အခန်း ၁၁၈
Vol. 11 Ch. 118
Chapter 118
~
အခန်း ၁၁၈ : အရှက်မဲ့သော သူ
~
ရှာကျူးက ငခူပြုံး ပြုံးလိုက်ပြီး ယန်ကျီဝမ်ကို ရန်စသည့် အကြည့်ဖြင့် ကြည့်ကာ...
" ယန်လောင်အာ.. အလှူငွေ မထည့်ရသေးဘူး.. "
'မင်းက အရမ်းတော်နေတယ်ပေါ့ .. အဲ့ဒီမြေး ရွှီတာမော့ကို ကာကွယ်ပေးနေတုန်းပဲလား.. အခု မင်း ဘာလုပ်မလဲ ကြည့်ရအောင်.. '
ထိုသည်ကိုကြားလျှင် ယီကျုံးဟိုင် မျက်ခုံးပင့်လိုက်မိသော်လည်း ဘာမှဝင်ပြောရန် မသင့်ဟု ထင်လိုက်သည် ။
ယန်ကျီဝမ်လည်း မျက်လုံးများကို မှေးစင်းလိုက်၏ ။ မူလက သူ ဘာမှဝင်ပြောရန် မရည်ရွယ်ခဲ့ ။ ဘာပဲဖြစ်ဖြစ် ဤသည်က သူနှင့် မဆိုင်ပေ ။ သူ အမြဲတမ်း ဤအတိုင်းပင် နေထိုင်ခဲ့သည် ။ တခြားသူများက သူ့ကို လာမစွက်ဖက်သရွေ့ သူကလည်း တခြားသူများနှင့် ပြဿနာသွားရှာမည် မဟုတ်ချေ ။
ယခု အစည်းအဝေးလိုမျိုးပင် သူသာ လိုချင်လျှင် ဤအစည်းအဝေးကို ဆက်မလုပ်နိုင်အောင် ချက်ချင်း ရပ်တန့်ပစ်နိုင်သည် ။
သို့သော် ရှာကျူးက သူ့ကို ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားလာခဲ့၏ ။
ဤသည်က အသက်ရှည်ခြင်း နတ်ဘုရားမက အသက်ရှင်ရသည်ကို ငြီးငွေ့ပြီး ကြိုးဆွဲချ၍ သတ်သေနေသလို ဖြစ်နေသည်။
ရန်ရွေ့ဟွားက ဒေါသတကြီးဖြင့်...
" အဓိပ္ပာယ်မရှိတာ.. ငါတို့မိသားစုက လှူပြီးသွားပြီ.. ငါ့ရဲ့ ဒုတိယသားက အလုပ်တောင် မရှိသေးဘူး.. ဘာလို့ သူက လှူရဦးမှာလဲ.. "
" ဟုတ်တယ်.. ငါ့ အကိုနှစ် မှာ အလုပ်မရှိသေးဘူး..ငါ့အဖေ လှူပြီးပြီလေ.. ရှာကျူး.. မင်း အရမ်းလွန်နေပြီ.. "
ယန်ကျီဖန့်က ဝင်ပြောလိုက်သည် ။
ရွှီတာမော့ကလည်း ဝင်ပြောသည် ။
" မင်းက ဉာဏ်တော်တော် ကောင်းတာပဲ.. ခြံထဲက လူတိုင်းကို ဝေစုတစ်ခုစီ လှူဖို့ ဘာလို့ အကြံမပြုလိုက်တာလဲ.. "
" ငါ သဘောတူတယ်.. "
လူအုပ်ထဲမှ ကျယ်လောင်သော အော်ဟစ်ထောက်ခံသံတစ်ခု ထွက်ပေါ်လာသည် ။
လူတွေက ခေါင်းလှည့်ကြည့်လိုက်ရာ စိတ်လှုပ်ရှားမှုကြောင့် မျက်နှာတစ်ခုလုံး နီရဲနေသည့် ကျားကျန်းရှီကို မြင်လိုက်ကြရ၏ ။
သူမ သေချာပေါက် သဘောတူပေမည် ။ လူတိုင်းက တစ်ယောက် တစ်ခါစီ လှူမည်ဆိုလျှင် ယွမ်ဆယ်ဂဏန်း တိုးလာနိုင်သည် ။ သူမ သဘောမတူလျှင်သာ ထူးဆန်းနေပေလိမ့်မည် ။
လူတိုင်းက သူမကို မျက်စောင်းထိုး ကြည့်လိုက်ကြသည် ။ ဤအဘွားကြီးသည် အစားအသောက် ကြီးရုံသာမက အတွေးများကလည်း လောဘကြီးလွန်းလှ၏ ။ နေ့ခင်း ကြောင်တောင် အိပ်မက် မက်နေချေသည် ။
ယန်ဖူကွေ့က ယန်ကျီဝမ်ကို တားလိုက်သည် ။
" လောင်အာ.. သူ့ကို အာရုံမစိုက်နဲ့.. မတန်ဘူး.. "
" ဖေဖေ.. အဆင်ပြေပါတယ်.. သူ စပြောလာမှတော့ သား သူနဲ့ စကားလေးနည်းနည်း ပြောကြည့်လိုက်မယ်.. "
ယန်ကျီဝမ်က ရှာကျူးကို ပြုံး၍ ကြည့်လိုက်ပြီး...
" ဒါဆို ရှာကျူး.. ငါ ဘယ်လောက် လှူသင့်တယ်လို့ မင်းထင်လဲ ..ပြောစမ်းပါဦး.. "
ရှာကျူးက ယန်ကျီဝမ် နောက်ဆုတ်သွားပြီဟု ထင်ကာ ရယ်လိုက်ပြီး...
" မင်းက ငါတို့နဲ့ မျိုးဆက်တူပဲ.. ပြီးတော့ ငါးမျှားတာကနေ အတော်လေး ဝင်ငွေရနေတာဆိုတော့ ငါ့ထက် နည်းပြီး လှူလို့ မရဘူး .. အင်း... ယွမ်နှစ်ဆယ်ပဲ လှူလိုက်တော့.. "
" ရှာကျူး.. နင် လဲသေလိုက်လေ... "
ရန်ရွေ့ဟွားက ဒေါသတကြီးဖြင့်...
" နင် ဘာလို့ တစ်ယောက်ယောက်ကို သွားမလုတာလဲ.. "
" ဟုတ်တယ်.. ရှာကျူး.. ဒါ နည်းနည်းလွန်တယ်.. ယွမ် ၂၀ က ငါ့ တစ်လစာနီးပါးပဲ.. "
အိမ်နီးချင်းတစ်ယောက်က ဆက်မကြည့်နိုင်တော့ဘဲ ခေါင်းခါ၍ ဝင်ပြောသည် ။
" ဟုတ်တယ်.. ယန်ကျီဝမ်မှာ အလုပ်တောင် မရှိသေးဘူး.. သူ ဘယ်လိုလုပ် ဒါကို ပြောရဲရတာလဲ.. "
" ယန်ကျီဝမ်က သူ့ကို နှစ်ခါ ပညာပေးဖူးလို့ အခု လက်စားချေဖို့ ကြိုးစားနေတာ ထင်တယ်.. "
" အားလုံး ပါးစပ်ပိတ်ထားကြစမ်း.. "
ရှာကျူး ဆက်နားမထောင်နိုင်တော့ဘဲ အော်ပြောလိုက်သည် ။
" မင်းတို့ ဘာသိလို့လဲ.. ယန်လောင်အာက တစ်နေ့ကို ငါးမျှားလို့ ဘယ်လောက်ရနိုင်လဲဆိုတာ သိလို့လား.. ယွမ်နှစ်ဆယ်.. သူ တစ်ရက်တည်းကို ယွမ်နှစ်ဆယ်ရတယ်ကွ.. သူ့ရဲ့ နေ့စဉ်ဝင်ငွေက မင်းတို့အတွက် တစ်လစာ လစာနဲ့ ညီမျှတယ်.. ပြီးတော့ မင်းတို့က သူ့ဘက်ကနေ ရပ်တည်ပေးနေကြသေးတာလား.. မင်းတို့အားလုံး အရူးတွေလား.. "
" ဘာ.. ယန်ကျီဝမ်က တစ်နေ့ကို ယွမ် ၂၀ တောင် တကယ်ရနေတာလား.. ဒါ တကယ်ပဲလား.. "
" မဖြစ်နိုင်ဘူး.. ငါ အရင်က ငါးသွားမျှားဖူးပေမဲ့ တစ်ကောင်မှ မမိဘူး.. "
" ဟုတ်တယ်.. ငါးတွေ အဲ့လောက် လွယ်လွယ်ဖမ်းမိရင် ယန်ကျီဝမ် အလှည့်တောင် ရောက်ပါ့မလား.. "
ယန်ဖူကွေ့က စိုးရိမ်တကြီးဖြင့် ရှင်းပြလိုက်သည် ။
" အားလုံးပဲ.. ရှာကျူးရဲ့ အဓိပ္ပာယ်မရှိတဲ့ စကားတွေကို နားမယောင်ကြနဲ့.. ငါ့ရဲ့ ဒုတိယသားက ငါတို့မိသားစုရဲ့ အသုံးစရိတ်ကို ထောက်ပံ့ဖို့ ငါးနည်းနည်းပါးပါး သွားမျှားရုံတင်ပါ.. "
သူ ထိုသို့ပြောလိုက်သော်လည်း ဤကိစ္စကို ကြာကြာ ဖုံးကွယ်ထား၍ မရနိုင်တော့ကြောင်း ယန်ဖူကွေ့ ကြိုသိနေခဲ့သည် ။
ထင်သည့်အတိုင်းပင် ရှာကျူးက ဆက်၍...
" ငါ့ကို မယုံဘူးလား.. ငါကိုယ်တိုင် သမဝါယမကို သွားမေးခဲ့တာ.. အဲ့ဒီမှာရှိတဲ့ ဝန်ထမ်းတွေက ယန်လောင်အာ တစ်နေ့ကို နှစ်ကြိမ်.. တစ်ကြိမ်ကို ၁၀ ယွမ်ဖိုးစီလောက် ငါးလာရောင်းတယ်လို့ ပြောတယ်.. "
" အလုပ်မရှိလို့ဆိုပြီး သူ့ကို အထင်မသေးကြနဲ့.. သူရနေတဲ့ငွေက မင်းတို့အားလုံးထက် အများကြီး ပိုများတယ်.. "
" တကယ်လား.. ငါးမျှားတာက တကယ်ပဲ အဲ့လောက်တောင် ငွေရှာနိုင်တာလား.. "
" ရှာကျူး ဒီလောက် ယုံကြည်ချက်ရှိရှိ ပြောနေတာကို ကြည့်ရင် မှန်လောက်တယ်.. "
လူအားလုံး ချက်ချင်းပင် အံ့အားသင့်သွားကြသည် ။
တစ်နေ့ကို ယွမ်နှစ်ဆယ် တစ်လကို ယွမ်ခြောက်ရာ ။
ချီး..
ယွမ်ခြောက်ရာ ဆိုသည်က သူတို့ နှစ်အတော်ကြာ စုဆောင်းလျှင်ပင် ဤမျှ မစုနိုင်ချေ ။
" ဟုတ်သည်ဖြစ်စေ.. မဟုတ်သည်ဖြစ်စေ.. သမဝါယမစတိုးကို သွားပြီး ကိုယ့်ဘာသာ မေးကြည့်ကြပါလား.. "
ထိုသို့ပြောပြီးနောက် ရှာကျူးက ယန်ကျီဝမ်ကို အောင်ပွဲခံသည့် အကြည့်ဖြင့် ကြည့်လိုက်သည် ။
" ယန်လောင်အာ.. အခု ဘာပြောဦးမလဲ.. "
ယန်ကျီဝမ်က ခေါင်းညိတ်ကာ ပြုံးလိုက်ပြီး...
" မင်း ကောင်းကောင်း ပြင်ဆင်ထားပုံပဲ.. "
ကျားကျန်းရှီက ချက်ချင်း အော်ပြောသည် ။
" ယန်လောင်အာ.. ငါတို့မိသားစုက အခု အရမ်း ဒုက္ခရောက်နေတယ်.. နင် ပိုက်ဆံအများကြီး ရှာနိုင်နေတာဆိုတော့ ငါတို့ကို ပိုလှူရမယ်.. အနည်းဆုံး ယွမ်ငါးဆယ်တော့ လှူသင့်တယ်လို့ ငါထင်တယ်.. "
"ချီး.."
လူတိုင်း ဆွံ့အသွားကြပြန်သည် ။
ဤ ကျားကျန်းရှီက အရှက်မဲ့လှ၏ ။ ရှာကျူးက ယွမ်နှစ်ဆယ် ပြောသည်မှာပင် လွန်နေပြီဟု ထင်ရသော်လည်း သူမက ပါးစပ်ဟလိုက်သည်နှင့် နှစ်ဆထက်မက တောင်းဆိုလိုက်လေသည် ။
အနားတွင် ရပ်နေသည့် ကျားဒုံရွှီ၏ မျက်နှာအမူအရာက ချက်ချင်း ပြောင်းလဲသွား၏ ။ အခြေအနေ ဆိုးရွားသွားတော့မည်ကို သူခံစားမိလိုက်သည် ။
ရှာကျူး ပြောသည်ကို သူ ဝင်တား၍ မရပေ ။ ရှာကျူး အရိုက်ခံရလျှင်ပင် သူ့ကိစ္စ မဟုတ်ပေ ။
သို့သော် ယခု သူ့အမေဖြစ်သူ ဝင်ရောက်စွက်ဖက်ပြီး လောဘကြီးစွာဖြင့် ယွမ် ၅၀ တောင်းဆိုလိုက်ရာ ယန်လောင်အာက မည်သို့ သဘောတူနိုင်မည်နည်း ။
" ငါ မလှူရင်ကော.. "
ယန်ကျီဝမ်သည် ယီကျုံးဟိုင်နှင့် လျှိုဟိုင်ကျုံးတို့ကို ကြည့်လိုက်သည် ။
လျှိုဟိုင်ကျုံးက ခေါင်းငုံ့ကာ လက်ဖက်ရည်သောက် ဟန် ဆောင်နေလိုက်၏ ။ ယန်ကျီဝမ်က သူ့ကို အရင်က အထိနာအောင် လုပ်ခဲ့ဖူးသောကြောင့် သူက ပွင့်ပွင့်လင်းလင်း ဝင်မပြောရဲပေ ။
ယီကျုံးဟိုင်က ခဏစဉ်းစားပြီးနောက် လူကြီးလူကောင်းဆန်ဆန်ဖြင့်....
" ရှာကျူးက အဲ့ဒီလို ပြောနေပြီဆိုတော့လည်း.. ယန်ကျီဝမ်.. မင်း ပိုက်ဆံအများကြီး ရနေပြီဆိုရင်တော့ လှူသင့်တယ်လို့ ငါထင်တယ်.. ဘာပဲဖြစ်ဖြစ် အားလုံးက ခြံဝင်းတစ်ခုတည်းမှာ နေတဲ့သူတွေပဲလေ.. ငါတို့ တစ်ယောက်ကိုတစ်ယောက် ကူညီသင့်တယ်.. မင်း အဒေါ်ကျန်းစကားကိုတော့ နားထောင်စရာ မလိုပါဘူး.. ရှာကျူး ပြောသလိုပဲ ယွမ်နှစ်ဆယ် လှူလိုက်ရုံပဲ.. "
"ဖြောင်း.. ဖြောင်း.. ဖြောင်း.."
ယန်ကျီဝမ်က ချီးကျူးဟန်ဖြင့် လက်ခုပ်တီးလိုက်သည် ။ ယနေ့တွင် သူသည် အရှက်မရှိခြင်း၏ အဓိပ္ပာယ်အစစ်အမှန်ကို အမှန်တကယ် မြင်တွေ့ခဲ့ရလေပြီ ။
" ကောင်းတယ်.. အရမ်းကောင်းတယ်.. "
ယန်ကျီဝမ်၏ မျက်နှာအမူအရာက အေးစက်သွားပြီး ယီကျုံးဟိုင်ကို စူးစိုက်ကြည့်ကာ အေးစက်စက် အသံဖြင့် ပြောလိုက်သည် ။
" အစကတော့ ဒီနေ့ ဆူညံပွက်လောရိုက်နေတာကို ကြည့်ဖို့ပဲ လာတာ.. ခင်ဗျားတို့ရဲ့ ရှုပ်ထွေးမှုတွေမှာ ဝင်ပါဖို့ ကျုပ် မရည်ရွယ်ခဲ့ဘူး.. ဒါပေမဲ့ တချို့လူတွေက သူတို့အတွက် ဘာကောင်းလဲဆိုတာကို မသိဘဲ ကျုပ်ကို အနိုင်ကျင့်လို့ လွယ်တယ်လို့ ထင်နေကြတာဆိုတော့.. ကောင်းပြီလေ.. အရမ်းကောင်းတယ်.. "
ယီကျုံးဟိုင် မျက်မှောင်ကြုတ်လိုက်မိပြီး သူ့ရင်ထဲတွင် မကောင်းသည့် နိမိတ်တစ်ခု ပေါ်လာ၏ ။
ယန်လောင်အာ၏ ကိုယ်ဟန်အနေအထားအရ သူက ပြဿနာရှာရန် လုပ်တော့မည့်ပုံ ပေါ်နေသည် ။
သို့သော် စဉ်းစားပြီးနောက် သူ အနည်းငယ် စိတ်အေးလက်အေး ဖြစ်သွားသည် ။ ယခု သူက ကိုယ်ကျင့်တရားအရ မြင့်မားသည့် နေရာတွင် ရှိနေပြီ ဖြစ်သည် ။ ယန်လောင်အာ ဘာပဲပြောပြော ဒီနေ့ ဒီငွေကို သူ လှူရမည် ။ သို့မဟုတ်ပါက ခြံဝင်း၏ စည်းလုံးမှုကို ဖျက်ဆီးရာ ရောက်သွားပေလိမ့်မည် ။
ချင်ဟွိုင်ရုကလည်း အချိန်ကိုက် ဝင်ပြောသည် ။
" ယန်ကျီဝမ်.. ကလေးတွေကိုယ်စား ကျေးဇူးတင်ပါတယ်.. သူတို့အားလုံး ဦးလေး ယန်ကျီဝမ်ရဲ့ ကျေးဇူးကို မှတ်မိနေကြမှာပါ.. "
" ထွီ.. ချင်ဟွိုင်ရု.. ငါ့ကို ရွံစရာကောင်းအောင် လာမလုပ်နဲ့.. ငါ ရှာကျူး မဟုတ်ဘူး.. "
ယန်ကျီဝမ်က တံတွေးထွေးပြီး မထီမဲ့မြင်ပြုကာ...
" ငါ ပိုက်ဆံလှူမယ်လို့ မင်းတို့ထဲက ဘယ်သူက ကြားလိုက်လို့လဲ.. ဘယ်လိုလုပ်ပြီး ဒီလောက်တောင် အရှက်မရှိ ဖြစ်နေရတာလဲ.. "
ချင်ဟွိုင်ရု၏ မျက်နှာအမူအရာ တောင့်တင်းသွားပြီး ဝင်ပုန်းရန် အပေါက်တစ်ပေါက် ရှာတွေ့လျှင် ကောင်းမည်ဟုပင် သူမ ဆုတောင်းနေမိသည် ။ သူမ၏ မိန်းမမာယာ နည်းလမ်းများက ဤလူငယ်အပေါ်တွင် အသုံးမဝင်ဘူးဟု သူမ ထင်မထားခဲ့ပေ ။ သူမ တွက်ချက်မှု လုံးဝ မှားယွင်းသွားခဲ့လေပြီ ။
" ဟေး.. ယန်လောင်အာ.. မင်း ဘာကိုဆိုလိုတာလဲ.. ငါတို့က မင်းရဲ့ကိစ္စကို ပြောနေတာ.. ဘာလို့ ငါ့ကို ဒီကိစ္စထဲ ဆွဲထည့်ရတာလဲ.. "
ရှာကျူးက မကျေမနပ်ဖြင့် အော်ပြောလိုက်သည် ။
သို့သော် ယန်ကျီဝမ်က သူ့ကို ဂရုမစိုက်။ ရှာကျူးကို ထိုနေရာတွင်ပင် ဒေါသထွက်နေစေရန် ပစ်ထားလိုက်၏ ။
ယန်ကျီဝမ်က ခေါင်းလှည့်ပြီး ယန်ကျီဖန့်ကို...
"အငယ်ကောင်.. လမ်းရုံးကို အခုချက်ချင်း ပြေးသွားလိုက်.. အလုပ်ဆင်းချိန် မရောက်လောက်သေးဘူး.. ဒါရိုက်တာဝမ်ကို သွားခေါ်ပြီး ငါတို့ခြံထဲမှာ တစ်ယောက်ယောက်က ပုဂ္ဂလိက ရန်ပုံငွေရှာဖွေရေး လှုပ်ရှားမှုတစ်ခု လုပ်ဆောင်နေပြီး လူတွေကို လှူဖို့ အတင်းအကျပ် ခြိမ်းခြောက်နေတယ်လို့ သွားတိုင်လိုက်.. "
" ဟုတ်ကဲ့ပါ.. အစ်ကိုနှစ်.. "
ယန်ကျီဖန့်က ထိုစကားကိုကြားသည်နှင့် ချက်ချင်းပင် တက်ကြွစွာ သဘောတူလိုက်သည် ။
ဒုတိယအစ်ကို၏ နောက်သို့ လိုက်ရလျှင် အသားစားရလိမ့်မည် ဆိုသည့် အမှန်တရားကို ယန်ကျီဖန့် ကောင်းကောင်း သိထား၏ ။ ဤရွှေပေါင်ကြီးအား လက်မလွှတ်စတန်း ဖတ်ထားရမည် ။