← Chapters

ဆရာကလည်း အတော်လေး ချောမောခံ့ညားတာကိုး

Vol. 10 Ch. 131

ဆရာကလည်း အတော်လေး ချောမောခံ့ညားတာကိုး

Vol. 10 Ch. 131

လီချန်ရှို့သည် အနာဂတ်တွင် မိန်းမပွေသူဖြစ်လာမည့် စစ်သူကြီးက သူ့ထံသို့ ကမ္မနှောင်ကြိုးများ ယူဆောင်လာလိမ့်မည်ဟု မမျှော်လင့်ထားပေ။

ဤအကြိမ်တွင် စစ်သူကြီးတုံမုသည် ပင်လယ်စောင့်နတ်မင်းကို ကျေးဇူးတင်စကားဆိုရန် လာခဲ့ခြင်းပင်။

သူတို့နှစ်ဦး ပန်းချီကားအတွင်းသို့ ဝင်လိုက်သည်နှင့်တစ်ပြိုင်နက် စစ်သူကြီးတုံမုသည် သက်ပြင်းတစ်ချက်ချလိုက်၏။

“ အရှင်ဧကရာဇ်...အရှင်ဧကရာဇ်က ကျွန်တော့်ကို ပြုံးပြတယ်... ”

လီချန်ရှို့ အတန်ငယ် စိုးရိမ်သွား၏။ နောင်တွင် သူ၏ နောက်ခံအင်အားဖြစ်လာမည့် သူတစ်ဦးသည် တစ်စုံတစ်ခုဖြစ်နေပြီဟု သူတွေးလိုက်မိ၏။

ထို့နောက် စစ်သူကြီးတုံမုသည် သက်ပြင်းရှည်ကြီး တစ်ချက်ချလိုက်ပြီး လွန်ခဲ့သည့် နှစ်တစ်သောင်းကျော်အတွင်း သူ့အတွက် မည်မျှခက်ခဲခဲ့ကြောင်း ညီးညူလိုက်သည်။

သူသည် ထိုစဉ်က သာမန်နတ်ဝိဇ္ဇာတစ်ပါးသာ ဖြစ်သည်။ စုန်းကဝေ-မိစ္ဆာစစ်ပွဲကြီး ပြီးဆုံးသွားပြီးနောက် လူသားမျိုးနွယ် တိုးတက်လာစဉ်တွင် သူသည် လူသားမျိုးနွယ်ကို များစွာကူညီပေးခဲ့၏။ သူသည် ထိုမှ ကုသိုလ်များစွာရခဲ့သဖြင့် တန်ခိုးရှင်သည် သူ့ကို တည်ထောင်ခါစ ကောင်းကင်ဘုံခုံရုံးတွင် စစ်သူကြီးရာထူးပေးခဲ့သောကြောင့် သူသည် စစ်သူကြီးတုံးဝမ် ဖြစ်လာခဲ့လေသည်။

တာအိုဘိုးဘေးများ၏ ရှေ့တွင် ကျောက်စိမ်းဧကရာဇ်သည် ကလေးသာသာဖြစ်သည်။ ကျောက်စိမ်းဧကရာဇ်သည် တန်ခိုးရှင်များကို အစ်ကိုကြီးဟု ခေါ်ပြီး သူ၏ ကျင့်ကြံခြင်းအဆင့်ကို တစ်ခါမှ ထုတ်မပြဖူးချေ။

သူ့တွင် အသက်ပေါင်းများစွာရှိစေကာမူ ကျောက်စိမ်းဧကရာဇ်ဖြင့် အာဏာပြိုင်လုဝံ့မည်မဟုတ်ပေ။

စစ်သူကြီးတုံမုသည် တချိန်လုံး သတိကြီးကြီးထား၍ ဓားသွားပေါ်တွင် လျှောက်နေရခြင်းပင်။ သူသည် တစ်ညမျှပင် နှစ်နှစ်ခြိုက်ခြိုက် မအိပ်စက်ခဲ့ရပေ။ သို့သော် သူသည် နတ်မင်းဖြစ်သဖြင့် အိပ်ရန်မလိုပေ။

လွန်ခဲ့သည် ရက်အနည်းငယ်ခန့်က စစ်သူကြီးတုံမုသည် သူနှင့် သိကျွမ်းခဲ့သည်မှာ ကြာပြီဖြစ်သော နတ်သမီးတစ်ပါးဖြင့် မင်္ဂလာဆောင်ခဲ့၏။ သူသည် ကျောက်စိမ်းဧကရာဇ်အား သူ့ကို ဂုဏ်ပြုစာလွှာတစ်ခုပေးရန် တောင်းဆိုခဲ့သည်။

“ အရှင်ကျောက်စိမ်းဧကရာဇ်ရဲ့ အပြုံးက တကယ့်ကို တောက်ပပြီး ကြည်လင်တာပဲ...”

စစ်သူကြီးတုံမုသည် သက်ပြင်းရှည်ရှည်တစ်ချက် မှုတ်ထုတ်လိုက်ပြီး မတ်တပ်ထရပ်ကာ စက္ကူကိုယ်ပွား တာအိုရသေ့အိုကြီးကို ဦးညွှတ်လိုက်သည်။

“ မိတ်ဆွေရဲ့ အကူအညီအတွက် ကျေးဇူးတင်ပါတယ်။ မိတ်ဆွေမှာ ကျုပ်ကို ခိုင်းစရာကိစ္စရှိရင် ကျုပ် အကောင်းဆုံး လုပ်ပေးပါမယ် ”

တာအိုရသေ့အိုကြီးသည် ပြုံး၍ ခေါင်းခါပြလိုက်သည်။ သို့သော် လီချန်ရှို့သည် အတန်ငယ်စိုးရိမ်နေသေးသဖြင့် စစ်သူကြီးတုံမု လုပ်ခဲ့သည့်ကိစ္စများကို အသေးစိတ်မေးလိုက်လေသည်။

သူထိုသို့ မေးလိုက်၍ တော်ပေသေးသည်။

စစ်သူကြီးတုံမုက “ ကျုပ် အကုန်လုံးနဲ့ မင်္ဂလာဆောင်ချင်တယ် ”ဟု ပြောလိုက်ကြောင်း သူ့ကို ပြန်ပြောပြသောအခါ လီချန်ရှို့ အံ့အားသင့်သွား၏။

“ စစ်သူကြီး... မိန်းမတွေ အများကြီးယူလို့ မရဘူးလေ။ သစ္စာရှိတယ်ဆိုတဲ့ ဂုဏ်သတင်းကလည်း တန်းတူအရေးကြီးတာပဲ။ စစ်သူကြီးက ဒီနေ့ နတ်သမီး တစ်ပါးနဲ့ မင်္ဂလာဆောင်ပြီးရင် နောက်နေ့ နောက်တစ်ပါးနဲ့ ထပ်မင်္ဂလာဆောင်ရမယ်ဆိုရင်ရော လက်ခံမှာလား ”

စစ်သူကြီးတုံမုက ပြုံး၍ ပြောလိုက်၏။

“ လက်ခံမှာပေါ့ ... ကျုပ်နဲ့ မင်္ဂလာဆောင်ချင်တဲ့ သူတိုင်းကို လက်ခံမှာ‌ပေါ့။ ကျုပ်မှာ မိန်းမများများရှိလေ ကျောက်စိမ်းဧကရာဇ်ရဲ့ သံသယတွေ လျော့လာလေလေမလား ”

“ အဲဒီလိုဆို ကျောက်စိမ်းဧကရာဇ်က စစ်သူကြီးကို ချီးမြှင့်ထားတဲ့ ဂုဏ်ပြုစာလွှာက ဟာသကြီးလို ဖြစ်မသွားဘူးလား ”

တာအိုရသေ့အိုကြီးသည် သက်ပြင်းချ၍ ဆက်ပြောလိုက်၏။

“ ကျုပ်အနေနဲ့ မိန်းမများများယူတာက၊ အလွန်အကျူး မိန်းမပွေတာထက် ပိုကောင်းတယ်လို့ မြင်တယ်...အဲ ဒါပေမဲ့ မိန်းမများများယူတာထက်ကျ တစ်ယောက်တည်းကိုပဲ သစ္စာရှိတာက ပိုကောင်းသွားပြန်ရော... စစ်သူကြီး အကြောက်ဆုံးက ကျောက်စိမ်းဧကရာဇ် အတွေးများပြီး သံသယဝင်မှာကိုမလား။ အဲဒါဆို ဘာလို့ စစ်သူကြီးက ကိုယ့်ကိုယ်ကို မိန်းမမှန်သမျှ ယူမယ့်ပုံစံပေါက်အောင် လုပ်နေရတာလဲ ”

“ အဲ...အဲဒါက... ”

စစ်သူကြီးတုံမုသည် ထရပ်လိုက်ပြီး စိတ်ရှုပ်နေသည့်ဟန်ဖြင့် လူးလာခေါက်တုံ့လျှောက်နေ၏။

“ ကျုပ်က မိန်းမများများရှိလေ ပိုကောင်းလေလို့ တွေးမိသွားတာ ”

“ အဲ့လိုကျမှ ပိုပြီး သံသယဝင်သွားမှာပေါ့... ”

လီချန်ရှို့က တွေး‌တော၍ ပြောလိုက်သည်။

“ စစ်သူကြီး... ဒီပြဿနာကို ဖြေရှင်းလို့ရပါတယ်။ ဒါပေမဲ့ ဒီကိစ္စနဲ့ပတ်သတ်ပြီးတော့ ဒါ ကျုပ် နောက်ဆုံးအကြိမ် အကြံပေးတာပဲ။ ကျုပ် စစ်သူကြီးနဲ့ တစ်ယောက်ချင်း အခုလိုတွေ့တာ မသင့်တော်ဘူး။ စစ်သူကြီး ကျုပ် ဆိုလိုတာကို နားလည်တယ်မလား ”

“ ဒါပေါ့... ကျုပ်နားလည်ပါတယ် ”

စစ်သူကြီးတုံမုသည် ဦးညွှတ်လိုက်၏။ စက္ကူကိုယ်ပွား တာအိုရသေ့အိုကြီးသည်လည်း ထရပ်ကာ ပြန်၍ ဦးညွှတ်လိုက်သည်။

ထိုအခိုက်တွင် လီချန်ရှို့အနေဖြင့် စစ်သူကြီးအိုကြီးတုံမု ရှေ့ဆက်လုပ်ရမည့် ကိစ္စများကို အကြံပေးရုံမှလွဲ၍ အခြားရွေးစရာမရှိတော့ပေ။

ထိုကိစ္စများသည် မခက်ခဲပေ။ စစ်သူကြီးတုံမုအနေဖြင့် သူ့ကို သံယောဇဉ်ကြီးသူတစ်ဦးအဖြစ် အခြားသူများ မြင်လာအောင် လုပ်ရမည်သာဖြစ်သည်။ သူသည် သူ၏ဇနီးသည်အတွက် ဘွဲ့အမည်တစ်ခုတောင်းဆို၍ သူတို့ဇနီးမောင်နှံ၏ ကြည်နူးဖွယ်အချစ်ဇာတ်လမ်းလေးများကို လုပ်ကြံပြောဆိုကာ ကောင်းကင်ဘုံခုံရုံများတွင် လိုက်ဖြန့်ရမည်ဖြစ်သည်။

ပုံမှန်ဆိုလျှင် တာအိုတရားကျင့်ကြံခြင်းနှင့် ကျောက်စိမ်းဧကရာဇ်ပေးအပ်သော တာဝန်များကို ထမ်းဆောင်ခြင်းတွင်သာ စိတ်ဝင်စားမှုရှိသည့် စစ်သူကြီးတုံမုသည် သူ၏ အကြံပေးဖြစ်သော ပင်လယ်စောင့်နတ်မင်း၏ အကြံဉာဏ်များကို အကောင်းဆုံးကြိုးစား၍ မှတ်သားနေပေသည်။

စစ်သူကြီးတုံမုသည် ထိုအကြံကို တဖြည်းဖြည်း သဘောပေါက်လာလေတော့သည်။

တာအိုရသေ့အိုကြီး၏ စကားဆုံးသွားသောအခါ စစ်သူကြီးတုံမုသည် ထိုအကြံပေးချက်မှနေ၍ ကောက်ချက်များပင် ဆွဲနိုင်နေပြီဖြစ်၏။ ထိုအရည်အချင်းသည် မွေးရာပါ အရည်အချင်းပင်ဖြစ်ပေလိမ့်မည်။

*****

“ အာ... စစ်သူကြီးတုံမု အခု ဘယ်သူနဲ့ မင်္ဂလာ‌ဆောင်ထားတာလဲဆိုတာ ငါမေးလိုက်ဖို့ မေ့သွားတယ် ”

ကောက်ရိုးတဲလေးအတွင်း၌ လီချန်ရှို့သည် သူ၏တာအိုဝတ်ရုံအောက်နားစကို မ၍ တရားထိုင်ဖျာလေးပေါ်တွင် ထိုင်နေရာမှ ထရပ်လိုက်သည်။ သူ အတန်ငယ် အကြောဆန့်လိုက်၏။

ထို့နောက် သူသည် ဘေးရှိ ကောက်ရိုးတဲသို့ သွားလိုက်လေသည်။

‘အချစ်’ဟူသော စကားလုံးသည် ကမ္မနှောင်ကြိုးအများအပြားကို ‌ဆောင်ကြဉ်းပေးသည်။

ကောင်းကင်ဘုံခုံရုံးမှ အစွမ်းကြီးသော စစ်သူကြီးတုံမုသည် ကုသိုလ်များစွာ ရခဲ့သဖြင့် သူ့အား တန်ခိုးရှင်ကိုယ်တိုင် ကောင်းကင်ဘုံ၏ စစ်သူကြီးဘွဲ့ပေးခဲ့ခြင်းဖြစ်သည်။ သို့သော် သူသည် ယခုအခါတွင် အချစ်ကြောင့် စိတ်မသက်မသာ ဖြစ်နေရ၏။

သို့သော် ထိုသို့ စိတ်မသက်မသာ ဖြစ်နေရခြင်းမှာလည်း သူ၏ ရာထူးဂုဏ်ရှိန်ကြောင့်ဖြစ်သည်။

လီချန်ရှို့၏ ဆရာသည်လည်း အချစ်ကြောင့် နတ်ဝိဇ္ဇာအဖြစ် တက်လှမ်းနိုင်မည့် သူ၏ တာအိုအခြေခံထိခိုက်ခဲ့ရ၏။ ယခုတွင် သူသည် စိတ်ဓာတ်ကျကာ ကောက်ရိုးတဲအတွင်းမှ အပြင်သို့ထွက်ရန် ငြင်းဆန်နေပေသည်။ သူသည် လုံးလုံးလျားလျား စိတ်ဓာတ်ကျနေ၏။

‘ ဟမ်... ’

‘ ဆရာက ဘာလို့ ထပ်အိပ်ပျော်နေရပြန်တာလဲ... ’

လီချန်ရှို့သည် ကိုယ်တိုင်ပင် ‌ကောက်ရိုးတဲအပြင်ဘက်ရှိ မန္တန်အစီအရင်များကို ပိတ်လိုက်သည်။ သူသည် လည်ချောင်းရှင်း၍ တဲအတွင်းသို့ အော်ပြောလိုက်၏။

“ ဆရာ... ကျွန်တော် ဆရာနဲ့ ဆွေးနွေးစရာ ရှိလို့ပါ ”

“ အိုး... ”

ချီယွမ်သည် သစ်သားတံခါးလေးကို အလျင်အမြန် ဖွင့်လိုက်၏။ သူသည် အားအင်ပြည့်ဝနေသော်လည်း သူ၏ မျက်နှာထားနှင့် အကြည့်များသည် အတန်ငယ် မှိုင်းဝေနေပေသည်။

“ ဝင်လာလေ... ဘာကိစ္စဆွေးနွေးမလို့လဲ ”

“ ဆရာ... ကျောင်းတော်သုံးကျောင်းတွေ့ဆုံပွဲအကြောင်း ဆရာသိလား ”

လီချန်ရှို့ ပြုံး၍ မေးလိုက်သည်။

ချီယွမ်သည် နောက်ဆုံးတွင် ပြုံးခဲ့ပေပြီ။ မကြာသေးခင်က လင်းအယ်သည် သူ့ကို ဂိုဏ်းတွင်းပြိုင်ပွဲနှင့် ပတ်သတ်သော သတင်းကောင်း လာပြောထားပြီးဖြစ်သည်။ သူ၏ တပည့်နှစ်ယောက်သည် ကြိုးစားနေသဖြင့် သူပျော်ရ၏။

သူ့တပည့်ငယ်လေး၏ တစ်ထိုင်တည်း အဆင့်ခြောက်ဆင့်တက်သွားမှုဆိုသည်မှာ ကျင့်ကြံခြင်းအဆင့်အစစ်အမှန် ပေါ်သွားခြင်းဖြစ်မည်ဟု ချီယွမ် ခန့်မှန်းထားပြီးဖြစ်သည်။

“ ငါ အဲ့တွေ့ဆုံပွဲအကြောင်းကို သိပါတယ်။ ဘာလဲ...အကြီးအကဲတွေက လင်းအယ်ကို အဲ့ပွဲတက်ဖို့ အကြံပြုထောက်ခံလိုက်လို့လား ”

“ လင်းအယ်က ဘာလို့တက်ရမှာလဲ ”

လီချန်ရှို့ရှင်းပြလိုက်၏။

“ ဆရာ... ကျောင်းတော်သုံးကျောင်းတွေ့ဆုံပွဲကို သွားလို့ ဘာအကျိုးကျေးဇူးမှ ရမှာမဟုတ်ဘူး။ ပြီးတော့ တိမ်အကြာကြီး စီးသွားရမှာ။ ပြီးရင် တစ်ချက်သတိလက်လွတ်ဖြစ်ပြီး အမှားလုပ်မိလိုက်တာနဲ့ ပြဿနာတွေ တက်ကုန်နိုင်တယ် ”

ချီယွမ် မျက်မှောင်ကြုတ်လိုက်၏။

“ ငါ့တပည့်... မင်းက တခြားနေရာတွေမှာတော်ပေမယ့် ဒီနေရာမှာတော့ စိတ်ပျက်စရာပဲ။ မင်းက ဒီချုံတောင်လေးကနေ ဘယ်ကိုမှ သွားချင်တဲ့ကောင်မဟုတ်ဘူး။ ကျောင်းတော်သုံးကျောင်းတွေ့ဆုံပွဲကို သွားရတယ်ဆိုတာ ဂိုဏ်းတွင်းမှာလည်း ဂုဏ်တက်သလို တုနတ်ဝိဇ္ဇာဂိုဏ်းကိုလည်း ဂုဏ်တက်အောင် လုပ်ပေးနိုင်တယ်။ ဂိုဏ်းက ပညာရှင်တွေနဲ့အတူ တွေ့ဆုံပွဲတက်ရတယ်ဆိုတာ ဂုဏ်ယူစရာပဲ။ အဲဒါကို မင်းက ဘယ်လိုတောင် အရှုံးအမြတ်တွင်နေနိုင်သေးတာလဲ ”

လီချန်ရှို့ ဆွံ့အသွား၏။ အကယ်၍ အမှန်ပင် အကြီးအကဲတစ်ဦးက လင်းအယ်ကို အကြံပြုထောက်ခံခဲ့လျှင် သူသည် နေမကောင်းဟန်ဆောင်၍ သူ့ကိုပြုစုရန် လင်းအယ်ကို ဂိုဏ်း၌ပင် နေခဲ့ခိုင်းမည်ဖြစ်သည်။

အမှန်တွင် ထိုတွေ့ဆုံပွဲရောက်ရန် အချိန်အတော်ကြာလိုပေသေးသည်။ နေ့ရက်၊ အချိန် အတိအကျ မထွက်သေးပေ။ ထိုပွဲကို နောက်နှစ်သုံးဆယ်မှ ငါးဆယ်အတွင်း ကျင်းပကောင်း ကျင်းပနိုင်ပေသည်။

“ ဆရာ... အဲ့အကြောင်းမပြောတော့ဘူး... ဒီနေ့ ကျွန်တော် ဆရာ့ကို မေးစရာတစ်ခုရှိလို့ လာခဲ့တာ ”

သူ၏ဆရာ စ၍ ဆူပူတော့မည်ကို တွေ့လိုက်သောအခါ လီချန်ရှို့သည် စကားလမ်းကြောင်းလွှဲ၍ သူ၏လာရင်းကိစ္စကို ရှင်းပြလိုက်သည်။

ထိုသို့ဖြင့်...

တစ်နာရီကြာပြီးနောက် ကောက်ရိုးတဲလေးရှိ သစ်သားတံခါးပွင့်သွားပြီး လူနှစ်ယောက် ထွက်လာပေသည်။ လက်ဝဲဘက်ရှိလူသည် ကိုယ်လုံးကိုယ်ပေါက်ကျစ်လျစ်၍ ခံ့ညားသော ရုပ်သွင်ရှိလေသည်။ သူ၏ ဆံပင်ရှည်ကြီးများသည် ကျော့ရှင်းလှ၏။ ထိုသူသည် လီချန်ရှို့ပင်။

လက်ယာဘက်ရှိလူသည် လီချန်ရှို့ထက် အနည်းငယ်ပု၍ အသက်လတ်ပိုင်း ရုပ်သွင်ရှိသည်။ သူ၏ မျက်လုံးများအတွင်း စိတ်ဓာတ်ကျနေသော အရိပ်အယောင်များရှိပြီး သူ၏ နဖူးပေါ်တွင် ဖျောက်၍ရမည့်ပုံမပေါ်သော အရေးအကြောင်းအနည်းငယ် ရှိ၏။

ချီယွမ်သည် သူ၏ အသက်လတ်ပိုင်း ရုပ်သွင်ကို ပြန်ယူထားလိုက်ခြင်းပင်။ သူသည် အပြာနုရောင် ဝတ်ရုံကို လဲလှယ်ဝတ်ဆင်ထားပြီး အတန်ငယ် လန်းလန်းဆန်းရှိနေသည်ဟု ထင်ရပေသည်။

လီချန်ရှို့၏ သာမန်ရုပ်သွင်သည် အမှန်တွင် တစ်ဝက်ရုပ်ဖျက်ထားခြင်းပင်။

ချီယွမ်၏ သာမန်ရုပ်သွင်သည် အစစ်အမှန်ဖြစ်သည်။

လီချန်ရှို့ ဦးညွှတ်၍ ပြောလိုက်၏။

“ သွားပါ ဆရာ... ”

တာအိုရသေ့အိုကြီးချီယွမ်...အဲ..မဟုတ်သေး... သူသည် တာအိုရသေ့ချီယွမ်ဖြစ်သွားပေပြီ။

တာအိုရသေ့ချီယွမ်သည် ဟန်လုပ်ပြုံး၍ တိမ်စီးကာ ဂိုဏ်းဂိတ်တံခါးဆီသို့ ပျံသန်းသွားလိုက်လေတော့သည်။ သူသည် သူ၏တပည့်ပြောထားသည့် ကိစ္စအသေးလေးတစ်ခုကို သွားရောက် လုပ်ကိုင်ခြင်းဖြစ်၏။

“ ဆရာ... လွန်ခဲ့တဲ့ ဆယ်နှစ်ကျော်လောက်က ကျွန်တော် ဆရာ့ရဲ့ ရုပ်သွင်ကိုသုံးပြီး ဆရာဦးလေးကျိုးဝူနဲ့အတူ သေမျိုးလောကမှာ မိစ္ဆာတွေ နှိမ်နင်းခဲ့တယ်။ အဲဒါကနေပြီး မမြင်နိုင်တဲ့ အန္တရာယ်တွေ ပေါ်လာနိုင်တယ်။ အဲဒါကြောင့် ဆရာ ဂိုဏ်းပြင်သွားရင် အခုလက်ရှိ ရုပ်သွင်နဲ့ သွားလို့ အဆင်မပြေလောက်ဘူး။ ဆရာရဲ့ အသက်လတ်ပိုင်း ရုပ်သွင်ကို ပြန်ပြောင်းလိုက်ပါလား။ ပြီးတော့ ဒီအိတ်လေးကို ဆရာနဲ့အတူဆောင်ထား...ဒီအိတ်က ဆရာ့ရဲ့ ကိုယ်ရောင်ကိုယ်ဝါကို ဖုံးကွယ်ပေးလိမ့်မယ်။ အဲ့လိုမှ ဆရာ လုံခြုံမှာ ”

ချီယွမ်သည် ထိုကိစ္စကို များစွာ တွေးတောမနေပေ။ သူသည် သူ၏တပည့်ပြောသည့်အတိုင်း တိမ်စီး၍ ဂိုဏ်းမှထွက်သွားလိုက်၏။ သူသည် ဂိုဏ်းနှင့် အနီးဆုံးရှိ လင်းဟိုင်မြို့သို့ ဦးတည်သွားလိုက်လေသည်။

လီချန်ရှို့ စိတ်ထဲမှ ကြိတ်ရယ်လိုက်သည်။

သူသည် သူ၏အကြံအစည်ကို ဂိုဏ်းတွင်း၌ လုပ်၍ မရပေ။ ထိုသို့ဆိုလျှင် ပြဿနာများ အလွယ်တကူတက်သွားပေလိမ့်မည်။

လီချန်ရှို့သည် ရှေးဦးစွာ လင်းအယ်ထံအသံပို့လွှတ်လိုက်ပြီး အကယ်၍ ချုံတောင်လေးသို့ ဧည့်သည်လာခဲ့ပါက ဧည့်ခံထားရန် ပြောလိုက်၏။

ထို့နောက် သူသည် ဆေးဖော်ဆောင်အောက်ရှိ မြေအောက်လျှို့ဝှက်ခန်းအတွင်းသို့ သွားလိုက်ပြီး စက္ကူကိုယ်ပွားသုံးရုပ်ကို အာရုံစိုက်လိုက်လေသည်။

စက္ကူကိုယ်ပွားတစ်ရုပ်သည် သာမန်စက္ကူရုပ်များကို သယ်ဆောင်ကာ သူ့ဆရာနောက်သို့ မြေအောက်မှနေ၍ နောက်ယောင်ခံလိုက်သွား၏။

သူ၏ဆရာသည် ဂိုဏ်းပြင်သို့သွားခြင်းဖြစ်သဖြင့် အစောင့်အရှောက်များ ထည့်ပေးရမည်ဖြစ်သည်။

စက္ကူကိုယ်ပွားနောက်တစ်ရုပ်သည် အကြီးအကဲဝမ်လင်းယွမ်ကို စောင့်ကြည့်နေ၏။ ဤအကြိမ်တွင် အကြီးအကဲဝမ်လင်းယွမ်သည် အန္တရာယ်အချို့ကြုံနိုင်သည်ဟု လီချန်ရှို့ ထင်နေမိ၏။

သုံးရုပ်မြောက် စက္ကူကိုယ်ပွားသည် သူ့ဆရာ၏ အင်္ကျီလက်အတွင်းရှိ အိတ်ထဲတွင် ရှိနေလေသည်။ ထိုစက္ကူကိုယ်ပွားသည် ဆေးလုံးနှစ်လုံးကိုကိုင်ထားပြီး အချိန်ကောင်းကို စောင့်ဆိုင်းနေ၏။

‘ ဆရာက တိမ်စီးနေတယ်... ’

‘ သူက တော်တော်နှေးတာပဲ... ’

သုံးရက်ကြာပြီးနောက် တာအိုရသေ့ချီယွမ်သည် လင်းဟိုင်မြို့ မြောက်ဘက် မြို့ဝင်တံခါးရှေ့တွင် ဖြည်းဖြည်းချင်း ဆင်းသက်လိုက်ပြီး မြို့တွင်းသို့ဝင်ရန် တန်းစီလိုက်၏။

နောက်ယောင်ခံလိုက်လာသော စက္ကူကိုယ်ပွားသည် ဓာတ်ကြီးငါးပါးမန္တန်အစီအရင်ကြီး၏ အပြင်ဘက်တွင် ရပ်တန့်လိုက်လေသည်။ သူ့ဆရာထံတွင် ‘လူ’ စက္ကူကိုယ်ပွား ရှိနေပေသေးသည်။ ထိုစက္ကူကိုယ်ပွားသည် အရေးကြုံချိန်တွင် ကာကွယ်ပေးပေလိမ့်မည်။

သူ၏ဆရာ မြို့အတွင်းသို့ ဝင်သွားသည်နှင့် တစ်ပြိုင်နက် လီချန်ရှို့သည် သူ့ဆရာကို စိတ်ဓာတ်ပြန်လည် တက်ကြွလာအောင်လုပ်ပေးနိုင်မည့် သူကို လျှို့ဝှက်ရှာဖွေလိုက်၏။ သူသည် သူ၏ဆရာကို ဖူးစာဖက်အသစ်ရှာလိုစေခြင်း မဟုတ်ပေ။ သူ၏ဆရာကို “ ငါက အလတ်ကြီးရှိပါသေးတယ်... ငါအနေနဲ့ အမျိုးသမီးချီကျင့်ကြံသူတွေကို အလွယ်လေး လိုက်လို့ရပါတယ် ” ဟူ၍ သိသွားစေလိုခြင်းပင်။

မကြာမီ ကင်းထောက်ကာကွယ်ဆေးလုံးသည် လှုပ်ရှားလာကြောင်း လီချန်ရှို့ သိလိုက်၏။ သူသည် ဝိညာဉ်မြူခိုးတန်းနောက်သို့ လိုက်ကြည့်လိုက်ရာ အာရုံခံလိုက်သူကို ချက်ချင်းပင် တွေ့ရှိသွားသည်။

‘ ဘာလို့ တာအိုရသေ့အိုကြီး ဖြစ်နေရတာလဲ... ’

လီချန်ရှို့ ခေါင်းခါလိုက်ပြီး ဝိညာဉ်မြူခိုးတန်းကို လွင့်စင်ပျောက်ကွယ်သွားစေလိုက်သည်။ လီချန်ရှို့သည် စက္ကူကိုယ်ပွားကို သုံးကာ သူ့ဆရာနှင့်ဆက်၍ လိုက်သွားလိုက်သည်။

ဆေးလုံးများ၏ အာနိသင်သည် အကန့်အသတ်ရှိ၏။ ၎င်းတို့ကို အလွယ်တကူ ဖြုန်းတီးပစ်၍ မရပေ။

တာအိုရသေ့ချီယွမ်သည် ထိုကိစ္စကို များစွာတွေးတောမနေပေ။ သူသည် ဝိညာဉ်ဆေးပင်များနှင့် ရိုးရိုးဆေးပင်များရောင်းသည့် ဆိုင်များရှိသော လမ်းသို့ ဦးတည်သွားလိုက်၏။

သူ၏ဆရာ ကျန့်(၃၀) ဆက်လျှောက်ပြီးသောအခါ လီချန်ရှို့သည် သူ၏ဆရာကို နတ်အာရုံသုံး၍ စေ့စေ့စပ်စပ်ကြည့်နေသော မူလနတ်ဝိဇ္ဇာအဆင့်ရှိသည့် အမျိုးသမီးတစ်ဦးကို တွေ့လိုက်ရလေတော့သည်။ သူမသည် အသက်(၂၄)၊ (၂၅)အရွယ် ရုပ်သွင်ရှိသည့် မူလနတ်ဝိဇ္ဇာအဆင့်ရှိသော မိန်းမပျိုလေးတစ်ဦးပင်။

‘ ကဲ...တွေ့ပါပြီဗျာ... ’

အိတ်ထဲရှိ စက္ကူကိုယ်ပွားသည် ၎င်း၏ ပါးလျသော စက္ကူလက်ကိုသုံး၍ နှလုံးသားမီးလျှံဆေးလုံးပေါ်ရှိ တံဆိပ်တော်ကို ဖယ်ရှားလိုက်လေသည်။

တာအိုရသေ့ချီယွမ်သည် ဆယ့်ငါးလှမ်းပင် လျှောက်ရသေး၏။

“ တာအိုရသေ့လေး... ခဏလောက်စောင့်ပါဦး... ”

“ ဟမ်... ”

တာအိုရသေ့ချီယွမ်သည် နောက်လှည့်ကာ မျက်မှောင်ကြုတ်၍ သူ့ကို ခေါ်လိုက်သည့် မူလနတ်ဝိဇ္ဇာအဆင့်ရှိသော မိန်းမလှလေးကို ကြည့်လိုက်သည်။ သူက လက်နှစ်ဖက်ဆုပ်၍ မေးလိုက်၏။

“ မိန်းကလေး... ကျွန်တော့်ကို ဘာလို့ခေါ်တာပါလဲ... ”

“ ကြိုက်လို့... ”

မိန်းမလှလေးသည် ရှက်သွေးဖြာသွား၏။ သူမသည် လက်ကိုင်ပဝါလေးကို ကိုင်၍ သူမ၏ မျက်နှာလေးကို အုပ်၍ နူးနူးညံ့ညံ့ပြောလိုက်၏။

“ ကျမတို့ လူရှင်းတဲ့ တစ်နေရာကို သွားကြမလား။ ကျမ ရှင့်ကို ပြောစရာရှိတယ်ရှင့်... ”

ချီယွမ်သည် ခေတ္တမျှ ကြောင်သွားလေသည်။ သူ သတိဝင်လာ၏။

“ ကျွန်တော့်မှာ မိန်းကလေးကို ပြောစရာ မရှိပါဘူး ”

ထို့နောက် သူသည် ရှေ့သို့ ဆက်လျှောက်သွားလိုက်၏။

“ ရသေ့လေး... ”

မိန်းမလှလေးသည် သူ့အနောက်သို့ ခြေနှစ်လှမ်းခန့်သာ ပြေးလိုက် လိုက်၏။

သူမ အတန်ငယ် ခေါင်းမူးနေပေသည်။ သို့သော် သူမသည် ထိုအခြေအနေမှ လွတ်မြောက်နိုင်ခဲ့ပြီဖြစ်သည်။

ထိုအဖြစ်အပျက်သည် ထူးဆန်းကြောင်း သူမ တွေးလိုက်မိ၏။ သူမသည် စိတ်အတွင်းမှ ပုံရိပ်များကို မြင်လိုက်သောအခါ မျက်နှာကို အလျင်အမြန်ကာ၍ ထွက်သွားလေတော့၏။

လီချန်ရှို့သည် နှလုံးသားမီးလျှံဆေးလုံးကို ခေတ္တမျှသာ နှိုးလိုက်ခြင်းဖြစ်ပြီး လျင်မြန်စွာပင် တံဆိပ်တော်ကို ပြန်ကပ်လိုက်လေသည်။

ချီယွမ်သည် ခြေလှမ်းအနည်းငယ် ဆက်လျှောက်ပြီးနောက် ဘေးမှနေ၍ နှုတ်ဆက်လိုက်သော နူးညံ့သည့် အသံလေးကို ကြားလိုက်ရ၏။

“ တာအိုရသေ့လေး... ”

ချီယွမ် လှည့်ကြည့်လိုက်ရာ ဓားတစ်ချောင်းကို ကိုင်ထားပြီး သူ့ကို ဦးညွှတ်နေသော ရဲစွမ်းသတ္တိရှိပုံရသည့် အမျိုးသမီးချီကျင့်ကြံသူတစ်ဦးကို တွေ့လိုက်ရလေသည်။

သူမသည် သိမ်မွေ့စွာပြောလိုက်၏။

“ ရှင် ကျမနဲ့အတူ ဒီနားက လက်ဖက်ရည်ဆိုင်ကို လိုက်ခဲ့ပေးလို့ရမလား... ”

“ စိတ်မရှိပါနဲ့... ကျွန်တော့်မှာ အရေးကြီး လုပ်စရာတွေ ရှိသေးလို့ပါ။ ကျွန်တော့်ရဲ့ တပည့်က အပြင်းအထန်ဒဏ်ရာရထားလို့ ဆေးပင်တွေ လိုအပ်နေလို့ပါ။ ကျွန်တော် စိတ်မကောင်းပါဘူး... ”

ချီယွမ် ဦးညွှတ်၍ ရှေ့သို့ ဆက်လျှောက်သွားလိုက်သည်။ သို့သော် သူသည် တစ်စုံတစ်ခုကို စတင်သံသယဝင်လာပြီ ဖြစ်သည်။

‘ ငါရဲ့ လက်ရှိရုပ်သွင်ရယ်... စိတ်ဓာတ်ကျနေတဲ့ မျက်နှာထားရယ်နဲ့ကို... ငါကဘာလို့ ဒီလောက် ကြိုက်တဲ့သူများနေရတာတုံး ’

သို့သော် သူသည် အမျိုးသမီးချီကျင့်ကြံသူနှစ်ယောက်ကို ငြင်းခဲ့သဖြင့် အခြားသူများက သူ့ကို စိတ်ဝင်တစားကြည့်နေကြပေပြီ။

ထို့နောက် များစွာသော မိန်းမလှလေးများသည် ဘေးမှ၊ ရှေ့မှ၊ နောက်မှစသည်ဖြင့် နေရာအနှံ့မှနေ၍ တစ်ဦးပြီးတစ်ဦး သူ့ကို လာ၍ ပရောပရီလုပ်ကြ၏။

“ ရသေ့လေးက ဘယ်ကလာတာလဲ... ဘယ်ကိုသွားမှာလဲ ”

“ ရသေ့လေး... ညီမကို စောင့်ပါဦး ”

“ ရသေ့လေးက ဘာလို့ ညီမကို မကြည့်ရတာလဲ... ”

ချီယွမ်တစ်ယောက် လွန်စွာ အံ့အားသင့်နေပေသည်။ သူသည် ထိုမိန်းမလှလေးများကို အဆက်မပြတ် ငြင်း၍သာ နေရလေသည်။ သူသည် သူ၏မျက်နှာကိုပင် ကာ၍ ခေါင်းငုံ့ကာ လျှောက်နေရ၏။

‘ ဒီမြို့က ဘာဖြစ်နေတာလဲ... ’

‘ ငါ အပြင်မထွက်တာကြာပြီပဲ... ဘယ်တုန်းကများ အရှေ့ကျွန်းကလူတွေက ဒီလောက် ပွင့်လင်းသွားရတာလဲ ’

လီချန်ရှို့ ထိန်းချုပ်နေသော အိတ်ထဲရှိ စက္ကူကိုယ်ပွားသည် ၎င်း၏ မရှိသော ချွေးကို သုတ်လိုက်လေသည်။

“ ဟေး... ရသေ့လေး... ”

ရုတ်တရက် ချီယွမ်သည် အသံဩဩဖြင့် ခေါ်လိုက်သံကို ကြားလိုက်ရ၏။ ချီယွမ်၏ ရှေ့တွင် ထွားကြိုင်းမြင့်မားသောသူတစ်ယောက် ပေါ်လာ၏။

ချီယွမ်မော့ကြည့်လိုက်ရာ အရပ်ဆယ်ပေရှည်သော အမျိုးသမီးတစ်ဦးကို တွေ့လိုက်ရ၏။ သူမသည် လေ့ကျင့်ခန်း အပြင်းအထန်လုပ်ထားပုံရ၏။ သူမ၏ လက်မောင်းအိုးကြီးများသည် သူ၏ ခါးထက်ပင် ကြီးပေသည်။ သို့သော် ထိုအခိုက်တွင် သူမသည် သူ့ကို မျက်လုံးရွဲကြီးများဖြင့် ကြည့်နေလေသည်။

“ အပိုတွေ ပြောမနေတော့ဘူး။ ငါ နင့်ကို ကြိုက်တယ်... ငါရဲ့ ဂူကိုလိုက်ခဲ့ပြီး ငါ့ရဲ့ တာအိုလက်တွဲဖော်လုပ်ပါ ”

ချီယွမ် မျက်မှောင်ကြုတ်၍ ပြောလိုက်သည်။

“ မိန်းကလေး လူများ မှားနေသလား... ”

လီချန်ရှို့ မျက်မှောင်ကြုတ်လိုက်၏။ သူသည် ထိုအမျိုးသမီးချီကျင့်ကြံသူအ‌ပေါ်တွင် နှလုံးသားမီးလျှံဆေးလုံး အသုံးမပြုခဲ့ပေ။

‘ ဟမ်... ’

လီချန်ရှို့သည် အိတ်အတွင်းရှိ စက္ကူကိုယ်ပွားအပေါ်တွင် အာရုံစူးစိုက်ထားလိုက်၏။ သူ၏ နှုတ်ခမ်းစွန်းနှစ်ခုသည် ရုတ်တရက် တွန့်သွား၏။ စက္ကူကိုယ်ပွား၏ လက်အတွင်းရှိ နှလုံးသားမီးလျှံဆေးလုံး လောင်ကျွမ်းနေသည်ကို သူတွေ့လိုက်လေသည်။ ထိုအခိုက်တွင် ယင်းဆေးလုံးသည် တစ်စစီ ပြိုကွဲသွားလေတော့သည်။

‘ ဘာဖြစ်နေတာလဲ... ခုနတုန်းကတောင် အကောင်းကြီးရှိပါသေးတယ် ’

‘ ငါ ဆေးလုံးပေါ်က တံဆိပ်တော်ကို ဖယ်လိုက်၊ ကပ်လိုက် ခဏခဏ လုပ်နေလို့လား။ အဲဒါကြောင့် ဆေးလုံးရဲ့ ဆေးအာနိသင်တွေ မတည်မငြိမ်ဖြစ်လာပြီး ဆေးလုံးက ပြိုကွဲသွားတာလား ’

‘ ဆေးလုံး ပြိုကွဲသွားရင် ဘာဖြစ်လာမှာလဲ... ’

ပုံမှန်အတိုင်းပင် ဆေးလုံး၏ ဆေးအာနိသင်များ အပြင်သို့ အတန်ငယ် ပျံ့နှံ့သွား၏။ လီချန်ရှို့တစ်ယောက် စက္ကူကိုယ်ပွားမှတဆင့် နတ်အာရုံသုံး၍ အာရုံခံကြည့်လိုက်ရာ မျက်နှာပျက်သွားလေတော့သည်။

“ ဆရာ...အဲ့နေရာကနေ မြန်မြန်ထွက်သွားတော့။ မြန်မြန်... အိတ်ကို ပြန်သိမ်းလိုက် ”

ချီယွမ်သည် ခေတ္တမျှ ကြောင်သွား၏။ ထို့နောက် သူသည် အလျင်အမြန်တုံ့ပြန်လိုက်ပြီး အိတ်ကို သူ၏အင်္ကျီလက်အတွင်းရှိ သိုလှောင်ဓမ္မအဆောင်အတွင်းသို့ ထည့်လိုက်လေသည်။

ထိုအခိုက်တွင် ကျန့်(၁၀၀) ပတ်လည်အတွင်းမှ ချိုသာသော အသံလေးများ ထွက်ပေါ်လာသည်။ လူတစ်ဒါဇင်ကျော်သည် ချီယွမ်ကို ကြည့်နေကြ၏။

“ တာအိုရသေ့လေး... ”

“ ရသေ့လေး... ”

“ ရသေ့လေး... ”

လမ်းထောင့်တစ်နေရာရှိ ဖြောင့်မတ်သော မျက်နှာထားရှိသည့် တာအိုရသေ့အိုကြီးသည် ရုတ်တရက် သူ၏ အင်္ကျီလက်အတွင်းမှ လက်ကိုင်ပဝါတစ်ထည်ထုတ်လိုက်၏။

“ ရသေ့လေး... ကျုပ် ခင်ဗျားရဲ့ တာအိုလက်တွဲဖော် ဖြစ်ခွင့်ရှိမလား... အတူတူ တာအိုတရားကျင့်ကြံရုံပါပဲ..တခြားဘာမှမလုပ်ပါဘူး အဟင်း... ”

ချီယွမ်၏ ခြေထောက်များ တဆတ်ဆတ်တုန်သွား၏။

“ မင်းတို့တွေ ငါ့အနားမလာနဲ့နော်... ”

ဝုန်း..ဝုန်း...

မြေကြီးပေါ်မှနေ၍ ရုတ်တရက် မသဲမကွဲအသံများ အဆက်မပြတ်ထွက်ပေါ်လာ၏။

တစ်စုံတစ်ယောက် ထအော်လိုက်၏။

“ ဟေ့လူတွေ... သတိထားကြ။ ဝိညာဉ်သားရဲတန်းက ဝိညာဉ်သားရဲတွေ လွတ်ကုန်ပြီ... ”

All Chapters