အခန်း ၁၀၆
Vol. 11 Ch. 106
အခန်း (၁၀၆) ဝမ်လင်း၏ ဇာတ်ညွှန်း
ရှုချွမ်းက သူ မဲနှိုက်ကျရာ အုပ်စု (၇) သို့ ရောက်ရှိလာခဲ့သည်။
ဤနေရာတွင် မတူညီသော အင်အားစုအသီးသီးမှ ပါရမီရှင် သိုင်းပညာရှင် ၅၀ ခန့် စုဝေးနေကြသည်။
ထိုသူများထဲတွင် မနေ့ညက ရှုချွမ်းကို လုပ်ကြံရန် သူ၏ လက်အောက်ငယ်သားကို စေလွှတ်ခဲ့သည့် လူငယ်လည်း ပါဝင်နေသည်။
သူက ရှုချွမ်းကို စိုက်ကြည့်ရင်း လည်ပင်းလှီးပြသည့် အမူအရာကို ပြုလုပ်ကာ အလွန်မောက်မာစွာဖြင့် စိန်ခေါ်စစ်ကြေညာလိုက်သည်။
တာအိုဖလှယ် ပွဲ ညီလာခံ၏ စည်းမျဉ်းအရ ပြိုင် ကွင်းထဲသို့ ရောက်သည်နှင့် ရှင်ခြင်း နှင့် သေခြင်းကို လျစ်လျူရှုရမည် ဖြစ်သည်။
တစ်ဖက်လူက လက်နက်မချသရွေ့ သေဆုံးသည်အထိ တိုက်ခိုက်ရမည်မှာ လူတိုင်း လက်ခံထားသည့် စည်းမျဉ်း ဖြစ်သဖြင့် ပြိုင်ပွဲတိုင်းတွင် ပါရမီရှင်များစွာ ပြိုင် ကွင်းထဲ၌ပင် အသက်ပျောက်ကြရလေ့ရှိသည်။
ရှုချွမ်းကတော့ အနည်းငယ် ဇဝေဇဝါ ဖြစ်သွားရသည်။
'ဒီကောင်က ဘာဖြစ်နေတာလဲ။ ငါဘယ်သွားသွား ဘာလို့ ဒုက္ခပေးမယ့်ကောင်တွေနဲ့ချည်း တိုးနေရတာလဲ' ဟု တွေးရင်း သူ၏ မျက်ဝန်းထဲတွင် တောက်ပသော အလင်းတန်းတစ်ခု ဖြတ်ပြေးသွားကာ ထိုလူငယ်၏ အချက်အလက်များကို စနစ်ဖြင့် စစ်ဆေးလိုက်သည်။
အမည်: ဝမ်လင်း
နယ်ပယ်: ကမ္မနယ်ပယ် အဆင့် ၃
ပါရမီ: တစ်သက်မှာတစ်ခါပဲ ပေါ်မည့်ပါရမီ
ကံကြမ္မာ: သားရဲနတ်ဘုရား၏ မျက်နှာသာပေးခြင်း (ခရမ်းရောင်)၊ သားရဲနတ်ဘုရားတိုတမ် (အနီရောင်)၊မကောင်းဆိုးဝါးကြယ်ဖြင့် အမှတ်အသားပြုခံရခြင်း (အဖြူရောင်)
နတ်ဘုရားစွမ်းရည်: သားရဲသွေးဆူပွက်ခြင်း၊ နတ်ဘုရားသားရဲထံ ဆုတောင်းခြင်း
ဘဝဇာတ်ညွှန်း: ဇာတ်ပို့
ဘဝလမ်းကြောင်း: တောင်တစ်သောင်းဒေသရှိ ရှေးဟောင်းမျိုးနွယ်စုတစ်ခုဖြစ်သော သားရဲနတ်ဘုရားမျိုးနွယ်စုမှ နတ်ဆရာတစ်ဦး၏သား ဖြစ်ပြီး နောင်တစ်ချိန်တွင် နတ်ဆရာ ဖြစ်လာမည့်သူ။ သူက သူ၏ သွေးမျိုးဆက်ကို မီးရှို့ခြင်းဖြင့် သားရဲနတ်ဘုရားကို ဆင့်ခေါ်နိုင်ပြီး မိမိထက် ကျင့်ကြံမှုအဆင့် ကြီးမားသော နယ်ပယ်ကြီးနှစ်ခုစာအထိ ခွန်အားကို ပေါက်ကွဲ တိုးမြှင့်နိုင်သည်။ သူက ရှုချွမ်းကို လုပ်ကြံရန် စေလွှတ်ခဲ့သော်လည်း မအောင်မြင်ခဲ့ဘဲ ယခုအခါ သူ၏မျိုးနွယ်စုဝင် ညီအစ်ကို ဝမ်တန်အတွက် လက်စားချေရန် ကွင်းထဲတွင် ရှုချွမ်းကို သတ်ရန် ကြိုးစားလိမ့်မည်။ သို့သော် နောက်ဆုံးတွင် ရှုချွမ်း၏ လက်ချက်ဖြင့်ပင် ပြန်လည် သေဆုံးရလိမ့်မည်။
အခွင့်အလမ်း: မရှိပါ
ခင်မင်မှု: -၇၀ (နက်ရှိုင်းစွာ အမြစ်တွယ်နေသော မုန်းတီးမှု)
သားရဲနတ်ဘုရား၏ မျက်နှာသာပေးခြင်: သားရဲနတ်ဘုရားမျိုးနွယ်စုမှ ကိုးကွယ်သော သားရဲနတ်ဘုရား၏ သဘာဝအတိုင်း မျက်နှာသာပေးခြင်းကို ခံရသည်။ သားရဲနတ်ဘုရား၏ အကာအကွယ်နယ်မြေအတွင်းတွင် သူ၏ ခွန်အားနှင့် ကံကောင်းခြင်းသည် နှစ်ဆတိုးလာမည်။
သားရဲနတ်ဘုရားတိုတမ်: နဖူးပြင်ပေါ်တွင် နတ်ဘုရားရုန်း များ ပါရှိသော သဘာဝနတ်ဘုရားတစ်ပါးဖြစ်ပြီး ရန်သူများ၏ စိတ်ဝိညာဉ်ကို နှောင့်ယှက်ရန် နတ်ဘုရားစွမ်းအားကို အသုံးပြုနိုင်သည်။
မကောင်းဆိုးဝါးကြယ်ဖြင့် အမှတ်အသားပြုထားခြင်း: သူ၏ ဘဝတွင် ကြီးမားသော ကပ်ဘေးဒုက္ခတစ်ခု ရှိသည်။ ၎င်းကို ကျော်လွှားနိုင်ပါက အစွမ်းထက်သော ကျွမ်းကျင်သူ ဖြစ်လာမည်ဖြစ်ပြီး မကျော်လွှားနိုင်ပါက ပျက်စီးသွားလိမ့်မည်။
...
'မနေ့ညက အဲဒီလုပ်ကြံသူကို သူ လွှတ်လိုက်တာကိုး' ရှုချွမ်း မျက်ခုံးတစ်ဖက် ပင့်လိုက်မိသည်။
သူ ရွှေရောင်ရှေးဟောင်းနန်းတော် တွင် သတ်ခဲ့သည့် ဝမ်တန်၏ အစ်ကိုကြီး ဖြစ်နေသဖြင့် သူ့အပေါ် ဤမျှအထိ ရန်ငြိုးကြီးနေခြင်းမှာ အံ့ဩစရာ မဟုတ်တော့ပေ။ ခင်မင်မှုအဆင့် -၇၀ အထိ ရှိနေခြင်းမှာ ရှုချွမ်း တစ်ခါမျှ မမြင်ဖူးသည့် ပမာဏ ဖြစ်သည်။ ရှောင်ချန်ပင်လျှင် -၅၀ မျှသာ ရှိခဲ့သည်။
ညဘက်တွင် လုပ်ကြံသူလွှတ်သည့်အပြင် ယခုကဲ့သို့ ဗြောင်ကျကျ ရန်စနေသော ဝမ်လင်းကို ရှုချွမ်းအနေဖြင့် အသက်ရှင်ခွင့်ပေးရန် အစီအစဉ်မရှိတော့ဘဲ ပြိုင် ကွင်းထဲတွင် တရားဝင် ဖယ်ရှားပစ်ရန် ဆုံးဖြတ်လိုက်တော့သည်။
ထိုအချိန်တွင် အုပ်စု (၇) ၏ ပွဲစဉ်များကို ကြီးကြပ်မည့် သဲဝါ မြင့်မြတ်နယ်မြေမှ အကြီးအကဲ ပြိုင် ကွင်းထဲသို့ ရောက်ရှိလာသဖြင့် ပွဲစဉ်များ တရားဝင် စတင်တော့မည် ဖြစ်သည်။
"ပထမဆုံးပွဲစဉ်အဖြစ် ချင်းရွှမ်ဂိုဏ်းက လျိုဟောင် နဲ့ ငွေလမြင့်မြတ်နယ်မြေက လီဟန်တို့ ယှဉ်ပြိုင်ကြပါ"
အကြီးအကဲ၏ ကြေညာချက်အဆုံးတွင် ကမ္မနယ်ပယ် အဆင့် ၁ ရှိ အလားတူ ခွန်အားချင်းတူညီသော သိုင်းပညာရှင် နှစ်ဦး ရှေ့သို့ တိုးထွက်လာကြသည်။
ဤနှစ်ဦးမှာ အုပ်စု၏ နံပါတ်တစ်နှင့် နံပါတ်ငါးဆယ် ဖြစ်ကြသဖြင့် ပွဲစဉ်များကို ရှေ့မှနောက်သို့ စနစ်တကျ စီစဉ်ထားမှန်း သိသာလှသည်။
ရှုချွမ်းကတော့ ဘေးမှနေ၍ အေးဆေးစွာ စောင့်ကြည့်နေခဲ့သည်။
ချင်းရွှမ်ဂိုဏ်းနှင့် ငွေလ မြင့်မြတ်နယ်မြေ နှစ်ခုစလုံးမှာ သူနှင့် ရန်ငြိုးရှိကြသည်။
သူက ချင်းရွှမ်ဂိုဏ်း၏ သခင်လေး နှင့် တပည့်များကို သတ်ခဲ့ဖူးပြီး ငွေလမြင့်မြတ်နယ်မြေမှာမူ ဂိုဏ်း၏ ရန်သူဖြစ်သဖြင့် မည်သူနိုင်သည်ဖြစ်စေ သူ ဂရုမစိုက်ပေ။
မကြာမီမှာပင် ပွဲစဉ်ပြီးဆုံးသွားခဲ့ပြီး ပတ်ဝန်းကျင်မှ သိုင်းပညာရှင်များ၏ ချီးကျူးသံများ ထွက်ပေါ်လာသည်။
"ချင်းရွှမ်ဂိုဏ်းက လျိုဟောင်က တကယ် သန်မာ တာပဲ။ သူ့ရဲ့ လှံသိုင်း တွေက အံ့မခန်းပဲ"
"ဟုတ်တယ်... ကျင့်ကြံအဆင့်ချင်း အတူတူကို ငွေလမြင့်မြတ်နယ်မြေက လီဟန်ကို သုံးချက်တည်းနဲ့ အပြတ်အသတ် နိုင်သွားတာ"
အုပ်စု (၇) ၏ ပွဲစဉ်များ တစ်ပွဲပြီးတစ်ပွဲ ဆက်တိုက် ကျင်းပလာခဲ့ရာ မကြာမီ ရှုချွမ်း၏အလှည့်သို့ ရောက်ရှိလာသည်။
သို့သော် သူ၏ပြိုင်ဘက်မှာ နိဗ္ဗာနနယ်ပယ် အဆင့်၆မျှသာ ရှိသော သိုင်းပညာရှင်တစ်ဦးဖြစ်ပြီး ရှုချွမ်း၏ လက်သီးတစ်ချက်ကိုပင် မခံနိုင်ဘဲ ချက်ချင်း လက်နက်ချ အရှုံးပေးသွားခဲ့သည်။
ရှုချွမ်း အနိုင်ရရှိပြီးနောက် ပထမအချီ ပွဲစဉ်များအားလုံး ပြီးဆုံးသွားကာ အုပ်စု (၇) တွင် လူပေါင်း ၂၅ ဦးသာ ကျန်ရှိတော့သည်။
ဒုတိယအချီ ပွဲစဉ်များ မစတင်မီ ပြိုင်ဘက်များကို မဲနှိုက်၍ ပြန်လည်ရွေးချယ်ကြရာတွင် အလွန်ကံကောင်းထောက်မစွာဖြင့် ရှုချွမ်းက 'အလွတ် မဲ'ကို တိုက်ရိုက်ရရှိခဲ့သဖြင့် မပြိုင်ရဘဲ နောက်တစ်ဆင့်သို့ အလိုအလျောက် တက်လှမ်းသွားခဲ့သည်။
ဘေးပတ်ဝန်းကျင်မှ သိုင်းပညာရှင်များက သူ့ကို အားကျမနာလိုသော မျက်လုံးများဖြင့် ကြည့်နေကြသော်လည်း အကြီးအကဲ၏ တိုက်တွန်းမှုကြောင့် ပွဲစဉ်များ ဆက်လက် စတင်ခဲ့သည်။
"ဘုန်း..."
ရုတ်တရက် ပြင်းထန်သော အသံကြီးတစ်ခု ထွက်ပေါ်လာသဖြင့် ရှုချွမ်း လှည့်ကြည့်လိုက်ရာ အုပ်စု (၃) ၏ ကွင်းပြင်တွင် ထျန်းယန်ဂိုဏ်းမှ ရှောင်ချန်က ငွေလမြင့်မြတ်နယ်မြေ၏ တပည့်တစ်ဦးကို လက်သီးဖြင့် ကွင်းပြင်အပြင်ဘက်သို့ ဗြောင်ကျကျ ထိုးချပစ်လိုက်သည်ကို တွေ့ရသည်။
ကွင်းပြင်အပြင်ဘက်သို့ ရောက်ရှိသွားခြင်းမှာ အလိုအလျောက် အရှုံးပေးရခြင်း ဖြစ်သည်။
"ဟမ့်... အသုံးမကျတဲ့ကောင်"
"မိန်းမလျာလိုလို ယောက်ျားလိုလိုနဲ့ကောင်ကများ သူတော်စင်သားတော် လို့ ကိုယ့်ကိုယ်ကိုယ် ခေါ်ရဲသေးတယ်။ ငွေလမြင့်မြတ်နယ်မြေက တပည့်တွေအားလုံးက ဒီလောက်တောင် အားနည်းကြတာလား" ရှောင်ချန်က မောက်မာဝါကြွားစွာ ပြောဆိုပြီး ကွင်းပြင်ပေါ်မှ ဆင်းသွားခဲ့သည်။
သူ၏ အပြုအမူကြောင့် ငွေလမြင့်မြတ်နယ်မြေမှ သိုင်းပညာရှင်များ ဒေါသတကြီး စိုက်ကြည့်ကြသော်လည်း မည်သူမျှ တုံ့ပြန်ခြင်း မပြုရဲကြပေ။
အဘယ်ကြောင့်ဆိုသော် ငွေလမြင့်မြတ်နယ်မြေ၏ ကမ္မနယ်ပယ် အဆင့်၃ရှိ သူတော်စင်သားတော်ပင်လျှင် ရှောင်ချန်၏ တိုက်ကွက် တစ်ချက်ကို မခံနိုင်ဘဲ ရှုံးနိမ့်သွားခဲ့ရသောကြောင့် ဖြစ်သည်။
အုပ်စု (၃) ၏ အကြီးအကဲက မျက်မှောင်ကြုတ်ကာ ရှောင်ချန် အနိုင်ရရှိကြောင်း ကြေညာလိုက်သည်။
အခြားတစ်ဖက်တွင်မူ ချွေ့ကျန်း၊ လင်းရှောင်၊ လီဟန်နှင့် ချန်မင်းတို့သည်လည်း ပထမပွဲစဉ်များတွင် အလွယ်တကူပင် အနိုင်ရရှိခဲ့ကြသည်။
ရှုချွမ်းရှိရာ အုပ်စု (၇) တွင်မူ ဒုတိယအချီ ပွဲစဉ်များ အရှိန်အဟုန်ဖြင့် ပြီးဆုံးသွားခဲ့သည်။
နာရီဝက်ခန့် ကြာပြီးနောက် ဝမ်လင်းက ယောင်ရှန်းဓားဂိုဏ်းမှ တပည့်တစ်ဦးကို အနိုင်ယူပြီးချိန်တွင် အုပ်စု (၇) ၌ လူပေါင်း ၁၃ ဦးသာ ကျန်ရှိတော့သည်။
ကန္တာရမြင့်မြတ်နယ်မြေ၏ အကြီးအကဲက ပြိုင်ပွဲဝင်များ ဆက်တိုက် ယှဉ်ပြိုင်ထားရသဖြင့် နွမ်းနယ်မှုကို အနားယူရန် အမွှေးတိုင်တစ်တိုင်စာမျှ အချိန် ခေတ္တနားနားပေးလိုက်သည်။
ထိုအချိန်အတွင်း လူတိုင်း အလျင်အမြန် စွမ်းအားများ ပြန်လည်ဖြည့်တင်းနေကြသော်လည်း ရှုချွမ်းတစ်ဦးတည်းသာ ပွဲတစ်ပွဲသာ ပြိုင်ရသေးပြီး ကျန်တစ်ပွဲမှာ မဲအလွတ် ရ ခဲ့သဖြင့် စွမ်းအားကုန်ခမ်းမှု လုံးဝမရှိဘဲ ပတ်ဝန်းကျင်ကို အေးဆေးစွာ ကြည့်နေခဲ့သည်။
အမွှေးတိုင်တစ်တိုင်စာ အချိန်ကုန်လွန်သွားပြီးနောက် တတိယအချီအတွက် မဲနှိုက်ပွဲ ပြန်လည်စတင်ခဲ့သည်။
မထင်မှတ်ဘဲ ရှုချွမ်းက ဤအချီတွင်လည်း 'အလွတ် မဲ' ကို ထပ်မံရရှိခဲ့ပြန်သည်။
ဆက်တိုက် နှစ်ကြိမ်တိုင်တိုင် ပွဲစဉ် လွတ်သွားခြင်းက ကျန်ရှိနေသော သိုင်းပညာရှင်များကို မနာလိုစိတ်ဖြင့် မျက်လုံးများ နီမြန်းသွားစေသည်။
သူတို့က ရှုချွမ်းနှင့် ဤအကြီးအကဲကြားတွင် တစ်စုံတစ်ရာ ပတ်သက်မှု ရှိနေမလားဟုပင် သံသယဝင်လာကြသည်။
သို့သော် ရှုချွမ်းအတွက်မူ ဤအရာအားလုံးမှာ 'ကံတရား' ကြောင့်သာ ဖြစ်သည်။
သူက ကံကြမ္မာ၏သားတော်ဖြစ်သော ရှုချန်ကို သတ်ဖြတ်ပြီး သူ၏ ကံကြမ္မာအရှိန်အဝါများကို လုယူခဲ့ပြီးကတည်းက သူ၏ ကံကောင်းခြင်းမှာ ယခင်ကထက် ဆယ်ဆမက အံ့ဩစရာကောင်းလောက်အောင် မြင့်မားနေခဲ့ခြင်း ဖြစ်သည်။
"ဟမ့်... ခွေးချေးနင်းမိလို့ ကံကောင်းနေတာပဲ ဖြစ်ရမယ်"
"စတုတ္ထအချီမှာတော့ မင်း ဒီလိုမျိုး အလွတ်မဲ ထပ်ရမှာ မဟုတ်ဘူးလို့ ငါယုံကြည်တယ်" ဝမ်လင်းက မကျေမနပ်ဖြင့် ရေရွတ်လိုက်သည်။
ထို့နောက် ကျန်ရှိသော ၁၂ ဦး ပွဲစဉ်များ စတင်ခဲ့သည်။
လူနည်းသွားသဖြင့် ပွဲစဉ်များမှာ မြန်ဆန်လှပြီး မကြာမီမှာပင် နောက်ထပ် ၆ ဦး ထပ်မံပြုတ်သွားကာ ကွင်းထဲတွင် ၇ ဦးသာ ကျန်ရှိတော့သည်။
သူတို့က နောက်ထပ်တစ်ချီသာ ကျော်ဖြတ်ရုံဖြင့် ထိပ်ဆုံးနှစ်နေရာအတွက် ယှဉ်ပြိုင်ခွင့်ရမည် ဖြစ်သည်။
မဲနှိုက်ပွဲ ပြန်လည်စတင်ရာတွင် ယခုတစ်ကြိမ်၌မူ ရှုချွမ်းက အရင်ဆုံး မဲနှိုက်ခဲ့သည်။
ကျန်ရှိသော ၆ ဦးက သူ အလွတ်မဲ ထပ်မံရရှိသွားမည်ကို စိုးရိမ်တကြီး စိုက်ကြည့်နေကြသော်လည်း ကံကောင်းစွာဖြင့် ယခုတစ်ခေါက်တွင် ရှုချွမ်း အလွတ်မဲ မရရှိခဲ့သဖြင့် လူတိုင်း သက်ပြင်းချနိုင်သွားကြသည်။
မဲနှိုက်မှုအားလုံး ပြီးဆုံးသွားချိန်တွင် ယခုအချီ၌ အလွတ်မဲ ရရှိသွားသူမှာ ကမ္မနယ်ပယ် အဆင့်၂ ခွန်အား ရှိသော 'ချင်းဟုန်' ဟု အမည်ရသည့် သိုင်းပညာရှင်တစ်ဦး ဖြစ်သည်။