အခန်း (၄၁-၄၂)
Vol. 5 Ch. 41-42
အခန်း (၄၁) ဓားအမှတ်အသားအပိုင်းအခြား။
လီယွင်ဇီသည် ဓားပျံကို အရှိန်ပြင်းစွာ စီးနင်းလျက် သောင်းကျန်းသူ စစ်တပ်ကြီး၏ ခေါင်းပေါ်ထက်မှ ပျံသန်းကာ အောက်ခြေရှိ အမှောင်ထုသဖွယ် သိပ်သည်းနေသော ဝူထူ လူမျိုးများကို ငုံ့ကြည့်လိုက်၏။
ဝူထူသောင်းကျန်းသူ စစ်တပ်ကြီးထဲမှ လူအများအပြားမှာ မော့ကြည့်လိုက်ကြရာ ကောင်းကင်ယံအမြင့်တွင် ဓားပျံစီးလျက် ပျံသန်းနေသော အမျိုးသမီးကို မြင်တွေ့လိုက်ရ သဖြင့် တစ်ယောက်မကျန် အံ့အားသင့်တုန်လှုပ်သွားကြတော့သည်။
အထူးသဖြင့် သောင်းကျန်းသူ စစ်တပ်၏ခေါင်းဆောင်များ၊ ဝူထူကိုးမြို့တော်၏ အုပ်စိုးရှင် များနှင့် မြို့စစ်သူကြီးများသည် ဤဓားပျံစီးနင်းသူကို မည်သို့လျှင် မသိဘဲ နေပါမည်နည်း။
သူမသည် ဝူထူနယ်မြေကို တစ်နှစ်တိတိ အုပ်ချုပ်ခဲ့ဖူးသော ဝူထူဧကရီဟောင်း ဖြစ်ပေ သည်။ သူမ ရာထူးမှ မဖယ်ရှားခံရမီအချိန်က သူမ၏ သံမဏိလက်သီး ပြင်းပြင်းဖြင့် စီမံ ခန့်ခွဲမှုများကို မကြောက်ရွံ့သူဟူ၍ တစ်ယောက်မျှ မရှိခဲ့ချေ။
လီယွင်ဇီသည် အားကောင်းမောင်းသန် ဆူပူသောင်းကျန်းသူ စစ်တပ်ကြီး၏ အထက်မှ ပျံသန်းသွားပြီးနောက် မကြာမီမှာပင် လူအားလုံး၏ စူးစိုက်ကြည့်ရှုနေမှုအောက်တွင် သူမ က တောင်ကြား၏ တြိဂံပုံသဏ္ဌာန်နယ်မြေသို့ ဆင်းသက်လိုက်၏။
သူမက ဖြည်းညှင်းစွာ ဆင်းသက်ရင်း ညာဘက်လက်ကို တဖြည်းဖြည်း မြှောက်လိုက်ရာ ငွေရောင်နူးညံ့သော အလင်းမျှင်တန်းများက လေဟာနယ်ထဲမှ ရုတ်တရက် ပေါ်ထွက်လာ ပြီး သူမလက်ဖဝါးထဲတွင် လျင်မြန်စွာ ရစ်ပတ် နှောင်ဖွဲ့သွားကြတော့သည်။
ငွေရောင်အလင်းမျှင်များ တစ်ခုနှင့်တစ်ခု ပေါင်းစပ်သွားကြပြီး အလွန်တိုတောင်းလှသော အချိန်ကာလအတွင်းမှာပင် ‘ကြယ်လဓားဖြူ’ အဖြစ် ပုံပေါ်လာခဲ့သည်။
ညကောင်းကင်ယံကြီးမှာ မူလက ကြယ်တာရာများဖြင့် စိုပြည်တောက်ပနေခဲ့သော်လည်း လီယွင်ဇီက ထိုဓားဖြူကို မြှောက်လိုက်သည့် အခိုက်အတန့်တွင်မူ ကောင်းကင်တစ်ခုလုံး မှေးမှိန်သွားသယောင် ထင်မှတ်ရပေသည်။
“ဝှီး…..”
သူမက တောင်ကြားဝဆီသို့ တစ်ချက် ဝှေ့ယမ်းခုတ်ပိုင်းချလိုက်ရာ ငွေရောင်ဓားအလင်း တန်းက ညဉ့်နက်သန်းခေါင်ယံကို ဖြတ်သန်းသွားသော သောင်းနှင့်ချီသည့် လှပသော ဥက္ကာပျံကြီးများအလား လီယွင်ဇီ ဓားချက်လမ်းကြောင်း ဆွဲချလိုက်သည့် အလင်းတန်း အတိုင်း တောင်ကြားဝဆီသို့ တည့်တည့် ဆင်းသက် ရိုက်ခတ်သွားလေတော့သည်။
ဝူထူသောင်းကျန်းသူ စစ်တပ်ကြီးဖြစ်စေ၊ ပျံသန်းရေးငှက်တပ်ဖွဲ့မှ စစ်သည်များဖြစ်စေ အားလုံး၏ မျက်နှာထက်တွင် ထိတ်လန့်တုန်လှုပ်မှုများ ပြည့်နှက်သွားကြပြီး လူသား တစ်ယောက်က တောင်တန်းများကို ဖြိုခွဲနိုင်သည့် စွမ်းအားမျိုး ပိုင်ဆိုင်ထားနိုင်လိမ့်မည်ဟု မည်သူမျှ မထင်မှတ်ထားခဲ့ကြချေ။
ဘေးတစ်ဖက်တစ်ချက်စီရှိ မတ်စောက်လှသော ချောက်ကမ်းပါးကြီးများမှာ ပြတ်တောက် သွားပြီး မြေကြီးမှာလည်း ဧရာမ အက်ကြောင်းကြီးတစ်ခုအဖြစ် ကွဲအက်သွားခဲ့သည်။
သာမန်အားဖြင့် လူတို့ ခုတ်ပိုင်းလိုက်သော ဓားအရာများသည် ရန်သူ၏ ရင်ဘတ် သို့မဟုတ် သစ်ပင်ပင်စည်များပေါ်တွင်သာ ထင်ကျန်ရစ်တတ်သော်လည်း လီယွင်ဇီ၏ ဓားချက်ကမူ လူပေါင်းထောင်ချီ ဝင်ဆံ့နိုင်သော တောင်ကြားဝတစ်ခုလုံးကို ဆွဲဖြဲပစ်လိုက် ပြီး လူများ လျှောက်လှမ်းသည့် လမ်းမကိုရော ဘေးတစ်ဖက်တစ်ချက်စီရှိ တောင်ကမ်းပါး ကျောက်ဆောင်များကိုပါ ဖြတ်တောက် ပစ်လိုက်ခြင်း ဖြစ်သည်။
ကောင်းကင်ဘုံမှ ဆင်းသက်လာသော ချောက်ကမ်းပါးကြီးတစ်ခုကဲ့သို့ ထိုဓားရာကြီးမှာ သောင်းကျန်းသူ ဝူထူစစ်တပ်ကြီး ချီတက်မည့် လမ်းမထက်တွင် ကြောက်မက်ဖွယ်ရာ ကန့်လန့်ဖြတ်အနေထားဖြင့် တည်ရှိနေခဲ့ပြီ။
လီယွင်ဇီသည် ဤအရာကို တမင်သက်သက် လုပ်ဆောင်ခဲ့ခြင်း ဖြစ်ပုံရသည်။ သူမသည် ဓားချက်ကို မည်သူ့ထံသို့မျှ ဦးတည်ခဲ့ခြင်း မရှိသလို စစ်သည်တစ်ယောက်ကိုမျှ သတ်ဖြတ် ခဲ့ခြင်း မရှိသော်လည်း၊ ဓားချက်၏ ပြင်းထန်လှသော စွမ်းအားကို မျက်ဝါးထင်ထင် မြင်တွေ့လိုက်ရသည့် ဝူထူသောင်းကျန်းသူ စစ်တပ်ကြီးအဖို့မူ ဤအရာက အလောင်းများ ပြန့်ကျဲနေသော စစ်မြေပြင်နှင့် ဘာမျှမခြားနားတော့ချေ။
“ဒီဓားချက်ကို နယ်နိမိတ်အဖြစ် သတ်မှတ်တယ်၊ အသက်ရှင်မလား၊ သေမလားဆိုတာ မင်းတို့ကိုယ်တိုင် ရွေးချယ်ကြပါ” လီယွင်ဇီ၏ အသံမှာ ကျယ်လောင်လှသည် မဟုတ်သော် လည်း နတ်ဘုရားအနွယ်ဝင် လူသားတစ်ဦး၏ စွမ်းအားကြောင့် တောင်ကြားတစ်ခုလုံး၏ အတွင်းအပြင်ရှိ လူတိုင်း ထိုအသံကို ရှင်းလင်းပြတ်သားစွာ ကြားရသည်။
အတန်ကြာ တိတ်ဆိတ်သွားပြီးနောက် ဝူထူသောင်းကျန်းသူ စစ်တပ်ကြီးအတွင်း ဆူပူ လှုပ်ရှားမှုများ စတင်ဖြစ်ပေါ်လာ၏။ ဝူထူလူမျိုးအများစုသည် လက်နက်ကိုင် စစ်သူကြီး များနှင့် စစ်မြေပြင်တွင် စွမ်းအားကြီးမားသော နဂါးသားရဲကြီးများကိုသာ ရံဖန်ရံခါ မြင်တွေ့ဖူးကြသော်လည်း၊ မည်သူက ဓားတစ်ချက်တည်းဖြင့် မြေပြင်ကို အပိုင်းပိုင်းပြတ် အောင် ခုတ်ဖြတ်နိုင်သည်ကို မြင်ဖူးပါမည်နည်း။
“ဓားနယ်နိမိတ်ကို ဖြတ်ကျော်တဲ့လူမှန်သမျှကို ဆူပူသောင်းကျန်းသူအဖြစ် သတ်မှတ်ပြီး ခြွင်းချက်မရှိ ကွပ်မျက်မယ်။”
“ဓားနယ်နိမိတ်ရဲ့ အပြင်ဘက်မှာ ရှိနေတဲ့သူတွေကတော့ အရပ်သားတွေ ဖြစ်ပြီး... ငါ့ရဲ့ အရပ်သားပြည်သူတွေ ဖြစ်တယ်” လီယွင်ဇီက ဆိုလိုက်သည်။
“ငါ့ရဲ့အရပ်သားပြည်သူတို့... မင်းတို့ရဲ့ အသက်အိုးအိမ်စည်းစိမ်ကို ကောင်းကင်ဘုံက ဆုံးဖြတ်ပေးမှာ မဟုတ်ဘူး။ ငါကိုယ်တိုင် ဆုံးဖြတ်ပေးမယ်... မင်းတို့ ဒီဆောင်းရာသီကို ဖြတ်ကျော်နိုင်ဖို့နဲ့ အသက်ရှင်သန်နိုင်ဖို့ ငါ စောင့်ရှောက်ပေးမယ်။”
လီယွင်ဇီ၏ စကားသံများက တောင်ကြားတစ်ခုလုံးတွင် ပဲ့တင်ထပ်သွားပြီး တောင်ကြား အပြင်ဘက်သို့ပင် ပျံ့လွင့်သွားခဲ့သည်။
ပျံသန်းရေးငှက်တပ်ဖွဲ့မှ စစ်သည်များသည် လီယွင်ဇီ၏ လုပ်ရပ်ကြောင့် ပို၍ပင် ဇဝေဇဝါ ဖြစ်သွားကြရသည်။
ဒီဆူပူသောင်းကျန်းသူတွေကို အပြတ်အသတ် သတ်ဖြတ်ပစ်ရမှာ မဟုတ်ဘူးလား။
သူတို့ကို ဘိုးဘေးနဂါးမြို့တော်ရဲ့အင်အားကို သိရှိစေပြီး အခက်အခဲများနှင့် ရင်ဆိုင်ရချိန် မှာ နောက်ဆုတ်သွားအောင် ပြုလုပ်ရမှာ မဟုတ်ဘူးလား။
အဘယ်ကြောင့် သူတို့ကိုလည်း အရပ်သားပြည်သူများဟု ခေါ်ဝေါ်နိုင်ရသနည်း။
“သူမက အချိန်ဆွဲတဲ့ နည်းဗျူဟာကို သုံးနေတာ... ဒီမိန်းမပြောတာကို မယုံကြနဲ့” မကြာမီ မှာပင် ဝက်ဝံတစ်ကောင်လို ထွားကြိုင်းသန်မာသည့် သောင်းကျန်းသူစစ်တပ်၏ ခေါင်းဆောင်တစ်ဦးက ကျယ်လောင်စွာ အော်ဟစ်လိုက်၏။
“သူမက တစ်ယောက်တည်းပဲ၊ သူမ ဘယ်လောက်ပဲ သန်မာသန်မာ ဓားတစ်ချောင်းပဲ ကိုင်ထားနိုင်တာ။ ငါတို့ရဲ့ သွေးချင်းညီနောင်တွေကတော့ အဆုံးမရှိတဲ့ ရေစီးကြောင်းလို စစ်တပ်ထဲကို ဆက်တိုက် ဝင်လာနေကြတာ... သူမ ငါတို့အားလုံးကို မသတ်နိုင်ပါဘူး။ ငါတို့တွေ ဘယ်လိုပူးပေါင်းပြီး ခံတပ်မြို့ကြီးကို သိမ်းပိုက်ခဲ့လဲဆိုတာ မမေ့ကြနဲ့ဦး။ ငါတို့ တွေ ခြေတစ်လှမ်းပဲ လိုတော့တာ... လီချွမ်းလွင်ပြင်ကို ရောက်တာနဲ့ ငါတို့အလိုရှိတာ အားလုံးကို ရတော့မှာ” တစ်စုံတစ်ယောက်က ချက်ချင်းပင် လှုံ့ဆော်အော်ဟစ်လိုက်ရာ လူအားလုံး၏ စိတ်ဓာတ်များ ပြန်လည်နိုးကြား တက်ကြွလာကြသည်။
“ငါတို့မှာ နောက်ဆုတ်စရာ လမ်းမရှိဘူး... ရှေ့ကိုပဲ တိုးရမယ်”
“နတ်ဘုရားတွေနဲ့ ရင်ဆိုင်ရရင်တောင်... သူတို့ကို ဖုန်မှုန့်နဲ့ မီးခိုးငွေ့တွေအဖြစ် ပြာကျ သွားအောင် လုပ်ပစ်ကြမယ်။”
“မကြောက်ဘူး... မကြောက်ဘူး... မကြောက်ဘူး”
သောင်းကျန်းသူ စစ်တပ်ထဲမှ ခေါင်းဆောင်အချို့က လှုံ့ဆော်သံများကို စတင်အော်ဟစ် ကြပြီး လူတိုင်း၏ သွေးဆာပြီး နိုးကြွစေမည့် ကြွေးကြော်သံများကို ထပ်တလဲလဲ ဟစ်ကြွေး ကြတော့သည်။ သူတို့တွင် နောက်ဆုတ်စရာ လမ်းမရှိတော့ချေ။ ရှေ့သို့သာ ချီတက်ရမည် ဖြစ်ကာ နတ်ဘုရားများပင်လျှင် သူတို့၏ ရှင်သန်လိုစိတ် ပြင်းပြမှုကို တားဆီးနိုင်မည် မဟုတ်ပေ။
“မင်းတို့အားလုံး ငါ့ကို မှတ်မိကြပါတယ်။”
“ငါဟာ တစ်ချိန်က မင်းတို့ရဲ့ အုပ်စိုးရှင် ဖြစ်ခဲ့ဖူးတယ်... ငါ မင်းတို့တွေကို မေးပါရစေ... ငါ အုပ်ချုပ်ခဲ့စဉ်တုန်းက မင်းတို့တွေ စားစရာ ဆန်ရေစပါး ရှိခဲ့ရဲ့လား။”
“ဝတ်စရာ အဝတ်အထည်တွေကော ရှိခဲ့ရဲ့လား။”
လီယွင်ဇီ၏ စကားသံက ကြယ်တာရာ ကောင်းကင်ယံထက်မှ စီးဆင်းသက်ဆင်းလာခဲ့ရာ မည်သည့် ဆူညံသံကမျှ သူမအသံကို ဖုံးလွှမ်းနိုင်ခြင်း မရှိဘဲ လူတိုင်း၏ နားထဲသို့ ရှင်းလင်း စွာ ကြားရစေသည်။
ထိုအခိုက်အတန့်တွင် ဆူပူသောင်းကျန်းသူ စစ်တပ်ကြီးမှာ တဟုန်းဟုန်းတောက်မတတ် ဆူပွက်သွားခဲ့သည်။
လူအများက ညကောင်းကင်ယံသို့ မော့ကြည့်လိုက်ကြရာ မှေးမှိန်နေသော ကောင်းကင်ယံ အလယ်၊ ကြယ်ရောင်ခြည်များ ဝန်းရံနေသည့် ငွေရောင်ဓားရှည်ကြီးပေါ်တွင် ရပ်တည်နေ သော သူမကို အမှန်တကယ်ပင် မှတ်မိသွားကြသည်။ အဘယ်ကြောင့်ဆိုသော် သူမ၏ ရုပ်တုများကို ဝူထူ၏ မြို့တိုင်းတွင် စိုက်ထူထားခဲ့ဖူးသောကြောင့် ဖြစ်ပေသည်။
ဝူထူနယ်မြေ၏ အုပ်ချုပ်သူများသည် အကြိမ်ကြိမ် ပြောင်းလဲခဲ့သော်လည်း လီယွင်ဇီ တစ်ဦးတည်းသာ ဝူထူကိုးမြို့တော်ကို တစ်နှစ်တိတိ အပြည့်အဝ ထိန်းချုပ်နိုင်ခဲ့ပြီး ထိုအချိန်က စနစ်တကျရှိသော အစီအစဉ်တကျ အခြေအနေတစ်ခု ပေါ်ပေါက်ခဲ့ဖူးသည်။ သို့သော်လည်း သူမ ရာထူးမှ ဖယ်ရှားခံရပြီးနောက်တွင်မူ ထိုစနစ်တကျရှိမှုများမှာ လုံးဝ ပျောက်ကွယ်သွားခဲ့ရသည်။
စစ်ပွဲများ ဆက်တိုက်ဖြစ်ပွားကာ ဓားပြများ သောင်းကျန်းခဲ့ကြသည့်အပြင် ဆောင်းဦး ရာသီ မိုးခေါင်ရေရှားမှုဒဏ်ကိုပါ ရင်ဆိုင်ခဲ့ကြရသဖြင့် ဝူထူလူမျိုးအားလုံးမှာ မျှော်လင့် ချက်မဲ့သည့် အခြေအနေဆိုးကြီးသို့ ဆိုက်ရောက်သွားခဲ့ရခြင်း ဖြစ်ပေသည်။
“သူမရဲ့ လှည့်စားတဲ့ စကားတွေကို နောက်ထပ် မယုံကြနဲ့တော့။ ဒီမြို့ကို တိုက်ခိုက် သိမ်းပိုက်လိုက်ရင် ငါတို့မှာ စားလို့မကုန်နိုင်တဲ့ ရိက္ခာတွေ၊ ဝတ်လို့မကုန်နိုင်တဲ့ အဝတ် အထည်တွေ ရှိလာလိမ့်မယ်။ ငါတို့ကိုယ်ပိုင် ဝူထူမြို့ပြနိုင်ငံကို တည်ထောင်နိုင်လိမ့်မယ်၊ ငါတို့က သူတို့ရဲ့ ကျွန်တွေမဟုတ်ဘူး” ဝက်ဝံကြီးလို ထွားကြိုင်းလှတဲ့ ဆူပူသောင်းကျန်းသူ စစ်တပ်ရဲ့ ဒုတိယခေါင်းဆောင်က ရုတ်တရက် ဟစ်အော်လိုက်ပြန်သည်။
ဤသောင်းကျန်းသူခေါင်းဆောင်သည် လူထု၏ စိတ်ခံစားချက်ကို တောက်လျှောက် လှုံ့ဆော်ပေးနေပြီး သူတို့ကို ရူးသွပ်သွေးကြွအောင် ပြုလုပ်နေခြင်း ဖြစ်သည်။
ထိုအခိုက်အတန့်တွင် လီယွင်ဇီက ဓားပျံကိုစီးလျက် အောက်သို့ ဝုန်းခနဲ ထိုးဆင်းလာခဲ့ရာ သူမ၏ပုံရိပ်မှာ အဖြူရောင် လျှပ်စီးကြောင်းတစ်ချက်အလား သံချပ်ကာဝတ် ဆူပူသောင်း ကျန်းသူ စစ်သည်အုပ်ကြီးကို ဖြတ်သန်းသွားတော့သည်...
စစ်သည်များသည် ထိတ်လန့်တုန်လှုပ်စွာဖြင့် မျက်လုံးများ ပြူးကျယ်သွားကြပြီး ၎င်းတို့ သတိမဝင်မိခင်မှာပင် ထိုထွားကြိုင်းလှသော သောင်းကျန်းသူ ခေါင်းဆောင်ကြီး၏ လည်ပင်းမှ ရဲရဲနီသော သွေးပန်းများ ဖျန်းခနဲ ပန်းထွက်လာခဲ့ပြီ။
ငွေ့ငွေ့ထွက်နေသော သွေးပူကြီးများမှာ ဘေးပတ်ဝန်းကျင်ရှိ စစ်သည်များ၏ မျက်နှာပေါ် သို့ စွန်းစင်သွားရာ ၎င်းတို့အားလုံးမှာ ကျောက်ရုပ်များအလား ဆွံ့အမှင်တက်ရင်း သူတို့ ခေါင်းဆောင်၏ ဦးခေါင်းမှာ လည်ပင်းမှ ပြတ်တောက်ကာ ရွှံ့နွံပုပ်မြေပြင်ပေါ်သို့ လိမ့်ဆင်း သွားသည်ကို ငေးကြည့်နေရတော့သည်။
သေဆုံးသွားချေပြီ….။
လူပေါင်းများစွာ၏ အလယ်ဗဟိုတွင် ၎င်းတို့၏ ခေါင်းဆောင်တစ်ဦးမှာ ဤမျှလွယ်ကူစွာ ဖြင့် အသက်ပျောက်သွားခဲ့ရ၏။ ဤခွန်အားကြီးမားသော ခေါင်းဆောင်ကြီးသည် ခံတပ် မြို့၏ တံတိုင်းကြီးကိုပင် သားရဲတစ်ကောင်လို အင်အားသုံး၍ ရိုက်ချိုးဖျက်ဆီးပစ်ခဲ့သည့် စစ်မြေပြင်က အသားကြိတ်စက်ကြီး ဖြစ်ခဲ့ကြောင်း သောင်းကျန်းသူစစ်သည်များ မျက်စိ ထဲ ထင်ထင်ရှားရှား မှတ်မိနေကြဆဲပင်။ သို့သော်လည်း မျက်စိတစ်မှိတ်အတွင်းမှာပင် သူသည် လီယွင်ဇီ၏ ဓားချက်အောက်တွင် ရက်စက်စွာ အသက်ပျောက်သွားခဲ့ရချေပြီ။
“ဒုတိယခေါင်းဆောင်ကြီး သေပြီ... ဒုတိယခေါင်းဆောင်ကြီး သေပြီ။”
“ဒီရက်စက်တဲ့ မိန်းမယုတ်ကို သတ်ကြ... ခေါင်းဆောင်ကြီးအတွက် ကလဲ့စားချေကြစို့”
“ဒုတိယခေါင်းဆောင်ကြီးအတွက် ကလဲ့စားချေကြ”
ခေါင်းဆောင်၏ သေဆုံးမှုကြောင့် သောင်းကျန်းသူစစ်တပ်အတွင်း ထိတ်လန့်တုန်လှုပ်မှု များ ကူးစက်ပြန့်ပွားသွားခဲ့ပြီး မကြာမီမှာပင် ရူးသွပ်နေသော စစ်တပ်ထဲမှ အချို့သည် လက်နက်များကို မြှောက်ကာ ရုန်တောင်ကြားမြို့ငယ်လေးဆီသို့ ဦးတည်၍ အော်ဟစ်ကာ ပြေးဝင်ကြတော့သည်။
ပုန်ကန်သူစစ်တပ်ကြီးသည် ဟစ်ကြွေးရင်း အခြားအရာများကို ဂရုမစိုက်နိုင်တော့ဘဲ ရုန်တောင်ကြားမြို့ငယ်လေးဆီသို့ ပိုမိုများပြားစွာဖြင့် ပြေးဝင်လာကြသည်။
“ဓားနယ်နိမိတ်ကို ဖြတ်ကျော်တဲ့လူမှန်သမျှ သေရမယ်” လီယွင်ဇီ၏ အသံက ဆူပူ သောင်းကျန်းသူစစ်တပ်မှ လူတိုင်း၏ နားစည်ထဲသို့ ထပ်မံ၍ ဖောက်ဝင်လာခဲ့ပြန်သည်။
သို့သော်ငြားလည်း သောင်းကျန်းသူစစ်တပ်၏ ရှေ့တန်းတပ်ဦးကြီးမှာမူ ဒေါသတကြီး ဟစ်ကြွေးသံများနှင့်အတူ အသိတရားအားလုံးကို လုံးဝ ပျောက်ဆုံးကာ ရှေ့သို့ ရူးသွပ်စွာ တိုးဝင်လာကြတော့သည်။
အခန်း (၄၂) ဤလောကဝယ် အနှိုင်းမဲ့။
ထိုအခိုက်အတန့်တွင် လီယွင်ဇီက လက်တစ်ချက် ဝှေ့ယမ်းလိုက်ပြီး ကောင်းကင်ယံရှိ ပျံသန်းရေးငှက်တပ်ဖွဲ့ထံသို့ အပြတ်အသတ် ကွပ်မျက်ရန် စစ်အမိန့် ပေးလိုက်လေတော့ သည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် ရာဂဏန်းမျှရှိသော နဂါးတစ်ပိုင်းငှက်ပျံများသည် အောက် သို့ ဝုန်းခနဲ ထိုးဆင်းလာကြပြီး စစ်သည်တစ်ဦးချင်းစီ၏ ကိုယ်မှ ထွက်ပေါ်နေသော သွေးဆာနေသည့် အရှိန်အဝါများက ရက်စက်ကြမ်းကြုတ်သော နဂါးတစ်ပိုင်းငှက်ပျံများ နှင့် တစ်ထပ်တည်း ကျနေတော့သည်။
ဤကောင်းကင်ယံမှ အလုံးအရင်းနှင့် သတ်ဖြတ်မှုကြီးက မြင်းစစ်သည်တပ်ဖွဲ့များ နင်းချေ ဖျက်ဆီးခြင်းထက်ပင် ပျက်စီးအားပြင်းထန်လှသည်။ ၎င်းတို့သည် ဂျုံခင်းကို ရိတ်သိမ်းနေ သကဲ့သို့ပင် ရဲရဲနီသော သွေးရောင်စစ်မြေပြင်ကြီးမှာ တစ်စစ ပြန့်ကားသွားပြီး မရေတွက် နိုင်သော သောင်းကျန်းသူများသည် သွေးအိုင်ထဲသို့ တန်းစီလဲပြိုသွားကြတော့သည်။
“တိုက်ကြ... တိုက်ကြ... ငါတို့မှာ နောက်ဆုတ်စရာ လမ်းမရှိဘူး” သောင်းကျန်းသူ စစ်တပ်ကြီးအတွင်း၌ အချို့လူများသည် အလံများကို ဝှေ့ယမ်းရင်း အော်ဟစ်နေကြဆဲ ဖြစ်သည်။
သွေးများ ပန်းထွက်ကာ စူးစူးဝါးဝါး အော်ဟစ်သံများ အဆက်မပြတ် ထွက်ပေါ်နေသော် လည်း အချို့မှာ ဓားနယ်နိမိတ်များကို ဖြတ်ကျော်ကာ ယခုအခါ ရေတိမ်နေပြီဖြစ်သော ရေကန်ကြီးထဲသို့ ပြေးဝင်ပြီး ရုန်တောင်ကြားမြို့ငယ်လေးဆီသို့ ရူးသွပ်စွာ ဦးတည် ပြေးလွှားနေကြသည်။
၎င်းတို့သည် အရိပ်ထိုးလျက် ပျံသန်းနေသော ငန်းအုပ်ကြီးများကဲ့သို့ ကောင်းကင်သို့ ပျံတက်လိုက်၊ အောက်သို့ ထိုးဆင်းလိုက်ဖြင့် အနိမ့်ပျံသန်းကာ ပျံဝဲတိုက်ခိုက်နေကြရာ သောင်းကျန်းသူများမှာ ရုန်တောင်ကြားမြို့ငယ်လေး၏ မြို့တံတိုင်းဆီသို့ပင် မရောက်ရှိနိုင် ကြဘဲ သူတို့ဓားချက်အောက်တွင် ရက်စက်စွာ အသက်ပျောက်သွားကြရတော့သည်။
သွေးများသည် စမ်းချောင်းငယ်များပမာ စီးဆင်းကာ လယ်ကွင်းများထဲသို့ တဖြည်းဖြည်း စိမ့်ဝင်သွားပြီး တောင်ကြားစမ်းချောင်းငယ်များဆီသို့ စုဆုံသွားကြသည်။ အလောင်းများ မှာ ရေထဲသို့ တရွတ်တိုက် လိမ့်ဆင်းသွားကြပြီး အနီရောင်သွေးများဖြင့် ဆေးကြောခြင်း ခံနေရသည်။ ညဉ့်နက်မှောင်မှိုက်နေသည့်တိုင် ဤမြင်ကွင်းကြီးမှာ ကြောက်မက်ဖွယ်ရာ အလွန်တရာ တုန်လှုပ်ချောက်ချားစရာ ကောင်းလှပေသည်။
မျက်ခုံးရှည် လက်ထောက်စစ်သူကြီးက ပတဲရိုဆောသားရဲကို စီးနင်းထားသည်။
ထိုပတဲရိုဆောသားရဲသည် ၎င်း၏ အားကောင်းလှသော အတောင်ပံကြီးများကို ခတ်ထုတ် လိုက်ရာ သောင်းကျန်းသူများကို ကောင်းကင်ယံထက်သို့ မြောက်တက်သွားစေပြီး လက်ထောက်စစ်သူကြီး၏ ဓားရှည်ကမူ လျင်မြန်စွာ ပိုင်းဖြတ်သွားလျက် ၎င်းတို့ကို တစ်ယောက်ပြီးတစ်ယောက် တိကျစွာ ကွပ်မျက်နေတော့သည်။
အတိုတောင်းလှသော အချိန်ကာလအတွင်းမှာပင် မျက်ခုံးရှည်လက်ထောက်စစ်သူကြီး သည် လူပေါင်း ဒါဇင်အနည်းငယ်ခန့်ကို သတ်ဖြတ်ပြီးခဲ့ပြီ။
သူ၏ စစ်သွေးစစ်မာန်များ တောက်လောင်လာပြီး ဒေါသတကြီး ဟောက်လိုက်မိသည်။ ထို့နောက် ထွက်ပြေးရန် ကြိုးစားနေသော သောင်းကျန်းသူ အုပ်စုတစ်စုကို မြင်လိုက်ရသ ဖြင့် သူ့ပတဲရိုဆောသားရဲကို စီးနင်းကာ အမီလိုက်တော့သည်။
သူက ဓားရှည်ကို မြှောက်လိုက်ပြီး ထိုလူများကို ခုတ်ပိုင်းတော့မည့် အခိုက်အတန့်တွင် ဓားရိပ်တစ်ခုက ဖျတ်ခနဲ လင်းလက်သွားကာ သူ့ဓားရှည်ကို ရိုက်ထုတ်ပစ်လိုက်သည်။ ထို့အပြင် ထိုရုတ်တရက် ကျရောက်လာသော ဓားချက်ကြောင့် ပတဲရိုဆောသားရဲပင် ထိတ်လန့်သွားပြီး အတောင်ပံများကို ရူးသွပ်စွာ ခတ်ထုတ်ရင်း မြေပြင်ပေါ်သို့ လုလုနီးပါး ကျလုမတတ် ဖြစ်သွားခဲ့ရသည်။
“ဓားနယ်နိမိတ်ရဲ့ အပြင်ဘက် နောက်ဆုတ်သွားတဲ့သူတွေကို ငါ့ရဲ့ အရပ်သားပြည်သူတွေ အဖြစ် သတ်မှတ်မယ်” လီယွင်ဇီ၏ အသံက အထက်ကောင်းကင်ယံမှ ကျဆင်းလာခဲ့ သည်။
မျက်ခုံးရှည် လက်ထောက်စစ်သူကြီးသည် ခဏမျှ တုန့်ဆိုင်းသွားပြီး စိတ်အနှောင့်အယှက် ဖြစ်မှုနှင့် ဇဝေဇဝါဖြစ်မှုတို့ ရောပြွမ်းနေသော်လည်း ဓားနယ်နိမိတ် အပိုင်းအခြား၏ အပြင် ဘက်သို့မူ ဆက်လက် လိုက်လံတိုက်ခိုက်ရန် မဝံ့ရဲတော့ချေ။
ပျံသန်းရေးငှက်တပ်ဖွဲ့သည် အနှိုင်းမဲ့ တိုက်ခိုက်ရေးစွမ်းရည်ကို ပိုင်ဆိုင်ထားကြသည်။ သောင်းနဲ့ချီသည့် သောင်းကျန်းသူများသည် ၎င်းတို့ကို မည်သို့မျှ မယှဉ်နိုင်ဘဲ ဓား နယ်နိမိတ်ကို ဖြတ်ကျော်လာသူမှန်သမျှမှာ အစုလိုက်အပြုံလိုက် ကွပ်မျက်ခြင်းကိုသာ ခံကြရသည်။
အလောင်းကောင်များသည် ရေကန်ထဲတွင် ပုံကျနေပြီး လယ်ကွင်းများတွင်လည်း လဲပြို သေဆုံးနေကြသူများဖြင့် ပြည့်နှက်နေ၏။ လီယွင်ဇီက ဤအရာအားလုံးကို အေးစက်စက် အမူအရာဖြင့် မလှုပ်မယှက် စောင့်ကြည့်နေပြီး ဓားနယ်နိမိတ်ကို ဖြတ်ကျော်လာသူ မှန်သမျှကို သတ်ဖြတ်ရန်သာ အမိန့်ပေးထားသည်။
“နောက်ဆုတ်ကြ... ပြန်လှည့်သွားရင် မင်းတို့ အသက်ရှင်နိုင်မယ်”
“ကျွန်တော့်ကို မသတ်ပါနဲ့... ကျွန်တော် မသေချင်သေးဘူး...”
လီယွင်ဇီ၏ စကားလုံးများက မျက်ခုံးရှည်လက်ထောက်စစ်သူကြီး တစ်ဦးတည်းအတွက် မဟုတ်ပေ။ သွေးအိုင်ထဲတွင် ရုန်းကန်နေရသော သောင်းကျန်းသူများလည်း ကြားသိကြရ သည်။ အင်အားချင်း အလွန်အမင်း ကွာခြားလှသောအခါ မိမိအသက်ကို မနှမြောသူဟူ၍ မရှိချေ။ သူတို့သည် နောက်ဆုတ်ကုန်ကြပြီး အနောက်ဘက်သို့ ထွက်ပြေးကုန်ကြ တော့ သည်...
အမှန်ပင်... သူတို့သည် ဓားနယ်နိမိတ် အပိုင်းအခြား၏ အပြင်ဘက်သို့ နောက်ဆုတ်သွား သရွေ့ ပျံသန်းရေးငှက်တပ်ဖွဲ့သည် မည်သည့်အခါမျှ လိုက်လံတိုက်ခိုက်ခြင်း မရှိချေ။ သူတို့သည် သေမင်းတံခါးဝမှ ဖြတ်သန်းလာခဲ့ရသကဲ့သို့ စိတ်နှလုံး မတည်မငြိမ် ဖြစ်နေကြ ရသည်။
စစ်မြေပြင်တွင် ရဲရဲဝံ့ဝံ့ ရှေ့သို့ တိုးဝင်နေသူများသည် တစ်ခါတစ်ရံတွင် စစ်သွေးစစ်မာန် များကြောင့် မျက်စိကွယ်ကာ အရာအားလုံးကို ဂရုမစိုက်ဘဲ နေတတ်ကြသော်လည်း၊ မိမိတို့ဘေးနားရှိ လူများ တစ်ယောက်ပြီးတစ်ယောက် သေဆုံးသွားသည်ကို မြင်တွေ့ရ သောအခါတွင်မူ ကြောက်ရွံ့စိတ်နှင့် ရှင်သန်လိုစိတ်တို့က ၎င်းတို့ကို သတိပြန်ဝင်လာစေ တော့သည်။
“ကျန်းထော်...” လီယွင်ဇီက သောင်းကျန်းသူစစ်တပ်၏ ခေါင်းဆောင်တစ်ဦး၏ အမည်ကို ထပ်မံ၍ ခေါ်ဆိုလိုက်သည်။
သောင်းကျန်းသူစစ်တပ်အတွင်း၌ အလွန်တရာ နွမ်းနယ်ခြောက်ကပ်နေသော မျက်နှာရှိ သည့် ခေါင်းဆောင်တစ်ဦးသည် ရှုပ်ထွေးသော အမူအရာ ဖြစ်သွားခဲ့ရသည်။
သူသည် နေနှင့်လကဲ့သို့ လင်းလက်တောက်ပပြီး လှပနေသော လီယွင်ဇီကို မော့ကြည့် လိုက်ပြီး ပြန်လည်ထူးရမည်လော၊ မထူးရမည်လော မဝေခွဲနိုင် ဖြစ်နေသည်။
“သူတို့ကို ပြောလိုက်ပါ... လက်နက်တွေကို ချလိုက်ရင် ငါသူတို့ကို ဒီဆောင်းရာသီကို ဖြတ်ကျော်နိုင်အောင် လုပ်ပေးမယ်။ ဒါပေမဲ့ ဆူပူသောင်းကျန်းသူအဖြစ် ဆက်လက် ရွေးချယ်မယ်ဆိုရင်တော့... သူတို့ ဒီညကို ဖြတ်ကျော်ပြီး အသက်ရှင်နိုင်မှာ မဟုတ်ဘူး” လီယွင်ဇီက ဆိုလိုက်သည်။
“ကျွန်တော် ဧကရီဘုရင်မရဲ့ ကတိသစ္စာကို ယုံကြည်ပါတယ်။ ဒါပေမဲ့ ကျွန်တော်နဲ့အတူ သေတပန်သက်ဆုံး လိုက်ပါလာခဲ့တဲ့ ညီနောင်တွေကို ဘယ်လိုရှင်းပြရမလဲ။ ဧကရီက ဘိုးဘေးနဂါး မြို့တော်ကို ကိုယ်စားပြုနေတာ... ကျွန်တော်တို့ရဲ့ မြို့သခင် မဟုတ်တော့ ဘူးလေ။ ကျွန်တော့်ရဲ့ အနောက်မှာ အစာရေစာမရှိ၊ ဝါဂွမ်းအဝတ်အထည်တစ်ထည် တောင် မရှိတဲ့ ကျွန်တော့်ရဲ့ ပြည်သူလူထု သောင်းနဲ့ချီပြီး ရှိနေတာ။ တကယ်လို့ ဧကရီက ဝူထူပြည်သူတွေကို တကယ်ပဲ သနားညှာတာတယ်ဆိုရင်... ကျွန်တော်တို့ကို ရှင်သန်ခွင့် လမ်းစလေးတစ်ခု ပေးသနားပါ။ ကျွန်တော်တို့ အငတ်ငတ်အပြတ်ပြတ်ဖြစ်ပြီး အေးခဲ သေဆုံးရရင်တောင်... ဧကရီအုပ်ချုပ်တဲ့ ဘယ်မြို့ကိုမှ ဘယ်တော့မှ မဖောက်ဖျက် မကျူးလွန်ပါဘူး” ခေါင်းဆောင် ကျန်းထော်က မျက်ဝန်းထဲတွင် မျှော်လင့်ချက်မဲ့မှုများ ပြည့်နှက်လျက် ပြောကြားလိုက်သည်။
“ဒါက ငါမင်းတို့ကို ပေးတဲ့ ရှင်သန်ခြင်း လမ်းစပဲ” လီယွင်ဇီကဆိုရင်း သူမ ဘယ်လက်ကို ဆန့်ထုတ်လိုက်သည်။
ရုတ်တရက်... သူမက ဘယ်ဘက်လက်ဖြင့် သူမဓားသွားကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်လိုက်ပြီး နက်ရှိုင်းစွာ ဆွဲဖြတ်ကာ သူမလက်ဖဝါးကို လှီးဖြတ်ပစ်လိုက်သည်။
ရဲရဲနီသော သွေးများ ပန်းထွက်လာပြီး ငွေရောင်ဓားသွားတစ်လျှောက် စီးဆင်းသွားကာ လီယွင်ဇီ၏ လက်ချောင်းထိပ်ဖျားများမှတစ်ဆင့် မြေပြင်ပေါ်သို့ စီးဆင်းကျဆင်းသွားတော့ သည်။
“ဒါက ဘယ်လို ကတိကဝတ်မျိုးလဲ” ကျန်ထော်က အော်ဟစ်လိုက်သည်။
သွေးများက ပျစ်ခဲနေပြီး သွေးနီရောင် အမျှင်တန်းတစ်ခုအဖြစ် မြေပြင်ပေါ်သို့ တောက် လျှောက် စီးကျနေသည်။
လီယွင်ဇီက သူမလက်ဖဝါးကို အောက်သို့ မှောက်ထားရုံမျှသာ ပြုလုပ်ထားပြီး သွေးများကို တားဆီးခြင်းမရှိဘဲ ဆက်တိုက် စီးကျနေခွင့် ပြုထားလေသည်။
“ငါ ရိက္ခာတွေနဲ့ အဝတ်အထည်တွေ ပြင်ဆင်ပြီးပြီ၊ အခု လမ်းခရီးမှာ ရောက်နေပြီဖြစ်လို့ မင်းတို့ ဆောင်းရာသီကို ဖြတ်ကျော်ဖို့ လုံလောက်ပါတယ်။”
“ဒီသွေးသစ္စာအရ... တကယ်လို့ ငါ့သွေးတွေ ခန်းခြောက်မသွားခင်မှာ ဒီပစ္စည်းတွေ ရောက် မလာခဲ့ဘူးဆိုရင်... ငါလီယွင်ဇီရဲ့ အသက်ကို မင်းတို့အတွက် ယဇ်ပူဇော်မှုအဖြစ် ပေးဆပ် မယ်။”
သောင်းကျန်းသူစစ်တပ်၏ ခေါင်းဆောင် ကျန်ထော်သည် တစ်ခဏမျှ ဆွံ့အမှင်တက်သွား ပြီး အချိန်အတော်ကြာအောင် မည်သို့မျှ ပြန်လည် မပြောနိုင်တော့ချေ။
ပျံသန်းရေးငှက်တပ်ဖွဲ့မှ စစ်သည်များလည်း အလားတူပင် တုန်လှုပ်ခြောက်ခြားသွားကြ ၏။ ဤဆူပူသောင်းကျန်းသူ လူရိုင်းအားလုံးကို မည်သည့်သဲလွန်စမျှ မကျန်ရစ်စေဘဲ အပြတ်အသတ် သတ်ဖြတ်ပစ်နိုင်ပါလျက်နှင့် လီယွင်ဇီက အဘယ်ကြောင့် ဤကဲ့သို့ ပြုလုပ်ရသည်ကို ၎င်းတို့ လုံးဝ နားမလည်နိုင်ကြချေ။
“တူရွင်းတစ်ပြား ကိုင်ထားရုံနဲ့ အသက်ရှင်နိုင်မယ်ဆိုရင်... ကျွန်တော်တို့ ဘာလို့ လက်နက် တွေ ကိုင်စွဲကြပါ့မလဲ” ကျန်းထော်က ဆိုလိုက်သည်။
ကျန်းထော်၏ စကားလုံးများက လက်ရှိကြုံတွေ့နေရသော အခြေအနေဆိုးကြီးထဲတွင် ဝူထူပြည်သူများ၏ ကူရာကယ်ရာမဲ့မူနှင့် မျှော်လင့်ချက်မဲ့ စိတ်ပျက်အားငယ်မှုတို့ကို အထင်းသား ဖော်ပြနေပေသည်။
သူက သူ့နောက်သို့ ပြန်လှည့်ကြည့်လိုက်ရာ နောက်ဆုတ်စရာ လမ်းမရှိသော ပြည်သူများ သည် ထိုနေရာတွင် စုဝေးနေကြဆဲပင် ဖြစ်သည်။ ၎င်းတို့ထဲမှ အများစုမှာ ထုံထိုင်းနေကြ ပြီး ရက်စက်လှသော ကောင်းကင်ဘုံ၏ နှိပ်စက်ညှဉ်းပန်းမှုကို အလွန်အမင်း ခံစားခဲ့ကြရ သဖြင့် နောက်ထပ် စဉ်းစားတွေးခေါ်နိုင်စွမ်း မရှိကြတော့ဘဲ မွေးရာပါ ပင်ကိုယ်သိစိတ် သက်သက်ဖြင့်သာ အသက်ရှင်သန်နေကြခြင်း ဖြစ်သည်။
ထို့အပြင် ယခုအချိန်တွင် သူမြင်တွေ့နေရသည်မှာ ယောကျာ်းရင့်မကြီးများသာ အများစု ဖြစ်သော်လည်း...
ဆောင်းရာသီ ရောက်ရှိလာသည့်အခါတွင်မူ အမျိုးသမီးများနှင့် သက်ကြီးရွယ်အိုများ၏ ပုံရိပ်များသည်လည်း စစ်တပ်ထဲသို့ ပူးပေါင်းပါဝင်လာကြလိမ့်မည် ဖြစ်သည်။
ထို့ပြင် ပြင်းထန်လွန်းသော ဆောင်းရာသီနှင့်အတူ ကလေးငယ်များပင် ပူးပေါင်းပါဝင်လာ ကြမည်ဖြစ်ကာ ၎င်းတို့၏ နုနယ်လှသော ပုံရိပ်များသည် စစ်မြေပြင်ထက်တွင် ရှိနေကြ လိမ့်မည်။ ၎င်းတို့၏ ဖြူစင်မှုများကို နဂိုအတိုင်း ထိန်းသိမ်းထားသင့်သော်လည်း ယခုအခါ တွင်မူ အအေးဒဏ်နှင့် ငတ်မွတ်မှုဒဏ်တို့ကြောင့် ထုံထိုင်းသွားကြပြီး သားရဲတိရစ္ဆာန်များ အဖြစ်သို့ ပြောင်းလဲသွားကြရပေမည်။
ကောင်းကင်ဘုံ၏ မတရားမှုကို နာကျည်းရမည်လော။
သို့မဟုတ် ဤကမ္ဘာလောကကြီး၏ ရက်စက်မှုကို မြည်တမ်းရမည်လော။
ကျန်းထော်က ခေါင်းကို ထပ်မံမော့လိုက်ပြီး ထိုမြင့်မာသော ပုံရိပ်ကို လှမ်းကြည့်လိုက်၏။
သူမ၏ သွေးများက စီးကျနေဆဲဖြစ်ကာ ပွင့်ထွက်သွားသော ဒဏ်ရာမှာ ဆေးဝါးများ လိမ်းကျံခြင်းမရှိဘဲ မည်သည့်အခါမျှ သွေးတိတ်သွားလိမ့်မည် မဟုတ်ချေ။
ဝူထူပြည်သူများသည် သူမကို မှတ်မိကြသည်။ ဝူထူကိုးမြို့တော်၏ မည်သည့်မြို့ထဲသို့မဆို ခြေလှမ်းလှမ်းလိုက်သည်နှင့် ဗဟိုချက်မတွင် မြင့်မားစွာ စိုက်ထူထားသော ရုပ်တုကြီးကို အကြည့်တစ်ချက်ဖြင့် မြင်တွေ့နိုင်ကာ ဖြူစင်ပြီး ဂုဏ်ယူဝင့်ကြွားစွာ တည်ရှိနေပေသည်။ အများစုမှာ ပထမဆုံးအကြိမ် မြင်တွေ့ရချိန်တွင် သူမသည် မည်မျှအံ့ဩဖွယ်ရာ ကောင်းလှ ကြောင်း ချီးကျူးကြသော်လည်း... သူမသည် မည်သည့်အခါမျှ ကောင်းမွန်သောအရာကို ကိုယ်စားပြုခဲ့ခြင်း မရှိခဲ့ချေ။
ယခုအခါတွင်မူ သူတို့သည် ရုပ်တု၏ မူလရုပ်သွင်စစ်စစ်ကို မြင်တွေ့လိုက်ရပြီ ဖြစ်သည်။ သူမသည် အသွေးနှင့် အသားနှင့်ရှိသော လူသားတစ်ယောက်ပင် ဖြစ်ပေသည်။
“ပျံသန်းရေးငှက်တပ်ဖွဲ့... ရုန်တော်မြို့ငယ်လေးဆီကို နောက်ဆုတ်ကြ” လီယွင်ဇီက အမိန့်ပေးလိုက်သည်။
“ဧကရီ...”
“နောက်ဆုတ်စမ်း” လီယွင်ဇီက ဒေါသတကြီး အော်ဟစ်လိုက်သည်။
စစ်အမိန့်က တောင်တန်းကြီးများကဲ့သို့ လေးနက်လှသဖြင့် လက်ထောက် စစ်သူကြီးနှစ်ဦး မှာ နောက်ထပ် တုန့်ဆိုင်းမနေဝံ့ကြတော့ချေ။
“ဆုတ်ခွာကြ”
“ဆုတ်ခွာကြ”
ပျံသန်းရေးငှက်တပ်ဖွဲ့သည် ကောင်းစွာလေ့ကျင့်ထားသော တပ်ဖွဲ့ဖြစ်သည့်အတွက် လက်ထောက် စစ်သူကြီးနှစ်ဦး၏ နောက်မှ လိုက်ပါလျက် ၎င်းတို့၏ ပျံသန်းနိုင်သော သားရဲများကို စီးနင်းကာ ရုန်တော်ကြားမြို့ငယ်လေးဆီသို့ ပြန်လည်ဆုတ်ခွာသွားကြတော့ သည်။ ထိုအမှောင်ရိပ်ကြီးများက ဟောင်းလောင်းဖြစ်နေသော ရေကန်ကြီးကို လျင်မြန်စွာ ဖြတ်သန်းသွားကြပြီး ရုန်တောင်ကြားမြို့ငယ်လေး၏ မြို့တံတိုင်းများကို ကျော်လွန်ပျံသန်း သွားကြလေသည်။
တစ်ခဏအတွင်းမှာပင် တောင်ကြားလမ်းတစ်ခုလုံးတွင် လီယွင်ဇီတစ်ဦးတည်းသာ အထီးကျန်စွာဖြင့် မတ်မတ်ရပ်လျက် ကျန်ရစ်ခဲ့တော့သည်။
သူမအရှေ့တွင်မူ ကောင်းကင်ဘုံ၏ စွန့်ပစ်ခြင်းကို ခံထားရပြီး အအေးဒဏ်နှင့် ငတ်မွတ်မှု ဒဏ်တို့ကြောင့် မျှော်လင့်ချက်မဲ့နေကြသော ဆူပူသောင်းကျန်းသူ စစ်တပ်ကြီး၏ လူအုပ်ကြီး ရှိနေသည်။
သူမ၏နောက်တွင်မူ စစ်သည်တစ်ယောက်မျှ ကျန်ရစ်ခြင်း မရှိတော့ချေ။
သွေးစက်များက တစ်စက်ပြီးတစ်စက် လိမ့်ဆင်းကျနေပြီး ညကောင်းကင်ယံကြီးမှာ တိတ်ဆိတ်သွားသယောင် ထင်မှတ်ရပေသည်။
မည်သူတစ်ဦးတစ်ယောက်မျှ ဓားနယ်နိမိတ်ဆီသို့ ခြေလှမ်းမလှမ်းဝံ့ကြတော့ချေ။ လူအုပ် ကြီး၏ ထုံထိုင်းနေသော အကြည့်များထဲတွင် နောက်ဆုံး၌ အာရုံစိုက်မှုတစ်ခု ပေါ်ပေါက် လာခဲ့ပြီ ဖြစ်သည်။ သူတို့သည် ကောင်းကင်ယံကို မျက်နှာမူကာ ဂုဏ်ယူဝင့်ကြွားစွာ ရပ်တည်နေသော ထိုအမျိုးသမီးကို ငေးကြည့်နေကြပြီး သူမ၏ အသက်စွမ်းအင်များ တဖြည်းဖြည်း ခန်းခြောက်သွားသည်ကို စောင့်ကြည့်နေကြတော့သည်...
“ကျွန်တော်တို့အားလုံးက သာမန်လူသားတွေပဲ... ဒါပေမဲ့ ဧကရီဘုရင်မကတော့ နတ်သမီး တစ်ပါးပဲဗျာ” မြို့တံတိုင်းထက်မှ ကျိန်းယွီက အံ့အားသင့်တုန်လှုပ်စွာဖြင့် မချီးကျူးဘဲ မနေနိုင်တော့ချေ။
ဧကရီဘုရင်မ ရောက်ရှိလာပြီး စစ်အမိန့်ပေးတံဆိပ်ပြားကို ကိုင်စွဲထားသည့်အတွက် ဘိုးဘေးနဂါးမြို့တော်၏ အရှေ့ဘက်ရှိ လျှို့ဝှက်အန္တရာယ်ဆိုးကြီးကို အမြစ်ပြတ်ချေမှုန်း ပြီး သွေးချောင်းစီးအောင် သတ်ဖြတ်လိမ့်မည်ဟု သူတို့ ထင်မှတ်ခဲ့ကြသည်။
သို့သော် ကျိန်းယွီ လုံးဝ မှားယွင်းသွားခဲ့ပြီ ဖြစ်သည်။
သူ့ဘေးနားရှိ ကျူးမင်လန်၏ အကြည့်များက လီယွင်ဇီထံမှ လုံးဝ ရွေ့လျားသွားနိုင်ခြင်း မရှိတော့ဘဲ သူမမျက်နှာပြင်မှာ တစ်စစ ပိုမိုဖြူဖျော့လာသည်ကိုလည်းကောင်း၊ သူမ၏ ဘယ်ဘက်လက်ဖဝါးမှာ အနည်းငယ် တုန်ယင်လာသည်ကိုလည်းကောင်း စိုးရိမ်တကြီး စောင့်ကြည့်နေမိသည်။
ထိုအခိုက်အတန့်တွင် ကျူးမင်လန်သည် အလွန်တရာ အရေးကြီးလှသော အရာတစ်ခုကို ရုတ်တရက် သတိရသွားခဲ့သည်။
ရန်ရှို့လက်ထဲတွင် ကိုင်ဆောင်ထားသော ထိုနယ်မြေပေးအပ်သည့် စာချုပ်... ထိုစာချုပ် ပေါ်တွင် လီယွင်ဇီ ရေးသားခဲ့သောအရာသည် မည်သည့်မြို့ပြ၏ အမည်နာမမျှ မဟုတ်ခဲ့ ချေ၊ လင်ရှောင်းမြို့တော်၏ ချမ်းသာကြွယ်ဝသော မည်သည့်မြို့တော်၏ အမည်မျှလည်း မဟုတ်ခဲ့ချေ။
၎င်းမှာ ရိက္ခာ ဆန်ရေစပါးနှင့် အဝတ်အထည်များ ဖြစ်ပေသည်။.
၎င်းသည် ဝူထူမြေပြင်တစ်ခုလုံး၏ ဆင်းရဲဒုက္ခကို ကယ်တင်ပေးနိုင်မည့်အရာ ဖြစ်သည်။
မျှော်လင့်ချက်မဲ့နေသော ဤပြည်သူလူထုကြီးကို ဤဆောင်းရာသီအတွင်း ဘေးကင်း လုံခြုံစွာ ဖြတ်ကျော်သွားနိုင်စေမည့်အရာ... ရိက္ခာနှင့် အဝတ်အထည်များ ဖြစ်ပေသည်။
သူမသတ်ဖြတ်ရန် အမိန့်ပေးခဲ့စဉ်တုန်းက ဓားနယ်နိမိတ် အပိုင်းအခြားကို ဖြတ်ကျော်လာ ခဲ့ကြသော သောင်းကျန်းသူ စစ်သည်များအပေါ် မည်သည့် သနားညှာတာမှုနှင့် ကရုဏာ တရား အနည်းငယ်မျှ ရှိမနေခဲ့ချေ။ ထိုအခိုက်အတန့်တွင် လီယွင်ဇီသည် အလွန်တရာ အေးစက်ပြီး သွေးအေးရက်စက်သူတစ်ဦးအလား ထင်မှတ်ခဲ့ရသည်။
သို့သော်လည်း သူမသည် ကိုယ့်လက်ဖဝါးကို ဓားဖြင့်လှီးဖြတ်ကာ ရုန်တောင်ကြား မြို့ငယ် လေး၏ ပြည်သူများအတွက်၊ ဝူထူပြည်သူများအတွက် သွေးစက်များ ကျဆင်းစေလျက် ၎င်းတို့အတွက် ရှင်သန်ခြင်းလမ်းစကို ရှာဖွေပေးနေချိန်တွင်မူ... လီယွင်ဇီသည် လူသား အားလုံး ဆင်းရဲဒုက္ခရောက်နေသည်ကို လုံးဝမမြင်တွေ့လိုသည့်အတွက် ကမ္ဘာမြေပေါ်သို့ ဆင်းသက်လာသည့် နတ်သမီးတစ်ပါးနှင့် အလားတူနေတော့သည်။
ထို့ကြောင့်ပင်... သူသည် သူမ၏ ကြည်လင်သော မျက်ဝန်းအစုံထဲမှ အတွေးစများကို မည်သည့်အခါမျှ ရိပ်မိနိုင်ခြင်း မရှိခဲ့ခြင်း ဖြစ်သည်။ သူမသည် အမှန်တကယ်ပင် ဤကမ္ဘာလောကဝယ် အနှိုင်းမဲ့ မိန်းမသားတစ်ဦး ဖြစ်ပေတော့သည်။