← Chapters

အခန်း ၁၀၁

Vol. 11 Ch. 101

အခန်း ၁၀၁

Vol. 11 Ch. 101

အခန်း (၁၀၁) အားလပ်ချိန်၊ လျိုထုန်ထွက်ပြေးခြင်း

သူတို့နှစ်ဦးအတွက် သရုပ်မှန် တိုကင်များကို အလွန်လျင်မြန်စွာ ထုတ်ပေးခဲ့သည်။

သူမရဲ့ သရုပ်မှန် တိုကင်ကို ရရှိသည့်နေ့မှစ၍ ရှုရှင်းလီက ကျန်းယန်တောင်ထိပ်၏ အတွင်းစည်းတပည့်တစ်ယောက် ဖြစ်လာခဲ့သည်။

ရှုထုံအတွက်မူ သူမက ထိုက်ယိမြင့်မြတ်နယ်မြေ၏ အပြင်စည်းတပည့်တစ်ယောက် ဖြစ်လာခဲ့သည်။

ဒါက သူမ ယခင်က တစ်ခါမျှ အိပ်မက်ပင်မမက်ရဲခဲ့သော အရာဖြစ်သော်လည်း ယနေ့တွင်မူ ရှုချွမ်း၏ ဝင်ကူညီပေးမှုကြောင့် လက်တွေ့တကယ် ဖြစ်လာခဲ့ပြီဖြစ်သည်။

သူမအနေဖြင့် သခင်လေးရှုချွမ်းကို မည်မျှကျေးဇူးတင်မိသည်ကို စကားလုံးဖြင့်ပင် ဖော်ပြရန် မတတ်နိုင်တော့‌ပေ‌။

တစ်ချိန်တည်းမှာပင် သူမက ယခုအချိန်မှစ၍ သူမ၏ သခင်မလေးကို ပိုမိုကောင်းမွန်စွာ ဂရုစိုက်ရင်း သခင်လေးရှုချွမ်း၏ ကျေးဇူးကို ပြန်ဆပ်ရန် စိတ်ထဲ၌ တိတ်တဆိတ် ဆုံးဖြတ်လိုက်သည်။

ဒါတင်မကသေးဘဲ ရှုချွမ်းက ရွှေရောင်ရှေးဟောင်းနန်း‌တော်ထဲမှ ရရှိခဲ့သော အမွေအနှစ်များထဲမှ သူတို့နှင့် သင့်တော်မည့် ကျင့်စဉ်နှစ်ခုကို ရွေးချယ်ကာ ကျင့်ကြံ ရန် ပေးခဲ့သေးသည်။

ထိုကျင့်စဉ်နှစ်ခုစလုံးမှာ ဧကရာဇ် အဆင့် ကျင့်စဉ်များ ဖြစ်ကြသည်။

ရှုချွမ်းတွင် လက်ရှိ၌ ကျင့်ကြံခြင်း ကျင့်စဉ် များနှင့် ပတ်သက်လာလျှင် အရာအားလုံး ပြည့်စုံပိုလျှံနေသည်။

မြင့်မြတ်နယ်မြေသို့ ပြန်ရောက်ပြီးနောက် ရှုချွမ်းတွင် ထွေထွေထူးထူး လုပ်စရာမရှိသဖြင့် သူမတို့နှစ်ဦးကို ကျင့်စဉ်များ ကျင့်ကြံ ရာ၌ လမ်းညွှန်ပြသပေးရင်း မြင့်မြတ်နယ်မြေအတွင်း၌ လမ်းလျှောက် အပန်းဖြေနေခဲ့သည်။

ယခုအခါ သူက သူတော်စင်သားတော်တစ်ပါး ဖြစ်နေပြီဖြစ်၍ မြင့်မြတ်နယ်မြေ၏ နေရာအတော်များများတွင် မည်သည့်ကန့်သတ်ချက်မျှမရှိဘဲ လွတ်လပ်စွာ သွားလာနိုင်သည်။

ဤအခွင့်အရေးကို အသုံးချကာ ရှုချွမ်းက သူ၏ ယခင်က နောင်တရစရာကိစ္စများကို လိုက်လံဖြေဖျောက်နေခဲ့သည်။

ပတ်ဝန်းကျင်ကို လျှောက်လှမ်းကြည့်ရှုပြီးနောက် ရှုချွမ်းက အပြင်စည်း တည်ရှိရာနေရာသို့ ရောက်ရှိလာခဲ့သည်။

သူက အပြင်စည်းတွင် သူ ကျင့်ကြံခဲ့ဖူးသော ဂူ ဆီသို့ လမ်းလျှောက်သွားလိုက်သည်။

ဤဂူကို သူ တိုက်ရိုက်တပည့်အဖြစ် ရာထူး တိုးမြှင့်ခံရကတည်းက သူ့အတွက် သီးသန့်ချန်ထားပေးခဲ့ခြင်း ဖြစ်သည်။

ထို့အပြင် ဂူကို လာရောက်သန့်ရှင်းရေးလုပ်ပေးသည့် တပည့်များ အမြဲရှိနေသဖြင့် ဂူတစ်ခုလုံးတွင် ဖုန်မှုန့်တစ်စမှပင် ရှိမနေပေ။

သို့သော် သူ၏ဂူ ပတ်ဝန်းကျင်တွင်မူ သူ ယခင်ကမမြင်ဖူးသော ဂူအသစ်အများအပြား ရှိ နေသည်ကို တွေ့လိုက်ရသည်။

ဤလူများအားလုံးက ရှုချွမ်း၏ ယခင်ဂူနှင့် ပိုမိုနီးကပ်စွာ နေထိုင်ချင်ကြခြင်းဖြစ်ပြီး ရှုချွမ်း၏ ကံတရားအရှိန်အဝါကို မှီခိုကာ အတွင်းစည်းသို့ အမြန်ဆုံး ရောက်ရှိနိုင်ရန် မျှော်လင့်နေကြခြင်း ဖြစ်သည်။

ရှုချွမ်းက ဒါကို မြင်သောအခါ ပြုံးလိုက်မိသည်။

အမှန်စင်စစ် မည်သည့်ကမ္ဘာမှာမဆို ဤကဲ့သို့ အယူသီးတတ်သူများ အမြဲရှိစမြဲ‌ပေ။

သို့သော် ဤကဲ့သို့သော လျှို့ဝှက်ဆန်းကြယ်သိုင်းလောက တွင်မူ ကံတရား ဟူသောအရာ အမှန်တကယ် ရှိနေပြီး ရှုချွမ်းတွင် ကြီးမားသော ကံတရားအရှိန်အဝါ ရှိနေပါက သူတို့ မျှော်လင့်သလို တကယ် ဖြစ်လာနိုင်သည် မဟုတ်ပါလား။

အသွားအပြန် လုပ်နေကြသော အပြင်စည်းတပည့်များကို ကြည့်ရင်း ရှုချွမ်းက ရုတ်တရက် အကြောင်းအရာတစ်ခုကို သတိရသွားခဲ့သည်။

သူ၌ ဤအပြင်စည်းတွင် ရန်သူနှစ်ယောက် ရှိနေသေးသည်။

ဤရက်ပိုင်းအတွင်း ကျင့်ကြံခြင်းနှင့် ကိစ္စများကို လိုက်လံဖြေရှင်းနေရသဖြင့် အလုပ်ရှုပ်နေကာ ဤကိစ္စကို လုံးဝ မေ့လျော့နေခဲ့ခြင်း ဖြစ်သည်။

ယခင်က မရေမတွက်နိုင်သော သားရဲတောအုပ်ထဲတွင် သူ့ကို လုပ်ကြံရန် ကြိုးစားခဲ့သည့် လျိုဖုန်း၏ ဖခင်ဖြစ်သူမှာ အပြင်စည်း၏ စည်းကမ်းထိန်းသိမ်းရေးခန်းမမှ အကြီးအကဲ လျိုထုန် ဖြစ်သည်။

ယနေ့တွင်မူ ဤအငြိုးအတေးကို ရှင်းရမည့်အချိန် ရောက်ပြီဖြစ်သည်။

သူသည် စည်းကမ်းထိန်းသိမ်းရေးခန်းမ တည်ရှိရာနေရာသို့ ရောက်ရှိလာခဲ့သည်။

"လျိုထုန် ဘယ်မှာလဲ"

ရှုချွမ်းက စည်းကမ်းထိန်းသိမ်းရေးခန်းမမှ တပည့်တစ်ဦးကို မေးလိုက်သည်။

ထိုတပည့်မှာ မူလက ငိုက်မြည်းနေခဲ့ခြင်းဖြစ်ပြီး ရှုချွမ်း၏ အသံကြောင့် ရုတ်တရက် လန့်နိုးလာကာ ဆဲဆိုရန် ပြင်လိုက်သည်။

သို့သော် ရောက် လာသူမှာ မည်သူဖြစ်သည်ကို မြင်လိုက်ရသည့်အခါ သူ၏မျက်နှာမှ ဒေါသများ ချက်ချင်း ပျောက်ကွယ်သွားပြီး ဖားယားသော အ ပြုံးတစ်ခုဖြင့် အစားထိုးဝင်ရောက်လာခဲ့သည်။

"သူတော်စင်သားတော် ဒီကို လာတာကို ကျွန်တော် မသိလိုက်မိဘူး၊ ပြစ်မှားမိတာကို ခွင့်လွှတ်ပေးပါ"

"သူတော်စင်သားတော် အနေနဲ့ သဘောထားကြီးကြီးထားပြီး ခွင့်လွှတ်ပေးဖို့ မျှော်လင့်ပါတယ်"

သူက ရှုချွမ်းက သူ့ကို မှတ်မိသွားမည်စိုးသဖြင့် အလောတကြီး တောင်းပန်လိုက်သည်။

သို့သော် ရှုချွမ်းက ထိုအရာကို ဂရုမစိုက်ဘဲ ထပ်မံမေးမြန်းလိုက်သည်။

"စည်းကမ်းထိန်းသိမ်းရေးခန်းမ အကြီးအကဲ လျိုထုန် ဘယ်မှာလဲ"

ဤနာမည်ကို ကြားလိုက်ရသည့်အခါ ထိုတပည့်၏ မျက်နှာက ချက်ချင်း ပျက်သွားခဲ့သည်။

မခံချင်စရာကောင်းသော အတိတ်တစ်ခုခုကို ပြန်လည်သတိရသွားသည့်အလားပင်။

ထို့နောက် သူက ရှုချွမ်းကို ဒေါသတကြီးဖြင့် ပြောလိုက်သည်။ "သူတော်စင်သားတော်... မသိသေးဘူးထင်တယ်၊ အဲဒီ လျိုထုန်က ထွက်ပြေးသွားပါပြီ"

"သူ မထွက်ပြေးခင်မှာ ကျွန်တော်တို့ စည်းကမ်းထိန်းသိမ်းရေးခန်းမက တပည့်တွေရဲ့ ယွမ်ကျောက်တုံး တွေနဲ့ ဆေးလုံး တွေအားလုံးကိုလည်း ခိုးယူသွားခဲ့ပါသေးတယ်"

"အဲ့ဒီလူက တကယ်ကို ယုတ်မာလွန်းပါတယ်"

သူ၏ ဝမ်းနည်းစရာများကို ပြောရင်း စည်းကမ်းထိန်းသိမ်းရေးခန်းမမှ တပည့်မှာ မျက်ရည်ပင် ကျလုမတတ် ဖြစ်နေခဲ့သည်။

ဒါကလည်း အလွန် သဘာဝကျလှပေသည်။

နှစ်ပေါင်းများစွာ စုဆောင်းထားပြီး အသုံးပြုရန်ပင် နှမြောနေခဲ့ရသော ယွမ်ကျောက်တုံးများကို တစ်ညတည်းဖြင့် တစ်စုံတစ်ယောက်က ခိုးယူသွားခြင်းကို မည်သူကမှ လက်ခံနိုင်မည်မဟုတ်‌ပေ။

"ထွက်ပြေးသွားတယ် ဟုတ်လား"

ရှုချွမ်း မှင်သက်သွားခဲ့ရသည်။

ဤကဲ့သို့သော ရလဒ်မျိုး ဖြစ်လာလိမ့်မည်ဟု သူ လုံးဝ မထင်ထားခဲ့ပေ။

ထိုသူက စည်းကမ်းထိန်းသိမ်းရေးခန်းမ၏ အကြီးအကဲဖြစ်ပြီး ဤအပြင်စည်းတွင် နတ်ဘုရားတစ်ပါးကဲ့သို့ ရှိခဲ့သူဖြစ်သည်။

အ ပြင်စည်းတပည့်အားလုံး ကြောက်ရွံ့ရသော တည်ရှိမှုမျိုး ဖြစ်သည်။

သို့သော် ယနေ့ သူ လာရှာသည့်အခါ ထိုလူက ထွက်ပြေးသွားခဲ့ပြီ ဖြစ်သည်။

"ဟုတ်ပါတယ် ၊ သခင်လေး တိုက်ရိုက်တပည့် ဖြစ်လာကတည်းက နှလုံးသားကို ခွေးစားခံထားရတဲ့ အဲဒီ လျိုထုန်က ထူးဆန်းစွာ ပြုမူနေပြီး တိတ်တဆိတ် တစ်ခုခုကို ကြံစည်နေခဲ့တာပါ"

"သခင်လေးက ကောင်းကင်ဘုရင်အဆင့်ကျွမ်းကျင်သူတစ်ယောက်ရဲ့ လက်မောင်းကို ဖြတ်တောက်ပြီး သူတော်စင်သားတော် ဖြစ်လာပြီးတဲ့နောက်မှာတော့ သူက ပိုက်ဆံတွေကို ယူပြီး ထွက်ပြေးသွားပါတော့တယ်"

"ကျွန်တော်တို့အားလုံး သတိထားမိတဲ့အချိန်မှာတော့ သူက ဘယ်ကို ပျောက်ခြင်းမလှ ပျောက်သွားမှန်း မသိတော့ပါဘူး"

"ကျွန်တော့်ရဲ့ သနားစရာကောင်းတဲ့ ယွမ်ကျောက်တုံးလေးတွေ..."

စည်းကမ်းထိန်းသိမ်းရေးခန်းမမှ တပည့်က နာကျင်စွာ အော်ဟစ်ရင်း စကားကို အဆုံးသတ်လိုက်သည်။

"ဒါက..."

ရှုချွမ်းလည်း ဘာပြောရမှန်း မသိတော့ပေ။

ဤလျိုထုန်က တကယ်ကို အသက်ဘေးကို ကြောက်ရွံ့တတ်ပြီး ထိုသို့ လွယ်လွယ်နှင့် ထွက်ပြေးသွားခဲ့သည်။ တကယ်ကို နှမြောစရာပင်။

"ဒါဆို စွမ်းချန် ရော" ရှုချွမ်းက ဆက်မေးလိုက်သည်။

ထိုစွမ်းချန်မှာ မသန်မစွမ်းဖြစ်နေသူမို့ လျိုထုန်အနေဖြင့် ထွက်ပြေးသည့်အခါ သူ့ကို ခေါ်သွားနိုင်စရာ အကြောင်းမရှိပေ။

"တစ်ညမှာ စွမ်းချန်က ဘာကြောင့်လဲမသိဘဲ ရူးသွပ်သွားပြီး ရယ်မောကာ တိုင်ကို ခေါင်းနဲ့ဆောင့်ပြီး သေသွားခဲ့ပါတယ်"

စည်းကမ်းထိန်းသိမ်းရေးခန်းမမှ တပည့်က ဖြစ်ပျက်ခဲ့သမျှကို ရှုချွမ်းအား အသေးစိတ် ပြန်လည်ပြောပြသည်။

ရှုချွမ်းသည် နားထောင်ပြီးနောက် စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက်သွားခဲ့သည်။

အဆင့်အတန်းတစ်ခု ပြောင်းလဲသွားရုံမျှဖြင့် အပြင်စည်းတစ်ခုလုံးကို ပြောင်းလဲသွားစေခဲ့သည်။

"ကောင်းပြီ၊ အဲဒီလိုဆိုရင်လည်း ဒီမှာ ဆက်နေဖို့ မလိုတော့ဘူးပေါ့"

ရှုချွမ်းက ခေါင်းခါယမ်းကာ ထွက်ခွာရန် ပြင်လိုက်သည်။

ရန်သူတစ်ယောက်က သေဆုံးသွားပြီး တစ်ယောက်က ထွက်ပြေးသွားခဲ့သည်ဖြစ်ရာ တကယ်ကို ပျင်းစရာကောင်းလှပေသည်။

ရှုချွမ်း စည်းကမ်းထိန်းသိမ်းရေးခန်းမ၏ ပင်မတံခါးဝမှ ထွက်ခွာရန် ပြင်လိုက်စဉ်မှာပင်...

တစ်စုံတစ်ယောက်က ရှုချွမ်းကို လှမ်းခေါ်လိုက်သည်။

"သူတော်စင်သားတော်.. ခဏလောက် စောင့်ပါဦး"

ရှုချွမ်း ခေါင်းလှည့်ကြည့်လိုက်ရာ သူ့ကို လှမ်းခေါ်သောသူကို သူ မမှတ်မိချေ။

"ဟင်... တစ်ခုခု ရှိလို့လား" ရှုချွမ်းက ဇဝေဇဝါဖြင့် မေးလိုက်သည်။

"သူတော်စင်သားတော် ... စစ်ဆေးမှုတုန်းက သခင်လေး လောင်းကြေးထပ်ခဲ့တာကို မေ့သွားပြီလား"

ထိုသူက ရှုချွမ်းကို သတိပေးလိုက်သည်။

ထိုအခါမှသာ ရှုချွမ်းက ဤကိစ္စကို သတိရသွားတော့သည်။

ထိုနေ့က စစ်ဆေးမှု မပြုလုပ်မီက သူသည် သူ၏ပိုင်ဆိုင်မှု အတော်များများကို သူကိုယ်တိုင် ပထမရရှိမည်ဟူ၍ လောင်းကြေးထပ်ခဲ့ခြင်း ဖြစ်သည်။

ထိုစဉ်က လောင်းကြေးအချိုးအစားမှာ ၁:၅၀၀ ရှိခဲ့သည်ကို သူ မှတ်မိနေသေးသည်။

ပထမရရှိပြီးနောက်တွင်မူ ကိစ္စအဝဝဖြင့် အလုပ်ရှုပ်နေခဲ့သဖြင့် ရှုချွမ်း ဤကိစ္စကို လုံးဝ မေ့လျော့နေခဲ့ခြင်း ဖြစ်သည်။

သို့သော် ရှုချွမ်းက မေ့နေခဲ့သော်လည်း လောင်းကစားဒိုင် ပြုလုပ်ခဲ့သူမှာမူ မေ့ရဲစရာ အကြောင်းမရှိပေ။

အထူးသဖြင့် ရှုချွမ်းက သူတော်စင်သားတော် ဖြစ်လာပြီးနောက်တွင်မူ သူက နေ့တိုင်း ထိတ်လန့်တုန်လှုပ်နေခဲ့ရပြီး ရှုချွမ်းက တစ်နေ့နေ့တွင် တံခါးလာခေါက်မည်ကို ကြောက်ရွံ့နေခဲ့သည်။

ထို့ကြောင့် သူက ရှုချွမ်းထံသို့ ယွမ်ကျောက်တုံးများ ပြန်လည်ပေးအပ်ချင်နေခဲ့သော်လည်း ရှုချွမ်း၏ လက်ရှိအဆင့်အတန်းကြောင့် သူ လိုချင်တိုင်း တွေ့ခွင့်မရခဲ့ပေ။

ယနေ့မှသာ သူက ရှုချွမ်းထံသို့ ချဉ်းကပ်ရန် အခွင့်အရေး ရရှိခဲ့ခြင်း ဖြစ်သည်။

"အော်... မင်းက ငါ့ကို ယွမ်ကျောက်တုံးတွေလာပေးတာလား" ရှုချွမ်းက ပြုံးလျက် မေးလိုက်သည်။

"သခင်လေး... ခွင့်လွှတ်ပေးပါ၊ ကျွန်တော် အခွင့်အရေးရရချင်း သခင်လေးထံ ကျောက်တုံးများ လာမပေးနိုင်ခဲ့တာ ကျွန်တော့်ရဲ့ အမှားပါ"

ထိုသူက ရှုချွမ်းအား ရိုသေစွာ ဦးညွှတ်လိုက်ပြီး သိုလှောင်အိတ် တစ်ခုကို လက်နှစ်ဖက်ဖြင့် ဦးခေါင်းထက် မြှောက်၍ ဆက်သလိုက်သည်။

"သခင်လေး... ဒီမှာ အဆင့်နိမ့်ယွမ်ကျောက်တုံး ငါးသောင်း ရှိပါတယ်၊ ဒါတွေအားလုံးက သခင်လေးရဲ့ ပိုင်ဆိုင်မှုတွေပါ"

ရှုချွမ်းက သိုလှောင်အိတ်ကို ယူကာ အလေးချိန်ကို စမ်းသပ်ကြည့်ပြီးနောက် သူ၏ သိုလှောင်လက်စွပ် ထဲသို့ ပေါ့ပေါ့ပါးပါးပင် ထည့်လိုက်သည်။

အဆင့်နိမ့်ကျောက်တုံး ငါးသောင်းဟူသည် ဤအပြင်စည်းတပည့်များအတွက် ကြီးမားသော ပမာဏဖြစ်နိုင်သော်လည်း ယခုအချိန်တွင် သူ့အတွက်မူ ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ မထူးခြားတော့ပေ။

သို့သော်လည်း လာပေးသည့်အတွက် သူ ငြင်းပယ်ခြင်းမရှိဘဲ လက်ခံလိုက်သည်။

"ကောင်းပြီ၊ ဒါဆိုရင် ဒီကိစ္စကို ဒီမှာတင် အဆုံးသတ်လိုက်ကြရအောင်”

All Chapters