← Chapters

အခန်း (၄၅-၄၆)

Vol. 5 Ch. 45-46

အခန်း (၄၅-၄၆)

Vol. 5 Ch. 45-46

အခန်း (၄၅) သွားမည်းကြီးနှင့် မိုးပြာနဂါးသွေးမျိုးဆက်။

သူ့တာဝန်ကို ပြီးမြောက်အောင် ထမ်းဆောင်ပြီးနောက် ကျူးမင်လန်သည် လီချွမ်းနဂါး ထိန်းအကယ်ဒမီသို့ သဘာဝအတိုင်း ပြန်သွားရမည် ဖြစ်သည်။ အကြောင်းမှာ သူသည် ဤကပ်ဘေးဆိုးကြီးအတွင်း၌ အရည်အချင်းပြည့်ဝသော ဘေးထွက်ကြည့်ရှုသူတစ်ဦးသာ ဖြစ်ခဲ့ရသောကြောင့်ပင်။

“ညီအစ်ကို ကျူး... မင်း သွားတော့မလို့လား။ မင်းရဲ့ ဖြောင့်မတ်တဲ့ ကယ်တင်မှုအတွက် ရုန်တောင်ကြားမြို့ငယ်လေးရဲ့ ကျေးဇူးတင်မှုကို ဖော်ပြဖို့ ငါ လက်ဆောင်အချို့ ပြင်ဆင် နေတာ” ကျူးမင်လန် ထွက်ခွာတော့မည်ကို မြင်သောအခါ ကျိန်းယွီက အမီလိုက်ရင်း ပြောလိုက်သည်။

“ဒါက အသေးအဖွဲ ကိစ္စလေးတစ်ခုပါ၊ လက်ဆောင်တွေဘာတွေ ပေးဖို့ မလိုပါဘူး” ကျူးမင်လန်က အနည်းငယ် အားနာစွာဖြင့် ဆိုလိုက်သည်။

“ဒါကို သူငယ်ချင်းအချင်းချင်း ပေးတဲ့ လက်ဆောင်လို့ပဲ သဘောထားလိုက်ပါ” ကျိန်းယွီက ဇွတ်အတင်း တောင်းဆိုနေတော့သည်။

ကျိန်းယွီသည် အလွန်ပင် ဇွဲထက်သန်သူ ဖြစ်သည်။ သူ၏ အမြင်အရ တစ်စုံတစ်ဦးက ကူညီရန် လိုလိုလားလား ရှိနေခြင်းမှာ ထိုသူ၏ မြင့်မြတ်သော စိတ်ထားကို ဖော်ပြနေခြင်း ဖြစ်ပြီး ကျေးဇူးတင်စကား ဆိုခြင်းမှာလည်း လူကြီးလူကောင်းတစ်ဦး၏ ကျင့်ဝတ်သိက္ခာ နှင့် ကိုက်ညီသော အလေ့အထပင် ဖြစ်သည်။

“ဒါဆိုရင်လည်း ငါ ရိုသေစွာနဲ့ပဲ လက်ခံပါ့မယ်။ မင်းက မြို့သူမြို့သားတွေကို စုစည်းပြီး သတ္တုကြော တူးဖော်ဖို့ လုပ်နေတာမလား။ တကယ်လို့ စိမ်းဖန့်ဖန့် အရောင်အဝါ တောက်ပနေတဲ့ ငွေသံသတ္တုရိုင်းမျိုးကို တွေ့ရင် ငါ့အတွက် နည်းနည်းပါးပါး စုဆောင်းပေး ပါဦး။ ငါ့နဂါးအတွက် တကယ် စိတ်တိုင်းကျမယ့် နဂါးချပ်ဝတ်တန်ဆာတစ်ခု သွန်းလုပ် ချင်လို့ပါ” ကျူးမင်လန်က ဤကိစ္စကို အခွင့်ကောင်းယူ၍ ပြောလိုက်သည်။

“ညီအစ်ကို ကျူးအတွက် တစ်ခုခု လုပ်ပေးနိုင်တာကိုပဲ ငါ စိတ်ချမ်းသာရပါတယ်။ နောက်ရက်အနည်းငယ်အတွင်းမှာ အဲဒါတွေကို အကယ်ဒမီရဲ့ အဆင့်မြင့်ဗဟိုရုံးဆီ လူလွှတ်ပြီး ပို့ပေးပါ့မယ်။ ပြီးတော့ ဆရာနှစ်ယောက်လုံးကိုလည်း ငါ့ရဲ့ လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်စကားကို ပါးပေးပါဦးဗျာ” ကျိန်းယွီက ဆိုသည်။

“ဆရာ ခယ်ပေကတော့... ငါ စိုးရိမ်တာက...” ကျူးမင်လန်သည် လေးလေးနက်နက် သက်ပြင်းတစ်ချက် ချလိုက်ပြီးနောက်၊ လမ်းခရီးတွင် သူတို့ ချုံခိုတိုက်ခိုက်ခံခဲ့ရသည့် အဖြစ်အပျက်နှင့် ဆရာခယ်ပေ ကွယ်လွန်သွားခဲ့ပုံကို ပြန်လည်ပြောပြလိုက်သည်။

ဤစကားကို ကြားလိုက်ရသောအခါ ကျိန်းယွီသည် ပို၍ပင် တုန်လှုပ်ခြောက်ခြားသွားခဲ့ ရပြီး သူ့မျက်နှာထက်တွင် အပြစ်မကင်းမှုနှင့် ရှက်ရွံ့ စိတ်မကောင်းဖြစ်မှု အရိပ်အယောင် များ အတိုင်းသား ပေါ်လွင်လာခဲ့သည်။ သူသည် ကျူးမင်လန်ကို လေးလေးနက်နက် ဦးညွှတ်လိုက်ရင်း “ငါ သင့်တော်တဲ့ ရက်တစ်ရက်ကို ရွေးချယ်ပြီး ကျေးဇူးတင်စကား ဆိုဖို့နဲ့ ဂါရဝပြုဖို့အတွက် ကိုယ်တိုင် အရောက်လာခဲ့ပါ့မယ်” ဟု ဆိုလိုက်သည်။

ရုန်တောင်ကြားမြို့ငယ်လေးမှ ထွက်ခွာလာပြီး ‘ရေပြာငွေလှိုင်းကန်’ ကို မြင်တွေ့လိုက်ရ သည့် အချိန်တွင်မူ ကျူးမင်လန်သည် စိတ်သက်သာရာရမှုကို ခံစားလိုက်ရသည်။ တောက်ပပြီး အရောင်အသွေးစုံလင်သည့် မေပယ်လ်သစ်တောကို ဖြတ်သန်းပြီးနောက် သူသည် သူ့ကိုယ်ပိုင်အဆောင်သို့ ရောက်ရှိခဲ့သော်လည်း ရပ်မနေဘဲ ‘ကုသရေးခန်းမ’ ဆီသို့ တန်းတန်းမတ်မတ် ဦးတည်ခဲ့သည်။

ကုသရေးခန်းမသည် ရေကန်၏ ဆန့်ကျင်ဘက်ကမ်းနားတွင် တည်ရှိပြီး ကျူးမင်လန် လျှောက်လှမ်းဝင်ရောက်သွားချိန်တွင် အရာအားလုံးက အလွန်ပင် တိတ်ဆိတ်ငြိမ်သက် နေခဲ့သည်။

နူးညံ့သော ဆံနွယ်များရှိပြီး ပန်းပွင့်ခက်လေးများကို ဆံထိုးအဖြစ် ဆင်မြန်းထားသည့် အမျိုးသမီးငယ်တစ်ဦးသည် စားပွဲပေါ်တွင် ခေါင်းတင်လျက်၊ ညင်သာစွာ အသက်ရှူရင်း နေ့ခင်းဘက်၏ တောက်ပနွေးထွေးသော ကာလ၌ အိပ်ပျော်နေခဲ့သည်။ သူမသည် ကျူးမင်လန်၏ ခြေသံများကြောင့် နိုးထလာခြင်း မရှိချေ။

ဤမိန်းကလေးမှာ အဖိုးအို၏ တပည့်ဖြစ်သူ ပုလဲလေးပင် ဖြစ်ရပေမည်။

ဆရာမ တွတိလန်ကိုမူ သူမ၏ မိသားစုက လာရောက်ခေါ်ဆောင်သွားခဲ့ပြီ ဖြစ်သလို၊ ‘ရေတံခွန်နဂါး’ သည်လည်း ကုသရေးရေကန်များထဲတွင် မရှိတော့ချေ။

“သွားမည်းလေး...” ကျူးမင်လန်က တိုးတိုးလေး ခေါ်လိုက်သည်။

ကုသရေးရေကန် အနည်းငယ်ကို လိုက်လံရှာဖွေပြီးနောက်တွင်ပင် သူ၏ ကိုယ်ထည် ကြီးမားသော ‘မိကျောင်းနက်နဂါးကြီး’ ကို မတွေ့ရှိရသဖြင့် ကျူးမင်လန်သည် ကုသရေး ခန်းမ၏ အတွင်းပိုင်းဆီသို့ လျှောက်လှမ်းသွားရန် ဆုံးဖြတ်လိုက်သည်။

နောက်ဘက်ခန်းမတွင် ဆေးဝါးများ ကျိုချက်ရန်အတွက် မီးဖိုကြီးများနှင့် နဂါးများအတွက် ဆေးဘက်ဝင်အစာများကို ချက်ပြုတ်ရန် အိုးကြီးများ ရှိသည့် ကြီးမားသော ဆေးဝါးချက် လုပ် အဆောင်တစ်ခု ရှိနေသည်။ ကျူးမင်လန်တစ်ယောက် နေရာမှားလာပြီဟု ထင်မှတ် နေစဉ်မှာပင် ဧရာမ မည်းမှောင်သည့် အရိပ်ကြီးတစ်ခုက ဆေးကျိုမီးဖိုကြီးအနီးမှနေ၍ ဖြည်းညှင်းစွာ လှုပ်ရှားလာခဲ့သည်။

ကုသရေးခန်းမသည် နဂါးထိန်းကျောင်းသူများကိုသာမက ဒဏ်ရာရနဂါးများကိုပါ ပြုစု စောင့်ရှောက်ပေးသည့် နေရာဖြစ်ရာ၊ မီးဖိုနှင့် ဖိုခနောက် ကိရိယာအားလုံးမှာ ဝင်းတံတိုင်း အနိမ့်စားခန့် မြင့်မားကာ အလွန်တရာ ထုထည်ကြီးမားလှသည်။

သို့သော်လည်း ထင်းချောင်းများ အပုံလိုက် စုပုံထားသည့် မီးဖိုကြားရှိ ကွက်လပ်မှာမူ ထိုအမှောင်ထဲက အရိပ်မည်းကြီးအတွက် မဆိုစလောက်သာ ဆန့်ပုံရသည်။ ၎င်း၏ အမြီး ထက်ဝက်ခန့်မှာ အပြင်သို့ ထွက်နေပြီး ဘေးပတ်ဝန်းကျင်ရှိ မီးဖိုများကို တိုက်မိလဲကျလု မတတ် တရမ်းရမ်း လှုပ်ခါနေခဲ့ကာ၊ သူ၏ လုံးဝန်းအဆီပြန်နေသော နဂါးတင်ပါးကြီးကို တလှုပ်လှုပ် ရုန်းကန်ရင်း အစားအစာများကို အငမ်းမရ ဝါးမြိုနေလေသည်။

စားသောက်ပုံမှာ ကြည့်မကောင်းလှသော်လည်း ဤနဂါးနက်ကြီးသည် မိုးပြာနဂါးသွေးမျိုး ဆက်ကို ပိုင်ဆိုင်ထားပုံရပြီး အမြီးမှသည် ခန္ဓာကိုယ်တစ်ခုလုံးအထိ ခန့်ညားထည်ဝါသော တန်ခိုးအရှိန်အဝါနှင့် ကြောက်မက်ဖွယ်အငွေ့အသက်များကို ထုတ်လွှတ်နေကာ ထူးခြား ဆန်းပြားသော အရိပ်အယောင်အချို့ကို ပြသနေပေသည်။

“ဒါ ဘယ်သူ့ရဲ့ စည်းမဲ့ကမ်းမဲ့ မီးသွေးနဂါးကြီးလဲဟ။ အရှိန်အဝါတော့ ရှိပါရဲ့... ဒါပေမဲ့ ယဉ်ကျေးမှုကတော့ လုံးဝကို မရှိဘူး၊ ဒီလိုမျိုး ခိုးစားနေရတယ်လို့” ကျူးမင်လန်က သက်ပြင်းချရင်း ခေါင်းကိုသာ ဘာမှမတတ်နိုင်သလို ခါယမ်းလိုက်ပြီး၊ ဘာမှမမြင်လိုက်သ လို ဟန်ဆောင်ကာ သူ့သွားမည်းလေးကိုသာ ဆက်လက်ရှာဖွေရန် ဆုံးဖြတ်လိုက်သည်။

“အို” အရိုင်းစိုင်းမီးသွေးနဂါးကြီးက တုံ့ပြန်မှု အနည်းငယ် နှေးကွေးပုံရသော်လည်း ခဏ အကြာတွင်မှ ၎င်း၏ ကြီးမားသော ဦးခေါင်းကြီးကို လှည့်လာပြီး၊ နှာခေါင်းရှုံ့လျက် သူ့ကို ကြည့်နေသော ကျူးမင်လန်ကို လှမ်းမြင်သွားခဲ့သည်။ ‘နဂါးနှလုံးသားတွင် လွန်ကဲသော ဝမ်းမြောက်ပျော်ရိပ်’ တို့ဖြင့် လွှမ်းမိုးသွားကာ၊ နဂါးကြီးသည် သူ့အစားအစာများကို စွန့်ပစ် လိုက်ပြီး စိတ်လှုပ်ရှားစွာဖြင့် ကျူးမင်လန်ထံသို့ ဝုန်းခနဲ လှမ်းတိုးဝင်လာခဲ့တော့သည်။

ကျူးမင်လန် ဆွံ့အသွားခဲ့ရသည်။

ဤယဉ်ကျေးမှုမရှိသော နဂါးနက်ကြီးသည် မီးဖိုချောင်က အစာတွေကို ခိုးစားရုံနဲ့တင် မတင်းတိမ်နိုင်ဘဲ... အခု သူ့ကိုပါ လာပြီး မြည်းစမ်းကြည့်တော့မလို့လား။

ထို့အပြင် ဤသတ္တုဝါကြီးမှာ အလွန်တရာ ကြောက်မက်ဖွယ်ကောင်းလှပြီး ၎င်း၏ ကြံ့ခိုင် ထုထည်ကြီးမားလှသော ခန္ဓာကိုယ်တည်ဆောက်ပုံကို ထည့်မပြောလျှင်ပင် သံမဏိခဲကြီး အလား မည်းနက်ပြောင်ချောနေသော နဂါးအရေပြားကြီးကတင် လိပ်ပြာလွင့်မတတ် ဖြစ်စေသည်။ သူ၏ အားနွဲ့လှသော ခန္ဓာကိုယ်လေးမှာ ဤနဂါးကြီးအတွက် အမြည်း တစ်လုပ်စာပင် ရှိလိမ့်မည်မဟုတ်ချေ။

“အနားမတိုးနဲ့ဦး... ငါက... အား” ကျူးမင်လန်တစ်ယောက် အဖြူလေးကို လှမ်း၍ အကူ အညီတောင်းရန်ပင် အချိန်မရလိုက်ဘဲ နဂါးနက်ကြီး၏ အတင်းအဓမ္မ ခုန်အုပ်ခြင်းကို ခံလိုက်ရကာ မြေပြင်ပေါ်သို့ လဲကျသွားခဲ့ရတော့သည်။

မကြာမီမှာပင် ကျူးမင်လန်သည် နဂါးကြီး၏ မည်းနက်ပြီး ကြောက်မက်ဖွယ်ကောင်းသော အစွယ်ကြီးများကို အနီးကပ် မြင်တွေ့လိုက်ရသဖြင့် နှစ်ပေါင်းထောင်ချီ သက်တမ်းရှိသည့် ရှေးဟောင်းမိကျောင်းကြီးတစ်ကောင်ပင်လျှင် ဤနဂါးကြီး၏ ထိတ်လန့်ခြောက်ခြားမူ အရာတွင် ယှဉ်နိုင်လိမ့်မည်မဟုတ်ဟု ခံစားလိုက်ရသည်။

သူ့ကိုယ်သူ တကယ်ပဲ အစားခံရတော့မည်ဟု ထင်မှတ်နေသည့် အခိုက်အတန့်မှာပင်... စေးကပ်ပြီး နူးညံ့လှသော လျှာကြီးတစ်ချက်က သူ့အပေါ်သို့ ဝုန်းခနဲ သုတ်ခတ်သွားခဲ့ပြီး ကျူးမင်လန်ကို တံတွေးများဖြင့် နှစ်ခြင်းခံခိုင်းသည့်အလား တစ်ကိုယ်လုံး ရွှဲနစ်သွားစေခဲ့ သည်။

ကျူးမင်လန်ဘက်မှ ဘာတုံ့ပြန်မှုမျှ မရှိသည်ကို သတိပြုမိပုံရသော နဂါးနက်ကြီးသည် သူ့ကို နောက်ထပ် သုံးလေးချက်ခန့် ထပ်မံလျက် ယက်ပေးနေခဲ့ရာ၊ ထိုအခါမှသာ ကျူးမင်လန်သည် သံသယစိတ်အချို့ဖြင့်... “သွားမည်းလေး... မင်းလား” လှမ်းမေးလိုက်မိ သည်။

နဂါးနက်ကြီး၏ ကြီးမားသော ဦးခေါင်းကြီးမှာ အချက်ပေါင်းများစွာ ပြင်းပြင်းထန်ထန် ခေါင်းညိတ်ပြလိုက်ရာ ဘေးနားရှိ ဆေးကျိုအိုးကြီးကိုပင် ရိုက်ခွဲပစ်လုမတတ် ဖြစ်သွားခဲ့ရ သည်။

ထိုအချိန်ကျမှသာ ကျူးမင်လန်သည် အလန့်တကြားဖြင့် စိတ်ကို အမြန်ငြိမ်သက်စေကာ သွားမည်းကြီးနှင့် ရှိထားသော သေးငယ်လှသည့် ဝိညာဉ်နှောင်ကြိုးကို အာရုံခံကြည့်လိုက် တော့သည်။

မကြာမီမှာပင် သူ့ရှေ့က သောင်းကျန်းနေသော နဂါးနက်ကြီးဆီမှ တုံ့ပြန်မှုတစ်ခု ပြန်လည် ရောက်ရှိလာခဲ့ရာ၊ ၎င်းက ကျူးမင်လန်ကို အလွန်အမင်း အံ့အားသင့်သွားစေသဖြင့် အတန်ကြာအောင် စကားပင် မဆိုနိုင်တော့ဘဲ... ‘မမှတ်မိနိုင်လောက်အောင် အသွင် ပြောင်းလဲသွားသည့်’ ဤနဂါးနက်ကြီးကိုသာ မျက်လုံးအဝိုင်းသားဖြင့် စိုက်ကြည့်နေမိ တော့သည်။

နဂါးတစ်ကောင်အဖြစ် အသွင်ပြောင်းသွားပြီ ဟုတ်လား။

သူ၏ ဝိညာဉ်သားရဲပေါက်လေးသည် အမှန်တကယ်ပင် နဂါးတစ်ကောင်အဖြစ် အသွင် ပြောင်းလဲသွားခဲ့ပြီ။

အားလုံးထက် ပို၍ အရေးကြီးသည်မှာ... ၎င်းက နဂါးတံခါးကို ခုန်ကူးကျော်ဖြတ်သွားသည့် ထူးမြတ်လှသော အခိုက်အတန့်ကို သူ ကွက်တိကြီး လွဲချော်သွားခဲ့ခြင်းပင်။

“သွားမည်းကြီး... တကယ်ပဲ မင်းပါလား။”

“မင်း... မင်းက နဂါးတစ်ကောင်အဖြစ် အသွင်ပြောင်းသွားပြီပဲ”

ကျူးမင်လန်တစ်ယောက် စကားများပင် ထစ်အငေါ့ငေါ့ ဖြစ်နေခဲ့ရသည်။

သူက ဘယ်လိုပုံစံမျိုးနဲ့ နဂါးတစ်ကောင်အဖြစ် အသွင်ပြောင်းသွားခဲ့ရတာပါလိမ့်။

ရေအေးကန်ကြီးအတွင်း ဖြစ်ပွားခဲ့သော ထိုပြင်းထန်လှသည့် တိုက်ပွဲက သွားမည်းကြီး၏ အရိုးထဲအသားထဲတွင် ကိန်းအောင်းနေသော နဂါးသွေးမျိုးဆက်ကို လုံးဝနှိုးဆွပေးလိုက် ပြီး၊ သူ့အား နောက်ဆုံးအတားအဆီးကို ကျော်ဖြတ်ကာ နဂါးတစ်ကောင်အဖြစ် အသွင် ပြောင်းလဲသွားစေခဲ့ခြင်း ဖြစ်ပေလိမ့်မည်။

ဒါကတော့ တကယ့်ကို ဧရာမ... မဟာဧရာမ... အံ့သြဝမ်းသာစရာကြီးပင် ဖြစ်တော့သည်။

ယခုအချိန်တွင် သွားမည်းကြီးသည် အရွယ်အစားအားဖြင့် ခုနစ်မီတာမှ ရှစ်မီတာခန့်အထိ ကြီးထွားလာခဲ့ပြီ ဖြစ်ပြီး၊ ၎င်းမှာ မီးဖိုချောင်အတွင်း နေရာကျဉ်းမြောင်းလွန်းသောကြောင့် သာ ဖြစ်ပေသည်။ အကယ်၍ ၎င်း၏ ထုထည်ကြီးမားပြီး သန်မာလှသည့် မိကျောင်းအမြီး ကြီးကိုပါ ထည့်သွင်းတွက်မည်ဆိုပါက အလျားဆယ်မီတာခန့်အထိ ရှိပေလိမ့်မည်။

၎င်း၏ နောက်ခြေထောက်များသည် ယခင်ကထက် ပို၍ တောင့်တင်းသန်မာလာခဲ့ပြီး၊ ရှေ့ခြေလက်များတွင်မူ နဂါးအကြွက်သားများ ပြည့်နှက်နေသည့် လက်မောင်းကြီးများ ရှိနေခဲ့သည်။ ခန္ဓာကိုယ်တစ်ခုလုံးမှာ မူလမိကျောင်းပုံသဏ္ဌာန်ကို ထိန်းသိမ်းထားဆဲ ဖြစ်သော်လည်း ယခုအခါတွင်မူ တောရိုင်းမိကျောင်းကြီးတစ်ကောင် မဟုတ်တော့ဘဲ ကြောက်မက်ဖွယ်ကောင်းသော ‘မိကျောင်းနဂါး’ ခန္ဓာကိုယ် တည်ဆောက်ပုံမျိုး ဖြစ်နေခဲ့ ပြီ။

၎င်း၏အရေပြားသည် ကြမ်းတမ်းခြင်း သို့မဟုတ် အဖုအထစ်များ ရှိမနေတော့ဘဲ ပြောင်ချောနေသော အသွင်သဏ္ဍာန်ကို ဆောင်နေပြီး၊ သံမဏိနက် ချပ်ဝတ်တန်ဆာတစ်စုံ ကို ဆင်မြန်းထားသည့်အလား ခိုင်မာတောင့်တင်းလှသော ခံစားချက်ကို ပေးစွမ်းနေသည်။

ဦးခေါင်းထက်ရှိ သရဖူဦးချိုကြီးများသည်လည်း လုံးဝဥဿုံ ကြီးထွားလာခဲ့ပြီး နဖူးပြင်မှ သည် ဦးခေါင်းနောက်စေ့အထိ ဖုံးလွှမ်းထားကာ၊ တစ်ချိန်က ချစ်စရာကောင်းပြီး ထုံပေပေ နိုင်ခဲ့သော သွားမည်းလေးအား စစ်မှန်သော နဂါးတို့၏ မဟာတန်ခိုးအရှိန်အဝါကို တိုးပွား စေခဲ့တော့သည်။

၎င်းသည် အမှန်စင်စစ် မိုးပြာနဂါးသွေးမျိုးဆက်ပင် ဖြစ်ပေသည်။

မိုးပြာနဂါးဆိုသည်မှာ ရှေးဟောင်းနဂါးများထဲမှ တစ်မျိုးဖြစ်ပြီး မိကျောင်း သို့မဟုတ် ဖွတ်၊ ပုတက်များနှင့် ဆင်တူကာ ရေတိမ်ပိုင်းဒေသများတွင် ကျင်လည်ကျက်စားလေ့ ရှိကြ သည်။ ရွှံ့နွံတောများ၊ စိုစွတ်သော မြေရိုင်းများ၊ မိုးသစ်တောများ၊ ကန်များနှင့် မြစ်ရေ တိမ်ပိုင်းများတွင် အများဆုံး နေထိုင်တတ်သည့် မိကျောင်းများကဲ့သို့ပင် မိုးပြာနဂါးကို လည်း သမုဒ္ဒရာ၏ ထိပ်တန်း အသားစား သတ္တုဝါကြီးဟု ခေါ်ဆိုကြပေသည်။

၎င်းတို့သည် ရေနက်ပိုင်းရှိ သတ္တုဝါကြီးများကို လိုက်လံအမဲလိုက်ရုံတင်မကဘဲ ရေတိမ် ပိုင်း သန္တာကျောက်တန်းများပေါ်မှနေ၍ ကမ်းနားအနီးတွင် လှည့်လည်သွားလာနေသော အားကောင်းသည့် သတ္တဝါများကိုပါ အငမ်းမရ ခုန်အုပ်ကာ ကိုက်ခဲတတ်ကြသည်။ ကုန်းပြင်ထက်တွင် လွှမ်းမိုးနိုင်စွမ်းကြီးမားသော နဂါးရိုင်းကြီးများပင်လျှင် ၎င်းတို့နှင့် တွေ့ပါက လမ်းဖယ်ပေးကြရစမြဲ ဖြစ်သည်။

ဤအသွင်ပြောင်းလဲမှုက သွားမည်းလေးသည် မိုးပြာနဂါးသွေးမျိုးဆက်ကို လုံးဝဥဿုံ နိုးထနိုင်ခဲ့ပြီ ဖြစ်ရာ၊ ၎င်း၏အနှိုင်းမဲ့ ခန္ဓာကိုယ်တည်ဆောက်ပုံနှင့်ဆိုလျှင် အနီးကပ် တိုက်ပွဲများတွင် မည်သည့်နဂါးမျိုးစိတ်ကိုမဆို ဘုန်းဘုန်းကျေအောင် တိုက်ခိုက်နိုင်ရန် လုံးဝ မကြောက်ရွံ့တော့ချေ။

ထို့အပြင် ရေထဲတွင်ဆိုလျှင် မည်သူကမျှ တားဆီးနိုင်လိမ့်မည် မဟုတ်ချေ။

ကျူးမင်လန်၏ မျက်နှာထက်တွင် အပြုံးပန်းများ ဝေဆာသွားခဲ့ရသည်။ သူသည် သူ့အင်အားကို အလျင်အမြန် ပြောင်းလဲရန် လိုအပ်နေချိန်တွင် သွားမည်းလေး၏ နဂါး အဖြစ် ဆင့်ကဲပြောင်းလဲမှုကြီးက အချိန်ကိုက် ကွက်တိ ပေါ်ပေါက်လာခဲ့ခြင်း ဖြစ်ပေသည်။ ထို့ကြောင့် နောက်တစ်ကြိမ် ထိုကောင်စုတ် လော့ရှောင်နှင့် ပြန်လည်ရင်ဆိုင်ရလျှင်ပင် ကျူးမင်လန်အတွက် လိုအပ်သော ယုံကြည်ချက်ကို အပြည့်အဝ ပေးစွမ်းနိုင်ခဲ့ပြီ။

အခန်း (၄၆) တောဝက်နက်ကြီး။

နဂါးတစ်ကောင်အဖြစ် အသွင်ပြောင်းလဲသွားပြီးနောက်တွင်မူ ဝိညာဉ်ပဋိညာဉ်စာချုပ်ကို ချုပ်ဆိုနိုင်ပြီ ဖြစ်သည်။

ယခင်ကတည်းက ဝိညာဉ်သားရဲပေါက်ဘဝတွင် ဝိညာဉ်နှောင်ကြိုး ရှိထားခဲ့၍ ပဋိညာဉ် ချုပ်ဆိုခြင်းမှာ အလွန်တရာ ချောမွေ့လှပေသည်။ သွားမည်းကြီးကိုယ်တိုင်ကလည်း လိုလိုလားလား ရှိလှသဖြင့် ကျူးမင်လန်သည် ယနေ့မှစ၍ အစစ်မှန် နဂါး နှစ်ကောင်ကို ပိုင်ဆိုင်သည့် နဂါးထိန်းတစ်ဦး တရားဝင် ဖြစ်လာခဲ့ပြီ ဖြစ်တော့သည်။

ပဋိညာဉ်ချုပ်ဆိုမှု ပြီးဆုံးသွားသည်နှင့် ကျူးမင်လန်သည် ဝိညာဉ်ချင်း ဆက်သွယ်မှုကို ပို၍ သဲသဲကွဲကွဲ ခံစားလိုက်ရ၏။ တစ်ချိန်တည်းမှာပင် သူ၏ စိတ်နှင့် ဝိညာဉ်နယ်မြေအတွင်း၌ ထူးခြားသော အပြောင်းအလဲတစ်ခု ဖြစ်ပေါ်လာသကဲ့သို့ ခံစားလိုက်ရပြီး၊ သူ၏ အာရုံ ငါးပါးမှာ ပို၍ ထက်မြက်လာကာ ပတ်ဝန်းကျင်ရှိ အရာရာကို အကဲခတ် ပိုင်းခြားနိုင်စွမ်း လည်း ပိုမိုအားကောင်းလာခဲ့သည်။

“ဝိညာဉ်စွမ်းအားတွေ တိုးလာတာပဲ။ ဝိညာဉ်နယ်မြေကလည်း အဖြူလေးရော သွားမည်း ကြီးကိုပါ ပိုပြီး မြန်မြန် ကြီးထွားလာအောင် လုပ်ပေးနိုင်စွမ်း ရှိသွားပြီ။ တစ်ရက်တည်း နဲ့တင် တစ်လခွဲစာလောက် အကျိုးသက်ရောက်မှု ရှိလာတော့မယ်။ ဒါတင်မကသေးဘူး... အခုဆိုရင် ဝိညာဉ်စွမ်းအင်အနှစ် ပုလဲသန့်စင်ခြင်းဖို့အတွက် ဝိညာဉ်စွမ်းအားကို စမ်းသပ် အသုံးပြုလို့ ရပြီ” ကျူးမင်လန်က စိတ်လှုပ်ရှားစွာ ရေရွတ်လိုက်မိသည်။

သွားမည်းကြီး နဂါးတံခါးကို ခုန်ကူးကျော်ဖြတ်နိုင်ခဲ့ခြင်းက ကျူးမင်လန်ကိုယ်တိုင်အတွက် လည်း အပြောင်းလဲများစွာ ယူဆောင်လာပေးခဲ့သည်မှာ သိသာလှပေသည်။ သူ၏ ကျင့်စဉ် အဆင့်မှာ ကြီးမားသော ခြေလှမ်းတစ်လှမ်း ရှေ့သို့ တက်လှမ်းသွားခဲ့ပြီဖြစ်ရာ နောက် နောင်တွင်မူ ငါးခြောက်လို ဘဝမျိုးဖြင့် အချိန်ဖြုန်းနေရန် မလိုတော့ချေ။

အဖြူလေးသည် ကြီးထွားမှုအဆင့်တွင်ရှိနေပြီး၊ သူ့စွမ်းအားက အဆင့်နိမ့် ‘နဂါးစစ်သူကြီး’ အဆင့်မျှသာ ရှိသေးသော်လည်း သွားမည်းကြီးထက် များစွာ သာလွန်နေဆဲ ဖြစ်သည်။ သို့သော် အကြောင်းရင်း တစ်စုံတစ်ရာကြောင့် အဖြူလေး၏ အဆင့်တက်လှမ်းမှုက ကျူးမင်လန်၏ စိတ်နှင့် ဝိညာဉ်အပေါ်သို့ ကြီးမားသော အပြောင်းအလဲများ ဖြစ်ပေါ်စေခဲ့ ခြင်း မရှိချေ။

တစ်ဖက်တွင်မူ သွားမည်းကြီး နဂါးအဖြစ် အသွင်ပြောင်းလဲသွားခြင်းကသာ ကျူးမင်လန် အား စစ်မှန်သော နဂါးထိန်းတစ်ဦး၏ အင်္ဂါရပ်နှင့် အဆင့်သို့ အမှန်တကယ် ပို့ဆောင်ပေးခဲ့ ခြင်း ဖြစ်သည်။

“တရားဝင် နဂါးထိန်းတစ်ယောက် ပထမဆုံး ဖြစ်လာတာဆိုတော့ ဖြည်းဖြည်းချင်း လေ့လာရမယ့်အရာတွေ အများကြီး ရှိသေးတာပဲ။ အင်း... အင်း... တည်တည်ငြိမ်ငြိမ်နဲ့ ရှေ့ဆက်တိုးပြီး ရည်မှန်းချက်ပန်းတိုင် အသေးစားလေးဆီကို လှမ်းရမယ်” ကျူးမင်လန် စိတ်ဓာတ်များ အဆမတန် တက်ကြွနေခဲ့ပြီး သူ့အထွတ်အထိပ် ကာလသို့ ပြန်လည် ရောက်ရှိတော့မည့် အရိပ်အယောင်များကို ဝေဝေဝါးဝါး မြင်တွေ့နေရပြီ ဖြစ်သည်။

ဤခေတ်၏ အသန်မာဆုံး ပုဂ္ဂိုလ်တစ်ဦး ဖြစ်လာရန်အတွက်မူ ‘နဂါးသခင်’အဆင့် နဂါး တစ်ကောင်ကို ပိုင်ဆိုင်ထားရမည် ဖြစ်သည်။

သို့သော် လီယွင်ဇီ ရောက်ရှိနေသည့် ကျင့်စဉ်အဆင့်ကို တွေးတောမိလိုက်သောအခါ ကျူးမင်လန်သည် သူ့ရည်မှန်းချက်ပန်းတိုင် အသေးစားလေးကို အနည်းငယ် ပို၍ မြှင့်တင် ရန် လိုအပ်သည်ဟု ခံစားလိုက်ရ၏။

လီယွင်ဇီသည် နဂါးသခင်အဆင့်မျှမကသော စွမ်းအားမျိုးကို ပြသထားခဲ့ရာ... သူသည် လည်း အာဏာရှိသော ယောက်ျားတစ်ယောက်ပီပီ အနည်းဆုံးတော့ အတိုက်အခံ အားလုံး ကို မှုန့်မှုန့်ညက် ခြေဖျက်ပစ်နိုင်မည့် နဂါးအရှင်အဆင့်သို့ ရောက်ရှိရန် လိုအပ်ပေလိမ့်မည်။

သွားမည်းကြီးကို ခေါ်ဆောင်လာပြီးနောက်တွင် ကျူးမင်လန်သည် ထိုမိန်းကလေးမှာ စားပွဲခုံပေါ်၌ ယခင်အတိုင်း မှောက်လျက် အိပ်ပျော်နေဆဲ ဖြစ်သည်ကို သတိပြုမိလိုက် သည်။ သူမသည် ယောက်ျားတစ်ယောက်နှင့် ကြီးမားလှသော နဂါးနက်ကြီး တစ်ကောင် အနောက်ဘက်ဆောင်မှ လျှောက်လှမ်းထွက်ခွာလာသည်ကို လုံးဝ သိရှိခြင်း မရှိချေ။ တစ်ခုတည်းသော ကွာခြားချက်မှာ သူမသည် အိပ်စက်သည့် ပုံစံကို ပြောင်းလဲလိုက်ခြင်း ဖြစ်ပြီး တည်ငြိမ်အေးဆေးခြင်း မရှိတော့ဘဲ တကယ်ကို ချစ်စရာကောင်းသော ပုံစံလေး ဖြစ်နေခဲ့သည်။

ကျူးမင်လန် သူမကို မနှောင့်ယှက်ချင်သော်လည်း ထွက်ခွာခါနီးတွင် တံခါးရှေ့၌ ချိတ်ဆွဲ ထားသော စာရင်းတစ်ခုကို ရုတ်တရက် သတိပြုမိလိုက်သည်။ ၎င်းစာရင်းပေါ်တွင် သူ ပေးချေရမည့် အကြွေးမှတ်တမ်းများနှင့် ယခုရက်ပိုင်းအတွင်း သူတို့ ကျွေးမွေးခဲ့သော အစာအာဟာရများအတွက် ကျသင့်ငွေများကို သဲသဲကွဲကွဲ ရေးသားထားခဲ့သည်။

“မင်း ဒီလောက် အများကြီး စားခဲ့ရသလား” ကျူးမင်လန်က လှည့်၍ သွားမည်းကြီးကို မေးလိုက်သည်။

“အု…” သွားမည်းကြီးကမူ မည်သည့်အခါမျှ ဗိုက်မဝဖူးသေးသည့်အလား ကြည့်နေခဲ့ သည်။

ကျူးမင်လန် သူ၏ငွေကြေးများနှင့် လက်ထဲတွင် ရှိနေသော သနားစရာကောင်းလောက် အောင် နည်းပါးလှသည့် ကျောင်းတွင်းခရက်ဒစ်အမှတ်များကို တွေးတောရင်း ခေါင်းကိုက် လာခဲ့ရသည်။

ကံကောင်းထောက်မစွာဖြင့် ‘ကုသရေးခန်းမ’ သည် နဂါးထိန်းအကယ်ဒမီအတွင်း အကြွေး တင်ခံသည့် နေရာအနည်းငယ်များထဲမှ တစ်ခုဖြစ်နေ၍သာ တော်တော့သည်။ သို့မဟုတ်ပါ က ကျူးမင်လန်တစ်ယောက် အသစ်စက်စက် နဂါးဖြစ်လာသော သွားမည်းကြီးကို ထိုနေရာမှာတင် ပေါင်နှံထားခဲ့ရပေလိမ့်မည်။

နဂါးစာအကြောင်း တွေးမိသည်နှင့် ယခင်က စိတ်ဓာတ်တက်ကြွနေခဲ့သော ကျူးမင်လန် တစ်ယောက် ထပ်မံ၍ တွေးတောဆင်ခြင်မှု ရေအိုင်ကြီးထဲသို့ နက်နက်နဲနဲ ကျရောက် သွားခဲ့ရပြန်သည်။

အဖြူလေးအတွက် နှင်းပန်းပျားဝတ်ရည် အထောက်အပံ့မှာ ကုန်လုနီးပါး ဖြစ်နေခဲ့ပြီ၊ ၎င်း အဆင့်တက်လှမ်းပြီးနောက်တွင် အစားအသောက် အာဟာရ လိုအပ်ချက်မှာလည်း အနည်းငယ် တိုးပွားလာခဲ့သည်။ ထို့ပြင် နှင်းပန်းပျားဝတ်ရည်မှာလည်း အဖြူလေးအတွက် လုံလောက်သော အာဟာရဓာတ် မပေးစွမ်းနိုင်တော့ပုံပေါ်သည်။ အနည်းဆုံးတော့ ယခုထိ ကျူးမင်လန်သည် အဖြူလေးဆီမှ မိုးပြာနဂါးဆန်းကြယ်ပညာရပ်များ နှိုးထလာသည်ကို မမြင်တွေ့ရသေးချေ...

သွားမည်းကြီး နဂါးအဖြစ် ပြောင်းလဲသွားပြီးနောက်တွင်မူ ၎င်း၏ အစားအသောက် လိုအပ်ချက်မှာ... သာမန် အသားတိုးပိုးစာကောင် အနည်းငယ်မျှဖြင့် မည်သည့်နည်းနှင့်မျှ ဗိုက်ဝနိုင်တော့မည် မဟုတ်ချေ။

ယခုအခါ သွားမည်းကြီးသည် တန်ဖိုးနည်းသော အသားတိုးပိုးစာကောင်များကို မစားတော့ ဘဲ အာဟာရဓာတ် ကြွယ်ဝပြီး စွမ်းအင်အပြည့် ပါဝင်သော အဆင့်မြင့် အသားတိုးပိုး စာကောင် များကိုသာ အလိုရှိတော့သည်။

မကြာသေးမီက ထွက်ပေါ်လာသော ကျသင့်ငွေစာရင်းအရ သွားမည်းကြီးသည် အရွယ် ရောက်ပြီးသား တောဝက်နက်ကြီး စုစုပေါင်း ခုနစ်ကောင်တိတိကို ဝါးမြိုခဲ့ကြောင်း သဲသဲ ကွဲကွဲ ဖော်ပြထားသည်။

သို့ပါလျက်နှင့် သွားမည်းကြီးမှာ ဗိုက်ဝသည့် အရသာကို မခံစားရသေးချေ။

နဂါးများဆိုသည်မှာ တကယ့်ကို ရွှေကို စားသုံးနေကြသည့်အလား အကုန်အကျ များလှပေ သည်။

ယခုအခါ သွားမည်းကြီးကို ဝိညာဉ်နယ်မြေအတွင်းသို့ ထည့်သွင်းထားနိုင်ပြီဖြစ်ရာ အဝင် အထွက် ပြုလုပ်ရသည်မှာ များစွာ ပိုမိုလွယ်ကူသွားခဲ့ပြီ ဖြစ်သည်။

စစ်မှန်သော နဂါးထိန်းတစ်ဦး ဖြစ်လာခဲ့ပြီဖြစ်၍ ကျူးမင်လန်သည် သီးခြားစံအိမ်တစ်ခုသို့ ပြောင်းရွှေ့နေထိုင်ခွင့် အဆင့်အတန်း ရှိနေပြီ ဖြစ်သော်လည်း၊ နေထိုင်မှုပုံစံ ပြောင်းလဲ ခြင်းမှာ ခရက်စ်ဒက်အမှတ်များနှင့် ငွေကြေးများစွာ ကုန်ကျမည် ဖြစ်သည်။ ထို့ကြောင့် ပြန်လည်တွေးတောကြည့်ပြီးနောက် စိတ်အား ထက်သန်တက်ကြွသော ကျောင်းနေဖက် သူငယ်ချင်းများနှင့်အတူ သိုက်သိုက်ဝန်းဝန်း နေထိုင်ရသည့် ပတ်ဝန်းကျင်ကပင် ပိုမို ကောင်းမွန်သည်ဟု ခံစားလိုက်ရသည်။

သူ၏ ကိုယ်ပိုင်အခန်းမှာ သန့်ရှင်းစင်ကြယ်အောင် သန့်ရှင်းရေး လုပ်ဆောင်ထားပြီးသား ဖြစ်နေခဲ့သည်။ ဟုန်ဟောက်က ကျူးမင်လန် ပြန်လည်ရောက်ရှိလာသည်ကို မြင်သော အခါ ချက်ချင်းပင် ကြိုဆိုရန် အနားသို့ ရောက်ရှိလာခဲ့ပြီး၊ သူ၏ မြှောက်ပင့်ချီးမွမ်းစကား များကြောင့် ကျူးမင်လန်တစ်ယောက် အတော်လေး စိတ်ချမ်းသာသွားခဲ့ရသည်။

“ငါ အခုတလော ငွေနည်းနည်း ပြတ်နေလို့...” ကျူးမင်လန်က ဟုန်ဟောက်ကို မေးမြန်း စရာ ကိစ္စတစ်ခုကို အခွင့်ကောင်းယူ၍ စကားစလိုက်သည်။

“ဗျာ…. ငါမှာလည်း ပိုက်ဆံ အများကြီး မရှိဘူးနော်” ဟုန်ဟောက်တစ်ယောက် မိမိ၏ စည်းစိမ်ဥစ္စာများလုယူခံရတော့မည်ဟု ထင်မှတ်ကာ ကြောက်လန့်တကြား တုန်လှုပ်သွား ခဲ့ရသည်။

“ငါ မင်းဆီက ချေးမလို့ မဟုတ်ပါဘူး၊ မင်းကလည်း ဘာတွေ လန့်နေတာလဲ။ ငါ သိချင်တာ က ကျောင်းတော်ထဲမှာ ဆုကြေးအများကြီးပေးတဲ့ ကောင်းမွန်တဲ့ အလုပ်အပ်နှံမှုတွေ ရှိလားလို့ မေးမလို့ပါ” ကျူးမင်လန်က ဆိုလိုက်သည်။

“အခုတလော ကျောင်းတော်ရဲ့ တရားဝင်တာဝန်တွေကတော့ သိပ်မရှိဘူးဗျ။ မြို့ပြနိုင်ငံ တွေဘက်မှာ သွားပြီး ရှာဖွေကြည့်ရင်တော့ အစ်ကိုကျူးရဲ့ ကျင့်စဉ်အဆင့်အတန်းနဲ့ လိုက်ဖက်မယ့် အလုပ်မျိုး ရှိနိုင်ပါတယ်” ဟုန်ဟောက်က ပြောသည်။

“ဒါဆိုရင်... တောဝက်နက်တွေ အများကြီး ရှိတဲ့နေရာကို ငါ့အတွက် စုံစမ်းပေးပါဦး” ကျူးမင်လန်က ဆိုလိုက်သည်။

“ရတာပေါ့... ပြဿနာမရှိပါဘူး” ဟုန်ဟောက်တစ်ယောက် ချက်ချင်းပင် အလွန်အမင်း တက်ကြွသွားခဲ့တော့သည်။

ထို့နောက်တွင်မူ ကျူးမင်လန်က အိပ်စက်ရန်အတွက် သူ့အခန်းထဲသို့ ပြန်လည်ဝင်ရောက် သွားခဲ့သည်။ သူသည် အတန်ကြာအောင် မျက်စိမမှိတ်ခဲ့ရသဖြင့် အလွန်ပင် ပင်ပန်း နွမ်းနယ်နေခဲ့ပြီ။

သူ ခေါင်းနှင့်ခေါင်းအုံး ထိသည်နှင့် တပြိုင်နက် နှစ်ခြိုက်စွာ အိပ်ပျော်သွားခဲ့ပြီး အိပ်မော ကျသွားခဲ့သည်။ အခန်း၏ ပြတင်းပေါက်များကို တင်းကျပ်စွာ ပိတ်ထားပြီး လိုက်ကာများ ကိုလည်း ဆွဲချထားသဖြင့် အလင်းရောင်ဟူ၍ သိပ်မဝင်ချေ။ ကျူးမင်လန်တစ်ယောက် ရံဖန်ရံခါ နိုးလာသည့်အခါမျိုးတွင် အပြင်ဘက်၌ နေ့လော ညလော ဆိုသည်ကိုပင် မခွဲခြား နိုင်တော့ချေ။

ဝိညာဉ်နယ်မြေအတွင်း၌မူ...

အဖြူလေးသည်လည်း နှစ်ခြိုက်စွာ အိပ်ပျော်နေခဲ့ပြီး ၎င်း၏ အမွှေးနုလေးများက အသက်ရှူသံနှင့်အတူ ညင်သာစွာ လှုပ်ခါနေခဲ့သည်။

သွားမည်းကြီးကမူ အခြားတစ်ဖက်က ထောင့်စွန်းတစ်ခုတွင် ရှိနေပြီး ၎င်း၏ ဟောက်သံမှာ မိုးကြိုးပစ်သည့်အလား တဟုန်းဟုန်းနှင့် ပြင်းထန်နေသည်။ ဟောက်သံက အထွတ်အထိပ် သို့ ရောက်ရှိသွားသည့်အခါတိုင်း ဝိညာဉ်နယ်မြေအတွင်းရှိ အဖြူလေး၏ အမြီးက ဝေဟင် ထက်သို့ ဝေ့ယမ်းသွားတတ်ပြီး သွားမည်းကြီး၏ မျက်နှာဆီသို့ ပြင်းထန်သော လေပြင်း တစ်ချက် ပင့်တိုက်ပေးတတ်သည်။

သွားမည်းကြီးမှာ တစ်ဝက်တစ်ပျက် နိုးလာပြီး သူ့မျက်နှာကို အသိုက်နှင့် သုံးလေး ချက်ခန့် ပွတ်သပ်လိုက်ကာ ပြန်လည်အိပ်ပျော်သွားပြန်သည်။ သူ့ဟောက်သံမှာ တဖြည်းဖြည်းနှင့် ပိုမိုကျယ်လောင်လာခဲ့ရာ နောက်ဆုံးတွင် ဝိညာဉ်နယ်မြေအတွင်းသို့ လေပြင်းတစ်ချက် ဖြတ်သန်း တိုက်ခတ်သွားပြီးမှသာ ဟောက်သံကြီး စဲသွားပြီး ခဏလောက် ငြိမ်ကျသွား တတ်သည်။

ဤနဂါးနက်ကြီး၏ ဟောက်သံကို ဆက်လက်၍ မအောင့်အီးနိုင်တော့ပုံရသော အဖြူလေး သည် နိုးထလာခဲ့ပြီး ဝိညာဉ်နယ်မြေအတွင်းမှ လျှောက်ထွက်လာခဲ့သည်။ သူသည် ပုံမှန် အတိုင်းပင် အတောင်ပံများကို ရုပ်သိမ်းလျက်၊ အမြီးကို ခန္ဓာကိုယ်ပတ်လည်တွင် ရစ်ပတ် ပြီး ကျူးမင်လန်၏ စောင်ပုံပေါ်တွင် ကြောင်လေးတစ်ကောင်အလား ခွေခွေလေး လာရောက်အိပ်စက်နေတော့သည်။

ကျူးမင်လန်က အိပ်ချင်မူးတူးဖြင့် မျက်လုံးကို ဖွင့်ကြည့်လိုက်ရာ မျက်ခွံများမှာ လေးလံနေ ဆဲဖြစ်သော်လည်း၊ အဖြူရောင်နဂါးလေးတစ်ကောင်သည် သူ၏ စောင်ပုံပေါ်တွင် အသိုက် လုပ်ကာ နေရာယူထားသည်ကို သတိပြုမိလိုက်သောအခါ... သူက တစ်ဖက်သို့ ဂရုတစိုက် လှည့်လိုက်ပြီး စောင်ကို မဆိုစလောက်မျှပင် မဆွဲရဲတော့သဖြင့် သူ၏ ခန္ဓာကိုယ်တစ်စိတ် တစ်ပိုင်းမှာ အပြင်သို့ ပေါ်ထွက်လုမတတ် ဖြစ်သွားခဲ့ရသည်။ အအေးဒဏ်ကြောင့် တုန်တုန်ရင်ရင် ဖြစ်နေခဲ့သည့်တိုင်အောင် သူသည် အဖြူလေးကို နေရာရွှေ့ခိုင်းရန် မရက်စက်နိုင်ခဲ့ပေ...

မိုးကောင်းကင်က အုံ့မှိုင်းနေပြီး အေးစက်လှသော ဆောင်းဦးကာလ ဖြစ်သည်။

လီချွမ်းနဂါးထိန်းအကယ်ဒမီ၏ မြောက်ဘက်တွင် ကျယ်ပြောပြီး စိမ်းလန်းစိုစွတ်သော သစ်တောကြီးတစ်တော တည်ရှိသည်။ တောအုပ်အဝင်ဝအနီးတွင် ဆီဒါပင်များက လွှမ်းမိုး ထားပြီး တောအုပ်၏ ပို၍ နက်ရှိုင်းသော အပိုင်းတွင်မူ မြင့်မားလှသော ရှေးဟောင်း ထင်းရှူးပင်ကြီးများစွာ မားမားမတ်မတ် ရှိနေကြသည်။

ကျူးမင်လန် ဤသစ်တောထဲသို့ ရောက်ရှိနေရခြင်း အကြောင်းရင်းမှာမူ... ဤသစ်တော သည် အသားစားနဂါးများကို ပိုင်ဆိုင်ထားသည့် နဂါးထိန်းများစွာ လာရောက်၍ ရံဖန်ရံခါ အမဲလိုက်လေ့ရှိပြီး၊ နဂါးများ၏ ရက်စက်ကြမ်းကြုတ်မှုနှင့် တောရိုင်းသဘာဝကို ထိန်းသိမ်းပေးနိုင်သည့် အလွန်ကောင်းမွန်သော အမဲလိုက်ကွင်းပြင်ဖြစ်ကြောင်း ဟုန်ဟောက်က အထူးအကြံပြုခဲ့သောကြောင့် ဖြစ်ပေသည်။

ဆီဒါတောအုပ်ထဲသို့ လျှောက်လှမ်းဝင်ရောက်လာစဉ် မြေဆီလွှာပေါ်တွင် မကြာသေးမီက မှ ကြွေကျထားသော သစ်ရွက်များစွာ ဖုံးလွှမ်းနေခဲ့သဖြင့် ခြေဖဝါးအောက်တွင် အလွန် တရာ နူးညံ့အိစက်နေခဲ့သည်။

ဟုတ်ပါသည်၊ ကျူးမင်လန်က သွားမည်းကြီးပေါ်တွင် တက်ဆီးနေခြင်း ဖြစ်ပြီး... သွားမည်းကြီး ခြေတစ်လှမ်း လှမ်းလိုက်တိုင်း သူ့ဧရာမခြေရာကြီးများက မြေကြီးထဲတွင် တိုက်ရိုက် ထင်ကျန်ရစ်ခဲ့ကာ၊ ဘေးပတ်ဝန်းကျင်ရှိ နုပျိုသော ဆီဒါပင်လေးများကိုပင် တုန်ခါသွားစေသည်။

ပို၍ တောနက်သော နေရာသို့ ရွှေ့လျားသွားသည်နှင့်အမျှ တောဝက်နက်ကြီးများနှင့် ကြုံတွေ့ရမည် ဖြစ်သော်လည်း ဤကဲ့သို့သော သတ္တုဝါမျိုးမှာ စာကလေးများကဲ့သို့ နေရာ အနှံ့ ရှိမနေသည့်အပြင် ရှာဖွေရန်လည်း မလွယ်ကူချေ။ ကျူးမင်လန်သည် ဤနယ်မြေ အတွင်း အတန်ကြာအောင် လှည့်လည်သွားလာခဲ့သော်လည်း တောဝက်ရိုင်းတစ်ကောင် တစ်လေမျှပင် မတွေ့ရှိရသေးချေ။

အမဲလိုက်ခြင်း၏ အခက်ခဲဆုံး အစိတ်အပိုင်းမှာ သားကောင်ကို သတ်ဖြတ်ခြင်း မဟုတ်ဘဲ သားကောင်ကို ရှာဖွေတွေ့ရှိရန် ဖြစ်သည်။ သစ်ပင်များ ပြည့်နှက်နေသည့် ကျယ်ပြောလှ သော သစ်တောကြီးအတွင်း၌ ချုံပုတ်အနိမ့်များကြောင့် အမြင်အာရုံကို မပိတ်ဆို့ထားလျှင် ပင် ကြောက်မက်ဖွယ်ကောင်းသော တောဝက်ရိုင်းတစ်ကောင်ကို ရှာဖွေပုံဖော်ရန်မှာ မလွယ်ကူလှချေ။

ကံကောင်းထောက်မစွာဖြင့် ကျူးမင်လန်သည် ပြင်ဆင်မှုအချို့ ပြုလုပ်လာခဲ့သည်။ သတ်မှတ်ထားသော သတ္တုဝါများ၏ ခြေရာများကို ခြေရာခံခြင်းမှာ နဂါးထိန်းအများစု သိရှိထားရန် လိုအပ်သော ကျွမ်းကျင်မှုတစ်ခု ဖြစ်သည်။

ကျူးမင်လန်၏ များစွာတိုးတက်လာသော အာရုံခံနိုင်စွမ်းကြောင့် ယခုအခါ သူသည် သတ်မှတ်ထားသော နယ်မြေတစ်ခုအတွင်းရှိ သတ္တုဝါအချို့၏ ကျန်ရှိနေသေးသော အနံ့ အသက်များကို စူးလှမ်းနိုင်ပြီ ဖြစ်သည်။ မျက်လုံးကို မှိတ်လိုက်သည်နှင့် အနံ့အသက်များ က မွှေးပျံ့သော လေညင်းများအလား ဘေးပတ်ဝန်းကျင်တွင် လွင့်မျောနေခဲ့ပြီး၊ တစ်နေရာ ရာတွင် ခေတ္တမျှ ဝဲပျံနေပြီးမှ အနည်းငယ် ဝေဝေဝါးဝါး ဖြစ်သော်လည်း သားကောင် အတည်တကျ ရှိသော အရပ်မျက်နှာတစ်ခုဆီသို့ ရွေ့လျားသွားတတ်သည်။ ၎င်းမှာ သတ္တုဝါကြီးများ သွားလာလှုပ်ရှားခဲ့ရန် အလားအလာ အရှိဆုံး အရပ်မျက်နှာပင် ဖြစ်သည်။

သိသာလှသည်မှာ အနံ့အသက်များသည် ပတ်ဝန်းကျင်၏ နှောင့်ယှက်မှုများကြောင့် ပျောက်ကွယ်သွားနိုင်သလို၊ မိစ္ဆာဝိညာဉ်များသည်လည်း ၎င်းတို့ကို အမဲလိုက်မည့် အသား စားသတ္တုဝါများကို ရှောင်ရှားရန်အတွက် မိမိတို့၏ အနံ့အသက်များကို ဖုံးကွယ်ခြင်း၊ လမ်းလွှဲခြင်း သို့မဟုတ် ဖျက်ဆီးပစ်ခြင်း စွမ်းရည်များကို တတ်မြောက်ထားကြပေသည်။

“ဒီဘက်လမ်း...” ကျူးမင်လန်က အရပ်မျက်နှာတစ်ခုကို ညွှန်ပြလိုက်သည်။

သွားမည်းကြီး၏ ကျောပေါ်တွင် ထိုင်နေရသဖြင့် ကျူးမင်လန်မှာ များစွာ ပိုမို သက်တောင့် သက်သာ ရှိလှပြီး ယခင်ကထက်လည်း များစွာ ပိုမိုမြန်ဆန်လာခဲ့သည်။

“မဟုတ်ဘူး... မှားသွားပြီ။ အဲဒါက သမင်တစ်ကောင်ရဲ့ အနံ့ပဲ။ ဒီဘက်လမ်းကွ... ဒီတစ်ခါတော့ ငါ လုံးဝ မမှားတော့တာ သေချာတယ်” ကျူးမင်လန်က အမှားကို ပြင်ဆင် လိုက်ရင်း အခြားသော အရပ်မျက်နှာတစ်ခုကို ညွှန်ပြလိုက်ပြန်သည်။

မိုးပြာနဂါးသွေးမျိုးဆက် နဂါးနက်ကြီးသည် အလွန်ပင် ဖျတ်လတ် လျင်မြန်စွာ လှည့်ပတ် နိုင်စွမ်း ရှိပေသည်။ သူ့တွင် အားကောင်းသန်မာသော နောက်ခြေလက်များ ရှိနေခဲ့ပြီး အုပ်စိုးရှင်နဂါးရိုင်းကြီးများကဲ့သို့ပင် မတ်တတ်ရပ်လျက် လျှောက်လှမ်းသည့် ကိုယ်နေဟန် ကို ထိန်းသိမ်းထားနိုင်ပေသည်။

ကျူးမင်လန်သည် ကျောင်းတော်တွင် နဂါးအမျိုးအစား ခွဲခြားသတ်မှတ်ခြင်းအချို့ကို ပြုလုပ်ခဲ့ဖူးပြီးဖြစ်ရာ... သွားမည်းကြီးသည် အုပ်စိုးရှင်နဂါးရိုင်းနှင့်တို့၏ သန့်စင်သော သွေးဆက်များကို ပိုင်ဆိုင်ထားသည့် စစ်မှန်သော ရှေးဟောင်းနဂါးကြီးတစ်ကောင် ဖြစ်ပေသည်။

အုပ်စိုးရှင်နဂါးရိုင်းနှင့် မိုးပြားနဂါးတို့သည် ကုန်းမြေနှင့် ရေပြင်သမုဒ္ဒရာ အသီးသီးတို့၏ အရှင်သခင်ကြီးများ ဖြစ်ကြသဖြင့် သွားမည်းကြီးသည် ကုန်းမြေထက်တွင်လည်း အလွန် တရာ ကြောက်မက်ဖွယ်ကောင်းသော တိုက်ခိုက်ရေး စွမ်းရည်ကို ပိုင်ဆိုင်ထားသည်။

သူတို့ရှေ့ဆီမှ အူသံတစ်ချက် ထွက်ပေါ်လာခဲ့ရာ ကျူးမင်လန်က နဂါးနက်ကြီး ချက်ချင်း ရပ်တန့်ရန်နှင့် ထိုနေရာ၌ စောင့်ဆိုင်းရန် အမိန့်ပေးလိုက်သည်။

သွားမည်းကြီးသည် အရွယ်အစား ကြီးမားလွန်းပြီး သူ၏ လွှမ်းနိုင်စွမ်းရှိသည့် နဂါးတန်ခိုး အရှိန်အဝါမှာလည်း အလွန်အမင်း ပြင်းထန်လွန်းသည်။ ထက်မြက်သော အာရုံခံစားမှု ရှိကြသည့် သာမန်မိစ္ဆာဝိညာဉ်များသည် သွားမည်းကြီး သူတို့အနားသို့ မချဉ်းကပ်နိုင်ခင်က တည်းက ကျေးငှက်များနှင့် သားရဲများအလား အရပ်ရပ်သို့ လန့်ဖျန့်ကာ ထွက်ပြေးသွားကြ ပေလိမ့်မည်။

တောဝက်နက်ကြီးများလည်း အလားတူပင်။ ၎င်းတို့သည် ရှေးဟောင်းနဂါးကြီးတစ်ကောင် ၏ အရှိန်ဝါကို မည်သို့မျှ မယှဉ်ပြိုင်နိုင်ကြဘဲ အနည်းငယ်သော အသံဗလံမျှကြောင့်ပင် လန့်ဖျန့်၍ ထွက်ပြေးသွားကြပေလိမ့်မည်။

ကျူးမင်လန်သည် ဤတောဝက်ရိုင်းကို လုံးဝ လက်လွတ်မခံလိုသဖြင့် အသံထွက်ပေါ်ရာ နောက်သို့ ခြေကျင် ခြေရာခံလိုက်ရန် ဆုံးဖြတ်လိုက်သည်။

နဂါးနက်ကြီးအနေဖြင့် ရှေ့ဆက်တိုးလိုပါက အလွန်တရာ ဖြည်းညှင်းစွာ လှုပ်ရှားရမည် ဖြစ်သော်လည်း ၎င်း၏ ထုထည်ကြီးမားသော အရွယ်အစားကြောင့် အသံတိတ် ချဉ်းကပ် ရန်မှာမူ မလွယ်ကူချေ။

“မင်း ဒီမှာပဲ စောင့်နေ၊ ငါ ရှေ့ကို သွားပြီး ကြည့်လိုက်ဦးမယ်။ ငါတို့ရဲ့ ပထမဆုံး သားကောင်ကို လန့်ပြီး ထွက်ပြေးအောင် မလုပ်နဲ့ဦး” ကျူးမင်လန်က ညွှန်ကြားလိုက် သည်။

“ရှူး...” ကျူးမင်လန်က သွားမည်းကြီးကို တိတ်တိတ်နေရန် လက်ဟန်ခြေဟန်ဖြင့် အမြန် အချက်ပြလိုက်ရသည်။

သွားမည်းကြီးမှာ စိတ်အားထက်သန်နေရာမှ အတင်းအဓမ္မ အောင့်အီးလိုက်ရသဖြင့် သူ့နှာခေါင်းပေါက်ကြီးများမှနေ၍ ပြင်းထန်သော နှာမှုတ်သံကြီးတစ်ခုသာ ထွက်ပေါ်လာခဲ့ တော့သည်။

ကျူးမင်လန်က ရှေ့သို့ အလျင်အမြန် တိုးဝင်သွားခဲ့သည်။

သူ့ခြေဖဝါးအောက်တွင် ကိုက်ဖြတ်ဝါးမြိုထားသော ဆီဒါသီးမြောက်မြားစွာကို သတိပြုမိ လိုက်သော်လည်း ၎င်းတို့ထဲမှ အများစုမှာ ကုန်စင်အောင် စားသောက်ထားခြင်း မရှိချေ။

၎င်းမှာ တောဝက်နက်ကြီးများ၏ လက်ချက် ဖြစ်ပေလိမ့်မည်။ ၎င်းတို့တွင် ရှဥ့် သို့မဟုတ် ယုန်များကဲ့သို့ ဆီဒါသီးများကို သေသပ်လှပစွာ စားသုံးနိုင်မည့် လျင်မြန်သော ရှေ့သွားများ ရှိမနေကြချေ။ ထို့ကြောင့် ၎င်းတို့ကို တစ်ခုလုံး ဝါးမြိုပစ်လိုက်ပြီးမှ စား၍မရသော အခွံမာများကို အပြင်သို့ ပြန်လည်ထွေးထုတ်လိုက်ကြခြင်း ဖြစ်သည်။

ဆီဒါသီးခွံများ ပြန့်ကျဲနေသည့် နယ်မြေကို ဖြတ်သန်းပြီးနောက်တွင်မူ ကျူးမင်လန်သည် ရှည်လျားပြီး ထူထဲသော အမွှေးအမျှင်များ ဖုံးလွှမ်းနေသည့် ဧရာမ တောဝက်ရိုင်းကြီး တစ်ကောင်ကို လှမ်းမြင်လိုက်ရတော့သည်။

ထိုတောဝက်နက်ကြီး၏ အမွှေးအမျှင်များမှာ မြေကြီးပေါ်သို့ပင် တရွတ်တိုက်လုမတတ် ဖြစ်နေပြီး၊ ၎င်း၏ ထုထည်ကြီးမားပုံမှာ တောရိုင်းစာမရီနွားသိုးအချို့နှင့်ပင် ယှဉ်နိုင်ကာ ကျောင်းတော်တွင် ဖမ်းဆီးရမိသော တောဝက်နက်များထက် သိသိသာသာ ပို၍ သက်တမ်း ကြီးရင့်လှသည်။

နောက်ထပ် နှစ်အနည်းငယ်မျှသာ ထပ်မံကြီးထွားခွင့် ရမည်ဆိုပါက ဤတောဝက်နက် ကြီးသည် မိစ္ဆာတစ်ကောင်ပင် ဖြစ်လာနိုင်ပေသည်။

All Chapters