အခန်း ၁၁၀
Vol. 11 Ch. 110
Chapter 110
~
အခန်း ၁၁၀ : စိတ်ခံစားမှုကတ်
~
" ယန်ကျီဝမ်.. ဒါလောက်ဆို လုံလောက်ပြီ.. ဒီလောက် ရန်လိုနေစရာ မလိုပါဘူး .."
အခြေအနေများ ဤမျှအထိ ဆိုးရွားလာသည်ကို မြင်လျှင် ခြံဝင်း၏ ပထမဦးလေးဖြစ်သလို ကျားဒုံရွှီ၏ ဆရာလည်းဖြစ်သော ယီကျုံးဟိုင် ကြည့်မနေနိုင်တော့ချေ ။
သို့သော် ယန်ဖူကွေ့က မကျေမနပ်ဖြစ်ကာ...
" .. ယီကျုံးဟိုင်.. ခင်ဗျားပြောတာ မမှန်ဘူးလေ.. ကျုပ်ရဲ့ ဒုတိယသားက ရန်လိုတယ်လို့ ဆိုလိုချင်တာလား.. ဒီကိစ္စက ကျားမိသားစုရဲ့ အမှားလေ.. ခင်ဗျားက ကျားဒုံရွှီရဲ့ ဆရာဖြစ်နေရုံနဲ့ သူတို့ဘက်ကို ဘက်မလိုက်သင့်ဘူးနော်.."
" ဟုတ်တယ်.. ပထမဦးလေးက များသောအားဖြင့် တရားမျှတပေမဲ့ ကျားမိသားစုနဲ့ ပတ်သက်လာရင်တော့ သူက ဘက်လိုက်တတ်တယ် .."
" ဒီကိစ္စတစ်ခုလုံးက ကျားပန့်ကန့်က တတိယဦးလေးရဲ့ ငါးခြောက်ကို ခိုးခဲ့လို့ ဖြစ်ရတာလေ.. ပြီးတော့ တတိယအဒေါ်က ရှင်းပြချက်တစ်ခု လိုချင်ရုံလေးကို ကျားကျန်းရှီက အရင်စပြီး ရန်လုပ်တာ .."
" ဘယ်သူက မဟုတ်ဘူးလို့ ပြောလို့လဲ .."
အိမ်နီးချင်းများက တိုးတိုးတိတ်တိတ် ပြောဆိုနေကြသော်လည်း ယီကျုံးဟိုင်က သူတို့စကားများကို ကြားနေရဆဲဖြစ်၍ သူ၏ မျက်နှာမှာ တဖြည်းဖြည်း မည်းမှောင်လာလေသည် ။
' ကျားကျန်းရှီသာ နောက်ထပ် အကြိမ်နည်းနည်းလောက် ပြဿနာ ထပ်ရှာနေဦးမယ်ဆိုရင် ခြံဝင်းထဲက ငါ့ ဂုဏ်သိက္ခာတွေ ပျောက်ကွယ်သွားလိမ့်မယ် ...'
ထို့ကြောင့် ကျားကျန်းရှီအား ကျေးလက်ဒေသသို့ ပြန်ပို့ရန် အကြံကို သူ စိတ်ထဲ၌ မတွေးဘဲ မနေနိုင်တော့ချေ ။
ထိုအချိန်တွင် လျှိုဟိုင်ကျုံးက ဝင်ပြောလိုက်သည် ။
" ယီကျုံးဟိုင်.. လောင်ယန် ပြောတာ မှန်တယ်လို့ ကျုပ် ထင်တယ်.. ခြံဝင်းကို စီမံခန့်ခွဲသူ တစ်ယောက်အနေနဲ့ အရေးကြီးဆုံးက တရားမျှတဖို့ပဲ.. ဒီတစ်ခါတော့ ခင်ဗျား လုပ်ရပ်က အရည်အချင်း မပြည့်မီဘူး .."
လျှိုဟိုင်ကျုံးသည် ယီကျုံးဟိုင် အမှားလုပ်မိမည့် အချိန်ကို အတော်ကြာကတည်းက စောင့်ကြည့်နေခဲ့ခြင်း ဖြစ်သည် ။
သူ့အကြီးဆုံးသားကို ယန်ကျီဝမ်က ရိုက်နှက်ခဲ့ဖူးသော်လည်း ယီကျုံးဟိုင်ကို ရာထူးမှ ဖြုတ်ချနိုင်မည့် အခွင့်အရေးနှင့် ယှဉ်လာလျှင် ဤအခွင့်အရေးကိုသာ သူ ပို၍ သဘောကျသည်။ အကြီးဆုံးသားကလည်း သူ့ကို နားလည်ပေးလိမ့်မည်ဟု သူ ယူဆထား၏ ။
ထိုအခါ ယန်ကျီဝမ်က ချီးကျူးလိုက်သည် ။
" ဒုတိယဦးလေး ပေါ်လာတာနဲ့ကို အခြေအနေက ကွာသွားတာပဲ.. တွေ့ရာလူ လိုက်ကိုက်တတ်တဲ့ တချို့လူတွေနဲ့ တခြားစီပဲ .."
ယီကျုံးဟိုင်၏ မျက်နှာအိုကြီးမှာ ပို၍ပင် မည်းမှောင်သွားသည် ။
' ဒီကောင်စုတ်လေး ယန်ကျီဝမ်က ငါ့ကို တိုက်ရိုက် ရန်စဖို့တောင် ဝန်မလေးတော့ဘူးပဲ.. '
သူ ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်သော်လည်း သူ၏ လက်ရုံးဖြစ်သူ ဟဲယွီကျူးကို မတွေ့ရသောကြောင့် လက်တစ်ဖက် ပြုတ်သွားသကဲ့သို့ ခံစားလိုက်ရသည် ။
သို့သော် ဟဲယွီကျူး ဤနေရာတွင် မရှိသည်က ပိုကောင်းမည်ဟု သူ ပြန်တွေးလိုက်မိသည် ။ မည်သို့ပင်ဆိုစေကာမူ ထိုကောင်က ယန်ကျီဝမ်ကို ယှဉ်နိုင်မည် မဟုတ်ချေ ။
လျှိုဟိုင်ကျုံးက လက်နှစ်ဖက်ကို နောက်ပစ်ကာ ကျေနပ်အားရစွာ ခေါင်းညိတ်လိုက်ပြီးနောက် ဆက်ပြောသည် ။
" မင်းက စကားပြောတတ်သားပဲ .."
" ဒီကိစ္စကို ခြံဝင်းတစ်ခုလုံး အစည်းအဝေးခေါ်ပြီး ဆွေးနွေးသင့်တယ်လို့ ကျုပ် ထင်တယ်.. ဘာပဲဖြစ်ဖြစ် ခိုးတယ်ဆိုတာ သေးငယ်တဲ့ကိစ္စ မဟုတ်ဘူးလေ.. သူခိုး ရှိလာပြီဆိုရင် ကျုပ်တို့ ခြံဝင်းရဲ့ ဂုဏ်သိက္ခာတွေ ပျောက်ကွယ်သွားလိမ့်မယ် .."
" ဒုတိယဦးလေး ပြောတာ မှန်တယ်.. ကျုပ်တို့ခြံထဲက မိသားစုတိုင်းလိုလိုက တံခါးတွေကို သော့မခတ်ကြဘူး.. ဒီခြံထဲမှာသာ သူခိုးရှိနေရင် နောင်တစ်ချိန် တစ်ယောက်ယောက်ရဲ့ ပစ္စည်းတွေ ပျောက်သွားတဲ့အခါ ဘယ်သူ့အပြစ်လို့ ပြောရမှာလဲ .."
" ကျုပ်တို့ခြံဝင်းရဲ့ ဂုဏ်သိက္ခာကို အဆုံးရှုံးခံလို့ မရဘူး.. နှစ်စဉ်နှစ်တိုင်း အသိအမှတ်ပြု ခံထားရတာတွေ အများကြီးရှိတယ် .."
" အပြစ်ပေး ဝေဖန်ဖို့အတွက် ခြံဝင်းတစ်ခုလုံး အစည်းအဝေး လုပ်ရမယ်ဆိုတာကို ကျုပ် သဘောတူတယ် .."
ဤစကားကို ကြားသောအခါ လူတိုင်းက သဘောတူညီကြပြီး ခြံဝင်းတစ်ခုလုံး အစည်းအဝေး ကျင်းပမည့် အကြံအစည်ကို ထောက်ခံလိုက်ကြသည် ။
ထိုအခါ ကျားဒုံရွှီမှာ ချက်ချင်း စိုးရိမ်သွားပြီး ယီကျုံးဟိုင်ကို တောင်းပန်သည့် အကြည့်ဖြင့် လှမ်းကြည့်လိုက်၏ ။
ယီကျုံးဟိုင်က လူတိုင်းကို တိတ်တိတ်နေရန် လက်မြှောက်ပြလိုက်သည် ။ အားလုံး တိတ်ဆိတ်သွားပြီးနောက် သူက...
" ကျုပ်အမြင်ကို ပြောရရင်တော့ ခြံဝင်းတစ်ခုလုံး အစည်းအဝေး ခေါ်ရမယ့် ကိစ္စကို မေ့လိုက်ရအောင်.. ဒါက အသေးအဖွဲ ကိစ္စလေးပါ.. ကျားပန့်ကန့်က လေးနှစ်သားအရွယ် ကလေးတစ်ယောက်ပဲ ရှိသေးတာလေ.. သူ ဘာနားလည်မှာလဲ.. ကလေးဆိုတော့လည်း အမှားလုပ်မိမှာပေါ့.. ဘယ်သူကရော အမှားမလုပ်ဖူးလို့လဲ .."
ထို့နောက် ယန်ဖူကွေ့ကို ကြည့်ကာ...
" လောင်ယန်.. ဒီကိစ္စကို ကျုပ်ပဲ ဆုံးဖြတ်ပေးလိုက်မယ်.. ခင်ဗျားကို ငါးမော် လျော်ကြေးပေးမယ်.. ဒီကိစ္စကို ဒီလောက်နဲ့ပဲ ကျေအေးလိုက်ရအောင်.. ဘယ်လိုလဲ .."
ယန်ဖူကွေ့က မသိစိတ်ဖြင့် ယန်ကျီဝမ်ဘက်သို့ လှမ်းကြည့်လိုက်ရာ ယန်ကျီဝမ်က ပုခုံးတွန့်ပြလိုက်ပြီး သူကိုယ်တိုင်သာ ဆုံးဖြတ်ချက်ချသင့်ကြောင်း အချက်ပြလိုက်သည် ။
ထို့နောက် ယန်ဖူကွေ့က သူ၏ ဇနီးဖြစ်သူ ရန်ရွေ့ဟွားကို ကြည့်လိုက်ရာ သူမကလည်း ခေါင်းညိတ်ပြလာ၏ ။
မူလကတည်းက ဤကိစ္စမှာ ကြီးကြီးမားမား ပြဿနာ မဟုတ်ပေ ။ သူမက ရှင်းပြချက်တောင်းရန် လာခဲ့ခြင်းဖြစ်ပြီး လျော်ကြေးငွေ အနည်းငယ်သာ လိုချင်ခဲ့ခြင်း ဖြစ်သည် ။
ယခု လျော်ကြေးရပြီဖြစ်၍ သူမ ဤကိစ္စကို ဆက်လက်၍ အတင်းအကျပ် ဆုပ်ကိုင်ထားတော့မည် မဟုတ်ချေ ။
ယန်ဖူကွေ့ ပြောသကဲ့သို့ပင် ခြံဝင်းထဲမှ လူတိုင်းက အိမ်နီးချင်းများ ဖြစ်ကြပြီး နေ့တိုင်း မျက်နှာချင်းဆိုင် တွေ့နေရသူများ ဖြစ်သည့်အတွက် ပြဿနာကို လိုသည်ထက် တင်းမာအောင် လုပ်ခြင်းက မကောင်း ။
" ယီကျုံးဟိုင်.. ဒါက ပေါ့ပေါ့တန်တန် ထားရမယ့် ကိစ္စမဟုတ်ဘူး .."
ယန်ဖူကွေ့ စကားမပြောနိုင်ခင်မှာပင် လျှိုဟိုင်ကျုံးက ဝင်၍...
" ဆိုရိုးစကားရှိတယ်လေ.. ငယ်ရွယ်စဉ်မှာ အပ်ခိုးရင် အသက်ကြီးလာတဲ့အခါ ရွှေခိုးလိမ့်မယ်တဲ့.. သူ ငယ်ရွယ်သေးတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ပေါ့ပေါ့တန်တန် လွှတ်ထားပေးလို့ မရဘူး.. သူ့ကို အခုကတည်းက သေချာ မဆုံးမဘူးဆိုရင် အနာဂတ်မှာ လမ်းမှားကို ရောက်သွားလိမ့်မယ် .."
" ဝက်ကြီး လျှိုဟိုင်ကျုံး.. ရှင်က ကျုပ်ရဲ့ ပန့်ကန့်ကို ထိခိုက်အောင် လုပ်ချင်နေတာလား.. ရှင့်ကို ကျုပ် ကုတ်ပစ်မယ် .."
ထိုစကားကို ကြားသောအခါ ကျားကျန်းရှီက ဒေါသတကြီး လျှိုဟိုင်ကျုံးကို ကုတ်ခြစ်ရန် ပြေးဝင်သွားသော်လည်း ကံကောင်းထောက်မစွာဖြင့် ကျားဒုံရွှီက သူမကို အချိန်မီ ဆွဲထားလိုက်နိုင်သည် ။
ထိုအဖြစ်ကို မြင်လိုက်ရသောအခါ လျှိုဟိုင်ကျုံး ကြောက်လန့်တကြားဖြင့် ခြေလှမ်းအနည်းငယ် နောက်ဆုတ်သွားမိသည် ။ ဤအဘွားကြီးက တကယ်ပင် အကြမ်းဖက်ရန် ဝန်မလေးသူ ဖြစ်ပေသည် ။
အဓိကအချက်မှာ လူကြီးတစ်ယောက်အနေဖြင့် အဘွားကြီးတစ်ယောက်နှင့် ရန်ဖြစ်၍ နိုင်လျှင်လည်း ရှက်စရာကောင်းလှပြီး ရှုံးနိမ့်ခဲ့ပါက ပို၍ပင် အရှက်ကွဲရဦးမည် ။
" ဟင့်ဟင့်.. ဒုတိယဦးလေး.. သူ့ကို ကောင်းကောင်း မဆုံးမနိုင်ခဲ့တာ မိဘတွေဖြစ်တဲ့ ကျွန်မတို့ရဲ့ အမှားပါ.. ရှင်တို့ ကျွန်မတို့ကို ဘယ်လိုပဲ အပြစ်ပေးပေး ခံပါ့မယ်.. ဒါပေမဲ့ ကျားပန့်ကန့်ကိုတော့ ချမ်းသာပေးပါနော် .."
" သူက ကလေးပဲ ရှိသေးတာပါ.. သူ့ကိုသာ သူခိုးလို့ သတ်မှတ်လိုက်ရင် အနာဂတ်မှာ သူ ဘယ်လိုလုပ်ပြီး ပညာသင်နိုင်တော့မှာလဲ.. ဘယ်လိုလုပ်ပြီး အိမ်ထောင်ပြုနိုင်တော့မှာလဲ .."
ယီကျုံးဟိုင်လည်း ဤအခြေအနေကို ဆက်၍ မထိန်းချုပ်နိုင်တော့သည်ကို မြင်သောအခါ ချင်ဟွိုင်ရုက ရှေ့သို့ထွက်လာပြီး မိခင်တစ်ယောက်၏ စိတ်ခံစားမှုကတ်ကိုသာ အသုံးပြုလိုက်တော့သည် ။
သူမ၏ သနားစရာကောင်းလှသော အသွင်အပြင်မှာ မြင်တွေ့ရသူတိုင်း၏ ရင်ကို နာကျင်သနားသွားစေနိုင်စွမ်း ရှိပေသည် ။
ထိုသည်ကို မြင်သောအခါ လျှိုဟိုင်ကျုံး ဆက်ပြောရန် အခက်တွေ့သွားသည် ။ သူ ယီကျုံးဟိုင်ကိုသာ ဆန့်ကျင်ချင်ရုံ သက်သက်သာ ဖြစ်သည် ။ သူ လေးနှစ်အရွယ် ကလေးတစ်ယောက်ကို တကယ်ကြီး ရန်ရှာ၍ မဖြစ်ချေ ။
ယန်ဖူကွေ့ ဆက်၍ ကြည့်မနေနိုင်တော့ဘဲ လက်ဝှေ့ယမ်းပြကာ...
" ကောင်းပါပြီ ..ချင်ဟွိုင်ရု.. ဒီတစ်ခါတော့ ကျေအေးပေးလိုက်ပါ့မယ်.. ဒါပေမဲ့ မိဘတွေအနေနဲ့ ကိုယ့်ကလေးကို လိမ္မာအောင် သေချာ ဆုံးမဖို့တော့ လိုလိမ့်မယ်.. မဟုတ်ရင် မိဘတွေပဲ အနာဂတ်မှာ ဒုက္ခရောက်ရလိမ့်မယ် .."
" ကျေးဇူးတင်ပါတယ် တတိယဦးလေး.. ကျေးဇူးတင်ပါတယ် .."
ချင်ဟွိုင်ရုက ကျေးဇူးတင်ဟန်ဖြင့် အကြိမ်ကြိမ် ဦးညွတ်လိုက်သည် ။
ထို့နောက် ယီကျုံးဟိုင်က ငွေငါးမော်ကို ထုတ်ယူကာ ယန်ဖူကွေ့အား ပေးလိုက်သည်နှင့် ဤပြဿနာမှာ ဤမျှနှင့်ပင် ပြီးဆုံးသွားလေတော့သည် ။
ထပ်၍ ကြည့်စရာ ပြဿနာ မရှိတော့သည်ကို မြင်သောအခါ လူတိုင်း ညစာ ချက်ပြုတ်ရန် အိမ်သို့ ပြန်သွားကြသည် ။
ယန်ကျီဝမ် တိတ်တဆိတ် ခေါင်းညိတ်လိုက်မိ၏ ။ သူ တွေးထားသည့်အတိုင်းပင် ချင်ဟွိုင်ရုက ကြာပန်းဖြူ တိုက်ပွဲဝင်ပုံစံသို့ လုံးဝ မပြောင်းလဲသေးသော်လည်း သူမ ရှေ့ထွက်၍ ခြေလှမ်းလှမ်းလိုက်သည့် အချိန်ကိုက်မှုကတော့ အတိအကျပင် မှန်ကန်လွန်းနေသည် ။
သူမ၏ အားသာချက်များကို မည်သို့ အသုံးချရမည်ကို သူမ ကောင်းကောင်း သိထားသဖြင့် အနာဂတ်တွင်သာဆိုလျှင် ကြောက်မက်ဖွယ် ကောင်းသူ ဖြစ်လာနိုင်သည် ။
အိမ်သို့ ပြန်ရောက်သောအခါ...
ယန်ကျီဝမ်က ရန်ရွေ့ဟွားကို လက်မထောင်ပြလိုက်ပြီး...
" အမေ.. တကယ့်ကို အံ့သြစရာ ကောင်းလွန်းတယ် .."
ရန်ရွေ့ဟွားက ချက်ချင်းပင် ခါးထောက်လိုက်ပြီး ဂုဏ်ယူဝင့်ကြွားစွာဖြင့်...
" ဒါပေါ့.. ရန်ဖြစ်စကားများရမယ်ဆိုရင် အမေက ဘယ်သူ့ကိုမှ ကြောက်တာမဟုတ်ဘူး.. အရင်တစ်ခေါက်တုန်းက သူ့ကို ရှုံးခဲ့ရတာ အမေ့ရဲ့ ခန္ဓာကိုယ် သေးနေလို့လေ .."
ယန်ကျီဝမ်က ရယ်လိုက်ကာ...
" ဒါဆိုရင် အမေက အခုကစပြီး ထမင်းများများစားတော့...အမေ ဝလာမှ သူနဲ့ ယှဥ်ပြီး ရန်ဖြစ်လို့ ရမှာ.. "
ရန်ရွေ့ဟွားက ဒေါသတကြီးဖြင့် ယန်ကျီဝမ်၏ ခေါင်းကိုခေါက်ကာ...
" ကောင်စုတ်လေး.. အမေ့ကို လာလှောင်မနေနဲ့.. အမေက ကျားကျန်းရှီလို အပျင်းကြီးပြီး စားတာပဲသိတဲ့သူမျိုး မဖြစ်ချင်ပါဘူး .."
ယန်ကျီဝမ်က ဆက်၍ နောက်ပြောင်လိုက်သည် ။
" ကောင်းတာပေါ့.. နောင်တစ်ချိန် အမေ့ရဲ့ မြေးလေးတွေကို ပြုစုစောင့်ရှောက်ပေးဖို့အတွက် အမေ့ကိုပဲ အားကိုးရမှာလေ .."
" ဒီကလေးတော့.. နင့်မှာ မိန်းမတောင် မရှိသေးဘဲနဲ့ ဒီအကြောင်းတွေကို တွေးနေပြီလား.. ငါ့အတွက် ချွေးမ တစ်ယောက် အရင်ရအောင် ရှာပေးစမ်းပါဦး .."
ရန်ရွေ့ဟွားက ညည်းတွားလိုက်ပြီးနောက် လိုရှောင်အဲအကြောင်းကို သတိရသွားကာ...
" ဒါနဲ့ ဒုတိယသား.. နင်နဲ့ လိုရှောင်အဲလေး ကြားက အခြေအနေ ဘယ်လိုရှိလဲ .."
ဤစကားကို ကြားသောအခါ ယန်ဖူကွေ့ကလည်း ယန်ကျီဝမ်ဘက်သို့ လှမ်းကြည့်လာသည် ။
ယန်ကျီဝမ်က ခေါင်းခါလိုက်ပြီး...
" ဘာမှ မထူးခြားပါဘူး.. သူ ပြီးခဲ့တဲ့အကြိမ် ကျွန်တော်တို့အိမ်ကို ရောက်လာပြီးကတည်းက သူ့ကို ထပ်မတွေ့ရတော့ဘူး .."
" နှမြောစရာပဲ .."
ရန်ရွေ့ဟွားက သက်ပြင်းချလိုက်သည် ။
သို့သော် ယန်ဖူကွေ့က...
" ဒုတိယသား လုပ်ရပ်က မှန်တယ်လို့ ငါတော့ ထင်တယ်.. အဲ့ဒီမိန်းကလေးက ဒုတိယသားနဲ့ မသင့်တော်ပါဘူး .."
" ဘာဖြစ်လို့ မသင့်တော်ရမှာလဲ.. အဲ့ဒီကလေးမလေးက အရမ်းကောင်းတာပဲကို.. ရုပ်လေးကလည်း ချောတယ်.. ခန္ဓာကိုယ် အချိုးအစားကလည်း ကောင်းပြီး ကလေးယူဖို့လည်း အရမ်း သင့်တော်မယ့်ပုံပဲ .."
ရန်ရွေ့ဟွားက သဘောမတူဘဲ ငြင်းသည် ။
ယန်ဖူကွေ့က စိတ်အနှောင့်အယှက် ဖြစ်သွားဟန်ဖြင့်...
" မင်းက သူ့မိသားစု ချမ်းသာတာကိုပဲ သဘောကျနေတာ မလား .."
" အဲ့လို သဘောကျတော့ရော ဘာဖြစ်လဲ .."
ရန်ရွေ့ဟွားက မငြင်းဘဲ ဆက်ပြောသည် ။
" အဲ့ဒီကလေးမလေးရဲ့ မိသားစုက အခြေအနေ အရမ်းကောင်းတာလေ.. သူသာ ဒုတိယသားနဲ့ လက်ထပ်လိုက်ရင် နောက်ပိုင်း ဒုတိယသားကို ကူညီထောက်ပံ့ပေးနိုင်မှာပဲ.. အဲ့ဒါက ကောင်းတာပဲ မဟုတ်ဘူးလား .."
" မင်းနဲ့ စကားပြောရတာ အာပေါက်တယ်.. သွား.. ချဉ်ဖတ် သွားဝယ်ချေ.. ထမင်းစားရမယ့်အချိန် နီးနေပြီ .."
" ဟွန်း.. ရှင် စကားမပြောချင်ရင်လည်း နေပေါ့ .."