အခန်း ၁၁၃
Vol. 11 Ch. 113
Chapter 113
~
အခန်း ၁၁၃ : ယီကျုံးဟိုင် : .... ရှာကျူး ..မင်း ကျေးဇူးကန်းလို့မရဘူး...
~
ရှာကျူး၏ အိမ်တွင်...
ယီကျုံးဟိုင်က တံခါးကို ခေါက်ပင် မခေါက်ဘဲ တွန်းဖွင့်ကာ အထဲသို့ ဝင်သွား၏ ။
" အို.. ရှာကျူး.. မင်း အရက်သောက်နေတာလား ..."
ရှာကျူးက မြေပဲနှင့် အရက်သောက်နေစဉ် အသံကြား၍ မော့ကြည့်လိုက်ရာ ယီကျုံးဟိုင် ဖြစ်နေသည်ကို မြင်ရသဖြင့် ပြုံးပြလိုက်ပြီး ...
" ပထမဦးလေး.. လာ သောက်မလား.. "
" ကောင်းပြီလေ.. ဘာပဲဖြစ်ဖြစ် ငါ မင်းကို ပြောစရာ ရှိလို့... "
ယီကျုံးဟိုင်က ဝင်ထိုင်လိုက်သည် ။ ရှာကျူးကလည်း ယီကျုံးဟိုင်အတွက် ခွက်တစ်လုံး ယူပေးလိုက်သည် ။
ယီကျုံးဟိုင်က ...
" ဟဲယွီဆွေက ဘယ်မှာလဲ .."
" စားပြီး သူ့အခန်းထဲ သူ ပြန်ဝင်သွားပြီ... "
ရှာကျူးက ပြန်ဖြေလိုက်သည် ။
" အဲ့ဒါ ကောင်းတာပဲ ..."
ယီကျုံးဟိုင်က ခေါင်းအသာ ညိတ်လိုက်သည် ။ ဟဲယွီဆွေသာ ရှိနေမည်ဆိုလျှင် သူ ပြောမည့် စကားများကို လွတ်လပ်စွာ ပြောနိုင်မည် မဟုတ်ပေ ။ ကိစ္စများ မထိန်းနိုင်ပါက ရှက်စရာ ဖြစ်လာပေလိမ့်မည် ။
ရှာကျူးက ယီကျုံးဟိုင်အတွက် အရက်ငှဲ့ပေးလိုက်ပြီး ...
" ဦးလေး.. ပြောစရာ ရှိတယ်ဆိုတာ .. ဘာကိစ္စလဲ... "
" အစားအသောက် ခွဲတမ်း လျှော့ချလိုက်တာကို ကြားဖူးမှာပေါ့.."
ရှာကျူးက ခေါင်းညိတ်ကာ ဂရုမစိုက်ဟန်ဖြင့်ဖြင့်...
" ပထမဦးလေး.. စိတ်ပူစရာ မလိုပါဘူး.. ကျွန်တော်နဲ့ ယွီဆွေနှစ်ယောက်လုံး အိမ်မှာ ရိက္ခာတွေ ရှိတယ်လေ.. ကျွန်တော်ကလည်း စားသောက်ဆိုင်မှာပဲ စားလေ့ရှိတာမို့ ဗိုက်မဆာပါဘူး.. "
' ဒါကို ငါ ဘယ်လိုလုပ် မသိဘဲ နေမလဲ.. '
ယီကျုံးဟိုင်က တိတ်တဆိတ် မျက်လုံးလှန်လိုက်ကာ...
" ငါ သိပါတယ်.. ငါပြောချင်တာက မင်းရဲ့ ကျားဒုံရွှီအကြောင်းပဲ.. သူ့မိသားစုမှာ ရိက္ခာရတဲ့သူ တစ်ယောက်ပဲ ရှိတယ်ဆိုတာ မင်းသိတယ် မလား.. အဲ့ဒါက တစ်လစာ လောက်ငှပေမဲ့ အခု ရိက္ခာတွေ လျှော့ချလိုက်တော့ သူ့မိသားစု အခက်အခဲ တွေ့တော့မှာ ..."
" တကယ်ပါပဲ.. "
ရှာကျူးက ခေါင်းညိတ်ပြီး နောက်ပြောင်လိုက်သည် ။
" ဒါရိုက်တာဝမ် ဒီနေ့ပြောတာ မှန်တယ်လို့ ကျွန်တော် ထင်တယ်.. အဒေါ်ကြီး ကျားကျန်းရှီကို ကျေးလက်ကို ပြန်ပို့သင့်တာ.. အဲ့ဒီလိုဆိုရင် ကျားမိသားစု စားစရာ လုံလောက်သွားလိမ့်မယ် .."
" ရှာကျူး.. "
ယီကျုံးဟိုင်က...
" ငါ မင်းကို ဘယ်လို သင်ပေးထားလဲ.. အသက်ကြီးသူတွေကို လေးစားရမယ်လေ.. အဒေါ်ကြီး ကျားကျန်းရှီက ဒုံရွှီအမေပဲ..ဘယ်လိုလုပ် အဲ့လို ပြောရက်တာလဲ... "
" ကောင်းပါပြီ.. ကျွန်တော့်အမှားပါ.. နောက်တစ်ခါ မပြောတော့ပါဘူး ..."
ရှာကျူးက ပုခုံးတွန့်ကာ အမှားကို အလွယ်တကူ ဝန်ခံလိုက်သည် ။ သူ ယီကျုံးဟိုင်ကို အလွန် လေးစားဆဲပင် ။ ကျန်တာအားလုံးကို ဘေးဖယ်ထားလျှင် သူ အရင်က ရန်ဖြစ်တိုင်း ယီကျုံးဟိုင်က သူ့ကို အမြဲ ကာကွယ်ပေးခဲ့၏ ။
ဥပမာအားဖြင့် ရွှီတာမော့ ။ သူ ရွှီတာမော့ကို အကြိမ်ကြိမ် အနိုင်ယူခဲ့သော်လည်း အကြိမ်တိုင်းတွင် ငြိမ်းချမ်းစွာ ဖြေရှင်းနိုင်ခဲ့သည်မှာ ယီကျုံးဟိုင်က ကြားဝင်ကာကွယ်ပေးခဲ့၍ ဖြစ်သည် ။ ခြံဝင်းထဲတွင် ရှာကျူးကို ထိန်းချုပ်နိုင်သူက ယီကျုံးဟိုင်နှင့် နောက်ဖေးခြံက အဘွားအိုသာ ရှိသည် ။
ယီကျုံးဟိုင်၏ မျက်နှာအမူအရာက ပြေလျော့သွားပြီး ..
" ဒီတစ်ခါတော့ မင်း ဒုံရွှီကို ကူညီဖို့ ငါလာပြောတာ .."
" အဲ့ဒါ ပြဿနာ မရှိပါဘူး.. ကျွန်တော် အခက်အခဲ ကြုံတုန်းက ဒုံရွှီ ကျွန်တော့်ကို ကူညီပေးခဲ့ဖူးတယ်.. ကျွန်တော် ကူညီနိုင်သမျှတော့ တွန့်ဆုတ်မှာ မဟုတ်ဘူး... "
ရှာကျူးက ရင်ဘတ်ကို ပုတ်ကာ ကတိပေးလိုက်သည် ။
" ရှာကျူး.. မင်းက လူကောင်း တစ်ယောက်ဆိုတာ ငါသိပါတယ်... "
ယီကျုံးဟိုင်က ကျေနပ်စွာ ခေါင်းညိတ်လိုက်သည် ။
" ဒါဆို ပထမဦးလေး.. ကျွန်တော် ဒုံရွှီကို ဘယ်လို ကူညီရမလဲ... "
ရှာကျူးက ...
" အစားအသောက်နဲ့ ပတ်သက်ရင် အိမ်မှာ နည်းနည်းတော့ ရှိသေးတယ်.. နောက်မှ သူ့ဆီ ယူသွားပေးရင် ကောင်းမလား ..."
" အဲ့လောက် မြန်မြန် မလုပ်ပါနဲ့ဦး ..."
ယီကျုံးဟိုင်က သူ့ကို တားလိုက်ပြီး ...
" ငါ့အကြံက.. ရှာကျူး.. မင်း တစ်ခါတလေ ထမင်းစားခန်းကနေ အစားအသောက်တွေ ပြန်ယူလာလေ့ ရှိတယ် မလား.. မင်း ပြန်ယူလာတဲ့ အစားအစာတွေနဲ့ ဒုံရွှီကို ကူညီလို့ ရတယ်.."
" အာ.. ဒါပေမဲ့ အဲ့ဒါတွေက ယွီဆွေ စားဖို့အတွက် ကျွန်တော် ယူလာတာလေ... "
ရှာကျူး ထိုစကားကို ကြားသောအခါ အနည်းငယ် စိတ်အနှောင့်အယှက် ဖြစ်မိသွား၏။
" ယွီဆွေက အရွယ်ရောက်နေပြီ.. နည်းနည်း လျှော့စားရင် ဘာမှ မဖြစ်ပါဘူး.. မင်းရဲ့ ညီမလေး ချင်ဟွိုင်ရုနဲ့ ပန့်ကန့်တို့ ဗိုက်ဆာတာကို မင်း ကြည့်ရက်လို့လား ..."
" ဟုတ်ပါတယ်.. ဒါပေမဲ့... "
နောက်ဆုံးတွင် ကျားဒုံရွှီက အသက်ရှင်နေဆဲ ဖြစ်သည်။ ချင်ဟွိုင်ရုက ရှာကျူး၏ ဖြူစင်သော အချစ် ဖြစ်သော်လည်း သူ့ညီမကို လျစ်လျူရှုရန် သူ တွန့်ဆုတ်နေဆဲပင် ။
ဤသည်ကို မြင်သောအခါ ယီကျုံးဟိုင်က လေးနက်သောအသံဖြင့်...
" ရှာကျူး.. မင်း ကျေးဇူးကန်းလို့ မရဘူး.. မင်းအဖေ အဲ့မုဆိုးမနဲ့ ထွက်သွားတုန်းက ဒုံရွှီသာ မင်းကို အစားအစာ မကူညီခဲ့ရင် မင်း ကျော်ဖြတ်နိုင်ခဲ့မှာ မဟုတ်ဘူး ..."
" ဝေးလံတဲ့ ဆွေမျိုးတွေထက် အိမ်နီးချင်းတွေက ပိုကောင်းတယ်ဆိုတဲ့ စကားပုံ ရှိတယ်.. ငါတို့ တစ်ယောက်ကိုတစ်ယောက် ကူညီသင့်တယ်.. မင်း ဒုက္ခရောက်တုန်းက ဒုံရွှီက မင်းကို ကူညီခဲ့တယ်.. အခု ဒုံရွှီ ဒုက္ခရောက်နေပြီ.. မင်း သူ့ကို မကူညီသင့်ဘူးလား... "
ကိုယ်ကျင့်တရားသူတော်စင် ယီကျုံးဟိုင် ဆိုသည့်အတိုင်း ဖြောင့်မတ်မှုကို အသုံးပြု၍ အခြားသူများကို ဖိအားပေးနေ၏ ။ သို့သော် အဓိကအချက်မှာ ရှာကျူး လက်ခံရမည်ဖြစ်ပြီး မဟုတ်ပါက ယီကျုံးဟိုင် ပြောသလို ကျေးဇူးကန်းသူ ဖြစ်လာပေလိမ့်မည်။
" ကျွန်တော် ကူညီသင့်ပါတယ်.. ပထမဦးလေး.. ကျေးဇူးပြုပြီး ထပ်မပြောပါနဲ့.. ကျွန်တော် သဘောတူပါတယ်.. "
ရှာကျူးက မလိုလားဟန်ဖြင့် သဘောတူလိုက်သည် ။
" ကောင်းတယ်.. "
ထို့နောက် ယီကျုံးဟိုင်က ပြုံးပြီး...
" အိမ်နီးချင်းတွေဆိုတာ ဒါပဲ မလား.. မင်း အခက်အခဲနဲ့ မကြုံရဘူးလို့ ဘယ်သူ အာမခံနိုင်မှာလဲ.. မင်း ဒီနေ့ တခြားသူကို ကူညီရင် မနက်ဖြန် တခြားသူကလည်း မင်းကို ကူညီလိမ့်မယ်.. ဒါက အပြန်အလှန် ကူညီမှုပဲ... "
" ကျွန်တော် သဘောတူပေမဲ့.. ပထမဦးလေး.. စားသောက်ဆိုင်မှာ နေ့တိုင်း စားကြွင်းစားကျန် ရှိချင်မှ ရှိမှာနော်.. ဘာမှ မရှိရင် ကျွန်တော် ဘာမှ လုပ်ပေးလို့ မရဘူး ..."
ရှာကျူးက သတိပေးလိုက်သည် ။
" ဟေး.. ရှာကျူး.. ကျန်တာတွေကို စဉ်းစားကြည့်ပါဦး .. "
ယီကျုံးဟိုင်သည် ရံဖန်ရံခါ အကူအညီပေးရုံမျှဖြင့် ကျေနပ်မှု မရှိခဲ့ပေ ။ ရှာကျူး မကူညီလျှင် သူကိုယ်တိုင် ကူညီရမည် ။ အရေးပေါ် အခြေအနေမှသာ သူကူညီရန် ဆန္ဒရှိ၏ ။
" ဦးလေး ဆိုလိုတာက... "
ရှာကျူးက ရှုပ်ထွေးဟန်ဖြင့် ကြည့်လိုက်သည် ။
ယီကျုံးဟိုင်က ပြုံးပြီး အသံတိုးတိုးဖြင့်...
" ရှာကျူး.. မင်းက ဆိုင်ရဲ့ အဓိက စားဖိုမှူးပဲ.. ကျန်တာ ရှိ မရှိက မင်းအပေါ်မှာပဲ မူတည်တယ် မလား .."
" အာ... "
ရှာကျူး နားလည်သွားသည်။
" ပထမဦးလေး.. လူထုဆီကနေ ခိုးခိုင်းဖို့ ကြံနေတာလား... "
" ရှူး.. အသံကို နှိမ့်ပါဟ.."
ယီကျုံးဟိုင်က လျင်မြန်စွာ လက်ညှိုးကို နှုတ်ခမ်းပေါ် တင်လိုက်သည် ။ ရှာကျူး လန့်သွားပြီး ပါးစပ်ကို လက်ဖြင့် အမြန်အုပ်လိုက်၏။ ဤကိစ္စကို စက်ရုံ လုံခြုံရေးဌာနက သိသွားပါက သူ့ကို အမှောင်ခန်းထဲတွင် ရက်အတော်ကြာ ပိတ်လှောင်ထားပေလိမ့်မည် ။
ယီကျုံးဟိုင်က ...
" ဘာလို့ ဒီလောက် စိတ်လှုပ်ရှားနေရတာလဲ.. မင်း အရင်က ဒီလိုမျိုး လုပ်ဖူးတယ် မလား.. "
ထိုစကားကို ကြားလျှင် ရှာကျူးက...
" ဦးလေး.. အဓိပ္ပာယ်မရှိတဲ့ စကား မပြောပါနဲ့.. ကျွန်တော် တစ်ခါမှ အဲ့လို မလုပ်ဖူးဘူး.. ကျွန်တော် ယူလာတာက အကြွင်းအကျန်တွေ ဒါမှမဟုတ် ခေါင်းဆောင်တွေအတွက် ချက်တာကနေ ပိုတဲ့ အစားအစာတွေ.. ဒါက လုပ်ငန်းစည်းမျဉ်း တစ်ခုလိုပဲ.. ခေါင်းဆောင်တွေက သိပြီး ဘာမှ မပြောကြဘူး.. ဒါပေမဲ့ လူထုဆီက ခိုးတာကတော့ ကွာတယ်.. ဖမ်းမိသွားရင် အကြီးအကျယ် ဒုက္ခရောက်လိမ့်မယ်.. "
" ကောင်းပါပြီ.. ဒါဆို ဆိုင်မှာ စားစရာ ကျန်ခဲ့ရင် ပြန်ယူလာခဲ့လို့ ရတယ် .. "
ယီကျုံးဟိုင်က အစသာ ရှိသေး၍ အရမ်း မတိုက်တွန်းပေ ။ ရှာကျူးကို အတင်းအကျပ် တွန်းအားပေးမိပါက လက်လျှော့သွားလျှင် သူကိုယ်တိုင် ဒုက္ခရောက်ပေလိမ့်မည် ။ သူ ဖြည်းဖြည်းချင်း ဖျောင်းဖျသွားနိုင်မည်ဟု ယုံကြည်၏ ။
အဓိကကိစ္စကို ဆွေးနွေးပြီးနောက် ယီကျုံးဟိုင် ထွက်သွားသည် ။
ရှာကျူး စိတ်ပျက်လက်ပျက်ဖြင့် ညည်းညူလိုက်ပြီး အရက်သောက်ချင်စိတ် မရှိတော့၍ သူ့အခန်းသို့ ပြန်ကာ အိပ်လိုက်တော့၏။
သူ ကျားဒုံရွှီကို ကူညီရမည်ကိုပင် မကြိုက်ပေ ။ သို့သော် ယီကျုံးဟိုင်က လူထုဆီမှ ခိုးယူရန် တောင်းဆိုလာလိမ့်မည်ဟု သူ ထင်မထားခဲ့ချေ ။ ဤသည်က သူ့ကို ထိခိုက်စေနိုင်သည် မဟုတ်ပါလော ။
သူ့ကို ဖမ်းမိလျှင် သူသာ ဒုက္ခရောက်မည် ။ ကျားဒုံရွှီ ရှေ့ထွက်၍ အပြစ်ခံပေးမည်ဟု သူ မျှော်လင့်နိုင်ပါမည်လော။ မဖြစ်နိုင် ။
ထို့ကြောင့် ကူညီသည်က ကောင်းပေသော်လည်း အောက်ခြေစည်းမျဉ်းတော့ ရှိရမည်။ သူ အနာဂတ်အား အန္တရာယ် ဖြစ်စေလောက်သည်အထိ သူ မိုက်ပေ ။