် စစ်သူကြီးတုံမုသည် ကျောက်စိမ်းဧကရာဇ်၏ တမန်တော်ဖြစ်နေ၏။ လီချန်ရှို့သည် သူ့ကို စိတ်မကျေမနပ်ဖြစ်သွားအောင် လုပ်၍မရကြောင်း သိ၏။

သူသည် ထိုကမ္မနှောင်ကြိုးအတွင်း ဝင်ရောက်မပတ်သတ်မိစေရန် စစ်သူကြီးတုံမုကို အရိပ်အမြွက်လောက်သာ ပေးရပေမည်။

******

“ အခုတလော ခင်ဗျားတို့တွေက ကျွန်တော့်ကို အဖိုးတန်ပစ္စည်းတွေ ဘာလို့ တအားပေးချင်နေရတာလဲ ”

ချုံတောင်လေးပေါ်မှ ဆေးဖော်ဆောင်အတွင်းရှိ လီချန်ရှို့သည် တီးတိုးရေရွတ်လိုက်၏။ သူသည် စက္ကူကိုယ်ပွားတစ်ရုပ်ကို ဂိုဏ်းပြင်သို့ လျှို့ဝှက်ထွက်သွားစေလိုက်ပြီး တောင်သမုဒ္ဒရာ ကမ်းရိုးတန်းသို့ လွှတ်လိုက်ပြီဖြစ်သည်။

စစ်သူကြီးတုံမုသည် လီချန်ရှို့ကို သိုလှောင်ဓမ္မအဆောင်နှစ်ခု အတင်းပေးသွားပြီး သူ၏ ကျေးဇူးတင်မှုကို ပြသခဲ့၏။ လီချန်ရှို့ သူ့ကို ပေးလိုက်သောအကြံမှာ ထိုပြဿနာ၏ အရင်းအမြစ်ကို ဖြေရှင်းရန်သာဖြစ်သည်။ သို့သော် ထိုအကြံသည် စစ်သူကြီးတုံမုအတွက် မျက်စိပွင့်နားပွင့်ဖြစ်သွားစေလေသည်။

လီချန်ရှို့သည် လျှို့ဝှက်တွက်ချက်လိုက်ရာ သူရရှိခဲ့သောရတနာများသည် သူ့အတွက် နှစ်အနည်းငယ် အသုံးပြုနိုင်အောင်လောက်အောင် လုံလောက်ပေသည်။

ဂိုဏ်းတွင်းပြိုင်ပွဲပြီးသွားပြီဖြစ်သဖြင့် တုနတ်ဝိဇ္ဇာဂိုဏ်းမှ တောင်များသည် ပြန်၍ တည်ငြိမ်လာပြီဖြစ်သည်။ တပည့်ငယ်များသည် သူတို့၏ နေ့စဉ်ကျင့်ကြံခြင်းကို ပြန်၍ပြုလုပ်နေကြပေပြီ။

လင်းအယ်၊ ကျိုးကျိုးနှင့် လွန်ခဲ့သည့်တစ်နာရီခန့်ကမှ ရောက်လာသော ယုံချင်ရွှမ်းယာတို့သည် အရက်သောက်ရင်း တဲအိမ်ထဲတွင် ဆော့ကစားနေကြ၏။

ထိုအရာသည် နတ်သမီး‌လေးများ စုဝေးပွဲပင်။ လီချန်ရှို့အနေဖြင့် သွားရန်မသင့်တော်သဖြင့် မသွားတော့ရန် ဆုံးဖြတ်လိုက်၏။ လီချန်ရှို့သည် ဝါးပေလိပ်တခုကို ထုတ်၍ ကျောင်းတော်သုံးကျောင်းတွေ့ဆုံပွဲမတိုင်မီ သူလုပ်ရမည့် အရာများကို ချရေးလိုက်လေသည်။

ရှေးဦးစွာ သူသည် မန္တန်အစီအရင်အောက်ခြေများပြုလုပ်၍ လက်ရှိ မန္တန်အစီအရင်များတွင် ထပ်ဖြည့်ပြီး ချုံ‌တောင်လေး၏ အဓိကမန္တန်အစီအရင်စနစ်ကို အားဖြည့်ရမည်ဖြစ်သည်။

ဒုတိယအနေဖြင့် သူသည် တွေ့ဆုံပွဲသို့ မဖြစ်မနေလိုက်ရတော့မည်ဆိုလျှင် ထိုအခြေအနေကို ကိုင်တွယ်ဖြေရှင်းနိုင်ရန် ချီငြိမ်မန္တရားကို ထပ်၍ အဆင့်မြှင့်တင်ရပေမည်။ လီချန်ရှို့သည် ကျောင်းတော်သုံးကျောင်းတွေ့ဆုံပွဲကို မသွားရန် ဆုံးဖြတ်ပြီးဖြစ်သည်။ ဂိုဏ်းအတွင်းရှိ အာကာသနတ်မင်းနှစ်ပါးသာ သူ့ကို မကုသပေးလျှင် ထိုအခြေအနေကို သူကောင်းစွာ ဖြေရှင်းနိုင်မည်ဖြစ်သည်။

သို့ရာတွင် ထိုကိစ္စသည် သေချာပေါက် ထိုမျှ မရိုးရှင်းကြောင်း လီချန်ရှို့ခံစားနေရ၏။

ထိုကိစ္စနှစ်ခုကို ပြုလုပ်ပြီးသွားလျှင် သူသည် ဆေးလုံးဖော်၍ ပိုက်ဆံရှာရပေမည်။

ထိုကိစ္စကိုတော့ ဝါးပေလိပ်ပေါ်တွင် မရေးတော့ပေ။ ထို့ပြင် သူ့တွင် အခြားလုပ်စရာနှစ်ခုလည်း ရှိသေး၏။ သူသည် နတ်ရေတံခွန်တောင်မှ လူများ၏ လှုပ်ရှားမှုများကို စောင့်ကြည့်ရမည်ဖြစ်ပြီး သူ့ဆရာကိုလည်း အခန်းအောင်းကျင့်ကြံခြင်းမှ ထွက်လာစေရန် အားပေးရမည်ဖြစ်သည်။

ထိုသို့ဖြင့် ဂိုဏ်းတွင်းပြိုင်ပွဲပြီးသွားသောအခါ သူ၏ ကျင့်ကြံမှုဘဝသည် ပုံမှန်အခြေအနေသို့ ပြန်ရောက်ခဲ့ပေပြီ။

လီချန်ရှို့သည် စစ်သူကြီးတုံမုထံမှရသော ရတနာများ၊ လက်ဆောင်များကို ချုံတောင်လေး၏ မန္တန်အစီအရင်စနစ်အတွင်းသို့ ထည့်ရန် သုံးနှစ်အချိန်ပေးခဲ့ရ၏။

လီချန်ရှို့သည် စစ်သူကြီးတုံမုပေးခဲ့သော သိုလှောင်ဓမ္မအဆောင်နှစ်ခုတွင် ခြေရာခံပစ္စည်းပါမည်ကို စိုးရိမ်သဖြင့် သူသည် ၎င်းတို့ကို အသုံးမပြုတော့ဘဲ ဖျက်ဆီးလိုက်၏။ အတွင်းရှိ ရတနာများနှင့် ဝိညာဉ်ကျောက်တုံးများကိုမူ တစ်ခုစီ အသေးစိတ်စစ်ဆေးပြီးနောက် သူသည် စုန်းကဝေများ၏ လျှို့ဝှက်အတတ်ကိုသုံး၍ တစ်ခုချင်းစီ ချိတ်ပိတ်လိုက်ပြီး သူ၏ရတနာအိတ်အတွင်း၌ သိမ်းဆည်းလိုက်လေသည်။

ထိုရတနာအိတ်သည် စက္ကူကိုယ်ပွားကို ၎င်းကိုယ်၎င်းကာကွယ်နိုင်ရန် လီချန်ရှို့ကိုယ်တိုင်ပြုလုပ်ထားသော ဓမ္မရတနာများကို ထည့်ပေးလိုက်သော အိတ်ပင်။ ထိုရတနာများကို သူ့အနားတွင်ထားလျှင်လည်း အကျိုးရှိမည်မဟုတ်ပေ။ စက္ကူကိုယ်ပွားနှင့် ထည့်ပေးလိုက်ခြင်းက ပို၍သင့်တော်ပေသည်။

ထို့နောက် လီချန်ရှို့သည် စက္ကူကိုယ်ပွား၏ အပြန်လမ်းကြောကို တွက်ချက်လိုက်၏။ သူသည် စက္ကူကိုယ်ပွားကို တုနတ်ဝိဇ္ဇာဂိုဏ်း၏ နယ်နိမိတ်အတွင်းသို့ ပြန်မလာမီ လမ်း၌ လှည့်ပတ်သွားခိုင်းလိုက်သည်။ “သူ၏ဆရာ” သည် ဂိုဏ်းပြင်သို့သွား၍ စက္ကူကိုယ်ပွားကို ပြန်ယူလာမည်ဖြစ်သည်။

လက်ရှိတွင် သူမည်သူမည်ဝါဖြစ်ကြောင်းကို ကျောက်စိမ်းဧကရာဇ်အား ပေးမသိနိုင်သေးပေ။ သူ ဒုက္ခခံ၍ တည်ဆောက်ထားရသော ဉာဏ်ကောင်း၍ ဉာဏ်နီဉာဏ်နက်များသော နတ်ဝိဇ္ဇာဟူသည့် ပုံရိပ်ကို အပျက်ဆီးမခံနိုင်ပေ။

မန္တန်အစီအရင်များကို နေရာချထားပြီးသောအခါ လီချန်ရှို့သည် ဆေးလုံးအချို့ ဖော်လိုက်၏။ ဆရာဒေါ်လေး၏ အရက်များသည်လည်း ကုန်လောက်ပြီဟု သူတွက်ချက်မိသဖြင့် သူမအတွက် အရက်ကောင်းများ စိမ်ပေးလိုက်သည်။

သူသည် ‘မိန်းမလှညှို့ဓာတ်’ ကိုတော့ မစိမ်တော့ပေ။ ထိုအရက်သည် သူ့ထံသို့ ကမ္မနှောင်ကြိုးများ သယ်ဆောင်လာနိုင်ပေသည်။

နှစ်အနည်းငယ် အလုပ်များနေပြီး‌နောက် ထိုနေ့တွင် လီချန်ရှို့သည် အပန်းဖြေလိုနေ၏။

ကျင့်ကြံခြင်းဆိုသည်မှာ ထိုကဲ့သို့ သင့်တော်သည့်အချိန်တွင် အနားယူပေးရမည်ဖြစ်သည်။ အမြဲတစေ ကျင့်ကြံနေပါက စိတ်ပန်းကိုယ်နွမ်းသာ ဖြစ်လာမည်ဖြစ်သည်။

ထိုအခိုက်တွင် သူသည် ချုံတောင်လေးပေါ်တွင် လှည့်ပတ်၍ လမ်းလျှောက်နေ၏။ သူသည် သိပ်၍ အနားယူလေ့မရှိပေ။ ထို့ပြင် သူသည် မကြာမကြာပင် သူ၏ နှလုံးသားနက်နက်ရှိုင်းရှိုင်းနေရာမှ တစ်စုံတစ်ခုကို ခံစားလာရပြီး ဉာဏ်အလင်းပွင့်ပွင့် သွားတတ်၏။

သူသည် တောအုပ်အတွင်း၌ လမ်းလျှောက်နေစဉ်တွင် လေကောင်းလေသန့်များကို ရှူသွင်းလိုက်ပြီး သက်ပြင်းချလိုက်၏။ သူသည် လမ်းလျှောက်ရင်းဖြင့် သူအပင်ပန်းခံတည်ဆောက်ထားရသော ဝိညာဉ်သားရဲမွေးမြူရေးခြံသို့ ရောက်လာလေသည်။

လီချန်ရှို့သည် ဝိညာဉ်သားရဲများကို မွေးမြူရခြင်းမှာ ၎င်းတို့သည် ဆေးဖက်ဝင်၍သာဖြစ်သည်။ အချို့ဆေးလုံးများသည် ဝိညာဉ်သားရဲသွေးကိုလိုအပ်၏။ ထို့ပြင် အသုံးဝင်သော မျက်စိသုံးလုံးပင့်ကူကဲ့သို့ သန္ဓေပြောင်းသားရဲများလည်း ရှိလေသည်။

ထိုအခိုက်တွင် လီချန်ရှို့သည် ဝိညာဉ်သားရဲမွေးမြူရေးခြံအတွင်းသို့ ကြည့်လိုက်ပြီး ထိုထဲမှ သားရဲအများစုသည် အသုံးမဝင်ကြောင်း ခံစားလိုက်ရ၏။ သို့သော် လီချန်ရှို့သည် ထိုသားရဲများကို သံယောဇဉ်တွယ်နေပေပြီ။ အလုပ်အားသည့် အချိန်တိုင်းတွင် သူသည် ခြံအနောက်ထောင့်ရှိ “အားဖန် ” နှင့် ခြံအရှေ့ထောင့်ရှိ “ အားဟွာ ” တို့ကို သွား၍စနောက်လေ့ရှိ၏။ သူသည် ထိုဝိညာဉ်သားရဲများနှင့် ဆော့ကစားလိုက်လျှင် ပျော်ရွှင်လာပြီး စိတ်အေးလက်အေးရှိလာလေသည်။

ယနေ့တွင် လီချန်ရှို့သည် ထုံးစံအတိုင်း အားဖန်ရှိရာ နေရာသို့ သွားလိုက်၏။ သူ၏ နှုတ်ခမ်းပေါ်ရှိ အပြုံးသည် တဖြည်းဖြည်းပျောက်ကွယ်သွား‌တော့သည်။

‘ ဟမ်... ’

‘ အားဖန်က ဘယ်ရောက်သွားတာလဲ ’

‘ ခြံကလည်း အကောင်းကြီးပါ။ သူထွက်ပြေးသွားတဲ့ ပုံတော့ မပေါ်ပါဘူး ’

သူသည် နတ်အာရုံသုံး၍ အာရုံခံကြည့်လိုက်၏။

‘ အာ... ’

‘ ဝိညာဉ်သားရဲမွေးမြူရေးခြံထဲက ဝိညာဉ်သားရဲ တစ်ဝက်လောက်က ဘာလို့ပျောက်နေရတာလဲ ’

လီချန်ရှို့သည် ချက်ချင်းပင် သူ၏ညီမလေး၊ ဆရာနှင့် လင်းအယ်၏ကုတင်ပေါ်တွင် နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေသော ဆရာဒေါ်လေးတို့ကို အာရုံခံလိုက်သည်။ ချုံတောင်လေးပေါ်တွင် မည်သည့်မူမမှန်သည့် ကိစ္စမှဖြစ်မနေပေ။ သူသည် မန္တန်အစီအရင်များကိုဆင်နေစဉ်နှင့် ကျင့်ကြံနေစဉ်၌လည်း သူ၏နတ်အာရုံများကို ချုံတောင်လေးပေါ်တွင် ဖြန့်ကျက်ထားလေ့ရှိ၏။ အကယ်၍ မူမမှန်သည့်ကိစ္စတစ်ခုခု ဖြစ်ပျက်ခဲ့လျှင် သူသိမည်ဖြစ်သည်။

အကယ်၍ သာမန်မဟုတ်သည့် ကိစ္စများမဖြစ်ပျက်ခဲ့လျှင် အာရုံခဲ့၍ရသော အကြောင်းအရာများသည် ပုံရိပ်များအဖြစ် ပြောင်းလဲသွားမည်ဖြစ်ပြီး သူ၏ မှတ်ဉာဏ်အတွင်းသို့ ဝင်သွားမည်ဖြစ်သည်။ ထိုအရာများသည် သူ၏ စိတ်အတွင်းသို့ ဝင်ရောက်လာမည် မဟုတ်ဘဲ နက်ရှိုင်းသောမှတ်ဉာဏ်အတွင်း၌သာ ရှိနေမည်ဖြစ်သည်။

နှစ်ရာချီကျင့်ကြံခဲ့သော ကျင့်ကြံသူများတွင် ထိုအခြင်းအရာသည် ထိန်းချုပ်ရန်ပင်မလိုတော့ဘဲ အလိုအလျောက်ဖြစ်နေသော အခြင်းအရာဖြစ်လေသည်။

လီချန်ရှို့သည် သူ၏လက်ချောင်းများကိုထိ၍ သူ၏မှတ်ဉာဏ်များကို ပြန်ရှာဖွေလိုက်သည်။ မကြာခင် သူ မတွေ့ခဲ့သော နေ့စဉ်မြင်ကွင်းများကို တွေ့လိုက်၏။

လွန်ခဲ့သောသုံးနှစ်က နေ့လယ်ခင်းတစ်ခုတွင် လှပသော မိန်းကလေးသုံးဦးသည် ဝိညာဉ်သားရဲခြံသို့ ရောက်လာကြ၏။ လင်းအယ်သည် သူမအစာကျွေးရန် မေ့သွားသဖြင့် သေသွားသော ဝိညာဉ်သားရဲတစ်ကောင်ကို ကြည့်လိုက်၏။ သူမသည် ထိုအချိန်တွင် မည်သို့လုပ်ရမည် မသိဖြစ်နေ၏။

ယုံချင်ရွှမ်းယာသည် သက်ပြင်းချ၍ ပြောလိုက်၏။

“ ညီမလေး... အစ်မစိတ်မကောင်းပါဘူး ”

“ ကိစ္စမရှိပါဘူး... လင်းအယ်လည်း ဂိုဏ်းတွင်းပြိုင်ပွဲကိစ္စတွေနဲ့ အလုပ်ရှုပ်နေလို့ သူ့ကို အစာကျွေးဖို့ မေ့သွားတာပါ။ အဆိုးဆုံးအနေနဲ့ အစ်ကိုကြီးဆူတာ ခံရရုံလောက်ပါပဲ... ”

လင်းအယ် ညင်သာစွာ ခေါင်းခါရမ်း၍ ပြောကာ ပြုံးလိုက်သည်။

“ ကဲ... ဒီနေ့တော့ လင်းအယ်ရဲ့ ဟင်းချက်စွမ်းရည်ကို ပြသနိုင်မယ့် အခွင့်အရေးရပြီလေ။ တောင်အနောက်မှာရှိတဲ့ စမ်းချောင်းအနားကိုသွားပြီး သူ့ကို ကင်စားကြတာပေါ့... ဘယ်လိုလဲ ”

ကျိုးကျိုး ရုတ်ခြည်းပင် ဝမ်းသာသွားသည်။ ယုံချင်ရွှမ်းယာသည် အတန်ငယ် မျက်မှောင်ကြုတ်သွားသော်လည်း လင်းအယ်ကို မတားခဲ့ပေ။

ထိုသို့ဖြင့် လဝက်ကြာပြီးနောက်...

“ လင်းအယ်လေး... ဒီတစ်ကောင်ကို ကြည့်လိုက်... အဲ့အကောင်က နည်းနည်း နေမကောင်းဖြစ်နေတဲ့ပုံ မပေါ်ဘူးလား ”

“ အင်း ... ဟုတ်တယ် နေမကောင်းဖြစ်နေသလိုပဲ ”

“ ငါတို့ အဲ့အကောင်ကို ကင်မလား..ဒါမှမဟုတ် ”

“ ဒီလိုသားရဲမျိုးက နှပ်ပြီး စွပ်ပြုတ်လုပ်စားရတာ။ အဲဒီလိုက ပိုပြီးအရသာကောင်းတယ်... ”

“ အင်း... ”

ထိုသို့ဖြင့် ဆယ်ရက်ကြာပြီးနောက်...

“ ရှောင်ယာက ဒီကိုလာခဲတယ်။ ဘာလို့ သစ်ပင်နဲ့ဆောင့်ပြီးသေသွားတဲ့ ချစ်စရာ ဝိညာဉ်သားရဲတစ်ကောင်တောင် မရှိရတာလဲ ”

ဆရာဒေါ်လေးသည် သူမ၏လက်ကို ခိုးကြောင်ခိုးဝှက်မြှောက်၍ လက်ညှိုးညွှန်လိုက်၏။ ဝိညာဉ်သားရဲနှစ်ကောင်သည် ပြေး၍ သစ်ပင်နှင့် ဝင်ဆောင့်လိုက်ကြသည်။ ၎င်းတို့သည် ထိုနေရာ၌ပင် ပွဲချင်းပြီးသေသွားလေ၏။ ထို့ကြောင့် ၎င်းတို့၏အသားသည် လွန်စွာလတ်ဆတ်နေလေတော့သည်။

ခုနှစ်ရက်ကြာပြီးနောက်...

“ ဒီတစ်ကောင်က အပူရှပ်နေသလိုပဲ ”

သုံးရက်ကြာပြီးနောက်...

“ အီးယား ... ဒီတစ်ကောင်မှာ ကိုယ်တွင်းမိစ္ဆာရှိနေသလိုပဲ... ရှောင်ယာ..မင်းဘယ်လိုထင်လဲ ”

“ ဟုတ်တယ် ရှိနေသလိုပဲ... ”

ယုံချင်ရွှမ်းယာ ခေါင်းညိတ်လိုက်သည်။

“ ဘယ်...ဘယ်လိုလုပ်သိတာလဲဟင် ”

လင်းအယ်လေးသည် မလုံမလဲဖြင့် မေးလိုက်၏။

ထိုသို့ တစ်ခေါက်ပြီးတစ်ခေါက်...တစ်ခေါက်ပြီးတစ်ခေါက်...

လီချန်ရှို့တစ်ယောက် မှတ်ဉာဏ်များကို ကြည့်နေခြင်းအား ရပ်တန့်လိုက်ပြီး လက်မြှောက်ကာ နဖူးကို ထိန်းကိုင်ထားလိုက်ရလေတော့သည်။

‘ ငါဆက်မကြည့်နိုင်တော့ဘူး... ခေါင်းတွေမူးလာပြီ ’

အကယ်၍ သူသာ နောက်တစ်နှစ်လောက်မှ ဆေးဖော်ဆောင်အတွင်းက ထွက်ခဲ့လျှင် ဝိညာဉ်မွေးမြူရေးခြံအတွင်းမှ ဝိညာဉ်သားရဲအကုန်လုံးသည် ထိုသုံယောက်စားပစ်သည်နှင့်ပင် ကုန်သွားပေလိမ့်မည်။

“ လန်လင်းအယ်... ”

မိုးမခပင်အောက်တွင် သုတ္တန်များကူးရေးနေသော မိန်းမပျိုလေးသည် တုန်လှုပ်သွားပြီး လက်မြှောက်ကာ မျက်လုံးများကို အုပ်လိုက်၏။

‘ သွားပြီ... ငါတို့လုပ်နေတာတွေကို အစ်ကိုကြီး သိသွားပြီ... ’

လင်းအယ်သည် သူမ၏အနောက်မှ အေးစက်စက်လေညင်းတစ်ခုကဲ့သို့ အသံတစ်သံကို ကြားလိုက်ရ၏။

“ သွား... ညီမလေးရဲ့ ဂိုဏ်းတူအစ်မ ယုံချင်ရွှမ်းယာကို ဒီကိုလာဖို့ သွားခေါ်လိုက်။ အစ်ကို သူ့ကို ပြောစရာတစ်ခုရှိတယ် ”

“ အာ...ဟုတ်ကဲ့ ”

လင်းအယ်၏ လက်များ တုန်ခါလာ၏။ သူမသည် ဂါဝန်လေးကို မ,၍ တိမ်စီးကာ ကောင်းကင်ခွင်းတောင်သို့ အလျင်အမြန် ပျံသန်းသွားလိုက်လေတော့သည်။

All Chapters