ဒုံ
Vol. 10 Ch. 136
ဉာဉ့်အမှောင်ထုထဲတွင် အန်းရွှေမြို့ရှိ ပင်လယ်စောင့်နတ်မင်းဘုံကျောင်းသည် တိတ်ဆိတ်ငြိမ်သက်နေ၏။
‘ အစ်ကိုချန်ရှို့... ’
ပင်လယ်စောင့်နတ်မင်းရုပ်တုဘေးရှိ ကျောက်စိမ်းရုပ်တုလေးသည် စိတ်တန်ခိုးအနည်းငယ် ပို့လွှတ်လိုက်၏။
ခေတ္တမျှကြာပြီးနောက် ပင်လယ်စောင့်နတ်မင်းရုပ်တုသည် ပြန်၍တုံ့ပြန်လိုက်သည်။ စိတ်တန်ခိုးတန်းနှစ်ခုသည် အိပ်မက်လောကအတွင်းသို့ ဝင်သွားလေ၏။ အောင်းရိသည် ရုပ်တုကြီးဘေးတွင် ရပ်နေသော လူရိပ်ကို မြင်လိုက်၏။
အောင်းရိက ရှေ့သို့ လျင်မြန်စွာ လျှောက်သွားလိုက်သည်။ သူ၏ မျက်လုံးများသည် အရောင်တောက်ပနေပြီး တက်ကြွနေသည့်ပုံပေါ်၏။
“ အစ်ကိုချန်ရှို့... ကျွန်တော့်ရဲ့ ခမည်းတော်က စစ်တပ်တွေလွှတ်လိုက်ပြီ။ အနောက်...အဲ့လူတွေက နဂါးမျိုးနွယ်ကို လျှို့ဝှက်ထောက်လှမ်းနေတာ တော်တော်ကြာပြီ။ နဂါးမျိုးနွယ်ဆိုတာ ပြဿနာရှာလို့ရတဲ့ မျိုးနွယ်မဟုတ်ဘူးဆိုတာ သူတို့သိသွားအောင် ကျွန်တော် သေချာပေါက်လုပ်ပြမယ် ”
ထိုစကားကို ကြားလိုက်သောအခါ လီချန်ရှို့ မည်သို့မှ မခံစားလိုက်ရချေ။ ထိုသို့ဖြစ်မည်ကို သူမျှော်မှန်းထားခဲ့ပြီး ဖြစ်သည်။
နဂါးမျိုးနွယ်သည် သူတို့၏ မာနကို မစွန့်လွှတ်နိုင်သေးပေ။ သူတို့သည် ပြန်လည် မတိုက်ခိုက်ဘဲ အရှုံးပေးမည် မဟုတ်ချေ။ သို့သော် အနာဂတ်တွင်မူ နဂါးမျိုးနွယ်သည် ဂရုတစိုက် ပြင်ဆင်လုပ်ဆောင်ရမည် ဖြစ်သည်။
‘ ငါ အနောက်ကျောင်းတော်ကို သိပ်ထိခိုက်သွားအောင် လုပ်လို့မရဘူး။ လက်အောက်ခံပမွှားလေးတွေ ထိခိုက်သွားရင် ဆရာကြီးတွေ ထွက်လာလိမ့်မယ်။ ပြီးတော့ သေမျိုးတွေကိုလည်း သတ်မိလို့မရဘူး... မဟုတ်ရင် ငါ့ရဲ့ အကုသိုလ်တွေတိုးလာလိမ့်မယ် ’
လီချန်ရှို့ ပြောလိုက်၏။
“ သိပ်ပြီး ပျော် မနေနဲ့ဦး။ ဒီတစ်ခေါက် အစ်ကိုတို့ရင်ဆိုင်ရမှာ သာမန်ရန်သူတွေ မဟုတ်ဘူး။ ပြီးတော့ စစ်ပွဲသာ ဖြစ်လာရင် အဆုံးအရှုံးတွေကို ရှောင်လွှဲလို့ရမှာ မဟုတ်ဘူး။ ဒီဟာက ပျော်နေရမယ့် ကိစ္စ မဟုတ်ဘူး ”
“ ဟုတ်ကဲ့ပါ အစ်ကိုချန်ရှို့ ... အစ်ကိုပြောတာ မှန်ပါတယ် ”
အောင်းရိ ချက်ချင်းပင် ပြုံးနေရာမှ ရပ်လိုက်သည်။ သူသည် လက်နှစ်ဖက်ဆုပ်၍ အရှက်ရသွားသည့် ဟန်ပန်ဖြင့် ဦးညွှတ်လိုက်၏။
ထို့နောက် အောင်းရိသည် လွန်ခဲ့သည့်နှစ်ရက်အတွင်းက သူလုပ်ခဲ့သည့်ကိစ္စများကို လီချန်ရှို့အား ရှင်းပြလိုက်သည်။
သူသည် အရှေ့သမုဒ္ဒရာနန်းတော်သို့ အလျင်စလို ပြန်၍ သူ၏ခမည်းတော်နှင့် တွေ့ဆုံကာ လီချန်ရှို့ညွှန်ကြားသည့်အတိုင်း အခြေအနေများကို တင်ပြခဲ့သည်။
အရှေ့သမုဒ္ဒရာ၏ နဂါးဘုရင်သည် ခေတ္တမျှတွေးတောလိုက်ပြီး နဂါးမျိုးနွယ်၏ အကြီးအကဲအားလုံးကို ဆင့်ခေါ်၍ တိုင်ပင်လိုက်သည်။
နတ်ဝိဇ္ဇာအဆင့်ရှိသော လိပ်အိုကြီး တစ်ဦး၊ နှစ်ဦးသာ အနောက်ကျောင်းတော်နှင့် ထိပ်တိုက်ရင်ဆိုင်၍ မဖြစ်ဟု တွေးတောခဲ့၏။ ကျန်အကြီးအကဲများမှာမူ မခံမရပ်နိုင်ဖြစ်သွားကြပြီး တိုက်ပွဲစရန် တောင်းဆိုခဲ့ကြသည်။
အောင်းရိက ပြတ်ပြတ်သားသား ပြောလိုက်၏။
“ ဒီတစ်ခေါက် ခမည်းတော်က ရေနဂါးစစ်သည် သုံးသောင်း စေလွှတ်လိုက်လိမ့်မယ်။ ကျွန်တော်တို့ နဂါးမျိုးနွယ်မှာ ပညာရှင် ခြောက်ရာကျော်ရှိတယ်။ ပြီးတော့ အာကာသနတ်မင်းအဆင့်ရှိတဲ့ ပညာရှင်အယောက် နှစ်ဆယ်။ တကယ်လို့ တိုက်ပွဲသာ အရေးကြီးနေပြီဆိုရင် နဂါးမျိုးနွယ်ရဲ့ အကြီးအကဲတွေလည်း အချိန်မရွေးဝင်တိုက်ဖို့ အသင့်ပါပဲ ”
လီချန်ရှို့ ဆွံ့အသွား၏။ သူအတန်ငယ် မလုံမလဲဖြစ်သွားရ၏။
‘ ဒီနဂါးမျိုးနွယ်က ညီလေးက ရိုးသားလွန်းတာပဲ ’
‘ အာကာသနတ်မင်းအဆင့်ရှိတဲ့ ပညာရှင်အယောက်နှစ်ဆယ်၊ နဂါးမျိုးနွယ်ရဲ့ ပညာရှင်အယောက်ခြောက်ရာနဲ့ ရေနဂါးစစ်သည် သုံးသောင်း... ’
‘ တခြားကိစ္စတွေ ထည့်မတွက်ဘူးဆိုရင် ဒီအရေအတွက်က တကယ့် စွမ်းအားကြီး နတ်ဝိဇ္ဇာဘိုးအေကြီးကိုတောင် သတ်ဖို့ လုံလောက်တယ်...’
‘ သူတို့သာ စတိုက်ပြီဆိုရင် သူတို့ရဲ့ စွမ်းအားက ပြိုင်ဘက်ကင်းဖြစ်လာမှာပဲ ’
‘ အင်း.. နဂါးမျိုးနွယ်က ရှေးခေတ်ကတည်းက အခုထိ ရှင်သန်ရပ်တည်နိုင်ခဲ့တာဆိုတော့ သူတို့မှာလည်း သူတို့ရဲ့ ထူးခြားတဲ့ အစွမ်းတွေ ရှိမှာပဲ... ’
လီချန်ရှို့သည် အတန်ငယ် အပြစ်ရှိသကဲ့သို့ ခံစားနေရ၏။ နဂါးမျိုးနွယ်သည် ထိုမျှ အင်အားစိုက်ထုတ်ခဲ့၏။ သို့သော် ရန်သူများသည် အတုမဲ့နတ်ဝိဇ္ဇာအဆင့်ရှိသော မိစ္ဆာဆယ့်နှစ်ကောင် ကျော်လောက်ကိုသာ စေလွှတ်ခဲ့လေသည်။
‘ နည်းနည်းတော့ အိုးတိုးအန်းတန်း ဖြစ်သွားမှာပဲ ’
အောင်းရိပြောလိုက်၏။
“ အစ်ကိုချန်ရှို့... အစ်ကို့မှာ ကျွန်တော့်ကို ညွှန်ကြားစရာတွေများ ရှိသေးလား။ ကျွန်တော် ဦးရီးတော်တချို့နဲ့ သွားတွေ့ပြီး တောင်သမုဒ္ဒရာကို အမြန် ပြန်သွားရပါဦးမယ် ”
“ ညီလေးရိ... ညီလေးရဲ့ ကျင့်ကြံခြင်းအဆင့်က နိမ့်သေးတယ်။ တိုက်ပွဲထဲမှာ ညီလေးကိုယ်တိုင် ဝင်မတိုက်သင့်ဘူး... ”
“ ကျွန်တော်က ပင်လယ်စောင့်နတ်မင်းဘုံကျောင်းတွေရဲ့ ကောင်းကင်နဂါးအစောင့်အရှောက်ပါ။ ဘယ်လိုကြောင့် တိုက်ပွဲထဲ ဝင်မပါလို့ ဖြစ်မလဲ ”
အောင်းရိ၏ အကြည့်များသည် ပြတ်သားနေ၏။
“ ကျွန်တော် ကုသိုလ်တွေအများကြီးကို အလကားယူထားတာပဲ။ ကျွန်တော့်အတွက်နဲ့ ကျွန်တော့်မျိုးနွယ် သွေးမြေခမှာကို မလိုချင်ဘူး။ ခမည်းတော်က ကျွန်တော့်ကို စစ်သူကြီးအဖြစ် တာဝန်ထမ်းဆောင်ဖို့ တာဝန်ပေးလိုက်ပြီ။ ကျွန်တော် ဒီတစ်ခေါက်တော့ အဲ့စွမ်းအားကြီးရန်သူတွေကို သေချာပေါက် တိုက်ခိုက်မယ်။ အစ်ကိုချန်ရှို့... အစ်ကို ဒီတိုက်ပွဲအတွက် စိုးရိမ်စရာမလိုပါဘူး။ အစ်ကို တောင်သမုဒ္ဒရာဆီ ပြေးလာစရာမလိုပါဘူး... ”
“ အစ်ကို ဘယ်လိုလုပ် မစိုးရိမ်ဘဲ နေနိုင်မှာလဲ။ အင်းပါလေ... ဒီလိုဆိုတော့လည်း ညီလေး ကိုယ့်ကိုယ်ကို ဂရုစိုက်ပါ...ပြီးတော့ အရမ်းလည်း ပြင်းပြင်းထန်ထန် မတိုက်ပါနဲ့... ”
လီချန်ရှို့ ပြောလိုက်၏။
“ အစ်ကို ဒီရက်ပိုင်းအတွင်းမှာ ရန်သူတွေကို ရင်ဆိုင်ဖို့ ဗျူဟာဆွဲထားတယ်။ အဲဒါကို အန်းရွှေမြို့မှာရှိတဲ့ ဘုံကျောင်းက အစ်ကိုတို့ရဲ့ ရုပ်တုတွေနောက်မှာ ထားထားတယ်။ အဲဒါက အပြာရောင် ဘူးလေး။ ညီလေး ပိုပြီးသွက်သွက်လက်လက် သွားလာနိုင်တဲ့ ပညာရှင်တစ်ယောက်ကိုပြောပြီး အဲဒါကို ယူခိုင်းလိုက်ပေါ့။ အဲ့အထဲမှာ ညီလေးအတွက် စာလည်းပါတယ်.... ”
“ အစ်ကို စကားကြီး စကားကျယ် တစ်ခုလောက်ပြောချင်တယ်... ”
“ နဂါးမျိုးနွယ်သာ အဲ့ဗျူဟာတွေကို ကျင့်သုံးပြီး သိပ်ပြီး စွမ်းအားမကြီးတဲ့ ပညာရှင်တစ်ဦးနဲ့ ရင်ဆိုင်ရတဲ့အချိန်မှာ သင့်တော်သလို တိုက်စစ်၊ ခံစစ်သုံးပြီး တိုက်နိုင်ရင် နဂါးမျိုးနွယ်ဘက်မှာ အဆုံးအရှုံးသိပ်ရှိမှာ မဟုတ်ဘူး ”
အောင်းရိ မျက်တောင်ခတ်လိုက်ပြီး ရုတ်တရက် တစ်စုံတစ်ခုကို တွေးမိသွား၏။ သူလေသံတိုးတိုးဖြင့် ပြောလိုက်၏။
“ ဒီ ရန်သူတွေကို ရင်ဆိုင်ဖို့ ဗျူဟာက ရန်ကျောင်းတော်ရဲ့ အကြီးအကဲ... ”
လီချန်ရှို့ ပဟေဠိဆန်ဆန်ပြုံးလိုက်ပြီး မည်သည့်စကားမှ မဆိုလိုက်ပေ။ သူသည် လက်ဝှေ့ယမ်းလိုက်ပြီး အိပ်မက်အတွင်းမှ ပျောက်ကွယ်သွားလေတော့သည်။
တုနတ်ဝိဇ္ဇာဂိုဏ်းရှိ ချုံတောင်လေးပေါ်တွင် လီချန်ရှို့သည် မိမိကိုယ်ကို တည်ငြိမ်အောင် လုပ်လိုက်ပြီး သူ၏ နောက်ထပ်ခြေလှမ်းကို စတင်လှမ်းလိုက်လေသည်။
တချိန်တည်းမှာပင် အရှေ့သမုဒ္ဒရာ နဂါးနန်းတော် အတွင်း၌ အောင်းရိသည် လီချန်ရှို့၏ ညွှန်ကြားချက်ကို လိုက်နာလိုက်ပြီး လျင်မြန်စွာ ပျံသန်းနိုင်သော နဂါးမျိုးနွယ်မှ ပညာရှင်တစ်ဦးကို ဖိတ်ခေါ်လိုက်သည်။ ထိုပညာရှင်သည် ချက်ချင်းပင် အန်းရွှေမြို့သို့ ပျံသန်းသွား၍ တိုက်ပွဲဗျူဟာကို ယူဆောင်ခဲ့လေသည်။
အာကာသနတ်မင်းအဆင့်ရှိသော နဂါးပညာရှင်များ အရှေ့သမုဒ္ဒရာနဂါးနန်းတော်သို့ တိမ်စီး၍ ရောက်လာသောအခါ နဂါးနန်းတော်မှ ရေနဂါးစစ်သည် သုံးသောင်းသည် သမုဒ္ဒရာအတွင်း အသင့်ပြင်ပြီးပေပြီ။
ဒုတိယမင်းသားလေး အောင်းရိသည် ကျောက်စိမ်းချပ်ဝတ်ကို ဝတ်ဆင်ထားပြီး အလံကို မြှင့်တင်လိုက်၏။ သူ့အား ကာကွယ်ပေးနေသော နက်နဲသည့် ကိုယ်ရောင်ကိုယ်ဝါများရှိသော ပညာရှင်အချို့လည်း ရှိနေ၏။
ပညာရှင်တစ်ဦးသည် အဝေးမှနေ၍ အသံပို့လွှတ်လိုက်၏။
“ အရှင့်သား... အဲဒါ ရောက်လာပါပြီ ”
အောင်းရိ၏ မျက်လုံးများ အရောင်တောက်သွားပြီး သမုဒ္ဒရာကြမ်းပြင်တွင် လူးလားခေါက်တုံ့လျှောက်လိုက်သည်။ သူရှေ့သို့ ထွက်၍ ပြောလိုက်၏။
“ အခုလို အပင်ပန်းခံပြီး သွားယူပေးတာ ကျေးဇူးတင်ပါတယ် ဦးရီးတော်... ”
နဂါးပညာရှင်သည် လူသားအသွင်ပြောင်းလဲလိုက်ပြီး ရှေ့သို့တိုးလာ၏။ သူသည် သူ၏ အင်္ကျီလက်အတွင်းမှ ပစ္စည်းတစ်ခုကို ထုတ်ယူလိုက်၏။
ထိုအရာကား နှစ်ပေရှည်သော လေးထောင့်သစ်သားဘူးလေးပင်။ ထိုသစ်သားဘူးလေးကို အပြာရောင်အဝတ်ဖြင့် ရစ်ပတ်ထား၏။
အောင်းရိနှင့် နဂါးမျိုးနွယ်မှ အခြားပညာရှင်များသည် မှင်သက်သွား၏။ အောင်းရိသည် သမုဒ္ဒရာရေဖိအားကြောင့် သစ်သားဘူးလေး ပျက်ဆီးသွားမည်ဆိုးသဖြင့် ၎င်းကို သူ၏ နတ်တန်ခိုးများဖြင့် လွှမ်းခြုံလိုက်သည်။
သစ်သားဘူးလေးကို ဖွင့်လိုက်ရာ သပ်သပ်ရပ်ရပ် စီထားသော ဝါးပေလိပ်လေးများကို တွေ့လိုက်ရ၏။ ထိုဝါးပေလိပ်များ၏ အပေါ်တွင် ကျောက်စိမ်းအဆောင်တစ်ခု ရှိလေသည်။
အောင်းရိသည် ကျောက်စိမ်းပြားလေးကို ကောက်ယူလိုက်ပြီး သူ၏ နတ်အာရုံဖြင့် လေ့လာကြည့်ရှုလိုက်၏၊ မကြာမီ သူသည် စာကြောင်းအချို့ကို တွေ့ရှိသွား၏။
“ အစ်ကို အသေးစိတ်ကိုတော့ ရှင်းမပြနိုင်ဘူး... ”
“ နောက်ထပ်ဆက်လုပ်ရမယ့် အဆင့်တွေကို ဝါးပြားလေးတွေပေါ်မှာ ရေးထားတယ်။ စုစုပေါင်း (၂၆)ဆင့် ရှိတယ်။ ပထမဆုံးအဆင့်က “ ချီတက် ” ဖို့ပဲ။ စပြီး မချီတက်ခင် ဝါးပြားလေးတွေ အကုန်လုံးကို ဖတ်သွားပါ။ ဖတ်ပြီးသွားရင် ဒုတိယအဆင့်က ဘာလဲဆိုတာ သိသွားပါလိမ့်မယ် ”
အောင်းရိသည် ကျောက်စိမ်းအဆောင်လေးကို ဘေးသို့ချလိုက်ပြီး သစ်သားဘူးလေးကို ငုံ့ကြည့်လိုက်၏။ ထို့နောက် သူသည် ဝါးပေလိပ်တစ်ခုကို ယူလိုက်လေသည်။
သူသည် ဝါးပေလိပ်လေးကို ဖြည်းဖြည်းချင်း ဖွင့်ကြည့်လိုက်၏။ ထိုအပေါ်တွင် ရေးသားထားသော စာများသည် ရှင်းလင်းပြတ်သား၏။ ထိုထွင်းထားသော စာလုံးများတွင် မှော်အစွမ်း တစ်မျိုးမျိုးပါသည်ဟု ထင်ရ၏။ အောင်းရိသည် ဝါးပေလိပ်များကို စိတ်ဝင်တစားဖတ်ရှုလိုက်လေတော့သည်။
မကြာမီ အောင်းရိသည် ဗျူဟာ၏ ပထမအဆင့်ကို ဖတ်ရှုပြီးသွားလေ၏။
အတန်ကြာ တွေးတောဆင်ခြင်ပြီးနောက် အောင်းရိသည် ဗျူဟာအတိုင်း လုပ်ဆောင်ရန် ဆုံးဖြတ်လိုက်၏။ သူသည် သူ၏ဖခမည်းတော် ပေးထားသော ‘ နဂါးကိုးကောင်မာန ကောင်းကင်တံဆိပ်တော် ’ ကိုထုတ်၍ ကျယ်လောင်စွာပြောလိုက်လေသည်။
“ ဦးရီးတော်တို့၊ နဂါးမျိုးနွယ်တို့ ... အုပ်စုခွဲပြီး ချက်ချင်း ချီတက်ဖို့ ပြင်ဆင်ပါ။ စစ်သည်တွေရဲ့ တစ်ဆယ်ရာခိုင်နှုန်းက သမုဒ္ဒရာရေမျက်နှာပြင်ပေါ်ကနေ ချီတက်ပြီး ရေလမ်းကြောတွေကနေပြီး တောင်သမုဒ္ဒရာထဲကို ဝင်မယ်။ ဒါပေမဲ့ သူတို့ရဲ့ ကိုယ်ရောင်ကိုယ်ဝါတွေကိုတော့ ဖုံးကွယ်ထားရမယ်။ ပြီးတော့ ဘာအလံမှ ထောင်လို့လဲမရဘူး။ သူတို့လာတာ သိသွားလို့မရဘူး။ ကျန်တဲ့စစ်သည်တွေကတော့ ရေအောက်ကနေပဲ ပုန်းကွယ်ပြီး မြောက်ဘက်က ပတ်သွားရမယ်။ ကမ်းရိုးတန်းနားက မြေကြောတွေကို ဖြတ်သန်းပြီး မြေအောက်ထဲကနေ အရှေ့ကျွန်းကို ဦးတည်သွားပါ... ပြီးခါမှ တောင်ကျွန်းကို သွားပါ။ နတ်ဝိဇ္ဇာဂိုဏ်းတွေရဲ့ အာရုံစိုက်မှုကို ရှောင်ရှားပြီးတော့ တောင်ကျွန်းရဲ့ အနောက်တောင်ဘက်ကို သွားပါ ”
နဂါးပညာရှင်တစ်ဦး မျက်မှောင်ကြုတ်သွား၏။
“ အရှင့်သား... ဘာလို့ စစ်တပ်ကို နှစ်စုခွဲလိုက်မှာလဲ ”
အောင်းရိထိုစကားကို ကြားသောအခါ ယခုတင်သူဖတ်လိုက်သော ဝါးပေလိပ်ပေါ်မှ စာသားများကို ချက်ချင်း ပြန်အမှတ်ရသွား၏။
“ ဘာလို့ နှစ်စုခွဲရလဲဆိုတဲ့ အကြောင်းအရင်းကိုမေးရင် သူတို့ကို ဒီတစ်ခေါက်ရင်ဆိုင်ရနေတဲ့ ရန်သူတွေရဲ့ အကြောင်းကို စဉ်းစားကြည့်လိုက်ပါလို့ ပြန်ပြောလိုက်ပါ ”
အောင်းရိက တည်တည်ငြိမ်ငြိမ်ဖြင့် ပြောလိုက်၏။
“ ဦးရီးတော်... ဒီတစ်ခေါက် ကျွန်တော်တို့ရင်ဆိုင်နေရတဲ့ ရန်သူတွေရဲ့ အကြောင်းကို စဉ်းစားကြည့်လိုက်ပါ ”
နဂါးပညာရှင်သည် မျက်မှောင်ကြုတ်လိုက်ပြီး မည်သည့် စကားမှ ထပ်မဆိုတော့ချေ။
အခြား နဂါးအိုကြီးတစ်ကောင်က ဝင်ပြောလိုက်၏။
“ နဂါးမျိုးနွယ်ဆိုတာ ကောင်းကင်ဘုံ ကိုးဘုံရဲ့ အထက်မှာ ဂုဏ်သိက္ခာရှိရှိ ရပ်တည်ခဲ့တဲ့ မျိုးနွယ်ပါ။ ဘယ်တုန်းကများ နဂါးမျိုးနွယ်က ခိုးကြောင်ခိုးဝှက်ချီတက်တာတွေ၊ မြေအောက်ထဲက ပုန်းရှိုးကွယ်ရှိုး ချီတက်တာတွေလုပ်တဲ့ မျိုးနွယ်ဖြစ်သွားရတာလဲ ”
အောင်းရိ အတန်ငယ် အံ့အားသင့်သွား၏။
‘ အစ်ကိုချန်ရှို့ရဲ့ နောက်ကွယ်က ပညာရှင်က အနာဂတ်ကို ကြိုမြင်နိုင်တာလား ’
ထိုမေးခွန်းမေးလာလျှင်လည်း မည်သို့ပြန်ဖြေရမည်ကို ဝါးပေလိပ်ထဲတွင် ရေးသားထားပြီး ဖြစ်သည်။
အောင်းရိက တည်တည်ငြိမ်ငြိမ်ပင် ပြန်ဖြေလိုက်သည်။
“ မြေကြီးဆိုတာ ပန်ကူးနတ်ဘုရားရဲ့ ခန္ဓာကိုယ်က ဖြစ်ပေါ်လာတာ။ တိမ်တွေဆိုတာ ကြီးမြတ်တဲ့ ပန်ကူးနတ်ဘုရားရဲ့ ထွက်သက်ဝင်သက်တွေပါပဲ။ ကျွန်တော်တို့က ဘာလို့ မြေကြောတွေကို အသုံးမပြုနိုင်ရမှာလဲ ”
နဂါးအိုကြီးသည် သူ့ဘာသာ တီးတိုးရေရွတ်လိုက်ပြီး ဦးညွှတ်လိုက်၏။ သူ မည်သို့မှ အတွန့်မတက်ဝံ့တော့ပေ။ နဂါးမျိုးနွယ်၏ ပညာရှင်များတွင် မည်သည့်ကန့်ကွက်စရာမှ မရှိတော့ပေ။ သူတို့တွင် အောင်းရိအပေါ် အထင်သေးခြင်းများလည်း မရှိကြတော့ပေ။
ထို့နောက် နဂါးမျိုးနွယ်၏ စစ်သည်များသည် နှစ်စုခွဲလိုက်ကြပြီး တောင်ကျွန်း အနောက်တောင်ပိုင်းသို့ သွားလိုက်ကြလေ၏။ အုပ်စုတစ်စုသည် တောင်ဘက်သို့ ဦးတည်သွား၍ ကျန်တစ်စုသည် မြောက်ဘက်သို့ ဦးတည်သွား၏။ တစ်စုသည် ရေမျက်နှာပြင်ပေါ်မှ သွား၍ ကျန်တစ်စုသည် ရေအောက်မှ သွားလေသည်။
အောင်းရိက ထပ်မံသတိပေးလိုက်သည်။
“ နဂါးမျိုးနွယ်ရဲ့ အကြီးအကဲတို့... နဂါးမျိုးနွယ် ချီတက်လာပြီဆိုတာ ဘယ်သူမှ မသိအောင် လုပ်ပါ ”
“ မပူပါနဲ့ အရှင့်သား ”
ဆံပင်ဖြူများရှိနေသော နဂါးခေါင်းဖြင့် အဘိုးကြီးသည် ပြုံး၍ ပြောလိုက်၏။
“ ကျွန်တော်မျိုး စတင်လုပ်ဆောင်နေပါပြီ ”
အောင်းရိသည် ခေါင်းညိတ်ပြလိုက်ပြီး သူ၏လက်အတွင်းရှိ ဝါးပေလိပ်ကို ထပ်မံကြည့်လိုက်၏။ မကြာမီ သစ်သားဘူးအတွင်းရှိ အခြားဝါးပေလိပ်တစ်ခုကို ဆက်ဖတ်လိုက်သည်။
နဂါးရထားလုံးသည် ရေပြင်ပေါ်တွင် ထွက်ခွာသွား၏။ ထိုအပေါ်တွင် အောင်းရိနှင့် ပညာရှင်အချို့ လိုက်ပါသွားလေသည်။ သူတို့သည် ရန်သူ၏ အာရုံစိုက်မှုကိုရရန် ပင်လယ်ရေကြောင်းလမ်းအတိုင်း သွားလိုက်၏။
တောင်သမုဒ္ဒရာသို့ သွားသည့် လမ်းခရီးတွင် ဝါးပေလိပ်(၂၆)လိပ်လုံးကို ဖတ်ရှုလိုက်၏။
‘ ချီတက် ’ အဆင့်ပြီးသောအခါ ‘ စစ်သူကြီးနိယာမ ’ အဆင့်ဖြစ်၏။ ထို့နောက် ‘ စစ်မြေပြင် ရွေးချယ်ခြင်း ’ နှင့် ‘ ရန်သူကိုမျှားခေါ်ခြင်း ’ အဆင့်တို့ လာ၏။
‘ ရန်သူကိုမျှားခေါ်ခြင်း ’ အဆင့်ပြီးသောအခါ ဗျူဟာသည် သုံးမျိုးခွဲသွား၏။ သူတို့သည် ရန်သူ၏ တုံ့ပြန်မှုအပေါ်မူတည်၍ မည်သည့် အမျိုးအစားကို အသုံးပြုမည်နှင့်ပတ်သက်၍ ရွေးချယ်ရန် ဖြစ်သည်။ ထို့သို့ရွေးချယ်ပြီးလျှင် ဆက်၍ လုပ်ရန် အဆင့်များစွာ ရှိပေသေးသည်။
ခေတ္တမျှကြာပြီးသောအခါ အောင်းရိသည် သူ၏ လက်ထဲတွင် ဝါးပေလိပ်လေးတစ်လိပ်ကိုကိုင်ရင်း အံ့အားသင့်နေ၏။
‘ ရန်ကျောင်းတော်က ပညာရှင်ပီသပါပေတယ်... ဒီဗျူဟာတွေက အသေးစိတ်ပြင်ဆင်ထားတာပဲ။ ဒီဗျူဟာတွေက တော်တော်လေး စွမ်းအားကြီးလွန်းတယ် ’
အောင်းရိသည် လျင်မြန်စွာပင် ဝါးပေလိပ်အတွင်း၌ ရေးထားသော ညွှန်ကြားမှုများကို လိုက်နာလိုက်၏။ သူပြုံး၍ ‘ ချုံခိုတိုက်ခိုက်ခြင်း(၂) ’ အဆင့်ကို ရေးသားထားသော ဝါးပေလိပ်အစုံကို ထုတ်ယူလိုက်သည်။
သူသည် အားလုံးကို ဗျူဟာအကြောင်း နားလည်စေလို၏။
“ ဦးရီးတော်တို့ ဒီချုံခိုတိုက်ခိုက်ခြင်း နည်းဗျူဟာကို လာကြည့်လိုက်ပါ။ ဒီနည်းဗျူဟာက တွေ့ရခဲတယ်... ”
နဂါးပညာရှင်အချို့သည် ပြုံး၍ ခေါင်းညိတ်လိုက်၏။ သူတို့သည် ထိုအရာကို သိပ်၍ အမှုမထားပေ။ သူတို့သည် ဝါးပေလိပ် သုံးလိပ်ကို ကိုင်၍ နည်းဗျူဟာကို လေ့လာလိုက်သည်။ မကြာမီ သူတို့၏ မျက်နှာထားများ တည်သွား၏။
“ အုပ်စုခွဲပြီးတော့ နှစ်ဖက်ညှပ်တိုက်မယ်... ”
“ အပေါ်ယံ ချုံခိုတိုက်ခိုက်တာက ရန်သူတွေကို မျှားခေါ်ဖို့ပဲ... အဲဒါမှ ရန်သူတွေ အခြေအနေကို မသုံးသပ်မိမှာ။ အဆင့်နိမ့် ချံုခိုတိုက်ခိုက်တာကတော့ ရန်သူတွေကို ထိခိုက်အောင် တိုက်ခိုက်ဖို့ပဲ။ ပြီးတော့ အလယ်အလတ်အဆင့် ချုံခိုတိုက်ခိုက်မှု၊ အဆင့်မြင့် ချုံခိုတိုက်ခိုက်မှုတွေလည်း ရှိသေးတယ်။ အရံစစ်သည်တွေအတွက်လည်း ပြင်ဆင်ထားတယ်... ဒီဗျူဟာက တော်တော်လေး အထင်ကြီးစရာကောင်းတာပဲ ”
“ ဒီနည်းဗျူဟာက လူသားတွေ စုန်းကဝေတွေကို နှိမ်နင်းဖို့ သုံးခဲ့တဲ့ နည်းဗျူဟာလား ”
သို့သော်...
ထိုချုံခိုတိုက်ခိုက်ခြင်း နည်းဗျုဟာ သည် နည်းဗျူဟာကောင်းတစ်ခုဟု သူတို့ခံစားရသော်လည်း သူတို့သည် အောင်းရိကို ထိုကဲ့သို့ ကောက်ကျစ်သော နည်းဗျူဟာမျိုးကို အသုံးမပြုစေလိုပေ။
သို့သော် အောင်းရိက ပြောလိုက်၏။
“ အဲ့လိုဆို စစ်တပ်နှစ်ခုက တစ်ဖက်နဲ့ တစ်ဖက် ဘယ်လိုတိုက်ရမှာလဲ။ အသုံးမဝင်တဲ့ မာနတွေထားနေတာထက်စာရင် ကျွန်တော်က ကျွန်တော်တို့မျိုးနွယ်တွေရဲ့ အသက်ကို ပိုပြီး အလေးထားတယ် ”
နဂါးဘုရင်နှင့် မျိုးဆက်တူသော နဂါးပညာရှင်များသည် ခေါင်းညိတ်၍ သူ၏ အမိန့်ကို လက်ခံလိုက်ရလေတော့သည်။
နဂါးမျိုးနွယ်၏ စည်းမျဉ်းများသည် လွန်စွာတင်းကြပ်၏။ တိုက်ပွဲတွင် အောင်းရိသည် စစ်သူကြီးဖြစ်သဖြင့် မည်သည့်ဆုံးဖြတ်ချက်ကိုမဆို ချနိုင်လေသည်။
ထိုသို့ဖြင့် ရက်အနည်းငယ် ကြာပြီးနောက်...
ရေနဂါးစစ်သည် သုံးထောင်နှင့် နဂါးမျိုးနွယ်မှ ပညာရှင်တစ်ဒါဇင်ကျော်သည် တောင်သမုဒ္ဒရာအတွင်းသို့ လျှို့ဝှက်ရောက်ရှိနေကြပြီဖြစ်ပြီး အန်းရွှေမြို့အနီးရှိ ပင်လယ်ထဲတွင် ပုန်းအောင်းနေပေသည်။
ရန်သူများသည် ရေလမ်းကြောင်းများကို စောင့်ကြည့်နေသည်ဖြစ်၍ နဂါးမျိုးနွယ်သည် သူတို့၏ တည်နေရာကို လျှို့ဝှက်မထားနိုင်ပေ။
နဂါးနန်းတော်မှ စစ်သည်အုပ်စုကို ခြင်နက်အချို့က စောင့်ကြည့်နေပြီဖြစ်သည်။
ရက်အနည်းငယ် ကြာပြီးနောက် မြေအောက် နက်နက်ရှိုင်းရှိုင်းနေရာတွင် ရေနဂါးစစ်သည်များ စုဝေးနေ၏။ သူတို့သည် မြေအောက်ထဲတွင် ပုန်းအောင်းနေကြပြီး အပြင်သို့ ထွက်မလာကြပေ။ နဂါးပညာရှင်များသည် မည်မျှပင်သတိထားသည်ဖြစ်စေ၊ သူတို့၏ ဖုန်းကွယ်အတတ်များသည် မည်မျှပင် ပြောင်မြောက်သည်ဖြစ်စေ ရေနဂါးစစ်သည်များ၏ ခြေရာလက်ရာများကို စောင့်ကြည့်ခံနေရ၏။
သို့သော် ထိုစောင့်ကြည့်နေသူမှာ အချိန်တိုအတွင်း အရာအားလုံးကို ပြင်ဆင်ခဲ့သော ပင်လယ်စောင့်နတ်မင်းပင်။
မည်သူသည် ထိုသို့တွေးမိမည်နည်း။ အမြဲ ကိုယ့်ကိုယ်ကို စိတ်ကြီးဝင်နေခဲ့သော နဂါးမျိုးနွယ်သည် မည်သည့်ကိစ္စမျှ မဖြစ်သေးသည့်အချိန်တွင် သတိကြီးကြီးထားကာ ကြိုတင်ပြင်ဆင်ထားမည်ဟု မည်သူထင်မည်နည်း။
ရေနဂါးစစ်သည် သုံးသောင်းခန့်သည် “ ခရုပတ် ” ဗျူဟာအတိုင်း ပြုလုပ်နေသည်ကို လီချန်ရှို့တွေ့လိုက်၏။ သူတို့သည် လူသူကင်းရှင်းသော တောင်တစ်လုံးကို ရွေး၍ မြေအောက် ခပ်တိမ်တိမ်နေရာတွင် ခြောက်လွှာထောင်ချောက်ကို ဆင်လိုက်ကြသည်။ ပညာရှင်များသည် ပူးပေါင်းလုပ်ကိုင်၍ သူတို့၏ ကိုယ်ရောင်ကိုယ်ဝါများကို ဖုံးကွယ်ပေးထားကြ၏။
နောက်ဆုံးတွင် လီချန်ရှို့ရင်ထဲရှိ အလုံးကြီး၏ ငါးဆယ်ရာခိုင်နှုန်းသည် ကျသွားပေပြီ။ လီချန်ရှို့သည် ဤရက်ပိုင်းအတွင်း အနားမယူခဲ့ရသေးချေ။
သူသည် ကိုးကွယ်သူများအကြား ပဋိပက္ခများ ဖြစ်လာနိုင်သည့် ဘုံကျောင်းများဆီသို့ ယုံကြည်အားကိုးရသော နတ်တမန်တော်များနှင့် စက္ကူကိုယ်ပွားများကို စေလွှတ်ထား၏။ သူသည် ကိုးကွယ်သူများကို ကြိုတင်၍ ဖျောင်းဖျထားရန် နတ်တမန်တော်များကို တာဝန်ပေးထား၏။
ရန်သူများသည် သေမျိုးကိုးကွယ်သူများအကြား ဖြစ်ပေါ်လာသည့် ပဋိပက္ခများကို အသုံးချ၍ တိုက်ခိုက်မည်မှာ သေချာသလောက်ရှိသည်။
မျှော်လင့်ထားသကဲ့သို့ပင် နဂါးစစ်သည်များ၏ ချုံခိုတိုက်ခိုက်မည့် နေရာကို ခြောက်ရက်မပြည့်မီမှာပင် ပြင်ဆင်ပြီးသွားခဲ့လေသည်။ ပင်လယ်စောင့်နတ်မင်းဘုံကျောင်းများနှင့် နီးကပ်သော ဘုံကျောင်းများသည် ကိုးကွယ်သူအများအပြားကို စုစည်း၍ မြို့ကြီးများရှိ ပင်လယ်စောင့်နတ်မင်းဘုံကျောင်းများသို့ ချီတက်လာကြ၏။
သူတို့သည် အမှန်ပင် မြို့များအကြားမှ ကိုးကွယ်သူအချင်းချင်း လက်နက်ဆွဲကိုင် တိုက်ခိုက်စေရန် ကြံရွယ်နေကြခြင်းပင်။
သေမျိုးလောကရှိ တိုင်းပြည်အချို့သည်လည်း သူတို့ကို စောင့်ကြည့်ရန် စစ်သည်များစေလွှတ်လိုက်၏၊ သို့သော် သူတို့သည် ကိုးကွယ်သူများကို မစော်ကားဝံ့ပေ။
ထိုကိုးကွယ်သူများသည် ပင်လယ်စောင့်နတ်မင်းဘုံကျောင်းများကို ဖျက်ဆီးပစ်လိုနေကြ၏။
အမှန်တွင် ထိုလူအများစုသည် သူဆင်းရဲများ ဖြစ်ကြသည်။ ထိုလူအများစုသည် ဤကိစ္စတွင် ဝင်ပါနေကြခြင်းမှာ ဓနဥစ္စာအချို့အတွက်သာ ဖြစ်သည်။
လီချန်ရှို့သည် အကုသိုလ်မရလိုသဖြင့် ထိုသူများကို ရက်ရက်စက်စက် ကိုင်တွယ်မည် မဟုတ်ပေ။
သူသည် နဂါးမျိုးနွယ်ကိုလည်း သေမျိုးများကို ထိခိုက်အောင်မလုပ်ရန် အထပ်ထပ် မှာကြားပြီးပေပြီ။ ရက်အနည်းငယ်ကြာပြီးနောက် အခြားဘုံကျောင်းများမှ ကိုးကွယ်သူတစ်ထောင်ကျော်သည် မြို့ပြင်ရှိ ပင်လယ်စောင့်နတ်မင်းဘုံကျောင်းတစ်ကျောင်းကို တွေ့ရှိသွားကြ၏။
ထိုအချိန်သည် နေမွန်းတည့်ချိန်ဖြစ်သော်လည်း ကောင်းကင်သည် မှောင်မည်း၍ နေလေသည်။
ပင်လယ်စောင့်နတ်မင်းဘုံကျောင်း အရှေ့တွင် ထွားကြိုင်းသော လူငယ်တစ်ဦးသည် တုတ်ရှည်တစ်ချောင်းကို မြှောက်၍ အော်ပြောလိုက်၏။
“ တောင်သမုဒ္ဒရာရဲ့ ပင်လယ်စောင့်နတ်မင်းက လူတွေကို လှည့်ဖျားနိုင်တဲ့ မိစ္ဆာနတ်မင်းပဲ... ”
“ ဒီနေရာကိုဖျက်ဆီးပစ်ပြီးတော့ ကျွန်တော်တို့ရဲ့ လီမာနတ်မင်းကို ကိုးကွယ်သူတွေ ပိုများလာအောင် လုပ်ကြ... ”
“ ဖျက်ဆီးပစ်ကြ... ”
ထို့နောက် သေမျိုးတစ်ထောင်ကျော်သည် ကြုံးဝါးအော်ဟစ်၍ ရှေ့သို့ ပြေးတက်သွားကြ၏။
သူတို့သည် သူတို့၏ တူရွင်းများ၊ ပေါက်ပြားများ၊ သစ်သားတုတ်များနှင့် ထင်းချောင်းများကို ကိုင်ဆွဲ၍ ကြွေးကြော်ကာ တံခါး တင်းကြပ်စွာ ပိတ်ထားသော ပင်လယ်စောင့်နတ်မင်းဘုံကျောင်းဆီသို့ ပြေးသွားလိုက်ကြသည်။
သို့သော် ထိုလူတစ်ထောင်ခန့်သည် (၁၀)ကျန့်အကွာသို့ ရောက်သောအခါ ရုတ်တရက် ပင်လယ်စောင့်နတ်မင်းဘုံကျောင်း၏ တံခါး ပွင့်သွား၏။ ချပ်ဝတ်များ ဝတ်ဆင်ထားသော တုတ်ခိုင်သန်မာသည့် ယောက်ျားကြီးနှစ်ဦးထွက်လာပြီး တညီတညွတ်အော်လိုက်၏။
“ နေကြပါဦး... ”
လူအုပ်သည် တံခါးစောင့် လူသန်ကြီးနှစ်ဦးကို ရုတ်ခြည်းပင် ကြောက်ရွံ့သွားကြ၏။ သူတို့သည် မည်သည်တို့ ဖြစ်ပျက်နေသည်ကို မသိသော်လည်း လျင်မြန်စွာ ရပ်တန့်လိုက်ကြ၏။
သေမျိုးများအကြားတွင် ပုန်းကွယ်နေသော အရိပ်နက် အချို့သည် လျှို့ဝှက်တိုက်ခိုက်ရန် ပြင်လိုက်သော်လည်း မျက်မှောင်ကြုတ်၍ ခေတ္တမျှ စောင့်ကြည့်ရန် ဆုံးဖြတ်လိုက်၏။
လက်ဝဲဘက်ရှိ လူသန်ကြီးသည် လူအုပ်ကို မေးလိုက်၏။
“ ခင်ဗျားတို့က... ကျုပ်တို့ရဲ့ ပင်လယ်စောင့်နတ်မင်းဘုံကျောင်းကို ဖျက်ဆီးဖို့ လာကြတာလား ”
ထိုလူအုပ်ကို ဦးဆောင်လာသော ထွားကြိုင်းသည့် လူငယ်သည် အံ့ကြိတ်၍ အော်လိုက်၏။
“ ဟုတ်တယ်... မင်တို့ရဲ့ နတ်မင်းက အတုပဲ... မိစ္ဆာနတ်မင်းပဲ... ”
“ အဲဒီလိုဆိုလည်း ဖျက်ဆီးလိုက်ပါ... ”
လူသန်ကြီးနှစ်ဦးသည် တညီတညွတ်တည်း အော်ပြောလိုက်ကြသည်။ ထို့နောက် သူတို့သည် ခန္ဓာကိုယ်ကို လှည့်၍ ထိုလူအုပ်ကို ဘုံကျောင်းအတွင်းသို့ ဝင်ရန် လက်ဟန်ပြလိုက်၏။
ထိုနှစ်ဦးထဲမှ တစ်ဦးသည် ဗုံလေးတစ်လုံးကို ထုတ်၍ ညင်သာစွာ တီးလိုက်လေသည်။
ကျန်လူသန်ကြီးသည် အားကုန် အော်လိုက်၏။ သူသည် ဗုံတီးသံ စည်းချက်အတိုင်း စတင် အော်လိုက်လေသည်။
“ ဒီနေရာ လူတွေအားလုံးက ကျုပ်တို့ရဲ့ မွေးရပ်မြေကပါ။ ကျုပ်ပြောတာ နားထောင်ပါ။ အခု ကျုပ်တို့ ဘုံကျောင်းထဲက ရုပ်တုတွေကို ဖျက်ဆီးပါတော့မယ်။ တခြားဘယ်သူ့ကိုမှ ရိုက်လားနှက်လား မလုပ်ကြပါနဲ့။ တံခါးက (၂)ကျန့်ပဲ ကျယ်ပါတယ်။ အဲဒီတော့ တံခါးကို မဖျက်ဆီးပစ်ခင် နံရံတွေကို အရင်ဖြိုကြပါ။ ခြံဝန်းထဲကို အရင်ဖျက်ဆီးကြပါ။ ပြီးတော့မှ ရုပ်တုတွေကို ဖျက်ဆီးပါ။ အားလုံး စိတ်မလှုပ်ရှားကြပါနဲ့။ တစ်ယောက်ပြီးမှ တစ်ယောက်ဝင်ပါ။ ရုပ်တုတွေက ဘာမှ သိပ်အဖိုးမတန်ပါဘူး။ ဒါပေမဲ့ ဝိုင်းလုကြလို့ လူအုပ်ထဲ လူတွေ ပိတ်ကြပ်ညပ်သွားရင် သေဆုံးမှုတွေ ရှိလာနိုင်ပါတယ်။ ကျုပ်တို့နှစ်ယောက်ကလည်း ချက်ချင်းထွက်သွားပေးမှာပါ။ အားလုံးပဲ ဒီဘုံကျောင်းကို ဖျက်ဆီးပြီးသွားရင် အနားယူကြပါ။ နောက်ထပ်ဖျက်ဆီးရမယ့် ဘုံကျောင်းတွေ ရှိပါသေးတယ် ”
ထို့နောက် လူသန်ကြီးနှစ်ဦးသည် လက်နှစ်ဖက်ဆုပ်လိုက်ကြပြီး ဗုံတီးနေခြင်းကို ရပ်လိုက်လေတော့သည်။
“ ကောင်းပြီ... ”
“ လာကြပါ... ”
“ ဘာရပ်ကြည့်နေကြတာလဲ... ခင်ဗျားတို့က ဒီနေရာကို ဂီတသံနားထောင်ဖို့ လာတာတော့ မဟုတ်ဘူးမလား ”
လူအုပ်သည် ဆူဆူညံညံဖြစ်သွား၏။ လူသန်ကြီးနှစ်ဦးသည် လျင်မြန်စွာပင် ဘုံကျောင်းထဲသို့ ပြန်ဝင်သွားကြ၏။ လူတိုင်း၏ မျက်စိရှေ့မှာပင် သူတို့သည် ဘုံကျောင်း အနောက်ဘက်ခြံဝန်းထဲသို့ ပြေးသွားကြသည်။
သူတို့သည် နံရံကို ကျော်တက်၍ ထွက်ပြေးသွားကြလေတော့သည်။
သေမျိုးလူအုပ်သည် ရုတ်ခြည်းပင် ကြောင်သွား၏။ လူအုပ်ထဲမှ တစ်ဦးသည် ဦးဆောင်၍ ဘုံကျောင်းအတွင်းသို့ ဝင်သွား၏။ အခြားဘုံကျောင်းများ၏ ကိုးကွယ်သူများသည်လည်း နံရံများကို ဖြိုချ၍ ပင်လယ်စောင့်နတ်မင်းဘုံကျောင်းအတွင်းသို့ ဝင်သွားကြ၏။
လီချန်ရှို့ အာရုံပို့ထားသော မြေအောက်ရှိ စက္ကူကိုယ်ပွားသည် ပြုံးလိုက်လေသည်။
သူတို့တွင် အကုသိုလ်မရသ၍ အဆင်ပြေပေသည်။ ဘုံကျောင်းပျက်ဆီးသွားခြင်းသည် ပင်လယ်စောင့်နတ်မင်း၏ ဥစ္စာဓန အနည်းငယ်သာ ဆုံးရှုံးသွားခြင်းပင်။
*****
ထိုအခိုက်တွင် သွေးခြင်ရုပ်သေးများကို အသုံးပြု၍ ထိုမြင်ကွင်းကို လျှို့ဝှက်စောင့်ကြည့်နေသော အနောက်ကျွန်းရှိ ဂူတစ်ဂူထဲမှ အရှင်မဝမ်ကျင်းသည် အတန်ငယ် ကြောင်သွား၏။
‘ ဒါက ဘာအဓိပ်ပာယျလဲ... ’
သို့သော် လျင်မြန်စွာပင် အရှင်မဝမ်ကျင်း လျှို့ဝှက်ပို့ဆောင်ထားသော သွေးခြင်ရုပ်သေးများသည် ပင်လယ်စောင့်နတ်မင်းဘုံကျောင်းဆီသို့ လျင်မြန်စွာ လာနေသော နဂါးတစ်ဒါဇင်ကျော်၏ ကိုယ်ရောင်ကိုယ်ဝါများကို အာရုံခံမိလိုက်လေသည်။
တောင်သမုဒ္ဒရာအတွင်းရှိ ရေနဂါးတပ်သည်လည်း ကုန်းမြေပေါ်သို့တက်၍ စုဝေးနေကြပေပြီ။
“ ဟွန့်... ”
အရှင်မဝမ်ကျင်းသည် သူမ၏ နှုတ်ခမ်းများကို စေ့၍ ပွဲကို ဆက်စောင့်ကြည့်နေလိုက်သည်။ သူမသည် သူမ၏ ရင်သွေးများကို ထုတ်သုံးရန် အချိန်ကောင်းကို စောင့်ဆိုင်းနေခြင်းပင်။