← Chapters

အခန်း ၂၆

Vol. 3 Ch. 26

အခန်း ၂၆

Vol. 3 Ch. 26

အခန်း (၂၆)

ရာက္ခသ

ညဉ့်နက်သန်းခေါင်ယံ ကျူခရိုင်ပြင်ပရှိ ပျက်စီးယိုယွင်းနေသော ဘုရားကျောင်းပျက်တစ်ခုအတွင်း၊ ခြံဝင်းအလယ်မှ သစ်ပင်ငယ်လေးတစ်ပင်သည် ပြင်းထန်သော လေမုန်တိုင်းနှင့် မိုးသည်းထန်စွာရွာသွန်းမှုကို အသည်းအသန် အံတုရင်း ရုန်းကန်လှုပ်ရှားနေရရှာသည်။

သံမဏိမျှော်စင်တစ်ခုကဲ့သို့ ထွားကျိုင်းတောင့်တင်းလှသော လူသန်ကြီးတစ်ဦးသည် ခြံဝင်းထဲမှ သစ်ပင်ငယ်လေးကို စူးစိုက်ကြည့်နေမိသည်။ သူ၏ မျက်နှာအမူအရာသည် တဖြည်းဖြည်း ရက်စက်ကြမ်းကြုတ်လာကာ မျက်ခုံးနှစ်ခုကြားရှိ သွေးရောင်ရဲရဲ ဒေါင်လိုက်အမှတ်အသားလိုင်းသည်လည်း ဖြည်းညှင်းစွာ တွန့်လိမ်ကွေးကောက်လာခဲ့သည်။

သူ၏ နောက်ကွယ်တွင်မူ အရိပ်သဏ္ဍာန်များစွာ မတ်တတ်ရပ်နေကြပြီး အားလုံးက ဝါးခမောက်များနှင့် ကောက်ရိုးမိုးကာအင်္ကျီများကို ဆင်မြန်းကာ ဝတ်စုံနက်သိုင်းသမားများကဲ့သို့ ဓားရှည်များကို ကိုင်ဆောင်ထားကြသည်။ သူတို့၏ မတ်တတ်ရပ်ဟန်များမှာ ဖြောင့်မတ်တည်ကြည်နေသော်လည်း ပင်ပန်းနွမ်းနယ်မှုများကမူ အထင်အရှား ပေါ်လွင်နေပေသည်။

လေထုတစ်ခုလုံးသည် ဖိနှိပ်လေးလံနေပြီး ဖွင့်ဟမပြောနိုင်သော ဒေါသတရားများနှင့် ဝမ်းနည်းပူဆွေးမှုများဖြင့် ပြည့်နှက်နေခဲ့သည်။

နောက်ဆုံးတွင်မူ ဘုရားကျောင်းအတွင်းရှိ ဘေးဘက်ဆောင်ခန်းတစ်ခုဆီမှ စူးရှတုန်ရီသော ငိုကြွေးသံတစ်ခု ထွက်ပေါ်လာခဲ့တော့သည်။

ထိုလူသန်ကြီး၏ ခန္ဓာကိုယ်သည် ဆတ်ကနဲ တုန်ယင်သွားပြီး ဘေးဘက်ဆောင်ခန်းဆီသို့ အပြေးအလွှား ဝင်ရောက်သွားလိုက်တော့သည်။ သူ၏ မျက်ဝန်းများသည် ပလ္လင်စင်မြင့်တစ်ခုပေါ်တွင် ငြိမ်သက်စွာ လှဲလျောင်းနေသော သွေးချင်းချင်းနီနေသည့် ခန္ဓာကိုယ်တစ်ခုပေါ်သို့ ကျရောက်သွားခဲ့ပြီး မကျက်သေးသော ဒဏ်ရာအပြည့်နှင့် လူငယ်တစ်ဦးမှာမူ ကြမ်းပြင်ပေါ်တွင် အားအင်ချည်းနဲ့စွာ ထိုင်နေသည်ကို မြင်လိုက်ရသည်။

လူသန်ကြီး၏ မျက်ဝန်းများတွင် နက်ရှိုင်းသော ဝမ်းနည်းပူဆွေးမှုများ ပေါ်ထွက်လာကာ ပလ္လင်စင်မြင့်ဆီသို့ လေးလံသော ခြေလှမ်းများဖြင့် လှမ်းလျှောက်သွားပြီး ယခင်ကကဲ့သို့ နူးညံ့သိမ်မွေ့သော အပြုံးများ မရှိတော့သည့် ထိုမျက်နှာလေးကို တုန်ယင်နေသော လက်စုံဖြင့် လှမ်း၍ ထိတွေ့လိုက်မိသည်။

"အစ်မကြီး... ကျွန်တော်တို့ အစ်မကြီးနဲ့ ဆရာ့အတွက် သွေးကြွေးကို မလွဲမသွေ ပြန်တောင်းပါ့မယ်။ ကျွန်တော် ကျိန်ဆိုရဲပါတယ်။ အဲဒီလူတွေကို ဒီသွေးကြွေးအတွက် အကြွေးပြန်ဆပ်ခိုင်းစေရမယ်။"

သူသည် သွားကို တင်းတင်းကြိတ်ကာ ပြတ်သားလှသော သန္နိဋ္ဌာန်နှင့် အတိုင်းအဆမဲ့သော နာကျည်းမုန်းတီးမှုတို့ဖြင့် ပြောဆိုလိုက်ခြင်း ဖြစ်သည်။

ပူဆွေးမှုနှင့် မုန်းတီးမှုတို့သည် အဆိပ်ရှိသော ပိုးမွှားများကဲ့သို့ သူ၏ နှလုံးသားကို ကိုက်ခဲဝါးမြိုနေပြီး ပြင်းထန်လှသော ဒေါသအဟုန်ကလည်း သူ၏ ဆင်ခြင်တုံတရားကို လောင်မြိုက်နေခဲ့သည်။ သူသည် မိမိ၏ စိတ်ခံစားချက်များကို ထိန်းချုပ်ရန် လက်သီးကို တင်းတင်းဆုပ်ထားလိုက်သည်။ သူ လဲပြိုသွား၍ မဖြစ်ပေ။ ကျန်ရှိနေသော ရာက္ခသဂိုဏ်းဝင် တပည့်များကို အသက်ရှင်သန်နိုင်ရန် ဦးဆောင်ရဦးမည်ဖြစ်ပြီး ဆရာ့ထံမှ ကျန်ရစ်ခဲ့သော တစ်ဦးတည်းသော သွေးသားတော်စပ်သူကို ကာကွယ်စောင့်ရှောက်ရမည် ဖြစ်သည်၊ ထို့နောက်မှ ရန်သူအားလုံးနှင့် သွေးကြွေးကို အပြတ်ရှင်းရမည် ဖြစ်သည်။

လူသန်ကြီးသည် ပလ္လင်ပေါ်မှ ရုပ်အလောင်းကို ပွေ့ချီလိုက်ပြီး ကြမ်းပြင်ပေါ်တွင် ထိုင်နေသော လူငယ်ကို ကြည့်ကာ ဟိန်းဟောက်လိုက်သည်။

"ငါ လဲပြိုလို့ မဖြစ်ဘူး။ မင်းလည်း လဲပြိုသွားလို့ မဖြစ်ဘူး။"

လူသန်ကြီး၏ ဟိန်းဟောက်သံကြောင့် ကြမ်းပြင်ပေါ်တွင် ထိုင်နေသော လူငယ်သည် လန့်ဖျတ်သွားပြီး သူ၏ မျက်ဝန်းများထဲတွင် မုန်းတီးမှုများ ချက်ချင်း ပြည့်နှက်လာခဲ့သည်။ သူသည် ရုတ်တရက် မတ်တတ်ထရပ်လိုက်ပြီး

"မှန်တယ်။ ကျွန်တော်တို့ လဲပြိုလို့ မဖြစ်ဘူး။ ကျွန်တော့်အဖေအတွက် ကလဲ့စားချေရမယ်၊ ကျွန်တော့်အစ်မအတွက်လည်း သွေးကြွေးပြန်တောင်းရမယ်။"

ပြောပြီးသည်နှင့် သူသည် လူသန်ကြီး၏ နောက်မှ လိုက်ကာ ဘေးဘက်ဆောင်ခန်းအတွင်းမှ ထွက်လာခဲ့သည်။ ပြင်ပရှိ လူများသည် လူသန်ကြီး၏ ရင်ခွင်ထဲမှ ရုပ်အလောင်းကို မြင်လိုက်ရသောအခါ ချက်ချင်းပင် လှုပ်လှုပ်ရှားရှား ဖြစ်သွားကြပြီး ဟစ်အော်ကြတော့သည်။

"အစ်ကိုကြီး... ကျွန်တော်တို့ ပြန်သွားပြီး သူတို့ကို တိုက်ခိုက်ကြစို့။ ဆရာနဲ့ အစ်မကြီးအတွက် ကလဲ့စားချေကြစို့။"

"အစ်ကိုကြီး... ကျွန်တော်တို့ သေရမှာကို မကြောက်ဘူး။"

"အစ်မကြီးအတွက် ကလဲ့စားချေပေးပါ။"

လှုပ်ရှားရုန်းကြွနေသော လူအုပ်ကို ကြည့်ပြီး လူသန်ကြီးသည် သူ၏ ခန္ဓာကိုယ်အကာအကွယ်အရှိန်အဝါကို ထုတ်ဖော်လိုက်ပြီး ဟိန်းဟောက်လိုက်သည်။

"တိတ်စမ်း။"

မြေပြင်ပေါ်သို့ မိုးကြိုးပစ်ချလိုက်သကဲ့သို့ ပြင်းထန်လှသော ထိုအသံသည် လူတိုင်း၏ နှလုံးသားကို တုန်လှုပ်သွားစေခဲ့သည်။ လူအုပ်ကြီးသည် တဖြည်းဖြည်း ငြိမ်သက်သွားခဲ့တော့သည်။

လူသန်ကြီး၏ အကြည့်သည် ကျန်ရှိနေသော ရာက္ခသဂိုဏ်းဝင်တပည့်များ၏ မျက်နှာများပေါ်သို့ ဝေ့ဝဲကြည့်ရှုလိုက်သည်။ သူတို့၏ မျက်ဝန်းများထဲတွင် ဒေါသနှင့် နာကျည်းမှုများကို မြင်တွေ့ရသော်လည်း ကြောက်ရွံ့မှုဟူ၍ လုံးဝမရှိချေ၊ ဤအချက်က သူ့အား အနည်းငယ် စိတ်သက်သာရာ ရစေခဲ့သည်။

ရာက္ခသဂိုဏ်းကို လုပ်ကြံသတ်ဖြတ်သူတစ်ဦးက တည်ထောင်ခဲ့ခြင်းဖြစ်ပြီး နှစ်ပေါင်းတစ်ရာကျော် သက်မွေးခဲ့ပြီ ဖြစ်သည်။ မကြာသေးမီနှစ်များအတွင်း ဂိုဏ်းချုပ် ကုဝေ ၏ ဦးဆောင်မှုအောက်တွင် လွန်စွာ ကျော်ကြားလှသော ဂုဏ်သတင်းကို ရရှိခဲ့သည်။ ရာက္ခသဂိုဏ်းသည် သတင်းအချက်အလက် စုဆောင်းခြင်း၊ လုပ်ကြံသတ်ဖြတ်ခြင်းနှင့် လျှို့ဝှက်သတ်ဖြတ်မှုများကြောင့် လူသိများလှသည်။ ပင်းကျိုးနယ်မြေရှိ မူးမတ်မျိုးနွယ်စုကြီးများ၏ ကျောထောက်နောက်ခံပြုမှုကြောင့် ဂိုဏ်း၏ တိုတက်မှုသည် အရှိန်အဟုန် ကောင်းမွန်ခဲ့သည်။ မဟာကျင်းအင်ပါယာတစ်ခုလုံးတွင် အကောင်းဆုံးမဟုတ်ဟုဆိုလျှင်ပင် ပင်းကျိုးနယ်မြေ၏ ထိပ်တန်း သိုင်းလောကအင်အားစုကြီးတစ်ခု ဖြစ်ခဲ့ပေသည်။

ကံဆိုးမိုးမှောင်ကျချင်တော့၊ ပင်းကျိုး မူးမတ်မျိုးနွယ်စုကြီးများနှင့် ပင်းကျိုးမြို့စားတို့အကြား အာဏာလုပွဲအတွင်း သူတို့သည် စတေးခံနှင့် ဓားစာခံဖြစ်သွားခဲ့ပြီး သနားညှာတာမှုကင်းမဲ့စွာ အစွန့်ပစ်ခံလိုက်ရတော့သည်။ ထောင်သောင်းချီသော ဂိုဏ်းသားတပည့်များသည် သေဆုံးခြင်း၊ ဒဏ်ရာရခြင်း သို့မဟုတ် ဖရိုဖရဲ ထွက်ပြေးပုန်းရှောင်ခဲ့ကြရသည်။ ကန်းချီနယ်ပယ် ကျင့်ကြံသူဖြစ်သော ဂိုဏ်းချုပ် ကုဝေ ကိုယ်တိုင်ပင်လျှင် ဂိုဏ်းဌာနချုပ်၌ ဝိုင်းရံတိုက်ခိုက်ခံရပြီး ကျဆုံးသွားခဲ့ရရှာသည်။ ဂိုဏ်း၏ တပည့်ကြီးဖြစ်သော သူသည် ဂိုဏ်းချုပ်၏ ကျန်ရစ်သော သားနှင့် သမီး၊ သစ္စာရှိလှသော အမာခံ အထူးတပည့်များနှင့်အတူ ထွက်ပြေးလွတ်မြောက်လာခဲ့ခြင်း ဖြစ်သည်။

သူတို့သည် ထိုသူများအတွက် ဖွင့်ဟမပြောရဲသော မကောင်းမှုကိစ္စရပ်များကို များစွာ လုပ်ဆောင်ပေးခဲ့ဖူးပြီး တုန်လှုပ်ချောက်ချားဖွယ်ရာ လျှို့ဝှက်ချက်အမြောက်အမြားကိုလည်း သိရှိထားခဲ့ကြသည်။ သူတို့သည် ယွဲ့ကျိုးနယ်မြေသို့ ထွက်ပြေးတိမ်းရှောင်လာခဲ့ပြီးနောက်တွင်ပင် အချို့သူများသည် ၎င်းတို့ကို မလျှော့သောဇွဲဖြင့် လိုက်လံသုတ်သင်နေဆဲ ဖြစ်သည်။

ယခုအချိန်အထိ ဤနေရာ၌ မတ်တတ်ရပ်နိုင်ဆဲဖြစ်သော လူတိုင်းသည် အမြင့်ဆုံးသော တိုက်ပွဲစွမ်းရည်နှင့် ကြံ့ခိုင်လှသော စိတ်ဓာတ်ခွန်အားရှိသူများသာ ဖြစ်ကြသည်။

"ညီအစ်ကိုတို့... ထွက်ပြေးနေရတာဟာ အဓိပ္ပာယ်မရှိပါဘူး။ ကျွန်တော်တို့ ဘယ်နေရာကိုပဲ ပြေးပြေး၊ သူတို့က ကျွန်တော်တို့ကို အမြစ်ပြတ် မချေမှုန်းရမချင်း ဘယ်တော့မှ လွှတ်ပေးမှာ မဟုတ်ဘူး။"

"ဒါကြောင့်။ ကျွန်တော်တို့ ထပ်မပြေးတော့ဘူး။ ကျွန်တော်တို့ကို ခိုလှုံခွင့်ပေးနိုင်မယ့် အားကိုးစရာ လူတစ်ယောက်ကို ရှာရမယ်။"

"ပြီးတော့ အခုအချိန်မှာ အဲလိုလူတစ်ယောက် ရှိနေပြီ။ ဒါပေမဲ့ ဘယ်သူကမှ အသုံးမကျတဲ့ လူအုပ်ကြီးကို လက်ခံမှာ မဟုတ်ဘူး။ ကျွန်တော်တို့ရဲ့ တန်ဖိုးကို အခုချက်ချင်း သက်သေပြရမယ်။ ကျွန်တော်တို့အတွက် 'သစ္စာခံလက်ဆောင်' တစ်ခု လိုအပ်တယ်။"

"အခု... လူစုခွဲလိုက်ကြစို့။ ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ပြီး ကာကွယ်ကြပါ၊ ပြီးတော့ နန်ယန်စီရင်စုရဲ့ သတင်းအချက်အလက်တွေကို စုဆောင်းကြစမ်း။ အဲဒါတွေကို စာအုပ်အဖြစ် ပြုစုကြ။"

...မြို့စားမင်းစံအိမ်တော်အတွင်းရှိ ရေကန်ဘေးမှ နားနေဆောင်ခန်းအတွင်း၌ ဝမ်ကျင်းသည် ထိုင်နေပြီး၊ ယုလော့နှင့်အတူ စစ်တုရင်ကစားနေကာ အားနည်းသော ပြိုင်ဘက်ကို 'နှိပ်စက်ရခြင်း' ၏ ပျော်ရွှင်မှုကို ပြုံးပြုံးကြီး ခံစားနေခဲ့သည်။

သူက စိတ်ထဲမှ 'ဟမ်... ငါ စီမာရီကို မနိုင်ရင်တောင် မင်းကိုတော့ နိုင်ပါသေးတယ်' ဟု တွေးလိုက်မိသည်။

သူ၏ မျက်နှာချင်းဆိုင်တွင် ထိုင်နေသော ယွဲ့လော့သည် သူမ၏ ဖြူဖွေးသွယ်လျသော လက်ချောင်းလေးများဖြင့် စစ်တုရင်ရုပ်တစ်ခုကို ကိုင်ထားပြီး မျက်နှာထက်တွင်မူ စိုးရိမ်ပူပန်သော အမူအရာတစ်ခု ရှိနေခဲ့သည်။

ဝမ်ကျင်းသည် ယန်လင်ကျီနှင့် အလွန်တရာ ဆင်တူလှသော သူမ၏ လှပသော မျက်နှာလေးကို ကြည့်လိုက်ပြီး ထို့နောက် မတ်တတ်ရပ်ကာ လျှောက်သွားပြီး သူမ၏ ပုခုံးကို ဖက်ကာ ပါးပြင်လေးကို ညင်သာစွာ နမ်းရှုံ့လိုက်ရင်း တိုးတိုးလေး ဆိုလိုက်သည်။

"ကောင်းပြီလေ... ဒီပွဲကတော့ သရေပဲပေါ့။"

ယွဲ့လော့၏ အနည်းငယ် နီမြန်းသွားသော ပါးပြင်လေးကို ကြည့်ကာ ဝမ်ကျင်းသည် သူမကို ပို၍ပို၍ သဘောကျလာမိသည်။

"လွန်ခဲ့တဲ့ ရက်အနည်းငယ်က ဝူကျစ် က တောက်ပတဲ့ ပုလဲနှစ်လုံးရယ်၊ ကျောက်စိမ်းအဆင်တန်ဆာတချို့နဲ့ ရတနာအဆင်တန်ဆာတွေကို လူလွှတ်ပြီး လက်ဆောင်ပေးလာတယ်။ ခရိုင်အသီးသီးက လာတာပဲ။ ခဏနေရင် သွားကြည့်ပြီး မင်းသဘောကျတာရှိရင် ယူလိုက်ဦး။"

ဤစကားကို ကြားသောအခါ ယွဲ့လော့သည် စိတ်ထဲတွင် အနည်းငယ် ရှုပ်ထွေးသွားခဲ့သည်။

ပုံမှန်နေ့ရက်များတွင် ဝမ်ကျင်းသည် သူမအပေါ် လွန်စွာ နူးညံ့သိမ်မွေ့ပြီး အလိုလိုက်လေ့ရှိသည်၊ အဖိုးတန်ရတနာများ၊ ရွှေထည်နှင့် ငွေထည်ပစ္စည်းများကို မကြာခဏ ပေးသနားလေ့ရှိသည်။ သူမသည် လော့နန်နိုင်ငံမှ ငှက်ကလေးများ၏ တွန်ကျူးသံကို နှစ်သက်ကြောင်းကိုပင် သိရှိပြီး လူများကို အထူးစေလွှတ်၍ ဖမ်းဆီးခိုင်းကာ မြို့စားမင်းစံအိမ်တော်အတွင်း၌ သူမအတွက် ဆွေမင်ဥယျာဉ်ကို ဆောက်လုပ်ပေးခဲ့သေးသည်။

သို့သော်လည်း သူသည် သူမအား တရားဝင် ရာထူးအဆင့်အတန်းတစ်ခုမျှ မပေးခဲ့ဖူးသလို ကလေးတစ်ယောက် ရယူရန်လည်း အလိုမရှိခဲ့ပေ။ ဝမ်ကျင်းသည် သူမနှင့် နေ့တိုင်းနီးပါး ရင်းနှီးကျွမ်းဝင်မှုရှိပြီး တစ်ခါတစ်ရံတွင် တစ်နေ့လျှင် အကြိမ်ပေါင်းများစွာပင် အတောမသတ်နိုင်အောင် ရှိတတ်သော်လည်း ကိုယ်ဝန်မရရှိစေရန်အတွက် ဆေးလုံးများကို အမြဲတမ်း သောက်သုံးခိုင်းလေ့ရှိသည်။

သူစိမ်းမြေတွင် တစ်ကိုယ်တည်း ရှိနေရသဖြင့် သူမသည် လုံခြုံမှုမရှိသလို ခံစားနေရရှာသည်။ ယခုအချိန်တွင် ဝမ်ကျင်းက သူမအား အလိုလိုက်အကြိုက်ဆောင်နေသော်လည်း အနာဂတ်တွင် ထိုသို့ ဆက်လက်ချစ်ခင်နေဦးမည်ဟု မည်သူက အာမခံနိုင်ပါမည်နည်း။

ယွဲ့လော့သည် အသေအချာ စဉ်းစားလိုက်ပြီးနောက် သတ္တိကို မွေးကာ ဖွင့်ဟပြောဆိုလိုက်တော့သည်။

"ကိုယ်လုပ်တော် ဒီအရာတွေကို မလိုချင်ပါဘူး။ ကိုယ်လုပ်တော်... ကိုယ်လုပ်တော် ကလေးတစ်ယောက်ပဲ လိုချင်ပါတယ်ရှင်။"

ဝမ်ကျင်းသည် မျှော်လင့်ချက်အပြည့်နှင့် တောင်းပန်တိုးလျှိုးနေသော ယွဲ့လော့၏ အကြည့်ကို ကြည့်ပြီး သူ၏ နှလုံးသားသည် အနည်းငယ် ပျော့ပြောင်းသွားခဲ့သည်။ သူ ခဏမျှ စဉ်းစားလိုက်ပြီး

"တစ်နှစ်... နောက်ထပ် တစ်နှစ်လောက်ပဲ စောင့်ပါ။ ငါ အခမ်းအနားနဲ့ တရားဝင်ဇနီးကို လက်ထပ်ပြီးတာနဲ့ မင်းကို အဆင့်အတန်းတစ်ခုနဲ့ ကလေးတစ်ယောက် ပေးပါ့မယ်။"

ယွဲ့လော့၏ အနည်းငယ် စိတ်ပျက်သွားသော မျက်ဝန်းများကို မြင်ရသောအခါ ဝမ်ကျင်းသည် သူမအား ရင်ခွင်ထဲသို့ ဆွဲသွင်းလိုက်ပြီး ချိုသာသောအပြောအဆိုများဖြင့် ချော့မော့လိုက်တော့သည်။ မကြာမီမှာပင် ယွဲ့လော့၏ မျက်နှာထက်၌ ဆွဲဆောင်မှုရှိပြီး တောက်ပသော အပြုံးလေးတစ်ခု ပြန်လည်ပွင့်လန်းလာခဲ့သည်။

ဝမ်ကျင်းနှင့် ယွဲ့လော့တို့ ရိုးတိုးရိပ်တိတ် စကားဆိုနေကြစဉ် အားဟုသည် သစ်သားသေတ္တာတစ်လုံးကို ကိုင်ဆောင်ကာ ရောက်ရှိလာခဲ့သည်။

"သခင်လေး... မိမိကိုယ်ကိုယ် ရာက္ခသဂိုဏ်းရဲ့ ဂိုဏ်းချုပ်လို့ ပြောတဲ့သူတစ်ယောက်က သခင်လေးနဲ့ တွေ့ဆုံချင်လို့ပါ တဲ့။ သူက ဒီသေတ္တာဟာ သခင်လေးအတွက် 'တွေ့ဆုံခြင်းလက်ဆောင်' ဖြစ်တယ်လို့ ပြောပါတယ်။ စစ်ဆေးပြီးပါပြီ၊ အထဲမှာ စာအုပ်တွေချည်းပါပဲ။"

ဤအရာကို ကြားသောအခါ ဝမ်ကျင်းသည် ယွဲ့လော့၏ လည်ပင်းတဝိုက်မှ သင်းပျံ့သော ရနံ့ကို အဝရှူရှိုက်လိုက်ပြီး တိုးတိုးလေး ဆိုလိုက်သည်။

"မိန်းမ... မင်း အရင်ပြန်ပြီး နားနှင့်တော့နော်"

ဝမ်ကျင်း၏ ချစ်စနိုးခေါ်သံကြောင့် ယွဲ့လော့၏ မျက်နှာလေးမှာ ရဲခနဲ ဖြစ်သွားခဲ့ရသည်။ သူမက ဝမ်ကျင်းကို မျက်စောင်းတချက် ထိုးလိုက်ပြီးနောက် အမြန်ထွက်ခွာသွားခဲ့တော့သည်။

အားဟုကမူ ဘာကိုမျှ မကြားလိုက်သကဲ့သို့ ပြုမူနေခဲ့သည်။ သေတ္တာကို ကျောက်စားပွဲပေါ်သို့ တင်ကာ ဖွင့်လှစ်ပေးပြီးနောက် သူသည် ဘေး၌ ဆက်လက်မတ်တတ်ရပ်နေရင်း စိတ်ထဲမှမူ ထိုထူးဆန်းပြီး ရင်နင့်စရာကောင်းလှသော ချစ်စနိုးခေါ်သံကြီးကို တိတ်တဆိတ် ကဲ့ရဲ့ရှုတ်ချနေမိသည်။

ဝမ်ကျင်းသည် ထွက်ပြေးသွားသော ယွဲ့လော့ကို တစ်ချက်ကြည့်ကာ ခပ်ဖွဖွ ရယ်မောလိုက်သည်။

'လူမရှိတဲ့အချိန်ကျတော့ ကြားချင်တယ်ဆိုပြီး လူရှိတဲ့အချိန်ကျတော့ ရှက်နေပြန်ပြီ။'

သူသည် ခေါင်းကို ခါယမ်းလိုက်ပြီး သေတ္တာထဲမှ စာအုပ်များကို ဖွင့်ကြည့်လိုက်သည်။ သူသည် စာအုပ်တစ်အုပ်ပြီးတစ်အုပ် လှန်လှောကြည့်ရှုလိုက်ရာ သူ၏ အသက်ရှူသံများသည် တဖြည်းဖြည်း မြန်ဆန်လာခဲ့သည်။ သူသည် ကျန်ရှိသော စာအုပ်အနည်းငယ်ကိုလည်း ဆက်လက်ဖွင့်ကြည့်လိုက်သည်။ ဤစာအုပ်များထဲတွင် ပင်းကျိုးနယ်မြေရှိ အာဏာရှိသူအသီးသီး၏ အဂတိလိုက်စားမှုများကို အသေးစိတ် ဖော်ပြထားရုံသာမက သူကိုယ်တိုင်ပင် မသိရှိထားသော နန်ယန်စီရင်စုအတွင်းမှ လျှို့ဝှက်ချက်အမြောက်အမြားကိုပါ မှတ်တမ်းတင်ထားခဲ့ခြင်း ဖြစ်သည်။

ဝမ်ကျင်းသည် သေတ္တာကို ပြန်ပိတ်ကာ ထိုင်ချလိုက်ပြီး သူ၏ အသက်ရှူနှုန်းကို ပြန်လည်တည်ငြိမ်အောင် ညှိယူလိုက်ရင်း အမိန့်ပေးလိုက်တော့သည်။

"သူ့ကို အထဲဝင်လာခိုင်းလိုက်... မဟုတ်ဘူး၊ ယဉ်ယဉ်ကျေးကျေးနဲ့ 'ဖိတ်ခေါ်' လိုက်စမ်း။"

All Chapters