← Chapters

ဆေးလုံးအတု

Vol. 10 Ch. 132

ဆေးလုံးအတု

Vol. 10 Ch. 132

“ လူသားတွေက သူတို့ရဲ့ ကျင့်ကြံခြင်းဘဝမှာ ဒုက္ခတွေကိုခံစားရမယ်...ဒါမှ လောကကြီးထဲမှာ ကြံ့ကြံ့ခံ ရပ်တည်နိုင်မှာ။ အဲ့တော့မှ သူတို့တွေက နေမင်း၊ လမင်းတို့နဲ့ အပြိုင်တောက်ပနိုင်မှာဖြစ်ပြီး ထာဝရ ငြိမ်းချမ်းတဲ့ဘဝကို ရရှိမယ်။ အမတလမ်းစဉ်ဆိုတာ ပန်းခင်းလမ်းမဟုတ်ဘူး။ အဲဒါကြောင့် အစ်ကိုတို့ ကမ္မနှောင်ကြိုးတွေကို အကောင်းဆုံးကြိုးစားပြီး ရှောင်ရှားရမယ်။ ပြီးတော့ လောကကြီးထဲမှာ ဒုက္ခတွေဆိုတာ တစ်ခုပြီးတစ်ခု ပေါ်ပေါက်နေတာ။ ဒီတော့ အစ်ကိုတို့ လုံလောက်အောင် သန်မာနေဖို့လိုပြီး ဒုက္ခတချို့ကို ကြိုပြီး တွေ့ကြုံထားဖူးဖို့လိုတယ်။ အဲ့တော့မှ လောကဓံကို ရင်ဆိုင်ကျော်ဖြတ်နိုင်မယ်... ”

“ အဲဒါကြောင့်... အစ်ကိုကြီးက ဆရာရိုက်တာကို လေးနာရီလောက် ခံခဲ့တာလား ”

လီချန်ရှို့၏ ကောက်ရိုးတဲအတွင်း၌ လင်းအယ်တစ်ယောက် ငိုအားထက် ရယ်အားသန်ဖြစ်နေ၏။ သူမသည် မျက်မှောင်ကြုတ်လိုက်ပြီး ကောက်ရိုးအိပ်ရာပေါ်တွင် လှဲနေသော သူမ၏ အစ်ကိုကြီးကို ကြည့်လိုက်သည်။

သူမ အစ်ကိုကြီး အပြင်းအထန် အရိုက်ခံနေရသည့် မြင်မကောင်းရှုမကောင်းသည့် မြင်ကွင်းကို လင်းအယ်တစ်ယောက် ဂိုဏ်းအတွင်းဝင်လာပြီးနောက် ဒုတိယအကြိမ် တွေ့ကြုံရခြင်းဖြစ်သည်။

သူမ၏ ဆရာ မည်သည့်ကိစ္စကို စိတ်ဆိုးနေကြောင်း သူမ မသိပေ။ သူထိုကဲ့သို့ စိတ်မဆိုးခဲ့သည်မှာ ကြာပြီဖြစ်သည်။

“ အစ်ကိုကြီး... အစ်ကိုကြီးက ဘာသွားလုပ်လိုက်လို့လဲ ”

“ အာ ... အဲဒါက အရေးမကြီးပါဘူး ”

လီချန်ရှို့၏ နှုတ်ခမ်းစွန်းများ အတန်ငယ် တွန့်ကွေးသွားသည်။

“ အစီအစဉ်မှာ အနည်းငယ် တိမ်းချော်မှုလေးတွေ ရှိသွားတယ်ဆိုပေမယ့် ဆရာ စိတ်ဓာတ်ပြန်တက်လာလောက်ပါပြီ... ”

“ ဟင်... ”

လင်းအယ် အတန်ငယ် ‌ခေါင်းရှုပ်သွားပြီး မျက်တောင်ခတ်လိုက်၏။

လီချန်ရှို့သည် သူ့ဆရာကို မြို့ထဲတွင် လမ်းလျှောက်စေရန် အလိုရှိခဲ့ခြင်းပင်။ ထို့နောက် သူသည် သူ၏ဆရာ ပြန်၍ ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိလာစေရန် ကျင့်ကြံခြင်းအဆင့်နိမ့်သော အမျိုးသမီးချီကျင့်ကြံသူ တစ်ဦး၊နှစ်ဦးကို နှလုံးသားမီးလျှံဆေးလုံးသုံး၍ သူ့ဆရာအား ပရောပရီလာလုပ်စေရန် ပြုလုပ်မည်ဟု ကြံရွယ်ထားခဲ့၏။

သူတို့သည် အချင်းချင်း စကားပြောရုံသာဖြစ်သဖြင့် သူ့တွင် မည်သည့်ကမ္မနှောင်ကြိုးမှ ငြိတွယ်မည် မဟုတ်ပေ။ သူသည် နှလုံးသားမီးလျှံဆေးလုံးကို ထိန်းချုပ်နေသူဖြစ်သဖြင့် သူ့ဆရာနှင့် အမျိုးသမီးချီကျင့်ကြံသူများအကြားတွင် အချစ်စိတ်များ ဖြစ်ပေါ်မလာစေရန် ပြုလုပ်နိုင်၏။

သို့သော် သူ မမျှော်လင့်ထားခဲ့သည်မှာ...

ဆေးလုံးပြိုကွဲသွား၍ ယောက်ျား၊ မိန်းမ မရွေး သူ့ဆရာထံရောက်လာကြပြီး အရှက်ရဖွယ် ကိစ္စများ ဖြစ်သွားမည်ကိုပင်။

ထိုအခိုက်အတန့်သည် သိပ်မကြာလိုက်သော်လည်း ထူးဆန်းသော ပစ္စည်းများကို ကိုင်ထားသည့် အမျိုးသမီးချီကျင့်ကြံသူ အုပ်စုကြီး သူ၏ဆရာထံသို့ အတင်းပြေးလာသည့် မြင်ကွင်းကို သူခေါင်းထဲတွင် ကွက်ကွက်ကွင်းကွင်း မှတ်မိနေပေသေးသည်။ သူသည် ထိုကိစ္စကို မေ့နိုင်တော့မည် မထင်ပေ။

လီချန်ရှို့ ထပ်၍ အံ့အားသင့်သွားရသည့် အရာမှာ ဝိညာဉ်သားရဲများ ဆူပူအုံကြွလာမှုပင်။

အကယ်၍ လီချန်ရှို့သာ ထိုပရမ်းပတာ အခြေအနေကို အခွင့်ကောင်းယူ၍ အလျင်အမြန် တုံ့ပြန်ကာ စက္ကူကိုယ်ပွားကို မြေကိုယ်ယောင်ဖျောက်အတတ်သုံးစေ၍ သူ့ဆရာကို မြို့ပြင်သို့ ခေါ်မသွားစေလိုက်လျှင် သူ့ဆရာသည် ထိုပရမ်းပတာ အခြေအနေကြားတွင် လုံးပါး ပါးသွားနိုင်ပေသည်။

ချုံတောင်လေးသည် ထိုကဲ့သို့ အဖြစ်မခံနိုင်ပေ။

သို့သော် နှလုံးသားမီးလျှံဆေးလုံးသည် လူသားများအပေါ်တွင်သာမက ဝိညာဉ်သားရဲများနှင့် မိစ္ဆာသားရဲများအပေါ်မှာပင် အကျိုးသက်ရောက်မှုရှိကြောင်း သူသိခဲ့ရလေသည်။

ထို့အဖြစ်အပျက်မှ သင်ခန်းစာရသွားပြီဖြစ်သဖြင့် လီချန်ရှို့သည် နှလုံးသားမီးလျှံဆေးလုံးကို သူ၏ဝှက်ဖဲတစ်ခုအဖြစ် သိမ်းဆည်းထားရန် ဆုံးဖြတ်လိုက်၏။ အနာဂတ်တွင် အသုံးလိုသည့် အချိန်ရောက်ပါက ထုတ်၍ သုံးပေမည်။

သူသည် ကင်းထောက်ကာကွယ်ဆေးလုံးဖြင့်ပင် ရပ်ခဲ့သင့်၏။

သို့သော် လီချန်ရှို့၏ မူလအကြံသည် နောင်တွင် တိုက်ပွဲများဖြင့် ကြုံရပါက နှလုံးသားမီးလျှံဆေးလုံးကို သုံး၍ ရန်သူ၏ စိတ်အခြေအနေကို နှောင့်ယှက်လိုခြင်းဖြစ်၏။ ရန်သူ စိတ်ပျံ့လွင့်နေလျှင် အလွယ်တကူ အနိုင်ယူနိုင်မည် ဖြစ်သည်။

သူ့ဆရာကို ကူညီရန်ကြိုးစားခြင်းသည် ဆေးလုံးကို လက်တွေ့စမ်းသပ်သည့် သဘောသာ။

ထို့ပြင် ယခုတစ်ခေါက် ပြိုကွဲသွားသော နှလုံးသားမီးလျှံဆေးလုံးသည် အဆင့်(၁) ဆေးလုံးသာဖြစ်သည်။

လီချန်ရှို့ထံတွင် အဆင့်(၃) ဝိညာဉ်ဆေးလုံးအချို့ ရှိပေသေးသည်။ ထိုဆေးလုံးများသည် တိုက်ပွဲအတွင်း ကောင်းကင်နတ်မင်းအဆင့်ရှိသော ပညာရှင်များ၏ စိတ်အခြေအနေကို အနှောင့်အယှက် ပေးနိုင်၊ မပေးနိုင်ကိုမူ သူမသိပေ။

ထိုကိစ္စကို စမ်းသပ်ရန် မလွယ်ကူပေ။

“ အစ်ကိုကြီး... အရိုက်ခံရတဲ့နေရာကို ညီမလေးပွတ်ပေးရမလား ”

“ ရပါတယ်... မလိုပါဘူး ”

လီချန်ရှို့ သက်ပြင်းချ၍ ပြောလိုက်သည်။

“ ဒီဒဏ်ရာတွေက ခဏနေရင် ပျောက်သွားတော့မှာပါ။ ဒီတစ်ခေါက် အစ်ကို ကိစ္စတွေကို ကိုင်တွယ်နဲ့နေရာမှာ နည်းနည်း မတည်မငြိမ်ဖြစ်သွားတယ်။ အစ်ကို နောက်ဆို သတိထားမှရတော့မယ်။ ညီမလေးက ဆရာဒေါ်လေးကိုသာ သွားပြီးအ‌ဖော်ပြုပေးလိုက်ပါ... သူ့ကို ဒီကို မလာစေနဲ့။ မဟုတ်ရင် သူပါ သေချာပေါက် ဒဏ်ရာရသွားလိမ့်မယ် ”

“ ဟုတ်ကဲ့ပါ... ”

လန်လင်းအယ်သည် နောက်လှည့်၍ ကောက်ရိုးတဲအတွင်းမှ စိုးရိမ်မကင်းထွက်သွားလေသည်။

လီချန်ရှို့သည် လေအေးများကို တစ်ချက်ရှူသွင်းလိုက်သည်။ သူသည် ကြမ်းပြင်ပေါ်တွင် ဆင်းထိုင်လိုက်ပြီး ကျောက်ပြားတစ်ချပ်ကို တိတ်တဆိတ်ထုတ်ယူကာ စိတ်ငြိမ်သုတ္တန်တွင် အကြောင်းအရာများ ထပ်မံဖြည့်သွင်းလိုက်လေသည်။

ဘေးရှိကောက်ရိုးတဲအတွင်းမှ ရုတ်တရက် ရယ်မောသံတစ်သံ ထွက်ပေါ်လာ၏။ လီချန်ရှို့ နတ်အာရုံသုံး၍ ကြည့်လိုက်ရာ သူ၏ဆရာသည် တာအိုဝတ်ရုံများကို တစ်မျိုးပြီးတစ်မျိုး ဆက်တိုက် လဲလှယ်ဝတ်ဆင်ကြည့်နေ၏။ သူ၏ဆရာသည် ပြန်၍ စိတ်ဓာတ်တက်ကြွလာပေပြီ...

ကြားထဲတွင် အခြေအနေအမျိုးမျိုး ဖြစ်ခဲ့သော်လည်း သူအလိုရှိသည့် အရာကို ရရှိခဲ့ပုံ ပေါ်လေသည်။

ဆေးဖော်ဆောင်အောက်မှ မြေအောက်လျှို့ဝှက်ခန်းအတွင်းရှိ လီချန်ရှို့အစစ်သည် အတန်ငယ် ပြုံးလိုက်၏။ သူသည် သူ့အစားအရိုက်ခံခဲ့ရသော ကောက်ရိုးတဲအတွင်းရှိ စိတ်ငြိမ်သုတ္တန်ကို ထပ်မံဖြည့်စွက်နေသည့် စက္ကူရုပ်ကို ကြည့်လိုက်လေသည်။

*******

စစ်သူကြီးတုံမုသည် သူ့အား ကျေးဇူးတင်စကား လာရောက်ပြောဆိုခဲ့ပြီးနောက် နှစ်နှစ်အတွင်း ထိုဘုံကျောင်းသို့ ထပ်၍မရောက်လာခဲ့ပေ။

လီချန်ရှို့သည် အလျင်မလိုပေ။ သူသည် လွန်စွာတည်ငြိမ်၏။

နောင်တွင် သူ့အတွက် အသုံးဝင်နိုင်သည့် ကျောက်စိမ်းဧကရာဇ်၏ ထောက်ပံ့မှုကို ရခဲ့လျှင် ကောင်းမည်ဖြစ်သည်။ အကယ်၍ သူ မရရှိခဲ့လျှင် သူဖော်ထုတ်ပြသခဲ့သော အရာများသည် လွန်စွာ မရေမရာဖြစ်နေ၍ ဖြစ်ရပေမည်။ သို့သော် သူသည် ကောင်းကင်ဘုံခုံရုံးသို့ ကိုယ်တိုင်သွား၍ နတ်မင်းရာထူးတစ်ခုကို ရယူနိုင်ပေသေးသည်။

အရာရာတိုင်းတွင် အဆိုးနှင့်အကောင်း ဒွန်တွဲနေတတ်၏။ ထိုအရာသည် ကောင်းကင်တာအို၏ သစ္စာတရားပင်။

ထို့ပြင် သူနှင့် စစ်သူကြီးတုံမု နောက်ဆုံးတွေ့ခဲ့သည်မှာ နှစ်နှစ်သာရှိသေးသည်။ အာကာသနတ်မင်းအဆင့်ရှိသော ကျောက်စိမ်းဧကရာဇ်နှင့် စစ်သူကြီးတုံမုတို့ကဲ့သို့ သူများအတွက် ထိုနှစ်နှစ်ဆိုသော အချိန်ကာလသည် ဉာဏ်အလင်းပွင့်မှုတစ်ခုရသဖြင့် အခန်းအောင်းကျင့်ကြံသည့် ကြာချိန်မျှပင် မရှိချေ။ ကိစ္စကြီးများကို ဆောင်ရွက်ရန် အတွက်မူ ထိုနှစ်နှစ်ဆိုသည်မှာ မပြောပလောက်သော အချိန်ကာလသာဖြစ်သည်။

သို့သော် လီချန်ရှို့သည် အကြီးအကဲဝမ်လင်းယွမ်တစ်ယောက် မြောက်ကျွန်းမှ အန္တရာယ်ကင်းကင်း ပြန်ရောက်လာသဖြင့် စိတ်အေးသွားရ၏။ အကြီးအကဲသည် လီချန်ရှို့ကို ကြမ်းကြုတ်သည့်အသွင်ရှိသည့် အဆိပ်ပိုးကောင်များကို လာ‌ရောက်ကြည့်ရှုရန်ပင် ဖိတ်ခေါ်ခဲ့သေး၏။

ထို့နောက် အကြီအကဲဝမ်လင်းယွမ်သည် နတ်အာရုံတုံ့ပြန်အဆိပ်ဆေးလုံး ဖော်ရန် အခန်းအောင်းသွားလေတော့သည်။ စက္ကူကိုယ်ပွားနှစ်ရုပ်သည် အကြီးအကဲဝမ်၏ ဘေး၌ပင် ရှိနေသေး၏။ လီချန်ရှို့သည် အကြီးအကဲဝမ်လင်းယွမ်ကို သူဖော်ထားသည့် နှလုံးသားမီးလျှံဆေးလုံးအချို့ လျှို့ဝှက်၍ ပေးရမည်လောဟု တွေးလိုက်မိသော်လည်း အသေအချာ စဉ်းစားပြီးနောက် ထိုအတွေးကို ခေါင်းထဲမှ ထုတ်လိုက်လေတော့သည်။

အကြီးအကဲဝမ်လင်းယွမ်သည် အတော်လေး ခံ့ညား၏။ ထို့ပြင် အကြီးအကဲဝမ်လင်းယွမ်တစ်ယောက် သူ၏ အဆိပ်ဖော်စွမ်းရည်ဖြင့် မည်ကဲ့သို့ နတ်အာရုံတုံ့ပြန် အဆိပ်ဆေးလုံးမျိုး ဖော်မည်ကို လီချန်ရှို့သိလို၏။

လီချန်ရှို့သည် လွန်ခဲ့သည့်နှစ်နှစ်အတွင်း သူ၏ ပုံမှန် လုပ်ငန်းကိုယ်တာများကို ပြန်၍ တည်တည်ငြိမ်ငြိမ် လုပ်ကိုင်နိုင်ခဲ့သဖြင့် ဝှက်ဖဲစာရင်းကို တိုးချဲ့ခဲ့သည်။

ထို့ပြင် လင်းအယ်နှင့် အဆိပ်မယုံချင်ရွှမ်းယာတို့သည် သူမတို့၏ စွမ်းဆောင်ရည်ကို မည်သို့အကောင်းဆုံး ဖြစ်အောင် လုပ်ရမည်ကို ရှာတွေ့သွားသဖြင့် ဝိညာဉ်သားရဲမွေးမြူရေးခြံအား ပြန်လည်ပြင်ဆင်နေမှုသည် ချောမွေ့မြန်ဆန် ခဲ့ပေသည်။ သူမတို့သည် တစ်နှစ်အတွင်း ပြင်ဆင်ပြီးခဲ့၏။

လီချန်ရှို့သည် သူ၏လက်ကိုဝှေ့ယမ်းလိုက်ပြီး ဆူပူမှုများ မပြုလိုက်တော့ပေ။

ဝိညာဉ်သားရဲမွေးမြူရေးခြံကို ပြန်လည်ပြင်ဆင်ပြီးသွားသောအခါ ယုံချင်ရွှမ်းယာသည် သူမ၏ ကျင့်ကြံရမည့် အချိန် တော်တော်များများကို ဖြုန်းတီးမိခဲ့သလို ခံစားခဲ့ရ၏။ ထို့ကြောင့် သူမသည် သူမ၏ ဂူသို့ပြန်၍ အချိန်ကြာမြင့်စွာ ကျင့်ကြံခဲ့၏။

မိမိကိုယ်ကို ထိန်းချုပ်နိုင်မှုအရပြောရမည် ဆိုလျှင် ယုံချင်ရွှမ်းယာသည် မဆိုးလှပေ။ သူမသည် ဆရာဒေါ်လေးကျိုးကျိုး၏ မှော်အတတ်ကြောင့်သာ အကျင့်ပျက်ပျက်သွားရခြင်းဖြစ်သည်။

မကြာသေးခင်က လီချန်ရှို့သည် ကျိုးကျိုးကို မေးခွန်းတစ်ခု မေးချင်စိတ်ပေါ်ခဲ့၏။

သူမသည် နေ့စဉ် ချုံတောင်လေးတွင်သာ အရက်မူးအောင်သောက်၍ အချိန်ကုန်ဆုံးနေ၏။ ထိုသို့ဆိုလျှင် သူမ နှစ်တစ်ထောင်ကျော်စုဆောင်းထားသည့် အဖိုးတန်ပစ္စည်းရတနာများကို သုံး၍ ကောင်းကင်ခွင်းတောင်ပေါ်ရှိ သူမ၏ အဆောက်အဦးပတ်လည်တွင် ကာကွယ်မန္တန်အစီအရင်များ ဆင်ထားခြင်းသည် မည်သို့အဓိပ္ပာယ်ရှိတော့မည်နည်း။

သို့သော် ကျိုးကျိုး၏ ကျင့်ကြံခြင်းသည် အမြဲထိုသို့သာဖြစ်သည်။ သူမ ဉာဏ်အလင်းတစ်ခေါက်ပွင့်သွားပြီးလျှင် နောက်နှစ်တစ်ရာလောက်အတွင်း ထပ်၍ ဉာဏ်အလင်းမပွင့်တော့ချေ။

ထိုအရာသည် စိတ်ငြိမ်သုတ္တန်၏ စစ်မှန်သော အဓိပ္ပာယ်ပင်။

ကျိုးကျိုး၏ ကျင့်ကြံခြင်းတိုးတက်မှုသည် နေ့စဉ် အခန်းအောင်းကျင့်ကြံနေသော သူမနှင့် အသက်အရွယ်တူ ချီကျင့်ကြံသူများထက် (၃၀) မှ (၄၀)ရာခိုင်နှုန်း ပိုမြန်ပေသည်။

သို့သော် စိတ်တည်ငြိမ်မှုကို ရရှိရန် မလွယ်ကူပေ။ ဆရာဒေါ်လေးကျိုးကျိုးတစ်ယောက် စိတ်တည်ငြိမ်မှုကို ရရှိရသည့် အကြောင်းပြချက်တစ်ဝက်မှာ သူမသည် မကြာခဏ အမူးသောက်၍ ဖြစ်လေသည်။

နတ်ရေတံခွန်တောင်တွင်လည်း မည်သည့်ထူးခြားဖြစ်စဉ်မှ ဖြစ်ပေါ်မနေပေ။ ခွိုက်စစ် ပျောက်ဆုံးသွားမှုသည် နတ်ရေတံခွန်တောင်ကို များစွာ မထိခိုက်စေခဲ့ပေ။

နတ်ရေတံခွန်တောင်ရှိ မုဆိုးမဖြစ်သွားသူနှင့် တပည့်များသည် ခွိုက်စစ် သေဆုံးသွားပြီဟု ကောက်ချက်ချခဲ့၏။ ခွိုက်စစ်သည် ရန်သူနှင့် ပြင်းပြင်းထန်ထန် တိုက်ခိုက်ခဲ့သော်လည်း ကံဆိုးစွာဖြင့် အသတ်ခံခဲ့ရသည်ဟု ယူဆထားကြ၏။

ထို့ကြောင့် လီချန်ရှို့အနေဖြင့် များစွာ သက်သာသွားခဲ့သည်။ သူသည် နတ်ရေတံခွန်တောင်ကို နောက်ထပ် နှစ်သုံးရာ ဆက်၍ စောင့်ကြည့်ရန် ဆုံးဖြတ်လိုက်၏။

အကယ်၍ ထိုကိစ္စကို မည်သူမှ ထပ်မပြောတော့ပါက သူသည် မေ့မေ့ပျောက်ပျောက်ပင် ထားလိုက်တော့မည် ဖြစ်သည်။

သို့သော် တစ်စုံတစ်ယောက်သည် ထိုကိစ္စကို ထပ်မံ၍ အစဆွဲထုတ်လာပါက လီချန်ရှို့သည် အစီအစဉ်ထပ်ဆွဲ၍ ထိုကမ္မနှောင်ကြိုးကို အဆုံးသတ်ရပေမည်။

သူ၏ တည်ငြိမ်အေးချမ်းသော အချိန်များသည် အလယ်ကျွန်းတွင် ကျောင်းတော်သုံးကျောင်းတွေ့ဆုံပွဲ စတင်ကျင်းပသည့် အချိန်အထိ တည်မြဲလိမ့်မည်ဟု လီချန်ရှို့ထင်ထား၏။ ထို့ကြောင့် သူသည် တာအိုတရားကျင့်ကြံခြင်းနှင့် ချီတည်ငြိမ်မန္တရားကို အဆင့်မြှင့်တင်ခြင်းတို့ အပေါ်တွင်သာ အာရုံစိုက်ထားလေသည်။

ထိုတည်ငြိမ်အေးချမ်းမှုသည် နှစ်နှစ်သာ ခံလိမ့်မည်ဟု သူ မမျှော်လင့်ထားပေ။

ထိုနေ့တွင် ကျိုးဝူသည် သုံးချောင်းထောက်ဆေးတောင်မှနေ၍ တိမ်စီးကာ ခပ်သုတ်သုတ် ရောက်လာ၏။ လီချန်ရှို့ ချက်ချင်း အသင့်ပြင်လိုက်သည်။

ကျိုးဝူသည် လွန်ခဲ့သည့် လဝက်ကမှ ကာမအားတိုးဆေးလုံး နှစ်ပုလင်းယူသွားခြင်းပင်။ ထိုနေ့သည် ဆေးလုံးထပ်၍ လာယူရမည့် နေ့မဟုတ်သေးပေ။

“ ချန်ရှို့... မြန်မြန်... ပြဿနာတော့တက်ပြီ ”

“ အို့... ”

လီချန်ရှို့ ဆေးဖော်ဆောင်အတွင်းမှ ထွက်လာခဲ့၏။

“ ဆရာဦးလေး ဖြေးဖြေးပြောပါ... ”

ကျိုးဝူသည် စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်သည်။

“ ကာမအားတိုးဆေးလုံးမှာ တစ်ခုခုလွဲနေပြီ။ ကောင်းကင်နတ်မင်းအဆင့်ရှိတဲ့ အကြီးအကဲတစ်ယောက် ကာမအားတိုးဆေးလုံးကို သောက်လိုက်ပြီးတော့ သူ့ရဲ့ စိတ်တွေ အူကြောင်ကြောင်ဖြစ်သွားပြီး အရူးလို ပြုမူနေတယ်... ”

“ အခု သူ့ကို သုံးချောင်းထောက်ဆေးတောင်က အကြီးအကဲတွေ ကုသပေးနေတယ် ”

လီချန်ရှို့ မျက်မှောင်ကြုတ်လိုက်ပြီး တစ်ခုခုတော့ မှားနေပြီဖြစ်ကြောင်း ရုတ်ချည်း အာရုံရလိုက်၏။

ကာမအားတိုးဆေးလုံးများကို သူကိုယ်တိုင် ဖော်ထားခြင်းပင်။ ပါဝင်ပစ္စည်းတစ်ခုချင်းစီကိုလည်း သူကိုယ်တိုင် ပြင်ဆင်ခဲ့ခြင်းဖြစ်သည်။ ဆေးလုံးတစ်လုံးချင်းစီ၏ ဆေးအာနိသင်ကိုလည်း သူအသေးစိတ် စစ်ဆေးခဲ့၏။

ထို့ပြင် ဂိုဏ်းတွင်းရှိ တာအိုလက်တွဲဖော်ရှိသော အကြီးအကဲများသည် ထိုဆေးလုံးကို လွန်ခဲ့သည့် နှစ်ပိုင်းကတည်းက အသုံးပြုခဲ့၏။ အတုမဲ့နတ်ဝိဇ္ဇာအိုကြီးအချို့သည်လည်း သူတို့၏ စိတ်ဓာတ်ပြန်၍ နုပျိုလာစေရန် ထိုဆေးလုံးကို သောက်ခဲ့ကြ၏။

ထိုဆေးလုံးသည် အသုံးပြုသူကို “ ထင်ရှားသည့် အာရုံများ ” နှင့် “ ခံစားချက်လှိုင်းများ ” ကိုသာ ပေးနိုင်သည့် အာနိသင်ရှိ၏။ ထို့ပြင် လီချန်ရှို့သည် ဆေးလုံးကို အဆင့်မြှင့်ခဲ့ပြီးဖြစ်၍ အချစ်ကျောက်ခဲနှင့် အချစ်ရေစင်တို့ကို လျှော့၍ သုံးခဲ့လေသည်။

ကျိုးဝူပြောလိုက်၏။

“ ဒီကိစ္စကို ဂိုဏ်းစောင့်အကြီးအကဲပါ သိသွားပြီ။ ငါတို့ ဘာလုပ်ရမလဲ ”

“ ဆရာဦးလေး... အဲ့အကြီးအကဲ အဲ့လိုဖြစ်သွားတာ ကာမအားတိုးဆေးကို သောက်လိုက်လို့ဆိုတာ သေချာရဲ့လား ”

“ အဲ့အကြီးအကဲ ပြောတိုင်းအတိုင်းဆိုရင်တော့ ဟုတ်တယ်တဲ့... ”

“ သွားပြီး ကြည့်ကြတာပေါ့ ”

လီချန်ရှို့၏ မျက်နှာထားသည် တည်ကြည်သွား၏။ သူသည် ဆရာဦးလေးကျိုးဝူ၏ တိမ်အပေါ်သို့ တက်လိုက်ပြီး အတူတကွ ချုံတောင်လေးမှ ထွက်ခွာသွားကြလေတော့သည်။ သူတို့သည် သုံးချောင်ထောက်ဆေး‌တောင်သို့ ဦးတည်သွားလိုက်၏။

လမ်းတစ်လျှောက်တွင် လီချန်ရှို့တစ်ယောက် အတွေးများနေ၏။ သူသည် နတ်အာရုံကိုသုံး၍ သုံးချောင်းထောက်ဆေးတောင်ရှိ နေရာအနှံ့ကို လေ့လာပြီးပေပြီ။ သူ့အား တစ်ယောက်ယောက် အကောက်ကြံနေခြင်း ဖြစ်နိုင်သည့် ဖြစ်နိုင်ချေရှိသည်ဟု စိတ်ထဲမှ တွေးတောနေ၏။

သူသည် တိမ်ပေါ်မှဆင်း၍ ဆရာဦးလေးကျိုးဝူကို အကြံအချို့ပေးပြီးသောအခါ တာအိုရသေ့အိုကြီး ခုနှစ်ဦး၊ ရှစ်ဦး စုဝေးနေသည့် စံအိမ်ဆီသို့ ဦးတည်သွားလိုက်လေသည်။

ကံအားလျှော်စွာပင် ထိုနေရာတွင် အကြီးအကဲဝမ်လင်းယွမ်လည်း ရှိနေ၏။ ထို့ကြောင့် လီချန်ရှို့အတွက် ပြဿနာတော်တော်များများ ရှင်းလင်းသွားလေသည်။

ကျိုးဝူပြောလိုက်သည်။

“ တူလေးချန်ရှို့‌ ရောက်လာပါပြီ ”

ရှေ့ရှိ တာအိုရသေ့အိုကြီးများသည် နောက်လှည့်၍ ကြည့်လိုက်ကြ၏။ သူတို့အများစု၏ မျက်နှာ‌ပေါ်တွင် စိုးရိမ်မှုအရိပ်အယောင်များ ရှိနေကြသည်။ သူထို့ထဲမှ အချို့သည် လက်ထဲတွင် ကာမအားတိုးဆေးတစ်လုံးစီ ကိုင်ထားကြ၏။ သူတို့သည် ဆေးလုံး၏ ဆေးအာနိသင်ကို လေ့လာနေကြခြင်း ဖြစ်ပေမည်။

အသက်လတ်ပိုင်းအရွယ်ရှိသော တာအိုရသေ့တစ်ပါးသည် အဝတ်အစား ဖရိုဖရဲဖြင့် ကုလားထိုင်အဝိုင်းတစ်ခု အပေါ်တွင် ထိုင်နေ၏။ သူသည် ခေါင်းငုံ့၍ အိပ်ပျော်နေပေသည်။

လီချန်ရှို့သည် ချက်ချင်းပင် အားအင်မဲ့ဆေး၏ အရိပ်အယောင်အချို့ကို တွေ့ရှိလိုက်၏။ ကြည့်ရသည်မှာ အကြီးအကဲဝမ်လင်းယွမ်သည် ထိုသူကို အားအင်မဲ့ဆေးသုံး၍ မေ့သွားအောင် လုပ်ထားသည့်ပုံပင်။

“ ချန်ရှို့... မင်းဆီမှာ ကာမအားတိုးဆေးအတွက် ဖြေဆေးရှိလား ”

“ ငါလည်း အရင်က နှလုံးသားဆေးကို သောက်ဖူးပါတယ်..ဘာမှမဖြစ်ခဲ့ပါဘူး။ ဒီဆေးမှာ ဒီလိုမျိုး မမြင်နိုင်တဲ့ အန္တရာယ်မျိုး ရှိလိမ့်မယ်လို့ မထင်မိဘူး... ”

“ အကြီးအကဲတို့ မစိုးရိမ်ကြပါနဲ့ ”

လီချန်ရှို့ ဦးညွှတ်၍ ပြောလိုက်သည်။

“ အဲ့အကြီးအကဲရဲ့ အခြေအနေကို ကျွန်တော် အသေးစိတ်လေ့လာကြည့်လို့ရမလားခင်ဗျာ။ ကျွန်တော့်ရဲ့ ကျင့်ကြံခြင်းအဆင့်က နိမ့်ပြီး ကျွန်တော့်ရဲ့ နတ်ဆေးတာအိုက လိုအပ်ချက်တွေရှိသေးပေမယ့် ဒီကာမအားတိုးဆေးက ကျွန်တော် ဖော်စပ်ထားတာပါ။ ကျွန်တော် မူမမှန်တာ တစ်ခုခု ရှာတွေ့ချင် ရှာတွေ့လောက်မှာပါ ”

အကြီးအကဲဝမ်လင်းယွမ် ဝင်ပြောလိုက်၏။

“ ချန်ရှို့ကို ကြည့်ခွင့်ပေးလိုက်ပါ ”

အခြား အကြီးအကဲများသည် ချက်ချင်းပင် လီချန်ရှို့အတွက် လမ်းဖယ်ပေးလိုက်ကြ၏။ လီချန်ရှို့သည် ဦးညွှတ်၍ အကြီးအကဲများဘေးမှ ဖြတ်လျှောက်သွားလိုက်သည်။

လီချန်ရှို့သည် သတိကြီးကြီးထားနေ၏။ သူသည် အကောင်းဆုံးကြိုးစား၍ ရည်ရည်မွန်မွန် ယဉ်ယဉ်ကျေးကျေး ပြုမူနေပေသည်။

လီချန်ရှို့သည် သူ၏ နတ်အာရုံကို မသုံးခဲ့ပေ။ သူသည် ကိုယ့်ကိုယ်ကို စိတ်တည်ငြိမ်အောင်လုပ်၍ သတိမေ့နေသော အကြီးအကဲ၏ လက်ကောက်ဝတ်ကို ကိုင်ကာ သွေးကြောစမ်းလိုက်သည်။

လီချန်ရှို့သည် လျင်မြန်စွာပင် ကိစ္စတစ်ခုကို သိရှိသွားပြီး ကျိုးဝူကို လှည့်ကြည့်လိုက်၏။

“ ဆရာဦးလေး... ကာမအားတိုးဆေးကို သောက်ပြီးရင် ‌နောက်သုံးရက်အတွင်း အဲ့လိုဆေးအာနိသင်ရှိတဲ့ အခြားဆေးလုံးတွေကို သောက်လို့မရဘူးဆိုတာ အကြီးအကဲတွေကို ပြောထားရဲ့လား ”

ကျိုးဝူ ချက်ချင်းခေါင်းညိတ်၍ ပြန်ဖြေလိုက်သည်။

“ တူလေး... တူလေး ပြောခိုင်းတဲ့အတိုင်း အကုန်ပြောပြထားပါတယ် ”

လီချန်ရှို့ အတန်ငယ် ခေါင်းညိတ်၍ ပြောလိုက်သည်။

“ အကြီးအကဲတို့... ကျေးဇူးပြုပြီးတော့ ကျွန်တော် ဒီအကြီးအကဲရဲ့ သိုလှောင်ဓမ္မရတနာကို ရှာတာကို ဘေးက မျက်မြင်သက်သေအဖြစ် ကြည့်ပေးကြပါ... အဲ့အထဲမှာ ကာမအားတိုးဆေး အကြွင်းအကျန်များ ရှိဦးမလားဆိုတာ ကျွန်တော့် ကြည့်ချင်လို့ပါ ”

အခြားသူများ ပြောမည့်အချိန်ကိုပင် မစောင့်တော့ဘဲ အကြီးအကဲဝမ်လင်းယွမ်သည် ရှေ့ထွက်၍ ပြောလိုက်သည်။

“ ငါ လုပ်ပေးမယ် ”

အခြားအကြီးအကဲများသည် သူတို့၏ စကားလုံးများကို ပြန်မျိုချလိုက်ရလေတော့သည်။

မှုန်တေတေမျက်နှာထားဖြင့် အကြီးအကဲသည် သူတို့ကို ကြောက်လန့်နေစေသည် မဟုတ်ပါလား။

အခြားသူတစ်ဦး၏ သိုလှောင်ဓမ္မရတနာကို ခွင့်ပြုချက်မရှိဘဲ အတင်းဖွင့်၍ ရှာဖွေခြင်းသည် ရိုင်းသည်ဟု ဆိုနိုင်၏။ ထို့ပြင် ထိုသို့အတင်းဖွင့်လိုက်လျှင် သိုလှောင်ဓမ္မရတနာပေါ်ရှိ တံဆိပ်တော်များကို ထိခိုက်သွားနိုင်ပေသည်။ သို့သော် လီချန်ရှို့သည် အခုရှုပ်မှနောင်ရှင်းဆိုသလို ဤပြဿနာကို ဤနေရာ၌ပင် ရှင်းရှင်းလင်းလင်းဖြစ်အောင်လုပ်၍ သူ မတရားစွပ်စွဲခံနေရမည့် အရေးမှ ကာကွယ်ရပေမည်။

မကြာမီတွင် အကြီးအကဲဝမ်လင်းယွမ်သည် ထိုအကြီးအကဲ၏ သိုလှောင်ဓမ္မရတနာကို ဖွင့်လိုက်၏။ လီချန်ရှို့သည် ခေတ္တမျှရှာပြီးသောအခါ ကျောက်စိမ်းပုလင်းလေးတစ်ခုကို ထုတ်ယူလိုက်ပြီး အပြာနုရောင်ဆေးလုံး သုံးလုံးကို သွန်ချလိုက်သည်။

လီချန်ရှို့သည် ဆေးလုံးတစ်လုံးကို ကိုင်လိုက်ပြီး သူ၏လက်ချောင်းများကို ထိ၍ တွက်ချက်လိုက်သည်။ ထို့နောက် သူသည် ခေါင်းခါ၍ မည်သည့်စကားမှ မပြောဘဲ နောက်သို့ ခြေနှစ်လှမ်းဆုတ်လိုက်၏။

အခြားအကြီးအကဲများသည် ချက်ချင်း ရှေ့သို့ထွက်လာပြီး ကျန်နေသေးသည့် ဆေးနှစ်လုံး၏ ဆေးအာနိသင်ကို စစ်ဆေးလိုက်လေသည်။ သူတို့သည် ထိုဆေးလုံးသည် မည်သို့ အကျိုးသက်ရောက်နိုင်ကြောင်းကို သုံးသပ်လိုက်ကြသည်။ မကြာခင် သူတို့၏မျက်နှာထားများ အတန်ငယ် ပြောင်းလဲသွား၏။

“ ဒီဆေးလုံးကို ဘယ်သူဖော်တာလဲ ”

“ ဒီဆေးလုံးတွေက ကာမအားတိုးဆေးနဲ့ ဆင်တယ်ဆိုပေမယ့် တူလေးချန်ရှို့ဖော်ထားတဲ့ ကာမအားတိုးဆေးက သိမ်မွေ့ပြီး တည်ငြိမ်တဲ့ ဆေးအာနိသင်ရှိတယ်။ ဒါပေမဲ့ ဘာလို့ ဒီဆေးလုံးနှစ်လုံးက တော်တော်လေး ပရမ်းပတာဖြစ်နေရတာလဲ... ”

အကြီးအကဲဝမ်လင်းယွမ်သည် အေးစက်စက်ပြုံးလိုက်ပြီး သတိမေ့နေသော အကြီးအကဲကို နှိုးရန် ဟန်ပြင်လိုက်သည်။ သူ့အနေဖြင့် သူသဘောကျသည့် တပည့်ငယ်တစ်ယောက် ရရှိရန် မလွယ်ကူပေ။ သို့သော် ယခုအခါတွင် သူသဘောကျသည့် တပည့်ငယ်သည် ထောင်ချောက်ဆင်ခံနေရပြီဖြစ်သည်။

“ ဆရာဘိုးဘိုး... ”

လီချန်ရှို့ အလျင်အမြန် အော်ခေါ်လိုက်၏။

“ ဆရာဘိုးဘိုး.. မလောပါနဲ့ ”

အကြီးအကဲဝမ်သည် တည်တည်ငြိမ်ငြိမ်ပင် ပြောလိုက်သည်။

“ ဘယ်လိုလုပ် မလောလို့ ရမှာလဲ။ ဒီဆေးလုံးကို မဆင်မခြင် ဖော်တဲ့သူက လူတွေကို ထိခိုက်စေခဲ့ပြီ။ ပြီးတော့ အဲဒီလူက မင်းရဲ့ ဂုဏ်သတင်းကို အလကားနေရင်း ထိခိုက်စေခဲ့ပြီ ”

လီချန်ရှို့ ခါးသက်သက် ပြုံးလိုက်၏။ သူသည် ဘေးတွင်ရှိနေသော အကြီးအကဲများ၏ မျက်နှာထားကို မသိမသာ ကြည့်ရှု၍ သက်ပြင်းချလိုက်ရလေတော့သည်။

“ ဒီကိစ္စကို အခြားသူတွေ သိသွားလို့မဖြစ်ဘူး။ ဒီဆေးလုံးကို ဖော်တဲ့သူက ဂိုဏ်းထဲက ဝါရင့်တစ်ယောက်ဖြစ်နိုင်တယ်။ ဒီကိစ္စဖြစ်ရတာကလည်း ကျွန်တော့်ရဲ့ ကျင့်ကြံခြင်းအဆင့်နိမ့်လို့ ကာမအားတိုးဆေးကို များများမဖော်နိုင်လို့ ဖြစ်ရတာပဲ။ အဲဒါကြောင့် တစ်ယောက်ယောက်က ကျွန်တော့်ရဲ့ ဆေးလုံးကို လေ့လာပြီး ကိုယ့်ဘာသာ ဖော်ကြည့်ဖို့လုပ်တာ ဖြစ်နိုင်ပါတယ်။ ကျွန်တော် ကာမအားတိုးဆေးကနေပြီး အကျိုးအမြတ်ရှာပြီး နာမည်ကြီးအောင်လုပ်ဖို့ တစ်ခါမှ မတွေးခဲ့ဖူးပါဘူး။ ကျွန်တော်က ဆရာဦးလေးကျိုးဝူ စိတ်ဓာတ်ပြန်တက်ကြွလာစေဖို့ သူ့ကိုပဲ ဒီဆေးလုံးကို ပေးချင်ခဲ့တာပါ။ ဒါပေမဲ့ ဆရာဦးလေးကျိုးဝူက ကာမအားတိုးဆေးကို အကြီးအကဲတွေကို ဝေမျှပေးလိုက်တယ်။ ပြောရမယ်ဆို ကျွန်တော် ဒီဆေးလုံးကို ဖော်ဖို့ အများကြီး အားစိုက်ထုတ်ခဲ့ရတယ်။ အဲဒါကြောင့် ကျွန်တော် ကျင့်ကြံခြင်းကိုတောင် အာရုံကောင်းကောင်း မစိုက်နိုင်ခဲ့ဘူး။ ဒီဆေးလုံးက ဖော်ဖို့မလွယ်ပါဘူး။ ဒီပြဿနာရဲ့ အရင်အမြစ်ကလည်း ကျွန်တော်ပါပဲ ”

အကြီးအကဲဝမ်လင်းယွမ် မျက်မှောင်ကြုတ်သွား၏။ သူစကားပြောရန် ပြင်လိုက်စဉ်တွင် လီချန်ရှို့ ဆက်ပြောလိုက်သည်။

“ ကျွန်တော် ခဏနေရင် ဆရာဦးလေးကျိုးဝူနဲ့အတူ ပိုင်ဖန်ခန်းမကိုသွားပြီး ကျွန်တော့်မှာရှိသေးတဲ့ လက်ကျန်ကာမအားတိုးဆေးတွေကို ဂိုဏ်းကို အပ်လိုက်ပါတော့မယ်။ အခုကစပြီး အဲ့ဆေးလုံးကို ဂိုဏ်းကနေပဲ ဖြန့်ဝေပေးပါလိမ့်မယ် ”

“ အကြီးအကဲတို့ ကျွန်တော့်ကို လျှို့ဝှက် ကူညီပေးကြပါဦး။ အခုကစပြီး ကာမအားတိုးဆေးကို လိုချင်ရင် ဆရာဦးလေးကျိုးဝူကို မရှာတော့ဖို့ တခြားအကြီးအကဲတွေကို ပြောပေးပါဦး။ သူတို့ ဆေးလုံးလိုချင်ရင် ပိုင်ဖန်ခန်းမမှာ သွားတောင်းလို့ရပါတယ်... ”

“ ကျွန်တော့်ရဲ့ ဆေးပေါင်းဖိုထဲမှာ ဖော်လက်စဆေးအချို့ ကျန်ခဲ့လို့ ကျွန်တော် အရင်ဆုံး ပြန်နှင့်ပါတော့မယ် ”

ထိုသို့ပြောပြီးနောက် လီချန်ရှို့သည် ဦးညွှတ်ကာ စံအိမ်အတွင်းမှ ထွက်သွားလေသည်။

ထိုအခါမှသာ အကြီးအကဲများသည် အသိစိတ်ပြန်ကပ်လာပြီး အလျင်အမြန်အော်လိုက်ကြလေသည်။

“ ချန်ရှို့... ဒီကိစ္စကို ဒေါသမထွက်ပါနဲ့... ငါတို့ မင်းဘက်ကနေပြီး သေချာ‌ပေါက် ရှင်းပြပေးမှာပါ... ”

“ ချန်ရှို့... ဆေးလုံးတွေကို ပိုင်ဖန်ခန်းမကို မပေးလိုက်ပါနဲ့... ”

လီချန်ရှို့တစ်ယောက် လှည့်၍ပင် မကြည့်ခဲ့ချေ။

သူသည် ထိုသို့လုပ်၍ ဆေးလုံးဖော်ကျွမ်းကျင်သည့် လူငယ်တစ်ဦး၏ မာနနှင့် ဝင့်ဝါမှုကို ပြသလိုက်ခြင်းပင်။

“ ဟင်း... ”

အကြီးအကဲဝမ်လင်းယွမ်သည် သူ၏ လက်ထဲမှ ကြေးချိုင်းထောက်ဖြင့် ကြမ်းပြင်ကို ထုချလိုက်၏။ အခြားအကြီးအကဲများသည် ထပ်မံ၍ တုန်လှုပ်သွားပေသည်။

“ ခင်ဗျားတို့တွေက နှစ်ပေါင်းသောင်းချီ နေပြီးသွားတာတောင် တပည့်ငယ်လေးတစ်ယောက်လောက်တောင် အသုံးမကျဘူး။ တခြားသူတွေကို ဒုက္ခပေးတဲ့ ဒီဆေးလုံးကို ဖော်တဲ့သူကို ကျုပ်သိရလို့ကတော့ လွယ်လွယ်နဲ့ အလွတ်ပေးမှာ မဟုတ်ဘူး ”

လီချန်ရှို့သည် တိမ်စီး၍ သုံးချောင်းထောက်ဆေးတောင်မှ ပျံသန်းထွက်ခွာသွားသောအခါ ကျိုးဝူသည် နောက်မှ ခပ်သုတ်သုတ်လိုက်လာ၏။

သို့သော် ကျိုးဝူ မပြောရသေးခင်မှာပင် လီချန်ရှို့ လေသံဖျော့ဖျော့ဖြင့် ပြောလိုက်၏။

“ ဆရာဦးလေးကျိုးဝူ... ကျွန်တော်မှတ်မိသလောက်တော့ သုံးချောင်းထောက်ဆေးတောင်မှာ လျှိုဖေးရှန်လို့ခေါ်တဲ့ သူတစ်ယောက်ရှိတယ်မလား... ”

“ အင်း ရှိတယ်လေ... ဘာဖြစ်လို့လဲ... ”

“ ဆရာဦးလေး အနားကို တိုးလာခဲ့ပါ... ”

လီချန်ရှို့ ရှေ့သို့ကိုင်း၍ ကျိုးဝူ၏ နားအတွင်းသို့ တီးတိုးပြောလိုက်လေသည်။

All Chapters