← Chapters

တောင်ကျွန်းပေါ်မှ တိုက်ပွဲလေးနှင့် ချန်ရှို့တစ်ယောက် ရုပ်ပုံတော်ကို အရိုအသေပေးခြင်း

Vol. 10 Ch. 137

တောင်ကျွန်းပေါ်မှ တိုက်ပွဲလေးနှင့် ချန်ရှို့တစ်ယောက် ရုပ်ပုံတော်ကို အရိုအသေပေးခြင်း

Vol. 10 Ch. 137

လီချန်ရှို့သည် သူ၏ရုပ်တုကို ဖျက်ဆီးခံနေရသည်ကို တွေ့သော်လည်း တည်တည်ငြိမ်ငြိမ်ပင် ရှိ၏။ သူသည် မည်သို့မှ မခံစားရပေ။

သို့သော် သူသည် အောင်းရိ၏ ရုပ်တုအတွက်မူ အတန်ငယ် ဝမ်းနည်းမိ၏။ အောင်းရိ၏ရုပ်တုသည် သေမျိုးများကြောင့် တစ်စစီဖြစ်နေပြီ ဖြစ်ပြီး သေမျိုးများသည် ရုပ်တုရှိ အဖိုးတန်ပစ္စည်းများကို လုယက်ယူငင်နေကြသည်။ ထိုမြင်ကွင်းသည် စိတ်ဆင်းရဲစရာပေ။

လက်ရှိအခြေအနေသည် ယခင်က လီချန်ရှို့တစ်ယောက် ပင်လယ်စောင့်နတ်မင်းဘုံကျောင်းများကို ဖြိုလှဲလိုခဲ့ရသည့် အကြောင်းအရင်းပင်။

ထိုအခိုက်တွင် နဂါးမျိုးနွယ်သည် ချုံခိုတိုက်ခိုက်ရန် ပြင်ဆင်ပြီးနေပေပြီ။ စစ်သည်များသည်လည်း နေရာယူပြီးပေပြီ။ လီချန်ရှို့သည် လိုအပ်သော ကိစ္စများကို ပြင်ဆင်ထားပြီး ဖြစ်သည်။

သို့သော် သူ၏ ရင်ထဲမှ အလုံးကြီးကျမသွားသေးသဖြင့် စိတ်မအေးနိုင်သေးပေ။

လီချန်ရှို့အနေဖြင့် ချုံတောင်လေးပေါ်တွင်ထိုင်၍ လီတစ်သောင်းကျော်ရှိ သတ်ဖြတ်နေသည့် မြင်ကွင်းများကို အာရုံခံ ကြည့်နေရလိမ့်မည်ဟု မတွေးခဲ့ဖူးပေ။

‘ ဝံ့ဝံ့ကြွားကြွားရှိတော့ရော ဘာအသုံးကျလို့လဲ... ’

‘ အသက်ရှည်ရှည် နေထိုင်နိုင်ဖို့ကသာ ဘဝမှာ အရေးကြီးအဆုံးပဲ ’

ထို့ကြောင့် လီချန်ရှို့သည် ပင်လယ်စောင့်နတ်မင်းဘုံကျောင်းများတွင် ပဋိပက္ခများ ပေါ်မလာသေးခင် အနောက်ကျောင်းတော်နှင့် နဂါးမျိုးနွယ်တို့အကြားတွင် တိုက်ပွဲမစသေးခင်ကတည်းက ကြိုတင်ပြင်ဆင်ခဲ့ခြင်းပင်။

သူသည် ခြေတစ်လှမ်း လှမ်းလျှင် ခြေဆယ်လှမ်းစာ ကြိုတင်ပြင်ဆင်ထားတတ်သည့် လူစားမျိုးဖြစ်သည်။

အကယ်၍ ဤအကြိမ်တွင် တိုက်ပွဲပြင်းထန်ခဲ့ပြီး အနောက်ကျောင်းတော် ထိခိုက်သွားခဲ့ပါက နောင်တွင် ပင်လယ်စောင့်နတ်မင်းဘုံကျောင်းများသည် အနောက်ကျောင်းတော်၏ အာရုံစိုက်မှုကို သေချာပေါက်ခံရမည် ဖြစ်သည်။

အနောက်ကျောင်းတော်မှ တန်ခိုးရှင်များသည် ဤကိစ္စကြောင့် ပင်လယ်စောင့်နတ်မင်း ရှိသောနေရာကို နိမိတ်ဖတ်၍ ရနိုင်မည်မဟုတ်သော်လည်း သူသည် ဖြစ်နိုင်ချေများကို ထည့်တွက်ရပေမည်။

အနောက်ကျောင်းတော်တွင် တန်ခိုးရှင်နှစ်ပါးတည်းသာ ရှိသည်မဟုတ်ပေ။ တန်ခိုးရှင်နှစ်ပါး၏ တပည့်များလည်း အမြောက်အမြားရှိသေးလေသည်။

တန်ခိုးရှင်များ၏ တပည့်များ၏ ဂုဏ်သတင်းသည် ချန်ကျောင်းတော်မှ အာကာသနတ်(၁၂)ပါးနှင့် တပည့်ရှစ်ဦးတို့၏ ဂုဏ်သတင်းနှင့် ယှဉ်နိုင်ပေသည်။ ထို့ကြောင့် သူတို့၏ စွမ်းအားများသည်လည်း ခေမည်မဟုတ်ပေ။ အထူးသဖြင့် အရှင်မဝမ်ပင်။

လီချန်ရှို့သည် ဂရုတစိုက်တွေးတောပြီးသွားသောအခါ သူ့အနေဖြင့် အသက်ရှည်ရှည် နေလိုလျှင် အာကာသနတ်မင်းအဆင့်သို့ တက်လှမ်းနိုင်ရမည်ဖြစ်ကြောင်း သဘောပေါက်သွားတော့၏။ သူသည် ထိုဝါရင့်ပညာရှင်များဖြင့် လျှို့ဝှက် ပြိုင်ဆိုင်ရပေမည်။

လီချန်ရှို့သည် ဤကဲ့သို့ကိစ္စမျိုးကို အကြိမ်များစွာပြုလုပ်ရပါက စိတ်ဒဏ်ရာရလာမည်ဖြစ်ကြောင်း တွေးမိသွား၏။

သူသည် စက္ကူကိုယ်ပွား၏ မျက်လုံးများကို အသုံးပြု၍ ပတ်ဝန်းကျင်ကို လေ့လာလိုက်သည်။

နဂါးစစ်တပ်သည် ချုံခိုတိုက်ခိုက်ရန် မြေအောက်တွင် အသင့်ဖြစ်နေပေပြီ။ အောင်းရိနှင့် နဂါးမျိုးနွယ်မှ ပညာရှင်အချို့သည်လည်း တောင်သမုဒ္ဒရာအတွင်းမှနေ၍ ရေနဂါးစစ်သည်များကို ဦးဆောင်၍ လာနေပေပြီ။

နဂါးမျိုးနွယ်မှ ပညာရှင် တစ်ဒါဇင်ကျော်သည် ရုပ်တုများဖျက်ဆီးခံနေရသော ဘုံကျောင်းဆီသို့ လာနေကြပြီဖြစ်သည်။ သူတို့သည် မကြာခင် ဘုံကျောင်းသို့ ရောက်ရှိလာပေတော့မည်။

‘ ငါ မှန်းတာသာ မမှားဘူးဆိုရင် သူတို့တော့ အနောက်ကျောင်းတော်ရဲ့ ချုံခိုတိုက်ခိုက်တာကို ခံရတော့မှာပဲ ’

ထိုနဂါးမျိုးနွယ်မှ ပညာရှင်များသည် အောင်းရိ၏ အမိန့်ကို လက်ခံရရှိထားပြီးဖြစ်သည်။ အကယ်၍ သူတို့ ရုတ်တရက် ချုံခိုတိုက်ခိုက်ခြင်း ခံရပါက မည်သို့ဖောက်ထွက်၍ ကိုယ့်ကိုယ်ကို မည်သို့ ကာကွယ်ရမည်ကို သိရှိပြီးဖြစ်၏။

နဂါးမျိုးနွယ်ဘက်မှ မျှားခေါ်ခြင်းသည် အောင်းရိ၏ စစ်သည်သုံးထောင်စတင်လှုပ်ရှားသည့် အချိန်တွင် စတင်ပေလိမ့်မည်။ ထိုအချိန်တွင် ရန်သူများကို နောက်ကွယ်မှ ကြိုးကိုင်နေသူ ထွက်ပေါ်လာမည်ဖြစ်သည်။

နောက်ဆုံးတွင် ထိုတိုက်ပွဲ၏ အခြေအနေသည် လက်ထောက်ဂိုဏ်းချုပ် အောင်းရိ၏ စွမ်းဆောင်ရည် အပေါ်၌သာ မူတည်၏။ လီချန်ရှို့သည် အောင်းရိကို အဆင့်တိုင်းအတွက် ညွှန်ကြားမှုများ၊ ဗျူဟာများနှင့် အသေးစိတ်တိုက်ပွဲနည်းစနစ်များကို ပေးထားပြီးဖြစ်သည်။

စုန်းကဝေလူသားများဖြစ်သော ရှုံးရွာမှ နတ်တမန်တော်(၃၀၀)ကျော်သည်လည်း စုဝေးထားပြီးပေပြီ။ လီချန်ရှို့၏ စက္ကူကိုယ်ပွားနှစ်ရုပ်သည် လူသန်ကြီးများ၏ အသွင်ကိုယူ၍ နတ်တမန်တော်များအကြားတွင် ရောနှော၍ နေနေ၏။ သူတို့သည် နဂါးမျိုးနွယ် ချုံခိုတိုက်ရန် ပြင်ဆင်ထားသော တောင်ကြား‌လေးထဲတွင် ပုန်းအောင်းနေကြ၏။

မကြာမီတွင် သူတို့သည်လည်း တိုက်ခိုက်ရတော့မည်ဖြစ်သည်။ သို့သော် သူတို့သည် ခေတ္တမျှတိုက်ခိုက်ပြီးသည်နှင့် ချက်ချင်းပြန်ဆုတ်ရမည် ဖြစ်၏။

ရန်သူသည် ထွက်မလာသေးသော်လည်း တိုက်ပွဲအခြေအနေမည်သို့ရှိမည်ကို လီချန်ရှို့ ခန့်မှန်းနိုင်ပြီ ဖြစ်သည်။

သို့သော် လီချန်ရှို့ အစိုးရိမ်ဆုံးကိစ္စမှာ အနောက်ကျောင်းတော်သည် သူ၏ ပင်လယ်စောင့်နတ်မင်းဘုံကျောင်းများကို စစ်ဆေးမည်ကိုပင်။

ခေတ္တမျှတွေးတောပြီးနောက် လီချန်ရှို့သည် တိမ်စီးကာ ကောင်းကင်ခွင်းတောင်ပေါ်ရှိ ပိုင်ဖန်ခန်းမသို့ သွားလိုက်၏။ သူ ပိုင်ဖန်ခန်းမရှေ့သို့ ရောက်လျှင်ရောက်ချင်းပင် အာရုံတစ်ခုရလိုက်၏။

တိုက်ပွဲများ စတင်နေပေပြီ။

လီချန်ရှို့သည် ဘေးသို့လှည့်လိုက်ပြီး “ သူရဲကောင်းဆန်ကာ ရဲရင့်ဖြောင့်မတ်သော သူရဲကောင်း ” ၏ရုပ်တုရှေ့တွင် လက်နောက်ပစ်ကာ ရပ်လိုက်သည်။ သူသည် သူ၏အာရုံများကို စက္ကူကိုယ်ပွားအချို့ဆီ ပို့လိုက်၏။ သူ၏ စိတ်ထဲတွင် ပုံရိပ်များပေါ်လာလေတော့သည်။

‘ ကဲ တိုက်ပွဲကို ကြည့်ကြတာပေါ့ ’

ပင်လယ်စောင့်နတ်မင်းဘုံကျောင်းသည် ပျက်ဆီးနေပြီဖြစ်ပြီး နဂါးအစောင့်အရှောက်များလည်း ရောက်ရှိလာပေပြီ။ ကောင်းကင်နဂါးအချို့သည် သူတို့၏ ပုံစံအစစ်အမှန်ကို ဖော်ပြလိုက်ကြပြီး ကောင်းကင်ပေါ်တွင် ဟိန်းနေကြလေသည်။

အောက်ရှိ လီမာနတ်မင်းကို ကိုးကွယ်သူများဖြစ်သော သေမျိုးများသည် ချက်ချင်းပင် တုန်လှုပ်သွား၏။ သူတို့သည် ရုတ်ခြည်းပင် တကွဲတပြား ဖြစ်သွားပြီး အချို့လူများသည် ဒူးထောက်နေကြ၏။

ပင်လယ်စောင့်နတ်မင်းအတွက်မူ ထိုမျှလောက်သည် သူ့ကို အကုသိုလ်ရစေမည် မဟုတ်ပေ။

လူအုပ်ကြီး တကွဲတပြားဖြစ်သွားသောအခါ မျှော်လင့်မထားသည့် တစ်စုံတစ်ရာ ဖြစ်ပေါ်လာ၏။

လီမာနတ်မင်း ကိုးကွယ်သူများအကြားတွင် ရှိနေသော အရိပ်နက်အချို့သည် ကောင်းကင်ပေါ်သို့ ပျံတက်သွားကြပြီး နဂါးမျိုးနွယ်မှ အစောင့်အရှောက်များကို ရုတ်တရက် တိုက်ခိုက်လိုက်လေသည်။

လီချန်ရှို့သည် သူ၏အာရုံကို ထိုသူများအပေါ်သို့ ပို့လိုက်သည်နှင့် တစ်ပြိုင်နက် ကောင်းကင်‌ပေါ်တွင် နဂါးလက်သည်းများ ယိမ်းကနေကြောင်း တွေးလိုက်ရ၏။ ရတနာအလင်းတန်း တစ်ရာကျော်ခန့် တောက်ပသွား၏။

နဂါးအစောင့်အရှောက်တစ်ဦးချင်းစီသည် ပျှမ်းမျှ ရတနာဆယ်မျိုးစီကို ပစ်လွှတ်လိုက်ပြီး အရိပ်နက်များကို တစ်စစီဖြစ်သွားအောင် တိုက်ခိုက်လိုက်၏။

လီချန်ရှို့ ဆွံ့အသွားလေသည်။

အာဒိကပ္ပ‌လောက၏ နဂါးမျိုးနွယ်သည် သူတို့စိတ်ထင်ရာ လုပ်တတ်ကြပေသည်။

သို့ရာတွင် လီချန်ရှို့ အတန်ငယ် သံသယရှိနေ၏။

‘ ဒီ အတုမဲ့နတ်ဝိဇ္ဇာအဆင့်ရှိတဲ့ အရိပ်နက်နှစ်ယောက်နဲ့ ကောင်းကင်နတ်မင်းအဆင့်ရှိတဲ့ အရိပ်နက်သုံးယောက်က ဘာလို့ ထွက်လာရတာလဲ... ’

‘ မဟုတ်သေးဘူး... ငါ ဒီလိုပုံစံအပြုအမူကို အရင်က မြင်ဖူးသလိုပဲ... ’

‘ သွေးခြင်တွေ... ’

လီချန်ရှို့၏ ရင်ထဲတွင် ထိုစကားလုံးများ ပေါ်လာချိန်၌ ကောင်းကင်ပေါ်ရှိ ရွှေရောင် ကောင်းကင်နဂါးတစ်ကောင်သည် ရုတ်တရက် ၎င်း၏ ခေါင်းကိုမော့၍ ကြမ်းကြုတ်စွာ ဟိန်းလိုက်လေသည်။ ၎င်း၏ မျက်လုံးများသည် ရဲရဲနီနေပြီး အစွယ်ဖွေးဖွေး ထွက်နေ၏။ ထို့နောက် ၎င်းသည် လက်သည်းများကို ထုတ်၍ ၎င်း၏ဘက်တော်သား နဂါးအစောင့်အရှောက်များကို ပြန်တိုက်ခိုက်လိုက်သည်။

အခြား ကောင်းကင်နဂါးသုံးကောင်းသည်လည်း တစ်ကောင်ပြီးတစ်ကောင် ထိုသို့ဖြစ်သွားကြ၏။ နဂါးအစောင့်အရှောက်များသည် ပရမ်းပတာဖြစ်သွားလေတော့သည်။

ထိုအခိုက်တွင် သေမျိုးကိုးကွယ်သူများသည် ထွက်ပြေးနေကြပြီဖြစ်ပြီး အရိပ်နက်တစ်ရာကျော်သည် ကောင်းကင်ပေါ်သို့ ပျံတက်သွားကြသည်။

ထိုသူများထဲမှ အများစုသည် ကောင်းကင်နတ်မင်း အလယ်အလတ်အဆင့်နှင့် နောက်ဆုံးအဆင့်ရောက်နေကြသူများ ဖြစ်ပြီး သူတို့၏ ကိုယ်ရောင်ကိုယ်ဝါများသည် ရောထွေးနေလေသည်။ ထိုသူများထဲတွင် လူသားများ၊ မိစ္ဆာများနှင့် မကောင်းဆိုးဝါးများ အစုံပါလေသည်။

လီချန်ရှို့သည် ထိုမြင်ကွင်းကို မြင်လိုက်သောအခါ ခါးသက်သက် ပြုံးလိုက်ရ၏။

‘ ဘယ်လို ရန်စမျိုးလဲ... ’

‘ အရှင်မဝမ်က တမင်ငါ့ကို ဒုက္ခပေးနေသလားလို့တောင် ထင်ရတယ်... ’

‘ ဒီကိစ္စမှာ ကမ္မနှောင်ကြိုးတွေ ပါနေတယ်။ ငါ့မှာသာ အာဒိကပ္ပလောကထဲ ကိုယ့်ကိုယ်ကို ကာကွယ်နိုင်တဲ့ စွမ်းရည်သာရှိရင် သေချာပေါက် အရှင်မဝမ်ကို အချိုသတ်ပြီး ပေါင်းထားရမယ် ’

‘ ဒါနဲ့... အရှင်မဝမ်က ဒီရုပ်သေးလုပ်ဖို့ လူသားတွေ၊ မိစ္ဆာတွေကို ဘယ်ကသွားရှာလာတာလဲ... ’

အကယ်၍ လီချန်ရှို့၏ သုံးသပ်ချက်သာ မှန်ကန်ပါက သူမသည် ထိုသူများကို စကြဝဠာတိုက်တစ်သောင်းအတွင်းတွင် လှည့်ပတ်ရှာထားခြင်း ဖြစ်ရပေမည်။

နဂါးမျိုးနွယ်မှ ပညာရှင်များသည် လွန်စွာ ဒေါသထွက်သွားကြ၏။ ဒုတိယမင်းသားလေး၏ အမိန့်ပင်မရသေးခင်မှာပင် နဂါးမျိုးနွယ်မှ ပညာရှင်တစ်ဦးက ထအော်လိုက်၏။

“ ပြန်ဆုတ်ကြ... ”

ထို့ကြောင့် နဂါးမျိုးနွယ်မှ ပညာရှင်တစ်ဒါဇင်ခန့်သည် ဆက်၍ မတိုက်ခိုက်တော့ပေ။ သူတို့သည် ဝိုင်းထားသော ရန်သူများကို‌ ချက်ချင်းဖောက်ထွက်၍ နဂါးအလောင်းအချို့နှင့် ထိန်းချုပ်ခဲ့ထားရသော ကောင်းကင်နဂါးသုံးကောင်ကို ချန်ထားခဲ့ကြ၏။ သူတို့သည် အရှေ့တောင်အရပ်သို့ ဦးတည်၍ ပျံသန်းသွားကြလေသည်။

သွေးခြင်ရုပ်သေးအုပ်စုသည် ထိုနဂါးများအနောက်သို့ မရပ်မနား လိုက်သွားကြ၏။ သို့သော် နဂါးမျိုးနွယ်သည် ပျံသန်းရာတွင် ထူးချွန်သည်ဖြစ်ရာ ခေတ္တကြာပြီးနောက် နောက်မှလိုက်လာသူများကို နောက်ကောက်ချနိုင်ခဲ့၏။

နဂါးအစောင့်အရှောက်များသည် အဝေးသို့ပျံသန်းသွားပြီးနောက် မကြာမီမှာပင် ရန်သူများ၏ ချုံခိုတိုက်ခိုက်ခြင်းကို ထပ်ခံလိုက်ရ၏။

‌

ရှေ့သို့ ဆက်ပျံသန်းရန် လမ်းပိတ်သွားသောအခါ နဂါးအစောင့်အရှောက်များသည် ရုတ်ခြည်းပင် အရှေ့မြောက်အရပ်သို့ လှည့်၍ အလူးအလဲ ပျံသန်းထွက်ပြေးကြလေသည်။

နဂါးအစောင့်အရှောက် တစ်ဒါဇင်ခန့်သည် မကျေမနပ် ခံစားနေ၏။

အကယ်၍ သူတို့နာခံရမည့် ဒုတိယမင်းသားလေး၏ အမိန့်ကြောင့်သာ မဟုတ်လျှင် နဂါးမျိုးနွယ်၏ ရဲစွမ်းသတ္တိကိုပြရန် ရန်သူများနှင့် သူသေကိုယ်သေ တိုက်ခိုက်ပစ်မည် ဖြစ်သည်။

တောင်ဘက် လီ(၁၀၀၀)အကွာမှလည်း ရေနဂါးစစ်သည်သုံးထောင် ချီတက်လာပေပြီ။

ထိုအချိန်တွင် လီရာကျော်အကွာအဝေးရှိ တောင်ကြားတစ်ခုထဲတွင် အရိပ်နက်များ ပေါ်ပေါက်လာ၏။ သူတို့သည် အရေအတွက် သုံးထောင်ကျော် လေးထောင်ခန့်ရှိပေလိမ့်မည်။

နဂါးအစောင့်အရှောက် တစ်ဒါဇင်ခန့်သည် နှစ်ဖက်စလုံးကို မျှားရမည့် ငါးစာများဖြစ်လာလေတော့သည်။

******

‘ အားလုံးက အစ်ကိုချန်ရှို့မှန်းထားသလိုပဲ... အဲ အစ်ကိုချန်ရှို့နောက်က ပညာရှင်မှန်းထားသလိုပဲ ’

နဂါးမျိုးနွယ်မှ ပညာရှင်နှစ်ဦး၏ ကြားတွင်နေ၍ ချီတက်လာနေသော အောင်းရိသည် ရင်ထဲတွင် လေးလံနေ၏။

သို့သော် အောင်းရိသည် ထိုကိစ္စကို ဂရုတစိုက်တွေးတောကြည့်လိုက်ပြီးနောက် ထိုစကားလုံးများသည် မသင့်တော်ကြောင်း ခံစားလိုက်ရ၏။

‘ တကယ်လို့ တစ်ယောက်ယောက်ကသာ ရန်သူရဲ့ နည်းဗျူဟာတွေကို အချက်အလက် နည်းနည်းလောက်အပေါ်အခြေခံပြီး ခန့်မှန်းနိုင်ရင် အဲဒီသူက အနာဂတ်ကို ခန့်မှန်းနိုင်မှာ အသေအချာပဲ ’

လီချန်ရှို့၏ ‌နောက်ကွယ်ရှိ ရန်ကျောင်းတော်မှ ပညာရှင်သည် ရန်သူများ၏ ခြေလှမ်းများကို ခန့်မှန်း၍ တန်ပြန်တိုက်ခိုက်ရမည့် ဗျူဟာများကို ရေးဆွဲခဲ့၏။

အောင်းရိတစ်ယောက် စိတ်ထဲမှနေ၍ သက်ပြင်းချလိုက်၏။ သူတွေးလိုက်သည်။

‘ ရန်ကျောင်း‌တော်က ပညာရှင်တွေက တကယ့်ကို ယုံကြည်အားထားရတာပဲ ’

တိုက်ပွဲဗျူဟာ အဆင့်(၂၆)ဆင့်သည် အမှန်ပင် တစ်ခုနှင့်တစ်ခုဆက်စပ်နေ၏။

နဂါးအစောင့်အရှောက် တစ်ဒါဇင်ခန့်သည် နဂါးစစ်သည်များ ချုံခိုတိုက်ခိုက်ရန် ပုန်းအောင်းစောင့်ဆိုင်းနေသည့် လူသူကင်းမဲ့သော တောင်ဆီသို့ လက်မတင်လေး ရောက်လာခဲ့၏။ ရန်သူတစ်ထောင်ကျော်သည်လည်း နောက်မှ လိုက်လာ၏။

အောင်းရိသည် ရေနဂါးစစ်သည်သုံးထောင်နှင့် နဂါးပညာရှင် တစ်ဒါဇင်ကျော်ကို ဦးဆောင်၍ ထိုနဂါးအ‌စောင့်အရှောက်များကို ကာကွယ်ရန် ရန်သူများနှင့် ထိပ်တိုက်တိုက်ခိုက်လိုက်လေသည်။

နှစ်ဖက် စတင်တိုက်ခိုက်လိုက်သောအခါ တိုက်ပွဲအရှိန်သည် လီတစ်ထောင်အတွင်းရှိ ပတ်ဝန်းကျင်တစ်ခုလုံးကို တုန်ခါသွားစေ၏။ နဂါးစစ်သည် သုံးထောင်သည် တိုက်ပွဲနေရာတစ်ဝိုက်ရှိ တောင်များမှ ထွက်ပေါ်လာပြီး ရန်သူများ၏ အရံအစီအစဉ်ကို ဖယ်ရှားလိုက်လေတော့သည်။

ရုတ်ခြည်းအတွင်း ဝေဟင်တွင် ကောင်းကင်နဂါးများ၊ ရေနဂါးများဖြင့် ပြည့်နှက်သွားလေသည်။

မြေအောက်တွင် ပုန်းအောင်းနေသော ရေနဂါးစစ်သည် ခြောက်ထောင်နှင့် နဂါးပညာရှင် တစ်ရာကျော်သည် တောင်ကြားအတွင်းရှိ အရိပ်နက် သုံးထောင်ကျော် လေးထောင်ကို ဝိုင်းထားလိုက်ကြ၏။

ကောင်းကင်ပေါ်မှနေ၍ ရန်သူများသည် ဖက်ထုတ်များသဖွယ် ပြုတ်ကျလာကြလေသည်။

တိုက်ပွဲမစတင်မီကတည်းက ရန်သူများသည် သူတို့၏ စိတ်ကိုထိန်းချုပ်နိုင်သည့် စွမ်းရည်ရှိကြောင်း နဂါးမျိုးနွယ်က သိရှိပြီးပေပြီ။ သူတို့သည် အာဒိကပ္ပလောကတွင် နှစ်ပေါင်းများစွာ ရပ်တည်ရှင်သန်ခဲ့သော မျိုးနွယ်ဖြစ်သဖြင့် ထိုစွမ်းရည်ကို ရင်ဆိုင်နိုင်သော နည်းများရှိလေသည်။

တိုက်ပွဲသည် တမဟုတ်ခြင်းပင် တစ်ဖက်သက် တိုက်ပွဲကဲ့သို့ ဖြစ်လာ၏။

သို့သော် သွေးခြင်ရုပ်သေးများ၏ ဝိသေသလက္ခဏာတစ်ခုမှာ သူတို့သည် သေမည်ကို မကြောက်ကြခြင်းပင်။ ထိုအခိုက်တွင် သူတို့သည် အစွမ်းရှိသမျှ ပြန်၍ တိုက်ခိုက်နေကြသဖြင့် နဂါးမျိုးနွယ်အတွက် အတန်ငယ် ကရိကထများနေ၏။

ထိုအချိန်၌...

အနောက်ကျွန်းနှင့် တောင်ကျွန်းတို့ ဆက်စပ်ရာနေရာရှိ တောင်တစ်လုံးပေါ်မှ လျှို့ဝှက်လိုဏ်ဂူတစ်ခုအတွင်းတွင်ရှိနေသော အရှင်မဝမ်ကျင်းတစ်ယောက် မျက်မှောင်ကြုတ်လိုက်၏။

‘ ဘာလို့ ဒီနဂါးတွေက... နဂါးလို့တောင် မထင်ရတာလဲ... ’

“ သူတို့က ချုံခိုတောင် တိုက်ခိုက်လိုက်သေးတယ်ပေါ့လေ... ”

အရှင်မဝမ်ကျင်း ခပ်မဲ့မဲ့ ပြုံးလိုက်၏။ သူမအနေဖြင့် ရုပ်သေးရုပ်ထောင်ချီသေသွားလျှင်လည်း မည်သို့မှပင် ခံစားရမည် မဟုတ်ချေ။ သူမသာ စိတ်ရှိလျှင် ကြိုက်သည့်အချိန်တွင် ရုပ်သေးရုပ်နောက်တစ်သုတ် ထပ်ရှာနိုင်လေသည်။

“ ဒါပေမဲ့... နဂါးမျိုးနွယ်... မင်းတို့ရဲ့ အစွမ်းက ဒီလောက်ပဲ ဆိုရင်တော့ မင်းတို့ ဒီနေ့ သေချာပေါက် သေမှာပဲ။ မင်းတို့က ငါနဲ့ အရံအကွက်တွေမှာ ယှဉ်ချင်တာလား... ”

အရှင်မဝမ်ကျင်း၏ နှုတ်ခမ်းစွန်းနှစ်ခုသည် နှစ်လိုဖွယ်အပြုံးတစ်ခုအဖြစ် တွန့်တက်သွားကြသည်။ သူမသည် လက်မြှောက်လိုက်ပြီး သွေးရောင်လွှမ်းနေသော ကျောက်စိမ်းပြားတစ်ပြားကို ယူလိုက်သည်။

သူမသည် လက်ချောင်းထိပ်လေးများဖြင့် ကျောက်စိမ်းပြားကို ပွတ်သပ်လိုက်၏။ ထိုကျောက်စိမ်းပြားမှနေ၍ တဝီဝီအသံများ ထွက်ပေါ်လာလေသည်။

အရှင်မဝမ်ကျင်းသည် ဖြည်းဖြည်းချင်း ပြောလိုက်၏။

“ ကလေးတို့... အဲ့နဂါးလေးတွေကို သွားပြီးသတ်ပစ်လိုက်ကြ ”

ကျောက်စိမ်းပြားထံမှ ထွက်ပေါ်နေသော တဝီဝီအသံများသည် ပို၍ပင် ကျယ်‌လောင်လာလေသည်။

တောင်ကျွန်း၏ အနောက်တောင်ပိုင်းတွင် သွေးခြင်ရုပ်သေး ငါးရာကျော်သည် နဂါးမျိုးနွယ်၏ ချုံခိုတိုက်ခိုက်မှုကြောင့် ကောင်းကင်ပေါ်တွင် သေဆုံးခဲ့လေသည်။

ထိုနေရာနှင့် လီတစ်ထောင်ကျော်အကွာရှိ လူသူလေးပါးကင်းမဲ့သော ‌တောင်တစ်ခုပေါ်ရှိ တောအုပ်အတွင်းမှ နေ၍ ခြင်နက်များထွက်ပေါ်လာပြီး ကောင်းကင်ပေါ်သို့ ပျံသန်းသွားကြ၏။

ခြင်များသည် ကောင်းကင်ပေါ်သို့ ပျံသန်းသွားပြီးနောက် ရုပ်ရည်တထေရာတည်းတူသော ဝတ်စုံနက်ဝတ်ဆင်ထားသည့် သူများ အဖြစ်ပြောင်းလဲသွား၏။ မျက်စိတစ်မှိတ်အတွင်းမှာပင် ဝတ်စုံနက် တစ်သောင်းကျော် ထွက်ပေါ်လာ၏။

၎င်းတို့သည် လေထဲတွင် စုစည်းသွားကာ တိုက်ကွက်ဆင်လိုက်၏။ ထိုတိုက်ကွက်ပုံစံသည် မည်းနက်နေသည့် အစုအဖွဲ့ပုံစံကြီးဖြစ်ပြီး တိတ်ဆိတ်နေလေသည်။ ထိုတိုက်ကွက်ကား ရှေးဟောင်း သွေးတောင်ပံခြင်နက် အုပ်စုတိုက်ကွက်ပင်။

သွေးတောင်ပံခြင်နက်တစ်ကောင်ချင်းစီ၏ ကျင့်ကြံခြင်းအဆင့်သည် အတုမဲ့နတ်ဝိဇ္ဇာအဆင့်တွင်ရှိသော လူသားများ၏ အဆင့်နှင့် ယှဉ်နိုင်ပေသည်။ ထို့ပြင် ၎င်းတို့အထဲတွင် ပညာရှင်အများအပြားလည်း ပါပေသည်။

၎င်းတို့၏ ကြောက်စရာအကောင်းဆုံးအချက်မှာ ၎င်းတို့သည် အုပ်စုလိုက်တိုက်ခိုက်ခြင်းပင်ဖြစ်သည်။

ရုတ်တရက် ထိုမည်းနက်နေသော အစုအဖွဲ့ကြီးထံမှ သွေးရောင်အလင်းတန်းတစ်ခု ထွက်ပေါ်လာပြီး ကောင်းကင်ပေါ်သို့ ထိုးတက်သွားပြီးနောက် နဂါးမျိုးနွယ် တိုက်ခိုက်နေသော နေရာဆီသို့ ထိုးထွက်သွား၏။

နဂါးမျိုးနွယ် အပြည့်အဝအနိုင်ရတော့မည့် အချိန်တွင် အခြားစွမ်းအားကြီး ရန်သူများ ရုတ်တရက် ထပ်မံထွက်ပေါ်လာပေသည်။ သို့သော် နဂါးမျိုးနွယ်သည် မတုန်လှုပ်သွားပေ။

အောင်းရိသည် ချက်ချင်း ဆုံးဖြတ်ချက်ချလိုက်၏။ သူသည် သူ၏ စစ်သည်များကို အစွမ်းကုန်တိုက်ခိုက်ရန် အမိန့်ပေးလိုက်သည်။ ထို့နောက် သူ၏အရှေ့ရှိ ရန်သူများကို အရင်ဆုံး သုတ်သင်လိုက်ပြီး ချက်ချင်း တိုက်ကွက်ဆင်လိုက်၏။

ခြင်နက်တစ်သောင်းကျော်သည် အရှိန်အဟုန်ပြင်းစွာဖြင့် ချီတက်လာ၏။ ရေနဂါးစစ်သည် ငါး‌ထောင်ဖျော့ဖျော့သည် ခံစစ်တိုက်ကွက်ခင်းလိုက်၏။ အောင်းရိတစ်ယောက် ဇောချွေးပြန်နေပေသည်။

ထိုအခိုက်တွင် ခြင်နက်တစ်သောင်းကျော်တပ်ကြီးသည် သူတို့အနားသို့ရောက်ရှိလာပေတော့မည်။ စစ်တပ်နှစ်တပ်သည် တစ်ဖက်နှင့် တစ်ဖက် တိုက်ခိုက်ရတော့မည် ဖြစ်၏။

အောက်ရှိ တောအုပ်အတွင်းမှနေ၍ နတ်အလင်းတန်းများ ရုတ်တရက် ထွက်ပေါ်လာလေသည်။ ဇလုံကြီးတစ်ခုကို မှောက်ထားသည့်ပုံစံနှင့် တူသော မန္တန်အစီအရင်ကြီး ထွက်ပေါ်လာကာ လီတစ်ရာ အဝန်းအဝိုင်းအတွင်းရှိ တောင်များ၊ တောအုပ်များကို လွှမ်းခြုံသွား၏။

မြေအောက်မှနေ၍ တော်လဲသံကြီးများ ထွက်ပေါ်လာပြီး ရေနဂါးစစ်သည် တစ်စုသည် မြေကြီးအတွင်းမှ ထွက်လာကာ ကောင်းကင်ပေါ်သို့ ပျံသန်းသွားလေတော့သည်။

သူတို့သည် အရပ်မျက်နှာ အနှံ့မှ ထွက်ပေါ်လာကြ၏။

ကောင်းကင်ပေါ်တွင် ခံစစ်တိုက်ကွက်ဆင်ထားသော ရေနဂါးစစ်သည်ငါးထောင်ခန့်သည်လည်း ချက်ချင်းပင် သူတို့၏ တိုက်ကွဲကို ပြောင်းလဲလိုက်၏။ သူတို့သည် သူတို့၏ ကြောက်မက်ဖွယ် နဂါးလက်သည်းများကို ထုတ်လိုက်ကြပြီး တိုက်ခိုက်လိုက်ကြလေသည်။

သူတို့သည် ရှေးခေတ်ကတည်းက ရှင်သန်ရပ်တည်ခဲ့သော သူများပင်။ နဂါးမျိုးနွယ်သည် ရှေးဟောင်းအာဏာရှင်မျိုးနွယ်ပင်။ သူတို့သည် အဘယ်သို့ ရွံရှာဖွယ် ခြင်များကို ကြောက်ပေမည်နည်း။

ရေနဂါးစစ်သည် နှစ်သောင်းနှင့် နဂါးပညာရှင် သုံးရာသည် တိုက်ပွဲတွင် ဝင်ရောက်ပူးပေါင်းလိုက်ပြီး ဒုတိယအကြိမ် တိုက်ပွဲကြီးကို ဆင်နွှဲလိုက်လေသည်။

ကောင်းကင်ပေါ်တွင် တိုက်ပွဲဖြစ်ပွားနေစဉ်၌ အခြားတစ်ဖက်ရှိ တောအုပ်အတွင်းမှ လူသန်ကြီး သုံးရာ ထွက်လာ၏။

ထိုသူတို့အထဲမှ လူတစ်ဝက်၏ လက်မောင်းများသည် ပုံမှန် အရွယ်အစားရှိနေ၏။ သူတို့ထံမှ အလင်းတန်းများထွက်ပေါ်လာပြီး ထိုအလင်းတန်းများသည် လေးရှည်ကြီးနှင့် မြားများအဖြစ် ပြောင်းလဲသွားလေသည်။ သူတို့သည် ထိုအလင်းမြားများဖြင့် ခြင်များကို ပစ်ခတ်လိုက်လေသည်။

ထိုသူတို့ထဲမှ တစ်ဝက်ခန့်သည် အော်ဟစ် ကြုံးဝါးနေကြ၏။

လူသန်ကြီးနှစ်ဦးသည် ဝိညာဉ်သားရဲ သားရေအိတ်များကို ကိုင်၍ ကျောက်စိမ်းကဲ့သို့ စိမ်းဖန့်ဖန့်ရှိသော ဖားများကို နေရာအနှံ့တွင် လွှတ်ပေးနေသည်။

ထိုဖားများကြောင့် တိုက်ပွဲသည် ပို၍ အရောင်အသွေးစုံသွားလေတော့သည်။

တိုက်ပွဲရလာဒ်သည် ထင်ရှားခဲ့ပေပြီ။

အလံတော်အောက်တွင် ရပ်၍ တိုက်ပွဲကို ကြည့်နေသော အောင်းရိသည် ရုတ်တရက် တစ်စုံတစ်ခုကို အမှတ်ရသွား၏။

သူသည် သူ၏ အင်္ကျီအိတ်ကပ်အတွင်းမှ ဝါးပေလိပ်တစ်လိပ်ကို ထုတ်ယူလိုက်၏။

ထိုဝါးပေလိပ် အပြင်တွင် အောက်ပါအတိုင်း ရေးသားထားလေသည်။

“ အဆင့်(၂၆)၏ အဆင့်(၂၇)... အရိုးပြာများကို ဖြန့်ကျဲခြင်း ”

ထိုဝါးပေလိပ်ကို ဖွင့်ကြည့်ရန် အချိန်တန်ပေပြီ။

*******

လီချန်ရှို့သည် အရှေ့ကျွန်းရှိ တုနတ်ဝိဇ္ဇာဂိုဏ်းမှ ကောင်းကင်ခွင်းတောင်ပေါ်ရှိ ပိုင်ဖန်ခန်းမရှေ့တွင် ရပ်နေလေသည်။

‘ ဘာလို့ ခြင်တွေအများကြီး ရှိနေရတာလဲ ’

လီချန်ရှို့ နဖူးပွတ်၍ တွေးတောနေ၏။

အကယ်၍ အရှင်မဝမ်သည် သူ၏ ပင်လယ်စောင့်နတ်မင်းဘုံကျောင်းများကို ဖျက်ဆီးလိုခြင်းသာဖြစ်လျှင် အလစ်တိုက်ခိုက်ရန်အတွက် ခြင်တစ်ထောင်လောက်ဆို လုံလောက်မည်ဖြစ်သည်။

‘ ဘာလို့ ဝတ်စုံနက်ဝတ်ထားတဲ့ သူတွေ တစ်သောင်းလောက်ရှိနေရတာလဲ... ’

ကံအားလျှော်စွာပင် သူသည် လုံခြုံရေးအတွက် နဂါးမျိုးနွယ်ကို စိတ်လိုက်မာန်ပါမလုပ်စေရန် ညွှန်ကြားထားခဲ့မိသဖြင့် တော်သေးပေသည်။

လီချန်ရှို့သည် ထိုကိစ္စ၏အကြောင်းအရင်းကို စဉ်းစား၍မရသော်လည်း တိုက်ပွဲသည် တည်ငြိမ်လာပြီဖြစ်ကြောင်းကို တွေ့ရှိလိုက်ရ၏။ နဂါးမျိုးနွယ်၏ အောင်ပွဲသည် သေချာနေပေပြီ။ ထို့ကြောင့် သူသည် တိုက်ပွဲကို ဆက်၍ ကြည့်မနေတော့ပေ။

သူသည် ပိုင်ဖန်ခန်းမအတွင်းသို့ ဝင်သွားပြီး ထောင့်တစ်နေရာသို့ သွားလိုက်၏။

ထို့နောက် သူနှင့်ရင်းနှီးသော အကြီးအကဲအချို့ကို နှုတ်ဆက်လိုက်ပြီး သူတို့ကို အရက်နှင့် ဝိညာဉ်ငါးအချို့ ပေးလိုက်၏။ အကြီးအကဲများ၏ ခွင့်ပြုချက်ကို ရရှိပြီးသွားသောအခါ သူသည် ပိုင်ဖန်ခန်းမအတွင်းရှိ တန်ခိုးရှင်၏ ရုပ်ပုံချိတ်ဆွဲထားသော နေရာသို့ သွားလိုက်လေသည်။

လီချန်ရှို့သည် သူ၏အင်္ကျီလက်အတွင်းသို့နှိုက်၍ ခေတ္တမျှရှာလိုက်ပြီးနောက် လက်မတစ်ချောင်းအရွယ်မျှ တုတ်၍ သုံးပေရှည်သော အမွှေးတိုင်ရှည်ကြီး သုံးချောင်းကို ထုတ်ယူလိုက်၏။ ထိုအမွှေးတိုင်ရှည်ကြီးများကို ဖယောင်းတိုင်စင်ပေါ်ရှိ ဖ‌ယောင်တိုင်မီးများဖြင့် ထိ၍ ထွန်းညှိပြီးသွားပြီးနောက် အမွှေးတိုင်ထွန်းရန် နေရာတွင် စိုက်လိုက်၏။

သူ့ဘေးရှိ ဂိုဏ်းပြင်ပကိစ္စများကို တာဝန်ယူရသော အကြီးအကဲအချို့သည် ပါးစပ်အဟောင်းသား ဖြစ်နေ၏။

လီချန်ရှို့သည် နောက်သို့ခြေသုံးလှမ်းဆုတ်၍ သူ့တာအိုဝတ်ရုံ၏ အောက်အနားပိုင်းကို ပင့်ကာ ရိုရိုကျိုးကျိုး ဒူးထောက်လိုက်၏။

“ ရန်ကျောင်းတော်ရဲ့ တည်ထောင်သူ အရှင်ထိုက်စန့်လောင်ကျွင်းခင်ဗျား... ကျွန်တော် လီချန်ရှို့ အရှင့်ရဲ့ ကာကွယ်ပေးမှုကို တောင်းဆိုပါတယ်ခင်ဗျာ... ”

လီချန်ရှို့သည် ဤနေရာသို့ စိတ်အေးချမ်းမှုရှာရန် လာခဲ့ခြင်းသာဖြစ်သည်။

ပထမအချက်အနေဖြင့် သူသည် မည်သည့် ဆုတောင်းစာကိုမှ မရွတ်ဆိုခဲ့ပေ။ ဒုတိယအချက်အနေဖြင့် သူပြောလိုက်သော စကား၏အနောက်တွင် မည်သည့်ခံစားချက်မှ မပါပေ။

သို့သော် ယနေ့တွင် သူ မမျှော်လင့်ထားသည်များ ဖြစ်လာ၏။

ပုံတော်၏ အနားပိုင်းတစ်ခုသည် ညင်သာစွာလှုပ်ရှားသွားပြီး တာအိုသင်္ကေတအချို့ ထွက်ပေါ်လာကာ သူ့အပေါ်သို့ ကျဆင်းသွားလေတော့သည်။

All Chapters