အခန်း ၁၀၇
Vol. 11 Ch. 107
အခန်း (၁၀၇) ရှုချွမ်းနှင့် ဝမ်လင်း
"နောက်ပွဲစဉ်ကတော့ ထိုက်ယိမြင့်မြတ်နယ်မြေက ရှုချွမ်းနဲ့ ရှေးဟောင်းမျိုးနွယ်စုက ဝမ်လင်းတို့ရဲ့ ယှဉ်ပြိုင်မှုပဲ ဖြစ်ပါတယ်"
မဲနှိုက်ခြင်း ပြီးဆုံးသွားပြီးနောက် သဲဝါ မြင့်မြတ်နယ်မြေမှ အကြီးအကဲ၏ ကြေညာသံ ထွက်ပေါ်လာသည်။
ဤစတုတ္ထအချီ၏ ပထမဆုံးပွဲစဉ်မှာပင် ရှုချွမ်း၏ အလှည့် ကျရောက်လာခြင်း ဖြစ်သည်။
နှစ်ကြိမ်ဆက်တိုက် အလွတ်မဲ ရရှိခဲ့ပြီးနောက် ရှုချွမ်းသည် လူအများ၏ အာရုံစိုက်မှုကို ခံနေရပြီးသား ဖြစ်သည်။
ထို့အပြင် ယခု သူနှင့် ရင်ဆိုင်ရမည့် ပြိုင်ဘက်မှာ ယခင်က သူ့အပေါ် ရန်ငြိုးအာဃာတကြီးမားလှသည့် ဝမ်လင်း ဖြစ်နေသဖြင့် ချက်ချင်းပင် ကြည့်ရှုသူ သိုင်းပညာရှင်များအကြား လှုပ်လှုပ်ရှားရှား ဖြစ်သွားတော့သည်။
"လာပြီဟေ့... လာပြီ။ ပွဲကြီးပွဲကောင်း ရောက်လာပြီ"
"ဒီနှစ်ယောက်ထဲက ဘယ်သူနိုင်မလဲ ခန့်မှန်းကြည့်ရအောင်"
"ရှုချွမ်းသာ ဒီပွဲမှာ ရှုံးသွားရင်တော့ ထိုက်ယိမြင့်မြတ်နယ်မြေတစ်ခုလုံး မျက်နှာပျက်ပြီပဲ"
"ဒီဝမ်လင်းက ရှုချွမ်းကို လုံးဝ လွှတ်ပေးမှာ မဟုတ်ဘူး။ သူ သေချာပေါက် သတ်ပစ်လိမ့်မယ်"
"ဟုတ်တယ်။ မင်းတို့ မကြားမိဘူးလား။ ဝမ်လင်းရဲ့ ညီဖြစ်သူက ရှုချွမ်းလက်ချက်နဲ့ သေသွားတာလေ။ ဒီတစ်ခါ သူ ကလဲ့စားချေဖို့ သီးသန့်လာတာ"
လူအုပ်ကြီးက ရှုချွမ်း အနိုင်ရနိုင်ပါ့မလားဟူ၍ အမျိုးမျိုး ခန့်မှန်းနေကြပြီး အချို့က ရလဒ်ကို လောင်းကြေးပင် ထပ်လာကြသည်။
ထိုအကြည့်ပေါင်းများစွာအောက်တွင် ရှုချွမ်းက ပြိုင်ပွဲကွင်းပြင်ပေါ်သို့ အေးဆေးတည်ငြိမ်စွာ ဖြည်းဖြည်းချင်း လျှောက်လှမ်းတက်လာခဲ့သည်။
သူ၏ရှေ့တွင်မူ ဝမ်လင်းက ကြိုတင်၍ စောင့်ဆိုင်းနေခဲ့ပြီ ဖြစ်သည်။
"မင်းက နိဗ္ဗာနယ်ပယ် အဆင့် ၂ သိုင်းပညာရှင်မျှသာ ရှိသေးတာမို့ စင်ပေါ်မတက်ဘဲ ချက်ချင်း လက်နက်ချလိမ့်မယ်လို့ ငါ ထင်ထားတာ" ဝမ်လင်းက ရှုချွမ်းကို မောက်မာဝါကြွားစွာ စိုက်ကြည့်ရင်း ပြောလိုက်သည်။
"ဒါပေမယ့် မင်းက စင်ပေါ်တက်ရဲတဲ့ သတ္တိရှိနေတော့လည်း ငါအလိုချင်ဆုံး အခြေအနေ ဖြစ်သွားတာပေါ့။ ဒီနေ့တော့ မင်း သေချာပေါက် သေပွဲဝင်ရလိမ့်မယ်"
အစကတည်းက သူက ရှုချွမ်းကို မျက်လုံးထဲ ထည့်မထားခဲ့ပေ။
ရှုချွမ်းက ကမ္မနယ်ပယ် ကျွမ်းကျင်သူကို သတ်ဖြတ်နိုင်ခဲ့သည်ဟူသော ကောလာဟလများကိုလည်း အခြားသော ကောက်ကျစ်သည့် နည်းလမ်းတစ်ခုခုကို သုံးထားခြင်းသာ ဖြစ်မည်ဟု ယူဆထားသည်။
မည်သို့ပင်ဖြစ်စေ နိဗ္ဗာနနယ်ပယ် အဆင့်၂မျှသာ ရှိသော သိုင်းပညာရှင်တစ်ဦးက ကမ္မနယ်ပယ် ကျွမ်းကျင်သူကို နယ်ပယ်ကြီးတစ်ခုလုံး ဖြတ်ကျော်ကာ သတ်နိုင်မည်ဟု ဘယ်သူက ယုံကြည်နိုင်ပါမှာလဲ။
"ဒီကောင်က တကယ့်ကို မောက်မာလွန်းတာပဲ" ဘေးမှ ကြည့်ရှုသူများ တီးတိုးပြောဆိုလိုက်ကြသည်။
"မတတ်နိုင်ဘူးလေ။ သူက မောက်မာနိုင်လောက်တဲ့ အရည်အချင်း ရှိတာကိုး။ ကမ္မနယ်ပယ် အဆင့်၃ဆိုတာ ဒီနေရာမှာရှိတဲ့ ပါရမီရှင်တွေထဲမှာ ထိပ်တန်းအဆင့် ခွန်အားပဲလေ"
"ရှုချွမ်း အနိုင်ရပါစေလို့ပဲ မျှော်လင့်ရမှာပဲ"
ဝမ်လင်း၏ ခြိမ်းခြောက်စကားကို ကြားသော်လည်း ရှုချွမ်းမှာ နေရာတွင်ပင် ငြိမ်သက်စွာ ရပ်နေပြီး မျက်နှာအမူအရာမှာ အေးစက်တည်ငြိမ်နေဆဲ ဖြစ်သည်။
"ငါ့ကို သတ်မလို့လား... မင်းမှာကော အဲဒီလောက် ခွန်အား ရှိလို့လား" ရှုချွမ်းက အေးတိအေးစက် တုံ့ပြန်လိုက်သည်။
သူက ဝမ်လင်းကို လုံးဝ အရေးစိုက်ခြင်းမရှိပေ။
ကမ္မနယ်ပယ် အဆင့်၃ သာ ရှိသေးသည်။
သူ၏ နတ်ဘုရားစွမ်းရည်က ကျင့်ကြံမှုကို နယ်ပယ်ငယ် နှစ်ဆင့်အထိ ပေါက်ကွဲတိုးမြှင့်နိုင်သည်ဆိုဦးတော့ ကမ္မနယ်ပယ် အဆင့်၅ မျှသာ ဖြစ်လိမ့်မည်။
အဲ့လောက်ဆိုရင်တော့ ရှုချွမ်းက သူ့ကို အမှုန့်ခြေပစ်နိုင်သည်ဟု ယုံကြည်ချက်အပြည့် ရှိသည်။
ဤစကားကို ကြားလိုက်ရသောအခါ ပြိုင်ကွင်း အောက်ရှိ သိုင်းပညာရှင်များအားလုံး အံ့ဩသွားကြသည်။
လာပြန်ပြီ... ဤရှုချွမ်းကလည်း တကယ့်ကို ရဲတင်းလွန်းလှသည်။
သူ၏ စကားတစ်ခွန်းတည်းနှင့်ပင် ဝမ်လင်း၏ မောက်မာမှုအရှိန်အဝါများမှာ ချက်ချင်း လျော့ကျသွားသကဲ့သို့ ခံစားလိုက်ရသည်။
ဤသို့ ဗြောင်ကျကျ တုံ့ပြန်ခြင်းက ဝမ်လင်းကို ပိုမို ဒေါသထွက်စေမည်မှာ သေချာလှပေသည်။
အမှန်ပင်...
ကွင်းပြင်ပေါ်တွင် ဝမ်လင်းက အလွန်အမင်း ဒေါသထွက်သွားပြီး ရှုချွမ်းကို အဆိပ်ပြင်းသော မြွေတစ်ကောင်ကဲ့သို့ ရန်လိုစွာ စိုက်ကြည့်လိုက်သည်။
"ကောင်းပြီ... ခဏနေရင်လည်း မင်း ဒီလိုစကားမျိုး ပြောနိုင်ဦးမလားဆိုတာ ငါ စောင့်ကြည့်ရသေးတာပေါ့"
သူက ရှုချွမ်းကို သာမန်အတိုင်း သတ်ပစ်ရုံဖြင့် အားရတော့မည်မဟုတ်ဘဲ ဤပြိုင်ပွဲအတွင်း ဆိုးဆိုးရွားရွား နှိပ်စက်ညှဉ်းပန်းကာ နာကျင်စွာဖြင့် အသက်ပျောက်သွားအောင် ပြုလုပ်ရန် ဆုံးဖြတ်လိုက်သည်။
ထိုမှသာ သူ၏ စိတ်ထဲရှိ ဒေါသမီးကို ငြှိမ်းသတ်နိုင်မည် ဖြစ်သည်။
"စကားတွေ အများကြီး ပြောနေတာ အပိုပဲ။ လက်တွေ့ပဲ ကြည့်ကြရအောင်" ရှုချွမ်းက ဂရုမစိုက်စွာ ပြောလိုက်သည်။
ဝမ်လင်းကို အနိုင်ယူ ရန်အတွက် ရှုချွမ်းသည် သူ၏ဓားကိုပင် ဆွဲထုတ်ရန် အစီအစဉ်မရှိပေ။
သူ၏ သံမဏိလက်သီးများဖြင့်သာ ဝမ်လင်းကို အမှုန့်ခြေပစ်ရန် ရည်ရွယ်ထားသည်။
ရှုချွမ်း၏ စကားအဆုံးတွင် ဝမ်လင်းက အရင်ဆုံး စတင်လှုပ်ရှားလိုက်တော့သည်။
သူ၏ အော်ရာ များမှာ အထွတ်အထိပ်သို့ မြင့်တက်သွားပြီး နဖူးပြင်ပေါ်ရှိ ရုန်း အမှတ်အသားများ တောက်ပလာကာ ကြီးမားလှသော ဝိညာဉ်စွမ်းအားများ ပေါက်ကွဲထွက်ပေါ်လာပြီး ရှုချွမ်းထံသို့ ပြင်းထန်စွာ တိုက်ခိုက်လာခဲ့သည်။
ဤတိုက်ကွက်က လွန်စွာ အားကောင်းလှပြီး ကြီးမားသော ဖိအားများကို သယ်ဆောင်လာသဖြင့် ပြိုင်ကွင်း အောက်မှ ကြည့်ရှုသူများပင် မျက်နှာပျက်ကာ ဖိအားအချို့ကို ခံစားလိုက်ကြရသည်။
သို့သော် ရှုချွမ်းကမူ ဤတိုက်ကွက်ကို အေးဆေးစွာ ရင်ဆိုင်လိုက်သည်။
"မင်းရဲ့ အစွမ်းက ဒီလောက်ပဲလား" ရှုချွမ်းက ခေါင်းခါယမ်းလိုက်သည်။
သူက ဤတိုက်ကွက်ကို အနည်းငယ်မျှ မျက်လုံးထဲ မထည့်ဘဲ သူ၏ လက်သီးကို ဖြည်းဖြည်းချင်း မြှောက်ကာ ရှေ့သို့ ညင်သာစွာ ထိုးလိုက်သည်။
"ရှုချွမ်း... မင်းက တကယ့်ကို မောက်မာလွန်းတယ်။ ငါ့ရဲ့ တိုက်ကွက်ကို လက်သီးဗလာနဲ့ တားရဲတယ်ပေါ့။ ဘယ်လိုသေမလဲဆိုတာ သာ စောင့်ကြည့်လိုက်" ဝမ်လင်းက ရှုချွမ်း၏ တုံ့ပြန်ပုံကို ကြည့်ပြီး ဒေါသတကြီး အော်ဟစ်လိုက်သည်။
သို့သော် သူ၏ စကားပင် မဆုံးသေးမီမှာပင်...
"ဘုန်း... ဘုန်း... ဘုန်း..."
ပြင်းထန်သော ပေါက်ကွဲသံများ ဆက်တိုက် ထွက်ပေါ်လာခဲ့သည်။
ဝမ်လင်းနှင့် ပြိုင်ကွင်း အောက်ရှိ သိုင်းပညာရှင်များအားလုံး၏ မျက်စိရှေ့မှောက်တွင်ပင်... စောစောက မည်သည့် ကြီးမားသော ဖိအား သို့မဟုတ် အော်ရာ မျှ ရှိမနေသည့် ရှုချွမ်း၏ ခန္ဓာကိုယ်အတွင်းမှ ကြောက်မက်ဖွယ်ကောင်းသော အစွမ်းထက် စွမ်းအင်များ ရုတ်တရက် ပေါက်ကွဲထွက်ပေါ်လာတော့သည်။
ထိုစွမ်းအားများအောက်တွင် ရှုချွမ်း၏ ပုံရိပ်မှာ ပိုမိုကြီးမားခန့်ညားလာသကဲ့သို့ ခံစားရသည်။
မဟာနေနတ်ဘုရားနှင့်နတ်ဆိုးခန္ဓာကိုယ်သန့်စင်ခြင်းကျင့်စဉ် နှင့် မဟာသူတော်ခန္ဓာကိုယ်တို့ ပေါင်းစပ်သွားသည့်အပြင် ယခင်က သူ လုယူထားသော ကံကြမ္မာအရှိန်အဝါဖြစ်သည့် တစ်ချက်ထိုးလူသား ထပ်မံ သက်ရောက်လာရာ... သူ၏ ခန္ဓာကိုယ်တစ်ခုလုံးရှိ မူလချီ များအားလုံးက ကမ္ဘာပျက်ကပ် မီးတောင်တစ်ခုကဲ့သို့ အရှိန်အဟုန်ဖြင့် တောက်လောင်သွားခဲ့သည်။
အဆုံးမဲ့သော ချော်ရည်ပူများနှင့် ပြင်းထန်သော မီးတောက်မီးလျှံများသည် ကောင်းကင်ယံထက်သို့ တိုက်ရိုက် ထိုးတက်သွားပြီး အတိုင်းအဆမရှိသော အလင်းနှင့် အပူများကို ထုတ်လွှတ်လိုက်ရာ... ကောင်းကင်ထက်တွင် တောက်ပလှသော 'မဟာနေမင်းကြီးတစ်စင်း'ဖြစ်ပေါ်လာတော့သည်။
ဤနေမင်းကြီး ပေါ်လာသည်နှင့် အရပ်မျက်နှာအားလုံးကို လင်းထိန်သွားစေပြီး စူးရှလှသော အလင်းတန်းများနှင့် အသက်ရှူကျပ်မတတ် ပြင်းထန်လှသော အပူရှိန်များက ဝုန်းဒိုင်းကြဲ ပျံ့နှံ့သွားခဲ့သည်။
"ဘုရားရေ... ဒါ ဘယ်လိုလက်သီးမျိုးလဲ။ ကြောက်စရာကောင်းလိုက်တာ"
"ငါ့မျက်လုံးတွေ... လုံးဝ ကြည့်လို့မရတော့ဘူး"
"အရမ်း သန်မာ လွန်းတယ်။ ဒီလက်သီးချက်သာ ငါ့အပေါ် ကျရောက်လာရင် နေရာတင် အသက်ပျောက်မှာပဲ" စင်အောက်မှ သိုင်းပညာရှင်များ ထိတ်လန့်တကြား အော်ဟစ်လိုက်ကြပြီး နေမင်းကြီးကို တည့်တည့်ကြည့်မိသူအချို့မှာ မျက်စိကျိန်းစပ်ကာ အော်ဟစ်ကုန်ကြသည်။
"ဘုန်း..."
ကောင်းကင်နှင့် မြေကြီး ကို ဖျက်ဆီးပစ်နိုင်သည့် ထိုတောက်ပလှသော မဟာနေမင်းကြီး၏ စွမ်းအားအားလုံးကို ရှုချွမ်းက သူ၏ လက်သီးအတွင်းသို့ စုစည်းသိပ်သည်းလိုက်ပြီးနောက်... ဝမ်လင်း၏ တိုက်ကွက်ဆီသို့ ပြင်းထန်စွာ ထိုးချပစ်လိုက်တော့သည်။
"ဒါ... ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"
ဤအသက်ရှူကျပ်မတတ် ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားကို အနီးကပ် ခံစားလိုက်ရသည့် ဝမ်လင်းမှာ စောစောက မောက်မာမှုများ လုံးဝ ပျောက်ကွယ်သွားပြီး အံ့ဩမှင်သက်သွားရသည်။
နိဗ္ဗာနနယ်ပယ် အဆင့်၂ ကောင်က ဤမျှ ကြောက်စရာကောင်းသော တိုက်ကွက်မျိုးကို မည်သို့ ထုတ်ဖော်နိုင်တာလဲ။ ဒါက သူ၏ အစစ်အမှန် ခွန်အား လား။
ထိုအခိုက်အတန့်တွင် သူ၏ စိတ်ထဲ၌ အတွေးပေါင်းများစွာ ဖြတ်ပြေးသွားခဲ့သော်လည်း ရှုချွမ်း၏ လက်သီးချက်က ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။
လက်သီးတစ်ချက်တည်းနှင့်တင် မဟာနေမင်းကြီး ပေါက်ကွဲသွားသကဲ့သို့ လေထုထဲရှိ ကောင်းကင်နှင့်မြေကြီး မူလချီ များအားလုံး တောက်လောင်ကုန်သည်။
ဒါကတော့ အကြွင်းမဲ့ ပြီး ပြည့်စုံသော မဟာနေ နတ်ဘုရားလက်သီးပင် ဖြစ်သည်။
ကောင်းကင်ကို လောင်ကျွမ်းစေပြီး ပင်လယ်ကို ဆူပွက်စေနိုင်သည့် ဤတောက်ပလှသော စွမ်းအား၏ ရှေ့မှောက်တွင် ဝမ်လင်း၏ တိုက်ကွက်မှာ ဖုန်မှုန့်မျှသာ ဖြစ်သွားပြီး ချက်ချင်းပင် တစ်စစီ ကွဲအက်ပျက်စီးသွားခဲ့ရသည်။
ထို့နောက် လက်သီးအရှိန်က လျော့ကျမသွားဘဲ ဝမ်လင်း၏ ခန္ဓာကိုယ်ဆီသို့ တည့်တည့်မတ်မတ် ဆက်လက် ကျရောက်သွားသည်။
"မဖြစ်နိုင်ဘူး။ သူက ဘာလို့ ဒီလောက်အထိ သန်မာနေရတာလဲ" ဝမ်လင်းက မယုံကြည်နိုင်စွာ အော်ဟစ်ရင်း သူ၏ အော်ရာ များကို ရူးသွပ်စွာဖြင့် ထပ်မံ မြှင့်တင်လိုက်သည်။
သူ ဤလက်သီးကို မတားဆီးနိုင်ပါက သေချာပေါက် သေရလိမ့်မည်။
ထိုအခိုက်အတန့်တွင် သူ၏ နတ်ဘုရားစွမ်းရည်များဖြစ်သော သားရဲသွေးဆူပွက်ခြင်း နှင့် နတ်ဘုရားသားရဲထံ ဆုတောင်းခြင်း စွမ်းအားနှစ်ခုလုံးကို အစွမ်းကုန် ပေါက်ကွဲထုတ်ဖော်လိုက်ရာ သူ၏ ကျင့်ကြံမှုအဆင့်မှာ ကမ္မနယ်ပယ် အဆင့်၃မှ ကမ္မနယ်ပယ် အဆင့် ၅ သို့ ရုတ်တရက် ထိုးတက်သွားပြီး ခန္ဓာကိုယ်မှ သွေးမျိုးဆက် အော်ရာ များနှင့် ရုန်း များ ပိုမိုသိပ်သည်းလာကာ သက်ရှိနတ်ဘုရားတစ်ပါးကဲ့သို့ အစွမ်းထက်သော စွမ်းအားများ ထွက်ပေါ်လာခဲ့သည်။
သို့သော် သူ ဝမ်းသာရန် အချိန်မရလိုက်ပေ။ ရှုချွမ်း၏ လက်သီးချက်က ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။
ဤတောက်ပလှသော မဟာနေမင်းလက်သီး၏ ဖိအားအောက်တွင် သူ၏ ပြိုင်ဘက်ကင်းလှသည်ဆိုသော စွမ်းအားများမှာ ဖန်ခွက်တစ်ခုကဲ့သို့ တစစီ ကြေမွပျက်စီးသွားရသည်။
အားလုံးကို အမှုန့်ခြေပစ်နိုင်စွမ်း ရှိသည်။ မည်သည့်စွမ်းအားကမျှ တားဆီးနိုင်ခြင်း မရှိပေ။
"ဒါ ဘယ်လိုလုပ် ဖြစ်နိုင်ရတာလဲ..." ဝမ်လင်းက ကမ္မနယ်ပယ် အဆင့်၅ ခွန်အားဖြင့်ပင် လက်သီးတစ်ချက်ကို မတားနိုင်သည့်အပေါ် မကျေမနပ်ဖြင့် ရူးသွပ်စွာ အော်ဟစ်လိုက်သော်လည်း သူ၏ အော်ရာ များမှာ စက္ကန့်ပိုင်းအတွင်း လျင်မြန်စွာ အားနည်းသွားခဲ့သည်။
"မုန်းတယ်... ငါ မသေချင်ဘူး..."
ဝမ်လင်းက ကောင်းကင်ယံသို့ မော့၍ အော်ဟစ်လိုက်သော်လည်း သေခြင်းတရား၏ ကြောက်ရွံ့မှုက သူ့ကို လုံးဝ လွှမ်းခြုံသွားခဲ့ပြီ ဖြစ်သည်။
ထို့အပြင် ရှုချွမ်းကလည်း သူ့ကို အရှုံးပေးရန် မည်သည့် အခွင့်အရေးမျှ ပေးခဲ့ခြင်း မရှိပေ။
ဤလက်သီးချက်၏ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားအောက်တွင် ဝမ်လင်း၏ ခန္ဓာကိုယ်မှာ လုံးဝ ဝါးမြိုခြင်း ခံလိုက်ရသည်။
မဟာနေမင်း၏ အလင်းတန်းများ ပျောက်ကွယ်သွားချိန်တွင် ပြိုင် ကွင်းပေါ်၌ ဝမ်လင်း၏ ပုံရိပ်မှာ လုံးဝ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။
ပြိုင်ကွင်း ထက်တွင် ပြာပုံတစ်ပုံသာ ကျန်ရှိတော့သည်။
ထိုပြာပုံမှာ တစ်ချိန်က မောက်မာဝါကြွားခဲ့သော ဝမ်လင်း ဤလောကတွင် ချန်ထားခဲ့သည့် နောက်ဆုံး သဲလွန်စပင် ဖြစ်တော့သည်။
ပြိုင်ကွင်း အောက်ရှိ လူအုပ်ထဲတွင်မူ... မနေ့ညက ရှုချွမ်းကို လာရောက်လုပ်ကြံရန် ကြိုးစားခဲ့သည့် ထိုအရိပ်မျိုးနွယ်စုဝင် ကျွမ်းကျင်သူက ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ ဒေါသကြောင့် မျက်လုံးများ ပြူးထွက်မတတ် ဖြစ်သွားပြီး ရှုချွမ်းအပေါ် မုန်းတီးမှုမှာ အထွတ်အထိပ်သို့ ရောက်ရှိသွားခဲ့သည်။
အကယ်၍ ပြိုင်ကွင်း ကို ကာကွယ်ထားသည့် အစီအရင်နှင့် အထက်တွင် စောင့်ကြည့်နေသော သဲဝါမြင့်မြတ်နယ်မြေ အကြီးအကဲသာ မရှိပါက သူသည် ပြိုင်ကွင်း ပေါ်သို့ ချက်ချင်း တက်၍ ရှုချွမ်းကို သတ်ပစ်မိမှာ သေချာလှသည်။
ကျန်ရှိသော သိုင်းပညာရှင်များ အားလုံးမှာမူ ဤအခိုက်အတန့်တွင် ဆွံ့အလျက် လုံးဝ တိတ်ဆိတ်သွားကြပြီး ၎င်းတို့၏ မျက်နှာများတွင် ထိတ်လန့်တုန်လှုပ်နေသော အမူအရာများဖြင့် စင်မြင့်ထက်ရှိ ရှုချွမ်းကို ငေးစိုက်ကြည့်နေကြတော့သည်။