အခန်း ၁၁၅
Vol. 11 Ch. 115
Chapter 115
~
အခန်း ၁၁၅ : ဒီငွေကို လက်ခံလို့ မရဘူး ...
~
" အဖေ.. အဖေက အောင်ပွဲခံစောလွန်းနေပြီ.. "
ယန်ကျီဝမ်က လေးနက်စွာဖြင့်..
" သားတို့ ဒီငွေကို လက်မခံသင့်ဘူးလို့ ထင်တယ်.. "
ယန်ဖူကွေ့ အံ့အားသင့်သွားပြီး ရှုပ်ထွေးဟန်ဖြင့်..
" ဘာလို့ မဖြစ်ရမှာလဲ.. "
' ငါ ဟန်ဆောင်ပြီး ပူးပေါင်းပေးဖို့ပဲ လိုတာလေ ... ကိုယ့်ပိုက်ဆံကိုယ် ထုတ်သုံးစရာလည်း မလိုဘဲ ပွဲထွက်ခအဖြစ် ယွမ် ၅ တောင် ရဦးမှာ .. ငါ ဘယ်လိုပဲ တွက်တွက် အမြတ်ရနေတာ မဟုတ်ဘူးလား ..'
" ဒါဆို သားရဲ့ သုံးသပ်ချက်ကို နားထောင်ကြည့်မလား.. "
ယန်ဖူကွေ့က ခေါင်းညိတ်လိုက်ပြီး..
" ဆက်ပြောစမ်းပါဦး.. "
ယန်ကျီဝမ်က..
" အဲဒီ လူယုတ်မာ ယီကျုံးဟိုင်က ကျားမိသားစုကို ကူညီဖို့ ရန်ပုံငွေ ရှာဖွေပွဲတစ်ခု စီစဉ်ချင်ပေမယ့် ရန်ပုံငွေရှာဖို့က လမ်းကော်မတီဆီမှာ လျှောက်လွှာတင်ရမယ်ဆိုတာကို အဖေ မသိဘူးလား.. လမ်းကော်မတီက ခွင့်ပြုချက်ရမှသာ ဒီလိုပွဲမျိုးကို ကျင်းပခွင့် ရှိတာ.. "
" ငါသိပါတယ်.. "
ယန်ဖူကွေ့က ဆက်၍..
" ဒါပေမယ့် ယီကျုံးဟိုင်က ကောက်ပဲသီးနှံတွေ လှူဒါန်းဖို့လည်း ပြောတယ်လေ.. ဒါကြောင့် ရန်ပုံငွေရှာဖွေရေးအဖြစ် သတ်မှတ်လို့ မရဘူး မလား.. "
တစ်စုံတစ်ယောက် အခက်အခဲ ကြုံတွေ့ရချိန်တွင် အိမ်နီးချင်းများအတွက် ကောက်ပဲသီးနှံများ လှူဒါန်းခြင်းက ပြဿနာ မဖြစ်သင့်ပေ ။
ယန်ကျီဝမ်က ခေါင်းခါပြလိုက်ပြီး ရှင်းပြသည် ။
" ကောက်ပဲသီးနှံတွေ လှူဒါန်းတာက ပြဿနာ မရှိပါဘူး.. ဒါပေမယ့် ဘယ်မိသားစုမှာ ကောက်ပဲသီးနှံတွေ ပိုနေတယ်လို့ အဖေ ထင်နေတာလဲ.. ဪ.. သားတို့ မိသားစုကလွဲရင်ပေါ့.. "
ယန်ဖူကွေ့၏ မျက်နှာထား အနည်းငယ် ပြောင်းလဲသွား၏ ။
ယန်ကျီဝမ်က ဆက်၍..
" လှူဒါန်းစရာ ကောက်ပဲသီးနှံ မရှိရင် ငွေပဲဖြစ်လိမ့်မယ်.. ယီကျုံးဟိုင်က ဘာလို့ အဖေ့ကို ငွေကြိုပေးတယ်လို့ ထင်လဲ.. "
ယန်ဖူကွေ့ နောက်ဆုံးတော့ သဘောပေါက်သွားလေပြီ ။
ဒီကောက်ပဲသီးနှံ လှူဒါန်းသည့် အစည်းအဝေးမှာ ငွေကြေးလှူဒါန်းသည့် အစည်းအဝေးအဖြစ်သို့ ပြောင်းလဲသွားမည်ကို သိရှိပြီး ယီကျုံးဟိုင် ကိုယ်တိုင်လည်း ဤအချက်ကို ကြိုတင်စဉ်းစားမိခဲ့ကြောင်း ပေါ်လွင်နေ၏ ။ အဲဒါကြောင့် သူက ယန်ဖူကွေ့ကို ခေါင်းဆောင်အဖြစ် ရှေ့ထွက်ခိုင်းပြီး ငွေကြိုပေးခဲ့ခြင်း ဖြစ်သည် ။
ကောက်ပဲသီးနှံ လှူဒါန်းခြင်းက ပြဿနာမရှိပေ ။ ၎င်းကို အိမ်နီးချင်းကောင်း စိတ်ဓာတ်ဟု ခေါ်ဆိုနိုင်သည် ။
သို့သော် ငွေကြေးလှူဒါန်းခြင်းကမူ ရန်ပုံငွေရှာဖွေမှုတစ်ခု ဖြစ်သွားပြီး ဆက်လက်လုပ်ဆောင်ရန်အတွက် လမ်းကော်မတီ၏ ခွင့်ပြုချက် လိုအပ်သည် ။ မဟုတ်ပါက တရားမဝင် ဖြစ်သွားမည် ။
ဖခင်ဖြစ်သူ နားလည်သွားသည်ကို မြင်တော့ ယန်ကျီဝမ်က..
" အဲဒါကြောင့် အဖေ အောင်ပွဲခံတာ စောလွန်းနေတယ်လို့ သား ပြောတာပေါ့.. "
" ပထမဦးလေးက ရန်ပုံငွေရှာဖို့ ဘယ်တုန်းက အခွင့်အာဏာ ရှိခဲ့ဖူးလို့လဲ.. ဘာပဲဖြစ်ဖြစ် သားတော့ တစ်ခါမှ မကြားဖူးဘူး.. "
" ဒုတိယသား.. ဒါဆို အဖေတို့ ဒီပိုက်ဆံကို ပြန်ပေးရမှာလား.. "
ယန်ဖူကွေ့ အနည်းငယ် နှမြောသွားသည် ။
၅ ယွမ်ဆိုသည်မှာ နည်းသော ငွေပမာဏ မဟုတ် ။ လူတစ်ယောက်အတွက် တစ်လစာ စားသုံးရန် လုံလောက်၏ ။
'အို.. မဟုတ်သေးဘူး.. အခုတော့ နည်းနည်း လျော့သွားလောက်ပြီ .. ဘာပဲဖြစ်ဖြစ် ကောက်ပဲသီးနှံ ဈေးတွေက တက်လာပြီကိုး ..'
" အဖေ ပြန်မပေးဘဲ နေလို့လည်း ရပါတယ်.. ဘာပဲဖြစ်ဖြစ် သားတို့ ခြံဝင်းထဲမှာ ယီကျုံးဟိုင်က အမြဲတမ်း အာဏာအရှိဆုံးကို.. သူ့ကို ဒေသခံ ဧကရာဇ်လို့ ခေါ်ရင်တောင် ချဲ့ကားပြောတာ မဟုတ်ဘူး.. လမ်းကော်မတီဆီကို သတင်းမရောက်သရွေ့တော့ ပြဿနာရှိမှာ မဟုတ်ဘူး.. "
ယန်ကျီဝမ်က ရယ်ကျဲကျဲဖြင့် ပြောလိုက်သည် ။
သူ့၏ ကပ်စေးနဲလွန်းသော ဖခင်အိုကြီးမှာ ယခင်အကျင့်ဟောင်းများ ပြန်ပေါ်လာပြန်ပြီ ။
အခုချိန်မှာ အိမ်ရဲ့ စားဝတ်နေရေး အခြေအနေက မဆိုးတော့ပေ ။ စနေ၊ တနင်္ဂနွေမှာ တစ်ရက်ငါးဖမ်းရုံဖြင့် ဤငွေပမာဏထက်ပင် ပို၍ ရှာနိုင်နေပြီ ။ မည်သို့ကြောင့်များ ဒီ ၅ ယွမ်လေးကို လောဘကြီးနေရသနည်း ။
ထို့အပြင် ဤသည်က ပူနေသော ငွေကြေးမျိုး ဖြစ်သည် ။
" အင်း.. ဒါဆို အဖေ ပြန်ပေးလိုက်မယ်.. "
ယန်ဖူကွေ့၏ မျက်နှာ တောင့်တင်းသွားပြီး ရှက်ရွံ့စွာ ပြုံးလိုက်သည် ။
ယန်ကျီဝမ်က သတင်းမထွက်လျှင် ပြဿနာမရှိသော်လည်း သတင်းထွက်သွားပါက မည်သို့လုပ်မည်လဲဟု သတိပေးခဲ့သည် ။
တစ်စုံတစ်ယောက်ကသာ လမ်းကော်မတီထံ တိုင်ကြားလိုက်ပါက ယီကျုံးဟိုင်သည် အဓိက တာဝန်ရှိသူ ဖြစ်သွားမည်ဖြစ်ပြီး သူသည်လည်း ကြံရာပါတစ်ဦးအဖြစ် ပြစ်ဒဏ်ခံရနိုင်ပေသည် ။
၅ ယွမ်လေးနှင့်တော့ မတန်။
" ဒါမှ မှန်တာပေါ့.. "
ယန်ကျီဝမ်က ပြုံးလိုက်ပြီး..
" ယီကျုံးဟိုင်က ကျားဒုံရွှီရဲ့ ဆရာပဲလေ.. သူ အိုမင်းလာချိန်မှာ သူ့ကို ထောက်ပံ့ပေးမယ့်သူတစ်ယောက် လိုချင်နေတာ.. စိတ်ခံစားမှုအရရော ယုတ္တိအရပါ သူကိုယ်တိုင် ကူညီသင့်တာ.. ဒါပေမယ့် သူက နှမြောတွန့်တိုနေတာကြောင့် ကျားမိသားစုအတွက် ရန်ပုံငွေရှာဖို့ ခြံဝင်းထဲက လူတိုင်းကို ဆွဲခေါ်ချင်နေတာ.. "
" ဒါပေမယ့် ကျားမိသားစုရဲ့ ပြဿနာက အတိုင်းအတာတစ်ခုအထိ ချိန်ညှိမှု မလုပ်နိုင်ရင် ဒါမှမဟုတ် သူတို့မိသားစုက မြို့ပြအိမ်ထောင်စုမှတ်ပုံတင် ထပ်မရနိုင်သရွေ့ ဘယ်တော့မှ ဖြည့်ဆည်းလို့ရမှာ မဟုတ်တဲ့ အဆုံးမရှိတဲ့ တွင်းနက်ကြီးတစ်ခုပဲ.. "
" ဒီတစ်ခါပြီးရင်လည်း နောက်တစ်ခါ လာဦးမှာပဲ.. ဒါပေမယ့် နောက်ဆုံးမှာတော့ ကျားမိသားစုနဲ့ ယီကျုံးဟိုင်ပဲ အကျိုးခံစားရလိမ့်မယ်.. သားတို့က ဘာရမှာလဲ.. "
" အကယ်၍ လမ်းကော်မတီကများ သိသွားရင်ကော.. အဖေလည်း အကျိုးဆက်တွေကို ခံစားရလိမ့်မယ်.. ဘာလို့ အလကားနေရင်း ဒုက္ခခံမှာလဲ.. "
" မှန်တယ်.. "
ယန်ဖူကွေ့က ခေါင်းညိတ်လိုက်ပြီး ရှုပ်ထွေးသွားကာ..
" ကျားမိသားစု အကျိုးခံစားရမယ်ဆိုတာကိုတော့ အဖေ နားလည်ပါတယ်.. ဒါပေမယ့် ယီကျုံးဟိုင်က ဘာရလိုက်မှာမို့လို့လဲ.. "
ယန်ကျီဝမ်က ပြုံးလိုက်ပြီး..
" ဒါက သူ နာမည်ကောင်း ဂုဏ်သတင်း ရမှာပေါ့.. အိမ်နီးချင်းတစ်ယောက် ဒုက္ခရောက်နေချိန်မှာ သူက ကူညီဖို့ လူတွေကို စုစည်းပေးပြီး ရှေ့ထွက်လာတယ်.. အဲဒါက အိမ်နီးချင်းတွေကြားက စည်းလုံးညီညွတ်မှုကို ပြတာ မဟုတ်ဘူးလား.. "
ထိုစကားကို ကြားသောအခါ ယန်ဖူကွေ့က လက်ခုပ်တီးလိုက်ပြီး..
" ယီကျုံးဟိုင်.. အဲ့သောက်အဘိုးကြီးက သောက်ရမ်း တွက်ချက်တတ်တာပဲ.. ဒီနည်းနဲ့ သူက ကျားမိသားစုရဲ့ အခက်အခဲတွေကို ဖြေရှင်းပေးရုံသာမက နာမည်ကောင်းပါ ရသွားဦးမယ်.. သူ တကယ်ကို.. ချီးးး.. အခုချက်ချင်း သွားပြီး ပိုက်ဆံပြန်ပေးမယ်.. ငါ ဒီလိုအသုံးချမခံနိုင်ဘူး.. "
ထိုသို့ပြောရင်း သူ တံခါးအပြင်သို့ အမြန်ပြေးထွက်သွား၏ ။
ယန်ကျီဝမ် အံ့အားသင့်သွားသည် ။
' ဒီအဘိုးကြီး အတော်လေး မြန်မြန် သင်ယူတတ်တာပဲ.. ပြီးတော့ လက်တွေ့မှာလည်း ချက်ချင်း အသုံးချနေပြီ ..'
...
ယီမိသားစု ...
" လောင်ယန်.. ဒါက ဘာလဲ.. "
ယီကျုံးဟိုင်က ယန်ဖူကွေ့ကို ကြည့်ပြီး မျက်မှောင်ကြုတ်ကာ မေးလိုက်သည် ။
' ညစာစားပြီးရင် ခြံဝင်းထဲမှာ အစည်းအဝေးလုပ်ဖို့ သဘောတူထားပြီးပြီ မဟုတ်ဘူးလား.. ဒီအဘိုးကြီး အခု ပြန်ရောက်လာတာ ငါပေးတာ နည်းလွန်းတယ် ထင်လို့လား.. သူ နည်းနည်းတော့ လောဘကြီးလွန်းတယ်.. '
သို့သော် အံ့အားသင့်စရာကောင်းသည်မှာ ယန်ဖူကွေ့က သူ၏ အိတ်ကပ်ထဲမှ ၅ ယွမ်တန် ငွေစက္ကူကို ထုတ်ယူကာ သူ့အား ပြန်ပေးလိုက်ခြင်းပင် ။
" ယီကျုံးဟိုင်.. ဒီမှာ ခင်ဗျားရဲ့ပိုက်ဆံ.. ပြန်ယူထားလိုက်.. ကျုပ်တို့ အစောပိုင်းက ပြောခဲ့တာတွေကို မေ့လိုက်ရအောင်.. "
" အမ်.. "
ယီကျုံးဟိုင်က သူ၏ လက်ထဲမှ ပိုက်ဆံကို မှင်သက်စွာ စိုက်ကြည့်နေမိသည် ။
' ကပ်စေးနဲအဘိုးကြီးယန်က သူ့အကျင့်တွေ ပြောင်းလဲသွားပြီလား.. သူ အကျိုးအမြတ်ရမယ့် ကိစ္စကို လက်လွှတ်ခံလိုက်တယ်ပေါ့.. '
သူက မကျေမနပ်ဖြင့်..
" လောင်ယန်.. သဘောတူပြီးသားပဲ မဟုတ်လား.. ဘာမှလုပ်စရာ မလိုပါဘူး.. ခေါင်းဆောင်တစ်ယောက်အနေနဲ့ပဲ ရှေ့ထွက်ပေးဖို့ပါ.. "
" မဟုတ်ဘူး.. မဟုတ်ဘူး.. ငါ ဒါကို မလုပ်နိုင်ဘူး.. မင်း လျှိုဟိုင်ကျုံးကိုသာ သွားရှာလိုက်တော့.. "
ထို့နောက် ယန်ဖူကွေ့က ယီကျုံးဟိုင်အား ထပ်မံစကားပြောခွင့် မပေးတော့ဘဲ လှည့်ထွက်သွားလေသည် ။
' နောက်နေတာလား.. ကောင်းတဲ့ နာမည်တွေကျတော့ ယီကျုံးဟိုင်ဆီပဲ ရောက်သွားပြီး ငါက ဘာရလိုက်မှာလဲ.. '
' အရာအားလုံး မှားယွင်းသွားရင် ငါလည်း အဲဒီ ၅ ယွမ်အတွက်နဲ့ အကျိုးဆက်တွေကို ခံစားရမှာပေါ့.. '
' ငါ ယန်ဖူကွေ့က ၅ ယွမ် မရှိတဲ့သူတစ်ယောက်နဲ့ တူနေလို့လား.. '
' ငါ တစ်ပတ်အတွင်း ရတဲ့ ဝင်ငွေက တခြားသူတစ်ယောက်ရဲ့ တစ်လဝင်ငွေနဲ့ ညီမျှတယ်ဆိုတာ သူ မသိဘူးလား.. '
" ဟမ့်... "
ယန်ဖူကွေ့ ထွက်သွားသည်ကို ကြည့်ရင်း ယီကျုံးဟိုင်၏ မျက်နှာက မည်းမှောင်သွား၏ ။
ဒီကိစ္စကို ယန်ကျီဝမ်က ဝင်ပြီး အကြံပေးလိုက်တာ ဖြစ်ရမည်ဟု သူ ခံစားမိသည် ။
ယခုဆိုလျှင် ယန်ဖူကွေ့၌ ကိစ္စတစ်ခုခု ရှိတိုင်း ယန်ကျီဝမ်နှင့် အရင်ဆွေးနွေးလေ့ရှိသည် ။
သူ၏ တွက်ချက်မှုများကို ယန်ကျီဝမ်က ကြိုမြင်ပြီးသား ဖြစ်ရမည်မို့ ယန်ဖူကွေ့အား နောက်ဆုတ်ရန် ပြောလိုက်ခြင်း ဖြစ်ရမည် ။
မဟုတ်လျှင် ယန်ဖူကွေ့၏ ကပ်စေးနဲသော သဘာဝအရ သူ့အတွက် အကျိုးအမြတ်ရှိမည့် အပေးအယူတစ်ခုကို အခွင့်ကောင်းမယူဘဲ နေနိုင်မည် မဟုတ်ချေ ။
' ဟိုကောင်က ငါ့ရဲ့ အစီအစဉ်ကောင်းတွေကို တကယ် ဖျက်ဆီးပစ်လိုက်တာပဲ.. '
သို့သော် ယခုအချိန်က ထိုအရာများကို တွေးနေရန် အချိန်မဟုတ်ပေ ။ ယခုတော့ ယန်ဖူကွေ့ ပြောသလိုပင် သူ လျှိုဟိုင်ကျုံးကို သွားရှာရုံသာ ရှိတော့သည် ။
သို့သော်လည်း ထိုအဘိုးကြီး၏ လောဘက ယန်ဖူကွေ့ထက် များစွာ ပို၍ကြီးမားသည် ။ မဟုတ်လျှင် သူ ယန်ဖူကွေ့ထံသို့ ဦးစွာ သွားခဲ့မည် မဟုတ်ပေ ။
ဤတစ်ခါတွင်မတော့ သူ နည်းနည်းပိုပြီး သွေးထွက်ရပေလိမ့်မည်။
ထို့ကြောင့် သူ လှည့်ပြီး ပိုက်ဆံယူရန် အိမ်ထဲသို့ ပြန်ဝင်ပြီးမှ ပြန်ထွက်လာကာ နောက်ဖေးခြံထဲသို့ ထွက်လာခဲ့သည် ။
...
" ဒန်း.. ဒန်း.. ဒန်း. "
( မောင်းပေမဲ့ ဘာနဲ့ ထုမှန်း မသိလို့ ဒန်း ပဲ အသံထွက်လိုက်တော့မယ်.. )
မောင်းသံများ ထွက်ပေါ်လာပြီး ခြံဝင်းတစ်ခုလုံး အစည်းအဝေး ကျင်းပကြောင်း အချက်ပြလိုက်သည် ။
ဤအချိန်တွင် ခြံဝင်းအတွင်းရှိ လူအားလုံး ထမင်းစားပြီးသွားကြပြီ ဖြစ်၏ ။ မောင်းသံကို ကြားသောအခါ သူတို့အားလုံး အလယ်ခြံဝင်းဆီသို့ ထွက်လာကြသည် ။
ခြံဝင်းအတွင်း အစည်းအဝေးတစ်ခု ကျင်းပတိုင်း အိမ်ထောင်စုတစ်ခုစီမှ ကိုယ်စားလှယ်တစ်ဦး မဖြစ်မနေ တက်ရောက်ရလေသည်။
သို့သော် တခြားသူများလည်း လာရောက် နားထောင်နိုင်၏ ။ ထို့ကြောင့် မိနစ်အနည်းငယ်အတွင်းမှာပင် အလယ်ခြံဝင်း၌ လူများနှင့် ပြည့်ကျပ်သွားသည် ။
အလယ်ခြံဝင်း၏ အလယ်ဗဟိုတွင် ရှစ်ယောက်ထိုင် စားပွဲတစ်လုံးကို ချထားသည် ။
အကြီးအကဲ သုံးယောက်က ဘေးချင်းယှဉ်၍ ထိုင်လိုက်ကြ၏ ။
ယန်ကျီဝမ်က ခုံငယ်လေးတစ်လုံးပေါ်တွင် ထိုင်၍ ယန်ကျီတိကို ချီထားပြီး ယန်ကျီခွမ်းက သူ့ဘေးတွင် ရပ်နေသည် ။ ပြောင်းရွှေ့သွားသော ယန်ကျီချန်းမှလွဲ၍ ယန်မိသားစု တစ်ခုလုံး ရောက်လာကြသည် ။
ယန်ကျီဝမ် ပြောင်းရွှေ့လာပြီးနောက်ပိုင်း ခြံဝင်းတစ်ခုလုံး၏ အစည်းအဝေးကို တက်ရောက်ခြင်းမှာ ဤသည်က ပထမဆုံးအကြိမ်လည်း ဖြစ်၏ ။
ယခင်အကြိမ်များက မကြုံခဲ့ဖူးသဖြင့် ယန်ကျီဝမ် အတော်လေး စိတ်ဝင်စားနေသည် ။
" ဒေါက်.. "
" တိတ်တိတ်နေကြ.. "
ဆူညံနေသော လူအုပ်ကြီးကို ကြည့်ရင်း လျှိုဟိုင်ကျုံးက သူ၏ ကြွေခွက်ကို ခေါက်လိုက်သည် ။ အားလုံး တိတ်ဆိတ်သွားပြီးနောက် လျှိုဟိုင်ကျုံးက..
" ဒီနေ့ ခြံဝင်းအစည်းအဝေး ခေါ်ရတဲ့ အကြောင်းရင်းက ကျားမိသားစုရဲ့ အခက်အခဲတွေကို ဖြေရှင်းပေးဖို့ပါ.. "
" ဘာအခက်အခဲတွေ ရှိနေလို့လဲဆိုတော့.. ရိက္ခာတွေ လျှော့ချခံလိုက်ရတယ်ဆိုတာ လူတိုင်း သိပါတယ်.. ကျားမိသားစုမှာ ကျားဒုံရွှီ တစ်ယောက်တည်းပဲ ရိက္ခာရတာဆိုတော့ သူတို့မှာ အစားအစာ မလုံလောက်တော့ဘူးလေ.. "
" အဆင့်မြင့်ခြံဝင်း တစ်ခုရဲ့ အဖွဲ့ဝင်တွေအနေနဲ့ ကျုပ်တို့ရဲ့ အိမ်နီးချင်းတွေ ဒုက္ခရောက်နေချိန်မှာ ဝိုင်းဝန်းကူညီရပါမယ်.. ဒါကြောင့် အခု ကျုပ်တို့ရဲ့ လေးစားရတဲ့ ပထမဦးလေးကို မိန့်ခွန်းပြောကြားပေးဖို့ ဖိတ်ခေါ်ပါတယ်.. "