အခန်း ၁၁၂
Vol. 11 Ch. 112
Chapter 112
~
အခန်း ၁၁၂ : ရှာကျူးက ကျားမိသားစုကို ကူညီလိုက်ပါ..
~
" ဟုတ်တယ်.. "
ယန်ဖူကွေ့က ပြုံး၍...
" ကျားမိသားစုအတွက် ငါ စာရင်းတွက်ကြည့်ပြီးပြီ ..ကျားဒုံရွှီက အဆင့် ၃ အလုပ်သမားတစ်ယောက်ဆိုတော့ တစ်လကို လစာ ၄၅ ယွမ် ရတယ် .. ဒါပေမဲ့ သူ့လစာရတာနဲ့ ကျားကျန်းရှီကို သက်ကြီးထောက်ပံ့ကြေး ၅ ယွမ်ပေးရပြီး အကိုက်အခဲပျောက်ဆေးလည်း ဝယ်ပေးရသေးတယ် .. ပြီးရင် ကျန်တာကို နေထိုင်စရိတ်အတွက် သုံးရတာ .. "
" ပြီးတော့ ကျားမိသားစုမှာ တစ်ယောက်ပဲ ရိက္ခာခွဲတမ်း ရတာဆိုတော့ တခြားလိုအပ်တဲ့ အစားအစာတွေ အားလုံးကို မှောင်ခိုဈေးမှာ သွားလဲရတယ် .. လကုန်ရင် အများဆုံး နှစ်ယွမ်လောက်ပဲ စုဆောင်းနိုင်လိမ့်မယ် .. ကျားမိသားစုထဲက တစ်ယောက်ယောက် ဖျားနာတာလိုမျိုး မမျှော်လင့်ထားတဲ့ အခြေအနေတွေကိုတောင် ထည့်မတွက်ထားသေးဘူး ... "
" အခု ရိက္ခာတွေ လျော့ကျသွားတော့ အစားအသောက် ဈေးနှုန်းတွေ သေချာပေါက် မြင့်တက်လာလိမ့်မယ် .. ဒါကြောင့် ကျားမိသားစုက ငြိမ်ငြိမ်လေး ထိုင်နေနိုင်မှာ မဟုတ်ဘူး .. "
" ငါ ခန့်မှန်းကြည့်ရရင် ကျားဒုံရွှီက ယီမိသားစုအိမ်မှာ သွားပြီး ငိုနေလောက်ပြီ .."
" အဖေ.. အဖေက အံ့သြစရာ ကောင်းလိုက်တာ "
ယန်ကျီဝမ်က ချီးကျူးလိုက်ပြီး ...
" ဖေဖေရဲ့ စာရင်းကိုင် အရည်အချင်းနဲ့ဆိုရင် တရုတ်စာဆရာ လုပ်နေရတာ တကယ်တော့ အဖေ့ရဲ့ အရည်အချင်းတွေကို အလဟဿ ဖြစ်စေတာပဲ.. အဖေက သင်္ချာဆရာ ဖြစ်သင့်တယ်လို့ ထင်တယ် .. "
" သွား.. သွား.. ငါ့ကို လာနောက်မနေနဲ့.. ငါ အတည်ပြောနေတာ .."
ယန်ဖူကွေ့က လက်ကိုဝှေ့ယမ်းလိုက်ပြီး မျက်နှာအမူအရာက လေးနက်သွားကာ...
" ဒါဆို ကျားမိသားစုမှာ အစားအစာ မလုံလောက်တော့ဘူး.. ယန်ကျီဝမ်.. သူတို့ ဘာလုပ်မယ်လို့ မင်းထင်လဲ .. "
' သြော်.. အဘိုးကြီးက ငါ့ကို ထပ်စမ်းသပ်နေတာလား '
ယန်ကျီဝမ်က အနည်းငယ် ပြုံးလိုက်သည် ။ သူသာ မူရင်းဇာတ်ကြောင်းကို မသိထားလျှင် ဤအဘိုးကြီးကြောင့် သူ အံ့သြသွားလောက်ပေသည် ။
သူက ပြုံးစိစိဖြင့်...
" ဒါပေါ့.. သူတို့ အစားအစာ ရှာကြလိမ့်မယ်လေ.. "
" အဲ့ဒါက အဓိပ္ပာယ်မရှိဘူးလေ... "
ယန်ဖူကွေ့က မျက်နှာမည်းမည်းဖြင့်...
" အစားအစာတွေက ဘယ်ကလာမှာလဲလို့ မေးနေတာ .."
ယန်ကျီဝမ်က ...
" အဲ့ဒါ ယီကျုံးဟိုင်ဆီက ဖြစ်လိမ့်မယ် ..ကျားဒုံရွှီက ယီကျုံးဟိုင် အသက်ကြီးလာရင် သူ့ကို ထောက်ပံ့ဖို့ ရွေးချယ်ထားတဲ့သူလေ .. အဲ့ဒီအချက် တစ်ခုတည်းနဲ့တင် သူ ဘာမှမလုပ်ဘဲ ဘေးကနေ ရပ်ကြည့်နေမှာ မဟုတ်ဘူး .. "
" ဟမ့်... တခြားဘာများ ရှိသေးလဲ.. "
ယန်ဖူကွေ့ ဤအဖြေကို သိပ်မကျေနပ် ။ လက်ခံနိုင်ရုံ သာရှိသည် ။
ယန်ကျီဝမ်က ခေါင်းညိတ်ပြီး...
" ဒါပေမဲ့ ဒီခြံဝင်းထဲက ကျွန်တော်တို့ရဲ့ ပထမဦးလေးက ရက်ရောတဲ့သူမှ မဟုတ်တာ ... သူ ကျားမိသားစုရဲ့ အောက်ခြေမဲ့တွင်းကြီးကို ကိုယ်တိုင် ဖြည့်ပေးဖို့ လုံးဝ ဆန္ဒရှိမှာ မဟုတ်ဘူး .. ဒါကြောင့် အိမ်နီးချင်းတွေဖြစ်တဲ့ ကျွန်တော်တို့ကိုပဲ ပစ်မှတ်ထားလာနိုင်တယ် ... အဘိုးကြီး.. ဒီအဖြေနဲ့ ကျေနပ်ပြီလား.. "
ဤသည်က အချက်အလက် တစ်ခုပင် ။
ယီကျုံးဟိုင်သာ တကယ်ပဲ ရက်ရောသူဖြစ်ခဲ့လျှင် သူ အသက်ကြီးလာသည့်အခါ ထောက်ပံ့ပေးရန်အတွက် တခြားတစ်ယောက်၏သားကို ရှာဖွေနေမည် မဟုတ်ပေ ။
ဆိုရိုးစကား ရှိသည့်အတိုင်းပင် ။ ထိုမျှလောက် ကြိုးစားအားထုတ်မှုများ ရှိနေသည့်တိုင် ကျေးဇူးကန်းမည့်သူကို မွေးမြူမိမည်ကို စိုးရိမ်သည်ဆိုသည့် ဆင်ခြေကို ထည့်မပြောတော့ပေ ။ အချို့ ရှိခဲ့သော်လည်း လူနည်းစုသာ ဖြစ်၏ ။
တစ်နှစ်အောက် ကလေးကို မွေးစား၍ မရပေဘူးလော ။ ယီကျုံးဟိုင်၏ စွမ်းရည်နှင့်ဆိုလျှင် သူ ဤသို့ မလုပ်နိုင်ဘူးဆိုသည်ကို ယုံနိုင်စရာ မရှိပေ ။ နောက်ဆုံးတွင်တော့ သူ ငွေကြေးနှင့် လုပ်အားကို အကုန်အကျ မခံချင်ဘဲ အလွယ်တကူ ရနိုင်သည်ကိုသာ လိုချင်သောကြောင့် ဖြစ်သည် ။
" မဆိုးပါဘူး.. ငါ့ရဲ့ သားလိမ္မာလေး ..."
ယန်ဖူကွေ့က ကျေနပ်စွာ ပြုံးလိုက်ပြီး...
" ကြည့်နေလိုက်.. မကြာခင်မှာ ယီကျုံးဟိုင် ငါ့ကို လာရှာလိမ့်မယ်.. ဘယ်သူသိနိုင်မှာလဲ.. အဲ့ဒီအချိန်ကျရင် ငါ အကျိုးအမြတ်တွေ ရနိုင်တယ် .. "
ယန်ဖူကွေ့က ယန်ကျီဝမ်၏ ပခုံးကို ပုတ်ကာ စိတ်ရင်းမှန်ဖြင့် ...
" လူငယ်လေး.. မင်းမှာ သင်ယူစရာတွေ အများကြီး ကျန်သေးတယ်... "
ပြောပြီးနောက် အထဲသို့ ပြန်ဝင်သွားသည် ။
ယန်ကျီဝမ်က မထီမဲ့မြင်ပြုကာ နှုတ်ခမ်းကို မဲ့ပြုံး ပြုံးလိုက်သည် ။
' ဒီအဘိုးကြီးကတော့ ဘယ်လို ဟန်ဆောင်ရမလဲဆိုတာ ကောင်းကောင်း သိတာပဲ .. '
သားလိမ္မာလေး ဆိုသည့် စကားစုကိုသာ နားမလည်ခဲ့လျှင် သူ ဆဲနေသည်ဟု ထင်ရလောက်ပေသည် ။ တကယ့်ကို စိတ်အနှောင့်အယှက် ဖြစ်စရာပင် ။
တစ်ဖက်တွင်တော့...
ယန်ဖူကွေ့ ခန့်မှန်းထားသည့်အတိုင်းပင် ကျားဒုံရွှီသည် ယီမိသားစုအိမ်၌ ငိုကြွေးနေလေ၏ ။
သူက ခါးသီးသော မျက်နှာထားဖြင့် ညည်းညူလိုက်သည် ။
" အရင်တုန်းက ကျွန်တော့်မိသားစုရဲ့ အခြေအနေက စားဖို့တောင် မလောက်ငှခဲ့ပါဘူး.. အခု ရိက္ခာပါ ထပ်လျှော့ချလိုက်တော့... ဆရာ.. အနာဂတ်မှာ ကျွန်တော် ဘာလုပ်သင့်တယ်လို့ ထင်လဲ .. "
အစောပိုင်း သူ အိမ်တွင် ရှိနေစဉ် သူ့ မိန်းမ၏ မျက်နှာက စိုးရိမ်နေပုံရပြီး သူ့အမေအိုကြီး ကျားကျန်းရှီကလည်း အဆက်မပြတ် ညည်းညူနေသည် ။ သူ ဆက်၍ မခံစားနိုင်တော့သဖြင့် သူ့ဆရာထံ အကူအညီတောင်းရန် ပြေးလာခဲ့ရခြင်း ဖြစ်သည် ။
သူကိုယ်တိုင် သည်းခံနိုင်သော်လည်း သူ၏ မိန်းမ၊ အမေအိုကြီးနှင့် အထူးသဖြင့် ကလေးများ ဆာလောင်မှုကို ခံနိုင်ရည် ရှိမည် မဟုတ်ပေ ။
" နည်းလမ်းတစ်ခုတော့ အမြဲရှိလိမ့်မယ်.. "
ယီကျုံးဟိုင်က ကျားဒုံရွှီ၏ ပခုံးကို ပုတ်ကာ နှစ်သိမ့်ပေးလိုက်သည် ။
" စိတ်မပူပါနဲ့.. စားစရာ မလောက်ရင် ဆရာ့ဆီ လာခဲ့ပါ.. ဆရာနဲ့ မင်းအဒေါ်က လူနှစ်ယောက်ပဲရှိတာလေ.. အဲ့ဒီလောက်ကြီးလည်း မစားနိုင်ပါဘူး .. "
" ကျေးဇူးတင်ပါတယ် ဆရာ .."
ကျားဒုံရွှီက ကျေးဇူးတင်စကား ပြောပြီးနောက် ခါးသီးသောအပြုံးဖြင့်...
" ဒီအခြေအနေက ဘယ်လောက်ကြာမလဲ ဆိုတာကိုတော့ ကျွန်တော် မသိဘူး.. ကျွန်တော် လတိုင်း အစားအသောက်အတွက် ဆရာ့ဆီ လာနေလို့ မရဘူးလေ.. ရပါတယ်.. ဆရာက ကျွန်တော့်ရဲ့ ဆရာပါ.. ကျွန်တော် ဆရာ့ကို ရိုသေလေးစားရမှာပါ.. ကျွန်တော်... "
" ကောင်းပါပြီ.. မင်း မိဘကို ရိုသေတယ်ဆိုတာ ဆရာ သိပါတယ်.. ဒါပေမဲ့ ဒီအချိန်က ခက်ခဲတဲ့အချိန် မဟုတ်ဘူးလား.. စိတ်အေးအေးထားပါ.. အခက်အခဲတွေ ကျော်လွှားသွားနိုင်ပါလိမ့်မယ်... "
ယီကျုံးဟိုင်က သူ့ကို နှစ်သိမ့်ပေးလိုက်သည် ။
သူ ကျားဒုံရွှီ၏ သဘောထားကို အတော်လေး ကျေနပ်အားရနေသည် ။
တခြားအရာများကို ဘေးဖယ်ထားလျှင်ပင် ကျားဒုံရွှီသည် သားသမီးဝတ္တရားကို မိုက်မဲစွာ ရိုသေလေးစားသူ တစ်ဦးဖြစ်သည် ။ ယီကျုံးဟိုင်က ဤအချက်ကို တန်ဖိုးထားခဲ့သည် ။ ဆရာနှင့် တပည့်မှာ အချိန်အတော်ကြာ စကားပြောဆိုပြီးနောက်မှသာ ကျားဒုံရွှီ စိတ်အေးချမ်းသာစွာဖြင့် အိမ်သို့ ပြန်လာခဲ့သည် ။
ကျားဒုံရွှီ ထွက်သွားပြီးနောက် ပထမအဒေါ်က အနားသို့ လာထိုင်ကာ စိုးရိမ်တကြီးဖြင့်...
" ယီကျုံးဟိုင်.. ရှင်က ကျားမိသားစုကို ကူညီဖို့ တကယ် စီစဉ်နေတာလား.. ဒါပေမဲ့ ကျားမိသားစုရဲ့ အခြေအနေကို ရှင်လည်း သိတာပဲ.. အဲ့ဒါက အဆုံးမရှိတဲ့ တွင်းကြီးလေ... "
" ထပ်မပြောနဲ့တော့... "
ပထမအဒေါ် စကားမဆုံးခင်မှာပင် ယီကျုံးဟိုင်က ဖြတ်ပြောလိုက်သည် ။
" ငါ မသိဘူးများ မှတ်နေလား.. ဒါပေမဲ့ ငါတို့ အသက်ကြီးလာတဲ့အခါ ထောက်ပံ့ပေးမယ့်သူက ဒုံရွှီပဲလေ.. အဲ့ဒီကလေးက မိဘအပေါ် သိတတ်တဲ့သူပါ.. နောင်တစ်ချိန်မှာ ငါတို့ကို ကောင်းကောင်း ဂရုစိုက်နိုင်မှာ သေချာတယ် ... "
" ကျွန်မလည်း အဲ့ဒီကလေးကို သဘောကျပါတယ်.. ဒါပေမဲ့ သူ့ အမေ ကျားကျန်းရှီက... "
" အင်း... အဲ့ဒါက တကယ်ကို ပြဿနာတစ်ခုပဲ.. "
ယီကျုံးဟိုင် စဉ်းစားမိသည် ။
ကျားကျန်းရှီကို ကျေးလက်ဒေသသို့ ပြန်ပို့ရန် မည်သို့ နည်းလမ်းရှာရမည်နည်း။ ဤသို့ဆိုလျှင် ကျားမိသားစု အများကြီး ပိုအဆင်ပြေသွားလိမ့်မည် ။
' မဟုတ်သေးဘူး.. '
ဤအကြံအစည်ကို ယီကျုံးဟိုင်က မြန်မြန်ဆန်ဆန်ပင် ငြင်းပယ်လိုက်သည် ။
ကျားဒုံရွှီက မိုက်မဲစွာ သားသမီးဝတ္တရားကို ရိုသေလေးစားသူဖြစ်ရာ ဘယ်တော့မှ သဘောတူမည် မဟုတ်ပေ ။ နောက်မှ တခြားနည်းလမ်းကို စဉ်းစားရပေမည် ။
သတိပြန်ဝင်လာပြီး သူ့မိန်းမ စိတ်ဆင်းရဲနေသည်ကို မြင်သောအခါ ယီကျုံးဟိုင်က နှစ်သိမ့်ပေးလိုက်သည် ။
" စိတ်မပူပါနဲ့.. ငါတို့မိသားစုရဲ့ အခြေအနေကလည်း သိပ်ချမ်းသာနေတာမှ မဟုတ်တာ.. မင်းကလည်း လစဉ်ဆေးသောက်နေရဦးမှာဆိုတော့ ကျားမိသားစု တစ်ခုလုံးကို တာဝန်ယူလောက်တဲ့အထိ ငါ မမိုက်ပါဘူး ..."
ထိုစကားကို ကြားသောအခါမှ ပထမအဒေါ် စိတ်သက်သာရာ ရသွားသည် ။
" ယီကျုံးဟိုင်.. ရှင် ဘာဆက်လုပ်မလို့လဲ.. "
ယီကျုံးဟိုင်က ခဏ စဉ်းစားပြီး...
" ရှာကျူးက ထမင်းစားခန်းကနေ အစားအစာတွေ ခဏခဏ ယူလာလေ့ရှိတယ် မလား.. သူတစ်ယောက်တည်း စားလို့ ဗိုက်ပြည့်နေရင် မိသားစုတစ်ခုလုံး ဗိုက်မဆာတော့ဘူးပေါ့.. ရှာကျူးကို ကျားမိသားစုကို ကူညီခိုင်းမယ်.. ငါ သူ့ကို သွားပြောရင် သူ ငြင်းမှာ မဟုတ်ဘူး .."
" အဲ့ဒါက အဖြေတစ်ခုပါပဲ.. ဒါပေမဲ့ ဟဲယွီဆွေကရော.. ဘာပဲဖြစ်ဖြစ် သူ့မှာ ထောက်ပံ့ရမယ့် ညီမလေးတစ်ယောက် ရှိနေသေးတယ်လေ.. ကျားမိသားစုကို ကူညီဖို့အတွက် သူ့ညီမကို အငတ်ထားလို့တော့ မရဘူးမလား.. "
သို့သော်လည်း ယီကျုံးဟိုင်က ဂရုမစိုက်ဟန်ဖြင့် လက်ကိုဝှေ့ယမ်းကာ...
" မိန်းကလေး တစ်ယောက်က ဘယ်လောက်များ စားနိုင်မှာလဲ.. နည်းနည်းလေး စားလိုက်ရုံပါပဲ... "
ပထမအဒေါ်ကသာ မပြောခဲ့လျှင် ရှာကျူး၌ ညီမတစ်ယောက် ရှိသေးကြောင်းကို သူ မေ့တော့မည်ပင် ။
ရှာကျူးအပေါ် သူ၏ ကြင်နာမှုများက ကျားဒုံရွှီအပြင် အရန်လူအဖြစ် လေ့ကျင့်ပေးချင်သော ဆန္ဒထက် ဘာမှမပိုခဲ့ပေ ။
" ဒါပေမဲ့... "
" ဆုံးဖြတ်ပြီးပြီ.. စိတ်မပူပါနဲ့... "
အစပိုင်း၌ ပထမအဒေါ်က မမှန်ကန်ကြောင်း ခံစားရပြီး ထပ်ပြောချင်သေးသော်လည်း ယီကျုံးဟိုင်က သူမကို စကားဆက်ပြောခွင့် မပေးတော့ဘဲ ထွက်သွားသည် ။
" ဟူး.. "
ပထမအဒေါ်က ခေါင်းခါပြီး သက်ပြင်းချလိုက်သည် ။
ဤမိသားစုတွင် ယီကျုံးဟိုင်ကသာ အသေးအဖွဲမှအစ ကြီးကြီးမားမားအထိ ဆုံးဖြတ်ချက်များကို အမြဲချခဲ့သည် ။ သူမ ယီကျုံးဟိုင်အတွက် ကလေးမွေးမပေးနိုင်ခဲ့ သဖြင့် ပြောပိုင်ခွင့် မရှိခဲ့ပေ ။
သနားစရာကောင်းသော ထိုကလေးမလေး ယွီဆွေသည်သာ အနာဂတ်တွင် ဒုက္ခခံရနိုင်ပေသည် ။