← Chapters

အခန်း ၁၁၇

Vol. 11 Ch. 117

အခန်း ၁၁၇

Vol. 11 Ch. 117

Chapter 117

~

အခန်း ၁၁၇ : မလှူရသေးတဲ့လူ ရှိသေးတယ်...

~

​" ကောင်းတယ် ရှာကျူး.. မင်းက လူကောင်းတစ်ယောက်ပဲ.. "

​ယီကျုံးဟိုင်က ရှာကျူးကို နှစ်ပေါင်းများစွာ ဂရုတစိုက် သင်ကြားပေးခဲ့ရသည်မှာ အလကားမဖြစ်ဟု တွေးကာ ပြုံး၍ ချီးကျူးလိုက်သည် ။ တစ်ခုခုဖြစ်လာသည့်အခါ သူ တကယ်ပင် တက်ကြွစွာ ပါဝင်လာခဲ့၏ ။ ယီကျုံးဟိုင်က ဤအတွက် အရမ်းကို ကျေနပ်နေသည် ။

​သို့သော် လူအုပ်ကြားထဲရှိ ဟဲယွီဆွေကတော့ မပျော်နိုင် ။

​' အစ်ကိုက တစ်လကို ယွမ်သုံးဆယ်ကျော်ပဲ ရတာ.. သူ ပိုက်ဆံကိုလည်း စနစ်တကျ မသုံးတတ်တော့ လက်ထဲမှာ ပိုက်ဆံ သိပ်ကျန်မှာ မဟုတ်ဘူး.. သူသာ အဲ့ဒီငွေတွေ အားလုံး လှူလိုက်ရင် ငါတို့ ရှေ့ဆက် ဘာစားကြမလဲ.. '

​ထိုသို့ တွေးပူနေမိသော်လည်း သူမက သူ့အစ်ကို၏ အရိပ်အောက်တွင် နေထိုင်နေရသူ ဖြစ်သည် ။ သူမ အရမ်းကို မကျေမနပ် ဖြစ်နေသော်လည်း ဘာမှ ဝင်မပြောရဲချေ ။

​သူမ ရှာကျူး၏ အကျင့်ကို နားလည်၏ ။ ရှာကျူးသည် သူ၏ ဂုဏ်သတင်းကို အလွန် ဂရုစိုက်သူ ဖြစ်သည် ။ သူမသာ အခုချိန်တွင် ဝင်တားလိုက်လျှင် သူ သေချာပေါက် ဒေါသထွက်ပေမည် ။

​" ရှာကျူး.. ကျေးဇူးတင်ပါတယ်.. ရှင်က လူကောင်းတစ်ယောက်ပါ.. "

​ချင်ဟွိုင်ရုက ရှာကျူးကို သနားစဖွယ် အကြည့်ဖြင့် ကြည့်ကာ ဦးညွှတ်လိုက်သည် ။

​ရှာကျူးက ရက်ရောဟန်ဖြင့် လက်ကိုဝှေ့ယမ်းလိုက်ပြီး...

​" ရပါတယ်.. ဆယ်ယွမ်တည်းပါ.. အစ်ကိုဒုံရွှီကလည်း အရင်က ငါ့ကို ကူညီပေးခဲ့ဖူးတာပဲ.. "

​" အိုး.. ဆယ်ယွမ်တည်းပါ ဆိုတဲ့ စကားက ဘယ်လောက်တောင် ကြီးကျယ်လိုက်သလဲ.. မသိတဲ့သူတွေက မင်းရဲ့ တစ်လ လစာကို နှစ်ရာ သုံးရာလောက် ရတယ်လို့ ထင်သွားကြဦးမယ်.. "

​ထိုအချိန်၌ လူအုပ်ထဲမှ လှောင်ပြောင် သရော်လိုက်သော အသံတစ်ခု ထွက်ပေါ်လာ၏ ။

​ရှာကျူး လှည့်ကြည့်စရာပင် မလို။ အသံပိုင်ရှင်ကို သူ သိလိုက်သည် ။ သူ့မျက်လုံးများ ခက်ထန်သွားပြီး အေးစက်စက် ပြန်ပြောလိုက်၏ ။

​" ရွှီတာမော့.. မင်း ထပ်ပြီး အထိုးခံချင်နေပြန်ပြီ ထင်တယ်.. "

​" ဘယ်သူ့ကို လာခြောက်နေတာလဲ.. "

​ရွှီတာမော့က နှုတ်ခမ်းတွန့်ကာ...

​" မင်းက တစ်လကို ယွမ်သုံးဆယ်ကျော်ပဲရတဲ့ စားဖိုမှူးတစ်ယောက်.. ဒါပေမဲ့ မင်းက တော်တော် ရက်ရောတာပဲနော်.. မင်းမှာ ကျွေးရမယ့် ညီမတစ်ယောက် ရှိသေးတယ်ဆိုတာကိုရော မေ့သွားပြီလား.. "

​" အော်.. မင်း မေ့သွားလောက်ပြီ ထင်ပါတယ်.. တစ်ယောက် ဗိုက်ပြည့်ရင် တစ်မိသားစုလုံး ငတ်မသေတော့ဘူးလို့ မင်း အမြဲ ကြွားနေတတ်တာပဲ.. "

​ဤသည်မှာ ရွှီတာမော့က လုပ်ကြံပြောဆိုနေခြင်း မဟုတ်ပေ ။ ရှာကျူး ကိုယ်တိုင်က ထိုသို့ ပြောလေ့ရှိပြီး ခြံဝင်းထဲက လူအတော်များများလည်း သိကြသည် ။ ထိုအချက်က မှန်နေသော်လည်း တခြားတစ်ယောက်က အများရှေ့တွင် ကျယ်ကျယ်လောင်လောင် ပြောလာသောအခါ ရှာကျူး အလွန် မကျေမနပ် ဖြစ်သွား၏ ။

​" ရွှီတာမော့.. ခွေးမသား... မင်း သေချင်နေတာလား.. "

​ရှာကျူး၏ မျက်လုံးများ ခက်ထန်သွားပြီး ရှက်ရွံ့မှုကြောင့်ဖြစ်စေ ဒေါသကြောင့်ဖြစ်စေ မျက်နှာတစ်ခုလုံး နီရဲသွားကာ ရွှီတာမော့ထံ ပြေးဝင်သွားသည် ။

​ရွှီတာမော့နှင့် ရှာကျူးတို့သည် ငယ်စဉ်ကတည်းက ရန်ဖြစ်လာခဲ့ကြသူများပီပီ တစ်ယောက်အကြောင်း တစ်ယောက် ကောင်းစွာ သိကြ၏ ။ ထို့ကြောင့် ရွှီတာမော့က အစောပိုင်းကတည်းက ယန်ကျီဝမ်၏ နောက်ကျောတွင် ပုန်းအောင်းနေခဲ့ပြီးဖြစ်သည် ။

​ရှာကျူးသည် ယန်ကျီဝမ်နှင့် နှစ်ကြိမ်တိုင်တိုင် ထိပ်တိုက်တွေ့ခဲ့ရပြီးကတည်းက ခြံဝင်း၏ စစ်နတ်ဘုရား ဟူသော ဘွဲ့မှာ ယန်ကျီဝမ်ထံသို့ ရောက်ရှိသွားလေပြီ။

​" အိုး.. ငါ ပြောတာ မှန်သွားလို့ အခု မင်း ဒေါသထွက်သွားတာလား.. "

​ရွှီတာမော့က သူ့ပုံစံအတိုင်း အရှက်မရှိ လှောင်ပြောင်လိုက်သော်လည်း မျက်နှာအမူအရာကို ချက်ချင်းပြောင်းကာ ယန်ကျီဝမ်ကို အားကိုးတကြီး ကြည့်လိုက်ပြီး...

​" ညီလေး ယန်.. မင်း ငါ့ကို ကာကွယ်ပေးရမယ်နော်.. နောက်နေ့ကျရင် မင်းကို ငါ အရက်တိုက်မယ်.. "

​" ကောင်းပြီလေ.. "

​ယန်ကျီဝမ်က ပျော်ရွှင်စွာ ခေါင်းညိတ်လိုက်သည် ။

​ရှာကျူးက ယန်ကျီဝမ်၏ ရှေ့တွင် ရပ်တန့်သွားကာ...

​" ယန်လောင်အာ.. ဒါ မင်းနဲ့ မဆိုင်ဘူး.. ငါ့ရှေ့ကနေ ဖယ်ပေး.. "

​အရင်က နှစ်ကြိမ်တိုင်တိုင် အထိနာထားဖူးသောကြောင့် သူ ယန်ကျီဝမ်ကို ထပ်၍ မရန်စရဲတော့ချေ ။

​ယန်ကျီဝမ် စကားမပြောရသေးမီမှာပင် ရွှီတာမော့က ကျေနပ်အားရစွာ ဝင်ပြောလိုက်သည် ။

​" ဘယ်လိုလုပ် မဆိုင်ရမှာလဲ.. ယန်ကျီဝမ်နဲ့ ငါက ညီအစ်ကိုကောင်းတွေကွ.. သူ ဒီမှာ ရှိနေသရွေ့ မင်း ငါ့ကို ထိရဲရင် ထိကြည့်လိုက်လေ.. "

​ယန်ကျီဝမ်က ပြုံးလိုက်ပြီး..

​" ရှာကျူး.. စကားပြောရင်လည်း ပြောရုံပဲ ပြောပါ.. ငါတို့က အခု အစည်းအဝေး လုပ်နေတုန်းလေ.. ဦးလေးသုံးယောက်လုံး စောင့်ကြည့်နေကြတာမလို့ ကိုယ်ထိလက်ရောက်တော့ မလုပ်သင့်ဘူး.. "

​" ဟွန့်.. ရွှီတာမော့.. မင်းနဲ့ ငါ နောက်မှ ရှင်းမယ်.. "

​ရှာကျူးလည်း ထိုစကားကို ကြားသောအခါ အခြေအနေကို ရိပ်မိပြီး နောက်ဆုတ်သွားသည် ။ ယန်လောင်အာက ရွှီတာမော့ကို ပွင့်ပွင့်လင်းလင်း ကာကွယ်ပေးနေသည်မှာ ထင်ရှားနေ၏ ။

​ရှာကျူး ဆုတ်ခွာသွားသည်ကို မြင်တော့ ရွှီတာမော့က အောင်ပွဲခံကြက်ဖတစ်ကောင်လို ခေါင်းမော့ကာ ကျေနပ်အားရစွာဖြင့်...

​" ဘယ်သူက ဘယ်သူ့ကို ကြောက်နေလို့လဲ.. "

​" ကောင်းပြီ.. ရွှီတာမော့.. မင်းလည်း စကားနည်းနည်း လျှော့ပြောပါဦး.. "

​ယီကျုံးဟိုင်က ထိုအချိန်တွင် ဝင်ရောက် ဟန့်တားလိုက်သည် ။ ရွှီတာမော့က နှုတ်ခမ်းစူသွားသော်လည်း ပါးစပ်ကို ပိတ်ထားလိုက်၏ ။

​ရှာကျူး၏ မျက်လုံးများ လှုပ်ရှားသွားပြီး ရုတ်တရက် အကြံတစ်ခု ရသွားသည် ။ ယန်လောင်အာက ကာကွယ်ပေးထားသောကြောင့် ရွှီတာမော့ကို အကြမ်းဖက်၍ မရနိုင်သော်လည်း တခြားနည်းလမ်းဖြင့် ပညာပေးရန် သူ စဉ်းစားမိသွား၏ ။

​ထို့ကြောင့် သူက...

​" ရွှီတာမော့.. မင်းက စားဖိုမှူးတစ်ယောက်ဖြစ်တဲ့ ငါ့ကို အထင်သေးနေတာ ဆိုတော့လေ.. ဒီနေ့ ငါ ၁၀ ယွမ်တောင် လှူထားတယ်.. အဲ့တော့ ငါ့ကို အထင်သေးနေတဲ့ မင်းက ငါ့ထက် လှူတာ နည်းလို့ မရဘူးနော်.. "

​ကျားကျန်းရှီ၏ မျက်လုံးများ တောက်ပသွားပြီး သူမက အလျင်စလို ဝင်ထောက်ခံသည် ။

​" ဟုတ်တယ်.. ရှာကျူး ပြောတာ မှန်တယ်.. ရွှီတာမော့.. မင်းက ရှာကျူးထက် လျှော့ပြီး လှူလို့ မရဘူးနော်.. မဟုတ်ရင် ငါ မင်းကို အထင်သေးမိမှာ.. "

​အလှူငွေများက ယခုမှ စတင်ကောက်ခံရုံ ရှိသေးသော်လည်း ယွမ်လေးဆယ်ကျော် ရနေပြီ ဖြစ်သည် ။ ဤအတိုင်း ဆက်သွားပါက တစ်ကြိမ် ကောက်ခံရုံဖြင့် ယွမ်တစ်ရာ ပြည့်သွားနိုင်သည် ။

​' ဟိဟိ.. ဒီငွေတွေနဲ့ဆိုရင် ငါ စားသောက်ဆိုင်ကို တစ်ခါလောက်တော့ သွားစားအုံးမှ .. '

​တွေးကြည့်ရုံဖြင့်ပင် သူမ အလွန် စိတ်လှုပ်ရှားလာ၏ ။

​သို့သော် ရွှီတာမော့ဆိုသည်မှာလည်း သာမန်လူ မဟုတ်ပေ ။ အမြဲတမ်း အရေထူသည့်သူ ဖြစ်သည် ။ သူနှာခေါင်းရှုံ့လိုက်ပြီး...

​" ရှာကျူး.. မင်းကိုယ်မင်း ဘယ်သူလို့များ မှတ်နေတာလဲ.. မင်း လှူခိုင်းတိုင်း ငါက လှူရမှာလား.. "

​ရှာကျူးက လက်ပိုက်၍ ပြုံးလိုက်ပြီး...

​" မလှူဘူးပေါ့လေ.. မလှူဘူးဆိုရင် မင်းက စည်းလုံးညီညွတ်မှု မရှိဘူးလို့ သတ်မှတ်ရမှာပဲ.. မင်းကို ဒီခြံဝင်းထဲကနေ နှင်ထုတ်လို့ရတယ်.. ငါတို့ ခြံဝင်းထဲမှာ စည်းလုံးမှုမရှိတဲ့သူတွေ မလိုအပ်ဘူး.. "

​" ဟုတ်တယ်.. သူ့ကို နှင်ထုတ်လိုက်ကြ.. "

​ကျားကျန်းရှီက စိတ်လှုပ်ရှားစွာ ဝင်ပြောသည် ။

​" ထွီ.. မင်းကိုယ်မင်း ဘာကောင်လို့ ထင်နေတာလဲ.. ငါ့ကို နှင်ထုတ်ချင်တာလား.. လာလေ.. မင်း သတ္တိရှိရင် လာနှင်ထုတ်ကြည့်စမ်း.. "

​ရွှီတာမော့၏ မျက်နှာပေါ်တွင် မထီမဲ့မြင် ပြုမှုများ ပြည့်နှက်နေ၏ ။

​တခြားသူများ မသိသော်လည်း သူသည်တော့ ဤအခြေအနေကို ကောင်းကောင်း သိသည် ။ သူ့ကို မည်သူမှ နှင်ထုတ်၍ မရ ။ ယီကျုံးဟိုင်ပင် ထိုမျှအထိ အာဏာမရှိပေ ။ သူ့အိမ်က ပုဂ္ဂလိကပိုင် ဖြစ်သည်ကို ဘေးဖယ်ထားပြီး နိုင်ငံတော်ပိုင် ဖြစ်နေလျှင်ပင် သူတို့တွင် နှင်ထုတ်နိုင်သည့် အာဏာ မရှိကြချေ ။

​တခြားသူများကို ခြောက်လှန့်၍ ရကောင်းရနိုင်သော်လည်း သူ့ကို လာခြောက်လှန့်၍တော့ မရပေ ။

​" မင်း... "

​" ကောင်းပြီ.. ရှာကျူး.. မင်းလည်း နည်းနည်းလောက် လျှော့ပြောပါ.. "

​ရှာကျူးက ရွှီတာမော့အား ပါးစပ်ခြင်း မယှဉ်နိုင်သည်ကို မြင်လျှင် ယီကျုံးဟိုင်က ကြားဝင် စေ့စပ်ပေးလိုက်သည် ။

​ရှာကျူးကို ချော့မော့ပြီးနောက် ယီကျုံးဟိုင်က ရွှီတာမော့အား ကြည့်ကာ...

​" တာမော့.. ရှာကျူးရဲ့ စကားတွေက နည်းနည်း ပြင်းထန်သွားပေမဲ့ အဓိပ္ပာယ်ကတော့ မှန်တယ်.. ငါတို့အားလုံးက ခြံဝင်း တစ်ခုတည်းမှာ နေကြတဲ့သူတွေလေ.. အခု ကျားမိသားစုက အခက်အခဲတွေနဲ့ ရင်ဆိုင်နေရပြီဆိုတော့ မင်းအနေနဲ့ သူတို့ကို ကူညီသင့်တယ်.. မင်း ဘယ်လို သဘောရလဲ.. "

​" ကျွန်တော် မကူညီဘူးလို့ မပြောပါဘူး.. "

​ရွှီတာမော့က ပြုံး၍ အလှူခံသေတ္တာဆီသို့ လျှောက်သွားကာ ငါးဆယ်ဖန့် ထုတ်လိုက်ပြီး...

​" ကျွန်တော်က ရှာကျူးလောက်တော့ မရက်ရောနိုင်ဘူး.. စားဖို့သောက်ဖို့ လိုသေးတယ်လေ.. ဒါကြောင့် တတိယဦးလေးရဲ့ လမ်းညွှန်မှုကိုပဲ လိုက်နာပြီး ငါးဆယ်ဖန့်ပဲ လှူလိုက်မယ်.. "

​" ထွီ. ငါးဆယ်ဖန့်တည်းလား.. နင် ငါတို့ကို သူတောင်းစားများ မှတ်နေသလား.. "

​ကျားကျန်းရှီက မကျေမနပ်ဖြင့် ဝင်ပြောသည် ။

​" မလိုချင်ဘူးလား..ရတယ်လေ.. "

​ရွှီတာမော့ ချက်ချင်း ပျော်သွားပြီး ထိုငါးဆယ်ဖန့်ကို ပြန်ယူမည့်ဟန် ပြင်လိုက်၏ ။

​' ဒီပိုက်ဆံနဲ့ ငါ့ဘာသာ အရသာရှိတဲ့ အစားအသောက်တွေ ဝယ်စားလို့ ရနေတာပဲ.. ဘာကိစ္စ ကျေးဇူးကန်းတတ်တဲ့ ကျားမိသားစုကို အလကား ပေးနေရမှာလဲ.. '

​ယီကျုံးဟိုင်က ခေါင်းကိုက်သွားသည့်ဟန်ဖြင့် သူ့ကို တားလိုက်ပြီး...

​" ကောင်းပြီ.. တာမော့.. မင်းရဲ့ အန်တီကျန်းက စိတ်ဆိုးလို့ ပြောလိုက်တာပါ.. ပိုက်ဆံ လှူပြီးသွားမှတော့ ပြန်ယူစရာ အကြောင်းမရှိဘူးလေ.. "

​ရွှီတာမော့က မကျေနပ်ဟန်ဖြင့် နှာခေါင်းရှုံ့လိုက်သော်လည်း သူ့လက်ကို ပြန်ရုပ်သိမ်းလိုက်သည် ။

​သူ ကျားကျန်းရှီ၏ သဘောထားကို ကြည့်မရဖြစ်သွားခြင်းသာ ဖြစ်သည် ။ အလှူငွေ ဆိုသည်မှာ လူတစ်ဦးချင်းစီ၏ စေတနာအလျောက် လှူဒါန်းရသည် မဟုတ်ပါလော။ နည်းသည်များသည်ဟု လာ၍ ညည်းညူနေသေး၏။

​မသိသည့်သူများဆိုလျှင် ကျားမိသားစုအပေါ်အကြွေးတင်နေသည်ဟု ထင်သွားနိုင်သည် ။

​တစ်စုံတစ်ယောက်က ဦးဆောင်၍ လှူဒါန်းလိုက်သောအခါ ခြံဝင်းထဲရှိ အိမ်နီးချင်းများကလည်း မလှူလျှင် မကောင်းဟု ခံစားလာရကာ အိမ်ထောင်စုတိုင်း ရှေ့ထွက်၍ အသီးသီး လှူဒါန်းကြတော့သည် ။

​သို့သော် အများစုမှာ တစ်ဖန့် ၊နှစ်ဖန့်နှင့် ငါးဖန့်ခန့်သာ လှူဒါန်းခဲ့ကြ၏ ။

​ယီကျုံးဟိုင်နှင့် တခြားသူများ လှူဒါန်းခဲ့သည်များကိုပါ ထည့်ပေါင်းလိုက်လျှင် ယွမ်ခြောက်ဆယ်ကျော်ခန့် ရရှိသွားသည်။

​ယီကျုံးဟိုင်က လုံလောက်ပြီဟု တွေးကာ ခြံဝင်း အစည်းအဝေးကို ရုပ်သိမ်းရန် ပြင်လိုက်သည် ။

​" ပထမဦးလေး. ခဏစောင့်ပါဦး.. "

​ယီကျုံးဟိုင် စကားပြောရန် ပြင်လိုက်ချိန်မှာပင် ရှာကျူးက ကြားဖြတ်၍ ပြောလိုက်၏ ။

​ယီကျုံးဟိုင်က ရှာကျူးကို နားမလည်နိုင်ဟန် ကြည့်ကာ...

​" ရှာကျူး.. ဘာများ ပြောစရာ ကျန်သေးလို့လဲ.. "

​တခြားသူများကလည်း အနည်းငယ် မကျေမနပ် ဖြစ်သွားကြသည် ။

'ပိုက်ဆံ ကောက်ပြီးသွားပြီလေ .. အခုထိ အိမ်ပြန်ခွင့် မပေးသေးဘူးလား...'

​ရှာကျူးက ရယ်လိုက်ပြီး...

​" အားလုံး လှူပြီးပြီ ဆိုပေမဲ့ အခုထိ မလှူရသေးတဲ့သူတွေ ကျန်နေသေးတယ်လေ.. ဒါကြောင့် ဒီအစည်းအဝေးက ပြီးလို့ မရသေးဘူး.. "

​" ဟမ်.."

​ယီကျုံးဟိုင် အံ့ဩသွား၏ ။

​ခြံဝင်း၏ စီမံခန့်ခွဲရေး ဦးလေး တစ်ယောက်အနေဖြင့် သူ အိမ်ထောင်စုတိုင်းနီးပါးနှင့် ရင်းနှီးသည် ။ သူ အသေအချာ စစ်ဆေးပြီးသွားပြီဖြစ်ကာ ခြံဝင်းထဲက အိမ်ထောင်စုတိုင်း လှူဒါန်းပြီးသွားကြလေပြီ ။ သို့ဆိုလျှင် ရှာကျူးက မည်သူကို ပြောနေသနည်း ။

All Chapters