← Chapters

အခန်း (၄၃-၄၄)

Vol. 5 Ch. 43-44

အခန်း (၄၃-၄၄)

Vol. 5 Ch. 43-44

အခန်း (၄၃) ဆန်ပြုတ်တိုက်ကျွေးခြင်း။

မိုးပြာရောင် ကောင်းကင်ကြီးက သတိမထားမိလိုက်ပါဘဲ အရောင်အသွေး ပြောင်းလဲသွား ခဲ့ပြီး ကျောက်စိမ်းရတနာကဲ့သို့ တစ်စစ တောက်ပလာခဲ့သည်။ ဖြူစင်သန့်ရှင်းသော အလင်းတန်းများက ဒုံးရွှီခံတပ်မြို့ တည်ရှိရာ မိုးကုတ်စက်ဝိုင်းဆီမှ ဖြာထွက်လာပြီး မြေပြင်၏ ပုံသဏ္ဌာန်ကို တဖြည်းဖြည်း ထင်ရှားပေါ်လွင်စေကာ ညဉ့်နက်ပိုင်း၏ ကန့်လန့် ကာကို ညင်သာစွာ ဖယ်ခွာပေးနေတော့သည်။

ကြယ်တာရာများက ချက်ချင်း ပျောက်ကွယ်သွားခြင်း မရှိသေးဘဲ ကြည်လင်သော ကောင်းကင်ပြင်တွင် ပန်းရောင်၊ မိုးပြာရောင်၊ နက်ပြာရောင်နှင့် ကျောက်စိမ်းဖြူရောင် အဆင်းများဖြင့် စီခြယ်လျက် ရှိနေကြဆဲပင်။ အရုဏ်ဦးအချိန် နီးကပ်လာသည်နှင့်အမျှ မှုန်ပျပျလင်းထိန်နေသော ဤကမ္ဘာလောကကြီးတွင် ကြယ်တာရာ ကောင်းကင်ယံကြီး သည် အခြားတစ်ဖက်မှလည်း ဆန်းကြယ်လှပနေကာ အရောင်အသွေး စုံလင်သော မြင်ကွင်းတစ်ခုကို ဖော်ဆောင်နေပေသည်။

လီယွင်ဇီက သွေးတိတ်အောင် မပြုလုပ်ရသေးသဖြင့် သူမလက်ဖဝါးမှ သွေးစက်များသည် မြေပြင်ပေါ်သို့ ဆက်တိုက် စီးကျနေဆဲ ဖြစ်သည်။

သူမ တစ်စုံတစ်ခုကို ကြားလိုက်ရပုံပေါ်ပြီး မျက်နှာကို ဖြည်းညှင်းစွာ လွှဲကာ အနောက် ဘက်ဆီသို့ အကြည့်ကို ပို့ထားလိုက်သည်။ ထိုအရပ်မျက်နှာရှိ အမှောင်ထုအောက်တွင် ကွယ်ပျောက်နေသော တောင်တန်းကြီးများကို စူးစိုက်ကြည့်ရှုနေမိသည်။

ရုတ်တရက်... တောင်တန်းများ၏ ထိပ်တွင် အမည်းရောင် ငန်းအုပ်ကြီးများကဲ့သို့ ပုံရိပ်များ တစ်ခုပြီးတစ်ခု ပေါ်ထွက်လာခဲ့သည်။

ဤအမည်းရောင် ငန်းအုပ်ကြီးသဖွယ် တန်းစီလျက် ရှိနေကြသော အုပ်စုသည် အရုဏ်ဦး၏ ကန့်လန့်ကာကို ဖြတ်သန်းလာခဲ့ကြ၏။ ၎င်းတို့သည် ညဉ့်အမှောင်ထုထဲမှ နေ့အလင်း ရောင်ထဲသို့ ပျံသန်းလာကြပုံရပြီး သတ်ဖြတ်ခြင်း အရှိန်အဝါများ အနည်းငယ်မျှပင် မရှိဘဲ ရုန်တောင်ကြားမြို့ငယ်လေးဆီသို့ ဦးတည်ချီတက်လာကြသည်။

၎င်းတို့ကား လီယွင်ဇီက အနောက်ဘက်ဒေသသို့ ပြန်လည်စေလွှတ်ခဲ့သော ပျံသန်းရေး ငှက်တပ်ဖွဲ့၏ တစ်ဝက်ဖြစ်ပြီး စစ်သူကြီးကိုယ်တိုင် ဦးဆောင်လာခြင်း ဖြစ်သည်။ သူသည် နဂါးတစ်ပိုင်းငှက်ပျံ အားလုံးကို ရုန်တောင်ကြားမြို့ငယ်လေးသို့ ခေါ်ဆောင်လာခဲ့ပြီး လီယွင်ဇီ၏ အလိုဆန္ဒအတိုင်း ရိက္ခာနှင့် အထောက်အပံ့ ပစ္စည်းအားလုံးကို သယ်ဆောင် လာခဲ့ခြင်း ဖြစ်ပေသည်။

ထိုအထောက်အပံ့ ပစ္စည်းများသည် မျက်စိတစ်မှိတ်အတွင်းမှာပင် တောင်ပုံရာပုံ ဖြစ်သွား ခဲ့ပြီး ချက်ပြုတ်ရန် အသင့်ဖြစ်နေသော ဆန်စပါးများက အိတ်ခွံများ၏ အက်ကြောင်းများ မှတစ်ဆင့် ပြည့်လျှံထွက်နေကာ မြေပြင်ပေါ်သို့ ပြန့်ကျဲသွားကြသည်။ နံနက်ခင်း အရုဏ်ဦး အလင်းရောင်အောက်တွင် ၎င်းတို့၏ တောက်ပမှုမှာ ရွှေတုံးရွှေခဲများထက်ပင် ပိုမို ဝင်းပနေတော့သည်။

ဤနဂါးတစ်ပိုင်းငှက်ပျံများ ပေါ်လာသည့် အခိုက်အတန့်တွင် ဆူပူသောင်းကျန်းသူ စစ်တပ် ကြီးမှာ အနည်းငယ် တုန်လှုပ်ခြောက်ခြားသွားခဲ့ကြသည်။ အထူးသဖြင့် ခေါင်းဆောင် ကျန်းထော်ဖြစ်ပြီး၊ သူမျက်နှာပြင်မှာ တင်းမာခြောက်သွေ့နေကာ သူ့အရေပြားပေါ်တွင် အက်ကြောင်းများပင် ထင်ကျန်နေခဲ့သည်။

သို့သော်လည်း နဂါးတစ်ပိုင်းငှက်ပျံများသည် လီယွင်ဇီ ပြောခဲ့သည့်အတိုင်း အစာရေစာနှင့် အဝတ်အထည်များကို အမှန်တကယ် သယ်ဆောင်လာသည်ကို မြင်လိုက်ရသောအခါ ကျန်းထော်၏ မျက်နှာမှာ အနည်းငယ် တုန်ယင်သွားခဲ့ရသည်။ ခဏမျှ ကြာပြီးနောက်... ခန်းခြောက်သွားပြီဟု ထင်မှတ်ထားခဲ့သော မျက်ရည်များက ဝန်းခနဲ ဝဲတက်လာခဲ့ပြီး မည်သို့မျှ သုတ်ပစ်၍ မရနိုင်တော့ချေ။

“ရုန်တောင်ကြားမြို့ငယ်လေးရဲ့ မြို့သခင်က ဒါတွေကို မင်းတို့ဆီ ဖြန့်ဝေပေးလိမ့်မယ်။ ကျန်းထော်... မင်းလည်း သူ့ကို ကူညီပေးလိုက်ပါဦး” လီယွင်ဇီက ကျန်းထော်ကို နူးညံ့စွာ ပြုံးပြရင်း ဆိုလိုက်သည်။

“ဒီဓားဒဏ်ရာက...” ကျန်းထော်က စိုးရိမ်တုန့်ဆိုင်းစွာ မေးလိုက်သည်။

“မင်းတို့ လက်နက်တွေကို ချလိုက်တဲ့အချိန်ကစပြီး မင်းတို့ဟာ ငါ့ရဲ့ အရပ်သားပြည်သူ တွေ ဖြစ်သွားကြပြီ။ ဘိုးဘေးနဂါးမြို့တော်ရဲ့ နယ်နိမိတ်အတွင်းမှာ မင်းတို့တွေ လက်နက် မပါဘဲ လွတ်လပ်စွာ သွားလာနိုင်ပါတယ်” လီယွင်ဇီက ပြန်လည်ဖြေကြားခဲ့သည်။

“ကျေးဇူးကြီးလှပါတယ် ဧကရီအရှင်မ... သာမန်ပြည်သူတွေအပေါ် ထားရှိတဲ့ အရှင်မရဲ့ ကရုဏာတရားအတွက် ကျေးဇူးတင်ရှိပါတယ်” ကျန်းထော်က မြေပြင်ပေါ်တွင် ဒူးထောက် လိုက်ပြီး လီယွင်ဇီထံသို့ အထပ်ထပ်အခါခါ ဦးညွှတ်ဂါရဝပြု ကျေးဇူးတင်စကား ဆိုတော့ သည်။

ရုန်တောင်ကြားမြို့ငယ်လေးအတွင်းရှိ မြို့သူမြို့သား အရေအတွက်မှာလည်း နည်းပါးလှ သည် မဟုတ်ပေ။

ဆူပူသောင်းကျန်းသူ စစ်တပ်ကြီး ပေါ်ပေါက်လာကတည်းက ၎င်းတို့သည် ထိတ်လန့် ခြောက်ခြားစွာ နှိပ်စက်ခံခဲ့ကြရသည်။ အဘယ်ကြောင့်ဆိုသော် ဤမျှ ဒုက္ခရောက်နေပြီး တိရစ္ဆာန်များနှင့်မခြား ရူးသွပ်နေသော သောင်းကျန်းသူများက သူတို့ပိုင်ဆိုင်သမျှ အရာ အားလုံးကို လုယက်ဖျက်ဆီးပစ်လိမ့်မည်ဟု သိထားကြသောကြောင့် ဖြစ်သည်။

သို့သော်လည်း ယခုအခါတွင်မူ မြို့တံခါးကြီးများကို အကျယ်ကြီး ဖွင့်လှစ်ထားသော်လည်း အင်အားကြီးမားလှသော သောင်းကျန်းသူ စစ်တပ်ကြီးသည် မြို့ထဲသို့ ခြေတစ်လှမ်းမျှ တက်မလာခဲ့ကြချေ။ သူတို့သည် မြို့တံတိုင်းကြီး၏ အရှေ့တွင် ဆောင်းရာသီကို ဖြတ်ကျော်နိုင်မည့် အထောက်အပံ့ ပစ္စည်းများကို စနစ်တကျ တန်းစီလျက် စုဆောင်းနေ ကြရုံသာ ရှိတော့သည်။

ရှေးဟောင်း လမ်းမကြီးများပေါ်တွင် ပြည်သူများက တင်းကျပ်စွာ ပိတ်ထားသော သူတို့၏ နေအိမ်များထဲမှ တစ်ယောက်ပြီးတစ်ယောက် ထွက်ပေါ်လာကြသည်။ ကလေးငယ်များကို လက်ဆွဲထားသော အမျိုးသမီးများလည်း ပါဝင်ပြီး သူမတို့သည် ကြောက်ရွံ့စိတ်၊ စူးစမ်းလို စိတ်တို့ ရောပြွမ်းလျက် အဝေးမှနေ၍ လှမ်းမျှော်ကြည့်ရှုနေကြ၏။

“မေမေ... မေမေ ဘာလို့ ညာပြောတာလဲဟင်။ သူတို့မှာ စွယ်ကြီးတွေလည်း မပါပါဘူး” ဆံပင်နှစ်ဖက် ဆံကျစ်မြီးကျစ်ထားသော လေးနှစ်အရွယ် မိန်းကလေးငယ်လေးက သူမ၏ မိခင်ဖြစ်သူကို ကလေးအသံလေးဖြင့် မေးမြန်းလိုက်သည်။

မိန်းကလေးငယ်၏ မိခင်မှာ သိသိသာသာပင် မျက်နှာပူသွားခဲ့ရပြီး မည်သို့ပြန်လည် ဖြေကြားရမှန်း မသိ ဖြစ်သွားခဲ့ရသည်။

မြို့သခင်၏ စံအိမ်တော်အတွင်း... ပြာလဲ့လဲ့ အုတ်ခဲအချို့၊ မီးခိုးရောင် အမိုးပြားအချို့နှင့် စိုစွတ်နေသော ခြံဝန်းအတွင်းတွင် ဇီးပန်းများ ဝေဆာစွာ ပွင့်လန်းနေကြသည်။ မိုးရေ ကြောင့် စိုစွတ်နေသော ပန်းပွင့်ဖတ်များသည် မြေပြင်တစ်ခုလုံးတွင် ပြန့်ကျဲနေပြီး ၎င်းတို့ ၏ မွှေးရနံ့များက မိုးရွာသွန်းပြီးစ တောင်ကြား၏ လတ်ဆတ်သော လေထုနှင့် ရောနှော ကာ စိတ်ကို အလွန်အမင်း ကြည်နူးလန်းဆန်းစေသည်။

ရိုးရှင်းလှသော ဝါးဖျာထက်တွင် စောင်တစ်ထည်ကို ခင်းကျင်းထားပြီး ကျူးမင်လန်သည် ခုံတန်းလျားအသေးလေးပေါ်တွင် ထိုင်လျက် လီယွင်ဇီ၏ ဒဏ်ရာကို ဂရုတစိုက် ဆေးထည့် ပေးနေသည်။

လီယွင်ဇီသည် သတိလစ်မေ့မြောသွားခဲ့ပြီ ဖြစ်သည်။

၎င်း၏လက္ခဏာမှာ သွေးထွက်လွန်သွားခြင်းကြောင့် ဖြစ်ပေသည်။

အမှန်စင်စစ်... ကျူးမင်လန်သည် လီယွင်ဇီ၏ လုပ်ရပ်ထဲတွင် အသက်ကို ရင်းနှီး၍ လောင်းကစားဆန်ဆန် ပြုလုပ်ခဲ့ခြင်းမျိုး ပါဝင်နေသည်ဟု ခံစားမိသည်။ တကယ်လို့ ပျံသန်းရေးငှက်တပ်ဖွဲ့သာ လမ်းခရီးတွင် နှောင့်နှေးကြန့်ကြာသွားခဲ့လျှင်... သူမ၏ အသက် သည် အလဟဿ ဆုံးရှုံးသွားရမည် မဟုတ်ပါလော။

သူမဒဏ်ရာကို ပတ်တီးစည်းနှောင်ခြင်း လုပ်ငန်းစဉ် ပြီးဆုံးသွားသည့် အခိုက်အတန့်... ကျူးမင်လန်တစ်ယောက် သူ့ကိုယ်သူ နောက်ဆုံး၌ အသုံးဝင်သူတစ်ဦး ဖြစ်လာပြီဟု တွေးတောလိုက်မိချိန်မှာပင် လီယွင်ဇီသည် သတိပြန်လည် နိုးထလာခဲ့တော့သည်။ သူမက မျက်လုံးများကို ဖွင့်လိုက်ရာ သူမအကြည့်များက ကျူးမင်လန်၏ မျက်နှာထက်သို့ ကျရောက်လာခဲ့သည်။

ကျူးမင်လန်သည် သူ့ကိုယ်သူ အတော်အတန် အသင့်အတင့် ရုပ်ရည်ချောမောသည်ဟု ယူဆထားသော်လည်း သူ့ရုပ်ရည်က အမျိုးသမီးတစ်ဦးကို အကြွင်းမဲ့ ရူးသွပ်မိန်းမောသွား စေနိုင်လောက်သည့် အဆင့်အထိမျိုး လုံးဝ မဟုတ်ချေ။ လီယွင်ဇီ၏ ဤကဲ့သို့ စူးစိုက် ကြည့်ရှုခြင်းကို ခံလိုက်ရသဖြင့် ကျူးမင်လန်တစ်ယောက် အနည်းငယ်ပင် စိတ်မလုံမလဲ ဖြစ်သွားခဲ့ရသည်။

ရှေးလူကြီးသူမတွေ ပြောလေ့ရှိတဲ့စကားအတိုင်း ဆိုရမလား... သူ့ရဲ့ မျက်နှာအိုကြီးက ရှက်သွေးဖြာပြီး ရဲတက်သွားခဲ့ရပြီ။

“ဇီးသီးနီဆန်ပြုတ်လေး ရှိတယ်၊ အခုတင်ပဲ ပြုတ်ပြီးတာ။ ငါ မီးဖိုချောင်ထဲမှာ သွားယူပေး မယ်” ကျူးမင်လန်က ဆိုလိုက်သည်။

“ကောင်းပါပြီ” လီယွင်ဇီက ခေါင်းညိတ်၍ ပြန်လည်ဖြေကြားသည်။

ဇီးသီးနီဆန်ပြုတ်ကို ယူဆောင်လာပြီးနောက် ကျူးမင်လန်သည် သူမလက်ထဲသို့ ကမ်းပေး ရန် ကြံရွယ်လိုက်သော်လည်း သူမလက်ဖဝါးများပေါ်တွင် စည်းနှောင်ထားသော ပတ်တီး များကို တစ်ချက်လှမ်းကြည့်မိပြီးနောက် အလွန်တရာ အားနည်းချိနဲ့နေသော အလှ နတ်ဘုရားမလေးကို ငေးမောကြည့်ရင်း...

သူက ဆန်ပြုတ်ကို ညင်သာစွာ မွှေလိုက်ရာ ဇီးသီးနီ၏ မွှေးပျံ့လှသော ရနံ့နှင့် ချိုမြိန်မှုတို့ က ဆန်ပြုတ်တစ်ခုလုံးတွင် ပျံ့လွင့်သွားတော့သည်။ ထို့နောက် ကျူးမင်လန်သည် သစ်သားဇွန်းလေးကို လီယွင်ဇီ၏ နှုတ်ခမ်းအစုံထံသို့ ဖြည်းညှင်းစွာ ကမ်းပေးလိုက်သည်။

လီယွင်ဇီ ခဏမျှ တုန့်ဆိုင်းသွားခဲ့သည်။

“ငါ မီးဖိုချောင်ထဲမှာ တစ်ငုံလောက် မြည်းကြည့်ခဲ့ပြီးပြီ... မပူတော့ပါဘူး” ကျူးမင်လန်က ဆိုလိုက်သည်။

လီယွင်ဇီသည် ကျူးမင်လန်ကို နက်နက်နဲနဲ စိုက်ကြည့်လိုက်ပြီးနောက် “ချထားလိုက်ပါ... ငါ့ဘာသာငါ သောက်နိုင်ပါတယ်” ပြောလိုက်သည်။

“အသွေးအသား လည်ပတ်မှု ကောင်းမွန်အောင်လို့ မင်း လှဲလျောင်းနေဖို့ လိုတယ်” ကျူးမင်လန်က ဇွတ်အတင်း ပြောဆိုလိုက်သည်။

လီယွင်ဇီသည် စစ်ပွဲပေါင်းများစွာကို ဖြတ်သန်းခဲ့ဖူးပြီး ပြင်းထန်သော ဒဏ်ရာများကိုလည်း ရရှိဖူးသူဖြစ်သည်။ ထို့ကြောင့် ယခုအချိန်တွင် အနည်းငယ်မျှ ထိုင်ရန် ကြိုးစားလိုက်ရုံ နှင့်ပင် အသက်ရှူရ ခက်ခဲသွားလိမ့်မည်ကို သူမ ကောင်းစွာ သိရှိနေပေသည်။

“အပြင်က အခြေအနေတွေ ဘယ်လိုလဲ” လီယွင်ဇီက ဆန်ပြုတ်ကို တစ်ငုံ သောက်လိုက် ပြီးနောက် ချက်ချင်းပင် မေးမြန်းလိုက်သည်။

“အဆင်ပြေပြေ လည်ပတ်နေပါတယ်။ မြို့သခင်ကျိန်းနဲ့ ခေါင်းဆောင်ကျန်းထော်တို့က အရည်အချင်းရှိတဲ့ လူတွေပဲ။ ဝူထူပြည်သူ တစ်သောင်းကျော်လောက်က အထောက်အပံ့ ပစ္စည်းတွေကို လက်ခံရရှိပြီးပြီမို့လို့ အခု ပြန်လှည့်သွားကြပြီ” ကျူးမင်လန်က ပြောကြား ရင်း လီယွင်ဇီကို ဇီးသီးနီဆန်ပြုတ်ကို တစ်ဇွန်းပြီးတစ်ဇွန်း ဆက်လက် တိုက်ကျွေးနေခဲ့ သည်။

ကျူးမင်လန်က သူမကို ဖြည်းဖြည်းမှန်မှန်နှင့် သင့်တော်သော အရှိန်အဟုန်ဖြင့်သာ တိုက်ကျွေးနေခြင်း ဖြစ်သည်။

သို့သော်လည်း လီယွင်ဇီက နှုတ်ခမ်းလွှာကို ဖွင့်ဟလိုက်သည့် အကြိမ်တိုင်းတွင် သူမ၏ အကြည့်များက ဘေးဘီသို့ ရွေ့လျားသွားတတ်ပြီး သူ့ကို ရင်ဆိုင်ရန် ရှောင်လွှဲနေခဲ့သည်။ သူမသည် ဆူပူသောင်းကျန်းသူ စစ်တပ်ကြီး သောင်းနဲ့ချီကို ရင်ဆိုင်ခဲ့စဉ်တုန်းက မည်မျှ အထိ ပြတ်သားတည်ငြိမ်သော မျက်ဝန်းများကို ပိုင်ဆိုင်ထားခဲ့ကြောင်း ကျူးမင်လန် မှတ်မိနေဆဲပင်။ ဖြစ်နိုင်သည်မှာ... သူမအတွက် ကျူးမင်လန်က စစ်သည်တော် တစ်ထောင်ထက်ပင် ပိုမို ဘေးအန္တရာယ်ကြီးသော ခြိမ်းခြောက်မှုတစ်ခုအလား ဖြစ်နေ၍ ဖြစ်ပါလိမ့်မည်။

“ဒါက ရှင်မွေးထားတဲ့ နဂါးပေါက်လေးလား” လီယွင်ဇီသည် ကျူးမင်လန်၏ ဘေးနားရှိ အမွေးပွပွနှင့် နဂါးငယ်လေးကို မြင်လိုက်ရသောအခါ သူမမျက်ဝန်းအစုံထဲတွင် ဝမ်းသာ ပီတိ အရိပ်အယောင်လေးများ ဖြာထွက်သွားခဲ့သည်။

“မင်း မှတ်မိသားပဲ” ကျူးမင်လန်က ပြုံးလိုက်သည်။ အမှန်တော့ ဒီနဂါးလေးက သူတို့ကို မြေအောက် အကျဉ်းထောင်ထဲကနေ ကယ်ထုတ်ပေးခဲ့တာ ကောင်ဇိုးလေး ဖြစ်ကြောင်း ပြောမလို့ ကြံရွယ်ခဲ့သော်လည်း၊ ကံကောင်းစွာဖြင့် သူ့ကိုယ်သူ ထိန်းချုပ်နိုင်ခဲ့သည်။ လက်ရှိအခြေအနေက ထိုအတိတ်က အကြောင်းအရာကို ပြန်လည်ပြောပြရန် အချိန်အခါ ကောင်း မဟုတ်ဟု သူ ခံစားလိုက်ရသောကြောင့် ဖြစ်သည်။

“ဟင်...” လီယွင်ဇီ၏ မျက်နှာထက်တွင် ဇဝေဇဝါဖြစ်မှု အရိပ်အယောင်လေး တစ်ချက် ဖြတ်သန်းသွားပြီးနောက်၊ ခဏအကြာတွင်မှ ကျူးမင်လန် တစ်ချိန်က သူ့လက်ဖဝါးထဲတွင် ခဏခဏထည့်ပြီး မွေးမြူလေ့ရှိသည့် ရေခဲပိုးကောင်လေးကို သတိရသွားတော့သည်။

အဖြူလေးသည်လည်း ၎င်း၏ မျက်လုံးဝိုင်းကြီးများဖြင့် မော့ကြည့်လိုက်ရာ လီယွင်ဇီကို ကောင်းစွာ မှတ်မိပုံရပေသည်။ သူက သာယာနာပျော်ဖွယ်ကောင်းပြီး သီချင်းဆိုနေသကဲ့ သို့ ရွှင်လန်းသော အသံလေးဖြင့် “ကလူး... ကလူး...” ဟု အော်မြည်လိုက်သည်။

“တွေ့လား... ငါက ပိုးစာကောင်တွေကိုပဲ ကျွမ်းကျွမ်းကျင်ကျင် မွေးတတ်တာ မဟုတ်ဘူး နော်” ကျူးမင်လန်က သူ့အသံထဲတွင် ဂုဏ်ယူဝင့်ကြွားမှုအချို့ ထည့်သွင်းလျက် ဆိုလိုက် သည်။ သို့သော်လည်း သူမတစ်ဦးတည်း ဓားပျံကိုစီးလျက် ကောင်းကင်ယံမှ ဆင်းသက် ကာ သောင်းနဲ့ချီသည့် ဆူပူသောင်းကျန်းသူ စစ်တပ်ကြီးကို အားချင်းတားဆီးခဲ့ပုံကို ပြန်လည်တွေးတောမိလိုက်သောအခါ ကျူးမင်လန်တစ်ယောက် အနည်းငယ် စိတ်ဓာတ် ကျသွားရပြန်သည်။

ဖြစ်နိုင်သည်မှာ... သူ သွားရမည့် လမ်းခရီးက အဝေးကြီး လိုပါသေးသည်။

လီယွင်ဇီ၏ အာရုံစိုက်မှုအားလုံးမှာ အဖြူလေးထံသို့သာ ရောက်ရှိနေပြီး သူမ၏ ဖြူဖျော့ နေသော ပါးပြင်ထက်တွင် အပြုံးပန်းလေးတစ်ပွင့် ပေါ်ထွက်လာခဲ့သည်။ ချစ်စရာကောင်း ပြီး ယဉ်ပါးလှသော အိမ်မွေးတိရစ္ဆာန်လေးများကို မည်သူက မနှစ်သက်ဘဲ နေပါမည်နည်း။ ၎င်းအပြင် အဖြူလေးသည် ‘လင်လုံပညာ’ ရပ်ကို ပိုင်ဆိုင်ထားသည့်အတွက် ယခုအခါတွင် မူ လှပသော အတောင်ပံလေးများ ပိုင်းဆိုင်ထားသည့် ကြောင်ဖြူလေးတစ်ကောင်နှင့် ဘာမျှမခြားတော့ချေ။ အကယ်၍ သူ့ကို အိမ်မွေးတိရစ္ဆာန်ဈေးကွက်ထဲတွင်သာ သွားထား လိုက်မည်ဆိုပါလျှင် မည်သည့်အမျိုးသမီး၏ နှလုံးသားကိုမဆို အလွယ်တကူ အရည်ပျော် ကျသွားစေနိုင်မှာ အသေအချာပင်။ (‘လင်လုံပညာ’ရပ်- ဟူသည် နဂါးကြီးတစ်ကောင်က နေ ကြောင်ပေါက်လေးအရွယ်၊ အရောင်အဝါတွေ ဖုံးကွယ်ပြီး ချစ်စရာသတ္တဝါလေးအဖြစ် ပြောင်းလဲခြင်း စွမ်းရည်မျိုးဖြစ်ပါသည်။)

“သူ့နာမည်က ဘယ်သူလဲ” လီယွင်ဇီက မေးမြန်းလိုက်သည်။

“အဖြူလေး”

“အဖြူလေး... အဖြူလေး...” လီယွင်ဇီက တိုးတိုးလေး ရေရွတ်လိုက်မိသည်။

ထိုအခိုက်အတန့်တွင် ခြံဝန်းတံခါးဝဆီမှ လူတစ်ယောက်သည် ခြေလှမ်းကျဲကြီးများဖြင့် ခြေသုတ်တင် ဝင်ရောက်လာခဲ့သည်။ သူသည် တစ်ကိုယ်လုံး ချွေးရွှဲနေသော်လည်း မျက်နှာ ထက်တွင်မူ မင်္ဂလာသတင်းတစ်ခုကို ဝေမျှတော့မည့်အလား အလွန်တရာ တောက်ပသော အပြုံးကြီးတစ်ခု ရှိနေခဲ့သည်။ သူက နှုတ်ဟ၍ စကားပြောရန် ကြံရွယ်လိုက်သော်လည်း အိမ်ရှေ့တွင် ရှိနေသော ဤမြင်ကွင်းကို လှမ်းမြင်လိုက်ရသောအခါ... ထိုနေရာရှိ လေထု တစ်ခုလုံးမှာ ဇီးပန်းရနံ့များ ပျံ့လွင့်နေသကဲ့သို့ နှစ်ကိုယ်တူ ကြည်နူးစရာ အခိုက်အတန့် လေးတစ်ခု လွှမ်းမိုးနေသည်ကို သတိပြုမိသွားခဲ့သည်။

ကျိန်းယွီသည် ပါးစပ်အဟောင်းသား ဖြစ်သွားခဲ့ရပြီးနောက် ချက်ချင်းပင် အခြေအနေကို ရိပ်မိနားလည်သွားခဲ့ကာ အရာအားလုံးကို သဘောပေါက်သွားသည့် အမူအရာဖြင့် ခြံဝန်း၏ အပြင်ဘက်သို့ ချက်ချင်းပင် ခြေလှမ်းများကို ပြန်လည်ဆုတ်ခွာသွားတော့သည်။

“ဒီညီအစ်ကို ကျူးကတော့ တကယ်ကို သာမန်လူမဟုတ်ဘူးပဲ။ ဧကရီဘုရင်မလို မြင့်မြတ် လွန်းတဲ့ မိန်းမသားတစ်ယောက်ကတောင် သူ့ရှေ့ရောက်ရင် ရှက်ကိုးရှက်ကန်းနဲ့ နူးညံ့ သိမ်မွေ့သွားတာပဲ” ကျိန်းယွီတစ်ယောက် ကျူးမင်လန်အပေါ် ပိုမို၍ပင် ကြည်ညိုလေးစား စိတ်များ ဖြစ်ပေါ်လာရတော့သည်။

အခန်း (၄၄) ထူးချွန်ထက်မြက်သော ပါရမီရှင်။

လီယွင်ဇီကို ဇီးသီးနီဆန်ပြုတ် ထက်ဝက်ခန့် တိုက်ကျွေးပြီးနောက် ကျူးမင်လန်သည် တစ်စုံတစ်ခုကို သတိရသွားပြီး ထိုအကြောင်းကို လီယွင်ဇီအား ပြောပြသင့်သည်ဟု ခံစားလိုက်ရသည်။

“ငါ အကယ်ဒမီမှာ မင်းညီမကို တွေ့ခဲ့တယ်” ကျူးမင်လန်က ဆိုလိုက်သည်။

“ဘယ်သူ့ကိုလဲ” လီယွင်ဇီက မေးမြန်းလိုက်သည်။

“မင်းမှာ ညီမတွေ အများကြီး ရှိလို့လား” ကျူးမင်လန်က ဇဝေဇဝါဖြစ်ရင်း ပြန်မေးလိုက် သည်။

“သူမက မင်းကို ဘာပြောခဲ့လဲ” လီယွင်ဇီက မေးလိုက်သည်။

“ပထမဆုံးအကြိမ်တုန်းက ငါ သူမကို တံတားထိပ်မှာ တွေ့ခဲ့တာ။ သူမက ငါ့ဘေးနားမှာ မက်မွန်သီးတွေ ဝယ်နေခဲ့တာလေ။ ငါက မင်းမှတ်လို့ လှမ်းစကားပြောလိုက်တာကို သူမက ဘာမှ သိပ်မပြောခဲ့ဘူး။ နောက်တော့ ငါ သူမကို စာကြည့်တိုက်ထဲမှာ ထပ်တွေ့တယ်။ အဲ့ဒီ မှာ သူမက မင်းဟန်ပန်အတိုင်း ဟန်ဆောင်ထားတာမို့လို့ ငါတောင် လှည့်စားခံလိုက်ရ သေးတယ်” ဟု ကျူးမင်လန်က ကြုံတွေ့ခဲ့ရသမျှ အဖြစ်အပျက်များကို လီယွင်ဇီအား ပြန်လည်ပြောပြလိုက်သည်။

ကျူးမင်လန်သည် နောက်ပိုင်းမှသာ လီချွမ်းနဂါးထိန်းအကယ်ဒမီရှိ လူတိုင်းသည် နန်လင်းရှာအကြောင်းကို သိကြသော်လည်း အမှန်တကယ် မြင်ဖူးသူဟူ၍ မရှိသလောက် နည်းပါးကြောင်း၊ လူအများစုက သူမအား တိုင်းပြည်ကိုပင် မှောက်လှန်စေနိုင်လောက် သည့် အလှတရားမျိုးကို ပိုင်ဆိုင်ထားသူဟု ပြောစမတ်ပြုကြကြောင်း သိရှိခဲ့ရသည်။

အနီးအနားရှိ လက်နက်သွန်းလုပ်ရေး အလုပ်ရုံနှင့် ဈေးကွက်ထဲတွင်မူ နန်လင်းရှာ အကြောင်းကိုသိသူ အနည်းငယ်မျှသာ ရှိပြီး သူမကို မြင်ဖူးသူလည်း တစ်ဦးမျှ မရှိချေ။ ကျူးမင်လန်က နန်ရီကို စမ်းသပ်မေးမြန်းကြည့်သည့် အချိန်ကျမှသာ နန်ရီသည် လီယွင်ဇီနှင့် နန်လင်းရှာတို့ ပတ်ဝန်းကျင်ရှိ အခြေအနေများကို သိရှိနားလည်ထားပုံ ရပေသည်။

နန်ရီသည် မူလကတည်းက နန်မျိုးနွယ်စုမှ ဖြစ်ပြီး ရာထူးအဆင့်အတန်းလည်း မြင့်မားပုံရ သည်။ ထို့ကြောင့်ပင် သူတစ်ဦးတည်းသာ လီယွင်ဇီနှင့် နန်လင်းရှာတို့၏ ပတ်သက် ဆက်နွှယ်မှုကို သိရှိနေပုံရခြင်း ဖြစ်သည်။

“သူတို့အားလုံး သူမကို မြင်ဖူးကြတာပဲ...” လီယွင်ဇီသည် တစ်စုံတစ်ခုကို ရိပ်မိနားလည် သွားပုံဖြင့် ခေါင်းညိတ်လိုက်ပြီး ခဏအကြာတွင် “သူတို့တွေ ဒီကိစ္စမှာ မပါဝင်ခဲ့သင့်ဘူး...” ဟု ညည်းတွားလိုက်သည်။

ဤသို့ပြောပြီးနောက် လီယွင်ဇီကိုယ်တိုင်လည်း အနည်းငယ် စိတ်လွင့်သွားပုံရကာ သူမ၏ မျက်ခုံးအစုံကြားတွင် ညှိုးငယ်စိတ်မကောင်းဖြစ်မှု အရိပ်အယောင်လေးများ ယှက်သန်း သွားခဲ့သည်။

ပါဝင်ခဲ့တယ် ဟုတ်လား...

ကျူးမင်လန်က လီယွင်ဇီ ပြောလိုက်သည့် ထိုစကားလုံးနှစ်လုံး၏ ဆိုလိုရင်းကို သဲသဲကွဲကွဲ သဘောမပေါက်နိုင်ခဲ့ချေ။

“မင်းက မင်းညီမနဲ့ နန်မျိုးနွယ်စုတွေကပါ မင်းကို လုပ်ကြံဖို့ စီစဉ်ခဲ့ကြတယ်လို့ သံသယ ဝင်နေတာလား” ကျူးမင်လန်က အံ့အားသင့်စွာ မေးလိုက်သည်။

“ငါ့မှာ ရန်သူတွေ အများကြီးရှိတယ်” လီယွင်ဇီက ဆိုသည်။

ကျူးမင်လန်သည် လီယွင်ဇီ၏ မိသားစုအကြောင်းကို သိပ်မသိရှိသဖြင့် သူမအတွက် အခြေအနေကို သုံးသပ်အဖြေရှာ မပေးနိုင်သည်မှာ သဘာဝပင်။ ထို့နောက် မြေအောက် အကျဉ်းထောင်ထဲတွင် လီယွင်ဇီကို ‘အစ်မ’ ဟု ခေါ်ဆိုခဲ့သည့် မြေခွေးမကဲ့သို့ ကောက်ကျစ် သော အမျိုးသမီးလည်း ရှိသေးသည်။

သူမသည် လော့ရှောင်၏ သတ်ဖြတ်ခြင်းကို ခံလိုက်ရပုံပေါ်ရာ... ထိုသို့ဆိုလျှင် သူမ၏ အစစ်အမှန် ကိုယ်ရေးအချက်လက်က ဘာလဲ။ ကျူးမင်လန် ခန့်မှန်းနိုင်သလောက်တော့ ထိုမိန်းမသည် ယခင်က လီယွင်ဇီနှင့် နီးစပ်သူတစ်ဦး ဖြစ်ခဲ့ဖူးပြီး အမိန့်ကို အကောင် အထည်ဖော် လုပ်ဆောင်ခဲ့သူသက်သက်သာ ဖြစ်ပေလိမ့်မည်။ သို့ဆိုလျှင် ကွယ်ရာကနေ ကြိုးကိုင်နေသည့် နောက်ကွယ်က မဟာဗျူဟာမြောက် လက်သည်တရားခံက ဘယ်သူ ဖြစ်မလဲ။

ရန်သူတွေ အများကြီး ရှိတယ်ဆိုတာ... သူမ ဝူထူနယ်မြေမှာ ရှိနေစဉ်တုန်းက အာဏာ သိမ်းခံရပြီး အကွက်ဆင်ခံခဲ့ရသည့် အချိန်မှာ လူအများကြီး ပတ်သက်နေခဲ့သည်ဟု ဆိုလိုတာလား။ ရင်းနှီးတဲ့ ဆွေမျိုးတွေလား၊ ရန်သူဟောင်းတွေလား၊ ဒါမှမဟုတ် အဝေးက ရန်သူတွေလား။

ထပ်မံတွေးတောကြည့်လျှင် လီယွင်ဇီတွင် မူလက လက်အောက်ခံငယ်သားများစွာ၊ သူမ၏ ကိုယ်ပိုင် စစ်တပ်အစောင့်အရှောက်များနှင့် ထူးခြားဆန်းပြားသော နတ်ဘုရားမအလား စွမ်းရည်များကို ပိုင်ဆိုင်ခဲ့သည်။ သို့ဖြစ်ပါလျက်နှင့် အဘယ်ကြောင့် သာမန်မိန်းမ တစ်ယောက်၏ လက်ထဲတွင် အကျဉ်းသားတစ်ဦးအဖြစ်သို့ ကျရောက်သွားရသနည်း။ လက်ရှိ အခြေအနေများသည် ကျူးမင်လန် မြင်တွေ့ခဲ့ရသည်ထက် များစွာ ပိုမိုရှုပ်ထွေးနေ ပေသည်။

“ငါ မင်းကို ဘယ်လိုကူညီပေးရမလဲ” ကျူးမင်လန်က မေးမြန်းလိုက်သည်။

“မင်းကိုယ်မင်းသာ ကောင်းကောင်း ဂရုစိုက်ပါ” လီယွင်ဇီက ပြောသည်။

ကျူးမင်လန်တစ်ယောက် ရှက်ကိုးရှက်ကန်းဖြင့် ခေါင်းကိုသာ ကုတ်မိတော့သည်။

“ငါ့ရဲ့ ရန်သူတချို့က အမှောင်ထဲမှာ ပုန်းအောင်းနေကြတုန်းပဲ။ သူတို့တွေက မင်းကိုလည်း ပစ်မှတ်ထားလာကြလိမ့်မယ်။ နောက်နောင်ဆိုရင် မင်း ပိုပြီးတော့ သတိထားဖို့ လိုလိမ့် မယ်” လီယွင်ဇီက ကျူးမင်လန်ကို လေးလေးနက်နက် သတိပေးလိုက်သည်။

ကျူးမင်လန် ခေါင်းညိတ်ပြလိုက်သည်။

မြေအောက်အကျဉ်းထောင်ထဲတွင် လီယွင်ဇီနှင့်အတူ ရှိနေခဲ့သည့် အမျိုးသားမှာ မည်သူ ဖြစ်ကြောင်းကို လော့ရှောင်က သိရှိထားပြီး ဖြစ်ပုံရသည်။ ကျူးမင်လန်အတွက်မူ ထိုလော့ရှောင်က ပြဿနာအကြီးကြီးတစ်ခု ဖြစ်နေပြီး လီယွင်ဇီ ပြန်လည် အာဏာရလာ မည့်အရေးကို မလိုလားသူများသည်လည်း ဤအခြေအနေကို အဆုံးစွန်အထိ အသုံးချကြ မှာ အသေအချာပင်။

လီယွင်ဇီ၏ မိသားစုအတွင်း အခြေအနေမှာ တဖြည်းဖြည်း တိုးတက်ကောင်းမွန်လာပုံရ သော်လည်း၊ တစ်ဖက်တွင်မူ ကျူးမင်လန်သည် သူမ၏ အားနည်းချက်တစ်ခု ဖြစ်လာနိုင် ပေသည်။

ထိုအခိုက်အတန့်တွင် ကျူးမင်လန်သည် နန်လင်းရှာ ပြောခဲ့သည့် စကားကို သတိရသွား သည်။

လီယွင်ဇီအတွက် ဒဏ်ရာများ အမြန်ဆုံး သက်သာပျောက်ကင်းစေမည့် အကောင်းဆုံး နည်းလမ်းမှာ သူမကိုယ်သူမ အသွင်ပြောင်းလဲခြင်း ပြုလုပ်ရန် ဖြစ်သည်။

“မင်း ငါ့အတွက် စိုးရိမ်မနေပါနဲ့၊ ငါ့ဘာသာငါ အဆင်ပြေအောင် ဖြေရှင်းနိုင်ပါတယ်။ မင်းဘက်ကလည်း နောက်ဆိုရင် အခုလို ကိုယ့်ကိုယ်ကိုယ် နာကျင်အောင် လုပ်တဲ့ ကိစ္စမျိုး ကို လျှော့လုပ်ပါ။ တကယ်လို့ ငါ့လို ဖြောင့်မတ်မှန်ကန်တဲ့လူမျိုး အနားမှာမရှိတဲ့အချိန် အခုလို သတိလစ်မေ့မြောသွားရင် အရမ်းအန္တရာယ်များတယ်” ကျူးမင်လန်က အခွင့်ရေး ကို အမိရဆုပ်ကိုင်ကာ လီယွင်ဇီကို သတိပေးလိုက်သည်။

လီယွင်ဇီက ဆန်ပြုတ်ထဲမှ ဇီးသီးနီအသားကို ဖြည်းညှင်းစွာ ဝါးစားနေရင်း သူမ၏ လှပ သော မျက်ဝန်းအစုံကို အခြားတစ်နေရာသို့ ပို့ထားလိုက်သည်။ ဖြစ်နိုင်သည်မှာ ကျူးမင်လန်၏ စကားများထဲတွင် ဟန်ဆောင်ဖားယားမှုအချို့ ပါဝင်နေသည်ဟု သူမ ခံစားလိုက်ရ၍ ဖြစ်ပေလိမ့်မည်။

ထိုအချိန်တွင် ခြံဝန်းအတွင်းမှ ခြေသံအချို့ ထွက်ပေါ်လာခဲ့သည်။

၎င်းမှာ ကျိန်းယွီ ဖြစ်သည်။ အမှန်တော့ သူသည် စောစောကတည်းက ရောက်ရှိနေခဲ့ခြင်း ဖြစ်သော်လည်း ထိုနှစ်ဦးသား သီးသန့်အချိန် လိုအပ်လိမ့်မည်ကို ထည့်သွင်းစဉ်းစားကာ ရုန်တောင်ကြားမြို့ငယ်လေး၏ မြို့သူမြို့သားများကို စိတ်အေးစေရန်အတွက် လမ်းမများ ပေါ်တွင် ရည်ရွယ်ချက်ရှိရှိ လှည့်လည်သွားလာနေခဲ့ခြင်း ဖြစ်သည်။

“ဧကရီဘုရင်မ...”

“ညီအစ်ကို ကျူး...”

ကျိန်းယွီက ပညာရှိပီပီ ရိုသေလေးစားမှု အပြည့်ဖြင့် အမြဲတမ်း စေ့စပ်သေချာလွန်းပေ သည်။

“ညီအစ်ကို ကျိန်း... ဘာကိစ္စများရှိလို့လဲ” ကျူးမင်လန်၏ တုံ့ပြန်မှုမှာမူ များစွာ ပေါ့ပေါ့ ပါးပါး ရှိလှသည်။ အဘယ်ကြောင့်ဆိုသော် သူသည် သူ့ကိုယ်သူ မည်သည့်အခါမျှ စာပေ ပညာရှင်တစ်ဦးဟု မသတ်မှတ်ခဲ့သောကြောင့် ဖြစ်ပေသည်။

“ဒီတစ်ခေါက် ဧကရီဘုရင်မ သယ်ဆောင်လာတဲ့ ရိက္ခာနဲ့ အထောက်အပံ့ ပစ္စည်းတွေက တကယ်ကို ကြွယ်ဝလွန်းပါတယ်။ အခုထက်ထိတော့ အကုန်လုံးကို မခွဲဝေရသေးပေမဲ့ ကျွန်တော့်ရဲ့ ခန့်မှန်းခြေအရဆိုရင် အိမ်ထောင်စု ရှစ်ထောင်စာလောက် တစ်ရာသီစာ ကောင်းကောင်း ဖူလုံနိုင်ပါတယ်။ ဆူပူသောင်းကျန်းသူတွေရဲ့ ခေါင်းဆောင်ဖြစ်တဲ့ ကျန်းထော်ကလည်း အတွေးအခေါ် ရှိတဲ့ လူတစ်ယောက်ပါ။ သူက ကျွန်တော်နဲ့ တိုင်ပင်ပြီး ဘာပြောလဲဆိုတော့... ပိုလျှံနေတဲ့ ရိက္ခာတွေနဲ့ အဝတ်အထည်တွေကို ဝူထူပြည်သူတွေကို တိုက်ရိုက် သက်သက်မဲ့ မပေးသင့်ဘူးတဲ့။ ငါးတစ်ကောင်ကို ဒီအတိုင်း ပေးလိုက်တာထက် ငါးဖမ်းနည်းကို သင်ပေးတာက ပိုကောင်းတယ်လေ။ သူတို့ဆီမှာ ကျန်ရှိနေသေးတဲ့ စနစ်တကျ စုစည်းနိုင်စွမ်းနဲ့ အကျပ်အတည်း သိမြင်စိတ်တွေကို အသုံးချပြီး သူတို့ထဲက တချို့ကို ဒုံးရွှီခံတပ်မြို့ရဲ့ အနောက်ဘက်ဒေသက မြောက်ပိုင်းတောင်တန်းမှာ သံသတ္တု ရိုင်း တူးဖော်ဖို့ ငှားရမ်းပြီး လုပ်အားခကို နေ့တွက်နဲ့ ရှင်းပေးရင် ကောင်းမလဲလို့ ဆွေးနွေး လာပါတယ်” ကျိန်းယွီက လျှောက်တင်လိုက်သည်။

ရိက္ခာဟူသည်မှာ တစ်နေ့တွင် ကုန်ခမ်းသွားမည်သာ ဖြစ်သည်။

တကယ်လို့ နောက်နှစ် ရိတ်သိမ်းချိန်မှာပါ အသီးနှံတွေ အထွက်နှုန်း မကောင်းခဲ့ရင် ဘယ်လိုလုပ်မလဲ။

တကယ်လို့ နောက်နှစ် နွေရာသီမှာ အပူဒဏ် ဘေးအန္တရာယ် ကြုံတွေ့ရပြီး ဆောင်းရာသီ က ပိုပြီး အေးစက်လာခဲ့ရင်ကော။

ကျိန်းယွီက ဧကရီဘုရင်မအနေဖြင့် သူတို့အား မိမိပြည်သူများအဖြစ် သတ်မှတ်ထားသည် ဖြစ်ရာ ပြည်သူများက ကယ်ဆယ်ရေး ပစ္စည်းများကို လက်ခံရရှိရုံတင်မကဘဲ အလုပ် လည်း လုပ်ကိုင်သင့်သည်ဟု ယုံကြည်ထားသည်။

ဤသဘာဝဘေးအန္တရာယ်ဆိုးကြီးကြောင့် ဒုက္ခပင်လယ်ဝေခဲ့ရသော ဝူထူပြည်သူတိုင်း သည် အလုပ်လုပ်ကိုင်ခွင့်ရခြင်း၊ သီးနှံရိတ်သိမ်းခွင့်ရခြင်းနှင့် လုပ်အားခ ရရှိခြင်းတို့သည် မည်မျှအထိ တန်ဖိုးရှိကြောင်းကို ကောင်းစွာ နားလည်သဘောပေါက်ကြပေသည်။

သံသတ္တုရိုင်းဟူသည်မှာ အဓိက မြို့ပြနိုင်ငံကြီးများ အားလုံးတွင် ဝယ်လိုအား ရှိနေသော အရာ ဖြစ်သည်။ သံသတ္တုရိုင်းများကို ရောင်းချပြီး ဆန်ရေစပါးနှင့် အဝတ်အထည်များ အဖြစ် လဲလှယ်နိုင်ခြင်းက ဝူထူမြေပြင်အတွက် နောက်ထပ် လုံခြုံစိတ်ချရမှု အလွှာတစ်ခု တိုးပွားလာခြင်းပင် ဖြစ်ပေလိမ့်မည်။

“အင်း... အဲဒါ အကြံဉာဏ်ကောင်းပဲ။ ဒါပေမဲ့ အဆင့်နိမ့်တဲ့ သံသတ္တုရိုင်းတွေကို သွားတူး နေဖို့ မလိုပါဘူး။ ငါ့ဆီမှာ ဝူထူရဲ့ သတ္တုကြောမြေပုံ ရှိတယ်။ အဲဒါကို မင်းဆီပေးဖို့ လူတစ်ယောက် လွှတ်လိုက်မယ်။ မင်းနဲ့ ကျန်းထော် ဒီတာဝန်ကို အကောင်အထည်ဖော် လိုက်ကြ” လီယွင်ဇီက ခေါင်းညိတ်ရင်း မိန့်ကြားလိုက်သည်။

“ဝူထူနယ်မြေမှာ ရှားပါးသတ္တုရိုင်းတွေ ရှိတယ်လို့ ကျွန်တော် ကြားဖူးပါတယ်၊ ဧကရီ ဘုရင်မကတော့ ဝူထူပြည်သူတွေ ချမ်းသာကြွယ်ဝလာမယ့် လမ်းစကို ကြိုတင်တွေးတော ပြီးသား ဖြစ်နေတာပဲ” ကျိန်းယွီက သူမ၏ အမြော်အမြင်ကြီးမှုအပေါ် ကြည်ညိုလေးစား စိတ်ဖြင့် ထပ်မံ၍ ရိုသေစွာ ဦးညွှတ်လိုက်ပြန်သည်။

“ပျံသန်းရေးငှက်တပ်ဖွဲ့က မကြာခင်မှာ ဒီနေရာကနေ ဆုတ်ခွာတော့မယ်။ ကျန်းထော်ကို စာရိတ္တမွန်မြတ်ပြီး ဖြောင့်မတ်တဲ့ လူတချို့ကို ရွေးချယ်ခိုင်းပြီး စစ်တပ်ထဲမှာ ဆက်ထား လိုက်ပါ။ ဝူထူမှာ ကိုယ်ပိုင်စစ်တပ် ရှိဖို့ လိုအပ်တယ်။ ဒီလူတွေရဲ့ လစာကို ငါးလဝက်စာ ငါ ပေးချေသွားမယ်။ ခြောက်လကြာပြီးတဲ့နောက်မှာတော့ သတ္တုတွင်းကရတဲ့ ဝင်ငွေတွေနဲ့ ဆက်လက် လည်ပတ်ရလိမ့်မယ်။ ဝူထူကိုးမြို့တော်ကိုလည်း လာမယ့်နှစ်အတွက် လုပ်အားခွန် ကင်းလွတ်ခွင့် ပေးမယ်” လီယွင်ဇီက ပြတ်သား တည်ငြိမ်စွာ ရှင်းရှင်း လင်းလင်း မိန့်ကြားလိုက်သည်။

“ကျွန်တော်မျိုး နားလည်ပါပြီ” ကျိန်းယွီက ခေါင်းညိတ်လိုက်၏။ သူသည် ဤအကြောင်း အရာကို လီယွင်ဇီထံ လျှောက်တင်ရန် ကြံရွယ်ထားခြင်းဖြစ်သော်လည်း မမျှော်လင့်ဘဲ သူမက အရာအားလုံးကို ထည့်သွင်းစဉ်းစားပြီးသား ဖြစ်နေခဲ့သည်။

ဤဆူပူသောင်းကျန်းမှုဒဏ်ကို ခံစားခဲ့ရပြီးနောက် ဝူထူမြေပြင်မှာ ဖရိုဖရဲ ဖြစ်နေခဲ့သဖြင့် ပြန်လည်ဖွဲ့စည်းရန် လိုအပ်နေပြီး ပို၍အရေးကြီးသည်မှာ ပြည်သူများ စိတ်သက်သာရာ ရစေရန်နှင့် အနာဂတ်အတွက် ပြန်လည်ကုစားရန် ဖြစ်သည်။

ကံကောင်းထောက်မစွာဖြင့် အရာအားလုံးက အပြုသဘောဆောင်သော အရပ်မျက်နှာဆီ သို့ ဖွံ့ဖြိုးတိုးတက်လာခဲ့ရာ ကျိန်းယွီတစ်ယောက် အလွန်အမင်း စိတ်အေးသွားခဲ့ရသည်။

အလောင်းများ တောင်ပုံရာပုံဖြစ်ပြီး သွေးချောင်းစီး သတ်ဖြတ်ကြမယ့် ဘေးအန္တရာယ်ဆိုး ကြီးကို မကြုံတွေ့ရသရွေ့... စစ်တပ်၊ အရာရှိများနှင့် ပြည်သူလူထုသာ လက်တွဲပူးပေါင်း လုပ်ကိုင်ကြလျှင် ၎င်းတို့သည် သဘာဝဘေးအန္တရာယ်များကြောင့် မည်သည့်အခါမျှ ထပ်မံ ၍ ပျက်စီး ဆုံးရှုံးရတော့မည် မဟုတ်ချေ။

ကျိန်းယွီသည် လီယွင်ဇီအနေဖြင့် အနားယူရန် ပိုမိုလိုအပ်နေကြောင်းကိုလည်း သိရှိထား သဖြင့် အခြားသော အသေးအဖွဲ ကိစ္စရပ်များကို ထပ်မံ၍ မပြောကြားတော့ချေ။ ထိုကိစ္စရပ် များက အရာရှိများဖြစ်သည့် သူတို့ဘာသာ အဆင်ပြေအောင် ဆောင်ရွက်ရမည့် အရာများ သာ ဖြစ်ပေသည်။

“ကျိန်းယွီက တကယ်ကို အရည်အချင်းရှိတဲ့ ပါရမီရှင်တစ်ယောက်ပဲ” ကျူးမင်လန်က လီယွင်ဇီကို ပြောလိုက်သည်။

ဒီလမ်းခရီးကို လာစဉ်တုန်းက ကျူးမင်လန်သည် ကျိန်းယွီ၏ ရေလွှဲကာကွယ်ရေး ဗျူဟာဖြင့် ရန်သူကို ခုခံခဲ့ပုံအကြောင်းကို လီယွင်ဇီအား ပြောပြခဲ့ဖူးပြီးဖြစ်ရာ၊ စောစောက လီယွင်ဇီ ပြောကြားခဲ့သော စကားများအရလည်း သူမသည် ကျိန်းယွီကို ကောင်းစွာ အသုံးချရန် ရည်ရွယ်ချက်ရှိကြောင်း ပေါ်လွင်နေခဲ့သည်။

“ဟုတ်တယ်... သူက ရုန်တောင်ကြားမြို့ငယ်လေးကို အောင်မြင်စွာ ကာကွယ်နိုင်ခဲ့လို့ လူအချင်းချင်း အစုလိုက်အပြုံလိုက် သတ်ဖြတ်ကြမယ့် အနိဋ္ဌာရုံကြီးကို တားဆီးနိုင်ခဲ့တာ။ ငါတို့အတွက်လည်း အခြေအနေကို လှည့်ပတ်ဖို့ အခွင့်အရေး ရသွားစေခဲ့တယ်။ တကယ် လို့ သူက ငါပေးအပ်တဲ့ တာဝန်တွေကို ကောင်းကောင်း ကိုင်တွယ်နိုင်မယ်ဆိုရင် ဝူထူ ကိုးမြို့တော်လုံးကို သူ့ကိုပဲ လွှဲအပ်ပြီး အုပ်ချုပ်ခိုင်းလိုက်မယ်” လီယွင်ဇီက ခေါင်းညိတ်၍ ဆိုလိုက်သည်။

စစ်ဗျူဟာများကို နားလည်ခြင်း၊ မြို့တစ်မြို့ကို အုပ်ချုပ်နိုင်စွမ်းရှိခြင်း၊ အခြေအနေ အရပ်ရပ်ကို အကြီးအသေးမကျန် မျှော်တွေးနိုင်ခြင်း... လီယွင်ဇီအနေဖြင့် ဆူပူသောင်း ကျန်းမှုကို ရပ်တန့်နိုင်ခဲ့သော်လည်း ပြည်သူများ အမှန်တကယ် အေးချမ်းသာယာစွာ နေထိုင်နိုင်ရေးမှာမူ ကျိန်းယွီကဲ့သို့သော လူမျိုးအပေါ်တွင်သာ မူတည်ပေသည်။

ထို့အပြင် အရပ်သားအချင်းချင်း သတ်ဖြတ်ကြခြင်းမှာ အလွန်တရာ စိတ်မကောင်းစရာ ကောင်းလှသည်။ သူမသည် ဘိုးဘေးနဂါးမြို့တော်၏ အုပ်ချုပ်သူတစ်ဦး ဖြစ်သည်နှင့်အညီ ရုန်တောင်ကြားမြို့ငယ်လေး၏ ပြည်သူများသာ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်း ခံလိုက်ရပြီး လူသတ်သမားများကို လွတ်လပ်စွာ လွှတ်ပေးလိုက်မည်ဆိုပါက ဘိုးဘေး နဂါးမြို့တော်ရှိ ပြည်သူလူထုအား ရှင်းပြရန် ခက်ခဲပေလိမ့်မည်။

ယခုထွက်ပေါ်လာသော ရလဒ်မှာ ဒုက္ခဆိုးကြီးများထဲမှ ကံကောင်းခြင်းတစ်ရပ်ဟုပင် ဆိုရပေမည်။

ကျူးမင်လန်လည်း စိတ်သက်သာရာ ရသွားခဲ့သည်။ အနည်းဆုံးတော့ သူသည် ဇီးပန်းပွင့် ဖတ်များ ကြွေကျနေသော ခြံဝန်းငယ်လေးအတွင်းရှိ အေးချမ်းမှုကို ဆက်လက်ခံစားနိုင် သေးသည် မဟုတ်ပါလော။ အခြားသော ရလဒ်တစ်ခုခုသာ ထွက်ပေါ်လာခဲ့လျှင် သူ၏ နှလုံးသားမှာ ထုံထိုင်းအေးစက်ပြီး သေဆုံးသွားခဲ့ရပေလိမ့်မည်။

သို့သော်ငြားလည်း ဤအေးချမ်းမှုမှာ ခဏတာမျှသာ ဖြစ်ပေသည်။

နှုတ်ဆက်ခွဲခွာရမည့် အချိန်သို့ ရောက်ရှိလာသောအခါ ကျူးမင်လန်သည် ရုတ်တရက် သံယောဇဉ်တွယ်ကာ မခွဲနိုင်မခွာရက် ဖြစ်သွားခဲ့ရသည်။

“ဒါဆိုရင်... ငါ အကယ်ဒမီကိုပဲ ပြန်တော့မယ်” ကျူးမင်လန်က ဆိုလိုက်သည်။

“ငါ အကယ်ဒမီမှာ ပေါ်လာမှာ မဟုတ်ဘူး။ အဲဒီမှာ မင်းတွေ့ရမယ့်လူက ငါမဟုတ်ဘူးဆို တာကို သတိရပါ” လီယွင်ဇီက ကျူးမင်လန်ကို သတိပေးလိုက်လေသည်။

ကျူးမင်လန်သည် သူမကို အခြားတစ်ယောက်နှင့် မှားယွင်းခဲ့သည့် အဖြစ်အပျက်ကြောင့် လီယွင်ဇီ စိတ်ကောက်သွားခြင်းလော၊ သို့မဟုတ် သူမဘက်က သူ့ကို စတင်ရှာဖွေတော့ မည် မဟုတ်ကြောင်း အရိပ်အမြွက် ပြောကြားလိုက်ခြင်းလော ဆိုသည်ကို သဲသဲကွဲကွဲ မသိရသဖြင့် ခေါင်းကိုသာ ကုပ်နေမိတော့သည်။

“သတိထားပါ... တံတားထိပ်မှာ မင်းနဲ့သူမ တွေ့ဆုံခဲ့တာက တိုက်ဆိုင်မှုတစ်ခု မဟုတ်ဘူး” လီယွင်ဇီက တခဏမျှ တုန့်ဆိုင်းသွားသော်လည်း ကျူးမင်လန်ကို နောက်ထပ်တစ်ကြိမ် သတိပေးစကား ဆိုလိုက်သည်။

“ငါက...” ကျူးမင်လန်သည် ထပ်မံ၍ မေးမြန်းရန် ကြံရွယ်လိုက်သော်လည်း လီယွင်ဇီသည် ငွေမျှင်တန်းများစွာဖြင့် ရက်လုပ်ထားသည့် ဓားပျံထက်သို့ ခြေလှမ်းလှမ်းလျက် တက်လှမ်း သွားခဲ့ပြီ ဖြစ်သည်။ သူမသည် ကျူးမင်လန်အတွက် အလွန်တရာ ရင်သပ်ရှုမောဖွယ် ကောင်းလှသော ကျောပြင်ပုံရိပ်လှလှလေးကိုသာ ချန်ရစ်ထားခဲ့တော့သည်...

ကျူးမင်လန်သည် သူမ ထွက်ခွာသွားသည်ကို ငေးကြည့်ရင်း မကြာမီမှာပင် တွေးတော ဆင်ခြင်မှု ရေအိုင်ကြီးထဲသို့ နက်နက်နဲနဲ ကျရောက်သွားခဲ့ရသည်။

တိုက်ဆိုင်မှု တစ်ခုမဟုတ်ဘူး ဟုတ်လား...

ထိုသို့ဆိုလျှင် တံတားထိပ်တွင် သူတို့ ဆုံတွေ့ခဲ့ခြင်းမှာ သူမ၏ ကနဦး စမ်းသပ်မှုတစ်ခု ဖြစ်ပေလိမ့်မည်။

ထို့နောက် စာကြည့်တိုက်အတွင်းရှိ နောက်တစ်ကြိမ် ဆုံတွေ့မှုတစ်ခု...

အစပိုင်းတွင် ကျူးမင်လန်သည် လီယွင်ဇီ၌ စိတ်နှစ်ခွဖြစ်ခြင်း ရောဂါများ ရှိနေမလားဟုပင် သံသယဝင်ခဲ့ဖူးသည်။ အဘယ်ကြောင့်ဆိုသော် တံတားထိပ်နှင့် စာကြည့်တိုက်အတွင်း သူကြုံတွေ့ခဲ့ရသော အမျိုးသမီးမှာ သူမနှင့် အလွန်တရာ ဆင်တူလွန်းနေသောကြောင့် ဖြစ်ပြီး၊ ဘိုးဘေးနဂါး မြို့တော်တွင် အတန်ကြာ နေထိုင်ခဲ့စဉ်အတွင်း၌လည်း လီယွင်ဇီနှင့် နန်လင်းရှာတို့သည် အမွှာညီအစ်မများ ဖြစ်ကြကြောင်း သူ တစ်ခါမျှ မကြားဖူးခဲ့သော ကြောင့် ဖြစ်ပေသည်။

ယခုကြည့်ရသည်မှာ သူ၏ စိတ်ကူးစိတ်သန်းများက အနည်းငယ် လွန်ကဲသွားခဲ့ပုံရသည်။

လီယွင်ဇီက နန်လင်းရှာကို သတိထားရန် သူ့အား သတိပေးခဲ့ခြင်းမှာ... ကျူးမင်လန် တစ်ယောက် သူမတို့နှစ်ဦးကို ခွဲခြားနိုင်ခြင်းမရှိဘဲ ထပ်မံ၍ လှည့်စားခံရမည်ကို စိုးရိမ်သောကြောင့်လော၊ သို့မဟုတ် နန်လင်းရှာသည် ယခုထက်ထိ သံသယရှိသူတစ်ဦး အဖြစ် ရှိနေဆဲဟု သူမ ယူဆထားသောကြောင့်လော။ တစ်စုံတစ်ခုသော အကြောင်းပြ ချက်ကြောင့် ကျူးမင်လန်သည် လီယွင်ဇီက နန်လင်းရှာအပေါ် သတိကြီးစွာ ထားနေ ကြောင်း ခံစားမိနေသည်။

သူမတို့ ဆက်ဆံရေးက အဆင်မပြေကြဘူးလား။

အမွှာညီအစ်မဆိုသည်မှာ များသောအားဖြင့် ဂုဏ်ဒြပ်နှင့် ဒုက္ခဆိုးများကို အတူတကွ မျှဝေခံစားကြရစမြဲ ဖြစ်သည်။ သူမတို့သည် သီးခြားမိသားစုများထဲတွင် ကြီးပြင်းလာခဲ့ကြ ရခြင်းကြောင့်လော၊ သို့မဟုတ် အတိတ်က သူမတို့နှစ်ဦးကြားတွင် မနှစ်မြို့ဖွယ်ရာ အဖြစ်အပျက်အချို့ ကြုံတွေ့ခဲ့ဖူး၍လော။

All Chapters