ရန်ကျောင်းတော်၏ ဝါအကြီးဆုံးတပည့်
Vol. 10 Ch. 138
အံ့အားသင့်သွားသော လီချန်ရှို့သည် တန်ခိုးရှင်၏ ရုပ်ပုံတော်ရှေ့တွင် တုန်လှုပ်သွား၏။
‘ ဘာလို့ ရုတ်တရက်ကြီး ထအလုပ်ဖြစ်သွားတာလဲ ’
လီချန်ရှို့၏ နှုတ်ခမ်းစွန်းနှစ်ဖက်သည် အဆက်မပြတ် တွန့်လှုပ်နေသည်။ သူသည် မည်သည့်စကားမှ မဆိုခဲ့ချေ။ အရှင်ထိုက်စန့်လောင်ကျွင်း၏ ပုံတော်ရှေ့တွင်သာ ဒူးထောက်၍ ကန်တော့ခဲ့ခြင်းပင်။
‘ ဒီ တာအိုသင်္ကေတတွေကို မြင်ဖူးသလိုပဲ ’
‘ အရင်က ဆရာဦးလေးကျိုးဝူတစ်ယောက် သူ့အပေါ် တာအိုသင်္ကေတတွေ ကောင်းချီးပေးဖို့ ငိုပြီး တောင်းဆိုခဲ့ရတယ်...ပြီးတော့ အဆိပ်မညီမလေး ထပ်ပြီး တောင်းဆိုရတယ်။ ငါ့မှာ ဆရာဦးလေး ပြောရမယ့် စာသားတွေကိုတောင် သုတ်သုတ်ပြာပြာနဲ့ ပြောင်းခဲ့ရသေးတယ်...အဲ့တော့မှ ပုံတော်ကို နည်းနည်းလှုပ်လာအောင် လုပ်နိုင်တာ... ’
‘ အခုကျ... ဒီလောက်နဲ့ကို ရသွားတာလား... ’
လီချန်ရှို့ ချက်ချင်းပင် သတိပြန်ကပ်လာ၏။ သူသည် ကြမ်းပြင်ပေါ်တွင် ပြားပြားဝပ်၍ သက်ပြင်းချလိုက်သည်။
နောက်ဆုံးတွင် တန်ခိုးရှင်သည် သူ့ကို သတိမူမိခဲ့ပေပြီ။
သူ၏ လုံခြုံမှုသည် တဟုန်တိုး တိုးတက်သွားသည်မဟုတ်သော်လည်း သူရရှိသည့် ထောက်ပံ့မှုသည် ယခင်ကထက် အဆပေါင်းများစွာ ပိုများသွားပြီ ဖြစ်သည်။ သို့သော် လီချန်ရှို့ နားမလည်သောအရာကား တာအိုသင်္ကေတများသည် သူ့ကို လှည့်ပတ်နေသော်လည်း ညွှန်ကြားမှုများပါသော မည်သည့် အသံပို့လွှတ်မှုကို မကြားရသည့်အပြင် မည်သည့် အာရုံမှလည်း မရခြင်းပေ။
ခေတ္တမျှကြာပြီးနောက်...
တာအိုသင်္ကေတများသည် လှည့်ပတ်နေသေးသော်လည်း ရုပ်ပုံတော်သည် ပြန်တည်ငြိမ်သွားပြီ ဖြစ်သည်။
တာအိုသင်္ကေတများကို အာရုံခံခဲ့မိသော အကြီးအကဲနှစ်ဦးသည် အနည်းငယ်သံသယဖြစ်နေသော်လည်း မည်သည့်ထူးခြားချက်ကိုမှ မတွေ့ခဲ့ကြပေ။ အကြီးအကဲနှစ်ဦးသည် အမွှေးတိုင်ရှည်ကြီး သုံးချောင်းကို ကြည့်၍ အတွေးတစ်ခုကို တညီတညွတ်တည်း တွေးမိသွား၏။ တာအိုသင်္ကတများပေါ်လာရခြင်းမှာ အမွှေးတိုင်ပူဇော်သည့် ပုံစံ ကွဲပြား၍ ဖြစ်ရပေမည်။
ထို့နောက် တာအိုသင်္ကေတများ လှည့်ပတ်နေသေးကြောင်းကို လီချန်ရှို့တစ်ဦးတည်းသာ သိနိုင်လေတော့သည်။ သို့သော် ရုပ်ပုံတော်တွင် မည်သည့် ထူးခြားချက်မှ ရှိမနေပေ။ ဘေးမှ အကြီးအကဲများသည်လည်း လီချန်ရှို့ကို သိပ်၍ အာရုံစိုက်မနေတော့ချေ။
လီချန်ရှို့သည် ဤနေရာသို့ အမွှေးတိုင်ပူဇော်ရန် အကြိမ်ကြိမ်လာခဲ့ဖူးသည် မဟုတ်ပါလော။
လီချန်ရှို့သည် မည်သည့်ကိစ္စများဖြစ်ပျက်နေသည်ကို မသိ၍ နားမလည်နိုင်ဖြစ်နေသော်လည်း သူသည် ထိုနေရာမှာပင် တိတ်တဆိတ် ပြားပြားဝပ်ရင်း တန်ခိုးရှင်ထံမှ ညွှန်ကြားမှု ရောက်လာမည့်အချိန်ကို စောင့်နေလိုက်သည်။
သို့သော် လီချန်ရှို့တစ်ဦးတည်းသာ နားမလည်နိုင် ဖြစ်နေခြင်းမဟုတ်ပေ။
ကောင်းကင်ဘုံ နဝမအထပ်ရှိ တုသိတာနန်းတော်၏ အနောက်ဘက်ခြံဝန်းထဲမှ သစ်ပင်အိုကြီးတစ်ပင်အောက်တွင် လေညင်းလေးတစ်ချက် တိုက်ခတ်သွား၏။ ထိုလေညင်းသည် အသံမဆူညံသော်လည်း ထူးဆန်းသည့်ရနံ့တစ်ခုကို သယ်ဆောင်ခဲ့၏။
ထိုရနံ့ ထွက်ပေါ်လာရခြင်းမှာ အရှင်ထိုက်စန့်လောင်ကျွင်း၏ လက်အောက်မှ ကောင်လေးနှစ်ဦးသည် ဝိညာဉ်ဆေးလုံးဖော်ရန် ကြိုးစားနေခြင်းကြောင့်ပင်။ ဆေးပေါင်းဖိုသည် ထပ်မံ၍ ပျက်ဆီးတော့မည့်ပုံပေါ်နေလေသည်။
ဝတ်ရုံရှည် အနက်ရောင်ကို ဝတ်ဆင်ထားသော အရှင်ရွှမ်းဒူသည် သစ်ပင်အောက်ရှိ ဖျာလေးပေါ်တွင် တင်ပျဉ်ခွေထိုင်နေ၏။ သူသည် မျက်မှောင်ကြုတ်၍ တွက်ချက်နေ၏။
သူ၏ စိတ်ထဲတွင် တပည့်ငယ်လေးတစ်ဦးသည် သူ့ဆရာ၏ ရုပ်ပုံတော်ရှေ့တွင် ဒူးထောက်နေသည်ကို မြင်နေရ၏။ ထိုတပည့်ငယ်သည် မည်သည့်စကားမှ မဆိုဘဲ ဒူးထောက်ကာ ကြမ်းပြင်ပေါ်တွင် ပြားပြားဝပ်၍ နေ၏။
ဤအခြေအနေက ...
ထိုမြင်ကွင်းကို သူ မြင်နေရခြင်းမှာ အရှင်ထိုက်စန့်လောင်ကျွင်းသည် သူပင်နားမလည်သည့် ဆန်းကြယ်သော အတတ်တစ်ခုသုံး၍ ရုပ်ပုံတော်သို့ လာရောက် ဆုတောင်းသူများလာလျှင် သူ၏ အာရုံကို လှုံဆော်စေရန် ပြုလုပ်ထားသောကြောင့်ဖြစ်၏။
သို့သော် အရှင်ရွှမ်းဒူသည် နားမလည်နိုင်ဖြစ်သွား၏။
သူတွက်ချက်ကြည့်သောအခါတွင်လည်း အရှေ့ကျွန်းရှိ တုနတ်ဝိဇ္ဇာဂိုဏ်းသည် လွန်ခဲ့သောနှစ်အနည်းငယ်က ပျက်ဆီးလုနီးပါးအထိ ဖြစ်သွားခဲ့ရသည့် ပြဿနာကိုသာ တွေ့ရသည်။ တပည့်ငယ်လေးသည် မည်သည့်ကိစ္စကို အလိုရှိ၍ ဒူးထောက်နေခြင်းဖြစ်ကြောင်းကို သူ မသိပေ။
တုနတ်ဝိဇ္ဇာဂိုဏ်းတွင် အရာအားလုံးသည် ငြိမ်းချမ်းနေပြီး မည်သည့် ကိစ္စကြီးမှ ဖြစ်မနေပေ။
“ ဆရာ့ကိုတောင် တုံ့ပြန်အောင် လုပ်နိုင်တယ်ဆိုရင်တော့ ကိစ္စကြီးတစ်ခုခုတော့ ဖြစ်နေမှာသေချာတယ်... ”
အရှင်ရွှမ်းဒူသည် ခေတ္တမျှတွေးတောနေလိုက်ပြီး ထိုတပည့်ငယ် မည်သည့်ကိစ္စဖြစ်နေသည်ကို တွက်ချက်ကြည့်လိုက်သည်။
နောက်ဆုံးတွင်...
“ စိတ်ဝင်စားစရာပဲ... သူ့အတွက် တစ်ယောက်ယောက်က ကောင်းကင်ဘုံလျှို့ဝှက်ချက်ကို လှည့်စားထားတာပဲ ”
အရှင်ရွှမ်းဒူသည် မျက်ခုံးပင့်လိုက်သည်။ သူသည် သူ၏လက်ဝဲလက်ကို လေထဲတွင် ဝှေ့ယမ်းလိုက်သည်။ သူ၏ လက်ချောင်းလေးများသည် မှင်ကဲ့သို့ ခပ်ဖြည်းဖြည်းလှုပ်ရှားသွား၏။ သူ၏ လက်ဖဝါးပေါ်တွင် ထိုက်ကျိ ပန်းချီကားပေါ်လာ၏။ သူသည် လက်ယာဘက်လက်ကို မြှောက်၍ ဓားလက်ချောင်းပုံစံလုပ်၍ ထိုက်ချိပန်းချီကားကို ညွှန်လိုက်သည်။
မကြာမီ အရှင်ရွှမ်းဒူ သဘောပေါက်သွားလေတော့၏။
ထိုအခိုက်တွင် ထိုလူငယ်သည် တုနတ်ဝိဇ္ဇာဂိုဏ်းမှ တပည့်ငယ် လီချန်ရှို့ ဖြစ်ကြောင်း သူ အာရုံခံမိလိုက်သည်။ ထိုတပည့်ငယ်လေးသည် အသက်နှစ်ရာပင် မပြည့်သေးချေ။
“ ဒါပဲလား... ”
အရှင်ရွှမ်းဒူ အတန်ငယ် ကြောင်သွား၏။ သူသည် ထိုက်ကျိပန်းချီကားကို သုံးကာ အာရုံခံ၍ရခဲ့သော အချက်အလက်များကို ဂရုတစိုက် ပြန်တွေးတောလိုက်၏။ ထို့နောက် သူ မျက်ခုံးပင့်လိုက်၏။
သူသည် ထိုတပည့်ငယ်လေး၏ အစွမ်းကို ထိုက်ကျိပန်းချီကား သုံး၍ပင် နိမိတ်ဖတ်မရချေ။ ထိုကိစ္စသည် တရားလွန်လှ၏။ အရှင်ရွှမ်းဒူ ခေတ္တမျှ ဆက်၍ နိမိတ်ဖတ်လိုက်သည်။ ဤအကြိမ်တွင် သူ၏ဆရာသည် ထိုတပည့်ငယ်လေး တစ်စုံတစ်ခုကို ဖုံးကွယ်နိုင်ရန် ကူညီပေးခဲ့ကြောင်း သူ လျင်မြန်စွာပင် သိလိုက်ရ၏။ ထိုသို့ ကူညီပေးခဲ့သည်မှာ သိပ်ကြာသေးပုံ မရပေ။
‘ စိတ်ဝင်စားစရာပဲ... ငါ့ဆရာ ကိုယ်တိုင်လှုပ်ရှားခဲ့တဲ့ နောက်ဆုံးအကြိမ်က နှစ်ပေါင်းဘယ်လောက်တောင် ကြာခဲ့ပြီလဲ။ စုန်းကဝေ-မိစ္ဆာ စစ်ပွဲကြီး ပြီးကတည်းက လူသားမျိုးနွယ်ရဲ့ ဧကရာဇ်ရှစ်ပါးက မီးတိမ်လိုဏ်ဂူကို ပြန်သွားခဲ့ကြတယ်။ တန်ခိုးရှင်ခြောက်ပါးကလည်း အခန်းအောင်း နေကြပြီး အပြင်လောကကို မထွက်ကြဘူး... ’
‘ အခုတော့ ဆရာက မထင်မရှားတပည့်လေးကို ကောင်းကင်ဘုံလျှို့ဝှက်ချက်ကို ဖုံးကွယ်နိုင်ဖို့ ကိုယ်တိုင်ကူညီခဲ့တယ်ပေါ့လေ... ’
‘ ဘာတွေက ဒီလောက် အရေးကြီးနေတာလဲ ’
အရှင်ရွှမ်းဒူသည် သူ၏ဆရာကို မမေးဝံ့ပေ။ သူစကားမှားသွားလျှင် နှစ်ပေါင်းများစွာ အပြင်ထွက်ခွင့် အပိတ်ခံရပေလိမ့်မည်။ သူ စကားမှားသွားသည့်အခါတိုင်း နှစ်တစ်သောင်းကျော်ကြာအောင် အပြင်ထွက်ခွင့်ပိတ်ခံရလေသည်။
ဤကိစ္စသည် ထိုတပည့်ငယ်လေးနှင့် ပတ်သက်နေသဖြင့် သူသည် ထိုတပည့်ငယ်လေးကို တိုက်ရိုက်မေး၍ရလေသည်။
အရှင်ရွှမ်းဒူ ဖြည်းဖြည်းချင်းထရပ်လိုက်၏။ သူ၏ ဝတ်ရုံရှည်ကြီးသည် ရေစီးကြောင်းတစ်ခုကဲ့သို့ လှုပ်ယမ်းသွား၏။ သူ ဉာဏ်အလင်းပွင့်သွားလေသည်။
“ နဂါးမျိုးနွယ်က ကောင်းကင်ဘုံလက်အောက်ကို ဝင်မယ် ”
ထိုအရာသည် သူ့ဆရာထံမှရသော သဲလွန်စပေ။
ဒူးထောက်နေသော ထိုတပည့်ငယ်လေးသည် နဂါးမျိုးနွယ် ကောင်းကင်ဘုံလက်အောက်ကို ဝင်ရန် အဓိက အရေးပါသူဖြစ်ကြောင်း အရှင်ရွှမ်းဒူ ချက်ချင်း နားလည်သွားလေသည်။
သို့သော် နဂါးမျိုးနွယ်သည် ကောင်းကင်ဘုံလက်အောက်ကို မည်သို့ဝင်မည်၊ ထိုကိစ္စတွင် တပည့်ငယ်လေးသည် မည်သည့်အခန်းကဏ္ဍတွင် ပါဝင်သည်တို့ကိုမူ အရှင်ရွှမ်းဒူ မရှင်းသေးပေ။ အရှင်ရွှမ်းဒူသည် မျက်မှောင်ကြုတ်၍ ရေရွတ်လိုက်သည်။
“ ဆရာ... ကျွန်တော့်ဆီကို တိုက်ရိုက် အသံပို့လွှတ်ပြီး ပြောလို့မရဘူးလား။ ကျွန်တော့်ကို ဉာဏ်အလင်းပွင့်အောင်လုပ်ပြီး ပြောရင် ကျွန်တော့်ရဲ့ တာအိုက အဓိပ္ပာယ်မရှိဘူးလို့ ကျွန်တော်ခံစားရလိမ့်မယ် ”
ထို့နောက် အရှင်ရွှမ်းဒူသည် ထပ်မံ၍ ဉာဏ်အလင်းပွင့်သွားပြန်၏။
“ ငါ နောက်တစ်ခါကျ အသံပို့လွှတ်မှု သုံးလိုက်ပါမယ် ”
အရှင်ရွှမ်းဒူ ဆွံ့အသွားသည်။
သူဦးညွှတ်၍ သက်ပြင်းချလိုက်ရတော့သည်။ အရှင်ရွှမ်းဒူသည် ရှေ့သို့ ခြေတစ်လှမ်း လှမ်းလိုက်ရာ တုသိတာနန်းတော်အတွင်းမှ ပျောက်ကွယ်သွား၏။
ကောင်းကင်ဘုံ ကိုးဘုံသည် မြူများဖုံးလွှမ်းနေသည်ဖြစ်၍ တစ်စုံတစ်ယောက် ဝင်သွား၊ ထွက်သွားသည့်အခါတိုင်း မည်သူမှ မသိလိုက်ကြပေ။
ထိုရန်ကျောင်းတော်၏ တပည့်ကြီးသည် ရှေ့သို့ ခြေလှမ်း အနည်းငယ် လှမ်းလိုက်၏။ သူသည် ထောင်ချီသော တောင်များ၊ မြစ်များကို ဖြတ်သန်းပြီးသွားပေပြီ။ သူသည် ကျွန်းကြီးငါးကျွန်းကို ဖြတ်သန်းသွားနေ၏။
မကြာမီ အရှင်ရွှမ်းဒူသည် တုနတ်ဝိဇ္ဇာဂိုဏ်းအပေါ်သို့ ရောက်ရှိလာပြီး ပါးလွှာချောမွေ့သော တောင်ကာမန္တန်အစီအရင်ကြီးပေါ်တွင် ရပ်နေလိုက်၏။ သို့သော် သူ့ကို မည်သူမှ မမြင်နိုင်ပေ။
အရှင်ရွှမ်းဒူသည် သူ၏ နတ်အာရုံဖြင့် အာရုံခံကြည့်ပြီးနောက် ပြုံးလိုက်၏။
‘ တခြားကိစ္စတွေ ခဏထားဦး... ဒီဂိုဏ်းမှာရှိတဲ့ တာအိုလက်တွဲဖော်ရှာတဲ့ ဓလေ့က မဆိုးဘူးပဲ။ ဂိုဏ်းထဲမှာ အတွဲတွေ အများကြီးရှိတယ် ’
‘ အတွဲတွေ ထပ်များလာပြီး ကလေးတွေ မွေးလာရင် ရန်ကျောင်းတော်က တပည့်တွေ တိုးလာမှာပဲ... ’
အရှင်ရွှမ်းဒူသည် ကောင်းကင်ခွင်းတောင်ကို လက်ညှိုးညွှန်လိုက်ပြီးနောက် မည်သူကိုမှ မသိလိုက်စေဘဲ ပျောက်ကွယ်သွားလေတော့သည်။
ကောင်းကင်ခွင်းတောင်မှ ပိုင်ဖန်ခန်းမအတွင်းရှိ ကြမ်းပြင်ပေါ်တွင် ပြားပြားဝပ်နေသော လီချန်ရှို့သည် သူ၏ဘေး၌ လှည့်ပတ်ပျံသန်းနေသော တာအိုသင်္ကေတများ ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားပြီဖြစ်ကြောင်း ခံစားလိုက်ရ၏။ သူသည် ရှေးဦးစွာ စိတ်အေးသွားဟန် သက်ပြင်းချလိုက်၏။ သို့သော် သူ အတန်ငယ် နားမလည်နိုင်ဖြစ်နေ၏။
‘ တန်ခိုးရှင်က ဘာညွှန်ကြားချက်မှ မပေးလိုက်ဘူး။ သူက ငါ့ကို သတ္တိရှိရှိနဲ့ တောင်သမုဒ္ဒရာ ပင်လယ်စောင့်နတ်မင်းဘုံကျောင်းတွေရဲ့ ပြဿနာကို ဖြေရှင်းလိုက်။ မင်းနောက်မှာ တန်ခိုးရှင်ရှိတယ်လို့ ပြောချင်တာလား... ’
လီချန်ရှို့သည် သူ၏ အခြေအမြစ်မရှိသော အတွေးများကို အလျင်အမြန် ဖယ်ရှားလိုက်သည်။ တုနတ်ဝိဇ္ဇာဂိုဏ်းကို တန်ခိုးရှင်၏ အမည်ခံတပည့်က တည်ထောင်ထားခြင်းသာ ဖြစ်သည်။ ဂိုဏ်းချုပ်ပင် တန်ခိုးရှင်ထံမှ ထိုသို့မျက်နှာပေးခြင်းမခံရပေ။
“ ကြက်ခြေထောက် ” သည် အေးအေးဆေးဆေးသာနေတတ်ပြီး အခြားသူများ၏ ကိစ္စများတွင် ဝင်မပါသူ တစ်ယောက်အဖြစ် ကျော်ကြား၏။
‘ နည်းနည်းလောက်ထပ်ပြီး ဒူးထောက်နေရမလား... ’
‘ အင်း... ခဏလောက်ဆက်ပြီး ဒူးထောက်တာပေါ့... ’
သူသည် ထိုသို့တွေးနေစဉ်မှာပင် နားထဲတွင် အသံတစ်ခုကို ကြားလိုက်ရသည်။
“ တုနတ်ဝိဇ္ဇာဂိုဏ်းရဲ့ အနောက်တောင်ဘက် လီ(၃၀၀၀)အကွာကိုလာပြီး ငါနဲ့တွေ့ပါ ”
‘ ဟမ်... ’
လီချန်ရှို့ မျက်မှောင်ကြုတ်သွား၏။ သူသည် သူ၏ပတ်ဝန်းကျင်ကို နတ်အာရုံသုံး၍ အာရုံခံလိုက်ပြီး ချက်ချင်းပင် အာရုံများကို ပြန်ရုတ်သိမ်းလိုက်၏။
မည်သူမှ ရှိနေပေ။
သူ မတ်တတ်ထရပ်လိုက်ပြီး တန်ခိုးရှင်၏ ရုပ်ပုံတော်ကို ကြည့်လိုက်လေသည်။ မည်သည့် တာအိုသင်္ကေတမှ ရှိမနေတော့ချေ။ သူသည် နားမလည်နိုင်ဖြစ်နေသော်လည်း ထိုနေရာတွင်ပင် ဆက်၍ ဆုတောင်းနေရန် ဆုံးဖြတ်လိုက်၏။ အကယ်၍ အသံပို့လွှတ်မှုသည် ရန်ကျောင်းတော်၏ ပညာရှင်တစ်ဦးထံမှ လာခဲ့သည် ဆိုလျှင် သူသည် အဘယ်ကြောင့် တုနတ်ဝိဇ္ဇာဂိုဏ်းတွင် ပေါ်မလာရသနည်း။ ထိုအရာသည် ပြဿနာပင်။
ခေတ္တမျှကြာပြီးနောက်...
အသံပို့လွှတ်မှုကို ထပ်မံကြားလိုက်ရ၏။
“ ခုနက ပို့လိုက်တဲ့ အသံပို့လွှတ်မှုကို မင်းမကြားဘူးလား။ ငါက ရန်ကျောင်းတော်က အရှင်ရွှမ်းဒူပဲ။ မင်း ဒီနေရာကိုလာပြီး ငါ့ဆရာရဲ့ ရုပ်ပုံတော်ကို ပူဇော်ကန်တော့နေတာဆိုတော့ မင်းမှာ ပြဿနာတစ်ခုခုတော့ ရှိနေရမယ်။ ငါ ဘာပြဿနာလည်းဆိုတာ လာကြည့်တာပါ... ”
လီချန်ရှို့ အံ့အားသင့်သွား၏။ သို့သော် သူ သံသယဖြစ်နေသေးသည်။
‘ ဒီလောက် ကောင်းတဲ့ကိစ္စက ဖြစ်လာနိုင်လို့လား... ’
သူသည် တန်ခိုးရှင်၏ ရုပ်ပုံတော်ရှေ့တွင် အမွှေးတိုင်ရှည်ကြီး သုံးချောင်းကိုသာ ထွန်းညှိပူဇော်ခဲ့ခြင်းပင်။ သူသည် မည်သည့်စကားကိုမှ မဆိုခဲ့ချေ။ သို့သော် သူသည် တန်ခိုးရှင်၏ အာရုံစိုက်မှုကိုရခဲ့ပြီး တန်ခိုးရှင်၏ တစ်ဦးတည်းသော တပည့်ပင် ရောက်လာပေပြီ။ ထိုအခြင်းအရာသည် အမှန်ပင်ဖြစ်နိုင်သော်လည်း သူမည်သို့ပင် ကြည့်စေကာမူ...
“ ငါ ရွှမ်းဒူ ဝိညာဉ်ကျောက်တုံးတွေ လာယူတာ ” ဟူသောစကားကမှ ပို၍ ယုံချင်စရာကောင်းပေသေးသည်။
လီချန်ရှို့ ရေရွတ်လိုက်၏။
“ အရှင်က အရှင်ရွှမ်းဒူအစစ်ဆိုတာ ဘယ်လိုသက်သေပြနိုင်မလဲ ”
“ ဟေ ... ”
အရှင်ရွှမ်းဒူ အံ့အားသင့်သွား၏။ သူ စတင်ကျင့်ကြံသည့်အချိန်မှစ၍ ဤကဲ့သို့ အခြေအနေမျိုးကို ယခုမှ ပထမဆုံးအကြိမ် ကြုံဖူးခြင်းပင်။
“ ငါက ငါဆိုတာ ငါက ဘယ်လို သက်သေပြရမှာတုံး ”
‘ ဒီတပည့်ငယ်လေးက တော်တော် စိတ်ဝင်စားစရာကောင်းတာပဲ ’
အရှင်ရွှမ်းဒူ ခေတ္တမျှတွေးတောပြီးနောက် လီချန်ရှို့ထံသို့ အသံပို့လွှတ်လိုက်သည်။ ဤအကြိမ်တွင် သူသည် စိတ်ငြိမ်သုတ္တန်တွင်ပါသော အကြောင်းအရာအချို့ကို တိုက်ရိုက်ပြောလိုက်၏။
ထို့နောက် ရွှမ်းဒူသည် လေသံပြောင်းလိုက်ပြီး စိတ်ငြိမ်သုတ္တန်နှင့် သက်ဆိုင်သော်လည်း စိတ်ငြိမ်သုတ္တန်ထက် ပိုနက်နဲသည့် အကြောင်းအရာအချို့ကို လီချန်ရှို့အား ထပ်မံပြောလိုက်သည်။
ထိုအကြောင်းအရာများကို ကြားလိုက်ရသော်လည်း လီချန်ရှို့၏ မျက်ဝန်းထဲတွင် သံသယအရိပ်အယောင်များ ရှိနေသေးသဖြင့် အရှင်ရွှမ်းဒူတစ်ယောက် ရယ်ရမလို၊ ငိုရမလို ဖြစ်သွား၏။ ထို့ကြောင့် သူသည် သူ၏ ကိုယ်ပိုင်တာအိုသင်္ကေတအနည်းငယ်ကို လီချန်ရှို့မြင်သာအောင် ပြလိုက်ရလေတော့သည်။
အရှင်ရွှမ်းဒူသည် ရွေးချယ်စရာ မရှိတော့သဖြင့် လီချန်ရှို့ထံ ထပ်မံအသံပို့လွှတ်လိုက်ရ၏။
“ နဂါးတွေက ကောင်းကင်ဘုံလက်အောက်ကို ဝင်တော့မယ် ”
ထိုစကားကိုကြားသောအခါ လီချန်ရှို့ တစ်စုံတစ်ခုကို ချက်ချင်း နားလည်သွားပြီး အကျိုးအကြောင်း ဆက်စပ်မိသွားလေတော့သည်။
အမှန်တွင် လီချန်ရှို့သည် ထုတ်ဖော်ပြသလိုက်သော တာအိုသင်္ကေတများကို မြင်သောအခါ ထိုသူ၏ ကျင့်ကြံခြင်းအဆင့်သည် ကြောက်ခမန်းလိလိ ဖြစ်ကြောင်း အတည်ပြုပြီးပြီဖြစ်သည်။
အကယ်၍ ထိုသူသာ သူ့ကို တိုက်ခိုက်လိုလျှင် တုနတ်ဝိဇ္ဇာဂိုဏ်းပင် အရှေ့ကျွန်းမှ ပျောက်ကွယ်သွားနိုင်ပေသည်။
ထိုကဲ့သို့သော သူမျိုး၏ ရှေ့တွင် သူမည်သို့မှ ရှောင်ထွက်နိုင်မည် မဟုတ်ပေ။
နောက်ဆုံးတွင် လီချန်ရှို့သည် တန်ခိုးရှင်၏ ရုပ်ပုံတော်အရှေ့တွင် ရပ်လိုက်၏။
သူ၏ မျက်နှာထားသည် မပြောင်းလဲသေးပေ။ သူသည် သူနှင့်ရင်းနှီးသော အကြီးအကဲတစ်ဦးထံသွား၍ ဂိုဏ်းမှထွက်ခွင့် ကျောက်စိမ်းပြားကို တောင်းလိုက်၏။ ထို့နောက် သူသည် ခန်းမအတွင်းမှ ထွက်လိုက်လေတော့သည်။
ပိုင်ဖန်ခန်းမမှ ထွက်လာပြီးနောက် လီချန်ရှို့ ရေရွတ်လိုက်၏။
“ အရှင်ရွှမ်းဒူ... ကျွန်တော် ဂိုဏ်းချုပ်ကို ခေါ်လိုက်ရမလား ”
“ ခေါ်စရာမလိုပါဘူး။ မင်းပဲလာခဲ့ပါ။ ငါသာ မင်းကို ဒုက္ခပေးချင်တာဆိုရင် မင်းကို စကားတွေအများကြီး ပြောနေမှာတောင်မဟုတ်ဘူး... ”
“ အရှင်ရွှမ်းဒူ ကျွန်တော့်ကို အပြစ်မမြင်ပါနဲ့ ခင်ဗျာ... ”
လီချန်ရှို့ ပြောလိုက်၏။
“ ကျွန်တော်က အချိန်မီ မတုံ့ပြန်နိုင်လိုက်တာပါ။ ကျွန်တော်အခု အရှင့်ကို တွေ့ဖို့ အပြေးလာနေပါပြီ ”
ထိုသို့ပြောပြီးနောက် လီချန်ရှို့သည် တိမ်စီးကာ ဂိုဏ်းဂိတ်တံခါးဆီသို့ သွားလိုက်၏။ သူသည် ကျောက်စိမ်းပြားကို ပြလိုက်ရာ ဂိုဏ်းမှ အေးအေးဆေးဆေးပင် ထွက်ခွင့်ရသွားလေသည်။ သူသည် အနောက်တောင်ဘက်သို့ သွားလိုက်ပြီး လီရာချီအကွာရှိ တောအုပ်လေးဆီသို့ ခပ်ဖြည်းဖြည်းပျံသန်းသွားလိုက်လေသည်။
အရှင်ရွှမ်းဒူသည် သူ့ကို မလောတော့ပေ။
လီချန်ရှို့သည် တောအုပ်အတွင်းသို့ မဆင်းသက်မီ အာရုံခံကျောက်မျက်ကို ကြည့်လိုက်သည်။ ထို့နောက် သူသည် မြေကိုယ်ယောင်အတတ်ကိုသုံး၍ လီ(၂၀၀၀) ကျော် ဆက်သွာလိုက်၏။
‘ ငါ အရင်ဆုံး စက္ကူကိုယ်ပွားကို သုံးပြီး စမ်းသပ်ကြည့်ရမလား ’
လီချန်ရှို့သည် ထိုအတွေးကို အလျင်အမြန်ပင် ဖယ်ရှားလိုက်သည်။ ထိုသူသည် အရှင်ရွှမ်းဒူ ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ သူသည် ထိုသူကို လှည့်စား၍ ရမည်မဟုတ်ပေ။
သူသည် ရိုးရိုးသားသား ဆက်ဆံ၍သာ အခွင့်အရေးကောင်းများကို တောင်းဆိုရန် ဆုံးဖြတ်လိုက်သည်။
သူသည် နတ်အာရုံသုံး၍ ရှာဖွေကြည့်လိုက်သော်လည်း မည်သူ့ကိုမှ မတွေ့ခဲ့ပေ။
သို့သော် လီချန်ရှို့သည် မြေကြီးအတွင်းမှ ထွက်လိုက်ပြီး တိမ်စီး၍ ဂိုဏ်းနှင့် လီ(၃၀၀၀)အကွာသို့ ရောက်ရှိသွားသောအခါ တစ်စုံတစ်ခုကို အာရုံခံမိလိုက်၏။ သူငုံ့ကြည့်လိုက်ရာ တောင်ကြားတစ်ခုတွင် ရှိနေသော အနက်ရောင်တာအိုဝတ်ရုံကို ဝတ်ဆင်ထားသည့် ငယ်ရွယ်သော တာအိုရသေ့လေးကို တွေ့လိုက်ရ၏။
ထိုတာအိုရသေ့ငယ်သည် သူ၏ အင်္ကျီလက်များကို ခေါက်တင်ထားပြီး စမ်းချောင်းလေးတစ်ခုဘေးတွင် ထိုင်နေလေသည်။ သူ၏ အရှေ့တွင် မီးပုံတစ်ပုံ ဖိုထား၏။ သူသည် ငါးအချို့ကို ကင်နေပြီး စိတ်အေးလက်အေးပုံစံ ရှိနေလေသည်။
ထိုအခိုက်တွင် လီချန်ရှို့၏ နှလုံးသားသည် တည်ငြိမ်သွား၏။ သူသည် တိမ်စီး၍ ဖြည်းဖြည်းချင်းဆင်းသက်လိုက်ပြီး လေးလေးနက်နက် ဦးညွှတ်လိုက်၏။
“ တုနတ်ဝိဇ္ဇာဂိုဏ်းရဲ့ တပည့် ကျွန်တော်လီချန်ရှို့ အရှင်ရွှမ်းဒူကို နှုတ်ခွန်းဆက်သပါတယ် ”
အရှင်ရွှမ်းဒူသည် ခေါင်းခါ၍ သက်ပြင်းချလိုက်၏။ သူသည် ငါးကင်ကို ကိုင်၍ ပြောလိုက်သည်။
“ ငါ ကျင့်ကြံနေတာ အချိန်တော်တော်လေး ကြာခဲ့ပြီ။ မင်းလောက် ကရိကထများတဲ့ တပည့်မျိုးကို ငါတစ်ခါမှ မမြင်ဖူးဘူး... ဟင်း... ”
အရှင်ရွှမ်းဒူသည် ရုတ်တရက် တစ်စုံတစ်ခုကို သတိပြုမိသွား၏။ သူသည် လီချန်ရှို့ကို ကြည့်၍ ရယ်လိုက်သည်။
“ မင်းရဲ့ ကျင့်ကြံခြင်းအဆင့်ကို ဖုံးကွယ်တဲ့အတတ်က တော်တော်လေး ပြောင်မြောက်တာပဲ။ ငါသာ သေချာမကြည့်မိဘူးဆိုရင် သိလိုက်မှာတောင် မဟုတ်ဘူး။ မင်းရဲ့ ကျင့်ကြံခြင်းအဆင့်က ... မင်းက ဘာလို့ တပည့်ငယ်လေးပဲ ဖြစ်နေရသေးတာလဲ။ တုနတ်ဝိဇ္ဇာဂိုဏ်းက ဘာလို့ မင်းကို အကြီးအကဲရာထူး မပေးသေးတာလဲ... ”
လီချန်ရှို့က ဦးညွှတ်၍ လေသံဖျော့ဖျော့ဖြင့် ပြောလိုက်၏။
“ ကျွန်တော် ကောင်းကင်ပြစ်ဒဏ်ခံပြီးတာ နှစ်တစ်ရာလောက်ပဲ ရှိပါသေးတယ်။ ကျွန်တော် ကံကောင်းထောက်မစွာနဲ့ ကောင်းကင်ပြစ်ဒဏ်ကို ကျော်ဖြတ်နိုင်ခဲ့လို့ ဒီကျင့်ကြံခြင်းအဆင့်ကို ရောက်နေတာပါ... ”
“ ဒါပေမဲ့ ကျွန်တော် ကောင်းကင်ပြစ်ဒဏ်မခံရခင်တုန်းက ဒီအတိုင်း ဂိုဏ်းက သာမန်တပည့်လေးပါပဲ။ ကျွန်တော်သာ ရုတ်တရက်ကြီး ကျွန်တော့်ရဲ့ ကျင့်ကြံခြင်းအဆင့်ကို ဖော်ပြလိုက်ရင် ဂိုဏ်းထဲက တခြားတပည့်တွေက ကျွန်တော့်ကို အထူးအဆန်းအနေနဲ့ မြင်သွားပါလိမ့်မယ်... ”
“ အဲဒါကြောင့် ကျွန်တော့် ဒီအတတ်ကို သုံးပြီး ကျင့်ကြံခြင်းအဆင့် အစစ်အမှန်ကို ဖုံးကွယ်ထားတာပါ ”
“ ကျွန်တော် တမင်ဖုံးကွယ်ချင်လို့ ဖုံးကွယ်ထားတာမဟုတ်ပါဘူး။ ကျွန်တော် ဂိုဏ်းအပေါ်မှာ ဘာမကောင်းတဲ့ အကြံအစည်မှ မထားပါဘူး ”
အရှင်ရွှမ်းဒူသည် ခပ်ဖြည်းဖြည်း ခေါင်းညိတ်၍ ပြောလိုက်သည်။
“ ဒါက အသေးအဖွဲကိစ္စလေးပါ။ လာ..ထိုင်ပါဦး။ မင်းက ယဉ်ယဉ်ကျေးကျေး ရိုရိုသေသေပြောလေ ငါက မကြိုက်လေပဲ။ ငါတို့ရဲ့ ရန်ကျောင်းတော်မှာ စည်းမျဉ်းတွေ များများစားစား မရှိပါဘူးကွ။ ဒါပေမဲ့ ဆရာက ငါ့ကို မင်းနဲ့လာပြီး စကားပြောဖို့ ဘာလို့ခိုင်းလဲဆိုတာ ငါ အခု နားလည်သွားပြီ။ နတ်ဝိဇ္ဇာအဖြစ်တက်လှမ်းနိုင်တဲ့သူတွေက မရှားပေမယ့် မင်းလိုလူမျိုးကတော့ ရှားတယ်။ မင်းက ပါရမီရှင်ပဲ... ”
လီချန်ရှို့ ခေါင်းမော့၍ ပြုံးပြလိုက်၏။ ထို့နောက် သူသည် သူ့အရှေ့ရှိ တာအိုရသေ့ငယ်ကို သေသေချာချာ ကြည့်ရှုလိုက်၏။
အရှင်ရွှမ်းဒူအပေါ် သူ၏ ပထမဆုံးထင်မြင်ချက်သည် သာမန်သာဖြစ်လေသည်။
ဂရုတစိုက်လေ့လာပြီးသွားသောအခါ သူ၏ အရှေ့မှသူသည် မည်သည့်ဖိအားမှ မထုတ်လွှတ်နေသည့် မြင့်မားသောတောင်ကြီးတစ်လုံးနှင့် တူသည်ဟု သူ ခံစားလိုက်ရ၏။ သူသည် အရှင်ရွှမ်းဒူကို မည်သို့မှ မခန့်မှန်းနိုင်ပေ။
အရှင်ရွှမ်းဒူသည် လက်ထဲတွင် သစ်ကိုင်းခြောက်လေးတစ်ခုကို ကိုင်၍ သက်တောင့်သက်သာ ထိုင်နေ၏။ ထို သစ်ကိုင်းခြောက်တွင် မကျက်တကျက် ငါးတစ်ကောင်ကို ထိုးထား၏။ သူသည် သဘာဝနှင့်တသားတည်းကျနေပြီး ကောင်ကင်နှင့်မြေကြီးတွင် လိုက်လျောညီထွေ ရှိနေသည်ဟု ထင်ရလေသည်။
မည်သည့် သဟဇာတမဖြစ်မှုမှ မရှိချေ။
ထိုအခိုက်တွင် ထိုလူသည် လူသားမျိုးနွယ်၏ ဒုတိယ တန်ခိုးအစွမ်းအကြီးဆုံးသူဖြစ်ကြောင်း လီချန်ရှို့ အတည်ပြုလိုက်လေတော့သည်။
ထိုသူကား အမှန်ပင် ရွှမ်းဒူဘုံကျောင်း၏ အရှင်ရွှမ်းဒူပင်။
အရှင်ရွှမ်းဒူ ပြောလိုက်၏။
“ ဘာတွေ ငေးနေတာလဲ ”
“ အရှင့်လို ပညာရှင်တစ်ဦးကို ကျွန်တော် ပထမဆုံးအကြိမ်တွေ့ဖူးတာပါ။ အဲဒါကြောင့် ကျွန်တော် မှင်သက်နေတာပါ... ”
လီချန်ရှို့သည် အသက်ပြင်းပြင်းတစ်ချက်ရှူ၍ ရှေ့သို့ ခြေနှစ်လှမ်းတိုးလိုက်၏။ သူသည် အရှင်ရွှမ်းဒူ၏ ရှေ့တွင် ဝင်ထိုင်၍ လက်ဆန့်လိုက်၏။
“ ကျွန်တော် ကင်လိုက်ပါမယ် ”
“ မင်းက တော်တော်လေး အလိုက်သိတာပဲကိုး ”
“ တပည့်က အကြီးအကဲကို အလုပ်အကျွေးပြုရတာ သဘာဝပါပဲ... ”
ထိုစကားကို ကြားသောအခါ အရှင်ရွှမ်းဒူသည် မျက်လုံးများ ကျဉ်းသွားသည် အထိ ပြုံးလိုက်လေသည်။ သူသည် ငါးထိုးထားသော သစ်ကိုင်းခြောက်ကို လှမ်းပေးလိုက်သည်။
အရှင်ရွှမ်းဒူသည် တစ်စုံတစ်ခုကို အမှတ်ရသွားဟန်ဖြင့် ပုံမှန်အတိုင်း ပြောလိုက်၏။
“ ဒါနဲ့ ငါ အရင်တုန်းက မင်းရဲ့ မင်္ဂလာရွှံ့ရုပ်ကို ပျက်ဆီးသွားအောင်လုပ်မိလိုက်လို့ မင်းနဲ့ ကမ္မနှောင်ကြိုးနည်းနည်းတောင် ရစ်နွယ်သွားသေးတယ်။ ငါ တုအယ်နဲ့ ပေးခိုင်းလိုက်တဲ့ ဝိညာဉ်ဆေးလုံးကို မင်းသောက်ရဲ့လား။ ဘယ်လိုလဲ..အလုပ်ဖြစ်လား... ”
“ ကျွန်တော် မသောက်လိုက်ပါဘူး ”
လီချန်ရှို့ ပြုံး၍ ပြန်ဖြေလိုက်သည်။
“ ကျွန်တော့်ရဲ့ ခန္ဓာကိုယ်မှာ ဘာမှ မဖြစ်နေပါဘူး။ ကျွန်တော် အဲ့ဝိညာဉ်ဆေးလုံးကို မြေနတ်ဝိဇ္ဇာတာအိုကို ကျင့်ကြံနေတဲ့ ကျွန်တော့်ရဲ့ဆရာအတွက် သိမ်းထားပါတယ် ”
“ အရှင်ရွှမ်းဒူ... ကျွန်တော် တစ်ခုလောက်မေးလို့ရမလားခင်ဗျာ... မြေနတ်ဝိဇ္ဇာက အတုမဲ့နတ်ဝိဇ္ဇာအဆင့်ထိပဲ ကျင့်ကြံနိုင်တယ်ဆိုတာ အမှန်ပဲလား ”
“ ဟုတ်တယ်... မြေနတ်ဝိဇ္ဇာဆိုတာ အမတလမ်းမဟုတ်ဘဲ သိဒ္ဓိလမ်းကို လိုက်တဲ့သူတွေပဲ။ သူတို့က အတုမဲ့နတ်ဝိဇ္ဇာအဆင့်ထိပဲ ကျင့်ကြံနိုင်ကြတယ် ”
အရှင်ရွှမ်းဒူ ခပ်ဖြည်းဖြည်းခေါင်းညိတ်၍ ပြောလိုက်၏။
“ ငါမင်းရဲ့ ဆုံးရှုံးမှုအတွက် စိတ်မကောင်းပါဘူး... ”
လီချန်ရှို့ ဆွံ့အသွားသည်။
‘ ဘယ်လိုတောင် စကားပြောကောင်းတဲ့ ပါရမီရှင်လဲ... ’
“ မင်း ဘာပြဿနာနဲ့ ကြုံနေရတာလဲဆိုတာ ငါ့ကိုပြောပါ ”
အရှင်ရွှမ်းဒူသည် လီချန်ရှို့ကို ကြည့်၍ ပြောလိုက်သည်။
“ မင်းကို လာရှာဖို့ ဆရာက ငါ့ကို တာဝန်ပေးထားတာဆိုတော့ မင်းရဲ့ပြဿနာကို ငါကူညီပေးပါမယ်။ ပြီးတော့ မင်းက နဂါးမျိုးနွယ်နဲ့ ဘယ်လိုပတ်သက်နေတာလဲ ”
လီချန်ရှို့ ခါးသက်သက်ပြုံး၍ ပြောလိုက်၏။
“ တောင်သမုဒ္ဒရာက ပင်လယ်စောင့်နတ်မင်းဘုံကျောင်းတွေ အကြောင်းကို အရှင်ရွှမ်းဒူ သိပါသလား ”
အရှင်ရွှမ်းဒူသည် သူ၏ လက်ချောင်းများကို ထိ၍ တွက်ချက်လိုက်ပြီး ပြောလိုက်၏။
“ မကြာသေးခင်ကတော့ ဆရာဦးလေး ကျောက်စိမ်းဧကရာဇ်က ပင်လယ်စောင့်နတ်မင်းကို တော်တော်လေး လေးစားနေတယ်ဆိုတဲ့ အကြောင်း ကောင်းကင်ဘုံခုံရုံးတွေမှာ ပျံ့နှံ့နေတာတော့ ငါ ကြားလိုက်မိတယ်။ သူက တရားမဝင် ပင်လယ်စောင့်နတ်မင်းကို တရားဝင်ရာထူးပေးဖို့ လုပ်နေတယ်လို့တော့ ငါကြားတယ် ”
လီချန်ရှို့ သက်ပြင်းချလိုက်သည်။
“ ကျွန်တော်က အဲဒီ ပင်လယ်စောင့်နတ်မင်းပါပဲ ”
“ အိုး... ”
အရှင်ရွှမ်းဒူ၏ မျက်လုံးများ အရောင်လက်သွား၏။
“ မင်းက အဲဒီလိုပြောတယ်ဆိုတော့ ငါ စိတ်ဓာတ်တက်ကြွလာတော့မှာပဲ။ မင်းက အသက်နှစ်ရာတောင် မပြည့်သေးဘူး... ဘယ်လိုလုပ် ပင်လယ်စောင့်နတ်မင်းဖြစ်လာတာလဲ။ အရင်တုန်းက ငါလည်း လူအချို့ကို လျှို့ဝှက်စုဆောင်းပြီး ဘုံကျောင်းထောင်ဖူးတယ်။ ဒါပေမဲ့ နှစ်တစ်ရာကျော် နှစ်ရာလောက်အတွင်းမှာ ပျက်ဆီးသွားတာပါပဲ...အဟမ်း..အဟမ်း... ဘာတွေဖြစ်နေတာလဲဆိုတာ ငါ့ကို မြန်မြန်ပြောပြစမ်းပါ ”