မျက်ကန်းဖားနှင့် ခြင်အသေကောင်တို့ တွေ့ဆုံခြင်း
Vol. 10 Ch. 135
နတ်မင်းဖြစ်ရခြင်းသည် မလွယ်ကူပေ။
လီချန်ရှို့သည် ကြောင်နတ်မင်းနိမိတ်ဖတ်သေတ္တာကို ယာယီပိတ်ထားကြောင်း ဆိုင်းဘုတ်ချိတ်လိုက်ရ၏။ သူသည် ဆေးဖော်ဆောင်အတွင်း၌ ထိုင်၍ ခေါင်းထဲတွင် တွက်ချက်သုံးသပ်လိုက်သည်။
သူ ယခုအခေါက် အာရုံရခဲ့သည့်အရာသည် သွေးရောင်လွှမ်းသော မကောင်းသည့်နမိတ်ဖြစ်သည်။
သူ အဘယ်ကြောင့် ထိုအာရုံကို ရခဲ့သနည်း။
လီချန်ရှို့လည်း သေချာမသိပေ။ ကုသိုလ်၏ ကာကွယ်ပေးခြင်းကိုခံရသော သူများကို ကောင်းကင်တာအိုက ကြိုတင်သတိပေး၍ ကာကွယ်ပေးခြင်း ဖြစ်ရပေမည်။
သူ ပို၍ တွေးတောကြည့်သောအခါ ရန်ကျောင်းတော်၏ တန်ခိုးရှင်သည် သူ့ကို သတိပေးလိုက်ခြင်းဖြစ်နိုင်ကြောင်းကိုလည်း သိရှိလာ၏။
လီချန်ရှို့သည် ဆေးဖော်ဆောင်အတွင်း ကျင့်ကြံသည့်ဟန် ထိုင်လိုက်သည်။ သူသည် သူ့၌ရှိနေသော အမွှေးတိုင်ပူဇော်မှုမှရသည့် ကုသိုလ်များ၏ အစွမ်းကို အာရုံခံကြည့်လိုက်ပြီး ထိုကုသိုလ်များကို သူ၏ မူလဝိညာဉ်ပတ်လည်တွင် ရစ်ပတ်လိုက်သည်။ ကုသိုလ်များသည် သူ၏ မူလဝိညာဉ်ဘေးပတ်လည်တွင် အလွှာပါးလေးတစ်ခုအဖြစ် ကာရံပေးထားလေသည်။
သို့သော် မူလဝိညာဉ်၏ အပေါ်ပိုင်းသည် လွတ်နေသေး၏။ သူသည် လက်ရှိတွင် အမွှေးတိုင်ပူဇော်မှု သိပ်မရခဲ့ပေ။ ထို့ကြောင့် ကုသိုလ်များကို လုံလုံလောက်လောက် မစုဆောင်းရသေးပေ။ ထို့ပြင် မူလဝိညာဉ်သည် သူ့ဝိညာဉ်၏ သိမ်မွေ့သော ပုံစံတစ်ခုဖြစ်၍ ခေါင်းအစခြေအဆုံး အရေးကြီးသည့် အရာဖြစ်ပြီး အဓိကဟာကွက်နေရာဟူ၍ သတ်သတ်မှတ်မှတ် မရှိလေရာ တစ်နေရာတည်းတွင်သာ ကုသိုလ်များကို စု၍ ကာကွယ်ပေးထား၍ မရပေ။
သူသည် ကုသိုလ်များကို စုစည်း၍ မူလ ဝိညာဉ်၏ အောက်ပိုင်းတွင် ဘောင်းဘီပွပွတစ်ထည်ကဲ့သို့ ကာကွယ်ပေးထားလိုက်သည်။ လောလောဆယ်တွင် မတတ်သာသဖြင့် အပေါ်ပိုင်းတွင် အလွတ်ထားလိုက်၏။
ဇာတ်ကြောင်းကို ပြန်ဆက်ပေအံ့။
လီချန်ရှို့သည် သူ၏ အာရုံများကို ရုပ်တုများသို့ ပို့လွှတ်လိုက်ပြီး တောင်သမုဒ္ဒရာရှိ ပင်လယ်စောင့်နတ်မင်းဘုံကျောင်းအကုန်လုံးတွင် မည်သည့်ကိစ္စများ ဖြစ်ပျက်နေကြောင်း ဂရုတစိုက် စုံစမ်းလိုက်သည်။ အရာအားလုံးသည် တည်ငြိမ်နေပြီး မည်သည့်ပြဿနာမှ ဖြစ်မနေချေ။
တောင်ကျွန်းရှိ တောင်သမုဒ္ဒရာကမ်းရိုးတန်းဒေသ တော်တော်များများနှင့် အရှေ့သမုဒ္ဒရာကမ်းရိုးတန်းဒေသ အနည်းငယ်သည် ပင်လယ်စောင့်နတ်မင်းဘုံကျောင်းများ အမွှေးတိုင်ပူဇော်မှု အများဆုံးရရှိသော နေရာများဖြစ်သည်။
နဂါးမျိုးနွယ်သည် ထိုဒေသများရှိ နေရာအနှံ့တွင် နဂါးပညာရှင်ဆယ်ဦးကျော်ကို အစောင့်အရှောင်အဖြစ်ထားထား၏။ ထို့ပြင် အာကာသနတ်မင်းအဆင့်ရှိသော နဂါးနှစ်ကောင်နှင့် ကောင်းကင်နတ်မင်းနောက်ဆုံးအဆင့်ရှိသော နဂါးဆယ့်နှစ်ကောင်ကိုလည်း အသင့်နေရာချထား၏။ သူတို့သည် ပင်လယ်စောင့်နတ်မင်းဘုံကျောင်းများ၏ အစောင့်အရှောက်များဖြစ်ပြီး အမွှေးတိုင်ပူဇော်မှုမှရသည့် ကုသိုလ်အနည်းငယ်ကိုလည်း ရ၏။
လီချန်ရှို့သည် ထိုနဂါးများကို အလကားခိုင်းမည် မဟုတ်ပေ။ သို့သော် နဂါးမျိုးနွယ်၏ အဓိကတာဝန်သည် အရှေ့သမုဒ္ဒရာနဂါးနန်းတော်မှ ဒုတိယမင်းသားလေးအောင်းရိကို ကာကွယ်ရန်သာဖြစ်သည်။
‘ ဒီမကောင်းတဲ့နိမိတ်က ကောင်းကင်ဘုံခုံရုံး ကိစ္စလား ’
လက်ရှိတွင် ပင်လယ်စောင့်နတ်မင်းဘုံကျောင်းများသည် ကောင်းကင်ဘုံခုံရုံးလက်အောက်သို့ ရောက်တော့မည်ဖြစ်သည်။ ထိုသို့ဖြစ်လာရန် နှစ်တစ်ရာ၊ နှစ်ရာခန့်သာ လိုတော့ပေသည်။ ကျောက်စိမ်းဧကရာဇ်သည် လင်းရှောင်ခန်းမတွင် ထိုအကြောင်းကို ပြောခဲ့ပြီးပေပြီ။
‘ ကောင်းကင်ဘုံခုံရုံး အင်အားကြီးလာမှာစိုးလို့ ပင်လယ်စောင့်နတ်မင်းဘုံကျောင်းတွေကို ဖျက်ဆီးဖို့ ကြံနေတဲ့သူ ရှိနေတာလား ’
ထိုအရာသည် အဓိပ္ပာယ်မရှိပေ။ ကောင်းကင်ဘုံခုံရုံးကို ဆန့်ကျင်ခြင်းသည် ကျောက်စိမ်းဧကရာဇ်ကို ဆန့်ကျင်သကဲ့သို့ပင်။ ကျောက်စိမ်းဧကရာဇ်ကို ဆန့်ကျင်ခြင်းသည်လည်း တာအိုဘိုးဘေးကို ဆန့်ကျင်သကဲ့သို့ဖြစ်၏။
အကယ်၍ တာအိုဘိုးဘေးကသာ ထိုအရာသည် ကောင်းကင်၏ အလိုတော်ကို ဆန့်ကျင့်ခြင်းဟု ဆုံးဖြတ်ချက်ချလိုက်လျှင် အာဒိကပ္ပလောက၏ စွမ်းအားအကြီးဆုံးလူပင် ဝင်၍ ပါစရာလိုမည် မဟုတ်ပေ။ တန်းခိုရှင်သုံးပါးဖြင့်သာ ထိုကိစ္စ၏နောက်ကွယ်မှလူကို နှိမ်နင်းနိုင်ပေသည်။
မဟုတ်သေး တန်ခိုးရှင်များပင် ဝင်ပါရန် မလိုပေ။ ခရမ်းရောင်နတ်မိုးကြိုးဖြင့် ပစ်ချလိုက်လျှင်ပင် ပြာမျှပင် ကျန်ခဲ့မည်မဟုတ်ဘဲ ကိစ္စတုံးသွားပေလိမ့်မည်။
လီချန်ရှို့အနေဖြင့် မည်သို့ပင် ကြည့်စေကာမူ ကျောက်စိမ်းဧကရာဇ်သည် ပင်လယ်စောင့်နတ်မင်းဘုံကျောင်းများအတွက် ကောက်ရိုးတစ်မျှင်ပင်။
နတ်ဘုရားဘွဲ့စစ်ပွဲကြီး ဖြစ်ပေါ်လာမည့်ကိစ္စသည် ကောင်းကင်ဘုံလျှို့ဝှက်ချက်ဖြစ်ပြီး မည်သူမှ မသိရှိသေးသဖြင့် ပင်လယ်စောင့်နတ်မင်းဘုံကျောင်းများ ကောင်းကင်ဘုံခုံရုံး၏ လက်အောက်ကိုရောက်သွားလျှင်လည်း မည်သူမှ အရေးစိုက်မည် မဟုတ်ပေ။ မည်သူသည် ထိုကိစ္စအတွက်မျှဖြင့် ပင်လယ်စောင့်နတ်မင်းဘုံကျောင်းများကို ပစ်မှတ်ထားမည်နည်း။ ထို့ပြင် လက်ရှိတွင် ကောင်းကင်ဘုံခုံရုံးများ၏ အရှိန်အဝါသည် မှေးမှိန်နေသေး၏။ ၎င်းတို့သည် တန်ခိုးရှင်တစ်ပါး၏အရှေ့တွင် မည်သည့်အရှိန်အဝါမှ ရှိမည် မဟုတ်ပေ။
လီချန်ရှို့သည် ထိုကိစ္စကို သိပ်၍မသေချာသော်လည်း (၁၀)ရာခိုင်နှုန်း ဖြစ်နိုင်ချေရှိသည်ဟု ယူဆထား၏။ ကျန်သည့် (၉၀)ရာခိုင်နှုန်းကိုမူ အဆိုးဆုံးအခြေအနေဖြစ်သော အနောက်ကျောင်းတော်က စတင်လှုပ်ရှားတော့မည်အခြေအနေဟု ယူဆထားလိုက်၏။
အကယ်၍ ထိုကိစ္စ၏ နောက်ကွယ်မှသူများသည် အနောက်ကျောင်းတော်ဖြစ်ပါက သူတို့၏ ရည်ရွယ်ချက်သည် အဘယ်နည်း။ အမွှေးတိုင်ပူဇော်မှုများကို ပြန်၍ လုယူရန်သာလော။
သူ၏ အတွေးများသည် အတန်ငယ် ပရမ်းပတာဖြစ်နေသည်ဟု လီချန်ရှို့ခံစားလိုက်ရ၏။ သူသည် ချုံတောင်လေးပေါ်ရှိ မန္တန်အစီအရင်များကို နှိုးလိုက်ပြီး မြေအောက်လျှို့ဝှက်ခန်းအတွင်းသို့ သွားလိုက်၏။
သူသည် စက္ကူတစ်ရွက်ကို မြေကြီးပေါ်သို့ချ၍ စုတ်တံတစ်ချောင်းကိုကိုင်ကာ စတင်သုံးသပ်၍ အချက်အလက်များကို စက္ကူပေါ်တွင်ရေးချလိုက်သည်။
လီချန်ရှို့သည် တန်ခိုးရှင်များ၏ အမည်ကို ချမရေးဝံ့သဖြင့် သူသာ နားလည်နိုင်မည့် အမည်ဝှက်များသုံး၍ ရေးသားလိုက်၏။
အကယ်၍ သူသည် အရှင်ထိုက်စန့်လောင်ကျွင်းနှင့် ပတ်သက်သော ကိစ္စကိုရေးရန်လိုအပ်ခဲ့လျှင် အရှင်ထိုက်စန့်လောင်ကျွင်းကို ကြက်ခြေထောက်ရိုးပုံစံသင်္ကေတဖြင့် ရေးသားဖော်ပြမည်ဖြစ်သည်။ ထိုသင်္ကေတကို ကျေးဇူးရှင်ကြီးဟူသော အဓိပ္ပာယ်အဖြစ် သုံးခြင်းပင်။
အရှင်လင်းပေါင်ထျန်းကျွင်းနှင့် အရှင်ယွမ့်ရှစ်ထျန်းကျွင်းတို့ကိုမူ ညလင်းလက်ဖက်ရည်ခွက်နှင့် ဝါးခြင်းတို့၏ ပုံစံဖြင့် ရေးသားဖော်ပြ၏။
အနောက်ကျောင်းတော်မှ တန်ခိုးရှင်နှစ်ပါးကိုမူ သစ်ခွပန်းပုံစံနှင့် လေးခွပုံစံတို့ဖြင့် ဖော်ပြ၏။
ထိုအရာအားလုံးသည် မည်သည့်အဓိပ္ပာယ်မှမရှိပေ။ ထိုသင်္ကေတများကို အခြားသူများတွေ့သွားလျှင် တန်ခိုးရှင်များကို ရည်ညွှန်းကြောင်း မတွေးမိသွားစေရန်သာ ရည်ရွယ်၍ အသုံးပြုထားခြင်းပင်။
အကယ်၍ လီချန်ရှို့တစ်ယောက် တန်ခိုးရှင်များသည် အချင်းချင်း အကောက်ကြံနေသည်ဟု သုံးသပ်မိလျှင် လေးခွထဲတွင် လောက်စာအဖြစ် သစ်ခွပန်းလေးထည့်ထားပြီး ညလင်းလက်ဖက်ရည်ခွက်လေးကို လွင့်သွားအောင် ပစ်လိုက်သည့် ပုံကိုသာ ဆွဲလိုက်မည်ဖြစ်သည်။
သို့သော် လီချန်ရှို့သည် ထိုကဲ့သို့ သုံးသပ်မှုမျိုးကို မည်သည့်အခါမှ ပြုလုပ်မည်မဟုတ်ပေ။ သူသည် မိမိကိုယ်တိုင်နှင့် တောင်သမုဒ္ဒရာရှိ ပင်လယ်စောင့်နတ်မင်းဘုံကျောင်းများအပေါ်တွင် အခြေခံ၍သာ သုံးသပ်ချက်အချို့လုပ်ခဲ့ခြင်းသာ ဖြစ်သည်။
သူသည် ရန်သူများ ပြုလုပ်လာမည့် ကိစ္စများကို ကာကွယ်ရန် နည်းလမ်းကိုသာ စဉ်းစားတွေးတောနေခြင်းပင်။
လီချန်ရှို့သည် စုတ်တံကို ကောက်ယူ၍ စတင်ရေးသားလိုက်လေသည်။ လျင်မြန်စွာပင် သူသည် အတွေးနက်သွားလေတော့သည်။
သို့သော် ဤတစ်ခေါက်တွင် အတွက်မှားသွားလိမ့်မည်ဟု လီချန်ရှို့ မထင်ထားခဲ့ပေ။ သူသည် ယုတ္တိတန်သော အမှားတစ်ခုကို လုပ်မိခဲ့လေသည်။
သုံးရက်ကြာပြီးနောက် ....
******
ဉာဉ့်နက်ချိန်ဖြစ်၍ အန်းရွှေမြို့ရှိ ကြီးကျယ်ခမ်းနားသော ပင်လယ်စောင့်နတ်မင်းဘုံကျောင်းကြီးထဲတွင် ပူဇော်ရန်လာသော လူများမရှိတော့ပေ။ ဘုံကျောင်းတံခါးများကိုလည်း သန်မာသော နတ်တမန်တော်များက ပိတ်လိုက်ပြီဖြစ်သည်။ ထိုဘုံကျောင်းကို တစ်ညလုံးစောင့်ကြပ်ရန် နတ်တမန်တော်ခြောက်ပါး ရှိ၏။
ပေသုံးဆယ်မြင့်သော ရွှေရောင် ပင်လယ်စောင့်နတ်မင်းရုပ်တုကြီးသည် ဖြည်းဖြည်းချင်း နတ်အလင်းတန်းများ ထုတ်လွှတ်လိုက်ပြီး ၎င်းအလင်းတန်းများသည် လျင်မြန်စွာပင် ပျောက်ကွယ်သွားလေသည်။
အကြည့်တစ်ခုသည် ပင်လယ်စောင့်နတ်မင်းရုပ်တု၏ မထင်မရှားပြုလုပ်ထားသော မျက်နှာမှ ထွက်ပေါ်လာသည်ဟုထင်ရ၏။ “ အကြည့် ” သည် ဘေးသို့ရွေ့သွားပြီး ဘေးရှိ ပေနှစ်ဆယ်မြင့်သော လက်ထောက်နတ်မင်းရုပ်တုကို ကြည့်လိုက်၏။ လက်ထောက်နတ်မင်းရုပ်တုကို ကျောက်စိမ်းဖြင့်ထုလုပ်ထားခြင်းဖြစ်ပြီး ရွှေများဖြင့် စီခြယ်ထား၏။ ရုပ်တုအောက်ခြေတွင် သန္တာကျောက်တန်းတစ်ခုရှိပြီး ရုပ်တုကို ဝတ်ရုံတစ်ခု ဝတ်ဆင်ပေးထားလေသည်။
‘ အောင်းရိ... ’
‘ အောင်းရိ... ’
ရုပ်တုနှစ်ခုကြားတွင် စိတ်တန်ခိုးများ လျှို့ဝှက်ပို့လွှတ်နေသကဲ့သို့ပင်။
ထိုအချိန်၌ တောင်သမုဒ္ဒရာနှင့် အရှေ့သမုဒ္ဒရာတို့ ဆက်စပ်ရာနေရာရှိ ရွှေနတ်လိပ်ကျွန်းပေါ်မှ ရတနာရေကန်အတွင်း ကြာပွင့်တစ်ခုပေါ်၌ တရားထိုင်နေသော အောင်းရိသည် ရုတ်တရက် သူ၏ မျက်လုံးများကို ဖွင့်လိုက်၏။ သူသည် တစ်စုံတစ်ခုကို တွေးတောမိလိုက်ပြီး ချက်ချင်းပင် မျက်စိပြန်မှိတ်လိုက်လေသည်။
အောင်းရိသည် မိန်းမောသွားပြီး တိမ်များကခုန်နေသော အိပ်မက်တစ်ခုအတွင်းသို့ ရောက်ရှိသွား၏။ သူ ကြီးမားသော ပင်လယ်စောင့်နတ်မင်းရုပ်တုကြီးကို မြင်လိုက်ရသည်။
လီချန်ရှို့သည် ထိုအဝေးရှိရုပ်တုကြီး၏ ဘေးတွင် ရပ်ကာ သူ့ကို စောင့်နေ၏။
ထိုအခြေအနေသည် လီချန်ရှို့မှာ အမွှေးတိုင်ပူဇော်မှုမှ ကုသိုလ်စုဆောင်းရန် တာဝန်ပေးခံရသူတစ်ဦးဖြစ်ကြောင်းကို အတည်ပြုပေးနေသကဲ့သို့ပင်။ သူ၏ နောက်ကွယ်တွင် ပညာရှင်အစစ်အမှန်တစ်ဦး ရှိပေသေးသည်။
လီချန်ရှို့သည် အောင်းရိ ထိုသို့ထင်သွားအောင် အသေးစိတ်အချက် အသေးလေးတစ်ခုကို တမင်ပြသခဲ့ခြင်းပင်။
အောင်းရိသည် ရှေ့သို့ လျင်မြန်စွာ လျှောက်သွားလိုက်ပြီး လီချန်ရှို့ကို ဦးညွှတ်လိုက်၏။
“ နှုတ်ခွန်းဆက်သပါတယ် အစ်ကိုနတ်မင်း... ”
လီချန်ရှို့သည် အတန်ငယ် စိုးရိမ်မကင်းဖြစ်နေပုံပေါ်၏။ သူ လေသံဖျော့ဖျော့ဖြင့် ပြောလိုက်သည်။
“ အလာပသလ္လာပတွေ ပြောမနေတော့ဘူး။ လိုရင်းကိုပဲ တန်းပြောတာပေါ့... ညီလေးရိ နဂါးမျိုးနွယ်တော့ အန္တရာယ်ကြုံနေရပြီ ”
“ ဘာ...ဘာအန္တရာယ်လဲ ”
အောင်းရိခေတ္တမျှ မှင်သက်သွားပြီးနောက် ခပ်သွက်သွက်မေးလိုက်၏။
“ ကျွန်တော့်ကို ပြောပြပါ... အစ်ကိုနတ်မင်း ”
လီချန်ရှို့ သက်ပြင်းချလိုက်သည်။
သူသည် အောင်းရိကို မလှည့်စားလိုပေ။ သို့သော် သူသည် သူအာရုံရခဲ့သည့် ကိစ္စနှင့် ပတ်သတ်၍ နဂါးမျိုးနွယ်ကို တစ်ခုခု ပြုလုပ်စေလို၏။ သူသည် စကားလှည့်ပတ်၍ ပြောရပေတော့မည်။
လီချန်ရှို့၏ သုံးသပ်ချက်အရ အနောက်ကျောင်းတော်သည် အမွှေးတိုင်ပူဇော်မှုရရန် နယ်မြေများကို ပြန်လုတော့မည်ဖြစ်ပြီး မကြာခင် တိုက်ခိုက်မှုများ ပြုလုပ်ပေတော့မည်။
ရန်ကျောင်းတော်မှ တပည့်များနှင့် အနောက်ကျောင်းတော်မှ ပညာရှင်များအကြားတွင် တိုက်ပွဲတစ်ခု ဖြစ်တော့မည် ဖြစ်ပြီး ပင်လယ်စောင့်နတ်မင်းဘုံကျောင်းများသည် မြေစာပင်ဖြစ်ရပေတော့မည်။
အကယ်၍ သူသာ နဂါးမျိုးနွယ်ကို ထိုကဲ့သို့ တိုက်ရိုက်သွားပြောလိုက်လျှင် နဂါးမျိုးနွယ်သည် ပင်လယ်စောင့်နတ်မင်းဘုံကျောင်းများမှ ထွက်ခွာသွားပေလိမ့်မည်။ သူတို့သည် အနောက်ကျောင်းတော်မှ တန်ခိုးရှင်နှစ်ပါးကို ကြောက်ရွံ့ကြ၏။
ထို့ကြောင့် လီချန်ရှို့သည် သူ၏ အင်အားကောင်းသောနောက်ခံ နဂါးမျိုးနွယ်ကို ပင်လယ်စောင့်နတ်မင်းဘုံကျောင်းများမှ ထွက်မသွားစေရန် လှည့်ပတ်ပြောရတော့မည်ဖြစ်သည်။
အကယ်၍ နဂါးမျိုးနွယ်သည် အဆုံးအရှုံးများခဲ့ပါက သူသည် နဂါးမျိုးနွယ်ကို အလျော်ပေးသည့်အနေဖြင့် ပင်လယ်စောင့်နတ်မင်းဘုံကျောင်းများတွင် အမွှေးတိုင်ပူဇော်မှုမှရရှိသော ကုသိုလ်များ၏ (၄၀)ရာခိုင်နှုန်းကို ပေးမည်ဖြစ်၏။
လီချန်ရှို့ ပြောလိုက်၏။
“ ညီလေးရိ... အနောက်ကျောင်းတော်က လူနှစ်ယောက်က နဂါးမျိုးနွယ်ကို ထောက်လှမ်းနေတာကြာပြီဆိုတာ ညီလေးသိလား ”
အောင်းရိ ခေတ္တမျှ အံ့အားသင့်သွား၏။ သူသည် နဂါးမျိုးနွယ် စားပွဲသောက်ပွဲတွင် နဂါးအိုကြီးနှစ်ကောင်ပြောနေသော စကားများအား သူကြားခဲ့ရခြင်းကို ပြန်အမှတ်ရသွားသည်။
အနောက်ကျောင်းတော်သည် သမုဒ္ဒရာလေးစင်းရှိ နဂါးနန်းတော်များကို သိမ်းသွင်း၍ နဂါးဘုရင်ကို အနောက်ကျောင်းတော်၏ နဂါးအစောင့်အရှောက်အဖြစ်ထားရန် လုပ်ဆောင်ခဲ့ဖူး၏။ သူတို့သည် နဂါးမျိုးနွယ်၏ ကံကြမ္မာကို ဖိနှိပ်ပေးရန် အဆင့်ဆယ့်နှစ်ရှိသော ရွှေကြာပွင့်ကိုပင် သုံးပေးမည်ဟု ဆွဲဆောင်ခဲ့၏။ သို့သော် ထိုအဆင့်ဆယ့်နှစ် ရွှေကြာပွင့်သည် အနောက်ကျောင်းတော် သိမ်းသွင်းထားသော ပညာရှင်များစွာ၏ ကံကြမ္မာကို ဖိနှိပ်ပေးနေရကြောင်း နဂါးမျိုးနွယ်က သိ၏။
အမြုတေနတ်ရတနာသည် မည်မျှပင် စွမ်းအားကြီးစေကာမူ အကန့်အသတ်ရှိလေသည်။
နဂါးမျိုးနွယ်၏ ကံကြမ္မာဆိုးကို အနောက်ကျောင်းတော်က ဖိနှိပ်ပေးနိုင်မည် မဟုတ်ပေ။ ထို့ကြောင့် နဂါးမျိုးနွယ်သည် အနောက်ကျောင်းတော်ကို တိုက်ရိုက်ငြင်းဆန်လိုက်၏။
ထိုကိစ္စဖြစ်ပွားခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာခဲ့ပေပြီ။
ယခုတွင် လီချန်ရှို့က ထိုအကြောင်းကို ပြောလိုက်သဖြင့် အောင်းရိချက်ချင်းပင် ပြန်အမှတ်ရသွားပြီး ခေါင်းထဲသို့ အတွေးပေါင်းစုံဝင်လာလေတော့သည်။
“ အစ်ကိုချန်ရှို့... ဘယ်လိုလုပ်သင့်တယ်လို့ အစ်ကိုထင်လဲ ”
လီချန်ရှို့ ခေတ္တမျှတွေးတောနေလိုက်ပြီး လေးလေးနက်နက်ပြောလိုက်၏။
“ အင်အားကြီးမားမှုနဲ့ ဂုဏ်အရှိန်အဝါကို တစ်ပြိုင်တည်း ပြပေးရမှာပဲ။ သူတို့ကို ပြန်တိုက်ရမယ်။ တကယ်လို့ ရန်သူက အလင်းထဲမှာရော၊ အမှောင်ထဲမှာရော ရှိနေတာဆိုရင် သူတို့က နဂါးမျိုးနွယ်ကို နောက်ကွယ်ကနေပြီးပဲ ထိခိုက်အောင်လုပ်နေပြီးတော့ တကယ့်အချိန်ကောင်းကျမှ ပေါ်ပေါ်ထင်ထင် ထတိုက်မှာ။ နဂါးမျိုးနွယ်ကပဲ နဂါးမျိုးနွယ်ကို ကာကွယ်ရမှာပေါ့... ”
လီချန်ရှို့သည် သူပြောလိုက်သောစကားများကို သူပင်ယုံချင်ချင်ဖြစ်သွားသည်။
အောင်းရိသည် ပင့်သက်ရှိုက်လိုက်ပြီး သူ၏ အိပ်မက်အတွင်း လူးလားခေါက်တုံ့လျှောက်နေ၏။
သူသည် ဆယ်နှစ်သားအရွယ်နှင့် ဆယ်ကျော်သက်အရွယ်တွင် သူ၏ဂုဏ်သတင်းကို ထိခိုက်စေမည့် ကိစ္စများ ပြုလုပ်ခဲ့မိသော်လည်း ဦးနှောက်မရှိသူတစ်ယောက်တော့ မဟုတ်ပေ။
မကြာမီ အောင်းရိ လေသံတိုးတိုးဖြင့် ပြောလိုက်၏။
“ ဒီလိုများဖြစ်နေမလား... သူတို့က ပင်လယ်စောင့်နတ်မင်းဘုံကျောင်းတွေကို ငါးစာအနေနဲ့ သုံးချင်နေတာလား။ သူတို့က နဂါးမျိုးနွယ်ရဲ့ ပညာရှင်တွေကို မျှားခေါ်ပြီး တိုက်ခိုက်မယ် ဒါမှမဟုတ် ဝိုင်းထားမယ်... ပြီးတော့မှ အနောက်ကျောင်းတော်က ဝင်ကယ်လိုက်သလိုလိုနဲ့ မျက်နှာကောင်းဝင်ယူမယ်... အဲ့လိုများလား... ”
“ ဟုတ်တယ်... ဒီလိုပဲ ဖြစ်ရမယ်။ ပင်လယ်စောင့်နတ်မင်းဘုံကျောင်းတွေမှာ သွေးချောင်းစီးတော့မှာပဲ။ အဲဒါက ဒီကိစ္စနဲ့ ပတ်သက်နေရမယ် ”
လီချန်ရှို့က ပြောလိုက်သည်။
“ ညီလေးရိ... အချိန်ဖြုန်းနေလို့မရတော့ဘူး။ ညီလေးရဲ့ ခမည်းတော်ဆီကို မြန်မြန်ဆက်သွယ်ပြီး ဒီကိစ္စကို တင်ပြလိုက်ပါ... ”
“ အစ်ကို့မှာ အကြံနှစ်ခုရှိတယ် ”
“ ပထမတစ်ခုက အစ်ကိုတို့ ပင်လယ်စောင့်နတ်မင်းဘုံကျောင်းတွေကို လက်လွှတ်လိုက်တာပဲ။ အဲဒီလိုဆိုရင် နဂါးမျိုးနွယ်လည်း အချိန်တစ်ခုအထိ လုံခြုံမှာပဲ။ တကယ်လို့ သူတို့ရောက်လာပြီဆိုရင် အစ်ကို နတ်တမန်တော်တွေရဲ့ အိပ်မက်ထဲကိုသွားပြီး သူတို့ကို ပြန်မတိုက်ဘဲ ကိုယ့်ကိုယ်ကိုပဲ ကာကွယ်ဖို့ သွားပြောလိုက်လို့ရတယ်... ”
“ ဒုတိယတစ်ခုက တကယ်လို့ နဂါးမျိုးနယ်ကို ကုသိုလ်တွေကို လက်မလွှတ်ဘဲ သူတို့ရဲ့ ထိပ်တိုက်တိုက်ခိုက်မယ်ဆိုရင် အစ်ကိုတို့ ဗျူဟာတွေကြိုဆွဲထားပြီး မန္တန်အစီအရင်တွေ ကြိုဆင်ထားမှရမယ်။ အစ်ကိုတို့ ရန်သူတွေကို ချောင်ပိတ်ပြီး တိုက်ခိုက်ကြတာပေါ့ ”
လီချန်ရှို့ ခေတ္တရပ်နားလိုက်ပြီးနောက် ဆက်ပြောလိုက်သည်။
“ အချိန်ဖြုန်းနေလို့မရတော့ဘူး... ညီလေးရိ.. မြန်မြန် နဂါးနန်းတော်ကို ဆက်သွယ်ပြီး မြန်မြန် ဆုံးဖြတ်ချက်ချခိုင်းလိုက်ပါ ”
အောင်းရိ ချက်ချင်းခေါင်းညိတ်လိုက်ပြီး သဘောတူလိုက်သည်။ သူသည် လီချန်ရှို့ကို ဦးညွှတ်လိုက်၏။ အိပ်မက်သည်လည်း ဖြည်းဖြည်းချင်းပျောက်ကွယ်သွားလေတော့သည်။
လီချန်ရှို့ မျက်စိဖွင့်လိုက်ပြီး သက်ပြင်းချလိုက်၏။
သူသည် နဂါးမျိုးနွယ်ကို ရွေးချယ်စရာပေးခဲ့၏။ သူသည် နဂါးမျိုးနွယ်ကို တစ်ကြိမ်လှည့်ဖျားခဲ့ပြီဖြစ်၍ သူ့တို့အပေါ်တွင် အကြွေးတစ်ခုတင်သွားပေပြီ။
‘ တခြားအကြောင်းတွေကို မစဉ်စားခင် ဒီနိမိတ်ဆိုးကြီးကိုပဲ အရင်ဆုံး ဖြေရှင်းကြတာပေါ့ ’
လီချန်ရှို့ မရပ်တန့်လိုက်ပေ။ သူသည် အချိန်ကုန်၊ စွမ်းအင်အကုန်ခံ၍ ဆက်လက် ပြင်ဆင်လိုက်သည်။ သူသည် ရုပ်တုမှတဆင့် အာဏာအတော်အသင့်ရှိသော ပင်လယ်စောင့်နတ်မင်း၏ နတ်တမန်တော်တို့ကို အိပ်မက်ပေးလိုက်၏။
ရှုံးရွာလူကြီး အဘိုးအို..အဟမ်း...နတ်တမန်တော်အိုကြီးသည် ပထမဆုံး အိပ်မက်ရခဲ့၏။
မည်သည့်ကိစ္စတွင်မဆို လက်ဦးမှုရအောင် လုပ်ထားရမည် မဟုတ်ပါလား။
သူသည် ရှုံးရွာမှ နတ်တမန်တော်များအား ကိုးကွယ်သူများကို ထိန်းချုပ်ထား၍ ဘုံကျောင်းများ၏ နယ်နမိတ်ကို ကျဉ်းထားရန် အမိန့်ပေးလိုက်ပြီး အချိန်မရွေးဖြစ်ပေါ်လာနိုင်သည့် ပဋိပက္ခများအတွက် ကြိုတင်ပြင်ဆင်ထားရန် မှာကြားလိုက်သည်။
ပင်လယ်စောင့်နတ်မင်းဘုံကျောင်းများ တည်ရှိနေပုံသည် မျဉ်းကြောင်းတစ်ကြောင်းသဖွယ် ရှည်းလျားကျဉ်းမြောင်းသဖြင့် ၎င်းတို့အားလုံးကို တစ်ပြိုင်တည်း ကာကွယ်ပေးရန် မလွယ်ကူပေ။
ထိုသွေးရောင်နိမိတ်ဆိုးသည် ပင်လယ်စောင့်နတ်မင်းဘုံကျောင်းများတွင် ဖြစ်လာမည့် ပဋိပက္ခအသေးစားလေးအတွက်သာ ဖြစ်နိုင်သော်လည်း ကြီးမားသော အန္တရာယ်အတွက် နိမိတ်တစ်ခုလည်း ဖြစ်နိုင်ပေသေးသည်။
လီချန်ရှို့သည် အိပ်မက်ပေးပြီးပြီဖြစ်သော်လည်း အခြားလုပ်စရာ အလုပ်များစွာ ကျန်သေးလေသည်။ သူသည် သူ့၌ရှိသော စက္ကူကိုယ်ပွားများ၊ စက္ကူရုပ်များ၏ (၇၀)ရာခိုင်နှုန်းကို တောင်ကျွန်းရှိ ပင်လယ်စောင့်နတ်မင်းဘုံကျောင်းများသို့ ပို့လွှတ်လိုက်၏။
သူသည် သူ၏ ပင်လယ်စောင့်နတ်မင်းဘုံကျောင်းများကို ကာကွယ်ရမည် မဟုတ်ပေလော။
ထို့နောက် သူသည် ဝိညာဉ်သစ်ပင်အိုကြီးများ၏ မျိုးဆက်သစ်လေးများကို သွားရှာရမည်ဖြစ်ပြီး ထိုမျိုးဆက်သစ် ဝိညာဉ်သစ်ပင်များထဲမှ သစ်စေးများကို ညှစ်ထုတ်ကာ စက္ကူကိုယ်ပွားများ ထပ်မံလုပ်ရပေမည်။
ပင်လယ်စောင့်နတ်မင်းဘုံကျောင်းများကို နောက်ကွယ်မှ အကောက်ကြံနေသော သူသည် ပင်လယ်စောင့်နတ်မင်းဘုံကျောင်းများနှင့် မလှမ်းမကမ်းမှာပင်ရှိနေကြောင်း လီချန်ရှို့ ခံစားနေရ၏။
အဘက်ဘက်မှ လုံခြုံမှုရှိစေရန် သူသည် အသေးငယ်ဆုံး ဖြစ်နိုင်ချေကိုပင် ထည့်သွင်းစဉ်းစားရပေမည်။
ချုံတောင်လေးပေါ်ရှိ ဝိညာဉ်စားကျောက်စိမ်းဖား အမြောက်အမြားကို ပင်လယ်စောင့်နတ်မင်းဘုံကျောင်းများသို့ စက္ကူကိုယ်ပွားများဖြင့် ထည့်ပေးလိုက်ပြီဖြစ်သည်။
*******
ထိုအချိန်တွင် အနောက်ကျွန်းရှိ လူသူလေးပါးကင်ရှင်းသော တောင်တစ်လုံးပေါ်ရှိ တောအုပ်အတွင်းမှ မန္တန်အစီအရင်အများအပြား ကာရံထားသော ရိုးပြတ်လေးတစ်ခုအတွင်းသို့ အရပ်မျက်နှာအသီးသီးမှနေ၍ လူဆယ်ယောက်ကျော် ပျံသန်းဝင်ရောက်သွားကြ၏။ ထိုလူဆယ်ယောက်ထဲမှ အများစုသည် ကောင်းကင်နတ်မင်းအဆင့် ရှိလေသည်။ ထိုလူများထဲတွင် ယောက်ျား၊ မိန်းမ အစုံပါ၏။ ထိုလူအများစုသည် ရင့်ရော်နေသော ရုပ်ရည်များရှိပြီး သူတို့၏ မျက်လုံးများထဲတွင် သတိတရားဖြင့် ပြည့်နေပေသည်။
ထိုလူများသည် တစ်ဦးနှင့် တစ်ဦး ရင်းနှီးကြ၏။ သူတို့သည် တာဝန်တစ်ခုတည်းကို ယူကြရသူများဖြစ်သည်။ သူတို့သည် အနောက်ကျောင်းတော်အတွက် ကုသိုလ်ရှာပေးရသူများပင်။
သူတို့၏ ရုပ်တုများသည် တောင်ကျွန်း၏ အနောက်တောင်အရပ်တွင် ရှိလေသည်။ သူတို့သည် တောင်သမုဒ္ဒရာမှ ပင်လယ်စောင့်နတ်မင်းဘုံကျောင်းများ၏ နယ်နိမိတ်နှင့် နီးကပ်၏။
ထိုအခိုက်တွင် သူတို့သည် ပင်လယ်စောင့်နတ်မင်းဘုံကျောင်းများကို တိုက်ခိုက်တော့မည်ဖြစ်ကြောင်း အကြမ်းဖျင်း ခန့်မှန်းမိကြ၏။
ထိုကုသိုလ်ရှာပေးရသူများ၏ အလုပ်သည် သူတို့၏ အမည်ဖြင့်ပင် ဘုံကျောင်းများထောင်၍ ဘုံကျောင်းများကို တိုးတက်လာအောင်လုပ်ပြီး ကိုးကွယ်သူများရှာရခြင်းပင်။ ထို့နောက် ကိုးကွယ်သူများပူဇော်သည့် အမွှေးတိုင်ပူဇော်မှုများမှ ရရှိသော ကုသိုလ်များကို လက်ခံရခြင်းဖြစ်သည်။ သို့သော် ထိုရရှိသော ကုသိုလ်များ၏ (၉၉)ရာခိုင်နှုန်းကို အနောက်ကျောင်းတော်က ယူသွားမည်ဖြစ်သည်။
သို့သော် သူတို့အတွက် ကျန်ခဲ့သော (၁)ရာခိုင်နှုန်းသည်ပင် မည်သည့်ကုသိုလ်မှ မရသည်ထက်စာလျှင် များနေပြီဖြစ်သည်။ ထို့ပြင် သူတို့သည် အနောက်ကျောင်းတော်၏ ထောက်ပံ့မှုကိုလည်း ရလေသည်။
“ ဟေး... မင်းတို့အကုန်ရောက်လာပြီလား ”
ရိုးပြတ်အတွင်းမှ ညှို့အားကောင်းသော အမျိုးသမီးတစ်ဦးထွက်လာ၏။
သူမသည် ပန်းရောင်ဝတ်ရုံဝတ်ဆင်ထား၏။ သူမ၏ ဆံပင်ရှည်ကြီးများသည် ခါးအောက်အထိ ရှိလေသည်။ သို့သော် အဝေးမှမြင်ရသော သူမ၏ ပုံရိပ်သည် အတော်လေး နှစ်လိုဖွယ်ကောင်း၏။
သူမသည် ရှေ့သို့ခြေတစ်လှမ်းလှမ်းလိုက်ရုံဖြင့် လူဆယ်ဦးကျော်၏ ရှေ့သို့ရောက်လာရာ သူတို့သည် တုန်လှုပ်သွားကြ၏။
သူမသည် အရှင်မဝမ်ကျင်းပင်။
အရှင်မဝမ်ကျင်းသည် ရွှေတံဆိပ်ပြားလေးတစ်ခုကို ထုတ်၍ သိမ်မွေ့စွာ ဝှေ့ယမ်းပြလိုက်သည်။ လူဆယ်ဦးကျော်သည် ချက်ချင်းပင် ခေါင်းငုံ့လိုက်ကြ၏။ သူတို့သည် ထိုတံဆိပ်ပြားကို မကြည့်ဝံ့ကြပေ။
“ ငါ ဘယ်သူလည်းဆိုတာ မင်းတို့ သိစရာမလိုဘူး။ ငါ ဘယ်ကလာလဲဆိုတာလည်း မင်းတို့သိစရာမလိုဘူး။ ငါက မင်းတို့နဲ့ ကိစ္စအသေးလေးတစ်ခု တိုင်ပင်ဆွေးနွေးရုံပဲ ”
ထိုသူများသည် စကားပြောရန် ဟန်ပြင်လိုက်စဉ် သူတို့၏ လည်ချောင်းများကို အပ်များဖြင့် ထိုးထားသကဲ့သို့ ခံစားလိုက်ရ၏။ သူတို့မသိလိုက်ခင်မှာပင် သူတို့တစ်ကိုယ်လုံးသည် ဇောချွေးများဖြင့် ရွှဲနေပေပြီ။
သူတို့၏ နှလုံးသားထဲတွင် အကြောက်တရားများ၊ ထိတ်လန့်တုန်လှုပ်ခြင်းများ တဖြည်းဖြည်း ပေါ်ပေါက်လာလေတော့သည်။
အရှင်မဝမ်ကျင်းသည် သူမ၏ ခန္ဓာကိုယ်ကို သိမ်မွေ့စွာ လှုပ်ယမ်း၍ ခြေလှမ်းသုံးလှမ်း လှမ်းလိုက်၏။ သူမ၏ ညှို့အားပြင်းသော ခန္ဓာကိုယ်လေးသည် ခြေလှမ်းတစ်လှမ်းချင်းစီတွင် လှုပ်ယမ်းသွားလေသည်။ သူမသည် သူမ၏ ကျဉ်းမြောင်းသော ဇာမနီမျက်လုံးများဖြင့် ထိုသူများကို ကြည့်လိုက်သည်။
“ မင်းတို့ရဲ့ တန်ခိုးအစွမ်းတွေက လိုအပ်ချက်တွေရှိသေးတယ် ဆိုပေမယ့် မင်းတို့မှာ ကုသိုလ်တော့ တော်တော်လေးရှိသားပဲ။ မင်းတို့က အရသာရှိလောက်မယ် ထင်တယ်... ”
“ ဒါပေမဲ့ မပူပါနဲ့... မင်းတို့မှာ ထမ်းဆောင်စရာ တာဝန်တွေရှိသေးတယ်ဆိုတော့ ငါမင်းတို့ကို မသတ်ပါဘူး။ ဒီကိစ္စပြီးသွားရင် ငါ့အတွက် မင်းတို့ထက်အရသာရှိတဲ့ စားကောင်းသောက်ဖွယ်တွေ ရမှာပါ ”
“ ငါမင်းတို့ကို ကိစ္စတစ်ခု ခိုင်းလိုက်မယ်။ ခုကနေ တစ်လနေရင် သေမျိုးတွေကိုစုစည်းပြီးတော့ သူတို့ကို ပင်လယ်စောင့်နတ်မင်းဘုံကျောင်းတွေကို ခေါ်သွားပြီး တိုက်ခိုက်ခိုင်းလိုက်... ပြီးရင် အဲဒီဘုံကျောင်းတွေမှာရှိတဲ့ ပစ္စည်းတွေကို လုယက်ခိုင်းလိုက်... ”
“ အဲဒီအချိန်ကျရင် မင်းတို့ကို ကူညီပေးဖို့ ငါ ရုပ်သေးနည်းနည်း လွှတ်ပေးမယ်... ”
“ မင်းတို့ရဲ့ အဓိကတာဝန်က ပင်လယ်စောင့်နတ်မင်းဘုံကျောင်းတွေရဲ့ နဂါးအစောင့်အရှောက်တွေကို မျှားခေါ်ပြီး သူတို့ထဲက တစ်ဝက်ကို သတ်ပစ်ဖို့ပဲ။ တစ်ဝက်ကိုတော့ အရှင်ထားလိုက်။ ပြီးတော့ အဲဒီအသက်ရှင်ကျန်ခဲ့တဲ့ နဂါးတွေကိုလာကယ်ဖို့ နဂါးမျိုးနွယ်က ပညာရှင်တွေကို ထပ်ပြီး မျှားခေါ်ရမယ် ”
“ အဲ... နဂါးမျိုးနွယ်က ပညာရှင်တွေ ထပ်ရောက်လာရင် မင်းတို့ သေမျိုးတွေကို ဆက်အသုံးချပြီး အဲ့နဂါးတွေကို တားရမယ်.. ”
အရှင်မဝမ်ကျင်းသည် စကားစရပ်လိုက်ပြီး ဆက်မပြောသေးဘဲ သူမအရှေ့ရှိ လူဆယ်ယောက်ကျော်ကို ဝေ့ကြည့်လိုက်သည်။ ထိုသူများသည် ကြောက်ရွံ့နေကြသဖြင့် မည်သည့်စကားမှ ပြန်မပြောနိုင်ကြောင်းကို အရှင်မဝမ်ကျင်း သိလိုက်၏။
အရှင်မဝမ်ကျင်းသည် လှောင်ပြုံး ပြုံးလိုက်ပြီး အရေးမစိုက်ဟန်ဖြင့် ပြောလိုက်၏။
“ ငါပြောတာကို သဘောမတူတဲ့သူတွေ ရှေ့ကို ခြေတစ်လှမ်းတိုးလိုက် ”
အသက်ကြီးကြီး အမျိုးသမီးတစ်ဦးသည် ချီတုံချတုံဖြစ်နေ၏။ သူမသည် ရှေ့သို့ ခြေလှမ်းဝက်တိုးလိုက်ပြီး ပါးစပ်ဖွင့်ကာ စကားပြောရန် ဟန်ပြင်လိုက်သည်။
သို့သော် အရှင်မဝမ်ကျင်းသည် သူမရပ်နေရာမှ ရုတ်ခြည်းပျောက်သွားပြီး ထိုအသက်ကြီးကြီး အမျိုးသမီး၏ ရှေ့တွင် ပေါ်လာ၏။ သူမသည် သူမ၏ သေးသွယ်သော လက်ချောင်းလေးများကို လှုပ်ရမ်းလိုက်သည်။
အာကာနတ်မင်းအဆင့်သို့ ခြေလှမ်းဝက်ခန့် ရောက်ရှိနေပြီဖြစ်သော အမျိုးသမီးကြီးသည် အနက်ရောင် ဖုန်မှုန့်များအဖြစ် ပြောင်းလဲသွားပြီး လေနှင့်အတူ ညင်သာစွာ လွင့်မျောသွားလေတော့သည်။
“ ကဲ... အခု ဘယ်သူတွေက သဘောတူပြီး၊ ဘယ်သူတွေက သဘောမတူဘူးလဲ ”
ကျန်သူများသည် ဖြူဖပ်ဖြူရော် ဖြစ်သွားကြ၏။ သူတို့သည် ခေါင်းငုံ့နေကြပြီး စကားတစ်ခွန်းပင် မပြောဝံ့ကြပေ။ အရှင်မ ဝမ်ကျင်းသည် သိမ်မွေ့စွာ ပြုံးလိုက်၏။
သူမသည် ထိုအခိုက်တွင် သူမ မြင်ခဲ့ရသော ရေကန့်လန့်ကာ နောက်မှ လူ၏ ပုံရိပ်ကို ပြန်အမှတ်ရသွား၏။
“ အင်း... ”
သူမ၏ အရှေ့ရှိ အစာသာသာ လူများနှင့် ယှဉ်လျှင် ထိုလူကိုသာ အစစ်အမှန် သက်ရှိဟု သူမ ယူဆလေသည်။