← Chapters

ချုံတောင်လေး၏ လှည့်လည်သွားလာမှု အစီအစဉ်

Vol. 10 Ch. 133

ချုံတောင်လေး၏ လှည့်လည်သွားလာမှု အစီအစဉ်

Vol. 10 Ch. 133

လီချန်ရှို့တစ်ယောက် သုံးချောင်းထောက်ဆေးတောင်မှ ပြန်လာပြီးသည့် လေးရက်မြောက်နေ့၌ ချုံတောင်လေး၏ ဆေးဖော်ဆောင်အောက်ရှိ မြေအောက်လျှို့ဝှက်ခန်းအတွင်းသို့ သွားလိုက်၏။

အကယ်၍ ထိုကိစ္စသာ ဆက်ဖြစ်နေပါက တုနတ်ဝိဇ္ဇာဂိုဏ်းသည် အနှေးနှင့် အမြန် ပြိုကွဲသွားမည် ဖြစ်သည်။

လီချန်ရှို့သည် စားပွဲခုံနောက်ရှိ ကုလားထိုင်တွင် ထိုင်လိုက်သည်။ သူသည် စားပွဲခုံကို လက်ချောင်းကလေးများဖြင့် ပုတ်နေပြီး စိတ်ထဲမှ ဖြည်းဖြည်းချင်း တွက်ချက်နေ၏။

အကယ်၍ လင်းအယ်သာ သူ၏ မျက်နှာထားကို မြင်ပါက ဝိညာဉ်သားရဲမွေးမြူရေးခြံကို ပြန်လည်ပြင်ဆင်နေစဉ်အတွင်း ရေသာခိုကာ သူမလုပ်ထားသော အပြစ်များကို တန်းစီ၍ ပြောပြမည်ဖြစ်သည်။

ထိုမျက်နှာထားသည် လီချန်ရှို့တစ်ယောက် အရေးကြီးကိစ္စများကို တွေးတောနေချိန်တွင် ရှိတတ်သည့် မျက်နှာထားဖြစ်သည်။ ရုတ်တရက် လီချန်ရှို့ မျက်ခုံးလှုပ်သွား၏။ သူသည် အတွေးစကို ရပ်လိုက်ပြီး လက်ချောင်းလေးများဖြင့် စည်းချက်ကျကျ ပုတ်နေခြင်းကိုလည်း ရပ်တန့်လိုက်လေသည်။

သူ၏ နတ်အာရုံသည် ဆရာဒေါ်လေးကျိုးကျိုးတစ်ယောက် ဆူးချွန်တင်းပုတ်ကြီးကို ကိုင်၍ အရက်အိုးကြီး‌ပေါ်တွင် ထိုင်လိုက်သည်ကို အာရုံခံမိလိုက်သည်။ သူမ တီးတိုးရေရွတ်လိုက်၏။

“ အစ်ကိုငါးက ငါ့ကို ဂိုဏ်းကိုလှည့်လည် စစ်ဆေးဖို့ ခေါ်လိုက်တာလား... ”

ထို့နောက် သူမသည် ချုံတောင်လေးမှ ထွက်ခွာသွားပြီး ဂိုဏ်းဂိတ်တံခါးဆီသို့ ပျံသန်းသွားလိုက်လေသည်။

ဆရာဒေါ်လေးကျိုးကျိုးသည် ဆရာဦးလေးကျိုးဝူထံမှ စာတစ်စောင်ရရှိခဲ့၍ သူ့ကို ကူညီရန်သွားကြောင်း လီချန်ရှို့သိ၏။

သူမသည် အခြားသူများကို ကူညီတတ်သည့် အကျင့်ရှိသော်လည်း လိုအပ်လာလျှင် ဒုက္ခပေးရန်လည်း လက်မတွံ့ပေ။

လီချန်ရှို့၏ အစီအစဉ်အရ ဆရာဦးလေးကျိုးဝူသည် အတုမဲ့နတ်ဝိဇ္ဇာအဆင့်ရှိသော လျှိုဖေးရှန်းကို ဂိုဏ်းပြင်သို့ ဖိတ်ခေါ်ခဲ့၏။

ဆရာဦးလေးကျိုးဝူသည် အဆိပ်မန္တန်အစီအရင်များကို သုံး၍ ရန်သူများကို ကောင်းစွာ ရင်ဆိုင်နိုင်သော်လည်း ဆရာဒေါ်လေးကျိုးကျိုးသည် သူနှင့်အတူ လိုက်သွားလျှင် ပိုကောင်းပေမည်။ ကြိုတင်ပြင်ဆင်ထားသဖြင့် အရှုံးမရှိပေ။

လီချန်ရှို့သည် အဘယ်ကြောင့် လျှိုဖေးရှန်းကို ရုတ်ခြည်း တွေးမိသွားရသနည်း။

အဘယ်ကြောင့်ဆိုသော် အကြီးအကဲဝမ်လင်းယွမ်သည် လျှိုဖေးရှန်းထံမှ ကာမအားတိုးဆေးတစ်လုံးရခဲ့ကြောင်း သူ့ကို ပြောပြခဲ့ဖူး၍ ဖြစ်သည်။

လီချန်ရှို့ဖော်ထားသော ကာမအားတိုးဆေးကို ဂိုဏ်းတွင်းရှိ လူတိုင်းသိကြ၏။ ထိုဆေးလုံးများကို ဂိုဏ်းအတွင်းရှိ လိုအပ်သော မျိုးဆက်ဟောင်းမှ အကြီးအကဲအိုများကိုသာ ပေးလိုက်ခြင်းပင်။ သို့သော် အဘယ်ကြောင့် ထိုဆေးလုံးသည် သန်တန်းမြန်တုန်း သက်လတ်ပိုင်းအရွယ် လျှိုဖေးရှန်းထံသို့ ရောက်နေရသနည်း။

ထိုအချက်သည် သူ့အတွက် လျှိုဖေးရှန်းကို သံသယဝင်ရန် လုံလောက်ပေပြီ။

နေ့ဝက်ကြာပြီးနောက် ကျိုးဝူနှင့် ကျိုးကျိုးတို့သည် တိမ်စီး၍ ပြန်ရောက်လာ၏။ ကျိုးကျိုး၏ ဆူးချွန်တင်းပုတ်ကြီးတွင် သွေးများပေနေလေသည်။

ဂိုဏ်းအတွင်းသို့ ဝင်လာပြီးနောက် ကျိုးဝူသည် ချုံတောင်လေးဆီသို့ ခပ်သုတ်သုတ်လာလိုက်၏။

ကျိုးကျိုးသည် ခေတ္တမျှ ချီတုံချတုံဖြစ်နေ၏။ နောက်ဆုံးတွင် သူမသည် ကောင်းကင်ခွင်းတောင်ပေါ်ရှိ သူမ၏ အဆောက်အအုံထံသို့ပင်ပြန်၍ ရက်အနည်းငယ်ခန့် ကျင့်ကြံရန် ဆုံးဖြတ်လိုက်လေတော့သည်။

သူမ၏ ကောင်းမွန်လှသော ကာကွယ်မန္တန်အစီအရင်များကို အသုံးမချလျှင် အလကားဖြစ်သွားပေလိမ့်မည်။

သူမသည် နတ်ဝိဇ္ဇာတစ်ပါးဖြစ်သော်လည်း အားပြန်ပြည့်ရန် ခဏတာမျှ အိပ်စက်ရန် လိုအပ်ပေသည်။

ကျိုးဝူတစ်ယောက် ဆေးဖော်ဆောင်သို့ ရောက်လာသောအခါ လီချန်ရှို့သည် ကိုယ်တိုင်ထွက်မတွေ့ဘဲ စက္ကူကိုယ်ပွားကိုသာ ထွက်တွေ့ခိုင်းလိုက်သည်။

သူတို့တွေ့လိုက်သည်နှင့် ကျိုးဝူသည် ဒေါသတကြီးပြောလိုက်၏။

“ အဲ့ဆေးလုံးဖော်တဲ့သူက လျှိုဖေးရှန်းပဲ... ”

“ သူက နတ်ဆေးပညာမတော်ပါဘူး... အဲ့ဒါကို ဘယ်လိုလုပ် အချစ်ကျောက်ခဲအကြောင်းကို သိသွားတာလဲ မသိဘူး ”

“ သူက မင်းရဲ့ဆေးလုံးကနေပြီး သူသုံးသပ်ထားတဲ့ နည်းအတိုင်း မဆင်မခြင်ဖော်လိုက်တာပဲ။ နောက်ဆုံးတော့ မကောင်းတဲ့ ဆေးလုံးကိုပဲ ရလာတာပဲ ”

လီချန်ရှို့ပြောလိုက်၏။

“ ဆရာဦးလေး စိတ်မဆိုးပါနဲ့... ”

သူပြုံး၍ ဆက်ပြောလိုက်သည်။

“ အဲ့လိုဆို ကာမအားတိုးဆေးနဲ့ပတ်သတ်ပြီး ကျွန်တော့်အပေါ်မှာ ရှိနေတဲ့ သံသယတွေကို ရှင်းလို့ရသွားပြီပေါ့။ ဒါနဲ့ ဆရာဦးလေးက လျှိုဖေးရှန်းကို ထိခိုက်အောင် လုပ်လိုက်သေးလား ”

ကျိုးဝူ သက်ပြင်းချ၍ ပြောလိုက်၏။

“ ဟူး... ငါ သူနဲ့ သိတာ နှစ်တစ်ထောင်ကျော်ပြီ။ ငါသူ့ကို ထိခိုက်အောင် မလုပ်ခဲ့ပါဘူး... ဒါပေမဲ့ မင်းပြောသလို ငါသူ့ကို ခြောက်လှန့်လိုက်တော့ သူက အကုန်ထုတ်ပြောတာပါပဲ ”

လီချန်ရှို့ ခပ်ဖြည်းဖြည်း ခေါင်းညိတ်လိုက်သည်။ သူတို့နှစ်ဦးသည် ကာမအားတိုးဆေးများကို ပိုင်ဖန်ခန်းမသို့ မည်သို့အပ်ရမည်ကို ဆက်၍ ဆွေးနွေးလိုက်ကြ၏။

ယခုအချိန်မှစ၍ လီချန်ရှို့သည် ကာမအားတိုးဆေးများကို အမြောက်အမြားပေးတော့မည် မဟုတ်ပေ။ သူသည် ဆရာဦးလေးကျိုးဝူနှင့် ဂိုဏ်းအတွင်းရှိ အခြားအကြီးအကဲများကို လေးစားသမှုဖြင့် တစ်နှစ်လျှင် ဆေးလုံးနှစ်ဆယ်သာ ပေးတော့မည်ဖြစ်သည်။

“ ဒါပေမဲ့ ကျွန်တော် အကျိုးအမြတ်ကို ဆရာဦးလေးနဲ့ တစ်ယောက်တစ်ဝက်ခွဲယူလို့ ရမှာမဟုတ်တော့ဘူး ”

လီချန်ရှို့ စိတ်မကောင်းဟန်ဖြင့် ပြောလိုက်၏။

ကျိုးဝူပြုံး၍ ပြန်ပြောလိုက်သည်။

“ ဒီနှစ်တွေထဲမှာ မင်းကျေးဇူးနဲ့ ငါလည်း အကျိုးအမြတ်တွေရခဲ့ပါတယ်။ ငါ့ကို ဆက်မပေးလဲ ဘာမှမဖြစ်ပါဘူး။ ပြီးတော့ တကယ်လိုအပ်တဲ့ အကြီးအကဲတွေကလည်း ကာမအားတိုးဆေးကို သုံးပြီးသွားပါပြီ။ အဲ့ လျှိုးဖေးရှန်းကသာ.... ”

လီချန်ရှို့ မေးလိုက်၏။

“ ဆရာဦးလေး... ဆရာဦး‌လေး သူ့ကို သေသေချာချာ ကိုင်တွယ်ခဲ့ရဲ့လား... ”

“ ကျိုးအာက နည်းနည်း လက်လွန်သလို ဖြစ်သွားပေမယ့် ကျန်တာ အကုန်အဆင်ပြေပါတယ်။ သူ ဒဏ်ရာနည်းနည်းလောက်ပဲ ရသွားတာပါ ”

ကျိုးဝူပြောလိုက်၏။

“ ချန်ရှို့..မပူပါနဲ့။ သူ ကြီးမြတ်တဲ့ တာအိုတရားကို တိုင်တည်ပြီး ကျိန်ဆိုပြီးသွားပါပြီ။ ငါ အကုန်လုံးကို သေသေချာချာလုပ်ခဲ့ပါတယ်။ ဒီရက်ပိုင်းအတွင်း လျှိုဖေးရှန်း ဂိုဏ်းချုပ်ဆီသွားလိမ့်မယ်... ဒါပေမဲ့... ”

“ ဒါပေမဲ့ ဘာဖြစ်လဲ... ဆရာဦးလေးဆီမှာ ပြောစရာရှိရင် ဝေ့ဝိုက်မနေဘဲ ပြောလိုက်ပါ ”

ကျိုးဝူ ခေတ္တမျှတွေးတော၍ မေးလိုက်၏။

“ ဂိုဏ်းကို ပြန်ပြီး ဖွဲ့စည်းတယ်ဆိုတာ ရိုးရှင်းတယ်လို့ ထင်ရပေမယ့် ဘယ်ကနေစပြီး ဘာတွေလုပ်ရမှာလဲ။ ပြီးတော့ အဲဒီလိုလုပ်လို့ရော ငါတို့အတွက် ဘာအကျိုးအမြတ်ရှိမှာလဲ... ဘာလို့ မင်းက လျှိုဖေးရှန်းကို အဲဒါအတွက်အသုံးချပြီး သူ့အပြစ်တွေကို ခွင့်လွှတ်ပေးချင်နေရတာလဲ... ”

လီချန်ရှို့သည် သူ၏ ဆရာဦးလေးကျိုးဝူတစ်ယောက် ထိုသို့တွေးပေးသဖြင့် အတန်ငယ် ကျေးဇူးတင်မိသွား၏။ သူသည် အမတလမ်းစဉ် အစပိုင်းကို အောင်မြင်စွာ လျှောက်လှမ်းနိုင်ခဲ့ပေပြီ။

လီချန်ရှို့သည် သူ့ဆရာပြောလေ့ပြောထရှိသော စကားတစ်ခွန်းကို ရုတ်တရက်တွေးမိသွား၏။

“ ဆရာဦးလေး ချုံတောင်လေးထက် တုနတ်ဝိဇ္ဇာဂိုဏ်းက ပိုအရေးကြီးပါတယ်... တုနတ်ဝိဇ္ဇာဂိုဏ်းသာ ကြွယ်ဝလာရင် ချုံတောင်လေးလည်း ကြွယ်ဝလာမှာပါပဲ ”

ကျိုးဝူ သဘောပေါက်သွား၏။ သူ၏ မျက်ခုံးထူကြီးများအောက်၌ရှိသော မျက်လုံးများထဲတွင် လေးစားသည့် အရိပ်အယောင်များ ရှိနေလေသည်။

“ ဆရာဦးလေးက တော်‌တော်လေး အမြင်ကျဉ်းတာပဲ... ”

လီချန်ရှို့ ပြုံးလိုက်ပြီး ဆရာဦးလေးကျိုးဝူနှင့် ဂိုဏ်းတွင်းရှိ အခြားအကြောင်းအရာများအကြောင်း စကားစမြည်ပြောလိုက်၏။

********

လီချန်ရှို့သည် ကျိုးဝူကို လိုက်ပို့ပြီးနောက် အနည်းငယ် စိတ်ခံစားချက်များနေ၏။

ဂိုဏ်းတွင်းမှ လူများအတွက် တာအိုလက်တွဲဖော်ရှာသည့်အကျင့်သည် နာတာရှည်ရောဂါတစ်ခုကဲ့သို့ အမြစ်တွယ်နေပြီဖြစ်သည်။ တပည့်ငယ်များသည် အကြီးအကဲများ၏ ခြေရာအတိုင်းလိုက်ခြင်းဖြစ်သည်။ ထိုအကျင့်ကို အစပြုခဲ့သည်မှာ အကြီးအကဲများပင်ဖြစ်သည်။ ထို့ပြင် ရန်ကျောင်းတော်လက်အောက်မှ တပည့်များ၏ မင်္ဂလာကိစ္စကို လျှို့ဝှက် ဝင်ရှုပ်လေ့ရှိသည့် အားမကိုးရသော ပညာရှင်တစ်ယောက်လည်း ရှိပေသေးသည်။

သို့သော် ထိုသို့ဆက်ဖြစ်နေပါက မကောင်းကျိုးများသာ ရှိလာမည်ဖြစ်ပြီး မည်သည့်ကောင်းကျိုးကိုမှ ခံစားရမည် မဟုတ်ချေ။

လူသားများ၏ စွမ်းဆောင်ရည်သည် အကန့်အသတ်ရှိ၏။ သူတို့သာ ချစ်မှုရေးရာများဖြင့် အားအင်ကုန်ခမ်းနေပါက သူတို့၏ ကျင့်ကြံခြင်းအဆင့် တိုးတက်လာမည်ဟု မည်သို့အာမခံနိုင်မည်နည်း။။

ထိုဓလေ့ကို ဆက်၍ကျင့်သုံးလိုလျှင်လည်း ဂိုဏ်းသည် တာအိုလက်တွဲဖော်ဖြစ်လာသည့် တပည့်များကို ‌ပေးနိုင်မည့် ယင်-ယန် တာအိုကျင့်စဉ်အချို့ကို ရရှိအောင်ပြုလုပ်သင့်ပေသည်။ စုံတွဲတိုင်းသည် ပိုင်ဖန်ခန်းမတွင် တာအိုလက်တွဲဖော်အဖြစ် စာရင်းပေးသွင်းလျှင် ထိုကျင့်စဉ်ကို အလကားရနိုင်သည်ဟု စည်းမျဉ်းတစ်ခု သတ်မှတ်သင့်၏။

သို့သော် ထိုကျင့်စဉ်များသည်လည်း အဆိပ်နှင့် ကိုယ်ယောင်ဖျောက်အတတ်များကဲ့သို့ပင်ဖြစ်သည်။ ကျင့်ကြံသူများသည် စုံတွဲကျင့်စဉ်များကို အထင်မကြီးကြပေ။

စိတ်တန်ခိုးများ ပေါများသော အာဒိကပ္ပလောကအတွင်း ထိုသို့သာဖြစ်သည်။ ချီကျင့်ကြံသူများသည် သူတို့၏ ရတနာများ၊ မှော်အတတ်များနှင့် တာအိုအခြေခံတို့ကိုသာ အထင်ကြီးကြသည်။ စုံတွဲကျင့်စဉ်၊ အဆိပ်နှင့် ကိုယ်‌ယောင်ဖျောက်အတတ်များကိုမူ နှာခေါင်းရှုံ့လိုကြပေသည်။

လီချန်ရှို့သည်လည်း အဆိပ်နှင့် ကိုယ်ယောင်ဖျောက်အတတ်များကို သုံးသဖြင့် အထင်သေးခံခဲ့ရဖူး၏။

သူ့အနေဖြင့် စုံတွဲကျင့်ကြံခြင်းကျင့်စဉ်များသည် မသင့်လျော်သော ကျင့်စဉ်များမဟုတ်ဟု မြင်၏။

လီချန်ရှို့သည် ဂိုဏ်းအတွင်း ကာမအားတိုးဆေးများဖြင့် စီးပွားရှာ၍ ချုံတောင်‌လေး၏ ကာကွယ်ရေး မန္တန်အစီအရင်များကို တိုးချဲ့လိုခဲ့၏။ သူသည် လွန်ခဲ့သော နှစ်အနည်းငယ်အတွင်း အကျိုးအမြတ်များစွာ ရခဲ့သည်။

သို့သော် ဆေးလုံးအတု ကိစ္စဖြစ်ပွားခဲ့ပြီးနောက် ကာမအားတိုးဆေးသည် တုနတ်ဝိဇ္ဇာဂိုဏ်း၏ အုတ်မြစ်ကို ယိုင်နဲ့အောင် စတင်လုပ်မိနေပြီဖြစ်ကြောင်း လီချန်ရှို့ သဘောပေါက်သွား၏။

တုနတ်ဝိဇ္ဇာဂိုဏ်း၏အုတ်မြစ်သည် ဂိုဏ်းတွင်းရှိ တပည့်အရေအတွက် မဟုတ်ပေ။ အာကာသနတ်မင်းအဆင့်သို့ ရောက်နိုင်ရန် အလားအလာရှိသည့် ကောင်းကင်နတ်မင်းအဆင့်ရှိသော ကျင့်ကြံသူအရေအတွက် ဖြစ်သည်။

ဂိုဏ်းတစ်ခုတွင် အကြီးအကဲများသည် အစဉ်အမြဲတည်ရှိနေမည့် ကျောက်ဆောင်များကဲ့သို့ဖြစ်ပြီး တပည့်များသည် စီးဆင်းနေသော ရေဖြင့် တူပေသည်။

လီချန်ရှို့အနေဖြင့် ဂိုဏ်းတွင်း၌ လုံခြုံမှုရှိစွာ ဆက်၍နေနိုင်ရန် ဂိုဏ်းသည် ဆက်လက်ကြွယ်ဝနေပြီး ‌ရေရှည် ရပ်တည်နိုင်ရေးသည် အရေးအကြီးဆုံး အချက်ဖြစ်သည်။

“ နောက်ဆုံးတော့လည်း ငါကိုက အစိုးရိမ်လွန်နေတာလည်း ဖြစ်နိုင်ပါတယ် ”

‘ အဲ... စဉ်းစားကြည့်မှ ဂိုဏ်းချုပ်က ‘ ဟန် ’ အတတ်ကို ကျင့်ကြံပြီးတော့ ဒဏ်ရာရသွားတာပဲ။ သူ ပြန်ကောင်းလာပြီလား မသိဘူး... ’

လီချန်ရှို့ ရုတ်တရက် ဆက်တွေးမိသွား၏။ ယခင်က သူသည် ဂိုဏ်းချုပ် စိတ်ပူခဲ့သောကိစ္စများကို စိတ်ပူခဲ့၏။ ဂိုဏ်းချုပ် စိတ်မပူခဲ့သော ကိစ္စများကိုလည်း သူစိတ်ပူခဲ့၏။ ယခုတွင် သူသည် ဂိုဏ်းချုပ်အတွက်ပင် စိတ်ပူနေပေပြီ။

လီချန်ရှို့ ရယ်ရမလို၊ ငိုရမလို ဖြစ်သွား၏။ သို့သော် သူ ပင်ပန်းသည်ဟု မခံစားရပေ။ ထိုသို့ စိတ်ပူခြင်းများသည် သူ့အကျိုးအတွက်ပင် မဟုတ်ပါလား။

အကယ်၍ တာအိုလက်တွဲဖော်ရှာသည့် ဓလေ့ကြီး ပျောက်မသွားဘဲ ဂိုဏ်းသားများ၏ အပျော်အပါးမက်မှုကို မလျှော့ချနိုင်ခဲ့လျှင် ဂိုဏ်းသည်ပြိုလဲသွားနိုင်ပေသည်။ ချုံတောင်လေးအနေဖြင့်လည်း အခြားတောင်များ ကိုယ့်အတတ်ကိုယ်စူး၍ ပြိုလဲနေစဉ်တွင် ထီးထီးကြီး ရပ်တည်နေခြင်းမှာ အဓိပ္ပာယ်မရှိပေ။

နတ်ဝိဇ္ဇာဂိုဏ်းတစ်ဂိုဏ်းသည် ထာဝရ တည်ရှိမနေနိုင်ပေ။

သို့သော် သူ ကိုယ့်ကိုယ်ကို ကာကွယ်နိုင်သည့် အချိန်ရောက်သည်အထိ တုနတ်ဝိဇ္ဇာဂိုဏ်းသည် အားနည်းသွား၍ မဖြစ်ပေ။

ထို့ကြောင့် လီချန်ရှို့သည် လွန်ခဲ့သည့် နှစ်များတွင် ထိုကိစ္စနှင့် ပတ်သတ်၍ တွေးတောနေခဲ့ခြင်းပင်။

‘ ဂိုဏ်းထဲက လူတွေ ပိုပြီး ဂရုတစိုက်ရှိလာပြီး ကြိုးစားကျင့်ကြံလာအောင် ငါ ဘယ်လိုလုပ်ရမလဲ ’

ထိုအကြောင်းကို တွေးကြည့်လိုက်သောအခါ လွန်စွာခက်ခဲကြောင်း သူခံစားလိုက်ရ၏။

ထို့ကြောင့် လီချန်ရှို့သည် ဆေးလုံးအတုကိစ္စကို အသုံးချရန် စိတ်ဆုံးဖြတ်ခဲ့ခြင်းပင်။ လီချန်ရှို့သည် ရေလိုက်ငါးလိုက် ဆက်နေလိုက်ပြီး ဂိုဏ်းအတွက် ကိုယ်ကျိုးစွန့်၍ ပြုလုပ်ပေးရန် ဆုံးဖြတ်ခဲ့၏။

လီချန်ရှို့၏ အစီအစဉ်အရဆိုလျှင် သူသည် တုနတ်ဝိဇ္ဇာဂိုဏ်းတွင် အချိန်ကြာမြင့်စွာ ပုန်းခိုနေရဦးမည် မဟုတ်ပေလော။

သူသည် ဂိုဏ်းကို ပြန်၍ ဖွဲ့စည်းပေးရမည် ဖြစ်သည်။

သို့သော် သူကိုယ်တိုင် ရှေ့ထွက်ကာ လုပ်၍ မရပေ...

******

နှစ်ရက်ကြာပြီးနောက် ဒဏ်ရာများ ပျောက်သွားပြီဖြစ်သော လျှိုဖေးရှန်းသည် တိမ်စီး၍ ပြန်လာ၏။ ထို အတုမဲ့နတ်ဝိဇ္ဇာသည် ခပ်ဖိုင့်ဖိုင့် မျက်နှာရှိပြီး တွေဝေငေးမောနေ၏။ သူ ဂိုဏ်းဂိတ်တံခါးသို့ ရောက်သောအခါ ဦးညွှတ်သည်ဆိုရုံသာ ဦးညွှတ်လိုက်လေသည်။ သူသည် ခေတ္တမျှ ချီတုံချတုံဖြစ်နေပြီးနောက် တုနတ်ဝိဇ္ဇာဂိုဏ်းအတွင်းသို့ ဝင်လိုက်၏။

ဂိတ်စောင့်များ၏ ခေါင်းဆောင်ဖြစ်သော နတ်ဝိဇ္ဇာအိုကြီးသည် ပြုံး၍ ပြောလိုက်၏။

“ ဂိုဏ်းတူ တူလေးလျှို... တူလေးကြည့်ရတာ သိပ်နေမကောင်းသလိုပဲ... ဘာများဖြစ်လို့လဲ ”

“ ကျွန်တော့် ခေါင်းထဲ အတွေးတစ်ခု ရှိနေလို့ပါ။ အခုလို စိတ်ပူပေးတာ ကျေးဇူးတင်ပါတယ် ဆရာဦးလေး... ”

လျှိုဖေးရှန်းသည် ခါးသက်သက်ရယ်မောလိုက်ပြီး ဦးညွှတ်လိုက်၏။ ထို့နောက် သူသည် ကောင်းကင်ခွင်းတောင်သို့ ဦးတည်သွားလိုက်လေသည်။

သူသည် တိမ်စီးရင်းသွားနေရင်းမှပင် ဂိတ်တံခါးရှိ အတုမဲ့နတ်ဝိဇ္ဇာအချို့ စကားပြောနေသံကို ကြားလိုက်ရသဖြင့် နတ်အာရုံသုံး၍ အာရုံခံလိုက်၏။

“ ဘယ်အကျင့်မကောင်းတဲ့‌ကောင်ကများ ကာမအားတိုးဆေးအတုကို လုပ်ခဲ့တာလည်း မသိဘူး။ ရှောင်ဝူလည်း ရွေးစရာမရှိတော့ဘဲ ကာမအားတိုးဆေးကို ပိုင်ဖန်ခန်းမကို အပ်လိုက်ရတယ်... ”

“ အကောက်ကြံဖို့က သိပ်လွယ်တာပဲ။ ဘယ်တော့များ ငါတို့အလှည့်ရောက်လာမလဲ မသိဘူး ”

“ ဟေး... ငါတော့ အဲ့ဆေးလုံးအတု လုပ်တဲ့ကောင်ကို အရဖမ်းပြီး ဒေါသပြေတဲ့အထိ ရိုက်နှက်ပစ်ချင်တာပဲ။ အဲ့လိုလုပ်ဖို့ ငါ့ဆရာတူအစ်မနဲ့တောင် တိုင်ပင်ပြီးသွားပြီ ”

ထို့စကားများကို ကြားလိုက်သောအခါ လျှိုဖေရှန်းသည် အမြီးကုပ်၍ တိမ်စီးကာ အလျင်အမြန်ပြေးလေတော့သည်။

လျှိုဖေးရှန်းသည် တုနတ်ဝိဇ္ဇာခန်းမရှေ့သို့ ရောက်သောအခါ ခေတ္တမျှ ဟိုဒီလျှောက်နေ၏။ ထို့နောက် ရုတ်တရက် သူသည် ခန်းမအ‌ရှေ့ရှိ တံဆိပ်တော်များ၏ အရှေ့သို့သွား၍ ဒူးထောက်လိုက်ပြီး မော့ကာ အော်လိုက်၏။

“ ဂိုဏ်းချုပ်ခင်ဗျား... ကျွန်တော်က ဂိုဏ်းအတွင်းက တာဝန်ရှိသူ လျှိုဖေးရှန်းပါ။ ကျွန်တော် ဂိုဏ်းချုပ်နဲ့ တွေ့ချင်လို့ပါ ”

ထိုစကားကို ကြားသောအခါ ပင်မခန်းမအတွင်းမှ အကြီးအကဲနှစ်ဦး ထွက်လာလေသည်။

ထိုထဲမှ တစ်ဦးသည် နွေးထွေးစွာ ပြောလိုက်၏။

“ ဂိုဏ်းချုပ်က အခန်းအောင်းကျင့်ကြံနေပါတယ်။ တကယ်လို့ အရေးကြီးတဲ့ ကိစ္စဆိုရင် ကျုပ်ကို အရင် ပြောလိုက်ပါ။ တကယ်ကို အရေးကြီးတဲ့ကိစ္စသာဆို ကျုပ် ဂိုဏ်းချုပ်ကို သွားခေါ်ပေးပါမယ် ”

“ ဒါက... ”

လျှိုဖေးရှန် ပြတ်ပြတ်သားသား ပြောလိုက်၏။

“ အကြီးအကဲတို့... ဒီကိစ္စက အရမ်းအရေးကြီးပါတယ်။ ကျွန်တော် ဂိုဏ်းချုပ်ကိုပဲ တိုက်ရိုက်ပြောချင်ပါတယ် ”

“ အိုး... ”

အကြီးအကဲနှစ်ဦးသည် တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီး ချက်ချင်းပင် ခေါင်းခါလိုက်ကြသည်။

“ ဂိုဏ်းရဲ့ စည်းမျဉ်းအရ အကြီးအကဲတွေကနေတဆင့် ဂိုဏ်းချုပ်ကို သတင်းပို့ရတာပဲ။ ဂိုဏ်းချုပ်က ဂိုဏ်းရဲ့ လုံခြုံရေးအတွက် တာဝန်ရှိတယ် ဆိုပေမယ့် သူ့ရဲ့ နေ့စဉ်ကျင့်ကြံမှုကလည်း အရေးကြီးတာပဲ ”

“ ဘာကိစ္စလည်းဆိုတာ ကျုပ်တို့ကို အရင်ပြောပါ ”

“ ကျွန်...ကျွန်တော်... ”

လျှိုဖေးရှန်းသည် မျက်လုံးပင့်လိုက်ပြီး ကျိုးဝူညွှန်ကြားလိုက်သည်များကို ပြန်စဉ်းစားလိုက်၏။ သူသည် ရုတ်ခြည်းပင် ခေါင်းမော့၍ ကြုံးအော်လိုက်၏။

“ ကျွန်တော်က တုနတ်ဝိဇ္ဇာဂိုဏ်းအတွက် သွေးတွေ၊ ချွေးတွေ ပေးဆပ်ခဲ့တာပါ။ ကျွန်တော် တုနတ်ဝိဇ္ဇာဂိုဏ်းအတွက် တိုက်ခိုက်ခဲ့ပါတယ်။ ကျွန်တော့်မှာ ဂိုဏ်းချုပ်နဲ့ တွေ့ခွင့်လောက်‌တော့ ရှိရမှာပေါ့ ”

အကြီးအကဲနှစ်ဦးသည် မျက်မှောင်ကြုတ်သွားပြီး လျှိုဖေးရှန်းကို ဖမ်းချုပ်ရန် ပြင်လိုက်စဉ်တွင် ချောင်းဆိုးသံအချို့ကို ကြားလိုက်ရလေသည်။

ဂိုဏ်းချုပ် ကျိဝူယုံ၏ အသံသည် သူတို့၏ နားအတွင်း၌ ပဲ့တင်ထပ်သွား၏။

“ ဘာလို့ အော်ဟစ်နေရတာလဲ... ဝင်ခဲ့ပါ... ”

လျှိုဖေးရှန်းက နဖူးဖြင့်ကြမ်းပြင် ထိသည်အထိ ဦးညွှတ်လိုက်ပြီး ခပ်သွက်သွက် ထရပ်လိုက်၏။ သူသည် ပင်မခန်းမအတွင်းသို့ ခြေနှစ်လှမ်းဖြင့်သာ ဝင်သွားလိုက်လေသည်။

ချုံတောင်လေးရှိ မြေအောက်လျှို့ဝှက်ခန်းအတွင်း၌ လီချန်ရှို့သည် သူ၏နတ်အာရုံကို သုံး၍ တုနတ်ဝိဇ္ဇာခန်းမကို ကြည့်နေ၏။ လျှိုဖေးရှန်း ပင်မခန်းမအတွင်းသို့ ဝင်သွားသောအခါ သူဆက်ကြည့်မနေတော့ပေ။

လက်ရှိတွင် သူသည် အာကာသနတ်မင်းများ၏ အနီးသို့ နတ်အာရုံမပို့လွှတ်ဝံ့သေးပေ။ အထူးသဖြင့် ဂိုဏ်း၏ ပင်မခန်းမသို့ဆိုလျှင် ပို၍ပင် မပို့ဝံ့ပေ။

ဆက်၍ ဖြစ်လာသည့် ကိစ္စများသည်လည်း လီချန်ရှို့၏ အစီအစဉ်ထဲမှ တစ်စိတ်တစ်ပိုင်းပင်။ သုံးချောင်းထောက်ဆေးတောင်မှ တာဝန်ရှိသူလျှိုသည် သူ၏ အမည်ကိုမပြောဘဲ ငိုယို၍ ဂိုဏ်းချုပ်ကို ညီးညူပြလိုက်သည်။ သူသည် တာအိုလက်တွဲဖော်ရှာသည် ဓလေ့ကြောင့် စိုးရိမ်နေကြောင်းပြောခဲ့၏။ တာအိုလက်တွဲဖော်ရှာသည့် ဓလေ့သည် ဂိုဏ်းတွင်းရှိ တပည့်များ၏ ကျင့်ကြံခြင်းကို အနှောင့်အယှက်ဖြစ်စေသည်ဟု သူခံစားရကြောင်း ပြောခဲ့သည်။ ဂိုဏ်းချုပ်အနေဖြင့် ထိုဓလေ့ကို ဖျက်သိမ်းပေး၍ ကျင့်ကြံခြင်းအပေါ်တွင်သာ အာရုံစိုက်နိုင်မည့် စနစ်အသစ်ကို ဖော်ဆောင်ပေးရန် တောင်းဆိုခဲ့၏။

ဂိုဏ်းချုပ်ကျိဝူယုံသည် ထိုအကြံကို လက်ခံခဲ့ပြီး တာဝန်ရှိသူလျှိုကို နှစ်သိမ့်ခဲ့၏။ ထို့နောက် သူသည် တောင်သခင်များနှင့် အကြီးအကဲများကို ဆင့်‌ခေါ်ကာ ထိုကိစ္စကို ဆွေးနွေးခဲ့လေသည်။

ချက်ချင်းပင် တုနတ်ဝိဇ္ဇာဂိုဏ်းသည် ကြီးကျယ်သော ပြန်လည် ဖွဲ့စည်းမှုကို အားတက်သရော လုပ်ခဲ့ကြ၏။

သို့ရာတွင် နောက်ဆက်တွဲ ဖြစ်ပေါ်လာခဲ့သော ကိစ္စများထဲမှ တစ်ဝက်ခန့်သည် လီချန်ရှို့ မျှော်မှန်းထားခဲ့သည်ထက် ပို၍ ကြီးကျယ်ပေသည်။

ဂိုဏ်းအတွင်း တာအိုလက်တွဲ‌ဖော်များစွာရှိသဖြင့် ဂိုဏ်းကို ပြန်လည်ဖွဲ့စည်းခြင်းကို သုံးလဆိုင်းငံ့ပေးခဲ့၏။ ထို့နောက် မည်သို့မှ ဆက်ဖြစ်မလာတော့ချေ။

ထိုအကြံကို ပေးခဲ့သူမှာ သုံးချောင်းထောက်ဆေးတောင်မှ လျှိုဖေးရှန်းဖြစ်ကြောင်းသိသွားကြ၏။ မကြာသေးခင်က လျှိုဖေးရှန်းသည် အကြိမ်ပေါင်းများစွာ ရိုက်နှက်ခံခဲ့ရသဖြင့် အကြီးအကဲများက ကာကွယ်ပေးထားရလေသည်။

လီချန်ရှို့ ဆွံ့အသွား၏။

‘ အင်း... ငါရဲ့ ကြိုးစားမှုက သဲထဲရေသွန်ဖြစ်သွားပြီပေါ့... ’

‘ တကယ့်ကို ငါ တခြားသူတွေကို တွန်းအားပေးလို့မရဘူးပဲ ’

ထို့ကြောင့် လီချန်ရှို့သည် ချုံတောင်လေးကို ရတနာအဖြစ်ပြောင်းမည့် ရေရှည်စီမံကိန်းတွင် အပြောင်းအလဲအနည်းငယ် စတင်လုပ်ဆောင်လိုက်လေသည်။

‘ ဒီနေ့ကစပြီး ငါ ချုံတောင်လေးရဲ့ အပြင်လွှာ မန္တန်အစီအရင်ကို ဖြည်းဖြည်းချင်းစဆင်ရမယ်... ’

‘ လက်ရှိ ပင်မမန္တန်အစီအရင်ရဲ့ အောက်ခြေနဲ့ဆို ချုံတောင်လေးက တည်ငြိမ်မှုရှိမှာပဲ... ’

‘ ပြီးရင် လိုအပ်တဲ့အချိန်ကျ ငါ အဲ့ဒါကို နှိုးလိုက်မယ်... ချုံတောင်လေးဖြင့် လှည့်လှည်သွားလာခြင်း အစီအစဉ်ပေါ့... ’

*******

အပရဂေါယာနကျွန်းရှိ ဝိညာဉ်တောင်တစ်လုံးအနီးမှ လျှို့ဝှက် ဂူတစ်လုံးထဲတွင် ရွှေရောင်အလင်းတန်းများသည် သလွန်ပေါ်တွင် လှဲလျောင်းနေသော ညှို့ဓာတ်ပြင်းသည့် အမျိုးသမီးကို လွှမ်းခြုံထား၏။

ရွှေရောင်အလင်းတန်များ ပျောက်ကွယ်သွားသောအခါ အရှင်မဝမ်ကျင်းသည် သူမ၏ ကျဉ်းမြောင်းသော ဇာမနီမျက်လုံးများကို ဖြည်းဖြည်းချင်းဖွင့်လိုက်ပြီး နူးနူးညံ့ညံ့ရေရွတ်လိုက်၏။

“ မပူပါနဲ့ လက်ထောက်ဂိုဏ်းချုပ်... ကျမ သေချာပေါက် အကောင်းဆုံးလုပ်မှာပါ ”

အရှင်မဝမ်ကျင်း၏ ဘေးရှိ ဆန်းကြယ်သော တာအိုသင်္ကေတများသည် တဖြည်းဖြည်း ပျောက်ကွယ်သွားလေ၏။

အရှင်မဝမ်ကျင်းသည် ထရပ်လိုက်ပြီး ဝတ်ရုံရှည်ကြီးတစ်ထည်ကို ထုတ်ကာ ဝတ်ဆင်လိုက်သည်။ ထို့နောက် သူမသည် ဂူအတွင်းရှိ ကြာကန်လေးဆီသို့ လျှောက်သွားလိုက်၏။

‘ နောက်ဆုံးတော့ ငါရဲ့ ရင်သွေးတွေကို ထပ်ပြီး မြင်ရပြီပေါ့... ’

အရှင်မဝမ်ကျင်းသည် အေးစက်စက်ပြုံးလိုက်၏။

တန်ခိုးရှင်သည် တန်ခိုးအစွမ်းကြီးမားပေသည်။ သူသည် သူမကို အချိန်မရွေးသတ်ပစ်နိုင်သော်လည်း သတိကြီးကြီးထား၍ ဆက်ဆံနေသေး၏။

သူသည် ဤအကြိမ်တွင် သူမကို အနောက်သမုဒ္ဒရာနဂါးနန်းတော်နှင့် တောင်သမုဒ္ဒရာနဂါးနန်းတော်တို့ကြားတွင် ပြဿနာမီးမွှေးခိုင်းလိုက်၏။ သို့သော် သူသည် သူမကို သွေးခြင် သုံးပုံတစ်ပုံသာ ပြန်ပေးခဲ့၏။

“ နဂါးမျိုးနွယ်က အင်အားနည်းလာပြီဆိုပေမယ့် လျှော့တွက်လို့တော့ မရဘူး။ အနောက်ကျောင်းတော်က နဂါးတွေကို အပြစ်ပေးချင်တာနဲ့ပဲ နင်က ငါ့ကို နဂါးမျိုးနွယ်အပေါ် ဖိအားပေးစေချင်တယ်ပေါ့လေ။ နင်က ငါ့ရင်သွေးတွေရဲ့ အသက်ကို ဖွဲဆန်ကွဲလိုသ‌ဘောထားနေတာပဲ... ”

အရှင်မဝမ်ကျင်းသည် သူမဘာသာ ရေရွတ်လိုက်သည်။

ယခုကိစ္စသည် ယခင်က သူမတို့ တုနတ်ဝိဇ္ဇာဂိုဏ်းကို အကောက်ကြံခဲ့သည်နှင့် ကွဲပြား၏။ သူမ သေချာ စီစဉ်ရမည်ဖြစ်သည်။ သူမအတွက် တုနတ်ဝိဇ္ဇာဂိုဏ်းကို အကောက်ကြံခြင်းသည် ကလေးကစားသကဲ့သို့သာ ဖြစ်သည်။

သို့သော် ရလဒ်သည် အနည်းငယ် ကြောက်စရာကောင်းခဲ့၏။ ရန်ကျောင်းတော်၏ ဝါအကြီးဆုံးတပည့်ထံတွင် သူမ မည်သူ၊ မည်ဝါ ဖြစ်ကြောင်း ပေါ်သွားတော့မလိုပင် ဖြစ်ခဲ့လေသည်။

‘ ငါက အခု နဂါးမျိုးနွယ်ကို အကောက်ကြံပေးရမှာဆိုတော့ ကျောင်းတော်သုံးကျောင်းလက်အောက်က တာအိုဂိုဏ်းတွေနဲ့ ဘာမှ ပတ်သက်မှုရှိမှာ မဟုတ်ပါဘူး။ နဂါးမျိုးနွယ်နဲ့ တာအိုဂိုဏ်းဆိုတာ ပြဒါးတစ်လမ်း၊ သံတစ်လမ်းပဲ။ ငါ အဲ့ကြောက်စရာကောင်းတဲ့ ရန်ကျောင်းတော်က လူနဲ့ ထပ်မတွေ့ရလောက်ပါဘူး... ’

ထိုအကြောင်းကို စဉ်းစားမိသောအခါ အရှင်မဝမ်ကျင်း၏ နှုတ်ခမ်းစွန်းများ တွန့်ကွေးသွား၏။

‘ ငါ့ကို ကြောက်အောင်လုပ်နိုင်တဲ့ တန်ခိုးရှင်ရဲ့ တပည့်ဆိုတာ တကယ့်ကို ရှားပါးပဲ... ’

‘ ဟင်း... ’

‘ ငါ့ရဲ့ ရုပ်သေးတွေကို ဖျက်ဆီးခဲ့တဲ့ သူကတော့... ငါရဲ့ အာရုံစိုက်မှုကို ခံနေရပြီပေါ့ကွာ... ’

All Chapters