← Chapters

အခန်း ၁၀၉

Vol. 11 Ch. 109

အခန်း ၁၀၉

Vol. 11 Ch. 109

Chapter 109

~

အခန်း ၁၀၉ : ကျားကျန်းရှီ၏ အဆုံးစွန်တိုက်ကွက်

~

ထိုဝါးလုံးတန်းပေါ်တွင် မည်သည်များ လှန်းထားပါသနည်း။ သာမန်အဝတ်အစားများသာမက ကျားကျန်းရှီ၏ အတွင်းခံများပင် ပါဝင်နေသေး၏။ ဤသည်က ရွံစရာမကောင်းလျှင် ဘာကိုများ ရွံစရာဟု ခေါ်ရမည်နည်း။

ယန်ကျီဝမ်၏ စကားကြောင့် ချင်ဟွိုင်ရု ဒေါသထောင်းခနဲထွက်သွားပြီး မျက်နှာတစ်ခုလုံး နီရဲသွားသည်။

'ဒီကောင်... ဘာကိုများ ရွံစရာကောင်းတယ်လို့ ပြောတာလဲ.. ငါလျှော်ထားတဲ့ အဝတ်တွေက အဲဒီလောက်တောင် ကြည့်ရဆိုးနေလို့လား..ငါ့ အတွင်းခံတွေလည်း ပါတာပဲကို ဒီကောင် တကယ်ရော ယောက်ျားလေး ဟုတ်ရဲ့လား..'

ခြံဝင်းထဲက လူပျိုများဆိုလျှင် သူမကို ခိုးကြောင်ခိုးဝှက် ငေးကြည့်နေတက်ကြ၏။ ပြတင်းပေါက်မှ အမြဲလာလာချောင်းတတ်သည့် ရှာကျူးဆိုလျှင် ပိုဆိုးသေးသည်။ ထို့အပြင် သူမ၏ အသက်က နှစ်ဆယ်ကျော်ပဲ ရှိသေးသည်။ ကလေးနှစ်ယောက် မွေးထားသော်လည်း ခန္ဓာကိုယ်အချိုးအစားက အပျိုရှုံးလောက်အောင် ဆွဲဆောင်မှုရှိနေဆဲ။ ထိုသည်ကို ယန်လောင်အာက ရွံရှာသည်ဟု ပြောရဲသည်လော ။

'အရူး.. ဟွန်း..'

"ဒုတိယသား ပြောတာ မှန်တယ်..တကယ်ကို ရွံစရာကြီး

.."

ရန်ရွေ့ဟွားက ခဏရပ်ကာ ပတ်ဝန်းကျင်ကို ကြည့်ပြီးနောက် အထင်သေးဟန်ဖြင့်...

"ဒါပေမယ့် ဒီအဝတ်တွေကလွဲရင် ကျားမိသားစုမှာ တန်ဖိုးရှိတာဆိုလို့ ဘာမှမှ မရှိတော့တာ..."

ဤစကားက ကျားမိသားစုကို ဆင်းရဲမွဲတေနေသည်ဟု တိုက်ရိုက် စော်ကားလိုက်ခြင်းဖြစ်ရာ ကျားမိသားစုဝင်အားလုံး၏ မျက်နှာများ ချက်ချင်း မည်းမှောင်သွားကြ၏။

ကျားကျန်းရှီက ဒေါသတကြီး အော်ဆဲတော့သည်။

" ထွီ..နင်တို့မိသားစုကမှ မွဲတာ.. နင်တို့တစ်ဆွေလုံး တစ်မျိုးလုံး မွဲပြာကျနေတာ..ငါ့သား ဒုံရွှီက အဆင့်၃ ဖစ်တာဟဲ့.. တစ်လကို ၄၅ ယွမ်တောင် ရတယ်.. နင့်ရဲ့ ကပ်စေးနဲယန်က တစ်လမှ ယွမ်နှစ်ဆယ်ကျော်လေး ရတာကိုများ.. ငါ့မိသားစုကို ဘယ်လိုများ လာယှဉ်ရဲတာလဲ.."

"ဟမ့်... လစာများတော့ရော ဘာအရေးလဲ.. နင်တို့အိမ်မှာ ရှာကျွေးနိုင်တဲ့သူက တစ်ယောက်တည်းရှိတာ.. ငတ်မသေအောင်သာ သတိထား..."

ရန်ရွေ့ဟွားက အလျော့မပေးဘဲ တုံ့ပြန်လိုက်သည်။ သို့သော် အဘိုးကြီးယန်၏ လစာအစစ်အမှန်ကို အပြင်လူများ မသိစေရန် လျှို့ဝှက်ထားရမည်ဆိုသော အချက်ကိုတော့ သူမ ကောင်းကောင်းသတိရနေသေးသည်။

ကျားဒုံရွှီ၏ မျက်နှာကမူ ရှက်လွန်း၍ နီရဲနေလေပြီ။

ယီကျုံးဟိုင်က ယန်ဖူကွေ့၏ လစာအစစ်အမှန်ကို ပြောပြဖူး၏။ ထို့ပြင် ယန်ဖူကွေ့ပြောသမျှကို ယုံသည့်သူတိုင်းသည် အရူးများသာဖြစ်ကြောင်းလည်း ပြောခဲ့ဖူးသည်။ သို့ဆိုလျှင် ယခု သူ၏အမေက ထိုအရူးကြီး ဖြစ်နေပြီမဟုတ်လော။

ဘေးမှကြည့်နေသော ယန်ကျီဝမ်မှာမူ ရယ်ချင်စိတ်ကို မနည်းအောင့်ထားရ၏။ သူ့အမေ၏ ရန်တွေ့စွမ်းရည်မှာ ကျားကျန်းရှီထက် တစ်ပြားသားမှ မလျော့ပေ။ အချက်ကျကျကို ထိုးနှက်နိုင်စွမ်းရှိသည်။ ကျားဒုံရွှီ၏လစာက များသည်ဆိုသော်လည်း ရိက္ခာခွဲတမ်းကြောင့် မိသားစုကို ဝအောင်ကျွေးရန်ပင် မလုံလောက်ပေ။ အစာရေစာရှားပါးမှုသာ ကြုံလာပါက ကျားမိသားစု ဒုက္ခနှင့် လှလှတွေ့မည်မှာ အသေအချာပင်။

"နင်တို့ကမှ ငတ်သေမှာ... နင်တို့တစ်မိသားစုလုံး ငတ်သေမှာ.."

ကျားကျန်းရှီ ပြန်ပက်စရာ စကားမရှာတတ်၍ ထိုစကားကိုသာ ထပ်တလဲလဲ အော်နေသည်။

ရန်ရွေ့ဟွားကမူ အခွင့်အရေးကို လက်လွှတ်မခံဘဲ ဆက်နှက်သည်။

"အခုထိ ဝန်မခံချင်သေးဘူးလား ကျားကျန်းရှီ.. နင့်ကိုယ်နင်လည်း ပြန်ကြည့်ဦး.. ဝတုတ်ပြီး စည်ပိုင်းလောက်ဖြစ်နေပြီ..ဝက်မ..ပြီးတော့ နင့်သားကို ကြည့်.. ဝါးခြမ်းပြားလေးလို ပိန်ခြောက်နေတာပဲ.. နင့် အိမ်က ရိက္ခာတွေအကုန်လုံး နင့် ဗိုက်ထဲပဲ ရောက်နေတာမလား.."

"ငါ့အမြင်ကို ပြောရရင်တော့ နင့်လို အဘွားကြီးကို တောသာ ပြန်ပို့လိုက်တာ အကောင်းဆုံးပဲ.. ဒါဆို ကျားမိသားစုအတွက် ရိက္ခာ အများကြီး ပိုထွက်သွားလိမ့်မယ်..နင်က ပန့်ကန့်ကို သိပ်ချစ်ပါတယ်ဆို.. ကလေးအတွက် အနစ်နာခံသင့်တာပေါ့.. နင်မရှိမှပဲ ကျားမိသားစုဘဝက ပိုပြီး သက်တောင့်သက်သာ ရှိသွားမှာ..."

ထိုစကားကြားလျှင် ချင်ဟွိုင်ရု၏ မျက်လုံးများ အရောင်လက်သွားသည်။

'အဲဒါ တကယ်ဖြစ်နိုင်တာပဲ..'

ရန်ရွေ့ဟွား ပြောသည်မှာ အမှန်တရားပင်။ အိမ်ရှိ ရိက္ခာ ဆယ်ပုံ ခုနစ်ပုံခန့်မှာ ယောက္ခမကြီး၏ ဗိုက်ထဲသို့သာ ရောက်သွား၏။ သူမကိုသာ တောပြန်ပို့နိုင်လျှင် မိသားစုစားဝတ်နေရေး အများကြီး ပြေလည်သွားမည်။ သို့သော် မျက်နှာပေါ်မှ ဝမ်းသာသွားသည့် အရိပ်အယောင်ကို သူမ ချက်ချင်း ဖုံးကွယ်လိုက်ရသည်။ ကျားဒုံရွှီလို အမေကို ဘုရားတစ်ဆူ ဂူတစ်လုံး ကိုးကွယ်နေသူမျိုးက ဤကိစ္စကို ဘယ်သောအခါမှ သဘောတူမည်မဟုတ်ကြောင်း သူမ ကောင်းကောင်းသိနေသည်။

"တတိယအဒေါ်... ဒါကတော့ လွန်လွန်းသွားပြီဗျာ.."

ကျားကျန်းရှိ ဒေါသတကြီး ပြန်အော်ရန် ပြင်လိုက်စဉ် ကျားဒုံရွှီက ဦးအောင်ဝင်ပြောလိုက်သည်။

သူ ရှေ့သို့ တစ်လှမ်းတိုးကာ အရိုအသေပေးလိုက်ပြီး...

"တတိယအဒေါ်.. ပန့်ကန့်က အဒေါ်တို့ ငါးခြောက်ကို ခိုးတာ ကျွန်တော်တို့ဘက်က မှားပါတယ်.. ဒါပေမယ့် အခု အဒေါ် ပြောတဲ့စကားကတော့ တကယ်ကို လွန်လွန်းတယ်..."

နောက်တွင်ရပ်နေသော ယီကျုံးဟိုင်င ကျားဒုံရွှီ၏ လုပ်ရပ်ကို ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။ အမှန်ဆိုလျှင် သူကိုယ်တိုင်လည်း အစားမက်၊ အလုပ်မလုပ်ဘဲ ပြဿနာသာရှာတတ်သည့် ကျားကျန်းရှီကို ကြည့်မရပေ။ သို့သော် သူမက သားလိမ္မာတစ်ယောက်ကိုတော့ မွေးပေးထားနိုင်ခဲ့၏။ ကျားဒုံရွှီကသာ အမေကို တောပြန်ပို့မည့်သူဆိုလျှင် အိုမင်းလာချိန်၌ ကျားဒုံရွှီကိုအားကိုးရန် ယီကျုံးဟိုင် မည်သို့ စိတ်ချနိုင်မည်နည်း။

ယန်ကျီဝမ်က လက်ပိုက်၍ တည်ငြိမ်စွာ ဝင်ပြောသည်။

"ကျားဒုံရွှီ... ငါ့အမေက မင်းကောင်းဖို့ ပြောနေတာလေကွာ..မင်းကိုယ်မင်း ပြန်ကြည့်.. ပြီးတော့ ကျားကျန်းရှီကိုလည်း ကြည့်..မင်းက ကာယလုပ်သားတစ်ယောက်..အဝမစားရရင် မိသားစုကိုရှာကျွေးဖို့ ဘယ်လိုလုပ် အားရှိတော့မှာလဲ.. စေတနာကို မစော်ကားနဲ့.."

အစောပိုင်းက အဘွားကြီးနှစ်ယောက် ရန်ဖြစ်နေစဉ် သူ့အမေက အသာစီးရနေ၍ သူဝင်ပါစရာ မလိုခဲ့ပေ။ သို့သော် ယခု ကျားဒုံရွှီက သားတစ်ယောက်အနေဖြင့် ရှေ့ထွက်လာပြီဖြစ်ရာ သူကလည်း သားတစ်ယောက်အနေဖြင့် ထွက်လာရမည်သာ။ ပွင့်ပွင့်လင်းလင်းပြောရလျှင် ယန်ကျီဝမ်သည် အမှားအမှန်ထက် သူ့လူဘက်သာ နာကျင်တတ်သည့် လူစားမျိုးဖြစ်သည်။

"အဲဒါ အမှန်ပဲ.."

ရန်ရွေ့ဟွားက သားဖြစ်သူ ထောက်ခံသည်ကို မြင်တော့ ပို၍အားတက်သွားသည်။

"ဒီခြံဝင်းထဲမှာ ကျားကျန်းရှီ အပျင်းကြီးပြီး အစားမက်တာကို မသိတဲ့သူ ရှိလို့လား.. အလုပ်မှန်သမျှ ချွေးမပေါ်ပုံချပြီး သူကတော့ အများဆုံးစားလို့ ဝတုတ်နေတာ..သားဖြစ်သူကတော့ နံရိုးအပြိုင်းပြိုင်းနဲ့ .. ဒါမျိုးက ဘယ်လို အမေမျိုးလဲ.."

ထိုအချိန်တွင် ရပ်ကွက်ထဲမှ ပွဲကြည့်ပရိသတ်များ အားလုံး အပြင်ရောက်နေကြပြီဖြစ်သည်။ ရန်ရွေ့ဟွား၏ စကားကို ကြားသောအခါ အားလုံးက မှန်သည်ဟူသော သဘောဖြင့် ခေါင်းတညိတ်ညိတ် လုပ်နေကြသည်။

"ကျုပ်အမေက အလုပ်မလုပ်ဘူးလို့ ဘယ်သူပြောလဲ.. သူ အိမ်စရိတ်ကာမိအောင် နေ့တိုင်း ဖိနပ်အောက်ခံတွေ ချုပ်နေတာပဲ..."

ကျားဒုံရွှီက မျက်နှာနီနီဖြင့် ငြင်းသည်။

"ဒုံရွှီ... အဒေါ်က တမင်ပြောနေတာ မဟုတ်ဘူးနော်.. ကိုယ့်ခြံဝင်းထဲက လူတွေချည်းပဲ.. ဘယ်သူက ဘယ်လိုလဲဆိုတာ အကုန်အသိတွေပါ.. ကျားကျန်းရှီ ဖိနပ်ချုပ်တာ ဟုတ်ပါတယ်.. ဒါပေမယ့် အဲဒီကရတဲ့ပိုက်ဆံ တစ်ပြားတစ်ချပ်များ အိမ်စရိတ်အတွက် ထုတ်သုံးဖူးလို့လား... ပြီးတော့ မင်းဆီကတောင် သက်ကြီးရွယ်အိုထောက်ပံ့ကြေး ဆိုပြီး တစ်လ ၅ ယွမ် ထပ်တောင်းနေသေးတာ.. အဲဒါတွေကို ငါတို့ မသိဘူးမှတ်နေလား.."

ကျားဒုံရွှီ ဆွံ့အသွားသည်။ အကြောင်းမှာ ရန်ရွေ့ဟွားပြောသမျှ လုံးဝမှန်ကန်နေသောကြောင့်ပင်။ သို့သော် မိခင်အရင်းဖြစ်နေသဖြင့် သူဘာတတ်နိုင်မည်နည်း။

"အို... အဘိုးကြီးကျားရဲ့... နတ်ပြည်ကနေ ဆင်းလာပြီး ကြည့်လှည့်ပါဦးတော့်.. ကျုပ်တို့ သားအမိကို အပြင်လူတွေက ဝိုင်းအနိုင်ကျင့်နေကြပါပြီ..ရှင်သာ မျက်စိပါသေးရင် ဆင်းလာပြီး သူတို့ကိုပါ ခေါ်သွားပေးပါဦးတော့..."

သားဖြစ်သူ ပြန်မလှန်နိုင်တော့သည်ကို ကျားကျန်းရှီ မြင်လျှင် မြေကြီးပေါ် ခြေပစ်လက်ပစ်ထိုင်ချကာ အော်ဟစ်ငိုယိုတော့သည်။ ဤသည်က သူမ၏ အဆုံးစွန်သော တိုက်ကွက် အဘိုးကြီးကျားကို ပင့်ဖိတ်ခြင်း ပင်။

ယန်ကျီဝမ်က ထိုပြကွက်ကို အလွန်စိတ်ဝင်တစား ကြည့်နေလေ၏ ။ တကယ့်ကို အကြိမ်ကြိမ် လေ့ကျင့်ထားသည့် ကျွမ်းကျင်မှုမျိုးပင်။ ပေါင်ကိုတဖုန်းဖုန်းရိုက်ကာ စည်းချက်ကျကျ အော်ဟစ်နေပုံမှာ သရုပ်ဆောင်ကောင်းလွန်းလှသည်။

ထိုသည်ကို ကြည့်ရင်း ကျားဒုံရွှီ သည်းမခံနိုင်တော့ပေ။ သူသည် မျက်နှာကို တန်ဖိုးထားတတ်သူဖြစ်ရာ လူအများရှေ့တွင် မိခင်ဖြစ်သူ ဤသို့လုပ်နေသဖြင့် အလွန်ရှက်ရွံ့သွားကာ အမြန်ဆွဲထူလိုက်သည်။

" အမေ.. ဒီလို မလုပ်ပါနဲ့... အမေ ဒီလိုလုပ်နေရင် သားမျက်နှာ ဘယ်နား သွားထားရတော့မှာလဲ.. "

ဖန့်အနည်းငယ် လျော်လိုက်ရုံဖြင့် ပြီးမည့်ကိစ္စက မည်သို့ကြောင့် ဤမျှအထိ ကြီးကျယ်သွားရမှန်း သူ နားမလည်နိုင်တော့ ။

ကျားကျန်းရှီသည် သားဖြစ်သူက ကူမပြောသည့်အပြင် ပြန်ဆူနေသည်ကို မြင်လျှင် ပို၍ဝမ်းနည်းသွားပြီး...

"အို... အဘိုးကြီးကျားရဲ့... ဆင်းလာပြီး ကြည့်လှည့်ပါဦးတော့်.. ကျုပ်တို့ သားအမိကို အပြင်လူက နှိပ်စက်တာက ထားပါတော့.. အခု ရှင့်သားကပါ ကျုပ်ဘက်က မကူညီတော့ဘူး.. အဘိုးကြီးကျားရေ... ဆင်းလာပြီး ဒီဒုံရွှီကိုပါ တစ်ပါတည်း ခေါ်သွားလိုက်ပါတော့..."

သူမဆက်ငိုနေသော်လည်း ငိုချင်း၏ပစ်မှတ်က ပြောင်းလဲသွားသည်။

ကျားဒုံရွှီ၏ မျက်နှာတစ်ခုလုံး မည်းမှောင်သွား၏။ အိမ်ထဲတွင် ငိုသည်က တော်သေးသည်။ အခု အပြင်လူများ ရှေ့၌ပါ သူ့ကို သေအောင် ကျိန်ဆဲနေသည်မဟုတ်လော။ ဖခင်နောက်ကို အမြန်လိုက်သွားစေချင်နေသလားပင် ထင်ရသည်။

"ခွီး.. ခွီး...."

ရုတ်တရက် ရယ်သံတစ်သံ ထွက်ပေါ်လာသည်။

"ဘယ်သူလဲ.."

ကျားဒုံရွှီက ဒေါသတကြီး လှမ်းအော်၏။ အားလုံး၏ အကြည့်များက ယန်ကျီဝမ်ထံသို့ စုပြုံကျရောက်သွားသည်။

ယန်ကျီဝမ်က ရယ်ရင်း လက်ယမ်းပြကာ အတည်ပေါက်ဖြင့် ရှင်းပြသည်။

"ဒါ ငါ့အမှား မဟုတ်ဘူး.. တကယ်..တကယ်.. ငါက သေချာလေ့ကျင့်ထားတဲ့သူမို့လို့ တော်ရုံဆို လွယ်လွယ်နဲ့ မရယ်တတ်ပါဘူး..ဒါပေမယ့်... အခုက လုံးဝကို အောင့်မထားနိုင်တော့လို့ပါ... ဟားဟားဟား..."

"ဟားဟားဟား..."

အိမ်နီးချင်းများလည်း ယန်ကျီဝမ်၏ စကားကြောင့် ရယ်ချင်စိတ်ကို မထိန်းနိုင်တော့ဘဲ ဝိုင်းရယ်ကြတော့သည်။ မိခင်အရင်းက လုပ်ကျွေးနေသည့် သားဖြစ်သူကို သေအောင် ကျိန်ဆဲသည့် ပြကွက်မျိုးကို သူတို့တစ်သက် ပထမဆုံးအကြိမ် မြင်ဖူးခြင်းပင် ။ ကျားကျန်းရှီ၏ ကျိန်ဆဲပုံက ထူးခြားလှ၏ ။

All Chapters