နတ်အာရုံကို တုံ့ပြန်နိုင်သော သက်ခြွေဆေးလုံး
Vol. 10 Ch. 129
လင်းအယ်သည် ခေါင်းငုံ့၍ ကုတင်ဘေးတွင်ရပ်နေ၏။ သူမ၏မျက်နှာလေးသည် ဆီးရွက်ခန့်သာ ရှိတော့လေသည်။
လင်းအယ်သည် သေချာပေါက် နောင်တရနေ၏။ ယခင်က သူမ၏ အသားကင်စွမ်းရည်ကိုပြ၍ ဆရာဒေါ်လေးနှင့် အစ်မယုံချင်ရွှမ်းယာတို့ကို လျှာလည်သွားအောင်မလုပ်ခဲ့သင့်ဟု သူမခံစားနေရလေသည်။
သူမ၏ အစ်ကိုကြီး အခန်းအောင်းကျင့်ကြံရာမှ ထွက်လာလျှင် သူမကိုသေချာပေါက်ဆူမည်ဖြစ်ကြောင်း သူမသိ၏။ သို့သော် အစ်ကိုကြီးသည် သူမတို့အကုန်လုံးကို မဆူလောက်ဟု သူမတွေးခဲ့မိ၏။
လီချန်ရှို့သည် မျက်လုံးမှိတ်၍ အသက်ပြင်းပြင်ရှူလိုက်၏။
“ အစ်ကိုချန်ရှို့... ”
ယုံချင်ရွှမ်းယာသည် လက်နှစ်ဖက်ဆုပ်၍ ခေါင်းငုံ့ကာ သူမ၏ အမှားကို ဝန်ခံရန် ဟန်ပြင်လိုက်သည်။ သူမ၏ စုစည်း၍ချည်ထားသော ဆံပင်ရှည်ကြီးသည် ညင်သာစွာ လှုပ်ရမ်းနေပေသည်။ သူမရှင်းပြလိုက်သည်။
“ ရွှမ်းယာက ဝိညာဉ်သားရဲမျိုးစုံကို မြင်လိုက်ရတော့ ပျော်သွားပြီး ညီမလေးလင်းအယ်ကို အကြောင်းမျိုးမျိုးပြပြီးတော့ ဝိညာဉ်သားရဲတွေကို ချက်ခိုင်းလိုက်မိတာပါ။ အစ်ကိုပေးမယ့် အပြစ်ဒဏ်အားလုံးကို ရွှမ်းယာခံဖို့အသင့်ပါပဲ ”
လီချန်ရှို့ ပြုံး၍ နွေးထွေးစွာ မေးလိုက်၏။
“ အဲ့သားရဲတွေက အရသာရောရှိရဲ့လား ”
“ ဟင်...ဟုတ် ရှိပါတယ် ”
ပုံမှန်အချိန်တွင် အေးစက်စက်ဖြစ်နေတတ်သော ယုံချင်ရွှမ်းယာ၏ မျက်နှာလေးသည် ရုတ်တရက် နီမြန်းသွား၏။
ကျိုးကျိုးက သမ်း၍ ဝင်ပြောလိုက်သည်။
“ ချန်ရှို့လေး... မင်းရဲ့ ဝိညာဉ်သားရဲတွေကို ငါနည်းနည်းပဲ စားလိုက်တာပါ။ ငါ မင်းကိုအလျော်ပေးတဲ့အနေနဲ့ အဖိုးတန်ပစ္စည်းတွေနဲ့ ဝိညာဉ်ကျောက်တုံးတွေ ပြန်ပေးပါမယ် ”
လီချန်ရှို့က တည်တည်ငြိမ်ငြိမ်ပြောလိုက်၏။
“ ဆရာဒေါ်လေး... ဆရာဒေါ်လေးရဲ့ အဖိုးတန်ပစ္စည်းတွေနဲ့ ဝိညာဉ်ကျောက်တုံးတွေက တခြားပုံစံအဖြစ်နဲ့ ဆရာဒေါ်လေးကို အဖော်ပြုပေးနေတာ မဟုတ်လား ”
“ အိုး..ဟုတ်သား... ငါစုထားတာတွေအကုန်လုံးကို သုံးပစ်လိုက်ပြီဆိုတာ မေ့တော့မလို့ ”
ကျိုးကျိုး တုန်လှုပ်သွားပြီး ပင့်သက်ရှိုက်လိုက်သည်။ သူမသည် မြေပြင်ပေါ်တွင် ခြေဗလာရပ်၍ အတန်ကြာတွေးတောလိုက်၏။ သူမသည် တစ်ခါတရံတွင် “အရိုင်းဆန်” သော်လည်း ဆရာဒေါ်လေးတစ်ဦးဖြစ်သဖြင့် သူမ၏ တူလေးကို အနိုင်ကျင့်မည်မဟုတ်ပေ။
လင်းအယ်သည် သက်ပြင်းသဲ့သဲ့ချလိုက်ပြီး သူမ၏နှုတ်ခမ်းကို ခပ်ဖွဖွ ကိုက်လိုက်၏။ သူမသည် ယခုအချိန်တွင် ထိုကိစ္စအတွင်းသို့ ဆရာဒေါ်လေးနှင့် အစ်မယုံချင်တို့ကိုပါ ဆွဲသွင်း၍ ပူးပေါင်းတိုက်စစ်ဆင်ရမည်ကို သိ၏။
ထို့ကြောင့် လင်းအယ်သည် တီးတိုးပြောလိုက်၏။
“ အစ်ကိုကြီး... ဒီကိစ္စတစ်ခုလုံးက ညီမလေးကြောင့် ဖြစ်ရတာပါ... ”
“ ညီမလေး... အဲ့လောက်လဲကြောက်မနေပါနဲ့ ”
လီချန်ရှို့က ပြုံး၍ ဆက်ပြောလိုက်၏။
“ အစ်ကိုက မိစ္ဆာကောင်ကြီး မဟုတ်ပါဘူး။ ညီမလေးက ဘာလို့ ဒီလောက်ကြောက်နေရတာလဲ ”
လင်းအယ်၏ နှုတ်ခမ်းစွန်းလေးများ တွန့်ကွေးသွားပြီး သူမသည် နောက်သို့ ခြေလှမ်းဝက်ခန့် အလိုလိုဆုတ်မိသွား၏။
“ ဟေး...လင်းအယ်လေးကို သွားခိုင်းလိုက်။ မင်းပြောစရာတစ်ခုခုရှိရင် ငါ့ကိုလာပြော ”
ကျိုးကျိုးသည် သူမ၏နောက်ရှိ လင်းအယ်ကို ကာကွယ်ပေးလိုက်သည်။ သူမသည် ခေါင်းမော့ရင်ကော့ထား၏။
“ အလွန်ဆုံး ငါမင်းအပေါ်အကြွေးတင်နေတာတွေကို ခန္ဓာကိုယ်နဲ့ ပြန်ဆပ်လိုက်ရုံပေါ့။ ငါမင်းကို အဆုံးထိ အောက်မကျို့နိုင်ဘူး ”
“ ဆရာဒေါ်လေး အဲ့လိုမပြောပါနဲ့ ”
လီချန်ရှို့ မျက်မှောင်ကြုတ်၍ ပြောလိုက်သည်။
“ ကျွန်တော် ဆရာဒေါ်လေးကို လေးစားတုန်းပါပဲ။ ကျွန်တော် ဆရာဒေါ်လေးအပေါ်မှာ မသင့်တော်တဲ့ အတွေးတွေ မရှိပါဘူး ”
“ ထွီ... ငါပြောတာက မင်း ဆေးဖော်တဲ့နေရာ၊ မန္တန်အစီအရင်ဆင်တဲ့နေရာတွေမှာ ကူညီပေးမယ်လို့ပြောတာ ”
ကျိုးကျိုး နူးညံ့စွာ အသက်ရှူထုတ်လိုက်သည်။ သူမ၏ မျက်နှာလေးသည် ရုတ်ခြည်းပင် နီမြန်းသွား၏။ သို့သော် သူမသည် သူ၏ဆရာဒေါ်လေးအနေဖြင့် သူမ၏ မာနနှင့်ဂုဏ်သိက္ခာကို မလျှော့နိုင်သေးပေ။
ထို့အောက် သူမသည် ခေါင်းမာစွာဖြင့် ထပ်ပြောလိုက်သည်။
“ မင်းကရော မသင့်တော်တဲ့ အတွေးတွေ ရှိနိုင်လို့လား။ အဲ့လိုဆိုလည်း ငါအမြင်ကျယ်သွားအောင် မင်းလင်းအယ်အပေါ် သင့်တော်တဲ့ အတွေးတွေ ထားပြစမ်းပါဦး ”
လီချန်ရှို့၏ နှုတ်ခမ်းစွန်းများ အတန်ငယ် တွန့်ကွေးသွား၏။ သို့သော် သူသည် ကျင်လည်စွာပင် စကားလမ်းကြောင်း ပြောင်းလိုက်လေတော့သည်။
တုနတ်ဝိဇ္ဇာဂိုဏ်းတွင်လည်း ဝိညာဉ်သားရဲများရှိ၏။
လီချန်ရှို့ လက်နောက်ပစ်၍ သက်ပြင်းချလိုက်သည်။
“ ဆရာဒေါ်လေးတို့က စားပြီးသွားပြီဆိုတော့ ပြန်အန်ထုတ်ခိုင်းလို့လည်း ရတော့တာ မဟုတ်ဘူး။ ဒါပေမဲ့ ချုံတောင်လေးက အလကားတော့ အဲ့လိုမျိုးအဆုံးရှုံးခံလို့မရဘူး။ ကျွန်တော် အဲ့ဝိညာဉ်သားရဲတွေရဲ့ တန်ဖိုးကို အသေးစိတ်တွက်ထားတယ်။ အခု ကျွန်တော် ဆရာဒေါ်လေးတို့ သုံးယောက်ကို အဲ့တန်ဖိုးနဲ့ညီတဲ့ အလုပ်တစ်ခု ပြန်ခိုင်းမယ်... ဒါကို ကြည့်လိုက်ပါ ”
သူသည် ထိုသို့ပြောပြီးနောက် သူ၏အင်္ကျီလက်အတွင်းမှ သိုးသားရေလိပ်တစ်ချပ်ကိုထုတ်လိုက်ပြီး ဖြည်းဖြည်းချင်း ဖြန့်လိုက်၏။ ထိုသိုးသားရေချပ်ပေါ်တွင် ရှုပ်ထွေးသော ပုံစံတစ်ခုကို ရေးဆွဲထား၏။
“ ဆရာဒေါ်လေးတို့ ကျွန်တော်ပြောတာကို လက်ခံတယ်ဆိုရင် တစ်ယောက်လက် တစ်ယောက်ကိုင်ပြီး ကျိန်ဆို ကတိပြုလိုက်ပါ။ ပြီးရင် နေ့ကောင်းရက်သာရွေးပြီး စလုပ်ပေတော့ ”
“ အဲဒါက ဘာလဲ ”
ကျိုးကျိုးသည် အရင်ဆုံး လာကြည့်၏။ သူမတို့သုံးဦးသည် အနည်းငယ် ကြောင်အမ်းအမ်းဖြစ်နေကြသည်။
ထိုသို့ဖြင့် နေ့ဝက်ကြာပြီးနောက် ဝိညာဉ်သားရဲမွေးမြူရေးခြံ အနီးတွင် လှပသော မိန်းမပျိုလေးသုံးဦးသည် သူမတို့၏ အင်္ကျီလက်များကို ပင့်တင်၍ ဂါဝန်အောက်ဖျားများကို ခေါက်ကာ လောလောလတ်လတ်ခုတ်လာသော သစ်တုံးကြီးများကို နတ်တန်ခိုးများ၊ ဓမ္မတန်ခိုးများသုံး၍ ဖြည်းဖြည်းချင်း ဆွဲကာ ပျံသန်းလာလေသည်။
မကြာမီ ချုံတောင်းလေးပေါ်၌ သာယာသော အသံလေးတစ်သံ ပဲ့တင်ထပ်သွား၏။
ဆေးဖော်ဆောင်အတွင်း၌ ရှိနေသော လီချန်ရှို့သည် သူ၏ လက်ချောင်းများကို အတန်ငယ် လှုပ်၍ ချုံတောင်လေးကို ကာရံထားသော တောင်ကာမန္တန်အစီအရင်ကို အားဖြည့်လိုက်လေသည်။
သူ့အမှားမဟုတ်သော်လည်း အကယ်၍ အခြားတပည့်များသည် လက်ရှိတွင် ဂိုဏ်းတွင်း၌ကျော်ကြားနေပြီး ခပ်တန်းတန်းနေတတ်သော အေးစက်စက်မျက်နှာထားရှိသည့် တပည့်ခေါင်းဆောင်တစ်ယောက် သူ၏ချုံတောင်လေးပေါ်တွင် လက်သမားအဖြစ် အလုပ်လုပ်နေသည်ကို မြင်သွားပါက ထိုတပည့်များသည် သူတို့၏တပည့်ခေါင်းဆောင်ထံတွင် ကိုယ်တွင်းမိစ္ဆာတစ်ကောင် ဖြစ်ပေါ်နေပြီဟု ထင်ကောင်းထင်သွားနိုင်ပေသည်။
လီချန်ရှို့သည် ခေါင်းခါလိုက်ပြီး ဆေးလုံးများ ဆက်၍ ဖော်နေလိုက်သည်။
သူသည် ကာမအားတိုးဆေးလုံးများကို အလုံအလောက် ဖော်ထားပြီးဖြစ်သည်။ သို့သော် အဆင့်နိမ့်ဝိညာဉ်ဆေးလုံးအချို့ကိုရောင်း၍သာ ဝိညာဉ်သားရဲပေါက်လေးများကို ပြန်ဝယ်ရမည်ဖြစ်သည်။
မဟုတ်လျှင် သူသည် နေရာလွတ်များစွာရှိနေသော ဝိညာဉ်သားရဲမွေးမြူရေးခြံကို ကြည့်၍ တစ်ခုခုလိုနေသလို ခံစားနေရပေမည်။ ချုံတောင်လေးကိုလည်း ပြီးပြည့်စုံသည်ဟု ထင်ရမည် မဟုတ်တော့ပေ။
‘ ငါ ဒီတစ်ခေါက်တော့ ဈေးပေါပြီး အရသာကောင်းတဲ့ ဝိညာဉ်သားရဲတွေကို ဝယ်ရမယ်။ အခုလောလောဆယ် ဆေးဖော်ဖို့လိုနေတဲ့ ဝိညာဉ်သားရဲသွေးက အနည်းဆုံး နှစ်တစ်ထောင်ကျော်လောက် သက်တမ်းရှိနေမှရမယ် ’
ချုံတောင်လေးတွင် ထိုကဲ့သို့ သွေးမျိုးမရှိပေ။ ထို့ကြောင့် သူသည် မကြာမကြာပင် သုံးချောင်းထောက်ဆေးတောင်သို့ သွား၍ အကူအညီတောင်းရ၏။
သူသည် လဝက်ခန့် ဆေးဖော်နေလိုက်၏။ ဝိညာဉ်သားရဲမွေးမြူရေးခြံ အနီးတွင်လည်း ထိုလဝက်အတွင်း ထုသံ၊ ရိုက်သံများဖြင့် ဆူညံနေလေသည်။
လီချန်ရှို့သည် ထိုသုံးဦးကို အခက်တွေ့စေရန် ထိုအရာများကို ခိုင်းခဲ့ခြင်းမဟုတ်ပေ။ ထိုထဲမှ တစ်ဦးသည် သူ၏ ညီမလေးဖြစ်ပြီး နောက်တစ်ဦးသည် သူနှင့်ရင်းနှီးသော ဆရာဒေါ်လေးပင် မဟုတ်ပါလား။ ကျန်းတစ်ဦးမှာ အရာအားလုံးကို အတည်ကြီးတွေးတတ်သော အဆိမ်မ ညီမလေးပင်။
လီချန်ရှို့ သူမတို့ကို ဝိညာဉ်သားရဲမွေးမြူရေးခြံ အနီးရှိ တောင်များ၊ စမ်းချောင်းများဖြင့် ရှုခင်းလှသည့်နေရာတွင် စံအိမ်အသေးလေးတစ်ခုကို ဆောက်ခိုင်းခဲ့ခြင်းသာဖြစ်သည်။ နောင်တွင် ထိုစံအိမ်ကို သူမတို့သွားရောက် ဆော့ကစားနိုင်ရန် ရည်ရွယ်၍ ပြုလုပ်ခိုင်းခဲ့ခြင်းဖြစ်၏။
သူမတို့အနေဖြင့် သူနှင့် သူ့ဆရာ အနားယူသော ရေကန်ဘေးတွင် သောက်စား၊ ဆော့ကစားနေခြင်းသည် မသင့်တော်ပေ။
ထိုစံအိမ်လေးအပြင် ဝိညာဉ်သားရဲမွေးမြူရေးခြံကို အနည်းငယ် ပြန်လည်ပြင်ဆင်ခိုင်းလိုက်ခြင်းသာ ဖြစ်၏။
သူမတို့၏ လက်ရှိ စွမ်းဆောင်ရည်ဖြင့်ဆိုလျှင် ထိုအလုပ်များကို နှစ်ပေါင်းသုံးဆယ်ကြာမှ ပြီးပေလိမ့်မည်။ သို့သော် ယုံချင်ရွှမ်းယာသည် ကျောင်းတော်သုံးကျောင်းတွေ့ဆုံပွဲသို့ လိုက်ရဦးမည်ဖြစ်သည်။
သူမတို့သည် အလုပ်လုပ်ရင်း တစ်ဦးနှင့်တစ်ဦး နောက်ပြောင်ကျီစယ်နေကြ၏။ ထို့ကြောင့် နေ့ဝက်ဖြင့်ပြီးရမည့် စံအိမ်လေးသည် လဝက်ကြာသွားလေတော့သည်။
လီချန်ရှို့သည် ထိုကိစ္စကို မည်သို့မှ မတတ်နိုင်ပေ။ သူသည် ထိုသုံးဦး၏ အကျင့်စရိုက်များ ကူးမသွားစေရန် နောင်တွင် ထိုသုံးဦးနှင့် ခပ်ဝေးဝေးသာနေရပေမည်။
လအနည်းငယ် ကြာပြီးနောက် လီချန်ရှို့သည် ထုံးစံအတိုင်း သုံးချောင်းထောက် ဆေးတောင်သို့သွား၍ အကြီးအကဲဝမ်လင်းယွမ်ထံသို့ သွားလည်လိုက်၏။
သူတို့နှစ်ဦးသည် သုံးချောင်းထောက်ဆေးတောင်ပေါ်ရှိ တောအုပ်အတွင်း လမ်းလျှောက်နေကြ၏။ သစ်ပင်များသည် လေယူရာ ယိမ်းကနေပြီး လမ်းကြောင်းလေးသည် တိတ်ဆိတ်အေးချမ်းလေသည်။ သစ်ရွက်များအကြားမှ မြေပြင်ပေါ်သို့ ထိုးဖောက်ကျရောက်နေသော နေပြောက်လေးများသည် ကြည့်၍ပင် လှပေသေးသည်။
“ ချန်ရှို့ မကြာသေးခင်က ငါ မင်းရဲ့ အာရုံခံကျောက်မျက်ကို အခြေခံပြီးတော့ အဆိပ်ဆေးလုံးတစ်မျိုးအတွက် အကြံဉာဏ်ရခဲ့တယ် ”
လီချန်ရှို့ က ပြုံး၍ ပြောလိုက်သည်။
“ ဆရာဘိုးဘိုး... ဆရာဘိုးဘိုးရဲ့ အကြံဆိုတော့ တော်တော်လေး အထင်ကြီးစရာကောင်းမှာပဲ။ အဲ့အဆိပ်ဆေးလုံးက နတ်အာရုံတွေကို ပြန်ပြီး တုံ့ပြန်နိုင်မှာများလား ”
အကြီးအကဲဝမ်လင်းယွမ်သည် အေးစက်စက်ပြုံး၍ နွေးထွေစွာ ပြောလိုက်သည်။
“ ဟုတ်တယ်... ချန်ရှို့.. နတ်အာရုံတွေ၊ စိတ်အာရုံတွေက ဘာလဲဆိုတာ မင်းသိလား ”
လီချန်ရှို့ ပြန်ဖြေလိုက်သည်။
“ ကျွန်တော် ဂိုဏ်းမှာရှိတဲ့ ကျမ်းစာတစ်အုပ်ထဲမှာ ဖတ်ဖူးတာတော့ရှိတယ်... စိတ်အာရုံတွေ၊ နတ်အာရုံတွေဆိုတာ မူလဝိညာဉ်ကထုတ်လွှတ်လိုက်တဲ့ အတွေးတွေဖြစ်ပြီး မူလဝိညာဉ်ရဲ့ လောကကြီးအပေါ်မြင်တဲ့ အမြင်တဲ့။ ‘ နတ်ဝိဇ္ဇာကောင်းသုတ္တန် ’မှာ ရေးထားတဲ့အတိုင်းဆိုရင် မူလဝိညာဉ်ဆိုတာ နှလုံးသားပဲ။ အဲ့တော့ စိတ်အာရုံတွေ၊ နတ်အာရုံတွေဆိုတာ နှလုံးသားရဲ့ အာရုံတွေပါပဲ။ သေမျိုးတွေက သူတို့ရဲ့ မျက်လုံး၊ နား၊ နှာခေါင်းနဲ့ လျှာတွေကိုသုံးပြီး အာရုံခံကြတယ်။ လူသားတွေရဲ့ နှလုံးသားက ညစ်ထေးလွန်းတယ်။ သူတို့က ကြီးမြတ်တဲ့ တာအိုတရားကို မသိကြဘူး။ ချီကျင့်ကြံသူတွေကတော့ လောကကြီးကို သူတို့ရဲ့နှလုံးသားနဲ့ အာရုံခံကြတယ်...အဲ့ဒါကြောင့် စိတ်အာရုံလို့ ခေါ်တာပါ ”
အကြီးအကဲဝမ်လင်းယွမ်၏ အပြုံးသည် ပို၍အေးစက်စက်နိုင်လာပြီး သူ၏ မျက်လုံးများသည် အထင်ကြီးများဖြင့် တလက်လက်တောက်ပလာလေတော့သည်။ သို့သော် ထိုအဖြေမျိုးကို ဂိုဏ်းတွင်းရှိ မည်သည့်တပည့်ထံမှမဆို ကြားရနိုင်လေသည်။
အကြီးအကဲဝမ်လင်းယွမ် ပြောလိုက်၏။
“ အရင်တစ်ခေါက်က မင်းရဲ့ အာရုံခံကျောက်မျက်ကို တွေ့ပြီးသွားကတည်းက ဂိုဏ်းက တာအိုပစ္စည်းသိုလှောင်ခန်းမှာ ရှေးဟောင်းကျမ်းစာတွေကို ရှာပြီးတော့ ဖတ်ကြည့်ခဲ့တာပဲ။ ငါအဲ့အကြောင်းကို ဆေးဖော်တာ ကျွမ်းကျင်တဲ့ အကြီးအကဲအချို့နဲ့လည်း ဆွေးနွေးကြည့်ခဲ့တယ်။ ရောင်စုံပန်းပွင့်အရည်က စိတ်အာရုံတွေ၊ နတ်အာရုံတွေနဲ့ ကြုံတဲ့အခါမှာ အရောင်ပြောင်းတတ်တယ်။ ကျောက်စိမ်းဝိညာဉ်သစ်ပင်ရဲ့ သစ်စေးက စိတ်အာရုံတွေ၊ နတ်အာရုံတွေနဲ့ တွေ့တဲ့အခါမှာ ပိုက်ကွန်တစ်ခု ဖြစ်သွားတတ်တယ်။ အဲဒါတွေအပြင် စိတ်အာရုံ၊ နတ်အာရုံတွေနဲ့ ထိတွေ့မိရင် ပြန်ပြီးတုံ့ပြန်နိုင်တဲ့ အခြားပစ္စည်း ခုနှစ်မျိုး၊ ရှစ်မျိုးလောက် ရှိသေးတယ်။ ငါ အဲဒါတွေကို တစ်မျိုးချင်းစီ စမ်းသပ်ကြည့်ပြီးမှ နောက်ဆုံးဆေးညွှန်းကို ဖော်ထုတ်လိုက်တာပဲ ”
အကြီးအကဲဝမ်လင်းယွမ်သည် ထိုသို့ပြောပြီးနောက် လီချန်ရှို့ကို စက္ကူတစ်စ လှမ်းပေး၍ ပြုံးကာ မေးလိုက်သည်။
“ တစ်ချက်လောက် ကြည့်လိုက်ပါဦး... မင်းဘယ်လို ထင်လဲ ”
လီချန်ရှို့သည် အကြီးအကဲဝမ်လင်းယွမ်၏ ပင်ကိုယ်အပြုံးကို အသားကျနေပြီဖြစ်သော်လည်း တစ်ချက်တစ်ချက်တွင် လန့်၍သွားတတ်၏။ လီချန်ရှို့သည် ဆေးညွှန်းကို ကိုင်လိုက်ပြီး ဂရုတစိုက် ကြည့်လိုက်လေသည်။ သူ စိတ်ထဲမှနေ၍ အလေးအနက်တွေးတောလိုက်၏။ တစ်ခါတရံတွင် သူ မျက်မှောင်ကြုတ်သွား၏။ တစ်ခါတရံတွင် သဘောပေါက်သွားသည့်ပုံ ပေါ်သွား၏။ နောက်ဆုံးတွင် သူအတန်ငယ် ခေါင်းညိတ်လိုက်လေသည်။
လီချန်ရှို့ ပြောလိုက်၏။
“ ဒီဆေးညွှန်းက အသုံးချလို့ ရနိုင်လောက်ပါတယ်။ ကျွန်တော် ဆေးအာနိသင်အပိုင်းမှာရော၊ နိယာမအပိုင်းမှာပါ တော်တော်လေး ဗဟုသုတ ရသွားတယ်... ”
“ အင်း... ပြီးရင် ငါ သုံးရမယ့် ကုန်ကြမ်းပမာဏနဲ့ ဖော်စပ်ရမယ့် နည်းကို ဆက်စဉ်းစားရဦးမယ် ”
အကြီးအကဲဝမ်လင်းယွမ်က ပြောလိုက်၏။
“ ငါ သလင်းပြာနတ်ဆူးချွန်ပိုးကောင်တွေကို ရှာဖို့ မကြာခင်မှာ မြောက်ကျွန်းကိုသွားမယ်။ ငါသာ အဲ့အကောင်တွေကို နည်းနည်းလောက် ထပ်ရှာနိုင်ရင် ဒီဆေးလုံးကို သုံးနှစ်အတွင်း အပြီးဖော်နိုင်တယ်... ”
“ ဆရာဘိုးဘိုး... ဆရာဘိုးဘိုးက မြောက်ကျွန်းကို ကိုယ်တိုင်သွားမှာလား ”
“ ဟုတ်တယ်... ငါ သုံးချောင်းထောက်ဆေးတောင်က တပည့်တချို့ကို လွှတ်ပြီး နေရာအနှံ့မှာ ရှာခိုင်းပြီးပြီ။ ငါတို့ သလင်းပြာနတ်ဆူးချွန်ပိုးကောင်တွေကို အရှေ့ကျွန်းမှာ ရှာမတွေ့ဘူး ”
အကြီးအကဲဝမ်လင်းယွမ်သည် ကြေးချိုင်းထောက်ကြီးကို အားပြုလိုက်ပြီး ထူးထဲစိမ်းစိုသော သစ်ပင်များကို ငေးကြည့်လိုက်သည်။
“ နတ်အာရုံတွေကို တုံ့ပြန်နိုင်တဲ့ အဆိပ်ဆေးလုံးဆိုတာ လောကထဲမှာ ရှားတယ်။ ငါသာ အဲ့ဆေးလုံးကို ဖော်နိုင်ရင် တကယ့်ကို ဂုဏ်ယူစရာကောင်းမှာပဲ ”
သူဆက်ပြောလိုက်၏။
“ ချန်ရှို့... ငါက ငါ့ရဲ့ သက်တမ်းတစ်ဝက်လောက်ကို ကောင်းကင်နတ်မင်းတစ်ပါးအနေနဲ့ နေခဲ့တာပဲ။ ဒါပေမဲ့ ထာဝရအသက်ရှင်နိုင်မယ့် အခွင့်အရေးက အခုထိ ပေါ်မလာသေးဘူး။ ငါ့အနေနဲ့ အသက်ရှည်နိုင်မယ့် တာအိုအသီးအပွင့်ကို မခံစားနိုင်တော့ဘူး ထင်ပါတယ်။ ငါ့ရဲ့ ကျန်တဲ့သက်တမ်းအတွင်းမှာ နောက်ထပ် အဆိပ်ကျမ်း တစ်အုပ်၊ နှစ်အုပ်လောက်နဲ့ ထပ်ရေးသားပြီး ဆေးညွှန်းနည်းနည်းလောက် ထပ်ဖော်ထုတ်နိုင်မယ်ဆိုရင် အခုခရီးကို သွားရတာ တန်သွားမှာပါ ”
လီချန်ရှို့သည် ထိုစကားကို ကြားလိုက်သောအခါ အတန်ငယ် ဝမ်းနည်းသွား၏။
သို့သော် သူ မည်သို့မှ ပြန်မပြောလိုက်ဘဲ ပြုံး၍သာ နားထောင်နေလိုက်သည်။
“ ဒါနဲ့...ချန်ရှို့...မင်းရဲ့ ကာမအားတိုးဆေးလုံးက... ”
“ အဟမ်း... ”
လီချန်ရှို့သည် ထိုမျှမြန်မြန် စကားလမ်းကြောင်းပြောင်းသွားလိမ့်မည်ဟု မထင်ခဲ့ပေ။
“ ဆရာဘိုးဘိုး... ဆရာဘိုးဘိုးရော တစ်လုံးလောက် သောက်ချင်လို့လား။ ဂိုဏ်းတွင်းပြိုင်ပွဲပြီးသွားတော့ ကျွန်တော် အဲ့ဆေးလုံးတွေ အများကြီး ဖော်ထားပါတယ်။ ဒါပေမဲ့... ဆရာဦးလေးကျိုးဝူက အကုန်ယူသွားတယ်လေ... မကြာသေးခင်ကမှ ကျွန်တော် အချစ်ရေစင်နောက်တစ်သုတ် ထပ်လုပ်လိုက်ရတယ်။ ဆရာဘိုးဘိုး လိုချင်တယ်ဆို၍ ကျွန်တော် ထပ်ဖော်ပြီးတာနဲ့ ပို့လိုက်ပါမယ် ”
အကြီးအကဲဝမ်လင်းယွမ်သည် လက်ဝှေ့ယမ်း၍ ပြောလိုက်၏။
“ ငါက အဲ့ဆေးလုံးကို ဘယ်နေရာသွားသုံးရမှာလဲ... ငါမလိုချင်ပါဘူး ”
“ ဟူး... ကျွန်တော်ဖြင့် လန့်သွားတာပဲ... ”
“ ဟားဟားဟား... မင်းရဲ့ ကာမအားတိုးဆေးလုံးက အချစ်ကပ်ပါးပိုးကို အချစ်ကျောက်ခဲဖြစ်အောင်လုပ်ပြီး ဖော်ထားတာထင်တယ် ”
အကြီးအကဲဝမ်လင်းယွမ်က အလေးအနက်ပြောလိုက်၏။
“ ငါ အဲ့ဆေးလုံးတစ်လုံးကို လျှိုဖေးရှန်းဆီကရလို့ ဆေးလုံးရဲ့ ဆေးညွှန်းနဲ့ နိယာမကို အဖြေရှာကြည့်နေတာ။ အဲ့ဆေးလုံးက စိတ်အင်အား နည်းပါးနေတဲ့ အမျိုးသားကျင့်ကြံသူတွေအပေါ်မှာပဲ အကျိုးသက်ရောက်တာမဟုတ်ဘဲ အမျိုးသမီးကျင့်ကြံသူတွေအပေါ်မှာလည်း အကျိုးသက်ရောက်တာပဲ။ မင်းအနေနဲ့ ဒီဆေးလုံး ယူသွားတဲ့သူတွေကို ပြဿနာမရှာဖို့ ပြောရမယ် ”
“ ကျွန်တော် မှတ်သားထားပါမယ် ”
လီချန်ရှို့ ပြုံး၍ ပြောလိုက်၏။
“ ဆရာဘိုးဘိုး... ဆရာဘိုးဘိုးက ဆေးလုံးတစ်လုံးထဲကနေတောင် ဆေးလုံးအဓိကပါဝင်ပစ္စည်းက အချစ်ကျောက်ခဲဆိုတာကို သိနိုင်တာပဲ။ ကျွန်တော်...တော်တော်လေး အထင်ကြီးလေးစားမိပါတယ်။ မကြာသေးခင်တုန်းက ကျွန်တော် အဲ့ဆေးလုံးရဲ့ ဆေးညွှန်းကို အဆင့်မြှင့်ဖို့လုပ်နေတာ။ ယန်ဓာတ်ကို အားဖြည့်ပေးနိုင်မယ့် ဆေးပင်နှစ်မျိုးလောက် ထပ်ထည့်မလားလို့ ”
ဝမ်လင်းယွမ် ပြုံးလိုက်သည်။
“ အဲဒါ မဆိုးပါဘူး။ ဒီကိစ္စအကြောင်းကို မင်းသိရင်ပြီးတာပါပဲ ”
လီချန်ရှို့သည် ခေတ္တမျှတွေးတောပြီးနောက် သူ၏ အင်္ကျီရင်ဘတ် အိပ်ကပ်အတွင်းမှ ရတနာအိတ်တစ်ခုကို ထုတ်လိုက်ပြီး ပြောလိုက်သည်။
“ ဆရာဘိုးဘိုး... ဒီဟာကို ဆရာဘိုးဘိုးနဲ့အတူ မြောက်ကျွန်းကို ယူသွားလိုက်ပါ။ မြောက်ကျွန်းက အန္တရာယ်များတယ်။ ကျွန်တော့်အနေနဲ့ အများကြီး မကူညီနိုင်ပေမယ့် ဒီအိတ်ထဲမှာ ညစ်ညမ်းချီတွေကို မမှုတဲ့ စက္ကူကိုယ်ပွားနှစ်ရုပ် ပါပါတယ် ”
“ ကောင်းပြီ ”
အကြီးအကဲဝမ်လင်းယွမ်သည် ရတနာအိတ်ကိုယူလိုက်ပြီး တည်တည်ငြိမ်ငြိမ်ပင် သူ၏ အင်္ကျီလက်အတွင်းသို့ ထည့်လိုက်၏။ ထိုသို့ယူလိုက်ရခြင်းမှာ လီချန်ရှို့၏ မာနကို မထိခိုက်စေလို၍သာ ဖြစ်သည်။
*******
လီချန်ရှို့သည် သုံးချောင်းထောက်ဆေးတောင်မှ ပြန်လာပြီးကတည်းက အကြီးအကဲဝမ်လင်းယွမ်၏ အကြံဖြစ်သော နတ်အာရုံကို တုံ့ပြန်နိုင်သော အဆိပ်ဆေးလုံးအကြောင်းကို တွေးနေခဲ့၏။
ထိုအဆိပ်ဆေးလုံးကို ဖော်ပြီးသွားလျှင် ၎င်းကို အာရုံခံကျောက်မျက်ကဲ့သို့ပင် ကိုယ်ပေါ်တွင် ဆောင်ထားနိုင်၏။ ထိုအဆိပ်ဆေးလုံး၏ အသုံးဝင်ပုံမှာ ၎င်းကိုဆောင်ထားသောသူအား နတ်အာရုံသုံး၍ အာရုံခံခဲ့လျှင် ထိုအာရုံခံသူသည် အဆိပ်မိသွားမည်ဖြစ်သည်။ သို့သော် ပြင်းပြင်းထန်ထန် ထိခိုက်စေနိုင်မည် မဟုတ်ပေ။ အများဆုံး ထိုအာရုံခံသူကို ခေါင်းကိုက်သွားစေပြီး အတန်ငယ် မူးဝေသွားစေမည်သာဖြစ်သည်။
ထိုအဆိပ်ဆေးလုံးသည် သိပ်၍ အသုံးမဝင်ဟု လီချန်ရှို့ ခံစားနေရ၏။
အကယ်၍ သူသာ အဓိကပါဝင်ပစ္စည်းဖြစ်သော သလင်းပြာနတ်ဆူးချွန်ပိုးကောင်ကို အခြားတစ်ခုဖြင့် လဲလှယ်နိုင်လျှင် နတ်အာရုံထွက်ပေါ်လာသည့် အရင်းအမြစ်ကို လျှို့ဝှက်မှတ်သားနိုင်မည့် ဆေးပင်တစ်မျိုးမျိုးဖြင့် လဲလှယ်မည်ဖြစ်သည်။ ထိုအခါ အာရုံခံသူကို အန္တရာယ်ပေးနိုင်မည်ဖြစ်သဖြင့် ပို၍ အသုံးဝင်လာပေလိမ့်မည်။
အဟမ်း... ထိုအခါမှ ရန်သူ၏ အာရုံခံမှုကို ကာကွယ်နိုင်မည့် ပစ္စည်းကောင်းတစ်ခု ဖြစ်ပေလိမ့်မည်။
“ ငါ အဲ့ပိုးကောင်နေရာမှာ ဘာနဲ့အစားထိုးနိုင်မလဲ ”
လီချန်ရှို့သည် သူမသိလိုက်ခင်မှာပင် အတွေးနက်သွားလေတော့သည်။ ထိုဘက်ပိုင်းတွင် သူ၏ဗဟုသုတသည် အကြီးအကဲဝမ်လင်းယွမ်လောက် မများပေ။ ထို့ပြင် သူသည် အကြီးအကဲဝမ်လင်းယွမ်ကဲ့သို့လည်း မိမိသွားလိုသည့်နေရာကို ထွက်သွား၍ မရချေ။
‘ ဟာ... ’
လီချန်ရှို့ ရုတ်တရက် တစ်စုံတစ်ခုကို တွေးမိသွား၏။
‘ ငါနဲ့ ဆရာဦးလေးကျိုးဝူတို့ ဖမ်းခေါ်လာတဲ့ မြေခွေးမိစ္ဆာမ... ’
‘ အဲ့မြေခွေးမိစ္ဆာမရဲ့ စိတ်ညှို့မန္တန်... ’
‘ ငါ့ဆီမှာရှိတဲ့ အချစ်ကျောက်ခဲ... ’
‘ နတ်အာရုံဆိုတာ နှလုံးသားရဲ့ အာရုံတွေပဲ... အာရုံခံတဲ့လူကို မှတ်သားပြီး သူ့ရဲ့စိတ်ကို တိုက်ခိုက်မယ်ဆိုရင်... ’
“ အမှန်ပဲ... ငါ အဲ့ကနေ စလုပ်လို့ရတယ်... ”
လီချန်ရှို့သည် အတန်ကြာ မိမိဘာသာ ရေရွတ်နေပြီးနောက် ဝါးပြားလေးတစ်ချပ်ကိုယူလိုက်သည်။ ထို့နောက် သူသည် ဆေးဖော်ဆောင်အပြင်ဘက်ရှိ လှုပ်ကုလားထိုင်လေးပေါ်တွင်ထိုင်၍ ထွင်းဓားလေးဖြင့် ဝါးပြားပေါ်တွင် ထွင်းကာ ရေးဆွဲလိုက်လေတော့သည်။
လျင်မြန်စွာပင် “ မင်းသာ ငါ့ကို အာရုံခံခဲ့ရင် မင်းကို မှတ်သားပြီးတော့ မင်းရဲ့ နှလုံးသားကို လောင်ကျွမ်းပစ်မယ် ” ဟု ယာယီအမည်ပေးထားသော အဆိပ်ဆေးလုံးလေးသည် သူ၏ ထွင်းဓားလေးအောက်တွင် ရုပ်လုံးပေါ်လာပေပြီ။
အဆိပ်ခတ်ပညာ၏ အမြင့်ဆုံးအဆင့်သည် အဆိပ်ခတ်ခံရမည့်သူသည် သတိပင်မထားလိုက်မိဘဲ သူကိုယ်တိုင် လိုလိုချင်ချင် အဆိပ်ခတ်ခံလာအောင် ပြုလုပ်ခြင်းပင်။
လီချန်ရှို့သည် နေ့ဝက်မျှ တွေးတောစဉ်းစားလုပ်ကိုင်ပြီးနောက် အတန်ငယ် ခေါင်းမူးလာ၏။ သူသည် ဝိညာဉ်သားရဲမွေးမြူရေးခြံ အနီးရှိ လူသုံးယောက်ကို အာရုံခံလိုက်၏။ ထိုသုံးယောက်သည် သစ်သားများကိုခွဲခြင်း၊ သစ်ပင်များကိုခုတ်ခြင်းနှင့် မြေတူးခြင်းတို့ဖြင့် အလုပ်ရှုပ်နေ၏။ သူမတို့သည် ယခင်ကထက်ပို၍ အလုပ်ကြိုးစားနေ၏။
လီချန်ရှို့သည် သူမတို့ကို အာရုံခံနေရင်း အတန်ငယ် မှင်သက်နေ၏။ သူ မသိမသာပြုံးလိုက်သည်။
အလုပ်ကြိုးစားသော သူသည် အလှဆုံးသူဖြစ်လေသည်။
‘ အဲ့စကားက တော်တော်မှန်တာပဲ ’
******
ကောင်းကင်ဘုံခုံရုံးရှိ ယွဲ့လောင်နန်းတော်အတွင်းသို့ စစ်သူကြီးတုံမုသည် ဟိုကြည့်သည်ကြည့်ဖြင့် ခိုးကြောင်ခိုးဝှက်ဝင်သွားလေသည်။