အခန်း ၁၁၆
Vol. 11 Ch. 116
Chapter 116
~
အခန်း ၁၁၆ : ခြံဝင်း အစည်းအဝေး...
~
ဇာတ်ပွဲ ကြည့်နေသော ယန်ကျီဝမ်က ထိုစကားကို ကြားပြီးနောက် ရယ်လိုက်၏။
' ဖက်တီးလျှို.. ဒီအဘိုးကြီး.. စကားပြောကောင်းလိုက်တာ ..ဒီလိုစကားတွေ ပြောထွက်လာအောင် ယီကျုံးဟိုင် ဘယ်လောက် ဖို့ထားရလဲ မသိဘူး ..'
လျှိုဟိုင်ကျုံး၏ စကားကို ကြားပြီးနောက် အိမ်နီးချင်းများ စိတ်ပျက်လက်ပျက်ဖြင့် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည် ။
ကျားမိသားစု အခက်အခဲ ကြုံတွေ့နေရသည်ကို သူတို့ အားလုံး သိကြသည် ။ မဟုတ်လျှင် ကျားကျန်းရှီနှင့် ပန့်ကန့်တို့ ဤမျှဝဖြိုးပြီး ဝတုတ်နေမည် မဟုတ် ။ အဟွတ် ..အဟွတ်..မဟုတ်သေးဘူး ။ မဟုတ်လျှင် ကျားဒုံရွှီက ဗိုက်ဆာ၍ ဤမျှလောက် ပိန်ချုံးပြီး ဖြူဖျော့နေမည် မဟုတ်ပေ ။
လျှိုဟိုင်ကျုံး၏ ဆိုလိုရင်းကိုလည်း သူတို့ နားလည်ကြသည် ။ ကျားမိသားစုတွင် စားနပ်ရိက္ခာ မလုံလောက်သည့်အတွက် ဤသည်က ကောက်ပဲသီးနှံများ လှူဒါန်းရန် အစပျိုးလိုက်ခြင်းပင်။
အရင်တုန်းကဆိုလျှင် ကောက်ပဲသီးနှံ အနည်းငယ် လှူဒါန်းရသည်က ဘာမှမဟုတ်ပေ ။ အပြန်အလှန် ကူညီမှုတစ်ခုသာ ဖြစ်သည် ။ သို့သော် ယခု ရိက္ခာခွဲတမ်းများ လျှော့ချလိုက်ပြီဖြစ်ရာ အိမ်ထောင်စုတိုင်းအတွက် စားစရာက ။ ပိုလျှံနေသော ကောက်ပဲသီးနှံများကို ဘယ်ကရှာပြီး ဝေငှပေးရမည်နည်း ။ ကိုယ့်မိသားစု ကိုယ် ဝမ်းဝအောင် ကျွေးနိုင်လျှင်ပင် လုံလောက်နေပြီ ဖြစ်သည် ။
" တိတ်တိတ်နေကြ.. "
လူအုပ်ကြီး ဆူညံသွားသည်ကို မြင်လျှင် ယီကျုံးဟိုင် ထရပ်လိုက်ပြီး လက်မြှောက်ကာ တိတ်တိတ်နေရန် အချက်ပြလိုက်သည် ။ အားလုံး တိတ်ဆိတ်သွားပြီးနောက် ယီကျုံးဟိုင်က..
" အိမ်ထောင်စုတိုင်း အခက်အခဲ ကြုံတွေ့နေရတယ်ဆိုတာ ကျုပ် သိပါတယ်.. ဒါပေမယ့် နည်းနည်းပါးပါးလေး စုပေါင်းပြီး ကူညီလိုက်တာက ပြဿနာ မရှိပါဘူး.. "
" ဆိုရိုးစကားရှိတဲ့အတိုင်းပါပဲ.. ဝေးလံတဲ့ ဆွေမျိုးတွေက အနီးနားက အိမ်နီးချင်းတွေလောက် အားကိုးလို့ မရပါဘူး.. တစ်ယောက်ယောက် ဒုက္ခရောက်နေချိန်မှာ အားလုံးက ဝိုင်းဝန်းကူညီကြရမှာပဲ.. အခက်အခဲဆိုတာ ဘယ်မိသားစုမှာမဆို ကြုံလာနိုင်တာပဲလေ.. ဒီနေ့ ကိုယ်က သူတစ်ပါးကို ကူညီရင် မနက်ဖြန်ကျ သူတစ်ပါးက ကိုယ့်ကို ပြန်ကူညီလိမ့်မယ်.. ဘဝဆိုတာ ဒီလိုပဲ သွားရတာ.. ကျုပ်ပြောတာကို အားလုံး သဘောတူကြရဲ့လား.. "
ယန်ကျီဝမ် တိတ်တဆိတ် ခေါင်းညိတ်လိုက်သည် ။ ယီကျုံးဟိုင်၏ စကားပြောစွမ်းရည်က ဖက်တီးလျှိုထက် အများကြီး သာလွန်သည်ဟု ဆိုရပေမည် ။ ဤကဲ့သို့ စကားမျိုးကို ကြားပြီးနောက် မည်သူကများ မကူညီဘဲ နေရဲမည်နည်း ။ ကိုယ့်မိသားစုကရော ဘယ်တော့မှ အခက်အခဲ မကြုံရဟု သေချာပေါက် ပြောနိုင်မည်လော ။
ခြိမ်းခြောက်မှု အရိပ်အယောင် အနည်းငယ် ပါနေသော်လည်း သူ့စကားများက ကြမ်းတမ်းမှု မရှိဘဲ ကျိုးကြောင်းဆီလျော်မှု ရှိနေသည် ။
" ပထမဦးလေး.. ကျွန်တော်တို့ မကူညီချင်လို့ မဟုတ်ပါဘူး.. ဒါပေမယ့် ကျွန်တော်တို့ မိသားစုမှာတောင် အခုချိန် စားစရာက မလောက်ဘူး.. တခြားသူတွေကို ကူညီဖို့အတွက်နဲ့တော့ ကိုယ့်မိသားစုကို ငတ်အောင်လုပ်လို့ မဖြစ်ဘူး မလား... "
လူတစ်ယောက်က ထပြောလိုက်သည် ။
" ဟုတ်ပါတယ်.. လက်ရှိ ရိက္ခာနဲ့က ကိုယ့်မိသားစု စားဖို့ပဲ လောက်တာပါ.. ကျားမိသားစုကို ကူညီဖို့ ကောက်ပဲသီးနှံတွေကို ဘယ်ကသွားရှာရမှာလဲ.. "
နောက်တစ်ယောက်ကပါ ထောက်ခံလိုက်သည် ။
" ကြင်နာမှုမရှိတဲ့ လူယုတ်မာတွေ.. နင်တို့က ငါတို့လို မိဘမဲ့ကလေးတွေနဲ့ မုဆိုးမတွေ ငတ်သေသွားတာကို ထိုင်ကြည့်နေချင်ကြတာလား.. "
ထိုအချိန်တွင် ကျားကျန်းရှီက ခုန်ထွက်လာပြီး လူတိုင်းကို ကျိန်ဆဲလိုက်၏ ။ အကြောင်းစုံ မသိသူဆိုလျှင် လူတိုင်းက သူတို့မိသားစုကို အကြွေးတင်နေသည်ဟုပင် ထင်မှတ်သွားနိုင်သည် ။ ထိုစကားကို ကြားသောအခါ လူတိုင်း၏ မျက်နှာများက ရှုံ့မဲ့ သွားကြ၏ ။
'ဘာမှတောင် မစရသေးဘူး.. ဒီအဘွားကြီးက ကျိန်ဆဲနေပြီ ..'
သူတို့မိသားစုက အနာဂတ်တွင် တခြားသူတွေကို ပြန်ကူညီလိမ့်မည်ဟု မျှော်လင့်ရမည်လော။ သူတို့ ဒုက္ခရောက်နေချိန်မှာ ဤအဘွားကြီးက ဝါးလုံးဖြင့် ထိုးမချရင်ပဲ ကံကောင်းလှပြီ ဖြစ်သည် ။ ဤသည်က ခြံဝင်းထဲရှိ အိမ်နီးချင်းများ၏ တွေးထင်ချက်ပင်။ တခြားမိသားစုသာဆိုလျှင် သူတို့ ကူညီရန် ဆန္ဒရှိနိုင်သော်လည်း ကျားမိသားစုအတွက်တော့ မလုပ်ပေးချင်ကြပေ ။
သူတို့က ကျေးဇူးကန်းပြီး ယုတ်မာသော မိသားစုဖြစ်သည် ။ အထူးသဖြင့် ကျားကျန်းရှီ ။ သူမကို ကူညီခဲ့လျှင်တောင် ကျေးဇူးတရားကို မှတ်မိနေမည် မဟုတ်ပေ ။ သို့သော် သင်ကသာ သူမကို စိတ်အနှောင့်အယှက် ဖြစ်စေခဲ့လျှင်တော့ တစ်သက်လုံး မှတ်ထားမည်မှာ သေချာပေါက်ပင် ။
လူတိုင်း၏ မျက်နှာအမူအရာများ ပျက်ယွင်းသွားသည်ကို ယီကျုံးဟိုင် မြင်သောအခါ ကျားဒုံရွှီကို အမြန် မျက်ရိပ်ပြလိုက်သည် ။ ကျားဒုံရွှီက နားလည်သွားပြီး ကျားကျန်းရှီကို အမြန် ဆွဲခေါ်သွား၏ ။ ကျားကျန်းရှီ ပြဿနာရှာမည်ကို စိုးရိမ်သဖြင့် အစကတည်းက သူ့အမေကို ထွက်မလာစေချင်ခဲ့ပေ ။ သို့သော် သူမက အတင်း လိုက်လာမည်ဟု ပြောခဲ့သဖြင့် ကျားဒုံရွှီမှာလည်း ရွေးချယ်စရာ မရှိခဲ့ ။
" လူတိုင်းရဲ့ အခက်အခဲတွေကို ကျုပ် နားလည်ပါတယ်.. ကောက်ပဲသီးနှံ မပိုရင်လည်း အရေးမကြီးဘူး.. အစားအစာ ဝယ်ဖို့အတွက် ငွေလှူဒါန်းတာကလည်း အတူတူပါပဲ.. ဘာပဲဖြစ်ဖြစ် ကျားမိသားစု ငတ်သေသွားတာကိုတော့ ကျုပ်တို့ ထိုင်ကြည့်နေလို့ မရဘူး မလား.. လူကြီးတွေ နည်းနည်းပါးပါး ငတ်တာက ပြဿနာ မရှိပေမယ့် ကလေးတွေကိုတော့ ငတ်အောင် ထားလို့ မဖြစ်ဘူးလေ.. "
ယီကျုံးဟိုင်က ဖြောင့်မတ် မှန်ကန်သော လေသံဖြင့် ပြောလိုက်သည် ။
ချင်ဟွိုင်ရူက ထိုအခွင့်အရေးကို ယူကာ အသက်တစ်နှစ်ကျော်အရွယ် ရှောင်ဒန်ကို ပွေ့ချီပြီး ရှေ့သို့ ထွက်လာသည် ။ ထို့နောက် လူတိုင်းကို အကြိမ်ကြိမ် ဦးညွှတ်ကာ..
" အားလုံးကို ကြိုတင်ပြီး ကျေးဇူးတင်ပါတယ်ရှင်.. လူတိုင်းရဲ့ ကြင်နာမှုကို ကျွန်မ အမြဲ မှတ်မိနေမှာပါ..နောင်တစ်ချိန်ကျရင် ကျေးဇူးပြန်ဆပ်ပါ့မယ်.. "
သူမ၏ သနားစရာကောင်းသော အမူအရာကြောင့် ခြံဝင်းထဲမှ အိမ်နီးချင်းများ အတော်လေး ထိမိသွားကြသည် ။ ခြံဝင်းထဲတွင် ချင်ဟွိုင်ရူသည် လိမ္မာရေးခြားရှိသော ချွေးမကောင်းတစ်ယောက်အဖြစ် နာမည်ကြီးသည် ။ သူမက သက်ကြီးရွယ်အိုများကို ရိုသေလေးစားရုံသာမက အလွန်လည်း ကြိုးစားပမ်းစား အလုပ်လုပ်၏ ။ အိမ်ရှိ ပင်ပန်းပြီး ညစ်ပတ်သော အလုပ်မှန်သမျှကို သူမ တစ်ယောက်တည်း လုပ်ကိုင်ရခြင်း ဖြစ်သည် ။ အေးခဲနေသော ဆောင်းရာသီတွင်ပင် ချင်ဟွိုင်ရူကို ခြံဝင်းထဲ၌ အဝတ်လျှော်နေသည်ကို မကြာခဏ မြင်တွေ့နိုင်သည် ။
အခြေအနေ ကောင်းသွားသည်ကို မြင်သောအခါ ယီကျုံးဟိုင်က သူ့အိတ်ကပ်ထဲမှ ကြိုတင်ပြင်ဆင်ထားသော ၁၀ ယွမ်တန် ငွေစက္ကူ နှစ်ရွက်ကို ထုတ်ယူလိုက်ပြီး အသံကျယ်ကျယ်ဖြင့်..
" ဒုံရွှီရဲ့ ဆရာတစ်ယောက်အနေနဲ့ သူ့မိသားစု အခက်အခဲ ကြုံနေရချိန်မှာ ကူညီပေးဖို့ ကျုပ်မှာ တာဝန်ရှိတယ်.. ကျုပ် ယွမ် ၂၀ လှူမယ်.. "
ထို့နောက် စားပွဲပေါ်ရှိ သစ်သားသေတ္တာလေးထဲသို့ ၁၀ ယွမ်တန် ငွေစက္ကူ နှစ်ရွက်ကို ထည့်လိုက်သည် ။ ထိုမြင်ကွင်းကို ကြည့်နေသော ယန်ဖူကွေ့၏ မျက်နှာအမူအရာမှာ ဖတ်ရခက်သွား၏ ။ သူ တွေးလိုက်မိသည် ။
' ငါ ထင်ထားတဲ့အတိုင်းပဲ.. ဒုတိယသားက မှန်မှန်ကန်ကန် ခန့်မှန်းနိုင်ခဲ့တာတော်သေးတယ်.. '
ဤကောက်ပဲသီးနှံ လှူဒါန်းခြင်း အစည်းအဝေးဟု အမည်ခံထားသော ပွဲသည် နောက်ဆုံးတွင် ငွေကြေးလှူဒါန်းသည့် အစည်းအဝေးအဖြစ်သို့ ပြောင်းလဲသွားခဲ့ချေပြီ ။
ဆောင်းရာသီ ဖြစ်နေသော်လည်း သူ၏ ကျောပြင်၌ ချွေးအေးများပင် ပြန်လာ၏ ။ ဒီကိစ္စသာ လမ်းကော်မတီရုံးကို ရောက်သွားပါက အကျိုးဆက်တွေက... တွေးပင် မတွေးရဲတော့ပေ ။
ယီကျုံးဟိုင်က ငွေထည့်ပြီးသွားသော်လည်း လူတိုင်းက တွန့်ဆုတ်နေကြပြီး မည်သူမှ လှုပ်ရှားခြင်း မရှိသေးပေ ။ မည်သို့ပင် ဆိုစေကာမူ ပိုက်ဆံကို အလွယ်တကူ ရှာဖွေနိုင်ခဲ့ခြင်း မဟုတ်ချေ ။ ဤခေတ်ကြီးတွင် တစ်ဖန့် နှစ်ဖန့်သည်ပင် အရေးပါလှ၏ ။ သို့သော် ယီကျုံးဟိုင်က ဤအတွက် ကြိုတင်ပြင်ဆင်ထားခဲ့ပြီး ဖြစ်သည် ။ အခုတော့ ဒုတိယခေါင်းဆောင်က ပါဝင်လာရမည့် အချိန်ပင် ။
သူက လျှိုဟိုင်ကျုံးကို ကြည့်လိုက်သည် ။
လျှိုဟိုင်ကျုံးက နားလည်သွားပြီး မတ်တတ်ရပ်ကာ..
" ခြံဝင်းရဲ့ ဒုတိယဦးလေး တစ်ယောက်အနေနဲ့ အိမ်နီးချင်းတစ်ယောက် အခက်အခဲ ကြုံနေရချိန်မှာ ငါလည်း ကူညီရမှာပေါ့.. ဒါပေမယ့် ငါ့ လစာက ပထမဦးလေးလောက် မများတဲ့အတွက် ၁၀ ယွမ်ပဲ လှူပါမယ်.. "
ထို့နောက် သူက ၁၀ ယွမ်တန် ငွေစက္ကူတစ်ရွက်ကို ထုတ်ယူကာ သစ်သားသေတ္တာထဲသို့ ပစ်ထည့်လိုက်သည် ။
အမှန်တော့ ယီကျုံးဟိုင်က သူ့ကို ယွမ် ၂၀ ပေးထားခဲ့ခြင်း ဖြစ်သည် ။
ယန်ဖူကွေ့၏ မျက်နှာ မည်းမှောင်သွား၏ ။
သူ ထိုအရာကို ချက်ချင်း ရိပ်မိသွားပြီး သူ့ကို အထင်သေးသောကြောင့် ယီကျုံးဟိုင်အား ရင်ထဲမှ ကျိန်ဆဲလိုက်သည် ။
' ဘာလို့ ဖက်တီးလျှိုကိုကျ ဆယ်ယွမ်ပေးပြီး ငါ့ကိုကျ ၅ ယွမ်ပဲ ပေးရတာလဲ ... ငါတို့အားလုံးက စီမံခန့်ခွဲရေး အကြီးအကဲတွေချည်းပဲကို..ဘယ်သူက ဘယ်သူ့ထက် ပိုသာနေလို့လဲ ...ဟမ့်.. '
သူ့စိတ်ထဲတွင် မကျေမနပ် ဖြစ်နေမိသည် ။ သို့သော် ဤအချိန်တွင် ယီကျုံးဟိုင်နှင့် လျှိုဟိုင်ကျုံး နှစ်ယောက်စလုံးက သူ့ကို ကြည့်နေကြ၏ ။ ခြံဝင်း၏ တတိယဦးလေးအနေဖြင့် သူလည်း မလွဲမသွေ ဦးဆောင်ရပေတော့မည်။
ယန်ဖူကွေ့ ခဏတာ တွန့်ဆုတ်သွားပြီး ၅၀ ဖန့်ကို ထုတ်ယူလိုက်ကာ..
" အဟမ်း.. ငါ့ရဲ့ လစဉ်လစာက ယွမ် ၂၀ ကျော်လေးပဲ ရှိတယ်ဆိုတာ လူတိုင်း သိကြပါတယ်.. ပြီးတော့ ငါ့မှာက ကျွေးမွေးစောင့်ရှောက်ရမယ့် မိသားစုကြီးတစ်ခုလုံး ရှိသေးတယ်လေ.. အဲဒါကြောင့် ငါ့ရဲ့ စေတနာကို ပြတဲ့အနေနဲ့ ၅၀ ဖန့်လှူပါ့မယ်.. "
လူအုပ်ထဲမှ ကျားကျန်းရှီသည် ထိုသည်ကို မြင်သောအခါ ချက်ချင်းပင် မကျေမနပ် ဖြစ်သွားသည် ။ သူမက ခုန်ထွက်ပြီး ကျိန်ဆဲရန် ပြင်လိုက်သော်လည်း ကံကောင်းထောက်မစွာပင် ကျားဒုံရွှီက သူမကို တားဆီးလိုက်နိုင်၏ ။ ဤသည်က စေတနာအလျောက် လှူဒါန်းရသည့်ပွဲ ဖြစ်သည် ။ သူမသာ အခုချက်ချင်း ခုန်ထွက်ပြီး ကျိန်ဆဲလိုက်မည်ဆိုလျှင် အတင်းအကျပ် အလှူခံသည့်ပွဲ ဖြစ်သွားလိမ့်မည် ။ ဆူပူမှုတစ်ခုသာ စတင်သွားပါက နောက်ဆုံးတွင် သူတို့ တစ်ပြားတစ်ချပ်မှ ရနိုင်တော့မည် မဟုတ်ချေ ။ ကျားဒုံရွှီ၏ အသိညဏ်က သိပ်မဆိုးပေ။
ယီကျုံးဟိုင် အနည်းငယ် မကျေမနပ်ဖြစ်ကာ မျက်မှောင်ကြုတ်လိုက်သည် ။
' ဒီထက်ပိုပြီး မလှူနိုင်ရင်တောင် ခြံဝင်းရဲ့ စီမံခန့်ခွဲရေးဦးလေး တစ်ယောက်အနေနဲ့ ယန်ဖူကွေ့က အနည်းဆုံး ၁ ယွမ် ၂ ယွမ်လောက်တော့ လှူသင့်တယ်... သူ မျက်နှာအပျက်ခံတော့မှာလား ...ကပ်စေးနဲ အဘိုးကြီးယန်ဆိုတဲ့ နာမည်နှဲ့ တကယ်ကို လိုက်ဖက်လွန်းတယ်..'
သို့သော် မကြာမီမှာပင် တစ်စုံတစ်ယောက်က သူ့ကိုယ်စား ဝင်ပြောလိုက်သည် ။ လျှိုဟိုင်ကျုံးက မကျေမနပ်ဖြင့်..
"လောင်ယန်.. ခင်ဗျားကလည်း ကျုပ်တို့လိုပဲ စီမံခန့်ခွဲရေး အကြီးအကဲတစ်ယောက်လေ.. ခင်ဗျားက ဒီလောက် နည်းနည်းလေးပဲ လှူတာ တကယ်ပဲ ကြည့်ကောင်းရဲ့လား.. "
ယန်ဖူကွေ့က တိတ်တဆိတ် နှုတ်ခမ်းမဲ့လိုက်ပြီး တွေးလိုက်မိသည် ။
' ငါက မင်းတို့လို တခြားသူတွေဆီက အကျိုးအမြတ်တွေ ရထားတာမှ မဟုတ်တာ.. တတ်နိုင်ရင် တစ်ပြားတစ်ချပ်မှကို မလှူချင်ဘူး.. '
သို့သော် သူက အပြင်ပန်းတွင်မူ..
" ဟေ့.. အဘိုးကြီးလျှို.. ခင်ဗျားကလည်း နောက်နေပြန်ပြီ.. ကျုပ်က ခင်ဗျားတို့နဲ့မှ မတူတာ.. ခင်ဗျား တို့ထဲက တစ်ယောက်က အဆင့် ၇ အလုပ်သမား ... နောက်တစ်ယောက်က အဆင့် ၆အလုပ်သမားလေ.. ခင်ဗျားတို့ရဲ့ လစာက ကျုပ်လစာထက် အများကြီး ပိုများတယ်လေ.. ကျုပ်မိသားစုရဲ့ အခြေအနေက ဒီလိုပဲဆိုတော့ ကျုပ်ကို နားလည်ပေးကြပါ.. "
လျှိုဟိုင်ကျုံးက ဆက်ပြောရန် ပြင်လိုက်သော်လည်း ယီကျုံးဟိုင်က ဝင်ဖြတ်ကာ..
" ကောင်းပါပြီ.. ဒါတွေအားလုံးက စေတနာအလျောက် လှူဒါန်းကြတာပါ.. ကိုယ်တတ်နိုင်သလောက် လှူဒါန်းလို့ ရပါတယ်.. "
ထို့နောက် သူ ရှာကျူးကို ကြည့်လိုက်သည် ။ ရှာကျူးက ရယ်ရင်း ရှေ့သို့ ထွက်လာကာ..
" လူတွေ ဒုက္ခရောက်နေတာကို ကျွန်တော်က မကြည့်ရက်တဲ့သူမို့ တတိယဦးလေးထက် နည်းနည်းပိုပြီး လှူပါ့မယ်.. ၁၀ ယွမ် လှူမယ်.. "
ထိုသို့ပြောပြီးနောက် သူ သစ်သားသေတ္တာထဲသို့ ၁၀ ယွမ်တန် ငွေစက္ကူကြီး တစ်ရွက်ကို ပစ်ထည့်လိုက်သည် ။ ယန်ဖူကွေ့၏ မျက်နှာက မည်းမှောင်သွားလေ၏ ။
' ဒီ ရှာကျူးက လူကောင်းတစ်ယောက် မဟုတ်ဘူး ..သူ နည်းနည်းပဲ ပိုလှူမယ်လို့ ပြောပြီး ၁၀ ယွမ်တောင် လှူလိုက်တာပဲ .. သူ တမင်တကာ ငါ့မျက်နှာကို ဖြတ်ရိုက်လိုက်တာ .. ခွေးကောင်လေး .. '