← Chapters

ဆရာ... ကျွန်တော် အကောင်းဆုံးကြိုးစားထားပါတယ်

Vol. 10 Ch. 130

ဆရာ... ကျွန်တော် အကောင်းဆုံးကြိုးစားထားပါတယ်

Vol. 10 Ch. 130

“ အင်း... ”

လဘိုးဘိုးသည် သူ၏အရှေ့တွင် ရှိနေသော အတန်ငယ် အိုးတိုးအန်းတန်းဖြစ်နေသည့် စစ်သူကြီးတုံမုကိုကြည့်၍ မျက်နှောင်ကြုတ်လိုက်သည်။

“ ဒါက.. အမ်... ”

ထိုအခိုက်တွင် သူတို့နှစ်ဦးသည် ယွဲ့လောင်နန်းတော်ဘေးရှိ ဧည့်ခန်းမတွင် ထိုင်နေခြင်းဖြစ်သည်။ စစ်သူကြီးတုံမုသည် ဘေးသို့တိုးလိုက်ပြီး ရှေ့သို့ကိုင်းလိုက်၏။

လဘိုးဘိုးသည် ထိုကဲ့သို့ အပြုအမူမျိုးကို အံတိုနေပြီဖြစ်သည်။ သူ့အားလာရှာသော သူများသည် သူတို့လာကြောင်းကို အခြားသူများမသိစေလို၍ ထိုသို့ အလိုအလျောက်ပြုမိတတ်ကြ၏။

ထိုမျှသာမကသေးပေ။ စစ်သူကြီးတုံမု၏ ရတနာအိတ်ကို လက်သိပ်ထိုးပေးဟန်၊ စကားပြောသော အခါတွင် ကျီးကန်းတောင်းမှောက် ကြည့်ဟန်တို့သည် လဘိုးဘိုး မြင်တွေ့နေကျ ဟန်ပန်များပင်။

လဘိုးဘိုးသည် ထိုအပြုအမူများကို အလွန် ရင်းနှီးနေပြီဖြစ်သည်။

သို့သော် လဘိုးဘိုးသည် ထိုနေ့က စစ်သူကြီးတုံမုတောင်းဆိုသွားသည့် တောင်းဆိုမှုကိုတော့ တစ်ခါမှ မကြားဖူးပေ။

အကယ်၍ စစ်သူကြီးတုံမု၏‌ တောင်းဆိုမှုသည် သာမန် ဖူးစာဖက်အဖြစ်လုပ်ပေးရန် တောင်းဆိုခြင်းဖြစ်ပါက လဘိုးဘိုးသည် သူ၏ ကုသိုလ်များလျှော့ခံရမည် ဖြစ်သော်လည်း စစ်သူကြီးတုံမု၏ ရာထူးအဆင့်အတန်းကြောင့် ငြင်းဝံ့မည် မဟုတ်ပေ။

သို့ရာတွင်...

“ လဘိုးဘိုး... ကျုပ်ပြောတာ ဖြစ်နိုင်၊ မဖြစ်နိုင် ပြန်ပြောပါဦး ”

စစ်သူကြီးတုံမုသည် လေသံဖျော့ဖျော့ဖြင့် မေးလိုက်၏။ သူ၏မျက်လုံးများတွင် ကူကယ်ရာမဲ့နေသော အရိပ်အယောင်များဖြင့် ပြည့်နေလေသည်။

“ စစ်သူကြီးတုံမု... ”

လဘိုးဘိုးသည် လက်နှစ်ဖက်ဆုပ်လိုက်ပြီး လေးလေးနက်နက်ပြောလိုက်၏။

“ အမှန်အတိုင်းပြောရရင် ကျွန်တော် တခြားသူတွေကို ဖူးစာဖက်အဖြစ်လုပ်ပေးပြီး ကူညီပေးခဲ့ဖူးပါတယ်။ ဒါပေမဲ့ ကျွန်တော် ကူညီပေးခဲ့တဲ့သူတွေရဲ့ ပိုးကြိုးနီတွေကို တစ်ကြိုးနဲ့ တစ်ကြိုး တော်တော်လေး နီးကပ်ပါတယ်... ဖူးစာဖက်အဖြစ်ပြုလုပ်ခံရမယ့် နှစ်ဖက်လုံးက တစ်ယောက်ကိုတစ်ယောက် စိတ်ဝင်စားနေပြီးသား သူတွေပါ။ အဲဒါကြောင့်လည်း ကျွန်တော်က ကူညီပေးလို့ရခဲ့တာပါ... ”

“ ကျွန်တော် တခြားသူတွေရဲ့ ပိုးကြိုးနီတွေကိုလည်း ဖြတ်ပေးခဲ့ဖူးပါတယ်... ဒါပေမဲ့ ရွှံ့ရုပ်နှစ်ရုပ်က တစ်ရုပ်နဲ့တစ်ရုပ် အဆင်မပြေဖြစ်နေမှပါ... အဲဒါကြောင့် သူတို့ကို ပျော်ရွှင်အောင်လုပ်ပေးဖို့ ကျွန်တော်က ပိုးကြိုးနီတွေကို ပြန်ခါနီးတဲတဲအထိ လုပ်ပေးလိုက်တာပါ ”

“ ဒါပေမဲ့ ကျွန်တော်က ပိုးကြိုးနီတွေကို လုံးဝပြတ်သွားအောင် လုပ်ပြီး ရွှံ့ရုပ်တွေကို ဝေးကွာသွားအောင် လုပ်ပေးလို့မရပါဘူး... ”

“ အဲဒါက အထီးကျန်ကြယ်ရဲ့ ကံတရားပါ... အဲဒါကို သွားနှောင့်ယှက်မိရင် ကမ္မနှောင်ကြိုး အကြီးကြီးမှာ သွားပြီး ရစ်တွယ်မိပါလိမ့်မယ် ”

လဘိုးဘိုး အလေးအနက်ပြောလိုက်သော စကားများကို ကြားသောအခါ စစ်သူကြီးတုံမုသည် ခေတ္တမျှ တွေးတောလိုက်၏။ သို့သော် စက္ကူကိုယ်ပွား တာအိုရသေ့အိုကြီး၏ စကားများသည် သူ့ရင်ထဲတွင် ပြန်ပေါ်လာသည်။

“ ပထမ‌ခြေလှမ်းက အလုပ်မဖြစ်ဘူးဆိုရင် စစ်သူကြီးတုံမုရဲ့ စိတ်ကိုပြောင်းလဲပြီး အမြန်ဆုံး မင်္ဂလာဆောင်လိုက်ပါ... ”

“ ပြီးတော့ ကျောက်စိမ်းဧကရာဇ်ဆီကနေ ဂုဏ်ပြုမှတ်တမ်းဖြစ်ဖြစ် အဲဒီလိုမျိုးတစ်ခုခုတောင်းပြီး စစ်သူကြီးနဲ့ စစ်သူကြီးကတော်တို့အတွက် မင်္ဂလာလမ်းခရီးဖြောင့်ဖြူးအောင်ဆိုပြီး ကောင်းချီးပေးခိုင်းလိုက်ပါ။ နောက်တော့ စစ်သူကြီးတုံမုအနေနဲ့ မကြာခဏ အခြားသူတွေရှေ့မှာ စစ်သူကြီးကတော်နဲ့ ချစ်ချစ်ခင်ခင် နေပြလိုက်ပေါ့... အဲဒီလိုဆို ကျောက်စိမ်းဧကရာဇ်လည်း စစ်သူကြီးအပေါ်မှာရှိနေတဲ့ သံသယတွေ လျော့ကျသွားမှာပါ... ”

စစ်သူကြီးတုံမုသည် သူ့အား ထိုအကြံပေးခဲ့သော တာအိုရသေ့အိုကြီးသည် သူထင်ထားသည်ထက် များစွာ ရှုပ်ထွေးသည်ကို မသိခဲ့ပေ။

စစ်သူကြီးတုံမုသည် အတန်ကြာစဉ်းစားပြီး‌နောက် ပြောလိုက်၏။

“ အဲဒီလိုဆိုလည်း လဘိုးဘိုး.. ကျုပ်နဲ့ ရေစက်ပါတဲ့ အမျိုးသမီးတစ်ဦးနဲ့ မင်္ဂလာဆောင်နိုင်အောင် လုပ်ပေးလို့ရမလား... ”

“ ဒီကိစ္စက တခြားကိစ္စတွေအတွက် အခရာလိုဖြစ်နေတာ။ လဘိုးဘိုးသာ ကျုပ်ကို ကူညီနိုင်ရင် နောက်ကျရင် ကျုပ်သေချာပေါက် လဘိုးဘိုးကို ကျေးဇူးပြန်ဆပ်မှာပါ ”

လဘိုးဘိုး ခါးသက်သက်ပြုံး၍ ပြောလိုက်၏။

“ စစ်သူကြီးတုံမု... ကျွန်တော် မငြင်းဝံ့တော့ပါဘူး။ ကျွန်တော့်နောက်ကို လိုက်ခဲ့ပါ ”

ထိုသို့ပြောပြီး‌နောက် လဘိုးဘိုးသည် စစ်သူကြီးတုံမုကို မင်္ဂလာခန်းမဆီသို့ ခေါ်သွားလိုက်၏။ သူသည် စစ်သူကြီးတုံမု၏ ရွှံ့ရုပ်ကို ဆင့်ခေါ်လိုက်ပြီး စစ်သူကြီးနှင့် ရေစက်ပါသည့် အခြား ရွှံ့ရုပ်အကုန်လုံးကိုလည်း ဆင့်ခေါ်လိုက်သည်။

စစ်သူကြီးတုံမု၏ မျက်လုံးများ အရောင်လက်သွား၏။ သူ့ရွှံ့ရုပ်ဘေးတွင် ပတ်လည်ဝိုင်းနေသော ရွှံ့ရုပ်လေးရုပ်ကို တွေ့လိုက်ရ၏။ ထိုရွှံ့ရုပ်များ၏ ပိုးကြိုးနီများသည် သူ့ရွှံ့ရုပ်ထံသို့ ဦးတည်သွားနေကြလေသည်။

“ ကျုပ်ကို ကြိတ်သဘောကျနေတဲ့ မိန်းကလေးတွေက အရင်ကတည်းက ဒီလောက်များတာလား ... ”

“ စစ်သူကြီးတုံမု... စစ်သူကြီးက အရှင်ဧကရာဇ်ရဲ့ လူယုံပဲ။ ပြီးတော့ စစ်သူကြီးက အမျိုးသားနတ်ဝိဇ္ဇာတွေကို အုပ်ချုပ်... ”

“ လဘိုးဘိုး... အဲ့လိုတွေ မမြှောက်ပါနဲ့... ”

စစ်သူကြီးတုံမုသည် လဘိုးဘိုး၏ မြှောက်ပင့်စကားကို ကြားဖြတ်ပြောလိုက်ပြီး ခေတ္တမျှတွေးတောလိုက်သည်။ ထို့နောက်သူသည် သူ့ရွှံ့ရုပ်အနီးတွင် ပတ်လည်ဝိုင်းနေသော ရွှံ့ရုပ်များကို သေချာကြည့်လိုက်၏။

သူ၏ ကံဇာတာတက်ချိန်ကို ရောက်လာပေပြီ။ ရုတ်တရက် စစ်သူကြီးတုံမု၏ ခေါင်းထဲတွင် အကြံတစ်ခုလက်သွားသည်။

လွန်ခဲ့သည့် ရက်အနည်းငယ်က သူ ကျောက်စိမ်းဧကရာဇ်နှင့်အတူ ပင်လယ်စောင့်နတ်မင်းကို တွေ့ဆုံခဲ့စဉ်က တောင်သမုဒ္ဒရာမှ ပင်လယ်စောင့်နတ်မင်းသည် ကျောက်စိမ်းဧကရာဇ်အား အကြံဉာဏ်(၁၂)ချက် ပေးခဲ့၏။ နောက်ဆုံးပေးခဲ့သော အကြံတွင် “ အပြင်ပိုင်းသွင်ပြင်ကို အသုံးချပြီး ငြိမ်းအေးတည်ငြိမ်မှုကို ရှာပါ ” ဟူသော စာကြောင်းတစ်ကြောင်းပါ၏။

စစ်သူကြီးတုံမုသည် ရေငုံနှုတ်ပိတ်၍ အတန်ကြာဆက်တွေးတောနေ၏။

သူ့အနေဖြင့် အလွန်အကျူးလုပ်ပြလိုက်လျှင် အခြားသူများသည် သူ့အပေါ်သံသယဝင်မည် မဟုတ်တော့ပေ။

‘ ငြိမ်းအေးတည်ငြိမ်မှုကိုရှာရမယ်။ ငြိမ်းအေးတည်ငြိမ်မှုကို ရှာရမယ်... ’

“ လဘိုးဘိုး... ”

စစ်သူကြီးတုံမုသည် ရုတ်တရက် ခေါင်းမော့လိုက်၏။ သူ၏မျက်လုံးများသည် အရောင်တလက်လက် တောက်ပနေလေသည်။ သူသည် လဘိုးဘိုး၏ လက်မောင်းကို သူ၏ လက်ယာလက်ဖြင့် ဆွဲကိုင်လိုက်ရာ လဘိုးဘိုးသည် လန့်ဖြန့်သွားပြီး အသံများပင် တုန်သွား၏။

“ စစ်..စစ်သူကြီးတုံမုက... ဘယ်..ဘယ်သူနဲ့ မင်္ဂလာဆောင်ချင်တာပါလဲ ခင်‌ဗျာ... ”

စစ်သူကြီးတုံမုသည် သူ၏လက်ဝဲလက်ကို ရှေ့သို့ထုတ်လိုက်ကာ ဖြည်းဖြည်းချင်း လက်ငါးချောင်းလုံးထောင်ပြလိုက်ပြီးနောက် လက်သီးဆုပ်လိုက်သည်။

“ ကျုပ် အကုန်လုံးနဲ့ မင်္ဂလာဆောင်ချင်တယ် ”

လဘိုးဘိုး ရုတ်တရက် တုန်လှုပ်သွားသည်။

‘ ဒီစစ်သူကြီးတုံမုက ဘာဖြစ်သွားတာလဲ။ အရင်တုန်းကတော့ သူက မင်္ဂလာမဆောင်ချင်ဘဲ လူပျိုကြီးလုပ်ချင်တာတဲ့... အခုကျတော့... ’

‘ သူက တကယ့်ကို ပညာရှင်တစ်ဦးပဲ... ’

စစ်သူကြီးတုံမုသည် ရာထူးမြင့်မားပြီး အာဏာရှိ၏။ လဘိုးဘိုးကဲ့သို့ ရာထူးနိမ့် နတ်မင်းတစ်ပါးအနေဖြင့် မည်သို့မှ အတွန့်မတက်ရဲပေ။

ထို့ပြင် လဘိုးဘိုးဆင့်ခေါ်လိုက်သော ရွှံ့ရုပ်များသည် အမှန်ပင် စစ်သူကြီးတုံမုနှင့် မင်္ဂလာဆောင်၍ ရ၏။ သို့သော် စစ်သူကြီးတုံမု၏ ကျင့်ကြံခြင်းအဆင့်သည် မြင့်မား၏။ သူသာ မင်္ဂလာဆောင်လိုစိတ်မရှိလျှင် ထိုရွှံ့ရုပ်များ၏ ပိုးကြိုးနီများကို ဆက်ပေး၍ရမည်မဟုတ်ပေ။

“ အာ...ဟုတ်ကဲ့ပါ။ ကျွန်တော် အခုလုပ်လိုက်ပါမယ် ”

လဘိုးဘိုးသည် လေသံဖျော့ဖျော့ဖြင့် ပြန်ပြောလိုက်ပြီး စတင်လုပ်ဆောင်လိုက်လေတော့သည်။

******

တုနတ်ဝိဇ္ဇာဂိုဏ်းတွင်...

ဝိညာဉ်သားရဲမွေးမြူရေးခြံကို ပြန်လည်ပြင်ဆင်နေမှုသည် သုံးပုံတစ်ပုံသာ ပြီးသေးလေသည်။ လပေါင်းသောင်းချီ ကျင့်ကြံထားခဲ့သော နုပျိုသည့် အမျိုးသမီးချီကျင့်ကြံသူ သုံးဦးသည် သူမတို့အနေဖြင့် အလုပ်လုပ်နေစဉ်အတွင်း စနောက်ကျီစယ်နေလျှင် ထိုနေရာကို ပြန်လည်ပြင်ဆင်မှုသည် ဆယ်နှစ်မှ နှစ်နှစ်ဆယ်အထိကြာသွားနိုင်ကြောင်း နောက်ဆုံးတွင် သဘောပေါက်သွားပြီဖြစ်သည်။

ထို့ကြောင့် လင်းအယ်နှင့် ယုံချင်ရွှမ်းယာတို့ နှစ်ဦးသည် အချင်းချင်းတိုင်ပင်၍ ဆရာဒေါ်လေးကို အရက်မူးအောင် တိုက်ရန် ဆုံးဖြတ်လိုက်ကြလေတော့သည်။ သူမတို့နှစ်ဦးသည် ထိုအကြံအတိုင်းပြုလုပ်ပြီးနောက် အလုပ်ကို ပြန်လုပ်လိုက်၏။

သူမတို့၏ စွမ်းဆောင်ရည်သည် ဆယ်ဆကျော် တိုးတက်လာ၏။ သုံးလအတွင်းမှာပင် မွေးမြူရေးခြံ၏ သုံးပုံတစ်ပုံကို ပြန်လည်ပြင်ဆင်၍ ပြီးခဲ့ပေပြီ။

လွန်ခဲ့သည့် ရက်အနည်းငယ်က ယုံချင်ရွှမ်းယာ၏ ဆရာသည် သူမကို ပြန်လာ၍ လအနည်းငယ် ကျင့်ကြံရန် ခေါ်ခဲ့၏။ ထို့ကြောင့် လင်းအယ်တစ်ဦးတည်းသာ မွေးမြူရေးခြံ၏ နေရာပေါင်းစုံကို ပြင်ဆင်ရလေတော့သည်။

ထို့ပြင် သူမသည် သုတ္တန်ကူးရန်လည်း အကြိမ်(၁၆၀၀) ကျန်နေသေး၏။

သူမသည် မွေးမြူရေးခြံတွင် နောက်ထပ် လဝက်လောက်ဆက်၍ လုပ်ကိုင်ရဦးမည် ဖြစ်သည်။

ထိုသို့တွေးမိသွားသောအခါ လင်းအယ်တစ်ယောက် သက်ပြင်းသဲ့သဲ့ချလိုက်၏။ သူမသည် သူမ၏ ဂါဝန်လေးကို ကိုင်၍ ဝိညာဉ်စားကျောက်စိမ်းဖားများရှိသော ရေကန်ဘေးမှ မြက်ခင်းပြင်ပေါ်တွင် ဒူးထောက်ထိုင်လိုက်ပြီး ရေကန်ကို စတင်ပြုပြင်လိုက်၏။

‘ တကယ်ပါပဲ... ငါသာ အစ်ကိုကြီးရဲ့ နှလုံးသားတံခါးကိုဖွင့်ပြီး ငါ့အပေါ် မေတ္တာစိတ်တွေရှိလာအောင် မလုပ်ချင်ဘူးဆိုရင် ဆရာဒေါ်လေးရယ်၊ အစ်မယုံချင်ရယ်နဲ့အတူ လိုက်ပြီး ဒုက္ခခံစရာလိုမှာ မဟုတ်ဘူး... ’

လင်းအယ်သည် သူမ အစ်ကိုကြီး၏ စိတ်ရှုပ်စရာကောင်းသော အကျင့်စရိုက်ကို တစ်ယောက်တည်း သည်းခံနိုင်မည် မဟုတ်ကြောင်း ခံစားလိုက်ရ၏။

“ လင်းအယ်... ”

သူမ၏ နားဘေးမှ ရင်းနှီးသော နှုတ်ဆက်သံတစ်ခု ထွက်ပေါ်လာ၏။ လင်းအယ်သည် အလိုလို ထခုန်မိသွားပြီး သူမ၏ အစ်ကိုကြီးကို မကျေမနပ်ကြည့်လိုက်၏။

“ အစ်ကိုကြီး... ဘာလို့ အသံမပေးဘာမပေးနဲ့ လျှောက်လာရတာလဲ ”

“ အစ်ကိုက အမြဲအဲ့လိုပဲ လျှောက်တာ မဟုတ်ဘူးလား ”

လီချန်ရှို့ မျက်မှောင်ကြုတ်၍ မေးလိုက်၏။

“ ညီမလေးကရော ဒီနေရာမှာ ဘာလို့ ငိုင်နေပြီး စိတ်ပျံ့လွင့်နေရတာလဲ။ တကယ်လို့သာ ရန်သူက ညီမလေးကို အလစ်ဝင်တိုက်မယ်ဆိုရင် ညီမလေး ဘယ်လိုရင်ဆိုင်မလဲ ”

လင်းအယ်သည် လျှာဖျားလေးဖြင့် မကျေမနပ်ပြန်ပြောလိုက်၏။

“ အခုတလော ညီမလေး ပင်ပန်းနေတာကိုး... ပြီးတော့ အစ်ကိုလည်း တောင်ပေါ်မှာ တချိန်လုံးရှိနေတာပဲ။ ဘယ်သူက လာပြီး အလစ်တိုက်နိုင်မှာလဲ ”

လီချန်ရှို့တစ်ယောက် မျက်မှောင်ကြုတ်နေရာမှ အတန်ငယ်ပြေလျာ့သွားပြီး သူ၏ အကြည့်များသည်လည်း တင်းမာမှု လျော့ကျလာလေသည်။

“ အစ်ကို့ကို နည်းနည်းလောက် ထပ်ကူပြီးရင် သွားပြီး ကျင့်ကြံတော့။ ဆရာဒေါ်လေးကျိုးကျိုးကိုပဲ မွေးမြူရေးခြံကို ဆက်ပြင်ခိုင်းလိုက်တော့မယ် ”

လင်းအယ်သည် ချက်ချင်းပင် နှုတ်ခမ်းစေ့လိုက်ပြီး ခိုးခိုးခစ်ခစ်ရယ်လိုက်၏။

“ အိုး... ညီမလေး အစ်ကိုကြီးကို ဘယ်လိုကူညီပေးရမလဲ ”

လီချန်ရှို့ ခေတ္တမျှစဉ်းစား၍ ပြောလိုက်သည်။

“ အစ်ကို့နောက်က လိုက်ခဲ့ ”

ထိုသို့ဖြင့် လီချန်ရှို့နှင့် လင်းအယ်တို့သည် ဘေးနားရှိ စံအိမ်လေးသို့ သွားလိုက်ကြ၏။ ထိုစံအိမ်လေးကို အနုစိတ်ဆောက်လုပ်ထား၏။ အသုံးပြုထားသော ပစ္စည်းများနှင့် သုတ်ဆေးသည် အရည်အသွေးကောင်း၏။ လီချန်ရှို့ မှတ်မိသည်မှာ မှန်လျှင် ထိုစံအိမ်၏ အပြင်အဆင်သည် ယုံချင်ရွှမ်းယာကိုယ်တိုင် ပြုလုပ်ထားခြင်းဖြစ်လေသည်။

သေမျိုးလောကမှ မင်းသမီးတစ်ပါးဆိုသည့် အတိုင်းပင် သူမပြုလုပ်ထားသော ကျားကစားခန်းလေးသည် အထက်တန်းဆန်၍ တော်ဝင်ကျားကစားခန်းကဲ့သို့ အရှိန်အဝါများရှိနေပြီး ဝံ့ဝံ့ကြွားကြွား ရှိလေသည်။

လီချန်ရှို့သည် သူ၏အင်္ကျီလက်အတွင်းမှ ခံ့ညားသော အမျိုးသားတစ်ဦး၏ ပုံတူကို ထုတ်လိုက်၏။ ထိုခံ့ညားသော အမျိုးသား၏ ရုပ်သွင်သည် စက္ကူကိုယ်ပွား၏ ရုပ်သွင်အဖြစ် သူ တစ်သမတ်တည်း ထား,ထားသော ရုပ်သွင်ဖြစ်သည်။

ထို့နောက် သူသည် ထိုပုံတူကို ချိတ်လိုက်ပြီး လင်းအယ် သူမ၏ စိတ်အာရုံကို သုံး၍ ကြည့်နိုင်ရန်အတွက် ပုံတူအနောက်တွင် အိတ်တစ်အိတ်ကို လျှို့ဝှက်၍ ထားလိုက်သည်။

ခေတ္တကြာပြီးနောက် လီချန်ရှို့မေးလိုက်၏။

“ ဘယ်လိုလဲ... ”

“ ဘာကို ပြောတာလဲ... ”

လင်းအယ် ဖြည်းဖြည်းချင်း မျက်တောင်ခတ်လိုက်၏။

လီချန်ရှို့ပြောလိုက်၏။

“ညီမလေးရဲ့ နှလုံးသားထဲမှာ ပုံရိပ်တချို့ ပေါ်လာလား ”

“ ဟင်...”

လင်းအယ် ခေါင်းစောင်းလိုက်သည်။

“ ဒီပုံတူက သာမန်ပုံတူပါပဲ။ ညီမလေးက ဘယ်လိုပုံရိပ်ကို မြင်ရမှာမို့လို့လဲ ”

လီချန်ရှို့ မျက်မှောင်ကြုတ်၍ ပြောလိုက်၏။

“ ဆက်ကြည့်နေပါ... ”

“ ဟုတ်... ”

လင်းအယ် ရိုရိုကျိုးကျိုး ပြန်ဖြေလိုက်သည်။ သူမသည် တင်ပျဉ်ခွေထိုင်လိုက်ပြီး သူမ၏ စိတ်အာရုံကိုသုံးကာ ပုံတူကို ဆက်၍ အာရုံခံလိုက်၏။

လီချန်ရှို့ ဂရုတစိုက်အာရုံခံကြည့်လိုက်သော်လည်း လင်းအယ်တွင် မည်သည့်ပြောင်းလဲမှုမှ မရှိသည်ကို တွေ့လိုက်ရသည်။

“ ဒါက အဓိပ္ပာယ်မရှိဘူး... ”

လီချန်ရှို့သည် ပုံတူကို ပြန်ဖြုတ်လိုက်ပြီး အိတ်ကို ပြန်ယူလိုက်သည်။ ထို့နောက် သူသည် အိတ်အပေါ်ရှိ တံဆိပ်တော်ကို အသက်သွင်းလိုက်ပြီး အတွင်းရှိ ဆေးလုံးများကို လှုံ့ဆော်လိုက်သည်။

ထိုအခိုက်တွင် လင်းအယ်သည် အသံတစ်ခုကို ကြားလိုက်ရ၏။ သူမ၏ မျက်နှာလေးသည် ရုတ်ခြည်း နီမြန်းသွား၏။ သူမသည် ညင်သာစွာ အသက်ရှူထုတ်လိုက်ပြီး နှုတ်ခမ်းကို ခပ်တင်းတင်းကိုက်လိုက်လေသည်။

“ အစ်ကိုကြီး... ”

လီချန်ရှို့သည် အိတ်အပေါ်ရှိ တံဆိပ်တော်ကို အသက်သွင်းလိုက်ပြီး ဆေးလုံးများကို မီးရှို့လိုက်ခြင်းပင်။ သူသည် ဆေးအဆီအနှစ်ကို အရည်ဖျော်လိုက်ပြီး အငွေ့ဖြစ်သွားအောင်လုပ်လိုက်ကာ ထိုအငွေ့များကို လင်းအယ်၏ နှာခေါင်းအတွင်းသို့ ပို့လွှတ်လိုက်ခြင်းပင်။

ခေတ္တမျှကြာပြီးနောက် လင်းအယ်သည် စိတ်ပေါ့သွားဟန် သက်ပြင်းတစ်ချက် ချလိုက်ပြီး လီချန်ရှို့ကို ကြောက်ကြောက်ရွံ့ရွံ့ဖြင့် ကြည့်လိုက်၏။ သို့သော် သူမသည် အောက်ပါစကားများကို ပြောလိုက်ချိန်တွင် မျက်နှာလေး နီမြန်းသွား၏။

“ အစ်ကိုကြီး အခုဘာလုပ်လိုက်တာလဲ။ အစ်ကိုကြီးသာ တကယ်...တကယ်... အဲ့လို နည်းတွေသုံးနေစရာမလိုပါဘူး... ဒီအတိုင်းပြောလိုက်ရင် ရပါပြီ ”

လီချန်ရှို့က ခေါင်းမော့၍ ပြောလိုက်၏။

“ ကောင်းကောင်း ကျင့်ကြံပါ။ အများကြီး လျှောက်တွေးမနေနဲ့။ အစ်ကိုက ဆရာ့ကိုပေးမယ့် ဆေးလုံးကို စမ်းသပ်ကြည့်ရုံပါ ”

ထိုသို့ပြောပြီးနောက် လီချန်ရှို့သည် ခေါင်းငုံ့ကာ တွေးတောရင်း အဝေးသို့ လျှောက်သွားလေတော့သည်။

‘ ဒီဆေးလုံးက စိတ်ဝင်စားနေတဲ့သူ ရှိပြီးသား လူတွေအပေါ်မှာ အကျိုးသက်ရောက်မှု မရှိဘူးလား ’

‘ အဲ့လိုဆိုရင် ဆရာဦးလေးကျိုးဝူတစ်ယောက် ကာမအားတိုးဆေးလုံးလာယူတုန်းကလည်း ဒီလိုပဲ မိန်းမလှလေးရဲ့ပုံတူနောက်မှာ ဒီဆေးလုံးပဲထားတာကို ဆရာဦးလေးကျိုးဝူကျတော့ ဘာလို့... ’

‘ ဆေးလုံးရဲ့ အာနိသင်ကပဲ မတည်ငြိမ်တာလား...ဒါမှမဟုတ် ဆရာဦးလေးကျိုးဝူကိုယ်တိုင်ကိုက... ’

ရှပ်..ရှပ်..

‘ အိုး သွားပြီ...သွားပြီ ’

“ အစ်ကိုကြီး... ”

လင်းအယ်သည် သူနောက်ကို ပြေးလိုက်လာပြီး စံအိမ်တံခါးကို ကိုင်ကာ နူးနူးညံ့ညံ့မေးလိုက်၏။

“ အဲ့ဆေးလုံးကို ညီမလေးကိုယ်ပေါ်မှာ ထား,ထားပြီး အစ်ကိုကြီးက စိတ်အာရုံသုံးပြီး အာရုံခံကြည့်ပေါ့။ ကိုယ်တိုင်စမ်းသပ်ကြည့်မှ အဲ့ဆေးလုံးရဲ့ အာနိသင်ကို သေချာသိမှာမလား... ”

လီချန်ရှို့ လမ်းလျှောက်နေသည်ကို ရပ်လိုက်ပြီး လက်ခါပြလိုက်သည်။ ထို့နောက် သူသည် တိမ်စီးကာ ဆေးဖော်ဆောင်ဆီသို့ ပျံသန်းသွားလိုက်လေသည်။

“ ဟွန့်... အစ်ကိုကြီး မလုပ်ရဲမှန်း သိသားပဲ။ အစ်ကိုကြီးက သတိကြီးကြီးဘယ်လိုနေရမလဲ တည်တည်ငြိမ်ငြိမ်ဘယ်လိုနေရမလဲဆိုတာပဲ သိတာ... ”

လင်းအယ်နှာခေါင်းရှုံ့လိုက်ပြီး မျက်လုံးပင့်ကာ စံအိမ်အတွင်းရှိ သူမ၏အခန်းသို့ ဘောက်ဆတ်ဆတ်ဖြင့် ပြန်သွားလိုက်၏။

သို့သော် လီချန်ရှို့သည် သူဖော်ထားသော ဆေးလုံးနှစ်မျိုးအား မည်သို့ အဆင့်မြှင့်ရမည်ကို တွေးတောနေပေပြီ။

နတ်အာရုံတုံ့ပြန် အဆိပ်ဆေးလုံးသည် အကြီးအကဲဝမ်လင်းယွမ်၏ တီထွင်ကြံဆမှုဟု ဆိုနိုင်သည်။ လီချန်ရှို့သည် ထိုအကြံကို မှီငြမ်း၍ ဆေးလုံးမူကွဲတစ်မျိုး တီထွင်ခဲ့ခြင်းပင်။ ထိုအခိုက်တွင် သူသည် နတ်အာရုံတုံ့ပြန် ဆေးလုံးနှစ်မျိုးကို ဖော်စပ်ထား၏။ သူသည် ထိုဆေးလုံးဖော်ရန် လိုအပ်သော ဆေးပင်များနှင့် ရတနာများအတွက် ပိုက်ဆံအမြောက်အမြား အသုံးပြုခဲ့ရလေသည်။ သို့သော် ရလာဒ်သည် မဆိုးလှပေ။ သူ၏ ဝှက်ဖဲစာရင်းသည် ပို၍ များလာပေပြီ။

လီချန်ရှို့ စမ်းသပ်ခဲ့သော ဆေးလုံးသည် ကျင့်ဝတ်နှင့်မညီသော နတ်အာရုံဖြင့် အာရုံခံရခြင်းကို ကာကွယ်ပေးနိုင်သော ဝိညာဉ်ဆေးလုံးပင်။ ထိုဆေးလုံးကို “ ကင်းထောက်ကာကွယ်ဆေးလုံး ” ဟု အမည်ပေးထား၏။ လီချန်ရှို့သည် ထိုဆေးလုံးကို မည်သူ့ကိုမှပေးရန် ရည်ရွယ်ချက်မရှိပေ။

အကယ်၍ ထိုဆေးလုံးသာ ပျံ့နှံ့သွားပါက သူ့ကိုလည်း ထိုဆေးလုံးဖြင့် ပြန်ဒုက္ခပေးနိုင်ပေသည်။

သူ ထိုကင်းထောက်ကာကွယ်ဆေးလုံးကို ဆောင်ထားစဉ်တွင် တစ်စုံတစ်ယောက်က သူ့ကို နတ်အာရုံသုံး၍ ထောက်လှမ်းခဲ့ပါက သူ့ဘေးပတ်လည်တွင် ဝိညာဉ်မြူခိုးတန်းတစ်တန်း ပေါ်လာပေလိမ့်မည်။

ထိုဝိညာဉ်မြူခိုးတန်းသည် သူ့အား ထောက်လှမ်းနေသူကို ညွှန်ပြနိုင်ပေသည်။

သူသည် ဒုတိယဆေးလုံးတစ်မျိုးကို ‘ နှလုံးသားမီးလျှံဆေးလုံး ’ဟု အမည်ပေးထား၏။

လီချန်ရှို့သည် ထိုဆေးလုံးကို မြေခွေးမိစ္ဆာမ၏ စိတ်ညှို့မန္တန်ကို မှီငြမ်း၍ ပြုလုပ်ထားခြင်းပင်။ သူသည် ထိုဆေးလုံး၏ အခြေခံအဖြစ် အချစ်ကျောက်ခဲနှင့် အချစ်အရက်ကို သုံး၍ လွန်ခဲ့သည့် လအနည်းငယ်အတွင်း အကြိမ်ရာချီ စမ်းသပ်ခဲ့၏။ သူသည် မှန်ကန်သော ဆေးညွှန်းကို မတော်တဆရှာတွေ့ခဲ့လေသည်။

အကြီးအကဲဝမ်လင်းယွမ်၏ နတ်အာရုံတုံ့ပြန် အဆိပ်ဆေးလုံးသည် သလင်းပြာနတ်ဆူးချွန်ပိုးကောင်၏ အထူးအဆိပ်ဂုဏ်သတ္တိကို သုံး၍ မိမိကို အာရုံခံသူ၏ မူလဝိညာဉ်ကို ထိခိုက်အောင် ပြုလုပ်ခြင်းပင်။

လီချန်ရှို့ တီထွင်ထားသော ‘ နှလုံးသားမီးလျှံဆေးလုံး ’သည် စိတ်ညှို့မန္တန်၏ နိယာမကိုအခြေခံ၍ သလင်းပြာနတ်ဆူးချွန်ပိုးကောင်နေရာတွင် အချစ်ကပ်ပါးပိုးကို အစားထိုးထားခြင်းပင်။

သူသည် မြေခွေးမိစ္ဆာမကိုသွားတွေ့ရန် ဂိုဏ်းမှခွင့်ပြုချက်ရပြီးနောက် သူ့ဆရာ၏ အသွင်ကို ယူ၍ စိတ်ညှို့မန္တန်ကို လေ့လာရန် မြေကြောမန္တန်အစီအရင်အတွင်း၌ ဖမ်းချုပ်ထားသော အတုမဲ့နတ်ဝိဇ္ဇာအဆင့်ရှိသည့် မြေခွေးမိစ္ဆာမကိုသွားတွေ့ခဲ့၏။

သူသည် အကြိမ်အနည်းငယ် လေ့လာသုံးသပ်ခဲ့ပြီး မြေခွေးမိစ္ဆာမနှင့် ချုံတောင်လေးကြားတွင် ငြိတွယ်နေသော ကမ္မနှောင်ကြိုးများကို ပါးပါးနပ်နပ်ဖြင့် ဖြေလျှော့ခဲ့သည်။

မည်သို့လုပ်ခဲ့ကြောင်းသည် အရေးမကြီးပေ။ နောက်ဆုံးတွင် မြေခွေးမိစ္ဆာမသည် ကျိန်ဆိုခဲ့လေသည်။

လီချန်ရှို့သည် နှစ်လခန့် နှလုံးသားမီးလျှံဆေးလုံး၏ ဆေးအာနိသင်များကို ပြင်ဆင်ပြီးသောအခါ စက္ကူကိုယ်ပွားတစ်ရုပ်၊ နှလုံးသားမီးလျှံဆေးလုံးတစ်လုံးနှင့် ကင်းထောက်ကာကွယ်ဆေးလုံးတစ်လုံးတို့ကို အထူးပြုလုပ်ထားသော အိတ်တစ်အိတ်အတွင်းသို့ ထည့်လိုက်၏။

သူ့ဆရာအနေဖြင့် ထိုအိတ်ကိုဆောင်ထားပြီး လျှောက်သွားလိုက်လျှင် ရပေပြီ။

အကယ်၍ သူ၏ဆရာအား နတ်အာရုံတစ်ခုခုက လာ၍ ထောက်လှမ်းပါက လီချန်ရှို့သည် စက္ကူကိုယ်ပွားကို အသုံးပြု၍ ထိုအာရုံခံသူ၏ ရုပ်ရည်၊ အကျင့်စရိုက်ကို ပြန်၍လေ့လာ ဆုံးဖြတ်မည်ဖြစ်သည်။ ထိုအာရုံခံသူသည် မဆိုးလှပါက သူသည် နှလုံးသားမီးလျှံဆေးလုံးပေါ်ရှိ တံဆိပ်တော်ကို အသက်သွင်းလိုက်မည်ဖြစ်သည်။

သူသည် ဆရာဒေါ်လေး မည်သည်အဖြစ် ပြန်ဝင်စားသွားသည်ကို ရှာသင့်သော်လည်း သူ၏ဆရာ အခန်းအောင်းကျင့်ကြံနေခြင်းမှ အမြန်ဆုံးထွက်လာပြီး အမျိုးသမီးချီကျင့်ကြံသူများ၏ လာရောက်ပရောပရီလုပ်မှုကို ခံရပါက သူ့ဆရာသည် ပြန်၍ စိတ်ဓာတ်တက်ကြွလာနိုင်ပေသည်။ ထိုအရာသည် တပည့်တစ်ယောက်အနေဖြင့် သူလုပ်ပေးနိုင်သည့် အရာသာဖြစ်သည်။

လီချန်ရှို့သည် အိတ်ကလေးကို ပြင်ဆင်လိုက်ပြီး သူ့ဆရာ၏ ကောက်ရိုးတဲဆီသို့ တိမ်စီးကာ သွားလိုက်၏။

လီချန်ရှို့သည် ဝိညာဉ်သားရဲမွေးမြူရေးခြံတွင် အလုပ်ရှုပ်နေသော မိန်းမပျိုသုံးယောက်ကို တွေ့လိုက်ရသောအခါ ပြုံးမိသွား၏။ သူမတို့သည် ယခင်ကထက်ပို၍ အလေးအနက်ထား လုပ်ကိုင်နေ၏။

သို့ရာတွင် လီချန်ရှို့ ကောက်ရိုးတဲထံမရောက်မီမှာပင် လှုံ့ဆော်မှုတစ်ခုကို ရုတ်တရက်ခံစားလိုက်ရ၏။

သူသည် လက်ချောင်းများကို ထိ၍ နိမိတ်ဖတ်ကြည့်လိုက်ရာ စစ်သူကြီးတုံမုသည် သူ့ကို ဘုံကျောင်းအတွင်း၌ စောင့်နေကြောင်း သိလိုက်ရ၏။

‘ အဲ ဘုံကျောင်းဆိုမှ ငါ့မှာ...အဟမ်း.. ဘုံကျောင်း(၆၆၉၂)ကျောင်းတောင် ရှိနေပြီပဲ။ အဲဒါကို စစ်သူကြီးတုံမုက ဘာလို့ အဲ့ဘုံကျောင်းကိုပဲ သွားနေရတာလဲ။ တခြား လုံလုံခြုံခြုံရှိတဲ့ ဘုံကျောင်းတွေကို သွားလို့မရဘူးလား... ’

‘ အင်း ဒီကိစ္စကို ဘယ်လိုမှ ဖုံးကွယ်ထားလို့ရမှာ မဟုတ်ဘူး။ မကြာခင် လူတွေ သတိထားမိသွားမှာပဲ ’

လီချန်ရှို့ စိတ်ထဲမှ အပြစ်တင် ညီးညူလိုက်သည်။ စစ်သူကြီးတုံမုကို လူသိမခံရန် သူသတိပေးရပေမည်။

သူသည် တိမ်ကို ဘေးသို့လှည့်၍ သူ့ကောက်ရိုးတဲဆီသို့ သွားလိုက်၏။

သူသည် ထိုအချိန်တွင် အလုပ်များကို တစ်ပြိုင်တည်း လုပ်နေခြင်းပင်။ သူသည် မြောက်ကျွန်းသို့သွားကာ အဆိပ်ပိုးကောင်ရှာနေသော အကြီးအကဲ ဝမ်လင်းယွမ်ကို စက္ကူကိုယ်ပွားမှတဆင့် စောင့်ကြည့်နေ၏။ အကြီးအကဲဝမ်လင်းယွမ်တစ်ယောက် လုံခြုံမှုရှိကြောင်းကို သိရသောအခါ သူသည် ပင်လယ်စောင့်နတ်မင်းဘုံကျောင်းအောက်ရှိ စက္ကူကိုယ်ပွားကို နှိုးလိုက်လေသည်။

All Chapters