← Chapters

အခန်း ၁၁၁

Vol. 11 Ch. 111

အခန်း ၁၁၁

Vol. 11 Ch. 111

Chapter 111

~

အခန်း ၁၁၁ : အစာရေစာ ခေါင်းပါးမှု ကပ်ဘေး လာတော့မည်...

~

​" ... လက်ရှိ ကြုံတွေ့နေရတဲ့ အခက်အခဲတွေကြောင့် အထက်အာဏာပိုင်တွေက လစဉ် ထောက်ပံ့ကြေးကို ၂၀ ရာခိုင်နှုန်း လျှော့ချဖို့ ဆုံးဖြတ်လိုက်ပါတယ်.. ဒါပေမဲ့ ဒီအခက်အခဲတွေက ယာယီသာဖြစ်ပြီး ရဲဘော်တွေအားလုံး စည်းလုံးညီညွတ်စွာနဲ့ ဒီအခက်အခဲကို ကျော်လွှားနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်.. "

​" ကောင်းပါပြီ.. ဒီနေ့ ကျွန်မ ပြောစရာရှိတာက ဒါပါပဲ.. အားလုံး လူစုခွဲလို့ ရပါပြီ.. "

​နန်းလော့ကူးရှန့်၊ ခြံဝင်းအမှတ် ၉၅၊ အလယ်ခြံဝင်း ...

​ဒါရိုက်တာဝမ် စကားပြောပြီးသည်နှင့် လက်ကိုဝှေ့ယမ်းကာ လူတိုင်းကို လူစုခွဲရန် အချက်ပြလိုက်သည် ။

​သို့သော် ရိက္ခာခွဲတမ်းကို ဤမျှအထိ လျှော့ချလိုက်ကြောင်း ကြားလိုက်ရချိန်တွင် မည်သူက ချက်ချင်း ထွက်သွားချင်ပါမည်နည်း ။

​" ဟာကွာ ... အစကတည်းက စားဖို့တောင် မလောက်ပါဘူးဆိုမှ အခု ဆယ်ပုံနှစ်ပုံတောင် ထပ်လျော့သွားသေးတယ်.. လူတွေ ဘယ်လို အသက်ရှင်ရတော့မှာလဲ .."

​" သည်းခံကြတာပေါ့ဗျာ.. အခက်အခဲကို ကျော်ဖြတ်ပြီးသွားရင် အဆင်ပြေသွားလိမ့်မယ်.. အရင်ကလည်း ဒီလိုပဲ မဟုတ်ဘူးလား .."

​" ဟူး.. ကျုပ်တို့မြို့မှာတောင် အခြေအနေက အရမ်း ဆိုးရွားနေပြီ.. ကျေးလက်ဒေသက ဆွေမျိုးတွေဆို ဘယ်လိုတောင် နေ နေကြလဲ မသိဘူး.. အချိန်နည်းနည်းရရင် သူတို့ကို ပြန်သွားကြည့်ရဦးမယ် ထင်တယ် .."

​" အစိုးရိမ်ရဆုံးက ကျားမိသားစုပဲ.. သူတို့မိသားစုမှာ ကျားဒုံရွှီ တစ်ယောက်တည်း ရိက္ခာရတာလေ.. အရင်ကတည်းက စားဖို့မလောက်တာ အခု ထပ်လျော့သွားပြီဆိုတော့ ခြံဝင်းက အခုကစပြီး ငြိမ်းချမ်းတော့မှာ မဟုတ်ဘူး .."

​" ဒါတော့ အတိအကျပဲ .."

​ထိုစကားသံများ ထွက်ပေါ်လာသည်နှင့် ကျားကျန်းရှီက သူမ၏ ဝဝဖြိုးဖြိုး ခန္ဓာကိုယ်ကြီးကို သယ်၍ နောက်ခြံဝင်းသို့ သွားရောက် ကြေညာရန် ပြင်နေသော ဒါရိုက်တာဝမ်ဆီသို့ အပြေးအလွှား သွားလိုက်သည် ။

​" ဒါရိုက်တာဝမ်.. ရှင်တို့ လျှော့လို့ မရဘူးလေ.. ရှင်တို့ ဆက်လျှော့နေရင် ကျွန်မမိသားစု ငတ်သေသွားလိမ့်မယ် .."

​ကျားကျန်းရှီက စိုးရိမ်တကြီးဖြင့် ပြောသည် ။

​ယခု နေရသည့်ဘဝက အတော်လေး ခက်ခဲနေလေပြီ ။ လစဉ် ကောက်ပဲသီးနှံများကို ငွေဖြင့် လဲလှယ်ဝယ်ယူနေရပြီး ထိုသို့ ဝယ်ယူနေသည့်တိုင်အောင် စားဖို့သောက်ဖို့ မလောက်ငှခဲ့ပေ ။

​ယခု နောက်ထပ် ဆယ်ပုံနှစ်ပုံ ထပ်မံ လျှော့ချလိုက်ပြီဆိုလျှင် ဤသည်က သူတို့၏ အသက်ကို တောင်းဆိုနေခြင်း မဟုတ်ပေလော ။

​အမှန်တော့ သူမ အစိုးရိမ်ဆုံးအရာမှာ လစဉ်ရရှိနေသော ငါးယွမ် ပင်စင်ငွေလေးပင် ။

​ယခု ရိက္ခာလျှော့ချလိုက်ပြီ ဖြစ်ရာ ကောက်ပဲသီးနှံများ လဲလှယ်ရန်အတွက် ငွေပို၍ လိုအပ်လာမည် မဟုတ်ပါလော ။

​ထိုသို့ဆိုလျှင် ကျားဒုံရွှီမှာ သူမကို ပေးရန် ငွေပို မည်သို့ ရှိနိုင်တော့မည်နည်း ။

​" ရှင့်ကို ကျွန်မ မှတ်မိတယ်.. ကျန်းချွေ့ဟွားလို့ ခေါ်တယ် မလား .."

​ဒါရိုက်တာဝမ်က မျက်မှောင်ကြုတ်လိုက်ပြီး...

​" ကျွန်မ မှတ်မိသလောက်ဆိုရင် လွန်ခဲ့တဲ့ နှစ်အနည်းငယ်က အိမ်ထောင်စုစာရင်းတွေ ပြောင်းရွှေ့ပေးမယ်လို့ ပြောတုန်းက ကျေးလက်ဒေသက မြေကို အခွဲမခံနိုင်လို့ ငြင်းခဲ့တာ ရှင်ပဲလေ .."

​" အခု တိုင်းပြည်က ခက်ခဲတဲ့ကာလကို ရောက်နေတာတောင် ရှင်က ကျွန်မဆီလာပြီး ညည်းညူနေသေးတာလား.. ရှင့်ရဲ့ အယူဝါဒဆိုင်ရာ အသိအမြင်က မလုံလောက်သေးဘူးလို့ ထင်ရတယ်.. ပညာပေးဖို့အတွက် ရပ်ကွက်ရုံးကို ခေါ်သွားဖို့ လိုအပ်နေပြီ .."

​" မဟုတ်...မဟုတ်.."

​ကျားကျန်းရှီ ချက်ချင်း ရပ်တန့်သွားပြီး ထိတ်လန့်တကြားဖြင့် လက်များကို အခါခါ ဝှေ့ယမ်းကာ...

​" ဒါရိုက်တာဝမ်.. ကျွန်မ ဘာမှ ထပ်မပြောတော့ပါဘူး.. ကျွန်မ ဘာမှမပြောဘူး.. ကျေးဇူးပြုပြီး ကျွန်မကိုတော့ ဖမ်းမသွားပါနဲ့ .."

​" ဒါရိုက်တာဝမ်.. ကျွန်တော့်အမေက အရမ်း စိတ်လှုပ်ရှားသွားလို့ပါ.. သူ့မှာ တခြား ရည်ရွယ်ချက် မရှိပါဘူး.. ကျေးဇူးပြုပြီး သက်ညှာပေးပါ .."

​ကျားဒုံရွှီက တောင်းပန်ရန် ရှေ့သို့ အမြန် တိုးလာသည် ။

​" ဟမ့်.. ဒီတစ်ခါတော့ လွှတ်ပေးလိုက်မယ်.. ဒါပေမဲ့ နောက်တစ်ခါ ထပ်ဖြစ်ရင်တော့ ကျန်းချွေ့ဟွာ.. ရှင့်ကို ကျေးလက်ဆီ ပြန်ပို့ပစ်မယ်.. အဲ့ဒီလိုဆိုရင် ရှင့်မိသားစုလည်း ကောက်ပဲသီးနှံတွေ အများကြီး ချွေတာပြီးသား ဖြစ်သွားတာပေါ့ .."

​ဤစကားကို ကြားသောအခါ ကျားကျန်းရှီက ချက်ချင်းပင် မျက်လုံးလှန်ကာ မေ့လဲသွားသည် ။

​သူမ၏ လက်က ကျားဒုံရွှီ၏ အင်္ကျီစကို မလွှတ်ဘဲ ဆုပ်ကိုင်ထားသေးရာ သူမ မေ့ချင်ယောင် ဆောင်နေမှန်း သိသာလွန်းနေ၏ ။

​ပညာပေးခံရရန် ရပ်ကွက်ရုံးသို့ ခေါ်ဆောင်ခံရမည် ဆိုလျှင်ပင် သူမ ခံနိုင်ရည်ရှိအောင် ကြိုးစား၍ ပြီးသွားနိုင်ပေသည် ။

​သို့သော် သူမကို ကျေးလက်ဒေသသို့ ပြန်ပို့မည်ဆိုခြင်းက သေရန် ပြောနေခြင်း မဟုတ်ပါလော ။

​သူမ အလုပ်မလုပ်ဖြစ်သည်မှာ မည်မျှကြာနေပြီနည်း ။ လုပ်ရန်ပင် မဆိုနှင့် မည်သို့ လုပ်ရမည်ကိုပင် သူမ မသိတော့ချေ ။

​ထို့အပြင် ကျေးလက်ဒေသ၌ အလုပ်မလုပ်လျှင် စားစရာ ရမည်မဟုတ်ပေ ။ ထို့ကြောင့် သူမ မေ့လဲဟန် ဆောင်ရုံမှလွဲ၍ တခြား နည်းလမ်းမရှိတော့ချေ ။

​ဝိညာဉ်များကို ဆင့်ခေါ်သည့် အကျင့်နှင့် ပတ်သက်၍မူ ရပ်ကွက်ရုံး ညွှန်ကြားရေးမှူးရှေ့တွင် ထိုသို့လုပ်ရန်လောက်အထိတော့ မမိုက်မဲပေ ။ အကယ်၍ သူမ ထိုသို့လုပ်မိပါက သူမကို သေချာပေါက် ပညာပေးရန် ခေါ်သွားမည်မှာ အသေအချာပင် ။

​ဒါရိုက်တာဝမ်လည်း သူမကို စိတ်မဝင်စားတော့သဖြင့် လက်ကို ခါယမ်းလိုက်ကာ ရပ်ကွက်ရုံး ဝန်ထမ်းနှစ်ယောက်နှင့်အတူ ထွက်သွားသည် ။ အကြောင်းကြားရန် ခြံဝင်းများ အများကြီး ကျန်နေသေး၏ ။

​ဒါရိုက်တာဝမ် ထွက်သွားသည်ကို မြင်သောအခါ လူတိုင်း တစ်ယောက်ပြီးတစ်ယောက် လူစုကွဲသွားကြတော့သည် ။

​ယန်မိသားစုအိမ်တွင်...

​သားအဖနှစ်ယောက် ဝင်ပေါက်၌ ဆေးလိပ်သောက်ရင်း စကားပြောနေကြသည် ။

​ယန်ဖူကွေ့က စိတ်လှုပ်ရှားစွာဖြင့်...

​" ဒုတိယသား.. အဲ့ဒီတုန်းက မင်းပြောတာကို အဖေ နားထောင်ခဲ့တာ ကောင်းသွားတယ်.. မဟုတ်ရင် အခုကစပြီး ဘဝက ခက်ခဲတော့မှာ .."

​ငါးခြောက်ဖြစ်ရပ် ဖြစ်ပွားပြီး သုံးလခန့် အကြာတွင် ဒီဇင်ဘာလသို့ ရောက်ရှိနေပြီဖြစ်ကာ နှစ်သစ်ကူးရန် တစ်လကျော်သာ လိုတော့သည် ။

​မမျှော်လင့်ဘဲ ဤအချိန်တွင် ရိက္ခာထောက်ပံ့မှုကို ရုတ်တရက် လျှော့ချလိုက်ခြင်း ဖြစ်သည် ။

​ယခုနှစ်ကုန်ပိုင်းလောက်တွင် အစာရေစာ ရှားပါးမှုများ ဖြစ်လာလိမ့်မည်ဟု ယန်ကျီဝမ် ခန့်မှန်းထားခဲ့၏ ။

​ဤသုံးလအတွင်း သူ အပြင်မှ ပြောင်းဖူးမှုန့်တချို့ကို ရံဖန်ရံခါ ပြန်သယ်လာရန် ဆင်ခြေအမျိုးမျိုးကို အသုံးပြုခဲ့သည် ။

​ယန်မိသားစု လက်ရှိ သိုလှောင်ထားသော ကောက်ပဲသီးနှံများဖြင့်ဆိုလျှင် ခြောက်လကျော်ခန့် စားသောက်ရန် ပြဿနာမရှိပေ ။

​သို့သော် အစာရေစာ ခေါင်းပါးမှုသည် သုံးနှစ်ကြာ ဆက်လက် တည်ရှိနေဦးမည်ဖြစ်ပြီး ၁၉၆၂ ခုနှစ်အထိ အခြေအနေများ တိုးတက်ကောင်းမွန်လာမည် မဟုတ်သောကြောင့် ဤပမာဏက လုံလောက်မှု မရှိ ။

​သို့ရာတွင် အဆင်ပြေသည် ။ ယန်ကျီဝမ်က ပြီးခဲ့သည့် လအနည်းငယ်အတွင်း စနစ်အမှတ်များ အတော်များများ စုဆောင်းထားနိုင်ခဲ့ရာ ကောက်နှံမရှိတော့သည့်အခါ အမှတ်ဆိုင်မှတစ်ဆင့် လဲလှယ်နိုင်၏ ။

​ဤသုံးလအတွင်း သူ၏ ငါးဖမ်းစွမ်းရည်မှာလည်း အဆင့် ၃ အထိ မြင့်တက်လာခဲ့သည်။

​ထို့အပြင် အဆင့်တက်လာခြင်းအတွက် ဆုလာဘ်မှာ ပြန်လည်အသုံးပြုခြင်းလုပ်ဆောင်ချက်ပင် ။

​ထို လုပ်ဆောင်ချက်မှာ အရာဝတ္ထုများကို ပြန်လည်အသုံးပြုပြီး ဆုလာဘ်အဖြစ် အမှတ်များ ပြန်ပေးခြင်း ဖြစ်သည် ။

​သို့သော် လိုအပ်ချက်တစ်ခုတော့ ရှိသည် ။ ပြန်လည်အသုံးပြုမည့် ပစ္စည်းသည် သူပိုင်ဆိုင်သည့်အရာ ဖြစ်ရမည်ဖြစ်ပြီး မဟုတ်ပါက ပြန်လည်အသုံးပြု၍ မရနိုင်ချေ ။

​ဤလုပ်ဆောင်ချက်ကို ရရှိသည့်အခါ ယန်ကျီဝမ်က အိမ်တွင် စမ်းသပ်ကြည့်ခဲ့သည် ။

​စားပွဲ၊ ကုလားထိုင်၊ စာအုပ်နှင့် အထွေထွေပစ္စည်းများ ကဲ့သို့သော အရာအားလုံးကို သူ စမ်းကြည့်ခဲ့သော်လည်း ထိုအရာများက များသောအားဖြင့် တစ်မှတ်သာ ပေးလေ့ရှိပြီး အချို့မှာ အသုံးမဝင်ဟုပင် သတ်မှတ်ခံရသည် ။

​ဤသည်က သူ့ကို ရှေးဟောင်းရတနာများ သွားရှာရန် ရှင်းရှင်းလင်းလင်း ပြောနေခြင်း မဟုတ်ပါလော ။

​သို့သော် ရတနာများကို စုဆောင်းနိုင်မည်ဆိုလျှင် ထိုအရာများကို စနစ်ထဲတွင် ပြန်လည်အသုံးပြုပစ်ရန် ယန်ကျီဝမ် ရူးနေမှသာ ဖြစ်မည် ။

​ရှေးဟောင်းပစ္စည်းများ ဆိုသည်က နောင်မျိုးဆက်များအတွက် အလွန်တန်ဖိုးရှိလှရာ နောင်တစ်ချိန် ရောင်းချရန်အတွက် သူ သိမ်းဆည်းထားပေမည် ။ ထိုသို့လုပ်ခြင်းက စနစ်အမှတ်များနှင့် လဲလှယ်ခြင်းထက် ပို၍ အကျိုးအမြတ် များသည်။

​စမ်းသပ်မှုကာလတစ်ခု အပြီးတွင် ယန်ကျီဝမ်သည် အမှန်တကယ် အသုံးဝင်မည့် လွတ်ပေါက်တစ်ခုကို ရှာတွေ့ခဲ့သည် ။

​သူ အရာဝတ္ထုများ၏ တန်ဖိုးကို စစ်ဆေးရန်အတွက် ဤ လုပ်ဆောင်ချက်ကို အသုံးပြုနိုင်ပေသည် ။

​တစ်နည်းအားဖြင့် ဆိုရသော် ဤ Recycle လုပ်ဆောင်ချက်ရှိခြင်းက ရတနာများကို အကဲဖြတ်ပေးနိုင်သည့် လုပ်ဆောင်ချက် ရှိနေခြင်းနှင့် ညီမျှသည် ။

​သို့သော် ယခုအချိန်တွင်မူ သူ သုံး၍မရသေးချေ ။ သူက ရတနာများရှာဖွေရန်အတွက် မိုက်မဲစွာ လျှောက်သွားနေ၍ မရနိုင်ပေ ။

​သို့ရာတွင် အစာရေစာ ရှားပါးမှု စတင်နေပြီဖြစ်သောကြောင့် ဤဖရိုဖရဲ အခြေအနေကို သူက အခွင့်ကောင်းယူနိုင်ပေသည် ။

​ဥပမာအားဖြင့် ကျေးလက်ဒေသသို့ ခဏတဖြုတ် စူးစမ်းလေ့လာရန် သွားခြင်းက ကောင်းသော အကြံအစည်တစ်ခုပင် ။

​ယန်ကျီဝမ်က မီးခိုးငွေ့များကို ဖြည်းဖြည်းချင်း မှုတ်ထုတ်လိုက်ပြီး ပြုံး၍...

​" ကျွန်တော် မှန်မှန်ကန်ကန် မခန့်မှန်းနိုင်ခဲ့ရင်တောင် အဆင်ပြေပါတယ်.. ဘာပဲဖြစ်ဖြစ် ကောက်ပဲသီးနှံတွေက အချိန်တိုအတွင်း ပျက်စီးသွားမှာမှ မဟုတ်တာ.. ကြိုတင်ကာကွယ်မှု တစ်ခုအနေနဲ့ပဲ သဘောထားလိုက်ပါ .."

​" သား.. ဆေးလိပ်ကို လျှော့သောက်ပါ.. ကျန်းမာရေးအတွက် မကောင်းဘူး .."

​ယန်ဖူကွေ့က အကြံပေးလိုက်သည် ။

​" ဒါဆို အဖေကရော ဘာလို့ ဆေးလိပ် သောက်နေတုန်းလဲ .."

​" အဖေ သောက်လာတာ အတော်ကြာနေပြီလေ.. ဖြတ်ဖို့ ခက်နေလို့ပါ .."

​ယန်ကျီဝမ်က ဘာမှ ပြန်မပြောတော့ချေ ။

​တကယ်တော့ သူလည်း ဆယ်နှစ်ကျော်ကြာ ဆေးလိပ်သောက်ခဲ့ဖူးသည် ။ သို့သော် ထိုအရာက သူ၏ အရင်ဘဝက ဖြစ်သည် ။

​ယခုတော့ သူ ရံဖန်ရံခါမှသာ ဆေးလိပ်သောက်လေ့ရှိပြီး အပြင်မှ တခြားသူများနှင့် ဆက်ဆံရေး ကောင်းမွန်စေရန်အတွက်သာ ဆေးလိပ်များကို ချန်ထားလေ့ရှိသည် ။

​ယန်ဖူကွေ့ များများစားစား ဂရုမစိုက်တော့ဘဲ ပေါ့ပေါ့ပါးပါးသာ ပြောလိုက်သည် ။ ကလေးက ကြီးပြင်းလာပြီဖြစ်ရာ သူ့ကို အရမ်း ထိန်းချုပ်ထား၍ မရနိုင်တော့ပေ ။

​သူ စီးကရက်ကို ရှိုက်လိုက်ပြီး ...

​" ငါတို့ခြံဝင်းက အခုကစပြီး ဆူညံလာတော့မှာ သေချာတယ်.. အခုကစပြီး ငါတို့ ပိုပြီး တိတ်တိတ်ဆိတ်ဆိတ် နေသင့်တယ်.. ထမင်းစားရင်တောင် လူမမြင်အောင် စားတာက အကောင်းဆုံးပဲ.."

​မူလ အခြေအနေတွင်ပင် လူတိုင်း စားဖို့သောက်ဖို့ မလောက်မငှ ဖြစ်နေကြသည် ။

​ယခု ကောက်ပဲသီးနှံ ရိက္ခာ ထပ်မံ လျော့နည်းသွားပြီဖြစ်ရာ မိသားစုတိုင်း၌ စားစရာ လုံလောက်တော့မည် မဟုတ်ချေ ။

​သူ့မိသားစုတွင် ကောက်ပဲသီးနှံများ ပိုလျှံနေသည်ဟူသော သတင်းသာ ပေါက်ကြားသွားပါက လူအများက ကောက်ပဲသီးနှံ လာချေးကြမည်မှာ သေချာလှသည် ။

​သို့သော် ယခုလို အချိန်မျိုးတွင် ကောက်ပဲသီးနှံများက အသက်ရှင်သန်ရန်အတွက် အရေးပါသော ရတနာများ ဖြစ်နေလေပြီ။ သူ မည်သို့ ချေးနိုင်ပါမည်နည်း ။

​တစ်ခါ ချေးပြီးသွားလျှင် ပြန်ရနိုင်၊ မရနိုင် ဆိုသည်က တခြားကိစ္စ တစ်ခုပင် ။

​ယန်ကျီဝမ်က မျက်ခုံးတစ်ဖက် ပင့်လိုက်ပြီး...

​" အဖေက ကျားမိသားစုအကြောင်း ပြောနေတာလား .."

​ဆိုရိုးစကားရှိသည့်အတိုင်း ခြံဝင်းက ရှုပ်ထွေးသည်ဖြစ်စေ၊ မရှုပ်ထွေးသည်ဖြစ်စေ နောက်ဆုံးတွင် ကျားမိသားစုကသာ ဆုံးဖြတ်ချက် ချနိုင်လိမ့်မည်ဆိုသည်က ချဲ့ကားပြောဆိုနေခြင်း မဟုတ်ပေ ။

​ခြံဝင်းထဲရှိ နေထိုင်သူအားလုံးထဲတွင် ကျားမိသားစု တစ်ခုတည်းသာ ရိက္ခာခွဲတမ်းကို ကျားဒုံရွှီ တစ်ယောက်တည်း ရရှိခြင်း ဖြစ်သည် ။

​ယီကျုံးဟိုင်သည် ကျားမိသားစုကို ငတ်သေအောင် ပစ်ထားမည် မဟုတ်သော်လည်း ကျားမိသားစုဆိုသည်က အဆုံးမရှိသော တွင်းနက်ကြီး တစ်တွင်းဖြစ်ရာ သူကိုယ်တိုင်လည်း အကုန်အကျခံ ဖြည့်ဆည်းပေးရန် ဆန္ဒရှိမည် မဟုတ်ချေ ။

​ထို့ကြောင့် ခြံဝင်းထဲမှ အိမ်နီးချင်းများကိုသာ သူအလှည့်ကျ အသုံးချပေတော့မည် ။

All Chapters