အခန်း ၁၁၄
Vol. 11 Ch. 114
Chapter 114
~
အခန်း ၁၁၄ : လာဘ်ပေးလာဘ်ယူမှု
~
ဟဲယွီဆွေသည် ပေါင်းထားသော ပြောင်းဖူးပေါင်း ပန်းကန်လုံးတစ်လုံးနှင့် ဆားနယ်ထားသည့် ဟင်းသီးဟင်းရွက်ခြောက် ပန်းကန်လုံးငယ်လေးတစ်လုံးကို ကိုင်၍ မီးဖိုချောင်ထဲမှ ထွက်လာခဲ့၏ ။
ပန်းကန်များကို စားပွဲပေါ်တင်ပြီးနောက် သူမ တံခါးဘက်ဆီသို့ လှမ်းကြည့်လိုက်သည် ။
မကြာမီပင် ရှာကျူးက လက်နှစ်ဖက်ကို နောက်ပစ်၍ အပြင်မှ ပြန်ရောက်လာခဲ့၏ ။
ရှာကျူး ထိုင်ချလိုက်ပြီးနောက် ဟဲယွီဆွေက သူ့လက်ထဲတွင် ဘာမှပါမလာသည်ကို မြင်လျှင် မကျေမနပ်ဖြင့်..
" အစ်ကို.. ဒီနေ့ နေ့လယ်စာဘူးရော ဘယ်မှာလဲ.. "
ရှာကျူး၏ မျက်နှာအမူအရာက အနည်းငယ် အေးခဲသွားပြီး ကြောင်တောင်တောင်ဖြင့်..
" ငါ ချင်ဟွိုင်ရုကို ပေးလိုက်တယ်.. "
ဟဲယွီဆွေက စိတ်ပျက်လက်ပျက်ဖြင့် ညည်းတွားလိုက်သည် ။
" အစ်ကို.. အစ်ကို ဆိုင်ကနေ ပြန်ယူလာတဲ့ ဟင်းတွေကို သမီး မစားရတာ လဝက်လောက် ရှိနေပြီနော်.. "
ယီကျုံးဟိုင်က ရှာကျူးကို ကျားမိသားစုအား ကူညီရန် တောင်းဆိုခဲ့သည်မှာ လဝက်ခန့် ကြာမြင့်ခဲ့ပြီ ဖြစ်သည် ။
နေ့တိုင်း အကြွင်းအကျန် မရှိသော်လည်း ရှာကျူးသည် အစားအသောက် ပြန်ယူလာတိုင်း ကျားမိသားစုကို အကုန်ပေးပစ်တတ်၏ ။
ဤကိစ္စက ဟဲယွီဆွေအတွက် အတော်လေး အခက်တွေ့စေသည် ။
အိမ်တွင် ကောက်နှံ အနည်းငယ် ရှိနေသေးသော်လည်း ထိုမျှသာ ဖြစ်၏ ။
ရှာကျူးက နေ့လယ်ဘက်တွင် ကော်ဖီဆိုင်၌ စားသောက်ပြီး ညနေ အလုပ်ဆင်းချိန်တွင် ပျင်းရိကာ ဈေးသို့ ဟင်းသီးဟင်းရွက် သွားဝယ်ရန် စိတ်မဝင်စားချေ ။
ယခင်က ရှာကျူး ဟင်းကျန်များ ပြန်ယူလာပေးချိန်တွင် သူမ တစ်ခါတစ်ရံ အဆီပါသော အစားအစာများ စားခွင့်ရခဲ့သည် ။
သို့သော် ရှာကျူးက ကျားမိသားစုကို စတင်ကူညီချိန်မှစ၍ ဟဲယွီဆွေ ဆီပြန်ဟင်းကို မမြင်ရသည်မှာ လဝက်ခန့် ရှိနေလေပြီ။
ထိုစကားကို ကြားတော့ ရှာကျူး ခေါင်း ကုတ်လိုက်ပြီး..
" ချင်ဟွိုင်ရုတို့ မိသားစု ဒုက္ခရောက်နေလို့ပါ.. ဟိုခွေးကြီး ထွက်သွားတုန်းက ငါတို့ကို ကူညီခဲ့တာ ကျားဒုံရွှီပဲလေ.. မဟုတ်ရင် ငါတို့ ငတ်သေနေလောက်ပြီ.. ငါတို့ ကျေးဇူးကန်းလို့ မဖြစ်ဘူး.. "
" ပြောက်းဖူးမှုန့် ငါးကျင်းပဲ ချေးတာလေ.. နောက်တော့လည်း သမီးတို့ ပြန်ဆပ်လိုက်တာပဲ.. နှစ်ကျင်းတောင် ပိုပေးလိုက်သေးတယ်.. "
ဟဲယွီဆွေက ဆက်၍..
" သူတို့မိသားစု ဒုက္ခရောက်နေတိုင်း သမီးတို့မိသားစုက အဆင်ပြေနေတာမှ မဟုတ်တာ.. ဆီပါတဲ့ အစားအစာတွေကို မမြင်ရတာ တစ်လခွဲလောက် ကြာနေပြီ.. သမီးရဲ့ ကိုယ်အလေးချိန်တွေလည်း အများကြီး ကျသွားပြီ.. "
ရှာကျူးက သူမကို တစ်ချက်ကြည့်လိုက်ပြီး ဘာမှမထူးခြားဟု တွေးကာ ရယ်လိုက်ပြီး...
" ဘယ်လိုလုပ်ပြီး ဒီလောက်မြန်မြန် ကိုယ်အလေးချိန် ကျနိုင်မှာလဲ.. "
" သမီး ဂရုမစိုက်ဘူး.. အခုဆို နေ့တိုင်း ပြောင်းဖူးပေါင်းနဲ့ ဆားနယ်ထားတဲ့ ဟင်းသီးဟင်းရွက်တွေပဲ စားနေရတယ်.. သမီး ကျောင်းကို နေ့တိုင်းသွားတော့ ဗိုက်ဆာလွန်းလို့ မျက်လုံးတွေတောင် မှုန်ဝါးနေပြီ.. မနက်ဖြန် အရသာရှိတာ တစ်ခုခု ဝယ်လာပေးမှ ရမယ်.. "
ဟဲယွီဆွေက နှုတ်ခမ်းစူ၍ ပြောလိုက်သည် ။
" နင့်ဘာသာနင် သွားဝယ်လိုက်.. အလုပ်ဆင်းရင် ငါ မသွားချင်တော့ဘူး.. "
ရှာကျူးက လက်ကို အားကိုးရာမဲ့စွာ ဝှေ့ယမ်းလိုက်ပြီး ငွေတစ်ယွမ်ကို ထုတ်ကာ ဟဲယွီဆွေအား ပေးလိုက်မှ သူမ ကျေနပ်သွားသည် ။
တစ်ဖက်တွင်လည်း ....
ကျားမိသားစု အိမ်၌ ။ ကျားမိသားစု ညစာစားနေကြ၏ ။
ကျားကျန်းရှီက ရှာကျူး ပေးလိုက်သော နေ့လယ်စာဘူးထဲမှ ဟင်းကျန်များကို တူဖြင့်ဆွရင်း အထင်သေးဟန်ဖြင့်..
" ဒီ ရှာကျူးက တကယ်ကို နှလုံးသားမဲ့တာပဲ.. သူပေးတဲ့ဟင်းတွေက ပိုပိုဆိုးလာတယ်.. အသားတစ်စက်မှ မပါဘူး.. ဂေါ်ဖီထုပ်တွေချည်းပဲ.. သူ ဘယ်သူ့ကို လာလှည့်စားနေတာလဲ.. "
သူမက ထိုသို့ ပြောနေသော်လည်း ပါးစပ်ကတော့ အလကားမနေဘဲ ဂေါ်ဖီဖတ် အကြီးကြီးတစ်ခုကို ကောက်ယူကာ ပါးစပ်ထဲ ထိုးထည့်လိုက်၏ ။
ကျားဒုံရွှီက အကူအညီမဲ့စွာဖြင့်..
" အမေရယ်.. ဒါက အတော်လေး ကောင်းနေပါပြီ.. အနည်းဆုံးတော့ ဆီပါတာပဲလေ.. "
ဤသည်ကား ဆန်တစ်ခွက်က ကျေးဇူးတင်စိတ်ကို ဖြစ်စေပြီး၊ ဆန်တစ်အိတ်က ရန်ငြိုးကို ဖြစ်စေသည် ဟူသော စကားအတိုင်းပင်။
ရှာကျူးသည် သူတို့မိသားစုအပေါ် မည်သည့်အကြွေးမှ မတင်ခဲ့ပေ ။ ဆန့်ကျင်ဘက်အနေဖြင့် သူတို့မိသားစုကိုပင် ကူညီပေးခဲ့သေးသည် ။
သို့သော် ယနေ့ သူပြန်ယူလာသော ဟင်းလျာများက အနည်းငယ် ညံ့သွားသည်နှင့် သူမက ရှာကျူးအား အသုံးမကျသူဟု စွပ်စွဲနေတော့၏ ။
ဆိုရိုးစကားတစ်ခု ရှိ၏ ။ ဗီဇဟူသည်က မျိုးဆက်တစ်ခုပြီးတစ်ခု အမွေဆက်ခံလာတက်သည် ။ ကျားပန့်ကန့်သည်လည်း နောင်တစ်ချိန်တွင် ကျားကျန်းရှီထံမှ အမွေဆက်ခံပြီး ကျေးဇူးမသိတတ်သူတစ်ယောက် ဖြစ်လာနိုင်ပေသည် ။
ရှောင်ဒန်နှင့် ဟွားဇီတို့သည်လည်း ချွင်းချက် ဖြစ်မည်မထင် ။
သို့မဟုတ် မျိုးရိုးလိုက်ခြင်းထက် စံပြအဖြစ် သင်ကြားပေးခြင်းကြောင့်လည်း ဖြစ်နိုင်၏ ။
မည်သို့ပင်ဆိုစေကာမူ ကျားဒုံရွှီ၏ စိတ်နေသဘောထားကမူ အတော်အသင့် လက်ခံနိုင်စရာ ရှိသေးသည် ။
" ဟမ့်.. သူ ငါတို့မိသားစုကို မကူညီချင်တာနဲ့ မကောင်းတဲ့ဟာတွေ တမင်တကာ ပြန်ယူလာတာလို့ပဲ ငါထင်တယ်.. "
ကျားကျန်းရှီက နှာခေါင်းရှုံ့လိုက်ပြီး..
" သူ ငတ်သေတော့မယ့်အချိန်တုန်းက ငါ သူ့ကို ကူညီခဲ့တာကို သူ မေ့သွားပြီထင်တယ်.. သူ တကယ်ကို ကျေးဇူးကန်းတဲ့ကောင်ပဲ.. "
" အမေ.. ထပ်မပြောပါနဲ့တော့.. အခု နေရာတိုင်းမှာ ကုန်ပစ္စည်းတွေ ရှားပါးနေတာ.. ဟင်းကျန်တွေ ပြန်ယူလာပေးနိုင်တာကိုပဲ ကျေးဇူးတင်ရဦးမယ်.. "
ကျားဒုံရွှီက ဝင်ပြောလိုက်သည် ။
စားသောက်ဆိုင်ထဲရှိ အစားအစာများပင် အလုပ်သမားများ စားသုံးရန် မလောက်ငှပေ ။ နေ့လယ်စာစားချိန် နောက်ကျသွားလျှင် စားစရာ ဝယ်စားနိုင်မည် မဟုတ်ချေ။
ထို့ကြောင့် ရှာကျူးသည် ဤဟင်းများကို ပြန်ယူလာနိုင်ရန် အစွမ်းကုန် ကြိုးစားခဲ့ရပြီး ဖြစ်သည် ။
ကျားကျန်းရှီက ထိုစကားကို ကြားသောအခါ နှုတ်ခမ်းစူသွားပြီး မယုံကြည်ဟန် ညည်းတွားနေသည် ။ ရှာကျူးက ကူညီရန် ဆန္ဒမရှိသလို သူတို့မိသားစုကိုလည်း အမှန်တကယ် ကူညီချင်ပုံမရဟု သူမ ခံစားနေရ၏ ။
သို့သော် သားဖြစ်သူ၏ မျက်နှာကို မြင်တော့ သူမ ဘာမှ ထပ်မပြောတော့ချေ ။
ထိုအချိန်တွင် ချင်ဟွိုင်ရုက ရုတ်တရက်..
" ဒုံရွှီ.. အိမ်မှာ ဆန်နဲ့ ကောက်ပဲသီးနှံတွေ သိပ်မကျန်တော့ဘူး.. "
ကျားဒုံရွှီ အံ့အားသင့်သွားပြီး..
" လွန်ခဲ့တဲ့ နှစ်ရက်ကမှ ပြောင်းဖူးမှုန့် ဆယ်ကျင်းလောက် ရထားတာ မဟုတ်ဘူးလား.."
ချင်ဟွိုင်ရုက ကျားကျန်းရှီကို တိတ်တဆိတ် ခိုးကြည့်လိုက်ပြီးနောက် ခေါင်းကို ငုံ့ထားလိုက်သည် ။
ကျားဒုံရွှီ ချက်ချင်းပင် သဘောပေါက်သွား၏ ။
ပြောင်းဖူးမှုန့် ဆယ်ကျင်းဆိုသည်မှာ အစကတည်းက များများစားစား မဟုတ်သော်လည်း အဓိကပြဿနာမှာ ကျားကျန်းရှီက ထမင်းစားတိုင်း ဗိုက်ပြည့်အောင် စားတတ်ခြင်းကြောင့် ဖြစ်သည် ။
ထို့ကြောင့် ဤပမာဏဖြင့် ယခုအချိန်အထိ ခံနိုင်နေခြင်းကပင် တော်တော်လေး ကောင်းနေလေပြီ ။
" ဒီည မှောင်ခိုဈေးကို သွားကြည့်လိုက်မယ်.. ပိုက်ဆံပေးထား.. "
ချင်ဟွိုင်ရုက နှုတ်ခမ်းကို တင်းတင်းစေ့ထားပြီး တိုးတိုးလေး ပြောလိုက်သည် ။
" ဒုံရွှီ.. အိမ်မှာ.. ပိုက်ဆံလည်း မကျန်တော့ဘူး.. "
" အမ်.. "
ကျားဒုံရွှီက မျက်မှောင်ကြုတ်လိုက်ပြီး..
" လတစ်ဝက်ပဲ ရှိသေးတာကို.. ပိုက်ဆံက မရှိတော့ဘူးလား.. "
ချင်ဟွိုင်ရုက ညင်သာစွာ ခေါင်းညိတ်ပြလိုက်သည် ။
ကျားဒုံရွှီ၏ မျက်နှာမှာ အနည်းငယ် တင်းမာသွား၏ ။
သူ၏ လစဉ်လစာမှာ ၄၅ ယွမ် ဖြစ်သည် ။ သူက ကျားကျန်းရှီအား သက်ကြီးထောက်ပံ့ကြေးအတွက် လစဉ် ၅ ယွမ်ပေးရပြီး သူမ၏ အကိုက်အခဲပျောက်ဆေး ဝယ်ရန် ၃ ယွမ် သုံးရသေးသည် ။ ဆေးလိပ်နှင့် အခြားလိုအပ်သည့် ပစ္စည်းများအတွက် ၂ ယွမ် ဖယ်ထားလိုက်လျှင် ချင်ဟွိုင်ရု လက်ထဲသို့ ရောက်သွားသောငွေမှာ ယွမ် ၃၀ ခန့်သာ ကျန်တော့၏ ။
သာမန်ဆိုလျှင် ဤမျှနှင့် လုံလောက်သင့်သော်လည်း ကျားကျန်းရှီနှင့် ကျားပန့်ကန့်တို့က အလွန်အကျူးစားသောက်ကြပြီး ထမင်းစားတိုင်း စားပိုးနင့်အောင် စားနေကြသည် ။
ထို့အပြင် လက်ရှိ ကောက်ပဲသီးနှံ ဈေးနှုန်းများမှာလည်း နှစ်ဆနီးပါး မြင့်တက်နေခြင်းက ဤအခြေအနေဆီသို့ တွန်းပို့လိုက်ခြင်းပင် ။
ထိုအကြောင်းကို တွေးရင်း သူ တိတ်ဆိတ်သွားလေသည် ။
ခဏကြာတော့ ကျားဒုံရွှီက ခါးသီးစွာ ပြုံးလိုက်ပြီး..
" ရပါတယ်.. နောက်မှ ဆရာ့ဆီ သွားပြီး ပိုက်ဆံနဲ့ ပြောင်းဖူးမှုန့် နည်းနည်းလောက် ချေးလို့ရမလား သွားမေးကြည့်လိုက်မယ်.. "
" အင်း.. "
ချင်ဟွိုင်ရုက ပြန်ဖြေလိုက်သည် ။
ညစာစားပြီးနောက် ကျားဒုံရွှီ အိမ်နီးချင်း ယီမိသားစုထံသို့ ထွက်လာခဲ့သည် ။ အနည်းငယ် တွန့်ဆုတ်နေပြီးနောက် သူ၏ အခက်အခဲများကို ရှင်းပြလိုက်လေ၏ ။
...
နောက်တစ်နေ့ နေ့လယ်ခင်း ...
ယန်ကျီဝမ် ဟောက်ဟိုင်မှ ငါးမျှားပြီး ပြန်လာခဲ့သည် ။ အိမ်ထဲသို့ ဝင်ဝင်ချင်းပင် ယီကျုံးဟိုင်က သူ၏ ကပ်စေးနဲအဘိုးကြီးနှင့် တစ်ခုခု ဆွေးနွေးနေကြသည်ကို တွေ့လိုက်ရ၏ ။
ယန်ကျီဝမ် ပြန်လာသည်ကို မြင်လျှင် သူတို့ စကားပြောရပ်သွားကြသည် ။
" ပထမဦးလေး.. "
ယန်ကျီဝမ်က ယီကျုံးဟိုင်ကို ယဉ်ကျေးစွာ နှုတ်ဆက်လိုက်သည် ။
ယီကျုံးဟိုင်က အသိအမှတ်ပြုသည့်အနေဖြင့် ခေါင်းညိတ်ပြလိုက်ပြီး ယန်ဖူကွေ့အား..
" လောင်ယန်.. ဒါဆို ဒီကိစ္စကို အတည်မှတ်လိုက်ပြီနော်.. "
" စိတ်ချပါ လောင်ယီ.. ကောင်းကောင်း ဂရုစိုက်လိုက်မယ်.. "
ယန်ဖူကွေ့က ပြုံးရွှင်စွာ ခေါင်းညိတ်ပြလိုက်သည် ။
သူ၏ မျက်နှာထားက စိတ်အခြေအနေ အလွန်ကောင်းနေပုံရ၏ ။
ထို့နောက် ယီကျုံးဟိုင် ထွက်ခွာသွားသည် ။
ယန်ကျီဝမ်က သူ၏ ပစ္စည်းများကို သိမ်းဆည်းလိုက်ပြီး စားပွဲဆီသို့ လျှောက်လာကာ ထိုင်ချလိုက်သည် ။ ထို့နောက် စီးကရက်တစ်လိပ်ကို ထုတ်၍ ယန်ဖူကွေ့အား ကမ်းပေးလိုက်ပြီး သူ့အတွက်ပါ တစ်လိပ် မီးညှိလိုက်သည် ။
" အဖေ.. အဲ့သောက်အဘိုးကြီးက ဘာကိစ္စ လာတာလဲ.. "
( ခေတ်သစ် ဘန်းစကားနဲ့ ဆဲလိုက်၍ ယန်ဖူကွေ့ နားမလည်.. )
' သောက်အဘိုးကြီး... '
ယန်ဖူကွေ့ လန့်သွားပြီး ထိုအသုံးအနှုန်းကို နားမလည်သော်လည်း ကောင်းမွန်သည့် အဓိပ္ပာယ် မဆောင်မှန်းတော့ သိလိုက်သည် ။ ကံကောင်းထောက်မစွာဖြင့် သူက အဖေဖြစ်နေသောကြောင့် သူ့ကို ထိုသို့ ခေါ်ရဲမည် မဟုတ်ပေ ။
ထို့ကြောင့် ယန်ဖူကွေ့က ယီကျုံးဟိုင် အစောပိုင်းက သူ့ထံ လာရောက်ခဲ့သည့် အကြောင်းအရာများကို ယန်ကျီဝမ်အား ပြန်လည်ပြောပြလိုက်သည် ။
သူ ပြောပြီးသွားသောအခါ ဂုဏ်ယူဝင့်ကြွားစွာဖြင့်..
" ဘယ်လိုလဲ.. ဒါက အသေးအဖွဲ ကိစ္စလေးပါကွာ.. မင်းအဖေ ငါကတော့ ဘာမှ သိပ်မလုပ်လိုက်ရဘဲ ငါးယွမ်တောင် ရလိုက်တယ်.. "
သူ၏ မာနထောင်လွှားနေသော အမူအရာက ယန်ကျီဝမ်ထံမှ ချီးကျူးစကားကို စောင့်မျှော်နေသကဲ့သို့ ပုံပေါ်နေ၏ ။
သို့သော် ယန်ကျီဝမ်၏ မျက်ခုံးများကမူ တွန့်ကွေးသွားသည် ။
ယီကျုံးဟိုင်သည် ခြံဝင်းတစ်ခုလုံး ပါဝင်မည့် အစည်းအဝေးတစ်ခု ခေါ်ယူရန်အတွက် ယန်ဖူကွေ့ထံသို့ လာရောက်ခဲ့ခြင်း ဖြစ်ကြောင်း သူ သိလိုက်ရသည် ။
ထိုခြံဝင်းအစည်းအဝေး၏ အဓိက အကြောင်းအရာမှာ ကျားမိသားစုကို ကူညီထောက်ပံ့ရန်ပင် ဖြစ်၏ ။
မနေ့ညက ကျားဒုံရွှီသည် ဆင်းရဲမွဲတေနေမှုအကြောင်း ညည်းတွားရန် ယီကျုံးဟိုင်ထံ သွားခဲ့ပြီး ငွေနှင့် ကောက်ပဲသီးနှံများ ချေးရန် တောင်းဆိုခဲ့သည် ။
ယီကျုံးဟိုင်က ချေးပေးခဲ့သော်လည်း ကျားမိသားစုမှာ အောက်ခြေမရှိသော တွင်းနက်ကြီးတစ်ခုကဲ့သို့ ဖြစ်နေကြောင်း သူ တွေးမိသွားသည် ။ ဤအတိုင်းသာ ဆက်သွားနေလျှင် အဆင်ပြေမည် မဟုတ် ။ သူ့တစ်ယောက်တည်းကိုသာ ဆက်၍ အမြတ်ထုတ် ခေါင်းပုံဖြတ်နေ၍ မရနိုင်ပေ ။
ထို့ကြောင့် ဖြေရှင်းချက်တစ်ခုကို သူ စဉ်းစားမိသွားသည် ။ ထိုအရာမှာ ခြံဝင်းထဲရှိ လူအားလုံးကို ကျားမိသားစုအား ဝိုင်းဝန်းကူညီစေရန်ပင်။
သို့သော် ထိုသို့ ကူညီရန်အတွက် တစ်စုံတစ်ယောက်က ဦးဆောင်ဦးရွက် ပြုလုပ်ပေးရမည်။
သူက ကျားဒုံရွှီ၏ ဆရာဖြစ်နေသောကြောင့် သူကိုယ်တိုင် ဦးဆောင်ရန်မှာ သဘာဝမကျချေ ။ ထို့ကြောင့် သူက စံပြအဖြစ် ရှေ့ထွက်ပေးမည့် တစ်စုံတစ်ယောက်ကို ရှာဖွေချင်ခဲ့သည် ။
ယန်ဖူကွေ့၏ စရိုက်ကို ယီကျုံးဟိုင် ကောင်းကောင်း သိထားသဖြင့် သူချက်ချင်းပင် ယန်ဖူကွေ့ကို သတိရသွား၏။ အကျိုးအမြတ်တစ်ခုခု ရနေသရွေ့ ယန်ဖူကွေ့က သဘောတူမည်မှာ အသေအချာပင် ။
အရာအားလုံးမှာ သူ မျှော်လင့်ထားသည့်အတိုင်းပင် ဖြစ်လာခဲ့၏ ။ သူက ယန်ဖူကွေ့ကို အကျိုးအကြောင်း ပြောပြပြီး အကျိုးအမြတ်အချို့ ပေးမည်ဟု ကတိပေးလိုက်သည်နှင့် ယန်ဖူကွေ့က နှစ်ခါမစဉ်းစားဘဲ ချက်ချင်း သဘောတူလိုက်သည် ။
ယန်ကျီဝမ် ချက်ချင်းပင် သဘောပေါက်သွား၏ ။
' ဒါက လာဘ်ထိုးပြီး အသုံးချခံလိုက်ရတာ သက်သက်ပဲလေ.. '