← Chapters

ကျွန်တော်၊ ကျမတို့မှာ မိတ်ဆွေတစ်ယောက်ရှိပါတယ်

Vol. 10 Ch. 134

ကျွန်တော်၊ ကျမတို့မှာ မိတ်ဆွေတစ်ယောက်ရှိပါတယ်

Vol. 10 Ch. 134

ကာမအားတိုးဆေးလုံးမှ အကျိုးအမြတ်မရတော့သောအခါ လီချန်ရှို့ရရှိသော ပိုက်ဆံများသည် ချက်ချင်းပင် တစ်ဝက်လျော့ကျသွား၏။

လီချန်ရှို့သည် သူပုံစံဆွဲ၍ ပြီးသွားသော မန္တန်အစီအရင်၏ ပုံစံကို ကြည့်လိုက်သည်။ ထိုမန္တန်အစီအရင်၏ အောက်ခြေကို ပြုလုပ်ရန် လိုအပ်သော ပစ္စည်းများ၏ အရေအတွက်၊ အရည်အသွေးနှင့် တန်ဖိုးတို့ကို အကြမ်းဖျင်းတွက်ချက်လိုက်၏။ သူသည် မိမိဘာသာ အတန်ကြာရေရွတ်နေ၏။

သူ၏ အထူးရေရှည်အစီအစဉ်မှာ ချုံတောင်လေးကို ဓမ္မရတနာတစ်ခုအဖြစ် ပြောင်းလဲ၍ တိုက်ခိုက်မှုစနစ်၊ ကာကွယ်မှုစနစ်၊ နေထိုင်ရာနေရာနှင့် ဖျော်ဖြေမှု အားလုံးပေါင်းစပ်ပါဝင်သည့် ရွေ့လျား၍ရသော တောင်တစ်ခုအဖြစ် ပြုလုပ်ရန်ဖြစ်သည်။

လက်ရှိတွင် ချုံတောင်လေးကို ဓမ္မရတနာအဖြစ်သို့ ပြောင်းလဲမည့် အစီအစဉ်ကို အဆင့်သုံးဆင့်ခွဲခြားထား၏။ လုံခြုံမှုရှိစေရန် ပထမအဆင့်တွင် အတော်အတန် အရေးကြီးသည့် သတ်ဖြတ်နိုင်၊ ကာကွယ်နိုင်၍ ဓမ္မရတနာအဖြစ် ပြောင်းလဲရန် အခြေခံလိုအပ်ချက်များကို ပေးစွမ်းနိုင်သော ရှုပ်ထွေးသော ‌ရွေ့လျားမန္တန်အစီအရင်ကြီးကို ဖန်တီးရန် စီစဉ်ထား၏။

သူ၏ လက်ရှိ နတ်တန်ခိုးသည် ချုံ‌တောင်လေးတစ်ခုလုံးကို ပြင်ဆင်ရန် မလုံလောက်သေးသဖြင့် အာကာသမန္တန်အစီအရင်အပေါ်တွင်သာ မှီခိုရမည် ဖြစ်သည်။ သို့သော် အာကာသမန္တန်အစီအရင်ကို ဆင်နိုင်ရန် လိုအပ်ချက်များစွာ ရှိ၏။

လီချန်ရှို့ တွက်ချက်မှုတစ်ခု လျင်မြန်စွာ ပြုလုပ်လိုက်သည်။

“ ချုံတောင်လေးအတွက် ပေးထားတဲ့ ပုံသေအသုံးစရိတ်ရယ် ဆရာ၊ ညီမလေးနဲ့ ငါတို့သုံးယောက်ရဲ့ လစဉ်အသုံးစရိတ်တွေကိုသာ အသုံးပြုခဲ့မယ်ဆိုရင် ချုံတောင်လေးတစ်ခုလုံးကို ပြင်ဆင်နိုင်ဖို့ နောက်ထပ် နှစ်သုံး...သောင်း...နှစ်သုံးသောင်းလောက် လိုမှာပဲ။ ငါသာ မြို့ထဲမှာ ဆေးလုံး‌ရောင်းလို့ရတဲ့ ပိုက်ဆံတွေကိုပါ ထည့်သုံးခဲ့ရင် နှစ်တစ်ထောင်ကျော်လောက်နဲ့ ပြီးနိုင်တယ်... ”

သူ၏ လက်ရှိ သက်တမ်းအရဆိုလျှင် နှစ်တစ်ထောင်ကျော်သည် မပြောပလောက်ပေ။ ထို့ပြင် တုနတ်ဝိဇ္ဇာဂိုဏ်းသည်လည်း နှစ်တစ်ထောင်အတွင်း မပြိုလဲလောက်သေးပေ။

သို့သော် လီချန်ရှို့သည် စိတ်အေးရစေရန် တတ်နိုင်သမျှ မြန်မြန် အပြီးသတ်လို၏။ ထို့ကြောင့် လီချန်ရှို့သည် ဂိုဏ်းမှထွက်ရန်မလို၊ ဝှက်ဖဲများကိုလည်း ထုတ်ပြရန်မလိုသည့်အပြင် ဂိုဏ်း၏ သဟဇာတဖြစ်နေမှုကို မပြိုကွဲစေဘဲ ပိုက်ဆံရှာနိုင်မည့် နည်းလမ်းအချို့ကို နေ့ဝက်ခန့် တွေးတောနေ၏။

သို့သော် လီချန်ရှို့သည် သူ၏ အကြံအချို့ကို လက်လျှော့လိုက်၏။ ထိုအကြံအချို့ကို ဥပမာပေးရလျှင် ‘ ချုံတောင်လေး၏ ထောင်ချောက်မန္တန်အစီအရင်များနှင့် လှည့်ဖျားမန္တန်အစီအရင်များတွင် စွန့်စားသွားလာခြင်း ’၊ ‘ ချုံတောင်လေး၏ တောင်ပေါ်အသားကင် အပန်းဖြေစခန်း ’ စသည်တို့ ဖြစ်သည်။ ထိုအရာများသည် သူ၏ ညီမလေးနှင့် ဆရာတို့၏ ကျင့်ကြံခြင်းကို ထိခိုက်စေနိုင်ပေသည်။

နောက်ဆုံးတွင် လီချန်ရှို့သည် ထိုအကြံများထဲမှ အကြံတစ်ခုကိုသာ ရွေးချယ်လိုက်သည်။ ထိုအကြံသည် အကျိုးအမြတ်နည်းမည်ဖြစ်သော်လည်း ဘေးထွက်ဆိုးကျိုးလည်း အနည်းဆုံးဖြစ်၏။ သူသည် ထိုအကြံအတွက် လိုအပ်သည့် ပစ္စည်းများကို ပြုလုပ်လိုက်ပြီး ချုံတောင်လေးပေါ်ရှိ ရေကန်ဘေးတွင် ထားလိုက်သည်။

သူသည် ထိုနေ့တစ်ဝက်ကို ဖြုန်းတီးလိုက်ခြင်းမဟုတ်ဟု တွေးလိုက်၏။

ရေကန်ဘေးတွင် ကျန့်ဝက်ခန့်မြင့်သော သစ်သားသေတ္တာလေးရှိနေလေသည်။ သူသည် ‌ဘေးမှတံခါးကို ဖွင့်လိုက်ရာ အထဲတွင် သစ်သားဖြင့်ထုလုပ်ထားသော ကြောင်ဝမ်းပူရုပ်လေး တစ်ရုပ်ကိုတွေ့ရ၏။ သူသည် ထိုအရုပ်ကို ဆေးပင်မခြယ်ခဲ့ပေ။

သစ်သားသေတ္တာ၏ ဘေးတွင် သစ်သားပြားတစ်ပြားရှိ၏။ ထိုအပေါ်တွင် စာတန်းအချို့ရေးသားထားသည်။

“ ဒီသေတ္တာလေးက ကြောင်နတ်မင်းနိမိတ်ဖတ်သေတ္တာ လို့ခေါ်ပါတယ်။ ဒါပေမဲ့ တကယ်တော့ ဒီဟာက သင်တို့ မေးတဲ့မေးခွန်းကိုသာ ပြန်ပြီးဖြေကြား အကြံပေးမှာပါ။ သင်တို့ အသုံးမပြုခင် ဝိညာဉ်ကျောက်တုံး၊ ဓမ္မရတနာ၊ ဆေးလုံးတွေနဲ့ တခြားတန်ဖိုးရှိတဲ့ ပစ္စည်းတွေကို ကြောင်နတ်မင်းရဲ့ ပါးစပ်ထဲကို ပစ်ထည့်လိုက်ပါ။ အကြံပေးချက်ရေးသားထားတဲ့ ဝါးပြားလေးတွေ သစ်သားသေတ္တာအောက်နားက ထွက်လာပါလိမ့်မယ် ”

“ သတိပြုပါ။ ။ ဤပစ္စည်းကို အသုံးပြုလိုက်သည်နှင့် တစ်ပြိုင်နက် ‘ ကြောင်နတ်မင်းနိမိတ်ဖတ်သေတ္တာ ’ ၏ စည်းကမ်းချက်များကို လက်ခံလိုက်ပြီးဟု ယူဆလိုက်မည်ဖြစ်သည်။ လက်ရှိတွင် ပိုက်ဆံပြန်အမ်းပေးသည့် ဝန်‌ဆောင်မှု မရှိသေးပါ ”

“ လေးစားစွာဖြင့်... ချုံတောင်လေး၏ တောင်သခင် ချီယွမ် ”

‘ ဘယ်သူတွေများ လာသုံးလောက်မလဲ ’

လီချန်ရှို့ ခေါင်းခါလိုက်ပြီး သစ်သားသေတ္တာအတွင်း၌ ပင့်ကူအိမ်အသေးလေးတစ်ခုကို မသိမသာ ထားလိုက်လေသည်။ ထို့နောက် သူသည်‌ ဆေးဖော်ဆောင်ဆီသို့ ပျံသန်းသွားလိုက်ပြီး ဆေးလုံများဖော်ခြင်း၊ တာအိုတရားကျင့်ကြံခြင်းတို့ကို ဆက်လက်ပြုလုပ်နေလိုက်သည်။

ထိုသစ်သားသေတ္တာအတွင်းပိုင်းတွင် ရှုပ်ထွေးသော အစိတ်အပိုင်းများ ရှိ၏။ အထဲတွင် ဝါးပြား(၄၉)ပြား ရှိသည်။ ဝါပြားတစ်ပြားချင်းစီပေါ်တွင် ‘ သိပ်မဆိုးပေ ’ သို့မဟုတ် ‘ မရေရာပေ ’ စသော စာသားများကို ရေးသားထား၏။

“ အင်း ငါ့မှာ တခြားသူတွေကို လိမ်နိုင်တဲ့ ပါရမီမပါဘူးပဲ ”

လီချန်ရှို့သည် သက်ပြင်းချလိုက်ပြီး နက်မှောင်သော ဆေးပေါင်းဖိုကြီးကို နှိုးလိုက်သည်။ ထို့နောက် သူသည် အထဲသို့ သူပြင်ဆင်ထားသည့် ဆေးပင်များထည့်လိုက်သည်။

နေ့ဝက်ကြာပြီးနောက်... လီချန်ရှို့၏ စိတ်အတွင်း၌ သစ်သားသေတ္တာ၏ ပုံရိပ်ပေါ်ပေါက်လာ၏။

ခေါင်းအသေးလေးတစ်ခု သစ်သားသေတ္တာအနားသို့ တိုးကပ်လာသည်။ သူမ၏ မျက်နှာထားသည် သိမ်မွေ့၍ ရုပ်ရည်သည်လည်း စွဲဆောင်မှုရှိပေသည်။ သူမတွင် အညိုဖျော့ရောင် ဆံပင်တိုများရှိပြီး သေတ္တာအတွင်းရှိ သစ်သားကြောင်ရုပ်လေးကို လေ့လာကြည့်ရှုနေလေသည်။

သူမသည် သေတ္တာနှင့် နီးကပ်နေသဖြင့် လီချန်ရှို့သည် မျက်နှာကို ကပ်၍ မြင်နေရသည်ဖြစ်ရာ မည်သူမည်ဝါမှန်း သဲသဲကွဲကွဲမသိရသေးပေ။

သို့သော် သူမသည် ရှေ့သို့ကိုင်းနေရာမှ ပြန်၍ မတ်မတ်ရပ်လိုက်သည်။ သူမ၏ အင်္ကျီလေးသည် တင်းကြပ်နေ၏။

‘ ဆရာဒေါ်လေးကျိုးကျိုး... ’

တချိန်တည်းမှာပဲ လီချန်ရှို့သည် လေလှိုင်းအသံဖမ်းအတတ်ကို သုံးလိုက်ရာ ဆရာဒေါ်လေး၏ တီးတိုးပြောနေသံကို ကြားလိုက်ရသည်။

“ နိမိတ်ဖတ်သေတ္တာဆိုပါလား... မင်းက ဘယ်သူ့ကို လိမ်ဖို့ ကြိုးစားနေတာလဲ။ တခြားသူတွေရဲ့ ဝိညာဉ်ကျောက်တုံးတွေကို ဒီဟာလေးလောက်နဲ့ ယူနိုင်မယ်ထင်လို့လား ”

ဆရာဒေါ်လေး ရယ်လိုက်၏။ သူမသည် ရိုးရိုးကျောက်ခဲတစ်ခဲကို ကောက်၍ သစ်သားကြောင်လေး၏ ပါးစပ်ထဲသို့ ပစ်ထည့်လိုက်၏။ ထို့နောက် လေးလေးနက်နက် ပြောလိုက်၏။

“ နိမိတ်ဖတ်သေတ္တာ... နားထောင်... ငါ့မှာ အခု ပြဿနာအသေးလေးတစ်ခု ရှိနေတယ်။ ငါ ဘယ်လိုလုပ်ရင် အရက်တွေ၊ စားကောင်းသောက်ဖွယ်တွေကို ပိုပြီးရနိုင်မလဲ။ ပြီးတော့ ချောမောခံ့ညားတဲ့ ယောက်ျားတွေကိုရော ဘယ်လိုရနိုင်မလဲ ”

“ အင်း... နောက်ဆုံးတစ်ခုကိုတော့ ငါ မမေးတော့ပါဘူး ”

လီချန်ရှို့ ပြုံး၍ မျက်စိမှေးလိုက်သည်။ ခေတ္တတွေးတောပြီးနောက် သူသည် သစ်သားသေတ္တာအတွင်းရှိ မန္တန်အစီအရင် အသေးစားလေးကို နှိုးလိုက်၏။ ဝါးပြားလေးတစ်ခုသည် သစ်သားသေတ္တာအောက်ခြေရှိ အပေါက်အတွင်းမှ ထွက်လာ၏။ ကျိုးကျိုး ဝါးပြားလေးကို ယူလိုက်သည်။

ကျိုးကျိုးသည် ဝါးပြားပေါ်တွင်ရေးထားသော စာများကို တီးတိုးရွတ်၍ ဖတ်လိုက်သည်။

“ သင့်ရဲ့ နှလုံးသားထဲမှာ သံသယတွေများနေပါတယ်။ ဒါပေမဲ့ အဖြေက သင့်နှလုံးသားရဲ့ အောက်ခြေမှာ ရှိနေပါတယ်။ ယခု သင့်မှာ ရှိနေတဲ့ အရာတွေကို ဘယ်သူပေးထားတယ်ဆိုတာကို မမေ့ပါနှင့်။ တန်ဖိုးထားပါ ”

ကျိုးကျိုး မျက်တောင်ခတ်၍ ရေရွတ်လိုက်၏။

“ ဒါက စိတ်ဝင်စားစရာကောင်းသားပဲ ”

သူမသည် ဝါးပြားလေးကို တစ်ဖက်သို့လှန်ကြည့်လိုက်ရာ စာတန်းတစ်ကြောင်း ရေးသားထားသည်ကို တွေ့လိုက်ရ၏။

“ ကျေးဇူးပြု၍ ဤဝါးပြားလေးကို ယူမသွားပါနှင့်။ သေတ္တာဘေးရှိ အပေါ်အတွင်းသို့ ပြန်ထည့်လိုက်ပါ ”

သူမသည် ဝါးပြား‌လေးကို ပြန်ထည့်လိုက်သည်။ ထိုဝါးပြားပေါ်ရှိ လက်ရေးသည် ချီယွမ်၏ လက်ရေးဖြစ်ကြောင်း သူမ မသိပေ။

ကျိုးကျိုး ခေတ္တမျှတွေးတောလိုက်ပြီး စိတ်တန်ခိုးကုန်ခမ်းခါနီးပြီဖြစ်သော ဝိညာဉ်ကျောက်တုံးတစ်တုံးကို ထုတ်၍ ကြောင်ဝမ်းပူ၏ ပါးစပ်အတွင်းသို့ ပစ်သွင်းလိုက်သည်။

ထို့နောက် ကျိုးကျိုးက ပြောလိုက်၏။

“ ငါ မင်းကို နောက်မေးခွန်းတစ်ခု မေးမယ်။ မကြာသေးခင်တုန်းက ငါ အစ်မခြောက်နဲ့ အစ်မလေးတို့ သူတို့ရဲ့ တာအိုလက်တွဲဖော်တွေအကြောင်းကို မကျေမနပ်ပြောနေတာ ကြားခဲ့ရတယ်။ တာအိုလက်တွဲဖော်ထားတာက ကောင်းတဲ့ကိစ္စလား၊ ဆိုးတဲ့ကိစ္စလား ”

ဆေးဖော်ဆောင်အတွင်း၌ ရှိနေသော လီချန်ရှို့သည် ခေတ္တမျှတွေးတောလိုက်သည်။ သူ လက်ဖြောက်တီးလိုက်ရာ သစ်သားသေတ္တာအတွင်းရှိ မန္တန်အစီအရင်အသေးလေးသည် ဝါးပြားနောက်တစ်ပြားကို ထပ်မံထုတ်ပေးလိုက်သည်။

ကျိုးကျိုးသည် ဝါးပြားလေးကို ကိုင်၍ တီးတိုးဖတ်လိုက်၏။

“ အမတလမ်းစဉ်က အလွန်နူးညံသိမ်မွေ့ပါတယ်။ လူသားတွေရဲ့ တာအိုကလည်း ရှင်းလင်းပါတယ်။ သေမျိုးဖြစ်ဖြစ်၊ နတ်ဝိဇ္ဇာဖြစ်ဖြစ် နောက်ဆုံးမှာတော့ ခွဲခွာရမှာပါပဲ။ ဘာလို့များ သံယောဇဉ်တွေ အတွယ်ခံနေရမှာလဲ... ”

“ အိုး... ဒါက အကျိုးအကြောင်း ဆီလျော်သားပဲ။ ဒီပစ္စည်းက တော်တော်လေး စွမ်းတာပဲ ”

ကျိုးကျိုးသည် ခေတ္တမျှတွေးတောလိုက်ပြီးနောက် ဟိုကြည့်ဒီကြည့် ကြည့်လိုက်သည်။ သူမသည် ပတ်ပတ်လည်တွင် အသံလုံအလွှာလေးတစ်ခုကို ဖန်ဆင်းလိုက်၏။ ဤအကြိမ်တွင် သူမသည် အရည်အသွေးကောင်းသော ကျောက်စိမ်းပြားလေးတစ်ပြားထုတ်လိုက်ပြီး သစ်သားကြောင်၏ ပါးစပ်အတွင်းသို့ ထည့်လိုက်၏။

ဟူး..ဟူး..

သူမသည် လက်ဖဝါးနှစ်ဖက်ကို ဆုပ်လိုက်ပြီး အသက်ပြင်းပြင်တစ်ချက်ရှူကာ ပြန်မှုတ်ထုတ်လိုက်သည်။

“ ဒီတော့... ကြောင်နတ်မင်း... ငါ့မှာ မိတ်ဆွေတစ်ယောက်ရှိတယ်။ အဲ့မိတ်ဆွေက သူ့ထက် အသက်ရော၊ ဝါရော အများကြီး ငယ်တဲ့ တူလေးတစ်ယောက်အပေါ်မှာ ကျေးဇူးကြွေးတွေ အကြွေးတင်နေတယ်တဲ့။ သူက အဲ့ကျေးဇူးကြွေးတွေကိုဘယ်လိုပြန်ဆပ်ရမလဲ မသိဖြစ်နေတယ်။ သူဘာလုပ်သင့်လဲ ”

လီချန်ရှို့ အသံတိတ်ရယ်လိုက်ရ၏။ အရည်အသွေးကောင်းသော ကျောက်စိမ်းပြားလေး၏ မျက်နှာကြောင့် လီချန်ရှို့သည် သူမကို ကောင်းသောစာများရေးထားသည့် ဝါးပြားလေးကို ပေးလိုက်၏။

“ လွတ်လွတ်လပ်လပ် အပူအပင်ကင်းကင်းသာ နေပါ။ အမတလမ်းစဉ်ကို လျှောက်လှမ်းနေတဲ့သူတစ်ယောက်အနေနဲ့ မမြင်နိုင်တဲ့အရာတွေကို တွေးပူနေစရာမလိုပါဘူး ”

ကျိုးကျိုးသည် ထိုနေရာတွင် ရပ်နေ၍ ခေတ္တမျှ တွေးတောနေ၏။ ထို့နောက် သူမ၏ မျက်နှာလေးပေါ်တွင် သဘောပေါက်သွားသည့် အရိပ်အယောင်တစ်ခု ပေါ်ပေါက်လာလေသည်။ သူမသည် ကြောင်နတ်မင်းကို ဦးညွှတ်လိုက်ပြီး ပျော်ရွှင်သောမျက်နှာထားဖြင့် ထွက်သွားလေတော့သည်။

‘ ဆရာဒေါ်လေးကျိုးကျိုးပဲ ဒီနိမိတ်ဖတ်သေတ္တာဆိုတာကို ယုံမယ်ထင်တယ်.. သူက အမြဲမူးနေတာကိုး...အဟမ်း... ’

လီချန်ရှို့ စိတ်ထဲမှ ရယ်လိုက်သည်။ ထိုကျောက်စိမ်းပြားလေသည် မဆိုးလှပေ။ ထိုကျောက်စိမ်းပြားကို အဖိုးတန်ပစ္စည်းအချို့ဖြင့် လဲလှယ်၍ ရနိုင်ပေသည်။

သို့သော် လီချန်ရှို့ မမျှော်လင့်ထားသည်များ ဖြစ်ပေါ်လာ၏။

နှစ်ရက်ကြာပြီး‌နောက် ကျိုးကျိုးသည် ကျိုးလုအာကို ဆွဲခေါ်လာလေသည်။

ကျိုးလုအာထံတွင်လည်း ပြဿနာတစ်ခုရှိနေ၏။ သူမသည် သူမ၏ အိမ်ထောင်ရေးကိစ္စကို မေးမြန်းခြင်းဖြစ်သော်လည်း “ ကျွန်မမှာ မိတ်ဆွေတစ်ယောက်ရှိပါတယ် ” ဟုပြော၍သာ မေးမြန်း၏။

လီချန်ရှို့သည် အကျင့်မကောင်းသောသူ မဟုတ်ပေ။

သူ သူမကို ပေးလိုက်သော ဝါးပြားလေးသည် စိတ်အေးအေးထား၍ ကျင့်ကြံခြင်းပေါ်တွင် ပို၍ အာရုံစိုက်ရန် ရေးထားသော ဝါးပြားလေးဖြစ်သည်။ သူမသာ ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိလျှင် လောကကြီးထဲတွင် မည်သည့်ပြဿနာနှင့်မှ ကြုံရမည် မဟုတ်ပေ။

ကျိုးလုအာသည် အတန်ကြာတွေးတောနေပြီး‌နောက် ဟက်ဟက်ပက်ပက် ပြုံးလိုက်၏။ သူမသည် ကြောင်နတ်မင်းကို ဦးညွှတ်၍ ထွက်သွားလေသည်။

ကျိုးလုအာသည် ဝိညာဉ်ကျောက်တုံး အကြီးစားအချို့ကို ပေးသွားသည်ဖြစ်ရာ ဤတစ်ခေါက် သူ့အတွက် နေ့တွက်ကိုက်သည်ဟု ဆိုနိုင်ပေသည်။

နောက်လဝက်အတွင်း ကျိုးနတ်ဝိဇ္ဇာလေးပါးသည် တစ်ယောက်ပြီး တစ်ယောက် ရောက်ရှိလာကြ၏။ ကျိုးဝိဇ္ဇာများနှင့် ရင်းနှီးသော ကောင်းကင်ခွင်းတောင်ရှိ အတုမဲ့နတ်ဝိဇ္ဇာ ငါးပါး၊ ခြောက်ပါးလောက်သည်လည်း ရောက်ရှိလာ၏။ လီချန်ရှို့သည် အလိုလိုနေရင်း ဝိညာဉ်ကျောက်တုံးနှင့် ဝိညာဉ်ကျောက်စိမ်းပြား တစ်ရာကျော်ရရှိခဲ့လေသည်။

ထိုပမာဏသည် တစ်လစာ လစဉ်အသုံးစရိတ်နှင့် ညီမျှပေသည်။

ထို့ပြင် ထိုသူများသည် ကျေနပ်ပီတိဂွမ်းဆီထိ၍ ပြန်သွားသော်လည်း အမှန်တွင် မည်သည့်အကျိုးကျေးဇူးမှ ရသွားသည် မဟုတ်ပေ။ သူတို့သည် ထိုနည်းလမ်းကို အသုံးပြု၍ သူတို့၏ ခေါင်းထဲတွင် ရှိထားသော အတွေးများကို အတည်ပြုခြင်းသာဖြစ်သည်။ ထို့ကြောင့် လီချန်ရှို့တွင် မည်သည့် ကမ္မနှောင်ကြိုးမှ လာရောက်မငြိတွယ်ပေ။

‘ ဒီနည်းလမ်းက တကယ်ကို အလုပ်ဖြစ်တာလား... ’

သစ်သားသေတ္တာလေးဆီသို့ သူ၏ အာရုံကို မကြာခဏ ပို့လွှတ်၍ အချိန်နှင့် စွမ်းအင် အနည်းငယ် အကုန်ခံလိုက်ရခြင်းသည် သူ့အတွက် အပမ်းမကြီးပေ။

လီချန်ရှို့သည်လည်း အတန်ငယ် အံ့အားသင့်နေ၏။ သူသည် နောက်ထပ် ဝါးပြား အပြား(၃၆၀)ကို ညတွင်းချင်းပင် ထပ်လုပ်၍ သစ်သားသေတ္တာကိုလည်း တိုးချဲ့ခဲ့၏။ သူသည် အတွင်းရှိ မန္တန်အစီအရင်အသေးလေးများနှင့် တံဆိပ်တော်များကိုလည်း ပို၍ ကောင်းမွန်အောင် ပြင်ဆင်လိုက်သည်။

ဝါးပြားများပေါ်ရှိ အကြောင်းအရာများသည် မရှုပ်ထွေးပေ။ ထို့ပြင် တိကျသော အဓိပ္ပာယ်လည်း မရှိပေ။ ထိုစာသားများ၏ အဓိပ္ပာယ်ကို တိုက်ရိုက် ယူ၍လည်းရသလို ပြောင်းပြန် ယူ၍လည်းရ၏။ မိမိကြိုက်သလို ယူနိုင်ပေသည်။

မည်သည့် အဓိပ္ပာယ်ကို ယူမည်ဆိုသည်မှာ မေးသောပုဂ္ဂိုလ်သည် မည်သည့်မေးခွန်းကို မေး၍ မည်သည့်အဖြေကို လိုချင်နေသနည်း ဆိုသည့်အပေါ်တွင် မူတည်၏။

လီချန်ရှို့သည် စိတ်ထဲတွင် သံသယများရှိနေ၍ ရှင်းလင်းစေရန် လာရောက်မေးမြန်သူများအတွက် ဝါးပြားသုံးမျိုးပြင်ဆင်ထား၏။

ပထမတစ်မျိုးမှာ “ ရှေ့လမ်းခရီးတွင် သင့်ကို ကူညီမည့်သူ ပေါ်လာပါလိမ့်မည် ” ဟူသကဲ့သို့မျိုး စာများဖြစ်သည်။

ဒုတိယတစ်မျိုးမှာ “ နောက်သို့ ခြေတစ်လှမ်းဆုတ်၍ ကြည့်လိုက်လျှင် လောကကြီးသည် မည်မျှ ကျယ်ပြန့်ကြောင်း သင်သိပါလိမ့်ယ် ” ဆိုသကဲ့သို့ စာများဖြစ်သည်။

တတိယတစ်မျိုးကား “ မိမိ၏ နှလုံးသားကို ပြန်၍ မေးပါ ” ဟူ၍ဖြစ်သည်။

ထိုသို့ဖြင့် ‘ ကြောင်နတ်မင်းနမိတ်ဖတ်သေတ္တာ ’ သည် လျင်မြန်စွာ ပို၍ ပြီးပြည့်စုံလာပေသည်။

သေတ္တာဆီသို့ နေ့စဉ်လာ၍ အကြံတောင်းသော လူတစ်ဦး၊ နှစ်ဦးလည်းရှိ၏။

ထို့ကြောင့် လီချန်ရှို့သည် သူ့ဆရာ၏ ကျင့်ကြံခြင်းကို အနှောင့်အယှက်မဖြစ်စေရန် သေတ္တာကို ချုံတောင်လေးအနောက်ဘက်ရှိ တောအုပ်အတွင်းသို့ ပို့လိုက်၏။

လီချန်ရှို့အတွက် စိတ်ဝင်စားစရာကောင်းသောအရာတစ်ခုမှာ လာရောက်မေးမြန်းသော သူများသည် “ ကျွန်တော်၊ ကျမတို့မှာ မိတ်ဆွေတစ်ယောက်ရှိပါတယ် ” ဟူ၍သာ ပြောကာ မေးမြန်းကြခြင်းဖြစ်သည်။

လဝက်ကြာပြီးနောက်...

ညနေခင်းအချိန်တစ်ခုတွင် လီချန်ရှို့ ရင်းနှီးသော လူတစ်ယောက်သည် သစ်သားသေတ္တာလေးဆီသို့ ရောက်လာ၏။

သူမသည် အပြာနုရောင်ဝတ်စုံလေးကို ဝတ်ဆင်ထား၏။ သူမသည် လွန်စွာလှပသော်လည်း ပြုံးရယ်ခြင်းမရှိပေ။ သူမကား ယုံချင်ရွှမ်းယာပင်။

လီချန်ရှို့သည် သူမကို မြင်လိုက်သောအခါ ပြဿနာလာရှာခြင်းဖြစ်ရမည်ဟု တွေးလိုက်မိ၏။ သို့သော် ယုံချင်ရွှမ်းယာသည် အခြားသူများ ပြုမူသကဲ့သို့ လျင်မြန်စွာ ပြုမူလိုက်သည်။

သူမသည် ဘေးဘီဝဲရာကြည့်၍ အသံလုံးအလွှာတစ်ခုကို ဖန်ဆင်းလိုက်၏။ ထို့နောက် သူမသည် အသက်ပြင်းပြင်းတစ်ချက်ရှူလိုက်ပြီး နတ်ဝိညာဉ်ကျောက်တုံး နှစ်တုံးကို ကြောင်ရုပ်၏ ပါးစပ်အတွင်းသို့ ထည့်လိုက်သည်။

ဆေးဖော်နေသော လီချန်ရှို့၏ မျက်နှာထားသည် တည်သွား၏။ နတ်ဝိညာဉ်ကျောက်တုံးသည် အလွန်အဖိုးတန်သည် မဟုတ်ပါလား။ သူတွေးလိုက်၏။

‘ အဆိပ်မညီမလေးမှာ ဘာအကြီးစား ပြဿနာများရှိနေလို့လဲ ’

သို့သော် လီချန်ရှို့ မမျှော်လင့်ထားသည့်အရာပင် ထပ်မံဖြစ်လာ၏။

“ ကြောင်နတ်မင်း... ကျမမှာ မိတ်ဆွေတစ်ယောက်ရှိပါတယ် ”

ယုံချင်ရွှမ်းယာက နူးညံစွာပြောလိုက်၏။

“ သူ ဘာဖြစ်နေမှန်းတော့ ကျမ မသိပါဘူး။ သူက အခုတလော မကြာမကြာ စိတ်မသက်မသာ ခံစားနေရတယ်။ သူ့ရဲ့ ရင်ထဲမှာ ဂိုဏ်းတူအစ်ကိုတစ်ယောက် ပေါ်ပေါ်လာတယ်တဲ့။ သူ တာအိုတရားကျင့်ကြံပြီးလို့ အားတဲ့အချိန်တိုင်း သူ အရင်ဆုံးလုပ်တဲ့ကိစ္စက အဲ့ဂိုဏ်းတူအစ်ကိုနားကို သွားတာပဲ။ သူ အဲ့အစ်ကိုနဲ့ တွေ့ချင်မှ တွေ့ရမှာ ဖြစ်ပေမယ့် သူက အဲ့အစ်ကိုအနားမှာ ရှိနေတယ်လို့ ခံစားရတာနဲ့ကို ကျေနပ်နေတယ်တဲ့။ ကျမရဲ့ မိတ်ဆွေက အဲ့အစ်ကိုကို အရမ်းလေးစားပြီးတော့ သူ့ရဲ့ စံပြပုဂ္ဂိုလ်အဖြစ် သ‌ဘောထားတယ်။ ဒါပေမဲ့ သူ့ရဲ့ ဆရာပြောတာက ... အဲဒါက သူ အဲ့အစ်ကိုကို ချစ်မိနေတာ ဖြစ်နိုင်တယ်တဲ့။ အဲဒါကြောင့် သူစိတ်ရှုပ်နေတာပါ။ ကြောင်းနတ်မင်းရှင့်... သူဘာလုပ်သင့်ပါသလဲ ”

လီချန်ရှို့ ဆွံ့အသွား၏။

သူသည် ဤအခွင့်အရေးကို အသုံးချ၍ ထိုအစ်ကိုကို အပျိုလှည့်နေခြင်းသည် အချိန်ဖြုန်းခြင်းသာ ဖြစ်ကြောင်း ယုံချင်ရွှမ်းယာကို အရိပ်အမြွက်ပေးလိုက်လိုသည်။

လီချန်ရှို့သည် မန္တန်အစီရင်လေးကို နှိုးလိုက်ပြီး ဝါးပြားလေးတစ်ခုကို ထုတ်ပေးလိုက်၏။

“ အမတလမ်းစဉ်ဆိုတာ လှပတဲ့ အရာတစ်ခုပါ။ ကိုယ့်ရဲ့ ပြင်ပသွင်ပြင်လက္ခဏာမှာပဲ ပိတ်မိနေစရာ မလိုပါဘူး။ သင်သည် မင်မင်းဆက်တွင် ကံကြမ္မာကောင်းများကို ပိုင်ဆိုင်လာပြီး ကြီးမြတ်သော တာအိုတရားကြီး၏ ဓမ္မများကို ဖြန့်ဝေနိုင်ပေလိမ့်မည် ”

ယုံချင်ရွှမ်းယာသည် ဝါးပြားပေါ်ရှိ စာများကို ဖတ်ပြီးသောအခါ အတွေးနက်သွားပုံပေါ်၏။

သူမသည် လျင်မြန်စွာပင် တစ်စုံတစ်ခုကို သဘောပေါက်သွားပြီး စိတ်ပေါ့သွားဟန် ပြုံးလိုက်၏။

သူမသည် ဝမ်းပူကြောင်နတ်မင်းကို ဦးညွှတ်လိုက်၏။

“ အခုလို ညွှန်ပြပေးတာကို ကျေးဇူးတင်ပါတယ် ”

ထို့နောက် သူမသည် တိမ်စီး၍ ထွက်ခွာသွားလေတော့သည်။ သူမသည် ပြုံး၍ သူမတို့မကြာသေးခင်က ဆောက်လုပ်ထားသော စံအိမ်ရှိ ကျားကစားခန်း..အဲ တော်ဝင်ကျားကစားခန်းသို့ သွားလိုက်၏။

“ အဆိပ်မညီမလေးတော့ တစ်ခုခုကို နားလည်သွားတဲ့ပုံပဲ ”

လီချန်ရှို့ ခေတ္တမျှ တွေးတောလိုက်၏။ ထိုဝါးပြားပေါ်တွင် ‌ရေးထားသည့်စာများတွင် နက်နဲသော အဓိပ္ပာယ်များမပါပေ။ ထိုစာများ ဆိုလိုသည်မှာ ‘ ကျင့်ကြံခြင်းကိုသာ အာရုံစိုက်၍ တာအိုတရားဓမ္မများကိုသာ ပျံ့ပွားအောင်လုပ်ပါ။ ရှေ့တွင် ကံကြမ္မာကောင်းများက စောင့်ကြိုနေပါတယ်’ ဟူ၍သာ ဖြစ်သည်။

သို့သော် ယုံချင်ရွှမ်းယာ၏ အတွေးများသည် အမြဲပင် ထူးခြား၏။ ထိုဝါးပြားလေးသည် သူမအပေါ် အကျိုးသက်ရောက်မှု ရှိမည်၊ မရှိမည်ကို လီချန်ရှို့မသိပေ။

နေ့ဝက်ကြာပြီးနောက် ကျိုးဝူတစ်ယောက် မျက်မှောင်ကြုတ်၍ ရောက်ရှိလာပြန်၏။

ထိုဆရာဦးလေးသည် မည်သည့် မေးခွန်းကိုမှ မမေးခဲ့ချေ။ သူသည် သစ်သားသေတ္တာကို နှစ်ပတ် ပတ်၍သာ ကြည့်ရှုသွား၏။

ထို့နောက် သူသည် တစ်စုံတစ်ခုကို နားလည်သွားပြီး ပြုံးလိုက်၏။

“ ချန်ရှို့လေး လုပ်နေတဲ့ ဒီပစ္စည်းက သိပ်မဆိုးဘူးပဲ။ အဲဒါကနေပြီးလည်း ဂိုဏ်းကို ကူညီပေးလို့ရတာပဲ။ ကောင်းတယ်..ကောင်းတယ်... ဒီကောင်လေးက သူ့ရဲ့ဉာဏ်နီဉာဏ်နက်များတဲ့ ဦးနှောက်ကို အလကားအဖြစ်မခံဘူးပဲ ”

လီချန်ရှို့သည် အသံပို့လွှတ်၍ ပြောလိုက်ရတော့၏။

“ ဆရာဦးလေး ပြောနေတာတွေ ကျွန်တော် ကြားရတယ်နော်... ”

“ အဟမ်း... မင်းရဲ့ ဆရာဦးလေးက အလုပ်များတယ်ကွ... ငါ့မှာ လုပ်စရာ ရှိသေးတယ်။ ငါက ဒီပစ္စည်းကို ပိုင်ဖန်းခန်းမ ကိုယ်စား လာစစ်ဆေးပေးတာ။ ငါပြန်ပြီး သတင်းပို့ရဦးမှာ ”

ထို့သို့ ပြောပြီးနောက် ကျိုးဝူသည် ပြန်၍ ပြေးလေတော့သည်။

ဆရာဦးလေးကျိုးဝူသည် သူ့အတွက် ပိုင်ဖန်ခန်းမကို ကူပြောပေးသဖြင့် ‘ ကြောင်နတ်မင်းနိမိတ်ဖတ်သေတ္တာ ’သည် တရားဝင်ဖြစ်သွားပေတော့သည်။

နောက်ရက်များတွင် ထိုသေတ္တာလေးဆီသို့ လာ၍ မေးမြန်သူ တစ်ဦး၊ နှစ်ဦး ပုံမှန်ရှိလာ၏။ ထိုသူအများစုသည် ကောင်းကင်ခွင်းတောင်မှ ဖြစ်သည်။

နိမိတ်ဖတ်သေတ္တာလေး၏ ဂုဏ်သတင်းသည် မပျံ့နှံ့သေးပေ။

ထို့ကြောင့် လီချန်ရှို့သည် အကျိုးအမြတ် အသင့်အတင့်သာ ရလေသည်။ သို့သော် ထိုအရာသည် အရင်းအနှီးသိပ်မလိုသော စီးပွားရေးတစ်ခုပင်။ သူသည် ဝါးပြားများကို တစ်ခါပြုလုပ်ပြီးလျှင် တစ်သက်လုံး သုံး၍ရပြီဖြစ်သည်။ ထိုအရာသည် တောင်သမုဒ္ဒရာရှိ ပင်လယ်စောင့်နတ်မင်းဘုံကျောင်းများရှိ ဗေဒင်စာလိပ်များနှင့် သဘောချင်းတူပေသည်။

လီချန်ရှို့သည် အကျိုးအမြတ်ပိုရအောင်လုပ်ရန် အခြား အကြံအစည်အသစ်တစ်ခုကို တွေးတောလိုက်၏။

သူသည် သေတ္တာတွင် ရိုးရှင်းသော မန္တန်အစီရင်လေးတစ်ခုကို ထပ်ဆင်လိုက်၏။ တစ်ကြိမ်တွင် ကြောင်နတ်မင်း၏ ပါးစပ်အတွင်းသို့ ဝိညာဉ်ကျောက်တုံး ငါးတုံးထည့်လျှင် မန္တန်အစီအရင်လေး နိုးလာမည်ဖြစ်သည်။ ထိုသို့ ငါးတုံးထည့်လျှင် မန္တန်အစီအရင်သည် တစ်နာရီကြာနိုးနေမည်ဖြစ်သည်။

ထိုသို့ဖြင့် လီချန်ရှို့သည် တစ်ရက်လျှင် အနည်းဆုံး ဝိညာဉ်ကျောက်တုံး လေးငါးတုံးရမည် ဖြစ်သည်။

ထို့ပြင် သူသည် မန္တန်အစီအရင်ကို ကိုယ်တိုင်လှမ်းနှိုးပေးနေရန်လည်း မလိုတော့ပေ။ သို့သော် လာရောက်မေးမြန်းသူများ ကြောင်နတ်မင်းကို ပြောသည့် စကားများကိုမူ သူကြားနိုင်ဦးမည်ဖြစ်သည်။

နှစ်လကြာပြီးနောက် စိတ်ဓာတ်ကျပြီး စိတ်ရှုပ်နေသော လျှိုဖေးရှန်းသည် တိမ်စီး၍ ရောက်လာ၏။ သူသည် ပတ်ဝန်းကျင်ကို ကျီးကန်းတောင်းမှောက်ကြည့်လိုက်ပြီး အနီးတွင် မည်သူမှမရှိကြောင်း အတည်ပြုလိုက်၏။ ထို့နောက် သူသည် ဝိညာဉ်ကျောက်တုံး ငါးတုံးထုတ်၍ ကြောင်နတ်မင်း၏ ပါးစပ်အတွင်းသို့ ထည့်လိုက်၏။ ထိုအခါ မန္တန်အစီအရင်လေး နိုးလာလေတော့သည်။

နတ်ဝိဇ္ဇာလောကတွင် အနည်းငယ် ခပ်ဖိုင့်ဖိုင့်ရှိသူဟု ဆိုနိုင်သည့် သုံးချောင်းထောက်ဆေးတောင်မှ အတုမဲ့နတ်ဝိဇ္ဇာသည် တိတ်တဆိတ် သက်ပြင်းချလိုက်၏။ သူသည် ဆေးလုံးပုလင်း နှစ်လုံးကို ထုတ်လိုက်ပြီး ကြောင်နတ်မင်း၏ ပါးစပ်ထဲသို့ ထပ်ထည့်လိုက်၏။

“ ညီလေးချီယွမ်...အဲ..မဟုတ်ပါဘူး... ကြောင်နတ်မင်း.. ကျွန်တော့်မှာ မိတ်ဆွေတစ်ယောက်ရှိပါတယ်။ သူက မကြာခင်တုန်းက မိုက်မဲတဲ့ ကိစ္စတစ်ခုကို ပြုလုပ်ခဲ့ပါတယ်။ သူက လောဘကြီးခဲ့လို့ ပြဿနာတက်ခဲ့ရပါတယ်။ အခု သူအပြင်ကို ထွက်တဲ့အခါတိုင်း မကြာခဏဆိုလို အရိုက်အနှက်ခံနေရပါတယ်။ တစ်ခါတုန်းက သူ့ရဲ့ဂူထဲမှာ ကျင့်ကြံနေတုန်း ရုတ်တရက်ကြီး အိပ်ပျော်သွားပြီး ပြန်နိုးလာတော့ သစ်ပင်တစ်ပင်မှာ ကိုယ်တုံးလုံးချွတ်ပြီး ကြိုးနဲ့ချည်ခံထားရပါတယ်... ”

“ ကျွန်တော့်ရဲ့ မိတ်ဆွေက သူအမှားလုပ်ခဲ့မိတယ်ဆိုတာကို သိနေပါပြီ။ နောင်တလည်းရနေပါပြီ။ သူ ဒီအခြေအနေကနေ တကယ်ကို လွတ်မြောက်ချင်နေပါပြီ။ ဒါပေမဲ့ သူ အဲ့လို အလုပ်ခံရပြီးတဲ့နောက်မှာ စိတ်အေးလက်အေးနဲ့ မကျင့်ကြံနိုင်ဘူးဖြစ်နေပါတယ်။ သူ ဘာလုပ်သင့်ပါသလဲ ”

လီချန်ရှို့ ရယ်မိသွား၏။ သူသည် လက်ဖြောက်တီးလိုက်ပြီး လျှိုဖေးရှန်းကို အားပေးစကားရေးထားသည့် ဝါပြားလေးကို ထုတ်ပေးလိုက်လေသည်။

သို့သော် လီချန်ရှို့သည် ထိုသို့လုပ်ပြီးပြီးချင်းမှာပင် မျက်မှောင်ကြုတ်သွား၏။

သူလှုံ့ဆော်မှုကို ခံစားလိုက်ရသဖြင့် တောင်သမုဒ္ဒရာရှိ ပင်လယ်စောင့်နတ်မင်းဘုံကျောင်းတွင် တစ်စုံတစ်ခု ဖြစ်ပျက်နေခြင်း ဖြစ်ရပေမည်။ ဤတစ်ကြိမ်၌ လီချန်ရှို့၏ စိတ်ထဲတွင် အနီရောင်အလင်းတန်းများကို ပေါ်ပေါက်လာ၏။

သွေးရောင်အလင်းတန်းများ တောက်ပနေပေသည်။

သူသည် လက်ချောင်များကို ထိ၍ နိမိတ်ဖတ်လိုက်၏။

ထိုအရာကား နိမိတ်မကောင်းသည့် လက္ခဏာပေ။

All Chapters