အခန်း ၉
Vol. 1 Ch. 9
အခန်း (၉)
ခရီးလမ်း
ကျီခရိုင်မြို့အပြင်ဘက်တွင် မိုးဖွဲဖွဲလေးများ ရွာသွန်းလျက် ရှိနေသည်။
ဝမ်မိသားစုဝင်အားလုံးသည် ဝမ်ကျင်းအား လိုက်လံပို့ဆောင်ရန် ရောက်ရှိနေကြပြီး၊ ဝမ်အဘိုးကြီးသည် ဝမ်ကျင်း၏လက်များကို တင်းကျပ်စွာ ဆုပ်ကိုင်ထားလေသည်။ “ငါတို့ ဝမ်မိသားစုရဲ့ ချီလင်သားရတနာလေး... အရာရှိအဖြစ် တာဝန်တွေကို ကောင်းကောင်းထမ်းဆောင်စမ်း။ ငါတို့ ဝမ်မိသားစုရဲ့ ရာဇဝင်နဲ့ ဂုဏ်ဒြပ်အားလုံးက မင်းရဲ့ ပုခုံးနှစ်ဖက်ပေါ်မှာပဲ လုံးလုံးလျားလျား တည်မှီနေတာနော်။”
ဝမ်ကျင်းသည် မိမိရှေ့တွင်ရှိသော၊ မျက်ဝန်းထဲ၌ မခွဲနိုင်မခွာရက်ဖြစ်ခြင်းနှင့် မျှော်လင့်တကြီး ရှိနေခြင်းတို့ ပြည့်နှက်နေသည့် အဘိုးအိုအား ကြည့်ရှုရင်း သူ၏နှလုံးသားသည်လည်း လှိုင်းဂယက်ထသွားရကာ အပြင်ပန်းတွင် ပြသနေသကဲ့သို့ တည်ငြိမ်မနေနိုင်ခဲ့ချေ။ ဝမ်မိသားစု၏ အခြားသောသူများကို ခေတ္တခဏ ဖယ်ထားလျှင်တောင်မှ အဘိုးကမူ သူ့အပေါ် တကယ့်ကို အဆိုးမရှိ ကောင်းမွန်ရှာပေသည်။
အင်း... ဤသည်မှာလည်း အဘိုးအိုကြီး ကွယ်လွန်သွားပြီးမှသာ သူ၏ တတိယဦးလေးကို ဘဝတစ်ပါး၌ သားဝတ်တရား ကျေပွန်စေရန် မြေအောက်ကမ္ဘာသို့ ပို့ဆောင်ရန် ဝမ်ကျင်း စိတ်ကူးထားရသည့် အကြောင်းရင်း ဖြစ်ပေသည်။ အဆုံးမှာတော့ ဆံပင်ဖြူသူက ဆံပင်နက်သူရဲ့ နာရေးကို လိုက်လံပို့ဆောင်ရတာဟာ အလွန် စိတ်ဆင်းရဲစရာကောင်းတဲ့ ကိစ္စတစ်ခု မဟုတ်ပါလား။ ဤတတိယဦးလေးမှာ မည်သည့်စွမ်းဆောင်ရည်မျှ မရှိဘဲ ဂဏာမငြိမ်ဖြစ်နေသူမို့ စောစောနှင့် နောက်နောက် ပြဿနာရှာဦးမည်သာ ဖြစ်ရာ၊ နောင်အနာဂတ်တွင် သူ၏ပြဿနာများကို လိုက်လံရှင်းလင်းပေးရန် ဝမ်ကျင်းက ပျင်းရိနေခြင်း ဖြစ်၏။ သူသည် မိမိ၏ဖခင် ဝမ်ကျန့်ထံမှ သင်ယူပြီး ဘာမှမလုပ်ဘဲ အေးအေးဆေးဆေး ငြိမ်သက်ကာ ဘဝကိုသာ သာယာအေးချမ်းစွာ ခံစားသင့်ပေသည်။
ထိုသို့တွေးတောရင်း ဝမ်ကျင်းသည် လူအုပ်ကြီး၏နောက်ကွယ်တွင် ကိုယ်ကိုကျုံ့၍ ပုန်းနေသော တတိယဦးလေး၊ အဘိုးအိုကြီး၏ နောက်ကွယ်တွင် မတ်တပ်ရပ်နေသော ဝမ်ကျန့်နှင့် မိမိ၏ ညီငယ်နှစ်ဦးတို့ကို တစ်ချက် ဝေ့ဝဲကြည့်ရှုလိုက်သည်။ ဝမ်ချန်သည် ဝမ်ကျင်းအား နန်းတွင်းမှ နယ်စားမင်းကြီးအဖြစ် ခန့်အပ်လိုက်ကြောင်း ကြားသိရပြီးနောက် ဤတူဖြစ်သူကို ပို၍ပင် ကြောက်ရွံ့သွားတော့သည်။ ဝမ်ကျင်းက သူ့အား စိုက်ကြည့်လိုက်သောအခါ သူသည် တုန်လှုပ်သွားရကာ နောက်သို့ ပိုမိုဆုတ်ကွယ်သွားပြီး၊ သူ၏ မျက်လုံးအသေးလေးများမှာလည်း မည်သည်ကို တွေးတောနေသည်မသိ ဟိုဟိုဒီဒီ ပြာပြာသလဲ ဝေ့ဝဲနေခဲ့၏။
ဝမ်ကျင်းသည် အဘိုး၏ လက်ဖမိုးကို သာသာလေး ပုတ်လိုက်ပြီးနောက် ဝမ်ကျန့်ဘက်သို့ လှည့်ကာ ပြောလိုက်လေသည်။ “အဖေ... သားက ယွဲ့ပြည်နယ်ကို ရာထူး လက်ခံဖို့ သွားရတော့မှာ။ ဇာတိမြေနဲ့ မိုင်ပေါင်းထောင်ချီ ဝေးကွာတာမို့ ပြန်လာဖို့က မလွယ်ကူဘူး။ အဖေအနေနဲ့ ညီငယ်နှစ်ယောက်ကို သေသေချာချာ ထိန်းကျောင်းပဲ့ပြင်ပါ၊ သူတို့ကို လျှောက်ပြီး ပြဿနာမရှာပါစေနဲ့။ အကယ်၍ မိသားစုအတွင်းမှာ တစ်ခုခု ထူးခြားတာရှိရင် သားဆီကို လူလွှတ်ပြီး သတင်းစကား ပါးလိုက်လို့ ရပါတယ်။ ပုံမှန်အချိန်တွေမှာ ခရိုင်မင်းကြီး ‘လီရှန့်’ နဲ့ ပိုပြီးတော့ ဆက်ဆံရေး ရှိထားပါ။ ကျွန်တော်တို့က ကဗျာဝိုင်းတွေကနေတစ်ဆင့် ရင်းနှီးတဲ့ ဆက်ဆံရေး ရှိခဲ့ကြတာ။ လီရှန့်က လောလောဆယ် ခရိုင်မင်းကြီးတစ်ယောက်ပဲ ဖြစ်နေသေးပေမယ့်၊ သူက အင်အားကြီး လီမျိုးနွယ်စုရဲ့ သားသမီးဖြစ်လို့ နောင်တစ်ချိန်မှာ ရာထူးတိုးတက်ဖို့ သေချာသလောက်ပဲ။ ဒါ့အပြင် ဒီခရိုင်မင်းကြီးက လက်ရှိဒေသတွင်းရဲ့ အာဏာပိုင်အစစ်အမှန်လည်း ဖြစ်တယ်။”
ဝမ်ကျန့်သည် နားထောင်ရင်း၊ ငယ်စဉ်ကတည်းက ဉာဏ်ပညာ အလွန်ထက်မြက်လှသည့် မိမိ၏ သားကြီးအား စိုက်ကြည့်နေမိတော့သည်။ ဖြူစင်ဝင်းပသော အသားအရေ၊ ရှည်လျားကျဉ်းမြောင်းသည့် ဖီးနစ်မျက်ဝန်းအစုံ၊ ထက်မြက်သော မျက်ခုံးတန်း၊ မြင့်မားသော နှာတံနှင့် ပါးလွှာနူးညံ့သော နှုတ်ခမ်းအစုံတို့က သူ့အား အလွန်ပင် ခန့်ညားထည်ဝါ၍ စာပေပညာရှင်ရုပ်ရည်ကို ပိုင်ဆိုင်ပေသည်။ “မင်းက မင်းအမေနဲ့ တကယ့်ကို တူတာပဲ...”
“ကျွန်တော်က အဖေနဲ့ ကျွန်တော့်ရုပ်ရည်အကြောင်း ဆွေးနွေးနေတာလား။ ကျွန်တော်ပြောခဲ့တဲ့ စကားတွေကိုရော သေချာမှတ်မိရဲ့လား။” ဝမ်ကျင်းက မျက်မှောင်ကြုတ်လိုက်ပြီး လေသံအနည်းငယ်ဖြင့် မကျေမနပ် ဆုံးမလိုက်၏။
ဝမ်ကျန့်က “အေး... အေး... ငါမှတ်မိပါတယ်” ဟု တိုးတိုးလေး ရေရွတ်လိုက်၏။
မိမိဖခင်၏ မည်သည့်အရာကိုမျှ စိတ်မဝင်စားဘဲ အေးအေးဆေးဆေးသာ နေလိုသည့် အမူအရာကို မြင်သောအခါ ဝမ်ကျင်းမှာ ဒေါသများ ထွက်ပေါ်လာရသော်လည်း၊ ခွဲခွာရတော့မည့်အချိန် ရောက်လုနီးနေပြီဖြစ်သလို ခရိုင်မြို့တံခါးဝတွင်လည်း လူအများ အသွားအလာ ရှုပ်ထွေးနေသဖြင့် ဒေါသပုံမချလိုတော့ချေ။
သူသည် မိမိ၏ရင်ခွင်ထဲမှ စာတစ်စောင်ကို ထုတ်ယူကာ ဝမ်ကျန့်၏ လက်ထဲသို့ အတင်းထည့်ပေးလိုက်ပြီး ပြောလိုက်သည်။ “ခရိုင်မင်းကြီး လီရှန့် နယ်လှည့်စစ်ဆေးရေးခရီးကနေ ပြန်ရောက်လာရင် ဒါကို သူ့ဆီ ပေးလိုက်ပါ။”
ထို့နောက် သူက အဘိုးဘက်သို့ လှည့်ကြည့်ကာ “မြေး သွားရတော့မယ်။ ကိုယ်စိတ်နှစ်ပါးလုံး ကျန်းမာအောင် ဂရုစိုက်ပါဦး။”
အခြေအနေကိုပင် ထပ်မံစောင့်မနေတော့ဘဲ သူသည် ချက်ချင်းလှည့်ကာ လမ်းဘေးတွင် စောင့်ဆိုင်းနေသော မြင်းရထားလုံးပေါ်သို့ တက်လှမ်းသွားခဲ့ပြီး၊ လှည့်လိုက်သည့် ခဏ၌ မျက်ဝန်းထောင့်မှ ထွက်ပေါ်လာသော မျက်ရည်စကို အသာအယာ သုတ်လိုက်လေသည်။ မြင်းရထားလုံးအနီးတွင် စောင့်ဆိုင်းနေသော အာဟုသည် ဝမ်ကျင်း ရထားပေါ်သို့ တက်သွားသည်ကို မြင်လျှင် သူ၏နောက်ကွယ်ရှိ ရှည်လျားလှသော ယာဉ်တန်းကြီးကို အော်ဟစ်အမိန့်ပေးလိုက်သည်။
“ထွက်ခွာကြစို့။”
ရှည်လျားလှသော မြင်းရထားနှင့် မြင်းသည်တော် ယာဉ်တန်းကြီးသည် တဖြည်းဖြည်း ရွေ့လျားသွားတော့၏။ ကျောပြင်တွင် ထက်မြက်လှသော ဓားရှည်များကိုယ်စီ လွယ်ထားကြပြီး ကောင်းမွန်သော မြင်းများကို စီးနင်းထားသည့် သိုင်းဝတ်စုံဝတ် သန်မာထွားကျိုင်းသော စစ်သည်တော် ဒါဇင်ပေါင်းများစွာတို့သည်လည်း ဝမ်ကျင်း၏ မြင်းရထားလုံးနှင့်အတူ ယှဉ်တွဲ၍ မြင်းဒုန်းစိုင်းနှင်လိုက်ကြလေသည်။
ဝမ်ချွဲသည် မတ်တပ်ရပ်ကျန်ရစ်ခဲ့ပြီး ယာဉ်တန်းကြီး တဖြည်းဖြည်း ပျောက်ကွယ်သွားသည်ကို ကြည့်ရှုရင်း မျက်ဝန်းများ ဝေဝါးစိုစွတ်လာခဲ့၏။ နောက်တစ်ကြိမ် မည်သည့်အချိန်တွင် ပြန်လည်ဆုံတွေ့ရဦးမည်ကို သူ မသိရှိတော့ချေ။ အကယ်၍ သူသာ အသက်ကြီးရင့်ခြင်း အိုမင်းမစွမ်းဖြစ်၍ ခရီးကြမ်း၏ လှုပ်ခါမှုဒဏ်ကို မခံနိုင်ခြင်း မရှိပါကလည်းကောင်း၊ ဇာတိမြေသို့ မပြန်နိုင်တော့ဘဲ ပြင်ပသူစိမ်းမြေတွင် သေဆုံးသွားရမည်ကို စိုးရိမ်စိတ် မရှိပါကလည်းကောင်း၊ သူသည် မိမိ၏ မြေးကြီးနောက်သို့ ယွဲ့ပြည်နယ်အထိ တကယ့်ကို လိုက်ပါသွားချင်မိပေလိမ့်မည်...
“အာဟု... ငါတို့ ဘယ်နေရာကို ရောက်နေပြီလဲ။” မြင်းရထားလုံးအနီးတွင် မြင်းစီးလိုက်ပါလာသော အာဟုသည် ခေါ်သံကို ကြားလျှင် မြင်းကို အရှိန်မြှင့်၍ ရထားလုံးအနီးသို့ ကပ်လိုက်ကာ ပြန်လည်ဖြေကြားခဲ့သည်။
“ကျွန်တော်တို့ မင်ပြည်နယ်ကို ဖြတ်ကျော်ခဲ့ပြီးပါပြီ။ နေမဝင်ခင်မှာ ယွဲ့ပြည်နယ်ရဲ့ နယ်စပ်ကို ရောက်ရှိမှာ ဖြစ်ပါတယ်။”
ဝမ်ကျင်းသည် ထိုစကားကို ကြားသောအခါ သက်ပြင်းအရှည်ကြီး ချလိုက်မိပြီး ရေရွတ်လိုက်သည်။ “နောက်ဆုံးတော့လည်း ရောက်လုနီးပြီပဲ။ ခရီးနှင်လာတာ နှစ်လတောင် ရှိသွားပြီ မဟုတ်လား။”
“မှန်ပါတယ် သခင်လေး။ ကျွန်တော်တို့မှာ လူအင်အား အများကြီး ပါလာတာမို့ ခရီးအမြန်မနှင်နိုင်တာရယ်၊ ကျီခရိုင်က ယွဲ့ပြည်နယ်နဲ့ အလွန်အမင်း ဝေးကွာလွန်းတာကြောင့်လည်း ပါပါတယ်”
ဝမ်ကျင်းသည် ခေါင်းကို အပြင်သို့ ပြူထွက်၍ ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်ရှုလိုက်ရာ၊ လူသူတစ်ဦးတစ်ယောက်မျှ မရှိသော ခြောက်ကပ်လှသည့် တောကန္တာရ လွင်ပြင်ကျယ်ကြီးတစ်ခုသာ ဖြစ်နေသည်ကို တွေ့ရ၏။
“ဒီနေရာမှာ ရပ်ပြီး လူစောင့်ကြမယ်။”
“အမိန့်အတိုင်းပါ”
သူသည် မိမိ၏ အတွင်းအားကို မြှင့်တင်ကာ ကျယ်လောင်စွာ အော်ဟစ်အမိန့်ပေးလိုက်သည်။
“ရပ်ကြစို့။”
ရှည်လျားလှသော ယာဉ်တန်းကြီးသည် တဖြည်းဖြည်းချင်း အရှိန်လျှော့၍ ရပ်တန့်သွားလေတော့သည်။
မြင်းရထားလုံးအတွင်း၌ ဝမ်ကျင်းသည် စနစ်ဆိုင်ခန်းကို ဖွင့်လှစ်ကာ သူ၏ ငွေစာရင်းလက်ကျန်ကို စစ်ဆေးကြည့်ရှုလိုက်၏။ လမ်းခရီးတစ်လျှောက် အပျင်းပြေစေရန်အတွက် အသေးအမွှား ကစားစရာ အချို့ကို လဲလှယ်အသုံးပြုခဲ့သည်မှလွဲ၍ သူ၌ ရန်ပုံငွေ ၃,၁၈၉,၅၀၀ အထိ ရှိနေဆဲပင် ဖြစ်သည်။
“လက်ထောက်... ဝေနိုင်ငံတော် နန်းတွင်းကိုယ်ရံတော် အယောက် ၁၀၀ ကို ထုတ်ယူပြီး အနီးအနားမှာ ဖြန့်ကြက်ချထားလိုက်စမ်း။”
“ဒင်... ဖြန့်ကြက်ပြီးပါပြီ။”
ဝမ်ကျင်းသည် စနစ်ဆိုင်ခန်းကို ထပ်မံဖွင့်လှစ်ပြီး ဝေနိုင်ငံတော် နန်းတွင်းကိုယ်ရံတော် ၄၀၀၊ ဝေနိုင်ငံတော် လေးသည်တော် ၂၀၀ နှင့် ဝေနိုင်ငံတော် ရဲရင့်သော မြင်းသည်တော် ၁၀၀ တို့ကို ထပ်မံလဲလှယ်လိုက်ပြန်သည်။
‘ဝေဘုရင်၏ တံဆိပ်တုံး’ အစွမ်းကြောင့် ဝေစစ်သည်များကို လဲလှယ်သည့် ကုန်ကျစရိတ်ကို ၂၀ ရာခိုင်နှုန်း လျှော့ချပေးသဖြင့် ဝမ်ကျင်းသည် ဝေစစ်တပ်အမျိုးအစား အားလုံးကို လဲလှယ်ယူခဲ့ခြင်း ဖြစ်၏။ မူလက ကုန်ကျစရိတ် ၃၅၀,၀၀၀ ရှိမည့်အရာကို ယခုအခါ ၂၈၀,၀၀၀ မျှဖြင့် လဲလှယ်နိုင်ခဲ့ခြင်း ဖြစ်ပေသည်။ ကျန်ရှိနေသော ရန်ပုံငွေ ၂,၉၀၉,၅၀၀ ကို ကြည့်ရှုရင်း ဝမ်ကျင်းမှာ ငွေကြေးဟူသည် တကယ့်ကို မလုံလောက်နိုင်ပါတကားဟု သက်ပြင်းမချဘဲ မနေနိုင်ခဲ့ချေ။
သို့သော်လည်း ကံကောင်းထောက်မစွာဖြင့် သူသည် ဖုန်းရွှေပညာကို နားလည်သော ထိုအဘိုးအိုနှင့် တွေ့ဆုံခဲ့ရသဖြင့် နောင်တွင် ယွဲ့ပြည်နယ်၌ ရှေးဟောင်းဂူဗိမာန်များကို တူးဖော်လုယက်ကာ စီးပွားရှာနိုင်တော့မည် ဖြစ်သည်။ “လက်ထောက်... ဝေနိုင်ငံတော် နန်းတွင်းကိုယ်ရံတော်တွေ၊ လေးသည်တော်တွေနဲ့ ရဲရင့်သော မြင်းသည်တော်တွေ အားလုံးကို အနီးအနားမှာ ဖြန့်ကြက်ပြီး စုရုံးစေလိုက်စမ်း။”
“ဒင်... ဖြန့်ကြက်ပြီး စုရုံးရန် အမိန့်ထုတ်ပြန်ပြီးပါပြီ။”
“ဒင်... အရှင်သခင်၏ ချောက်ဝေအင်အားစု စစ်သည်တော်များအား ပထမဦးဆုံးအကြိမ် ဆင့်ခေါ်မှုအဖြစ် ချောက်ဝေ စစ်သူကြီးတစ်ဦးကို ကျပန်း ချီးမြှင့်ပေးအပ်ပါသည်။”
“ဟိုး... ဒီလို ကောင်းတဲ့အချက်မျိုးတောင် ရှိသေးတာပဲ။”
ဝမ်ကျင်းသည် မြင်းရထားလုံးအတွင်း၌ လှဲလျောင်းရင်း စောင့်ဆိုင်းနေခဲ့ပြီး၊ အာဟုကမူ ပတ်ဝန်းကျင်ကို သတိကြီးစွာဖြင့် အကဲခတ် စစ်ဆေးနေခဲ့၏။ အတန်ကြာပြီးနောက်... ရှေ့ဘက်မျက်နှာစာ လမ်းမထက်ဆီမှ စနစ်ကျလှသော ခြေသံများနှင့် မြင်းခွာသံများ ဆက်တိုက် ထွက်ပေါ်လာခဲ့ပြီး၊ ချပ်ဝတ်တန်ဆာများ၏ တိုက်ခတ်သံများနှင့်အတူ ထိုအသံများသည် ဝေးရာမှ နီးရာသို့ တဖြည်းဖြည်း ကပ်လျက် ရောက်ရှိလာတော့သည်။
အာဟုသည် မြင်းရထားလုံးအနီးသို့ အလျင်အမြန် ပြေးဝင်လာကာ အစီရင်ခံလိုက်သည်။ “သခင်လေး... စစ်တပ်တစ်ခု ချီတက်လာနေပါတယ် ခင်ဗျာ။ ကျွန်တော်တို့ရဲ့ အမှတ်အသား အလံတွေကို မြှင့်တင်ပြီး မိတ်ဆက်ရမလား ခင်ဗျာ။”
“ဟားဟား... မလိုပါဘူးကွာ၊ အဲဒါ ငါတို့လူတွေပဲ။”
ဝမ်ကျင်းသည် မြင်းရထားလုံးပေါ်မှ ဆင်းသက်လိုက်ပြီးနောက် ဤလောကတွင် သူ ပထမဦးဆုံးအကြိမ် ဆင့်ခေါ်လိုက်သည့် စစ်သည်တော် အဖွဲ့နှင့် စစ်သူကြီးကို တွေ့မြင်ရတော့မည်ဖြစ်၍ မျှော်လင့်တကြီးဖြင့် ရှေ့တည့်တည့်သို့ စိုက်ကြည့်နေမိတော့သည်။