← Chapters

အခန်း (၄၉-၅၀)

Vol. 5 Ch. 49-50

အခန်း (၄၉-၅၀)

Vol. 5 Ch. 49-50

အခန်း (၄၉) လူငယ်တို့ ကြိုးစားအားမထုတ်လျှင်။

“အဟွတ်... အဟွတ်... ဒီတစ်ကောင်က သွားမည်းကြီဂရဲ့ ပြိုင်ဘက်ပါဆိုနေမှကွာ...” ကျူးမင်လန်လည်း ကြိုတင်ပြီး အစီအစဉ်မချထားမိသဖြင့် အနည်းငယ် မျက်နှာပူသွားမိ သည်။

အဖြူလေးသည် ဆီးနှင်းများနှင့် ရေခဲများကို ပြန်လည်ရုပ်သိမ်းလိုက်ပြီး စိတ်ဝင်စားမှုမရှိ သည့် အမူအရာဖြင့် ကျူးမင်လန်၏ ပခုံးပေါ်သို့ ပြန်လည်သက်ဆင်းလာခဲ့သည်။ သူ အောက်သို့ ပြန်လည်ဆင်းသက်လာသည်နှင့်အမျှ သူ့ခန္ဓာကိုယ်မှာ သေသပ်လှပသော ပုံစံငယ်လေးအဖြစ်သို့ တဖြည်းဖြည်း ပြောင်းလဲသွားပြီး ပတ်ဝန်းကျင်ရှိ ငှက်တောင်မွှေး များမှာလည်း လေထုထဲတွင် ဆီးနှင်းများအလား ပျော်ဝင်ပျောက်ကွယ်သွားတော့သည်။

“နောက်ထပ် သားကောင်တစ်ကောင် ထပ်ရှာကြတာပေါ့... အနည်းဆုံးတော့ အခု ငါတို့ဆီ မှာ ပိုကောင်းတဲ့ ငါးစာရသွားတာပေါ့” ကျူးမင်လန်က သွားမည်းကြီးကို နှစ်သိမ့်လိုက်ရ၏။

“အူး... ဝူး...” သွားမည်းကြီးမှာ အနည်းငယ် ဝမ်းနည်းအားငယ်သွားပြီး အမှန်တကယ်ပင် စိတ်ဓာတ်ကျသွားပုံရသည်။

သူနှင့် အဆင့်တူဟု ထင်မှတ်ထားသော ပြိုင်ဘက်မှာ ဤမျှလွယ်ကူစွာ အသတ်ခံလိုက်ရ သည် မဟုတ်ပါလော။

ကျူးမင်လန်သည် ထိုနဂါးတုကြီး၏ ဆိုးရွားလှသော အလောင်းကောင်ဆီသို့ လျှောက်သွား လိုက်သည်။ အမှန်အတိုင်းပြောရလျှင် သူသည် ထိုသတ္တဝါ၏ ရုပ်အဆင်းကို သေသေ ချာချာပင် မမြင်လိုက်ရချေ။

သူ၏ လက်ဝါးကို ဆန့်တန်းလျက် ကျူးမင်လန်သည် ဝိညာဉ်စွမ်းအင်အနှစ် ပုလဲသန့်စင် ခြင်း လုပ်ငန်းစဉ်ကို ထပ်မံစတင်လိုက်သည်။ ဤသတ္တဝါမှာ နဂါးသားတော်အဆင့်နီးပါးရှိ မှော်ဝင်သားရဲတစ်ကောင် ဖြစ်သဖြင့် ၎င်းထံမှ ထွက်ပေါ်လာမည့် ဝိညာဉ်ပုလဲမှာ 'နဂါး ပုလဲ' တစ်လုံးပင် ဖြစ်လာနိုင်ပေသည်။

အကယ်၍ နဂါးပုလဲသာ ဖြစ်ခဲ့လျှင် သူ အကြီးအကျယ် ချမ်းသာတော့မည် ဖြစ်သည်။

နဂါးပုလဲများသည် နဂါးဖြစ်နိုင်ချေ အရည်အချင်းရှိသော 'နဂါးငယ်အဆင့်' ဝိညာဉ်များကို နဂါးအဖြစ်သို့ ကူးပြောင်းရာတွင် အတိုင်းအတာတစ်ခုအထိ ကူညီပေးနိုင်ပြီး၊ စစ်မှန်သော နဂါးကြီးများအတွက်မူ အလွန်အစွမ်းထက်သော အာဟာရတစ်မျိုး ဖြစ်ပေသည်။ ၎င်းတို့သည် နဂါးများ၏ ပင်မသွေးမျိုးဆက်နှင့် မွေးရာပါ စွမ်းရည်များကို နိုးထလာစေနိုင် သည်။

အဖြူလေး၏ မိုးပြာနဂါး ဆန်းကြယ်မှော်ပညာရပ်များမှာ ယခုထက်ထိ နိုးထလာခြင်း မရှိသေးချေ။ သူလောလောဆယ် ပိုင်ဆိုင်ထားသော စွမ်းရည်အားလုံးမှာ ကြယ်လေပြေ ရေခဲနဂါးထံမှ ဖြစ်နေသည်ကို ထောက်ဆလျှင် သူ၏ ကြယ်လေပြေရေခဲနဂါး သွေးမျိုး ဆက်က ငွေလတုံ့ပြန်နဂါး သွေးမျိုးဆက်ကို လွှမ်းမိုးထားသောကြောင့် ဖြစ်နိုင်ချေ အလွန် များပြားသည်...

သို့သော်လည်း အဖြူလေး၏ ပင်မသွေးမျိုးဆက်မှာ ငွေလတုံ့ပြန်နဂါး ဖြစ်ပြီး၊ ၎င်း၏ မိုးပြာ နဂါး ဆန်းကြယ်မှော်ပညာရပ်နှင့် မိုးပြာနဂါး တိုက်ခိုက်ရေးပညာရပ်တို့မှာ ပိုမိုအစွမ်းထက် သော စွမ်းရည်များ ဖြစ်သင့်ပေသည်။

နောက်ပိုင်း ပြုစုပျိုးထောင်မှုများတွင်လည်း နိုးထလာခြင်း မရှိပါက၊ ကျူးမင်လန်အနေဖြင့် ကူညီပံ့ပိုးမှုရရှိရန် နဂါးပုလဲကိုသာ အားကိုးရန် စဉ်းစားထားသည်။

သို့သော် နဂါးပုလဲများ၏ တန်ဖိုးမှာ အမြဲတမ်း ကြီးမားလွန်းလှရာ... အထူးသဖြင့် အဖြူလေးမှာ နဂါးစစ်သူကြီးအဆင့် ဖြစ်နေခြင်းကြောင့်ပင်။

“ဆန်းတော့ ဆန်းနေပြီ... ဒီနဂါးတုရဲ့ ဝိညာဉ်က ဘာလို့ ဒီလောက်တောင် မှေးမှိန်နေရ တာလဲ” ညိုဝါရောင် ဝိညာဉ်စွမ်းအင်ကို သတိပြုမိရင်း ကျူးမင်လန် ရေရွတ်လိုက်သည်။

သို့သော် ထိုဝိညာဉ်စွမ်းအင်မှာ အလွန်အားနည်းလွန်းသဖြင့် မြူခိုးတစ်စအဖြစ်သို့ပင် ပြောင်းလဲလုနီးပါး ဖြစ်နေခဲ့သည်။ သူ အစွမ်းကုန် အာရုံစိုက်၍ ဝိညာဉ်ကို ရိတ်သိမ်းခဲ့သော် လည်း ကျူးမင်လန် ရရှိခဲ့သည်မှာ အရည်အသွေး ပို၍ပင် ညံ့ဖျင်းလှသော နဂါးတု ဝိညာဉ် ပုလဲတစ်လုံးသာ ဖြစ်ခဲ့သည်။

နဂါးတု ဝိညာဉ်ပုလဲများကို ငွေကြေးအတိုင်းအတာတစ်ခုအထိ ရောင်းချနိုင်သော်လည်း၊ ယခုတစ်လုံး၏ အရည်အသွေးမှာ အလွန်ညံ့ဖျင်းလွန်းလှသဖြင့် ကျောင်းသွားရာလမ်းတွင် လေတိုက်ရုံမျှဖြင့်ပင် လွင့်ပါးသွားနိုင်လောက်သည်ဟု ခံစားရစေသည်။

“ဒါက ဘယ်လိုဖြစ်ရတာလဲ” ကျူးမင်လန် ဇဝေဇဝါ ဖြစ်သွားခဲ့သည်။

နဂါးသားတော်အဆင့်နီးပါး စွမ်းအားနှင့် နှစ်ငါးရာ ကျင့်ကြံခြင်းအဆင့် ရှိသော နဂါးတုကြီး တစ်ကောင်၏ ဝိညာဉ်ပုလဲမှာ အဘယ်ကြောင့် ဤမျှအထိ ညံ့ဖျင်းနေရပါသနည်း။ သူ၏ ဝိညာဉ်စွမ်းအနှစ်ပုလဲသန့်စင်ခြင်း နည်းစနစ်မှာမူ လုံးဝ အပြစ်ပြောစရာမရှိ သေသပ်လှပေ သည်။

ထိုအချိန်တွင် ကျူးမင်လန်သည် သူနှင့်အတူ ယူဆောင်လာသော ဝိညာဉ်စွမ်းအနှစ် ပုလဲသန့်စင်ခြင်း ကျမ်းစာအုပ်ကို လှန်လှောဖတ်ရှုလိုက်၏။ သို့သော် စာအုပ်တစ်အုပ်လုံး ကို အစအဆုံး ပြန်လည်စစ်ဆေးကြည့်သည့်တိုင်အောင် ယခုကဲ့သို့သော အခြေအနေမျိုးကို ဖော်ပြထားခြင်း လုံးဝမတွေ့ရှိရချေ...

“အဖြူလေးက သူ့ရဲ့ဝိညာဉ်ကိုပါ ရိုက်ခွဲပစ်လိုက်လို့လားမသိဘူး...”

“စောစောက ငါမြင်လိုက်ရတဲ့ နဂါးတုရဲ့ ဝိညာဉ်စက အစိတ်စိတ်အမြွှာမြွှာ ပြိုကွဲတော့မယ့် ပုံစံမျိုး ဖြစ်နေတာပဲ...”

“ဆိုလိုတာက အဆင့်မြင့် သတ္တဝါတွေရဲ့ စွမ်းအားက အလွန်အမင်း ပြင်းထန်လွန်းတဲ့ အခါ... အဆင့်နိမ့် 'မိစ္ဆာဝိညာဉ်' တွေရဲ့ ခန္ဓာကိုယ်နဲ့ ဝိညာဉ်ကိုပါ တပါတည်း အလွယ်တကူ ဖျက်ဆီးပစ်နိုင်ပြီး ဝိညာဉ်ကို အစိတ်စိတ်အမြွှာမြွှာ ပြိုကွဲသွားစေလား။ အဲဒီအခါ နဂါးထိန်း က ဝိညာဉ်စွမ်းအနှစ်ပုလဲသန့်စင်ခြင်းကို ပြုလုပ်ရင်တောင် ထွက်လာတဲ့ ဝိညာဉ်ပုလဲရဲ့ အရည်အသွေးက အလွန်အမင်း ညံ့ဖျင်းသွားတတ်တာပဲ ဖြစ်ရမယ်”

“ဒါကြောင့်မို့ အရည်အသွေးမြင့်တဲ့ သားကောင်ကို တွေ့တဲ့အခါ... အဆင့်နဲ့ အပြတ် အသတ် ဖိနှိပ်ပြီး မတိုက်ခိုက်တာက အကောင်းဆုံးပဲ ထင်တယ်”

ကျူးမင်လန်သည် အလွန် အကဲခတ်ထက်မြက်သူ ဖြစ်ပေသည်။ စာအုပ်များထဲရှိ ပြန့်ကြဲ နေသော မှတ်တမ်းများကို ပြန်လည်သုံးသပ်ပြီး လက်ရှိအခြေအနေနှင့် ပေါင်းစပ်ကာ ဤကောက်ချက်ကို ချလိုက်ခြင်း ဖြစ်သည်။

နဂါးထိန်းပညာမှာ အမှန်တကယ်ပင် နက်နဲဆန်းကြယ်သော ပညာရပ်တစ်ခု ဖြစ်ပေသည်။

ကျူးမင်လန်အနေဖြင့် လေ့လာသင်ယူစရာများစွာ ကျန်ရှိနေသေးကြောင်း ခံစားလိုက်ရ တော့သည်။

အတိတ်က လက်နက်သွန်းလုပ်ခြင်းအတတ်နှင့် သားရဲထိန်းကျောင်းခြင်းအတတ်တို့မှာ ကျူးမင်လန်အတွက် တွဲဘက်လေ့လာမှုများသာ ဖြစ်ခဲ့ပြီး ဘယ်တုန်းကမှ တကယ့် အာရုံစိုက် လေ့လာခဲ့ခြင်းမျိုး မဟုတ်ခဲ့ချေ။ ယခုအခါတွင်မူ သူ အနည်းငယ် နောင်တရမိ သွားသည်။

“လူငယ်ဘဝမှာ ကြိုးစားအားထုတ်မှု မရှိခဲ့ရင် နောင်တတွေက မျက်စိရှေ့မှောက်မှာတင် တပွေ့တပိုက်ကြီး ရောက်လာတတ်တာပဲ။”

ဟင်းပွဲမျိုးစုံနဲ့ မြိန်ရည်ရှက်ရည် စားသောက်နေချိန်မှာ ထမင်းတစ်လုံးလောက်နဲ့ ဘယ်လို လုပ် စိတ်ကျေနပ်နိုင်ပါ့မလဲ။

အဖြူလေးသည် ဝိညာဉ်နယ်မြေဆီသို့ ပြန်လည်ဝင်ရောက်ကာ အိပ်စက်သွားခဲ့သည်။ ဤတောအုပ်ထဲတွင် သူနှင့် အဆင့်တူ ယှဉ်ပြိုင်နိုင်မည့် ပြိုင်ဘက်မရှိသောကြောင့် ဖြစ်နိုင်ပေသည်။

အမှန်တကယ်လည်း ထိုအတိုင်းပင် ဖြစ်သည်။

ဤနေရာက သာမန်တောအုပ်ကြီးတစ်ခုသာ ဖြစ်ရာ နဂါးစစ်သူကြီးအဆင့် ရှိသော သတ္တဝါ တစ်ကောင် မည်သို့လျှင် ရှိနေနိုင်ပါမည်နည်း။

နှစ်ထောင်ချီ 'မိစ္ဆာဝိညာဉ်' များမှာမူ တောရိုင်းနယ်မြေ၏ ပိုမိုနက်ရှိုင်းသော အရပ်များ တွင်သာ နေထိုင်ကြပေလိမ့်မည်။ ထို့အပြင်, သူတို့၏ ယခုတစ်ခေါက် အမဲလိုက်ခရီးစဉ်မှာ ထိုကဲ့သို့နယ်မြေမျိုးတွေအထိ သွားရောက်စွန့်စားဖို့ အစီအစဉ် မရှိချေ။

အကယ်ဒမီမှ ပေးအပ်သော တာဝန်များနှင့် ဘိုးဘေးနဂါး မြို့တော်၏ လွှဲအပ်ချက်များကို ကျူးမင်လန်က ဟုန်ဟောက်အား သူ့အတွက် ကြိုတင်စိစစ်ကြည့်ရှုခိုင်းထားခဲ့သည်။ နဂါးစစ်သူကြီးအဆင့် နဂါးထိန်းတစ်ယောက် ပါဝင်ပတ်သက်ရန် လိုအပ်သည့် တာဝန် များမှာ အလွန်တရာ ရှားပါးလှပေသည်။

နဂါးစစ်သူကြီးအဆင့် ဆိုသည်မှာ ဘိုးဘေးနဂါး မြို့တော်၏ နယ်နိမိတ်အတွင်းတွင် အမှန် ပင် စွမ်းအားကြီးမားသော်လည်း၊ အမြဲတမ်း ကိုက်ညီမည့် တာဝန်မျိုး ရှိနေဖို့ကတော့ မဖြစ်နိုင်ချေ။ ထို့ကြောင့် အဖြူလေးအနေဖြင့် လက်ရည်စမ်းချင်ပါက အခွင့်အရေးကိုသာ စောင့်ဆိုင်းရမည် ဖြစ်သည်။

တစ်လ သို့မဟုတ် နှစ်လအတွင်း အကျိုးအမြတ်များပြားသော နဂါးစစ်သူကြီးအဆင့် လွှဲအပ်ချက်တစ်ခု ရရှိလျှင်ပင် ကျူးမင်လန်အတွက် အလွန်အမင်း ကံကောင်းသည်ဟု ဆိုရမည် ဖြစ်သည်။

သူ့အနေဖြင့် အခကြေးငွေနည်းသော လွှဲအပ်ချက်များကို မလုပ်ဆောင်နိုင်၍ မဟုတ်ဘဲ၊ အချို့အရာများက အားစိုက်ထုတ်ရကျိုးမနပ်သောကြောင့် ဖြစ်သည်။

မည်သည့်နဂါးမဆို တိုက်ပွဲဝင်သည့်အခါ ကြီးမားသော စွမ်းအင်များကို ကုန်ဆုံးစေသည်။ ဒဏ်ရာရခြင်း ရှိ၊ မရှိ ဖယ်ထားဦးတော့... တိုက်ပွဲအပြီး ပြန်လည်ထူထောင်ရန်အတွက် လိုအပ်သော အစားအစာဖိုးမှာပင် ဆယ်ဆမက ပိုမိုကုန်ကျနိုင်ပေသည်။

လောလောဆယ်တွင် ကျူးမင်လန်၌ ရှိသော 'နှင်းခဲဆီးနှင်းသစ်ပင် ပျားပန်းဝတ်ရည်' ပမာဏမှာ အကန့်အသတ်ရှိပြီး၊ အဖြူလေး အင်အားအပြည့်ဖြင့် တစ်ကြိမ်သာ တိုက်ခိုက် နိုင်ရန် ပံ့ပိုးပေးနိုင်သည်။ အကယ်၍ သေးငယ်သော တာဝန်အချို့တွင် ၎င်းကို ဖြုန်းတီး ပစ်လိုက်ပါက တစ်ဖက်တွင် အဖြူလေးကို လေ့ကျင့်ပေးရန်အတွက် မည်သည့်တန်ဖိုးမျှ ရှိလိမ့်မည် မဟုတ်သလို၊ အခြားတစ်ဖက်တွင်လည်း ပျားပန်းဝတ်ရည်၏ ကုန်ကျစရိတ်ကို ပင် ပြန်လည်ကာမိနိုင်မည် မဟုတ်ချေ။

ထို့ကြောင့် အဖြူလေးသည် ဝေဟင်ထက်တွင် ၎င်း၏ အတောင်ပံများကို ခန့်ညားထည်ဝါ စွာ ဖြန့်ကြက်လျက် မုန်တိုင်းအလား ဆီးနှင်းများကို ဖန်တီးခဲ့ခြင်းမှာ ကြည့်ကောင်းလှပြီး ခမ်းနားထည်ဝါလွန်းလှသော်လည်း...

အမှန်တကယ်တော့ ငွေကြေးများကို လေထဲသို့ ကြဲဖြန့်ပစ်လိုက်ခြင်းသာ ဖြစ်ပေသည်...

သွားမည်းကြီးသည်လည်း အလွန် အကဲခတ်ထက်မြက်လှပေသည်။ ကျူးမင်လန်နှင့်အတူ ငါးစာသုံးဗျူဟာကို တစ်ကြိမ်မျှ လုပ်ဆောင်ပြီးနောက်တွင်ပင် ၎င်းနည်းလမ်းကို လျင်မြန် စွာ သဘောပေါက်သွားခဲ့သည်။

သူက နဂါးတု၏ သွေးချင်းချင်းနီနေသော အလောင်းကောင်ကို ဆွဲယူကာ မိစ္ဆာအရှိန်အဝါ ပြင်းထန်သော ဒေသများသို့ သွားရောက်ချထားလိုက်သည်။ သွေးစုပ်အမွှေးပွသားရဲကြီးနှင့် နှိုင်းယှဉ်ပါက ဤနှစ်ငါးရာ သက်တမ်းရှိ မိစ္ဆာဝိညာဉ် နဂါးတုကြီးမှာ တောင်နက်ကြီးများ ထဲရှိ မိစ္ဆာအိုကြီးများအတွက်မူ အလွန်ကြီးမားသော သွေးဆောင်မှုတစ်ခု ဖြစ်နေပေသည်။

“ဒီတစ်ခေါက်တော့ ငါတို့ ပိုကြီးတဲ့ သားကောင်တစ်ကောင်ကို ဖမ်းမိနိုင်လောက်တယ်။ ဝိညာဉ်ပုလဲကို ရတာနဲ့တင် အကုန်လုံး အရင်းကျေသွားပြီလို့ သတ်မှတ်လို့ရတယ်” ကျူးမင်လန်က သွားမည်းကြီးကို ပြောလိုက်သည်။

သွားမည်းကြီးသည် ၎င်း၏ ဧရာမ တုတ်ခိုင်လှသော ခန္ဓာကိုယ်ကြီးကို သစ်ပင်ပင်စည် သေးသေးလေးတစ်ခု၏ နောက်ကွယ်တွင် ပုန်းကွယ်ရန် ကြိုးစားနေပြီး၊ သူကိုယ်တိုင် လည်း သားကောင် ငါးစာဟပ်မည့်အချိန်ကို အသည်းအသန် မျှော်လင့်တောင့်တနေသည့် အလား ခေါင်းကို တရစပ် ငြိမ့်ပြနေခဲ့သည်။ သို့သော် ၎င်း၏ ရက်စက်ကြမ်းကြုတ်လှသော ပုံသဏ္ဌာန်တစ်ခုလုံးမှာ အပြင်သို့ အတိုင်းသား ပေါ်ထွက်နေသည်ကိုမူ သူကိုယ်တိုင် လုံးဝ သတိမပြုမိရှာချေ။

ထိုစဉ် အထက်ဘက်ရှိ ထူထပ်လှသော သစ်ပင်အုပ်အုပ် အမိုးထက်မှနေ၍ ရှည်လျားသော အော်ဟစ်သံတစ်သံ ပဲ့တင်ထွက်ပေါ်လာခဲ့သည်။

ကျူးမင်လန်က ခေါင်းမော့ကာ ထိုအသံပြုလုပ်လိုက်သည့် သတ္တဝါကို ရှာဖွေရန် ကြိုးစား လိုက်သော်လည်း၊ မကြာမီမှာပင် ပတ်ပတ်လည်၌ ထိုသို့သော အော်ဟစ်သံမျိုးစုံ ထပ်မံ ထွက်ပေါ်လာခဲ့ရာ... အော်ဟစ်သံများမှာ ကြောက်မက်ဖွယ်ကောင်းသော သားရဲငှက်ဆိုး ကြီးများ၏ အော်မြည်သံနှင့် ဆင်တူပေသည်။

“ဖျတ်... ဖျတ်... ဖျတ်...”

သွေးညှီနံ့များက ပတ်ဝန်းကျင်သို့ ပျံ့နှံ့သွားခဲ့ရာ သစ်ပင်ထိပ်ဖျားများတွင် ပုန်းအောင်းနေ ကြသော ထိုအမဲလိုက်သားရဲများသည် သားကောင်ကို ရှာဖွေတွေ့ရှိသွားကြသဖြင့် ၎င်းတို့၏ အတောင်ပံများကို တဖျတ်ဖျတ် ခတ်လိုက်ကြသည်။ ထူထပ်လှသော ထင်းရှူး ရွက်များကြားမှနေ၍ မျက်လုံးအစုံပေါင်းများစွာက စိုက်ကြည့်နေခဲ့ကြသည်။

ဤအမဲလိုက်သတ္တဝါများသည် အလွန်အမင်း သတိကြီးကြပြီး ထက်မြက်သော အာရုံခံစား မူကို ပိုင်ဆိုင်ထားကြရာ... ၎င်းတို့သည် မိုးပြာနဂါးနက်ကြီး ရှိနေခြင်းကို လျင်မြန်စွာ သတိပြုမိသွားကြသည်။

ဤတောတွင်းငှက်ဆိုးကြီးများသည် အခြေအနေက ခက်ခဲမည်ဟု ယူဆကာ နောက်ဆုတ် သွားလိမ့်မည်ဟု ကျူးမင်လန် ထင်မှတ်လိုက်စဉ်မှာပင်... ရုတ်တရက်ဆိုသလို လျင်မြန် သော အရိပ်အချို့က သစ်ပင်အုပ်အမိုးထက်မှနေ၍ အောက်သို့ ဝုန်းခနဲ ထိုးဆင်းလာခဲ့ကြ တော့သည်။ ၎င်းတို့သည် အံ့မခန်း လျင်မြန်သော အရှိန်နှုန်းဖြင့် အမွှေးကြမ်းဝက် နဂါးတုကြီး၏ အလောင်းကောင်ပေါ်သို့ ထိုးသုတ်လိုက်ကြပြီး၊ ၎င်းတို့၏ ချွန်ထက်လှသော ခြေသည်းများဖြင့် အသားတုံးကြီးများကို အလွှာလိုက် ဆွဲကုတ်ဖဲ့ယူသွားကြတော့သည်။

“လခွမ်း... မြန်မြန်၊ ငါတို့ ငါးစာကို အမြန်သိမ်း” ကျူးမင်လန်က အလောတကြီး အော်ပြောလိုက်သည်။

မိုးပြာနဂါးနက်ကြီးသည်လည်း သူငါးစာအဖြစ် အသုံးပြုထားသော နဂါးတုကြီးကို ဤအမဲလိုက်ငှက်အုပ်က လုယူတော့မည်ကို ရိပ်မိသွားသဖြင့်... ချက်ချင်းပင် ၎င်း၏ နဂါး တန်ခိုးအရှိန်အဝါကို ထုတ်ဖော်ကာ ထိုအရှက်မရှိသော သားရဲငှက်ဆိုးကြီးများရှိရာဆီသို့ ဝုန်းခနဲ ပြေးဝင်တိုက်ခိုက်တော့သည်။

ကျူးမင်လန်သည် ဤအမဲလိုက်သတ္တဝါများကို မှတ်မိသွားခဲ့သည်၊ ၎င်းတို့မှာ ‘ချောက်ကမ်း ပါး လင်းတဆိုး’ အုပ်စု ဖြစ်ပေသည်။ ၎င်းတို့သည် ကျယ်ပြောလှသော သစ်တောကြီးများ ၏ အထက်ဝေဟင်တွင် မကြာခဏ ဝဲပျံလေ့ရှိကြပြီး၊ ၎င်းတို့၏ စူးရှသော မျက်စိအမြင်မှာ အထပ်ထပ်ဆင့်နေသော သစ်ရွက်စိမ်းများကို ဖောက်ထွင်း၍ မြေပြင်ပေါ်ရှိ သတ္တဝါများကို စောင့်ကြည့်နိုင်ကြသည်။ ထို့ပြင် ကြောက်မက်ဖွယ်ကောင်းသော အနံ့ခံအာရုံကြောင့် ကီလိုမီတာပေါင်းများစွာ အကွာအဝေးမှ သွေးညှီနံ့ကိုပင် လှမ်း၍ အနံ့ခံနိုင်စွမ်း ရှိကြပေ သည်။

သက်ရှိသတ္တဝါတစ်ကောင်ကောင် ဒဏ်ရာရရှိသည့်အခါတိုင်း ဤချောက်ကမ်းပါး လင်းတ ဆိုးအုပ်သည် အထက်ဝေဟင်၌ ဝဲပျံနေလေ့ရှိပြီး၊ သားကောင်၏ အသက်စွမ်းအားများကို ကုန်ခမ်းသွားအောင် ပြုလုပ်ရင်း ၎င်းတို့၏ အပေါင်းအဖော်များကို စုရုံးရန် အော်ဟစ် ခေါ်ယူလေ့ ရှိကြသည်။ အချိန်အခါကောင်း ရောက်လာသောအခါတွင်မူ ၎င်းတို့သည် လျှပ်စီးသဖွယ် ထိုးသုတ်ကာ ဒဏ်ရာရနေသော ပစ်မှတ်ကို အသေဖဲ့ဆွဲ သတ်ဖြတ်ပစ်လေ့ ရှိကြသည်။

ချောက်ကမ်းပါးလင်းတဆိုးများသည် အလွန်အမင်း အန္တရာယ်များသော သတ္တဝါများ ဖြစ်ကြပြီး စွမ်းအားကြီးမားသော 'မိစ္ဆာဝိညာဉ်' ကြီးများပင်လျှင် ၎င်းတို့ကို ကြောက်ရွံ့ကြ ပေသည်။ ၎င်းတို့ ရောက်ရှိလာခြင်းက သေခြင်းတရားက အလွန်အမင်း နီးကပ်နေပြီ ဖြစ်ကြောင်းကို ဖော်ညွှန်းနေခြင်းပင် ဖြစ်တော့သည်။

အခန်း (၅၀) နဂါးရတနာအသိုက်ကို လုယက်ခြင်း။

ကျူးမင်လန်တစ်ယောက် ဤနယ်မြေအတွင်း၌ ချောက်ကမ်းပါးလင်းတဆိုး အုပ်စုကြီး အခြေချကျက်စားနေလိမ့်မည်ဟု ဘယ်တုန်းကမှ မျှော်လင့်မထားခဲ့ချေ။ သူ အသည်း အသန် အမဲလိုက်၍ ရရှိထားသော ငါးစာမှာ ထိုသတ္တဝါများ၏ တစ်စစီ ဆွဲဖဲ့ခွာယူခြင်းကို ခံလိုက်ရရာ... သူ၏ ကိုယ်ပိုင်အသားများကို အကုတ်ခံလိုက်ရသည့်အလား အလွန်အမင်း ရင်နာစရာကောင်းလှပေသည်။

သွားမည်းကြီးသည်လည်း အစာကို ကာကွယ်ရန်အတွက် အားသွန်ခွန်စိုက်ဖြင့် ရှေ့သို့ အဟုန်ပြင်းစွာ တိုးဝင်သွားခဲ့ပြီ ဖြစ်သည်။

သို့သော် ဤချောက်ကမ်းပါး လင်းတဆိုးများမှာ အံ့မခန်း လျင်မြန်ဖြတ်လတ်လှရာ... ၎င်းတို့သည် မိုးပြာနဂါးနက်ကြီးနှင့် ထိပ်တိုက်ရင်ဆိုင်ခြင်း လုံးဝမပြုဘဲ၊ အသားတစ်တုံးကို လုယူပြီးသည်နှင့် တစ်ပြိုင်နက် ဝဟင်ထက်သို့ အမြင့်ဆုံး ပျံတက်သွားကြတော့သည်။

၎င်းတို့အနက်မှ အချို့က သွားမည်းကြီးကို အာရုံလွှဲရန် ကြိုးစားနေစဉ်၊ ကျန်အကောင်များ က အမွှေးကြမ်းဝက် နဂါးတုကြီး၏ အဓိက အသားကောင်းသော အစိတ်အပိုင်းများကို လျင်မြန်စွာ ဆွဲယူသွားကြသည်အထိပင် ဉာဏ်များကြပေသည်...

သွားမည်းကြီးမှာ ဒေါသအိုးပေါက်ကွဲသွားခဲ့ပြီး၊ သူ၏ မိုးပြာနဂါး ပါးစပ်ကြီးကို ဟလျက် မည်သည့်အရာကိုမဆို အစိတ်စိတ်အမြွှာမြွှာ ပြိုကွဲပျက်စီးသွားစေနိုင်အောင် ပြင်းထန်လှ သည့် စွမ်းအားတစ်ရပ်ကို သူ၏ နက်ရှိုင်းလှသော အဆုတ်အစုံမှ ညှစ်ထုတ်ကာ ချောက်ကမ်းပါး လင်းတဆိုးများရှိရာသို့ ကြောက်မက်ဖွယ်ကောင်းစွာ မှုတ်ထုတ်လိုက် တော့သည်။

ရှေးဟောင်းနဂါး တိုက်ခိုက်ရေးပညာရပ် - ဟိန်းဟောက်ချေမွခြင်း

ဤဟိန်းဟောက်သံကြီးက မီးခိုးရောင်အညိုရောင် လင်းတဆိုးတစ်ကောင်ကို အပိုင်းပိုင်း အစစ ဖြစ်သွားစေခဲ့ပြီး၊ ထူထဲလှသော ၎င်း၏ အမွှေးအတောင်များ ပြန့်ကျဲသွားကာ သွေးများလည်း လေထဲတွင် ပန်းထွက်သွားခဲ့တော့သည်။

ထိုလင်းတဆိုးမှာ လုံးဝဥဿုံ သေဆုံးသွားခဲ့ပြီ ဖြစ်သည်။

သို့သော်ငြားလည်း အခြေအနေမှာ ဘာမျှပြောင်းလဲမသွားခဲ့ချေ။ ထိုကောက်ကျစ်လှသော ချောက်ကမ်းပါး လင်းတဆိုးများမှာ သူတို့အပေါင်းအဖော်၏ သေခြင်းတရားကို အနည်း ငယ်မျှပင် ဂရုမစိုက်ကြချေ။ အမှန်တကယ်တော့ သူတို့ အပေါင်းအဖော် ရက်ရက်စက်စက် သေဆုံးသွားသည်ကို မြင်တွေ့ရပြီးနောက်၊ နဂါးတုကြီး၏ အလောင်းကောင်ကို ပိုမို၍ ငမ်းငမ်းတက် တပ်မက်စွာဖြင့် ဝိုင်းအုံလုယက်ကြတော့သည်။

မကြာမီအချိန်အတွင်းမှာပင် တစ်ချိန်က အရည်ရွှမ်းပြီး စားချင်စဖွယ်ဖြစ်ခဲ့သော နဂါးတု ကြီးမှာ ပုပ်စပ်နေသော အသားပုံပျက်ပျက်ကြီးတစ်ခုအဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီး၊ မည်သည့်တန်ဖိုးမျှမရှိတော့သော အရိုးများနှင့် အရေခွံများသာ ကျန်ရစ်ခဲ့တော့သည်။

သွားမည်းကြီးသည် ၎င်း၏ ချွန်ထက်လှသော သွားများအားလုံး ပေါ်ထွက်လာသည်အထိ အလွန်အမင်း ဒေါသထွက်နေခဲ့ပြီး... သူ့မှာသာ အတောင်ပံများ ရှိခဲ့ပါက သစ်ပင်ထိပ်ဖျား များထက်သို့ ပျံတက်ကာ ထိုချောက်ကမ်းပါး လင်းတဆိုးများကို တစ်ကောင်မကျန် ကိုက်သတ်ပစ်ချင်စိတ်များ တဖွားဖွား ဖြစ်ပေါ်နေခဲ့သည်။

ကျူးမင်လန်မှာမူ ခါးသီးစွာ ပြုံးနေလိုက်ရ၏။

ဧကန်စင်စစ် ဤကမ္ဘာလောကကြီးထဲတွင် လူသားများ၌သာ ဉာဏ်ပညာရှိကြသည် မဟုတ်ပေ။ ကျယ်ပြောလှသော တောနက်ကြီး၏ အတွေ့အကြုံရင့် မုဆိုးများသည် သန်မာသောအရာများကို မည်သို့ရှောင်ကွင်းရမည်နှင့် မိမိတို့၏ ရည်မှန်းချက်ပန်းတိုင်ကို မည်သို့အောင်မြင်အောင် အကောင်အထည်ဖော်ရမည်ကို ကောင်းစွာ နားလည်ထားကြ သည်။

သို့သော် ကံကောင်းထောက်မစွာဖြင့် ကျူးမင်လန်သည် တောတွင်းရှင်သန်ရေးတွင် အတွေ့အကြုံမရှိသူတစ်ဦး မဟုတ်ချေ။ သူသည် နဂါးတုကြီး၏ အသားများကို အမဲလိုက် ပြီးကတည်းက အထူးနည်းလမ်းတစ်ခုဖြင့် ပြုပြင်ထားခဲ့သည်။

၎င်းမှာ ဆန်းပြားသော ဗျူဟာတစ်ခုတော့ မဟုတ်ပါချေ။ အကယ်၍ ကောင်းမွန်သော သားကောင်ကို ထပ်မံမဖမ်းမိခဲ့ပါက အသားများကို ဦးစွာ ဟင်းခတ်အမွှေးအကြိုင်များဖြင့် နှပ်ထားပြီး သွားမည်းကြီးအတွက် သိမ်းဆည်းထားရန် စဉ်းစားကာ ဖြန့်ကြဲထားခဲ့ခြင်းသာ ဖြစ်သည်။

ပျံသန်းနိုင်စွမ်းရှိသော ချောက်ကမ်းပါး လင်းတဆိုးအုပ်စု၏ ခြေရာကို လိုက်ရန်မှာ ခက်ခဲ နိုင်သော်လည်း၊ အလွန်တရာ ထူးခြားထင်ရှားလှသော ဟင်းခတ်အမွှေးအကြိုင်နံ့ကို ခြေရာခံရန်မှာမူ အလွန်လွယ်ကူလှပေသည်။ ထိုရနံ့သည် လေထုထဲတွင် အမြဲတစေ လွင့်ပျံနေမည်ဖြစ်ပြီး၊ မည်မျှပင် မှေးမှိန်နေပါစေ ၎င်းတို့သွားရာ အရပ်မျက်နှာကိုမူ အတိ အကျ ညွှန်ပြနေပေလိမ့်မည်။

“ငါတို့ပစ္စည်းကို လုရဲတယ်ပေါ့... လာ၊ သူတို့အသိုက်ကို သွားပြီး လုယက်ကြရအောင်” ကျူးမင်လန်က အေးစက်စွာ နှာခေါင်းရှုံ့လျက် ပြောလိုက်သည်။

“အူး... ဝူး...” သွားမည်းကြီးသည် ချက်ချင်းပင် အားပါးတရ အော်ဟစ်လိုက်ပြီး၊ စောစောက ကြုံတွေ့ခဲ့ရသော အရှက်ရမှုများနှင့် စိတ်ပျက်မှုများမှာ ချက်ချင်းပင် အရည်ပျော် ပျောက်ကွယ်သွားခဲ့တော့သည်။

သခင်ကတော့ သခင်ပါပဲ... တကယ့်ကို ဉာဏ်ပညာကြီးမားပြီး အမြော်အမြင် ကြီးလှပေ တယ်…..။

“မင်း ဝိညာဉ်နယ်မြေထဲကို အရင်ပြန်နားနေဦး... ငါ အဖြူလေးနဲ့ နောက်ကနေ လိုက်သွား မယ်” ကျူးမင်လန်က သူ၏လက်ဝါးကို ဖြန့်တန်းလိုက်ပြီး သွားမည်းကြီးကို ဝိညာဉ် နယ်မြေထဲသို့ ပြန်လည်သိမ်းဆည်းလိုက်သည်။

ထို့နောက် သူသည် အိပ်ချင်မူးတူး ဖြစ်နေပုံရသော အဖြူလေးကို ခေါ်ထုတ်လိုက်သည်။

ရေခဲပိုးစာကောင်ဘဝမှ နိုးထလာကတည်းက ဤကောင်လေးမှာ အမြဲတစေ အိပ်ငိုက်နေ တတ်ပြီး၊ တကယ်တမ်း နိုးနိုးကြားကြား ရှိနေသည့်အချိန်မှာ အလွန်ရှားပါးလှပေသည်။

သို့သော်လည်း သွားမည်းကြီးနှင့် ကျူးမင်လန်တို့ နှစ်ဦးစလုံး ချောက်ကမ်းပါးလင်းတဆိုး အုပ်၏ အနိုင်ကျင့်ခြင်းကို ခံလိုက်ရသည်ဟူသော သတင်းကို ကြားလိုက်ရသည့်အခါတွင်မူ အဖြူလေး၏ မျက်နှာအမူအရာမှာ ချက်ချင်း ပြောင်းလဲသွားခဲ့တော့သည်။ သူက ငွေနှင်း အရုဏ်ဦးနဂါးဖြူ၏ တိုက်ပွဲဝင်ပုံသဏ္ဌာန်သို့ ချက်ချင်း ပြောင်းလဲလိုက်ပြီး၊ ၎င်း၏ ခန္ဓာကိုယ်မှာ သိပ်မကြီးမားသော်လည်း လေပွေလှိုင်းများကို အသုံးပြုလျက် ကျူးမင်လန် ကိုပါ ပွေ့ချီကာ အတူတကွ ပျံသန်းသွားနိုင်ခဲ့သည်။

“ဟင်းခတ်အမွှေးအကြိုင်နံ့ကို ရလား... အဲဒီအနံ့အတိုင်းပဲ လိုက်သွားခဲ့” ကျူးမင်လန်က အဖြူလေးကို ပြောလိုက်သည်။

အဖြူလေးတွင် ထူးကဲသော အနံ့ခံအာရုံ ရှိနေခဲ့ရာ၊ ချောက်ကမ်းပါးလင်းတဆိုးများ ထွက်ခွာသွားသည်မှာ အတန်ကြာပြီ ဖြစ်သော်လည်း ၎င်းတို့သွားရာ အရပ်မျက်နှာကို အတိအကျ ရှာဖွေနိုင်ခဲ့သည်။

၎င်းတို့သည် ထင်းရှူးတောအုပ်ကြီးကို ဖောက်ထွင်း၍ ပျံသန်းလာခဲ့ကြပြီး၊ ရှေ့ဘက်တွင်မူ သစ်တောကြီးမှာ ပိုမို၍ ရှေးကျသော တောနက်ကြီးအသွင်သို့ ပြောင်းလဲလာခဲ့သည်။ တစ်ခါတစ်ရံတွင် အခြားသော သစ်တောများထက် သိသိသာသာ မြင့်မားကာ ကောင်းကင် ယံသို့ ထိုးထွက်နေသော ဧရာမ ရှေးဟောင်းသစ်ပင်ကြီးများကို တွေ့မြင်နိုင်ပြီး၊ ၎င်းတို့၏ ပင်စည်ကြီးများတွင် ကြီးမားသော နွယ်ပင်ကြီးများ တွဲလောင်းကျနေကာ လှပဆန်းပြား သော ငှက်ငယ်လေးများလည်း ဝိုင်းအုံနေကြသည်။

ယခုအခါ သူတို့သည် သစ်တောကြီး၏ အလွန်နက်ရှိုင်းသော နေရာသို့ ရောက်ရှိနေပြီ ဖြစ်ရာ၊ ကျူးမင်လန်အနေဖြင့် မိမိကိုယ်မိမိ အနည်းငယ် စိတ်လိုက်မာန်ပါ ဆုံးဖြတ်မိသွား ပြီလားဟု သတိပြုမိလိုက်သည်။

သို့သော် လက်ဗလာဖြင့် ပြန်လှည့်သွားရန်မှာမူ လုံးဝ မဖြစ်နိုင်ချေ။ မကြာမီမှာပင် သူတို့ သည် ထိုချောက်ကမ်းပါးလင်းတဆိုးများ၏ ဂူဗိမာန်ကို ရှာဖွေတွေ့ရှိတော့မည် ဖြစ်သည်။ ထိုလင်းတဆိုးများ၏ ဦးခေါင်းထက်မှ ထိပ်ချွန်အမွှေးအတောင်များမှာ မြို့တော်အတွင်းရှိ လူကုံထံများကြားတွင် အလွန်အမင်း ခေတ်စားလှသော ဇိမ်ခံပစ္စည်းတစ်မျိုး ဖြစ်ပေသည် လက်နက်သွန်းလုပ်ရေး အလုပ်ရုံရှိ အချို့သော အပ်ချုပ်ဆရာများသည် အမွှေးတောင်များ ကို ကျောက်မျက်ရတနာများကဲ့သို့ တန်ဖိုးထားကြသည်ကို သူ မြင်တွေ့ခဲ့ဖူးသည်။

“ဟော... ဟိုမှာ တကယ်ပဲ ချောက်ကမ်းပါးကြီး တစ်ခု ရှိနေတာပဲ”

စိမ်းလန်းစိုပြေသော သစ်ကိုင်းများနှင့် သစ်ရွက်များမှာ သမုဒ္ဒရာထဲရှိ လှိုင်းလုံးကြီးများ အလား ကျယ်ပြောလှသော မြေပြင်ထက်တွင် မညီမညာ ဖြန့်ကြက်နေပြီး၊ ဧရာမ ထင်းရှူး ပင်များနှင့် ထင်းရှူးပင်အိုကြီးများကြားမှနေ၍ ချောက်ကမ်းပါးကြီးတစ်ခုသည် ရုတ်တ ရက် မတ်မတ်စောက်စောက် ထိုးထွက်နေခဲ့သည်။

ထိုချောက်ကမ်းပါးကြီးမှာ အလွန်ခန့်ညားထည်ဝါပြီး မတ်စောက်သော ကျောက်ဆောင် ဧရိယာအနည်းငယ်ကိုသာ မြင်တွေ့နိုင်သည်။ မြင့်မားသော ချောက်ကမ်းပါးကြီးတစ်ခုလုံး ကို ရှေးဟောင်းထင်းရှူးပင်များ၊ တွားတတ်သော နွယ်ပင်များနှင့် ကျောက်မှိုများဖြင့် ဖုံးလွှမ်းထားရာ အလွန်တရာ စိမ်းလန်းစိုပြည်လှပေသည်။

ချောက်ကမ်းပါးကြီး၏ အထက်နှင့် အောက်ဘက်တို့တွင် မြောက်မြားစွာသော သတ္တဝါများ ရှင်သန်ကျက်စားနေကြပြီး၊ ကျူးမင်လန်သည် ချောက်ကမ်းပါး၏ အလယ်ပိုင်းနေရာတွင် ချောက်ကမ်းပါးလင်းတဆိုး အချို့ကို လှမ်း၍ မြင်တွေ့လိုက်ရ၏။ ၎င်းတို့သည် သူ အသည်း အသန် အားစိုက်ထုတ်၍ ရရှိခဲ့သော နဂါးတုသားများကို အငမ်းမရ လုယက်ဖဲ့စားနေကြဆဲ ဖြစ်သည်။

“သူတို့ရဲ့ အသိုက်က ချောက်ကမ်းပါးရဲ့ အလယ်လောက်မှာ ရှိတာပဲ။ အဖြူလေး... မင်းရဲ့ အရှိန်အဝါကို ဖုံးကွယ်ပြီး အဲဒီနေရာကို ပျံသွားလို့ရမလား” ကျူးမင်လန်က မေးလိုက် သည်။

အဖြူလေးက သူအရှိန်အဝါကို ဖုံးကွယ်ရန်မှာ အလွန်လွယ်ကူကြောင်း ပြသလိုက်သော် လည်း၊ ဤတိုက်ပွဲဝင် ပုံစံကြီးဖြင့်မူ ရေရှည်ထိန်းထားနိုင်မည်မဟုတ်ဘဲ သေးငယ်လှပ သော ပုံစံငယ်လေးအဖြစ်သို့ ပြန်လည်ပြောင်းလဲရမည် ဖြစ်သည်။

“ဒါဆိုရင် ငါ့ကို ချပေးလို့ရမယ့် နေရာတစ်ခု အရင်ရှာချေ... ငါတို့ တိတ်တဆိတ်ပဲ ချဉ်းကပ် ကြတာပေါ့” ကျူးမင်လန်က အကြံပြုလိုက်သည်။

ချောက်ကမ်းပါး လင်းတဆိုးများသည် အလွန်တရာ ကောက်ကျစ်ဉာဏ်များကြပြီး ၎င်းတို့၏ အပေါင်းအဖော်များကို ဘယ်သောအခါမျှ သနားညှာတာလေ့ မရှိကြချေ။

၎င်းတို့ကို အမြစ်ပြတ်ချေမှုန်းနိုင်မည့် အကောင်းဆုံးနည်းလမ်းမှာ ၎င်းတို့၏ အသိုက် အတွင်း၌ ပိတ်ဆို့တိုက်ခိုက်ခြင်းပင် ဖြစ်သည်။ သို့မဟုတ်ပါက ၎င်းတို့သည် အရပ်မျက်နှာ အနှံ့သို့ လွယ်ကူစွာ ပျံသန်းထွက်ပြေးသွားကြပေလိမ့်မည်။

လောလောဆယ်တွင် ၎င်းတို့သည် မိမိတို့၏ အသိုက်အတွင်း၌ လုယက်ရရှိလာသော အသားများကို ခွဲဝေစားသောက်နေကြဆဲ ဖြစ်နိုင်ပြီး၊ အပြင်ဘက်တွင်မူ လင်းတဆိုး အနည်းငယ်သာ ကင်းစောင့်နေကြပေသည်။ ၎င်းတို့ကို အပြီးတိုင် ချေမှုန်းပစ်ရန်အတွက် အခွင့်ကောင်းတစ်ရပ်ပင်။

ဤလုယက်မှုကြီးသာ အောင်မြင်ခဲ့လျှင် သူတို့အတွက် အတိုင်းအတာတစ်ခုအထိ စီးပွား ဖြစ်ထွန်းနိုင်ပေသည်။

ကျူးမင်လန်သည် ချောက်ကမ်းပါးကြီး၏ ဘေးတစ်ဖက်သို့ ရောက်ရှိလာခဲ့ရာ၊ ကျောက်ဆောင်နံရံထက်ရှိ အက်ကွဲကြောင်းများနှင့် မြောက်မြားစွာသော နွယ်ပင်ကြီး များကို တွေ့မြင်လိုက်ရသဖြင့်... လက်ဖြင့် ဆွဲကိုင်ကာ အပေါ်သို့ တွားတက်ရန်မှာ သူ့အတွက် သိပ်ပြီး ခက်ခဲသော အလုပ်တစ်ခု မဟုတ်ခဲ့ချေ။

အဖြူလေးသည် သူ၏အနီးနားတွင် ရှိနေသဖြင့် ကျူးမင်လန်မှာ ပို၍ သတ္တိရှိလာခဲ့သည်။ လမ်းတစ်လျှောက်တွင် အဆိပ်ပြင်းမြွေများနှင့် ငှက်ဆိုးများကို တွေ့ရှိရသော်လည်း အဖြူလေး၏ အကြည့်တစ်ချက်မျှဖြင့်ပင် ထိုသတ္တဝါများမှာ ကြောက်လန့်တကြား နောက်ဆုတ်ပြေးကြရတော့သည်။

ကျူးမင်လန်သည် ကျောက်ဆောင်အက်ကွဲကြောင်းများကို နင်းလျက်၊ နွယ်ပင်များကို ဆွဲကိုင်ကာ တက်လာခဲ့သည်။ သူသည် အတော်လေး ဖျတ်လတ်သွက်လက်လှရာ မကြာမီမှာပင် ချောက်ကမ်းပါးလင်းတဆိုးများ၏ အသိုက်အနီးသို့ ရောက်ရှိလာခဲ့ပြီး၊ အိုမင်းရင့်ရော်နေသော ထင်းရှူးပင်အိုကြီးတစ်ပင်ကို အကာအကွယ်ယူကာ ပုန်းကွယ် လိုက်သည်။

“အပြင်မှာ ကင်းစောင့်နေတဲ့ လင်းတဆိုးအနည်းငယ်ကို သတိမထားမိအောင် တိတ်တ ဆိတ် ရှင်းပစ်လို့ရမလား” ကျူးမင်လန်က တိုးတိုးလေး မေးလိုက်သည်။

အဖြူလေး၏ အေးစက်သော အဖြူရောင်ကြယ်ပွင့်များအလား မျက်ဝန်းအစုံမှာ အနည်း ငယ် တောက်ပလာခဲ့ပြီး၊ မကြာမီမှာပင် ဆန်းပြားသော လေပြေလှိုင်းတစ်ခုက ချောက်ကမ်းပါးဝန်းကျင်တွင် စတင်ဝဲလည်လာကာ ကင်းစောင့်နေသော လင်းတဆိုး များရှိရာဆီသို့ တိုက်ခတ်သွားတော့သည်။

ထိုလေပြေမှာ တဖြည်းဖြည်း ပြင်းထန်လာရာ... ပျံသန်းခြင်းအတတ်တွင် ကျွမ်းကျင်လှ သော ချောက်ကမ်းပါး လင်းတဆိုးများပင်လျှင် ၎င်းတို့၏ ဟန်ချက်ကို ထိန်းသိမ်းရန် ရုန်းကန်နေကြရသည်။ အဆုံးတွင် ၎င်းတို့မှာ အခြားရွေးချယ်စရာမရှိဘဲ ရုတ်တရက် ကျရောက်လာသော လေပြင်းဘေးမှ ခိုလှုံရန် ထင်းရှူးပင်အိုကြီးများပေါ်သို့ သက်ဆင်း နားခိုလိုက်ကြရတော့သည်။

“အခွင့်ကောင်းပဲ”

ကျူးမင်လန်က ချက်ချင်းပင် လှုပ်ရှားလိုက်ပြီး ထိုးထွက်နေသော ကျောက်တုံးများကို ခြေနင်းကာ နွယ်ပင်တစ်ပင်ကို ဆွဲလျက် အောက်သို့ အဟုန်ပြင်းစွာ လျှောဆင်းလိုက် သည်။

ဂူဝရှေ့သို့ ဆင်းသက်မိသည်နှင့် ကျူးမင်လန်က ချောက်ကမ်းပါးဂူအတွင်းသို့ လျင်မြန်စွာ တိုးဝင်လိုက်ပြီး၊ သူ ဝင်လာသည်နှင့် အပြင်ဘက်ရှိ လေပြင်းကြီးမှာလည်း အဆင်ပြေ ချောမွေ့စွာပင် ရပ်တန့်သွားခဲ့တော့သည်။

“ဂူထဲမှာ လေစီးကြောင်းရှိနေတာဆိုတော့... သေချာပေါက် တခြားထွက်ပေါက်တွေ ရှိနေ ဦးမှာပဲ” ဂူအတွင်းသို့ ဝင်ရောက်ပြီးနောက် ကျူးမင်လန်က ကောက်ချက်ချလိုက်ပြီး သူ၏ မျက်ခုံးများမှာ ချက်ချင်းပင် တွန့်သွားခဲ့သည်။

အကယ်၍ ဤနေရာတွင် ဝင်ပေါက်တစ်ခုတည်းသာ ရှိခဲ့လျှင် ကျူးမင်လန်အနေဖြင့် ချက်ချင်းပင် စတင်တိုက်ခိုက်ချေမှုန်းရန် စီစဉ်ထားခဲ့သည်။ အပြင်ဘက်ရှိ ကင်းစောင့် လင်းတအနည်းငယ်ကို လျစ်လျူရှုထားနိုင်သော်လည်း ဂူအတွင်းရှိ လင်းတဆိုးများမှာမူ တစ်ကောင်မျှ လွတ်မြောက်နိုင်စွမ်း ရှိတော့မည်မဟုတ်ချေ။

သို့သော် ဤလင်းတဆိုးဂူအတွင်း၌ အခြားသော ထွက်ပေါက်များ ရှိနေခြင်းက လေထု လည်ပတ်စီးဆင်းနေကြောင်းကို အထင်ရှားဆုံး သက်သေပြနေပေသည်။

ထိုအခြားသော ဝင်ပေါက်၊ ထွက်ပေါက်များကို ပိတ်ဆို့ထားရန် လိုအပ်ပေမည်။

၎င်းတို့ သတိမထားမိသေးခင် အချိန်လေးတွင် ကျူးမင်လန်သည် ဂူ၏ ပိုမိုနက်ရှိုင်းသော နေရာသို့ တိတ်တဆိတ် လျှောက်လှမ်းလာခဲ့သည်။ ဂူအတွင်းပိုင်းမှာ သူထင်ထားသ လောက် မှောင်မည်းမနေချေ။ အထက်ဘက် ကျောက်ဆောင်ကမ်းပါးရှိ ကြီးမားသော အက်ကွဲကြောင်းများမှတစ်ဆင့် အလင်းရောင်အချို့ စိမ့်ဝင်နေသောကြောင့် ဖြစ်သည်။

ချောက်ကမ်းပါး လင်းတဆိုးများသည် ဂူ၏ ကျယ်ဝန်းသော နေရာတစ်ခုတွင် စုရုံးနေကြ ပြီး၊ နဂါးတုသားများကို အားပါးတရ စားသောက်နေကြသည်။

ဤလင်းတဆိုးများသည် 'မိစ္ဆာဝိညာဉ်' အဆင့်သို့ ရောက်ရှိနေကြပြီဖြစ်ပြီး မိစ္ဆာကျင့်ကြံ ခြင်း စွမ်းရည်အချို့လည်း ဖွံ့ဖြိုးလာခဲ့ရာ... ၎င်းတို့ စားသုံးလိုက်သော နဂါးတုသား တစ်တုံးစီတိုင်းက ၎င်းတို့ကို ပိုမိုသန်မာလာစေပေသည်။ ၎င်းတို့ နောက်တစ်ကြိမ် အမွှေးလဲသည့်အခါတွင်မူ ရက်စက်ကြမ်းကြုတ်သော သားရဲကြီးများ၏ တိုက်ခိုက်မှုကိုပင် ခုခံနိုင်စွမ်းရှိသော ကြံ့ခိုင်သန်မာသည့် အမွှေးအတောင်များ ထွက်ပေါ်လာနိုင်ချေ ရှိပေသည်။

ဟူး... အားနည်းသူကို အားကြီးသူက ပြန်စားတဲ့သဘာဝက တောတွင်း နိယာမပဲ။ ဉာဏ် နည်းနည်းများရုံနဲ့ ကျားပါးစပ်က အစာကို လုယူနိုင်မယ်လို့ သူတို့ တကယ်ပဲ ထင်နေကြ တာလား။

ကျူးမင်လန်သည် အခြားသော ထွက်ပေါက်တစ်ခုကို ရှာဖွေတွေ့ရှိသွားခဲ့ပြီ ဖြစ်သည်။ နောက်တစ်ဆင့်အနေဖြင့် အဖြူလေးအား ရေခဲနံရံတစ်ခု ဖန်တီးစေပြီး ထိုထွက်ပေါက် နှစ်ခုစလုံးကို ပိတ်ဆို့လိုက်ရန်သာ ဖြစ်သည်။ ထို့နောက်တွင်မူ ကျန်ရှိသောအရာများကို... နဂါးဒေါသများ ပြည့်နှက်နေပြီး ရင်ဖွင့်စရာနေရာ ရှာမတွေ့ဖြစ်နေသည့် သွားမည်းကြီး ထံသို့ လွှဲအပ်ပေးလိုက်ရုံသာ ကျန်တော့သည်။

သို့သော် ထိုစဉ်မှာပင် အဖြူလေးသည် ရုတ်တရက် အသံတိုးတိုးလေး ပြုလုပ်လိုက်ပြီး၊ ဂူ အထက်ရှိ အလင်းရောင်စိမ့်ဝင်နေသော ကျောက်ဆောင်အက်ကွဲကြောင်းဆီသို့ ၎င်း၏ အကြည့်ကို ပင့်တင်လိုက်၏။

“ဝုန်း...”

ထိုအက်ကွဲကြောင်းဆီမှနေ၍ ပြင်းထန်လှသော မြည်ဟီးသံကြီးတစ်ခု ထွက်ပေါ်လာခဲ့ပြီး၊ ချက်ချင်းပင် မရေမတွက်နိုင်သော ကျောက်ခဲငယ်များနှင့် ကျောက်မှုန့်များ မိုးရွာသကဲ့သို့ အောက်သို့ ဆင်းသက်လာရာ ကျူးမင်လန်တစ်ယောက် ထိတ်လန့်သွားခဲ့ရသည်။

အလင်းရောင်မှာ ချက်ချင်းပင် ပျောက်ကွယ်သွားခဲ့ပြီး ဂူအတွင်းပိုင်းမှာ မှောင်မည်းသွားခဲ့ တော့သည်။ ကျူးမင်လန်သည် အံ့သြတကြီးဖြင့် အထက်ရှိ အက်ကွဲကြောင်းဆီသို့ မော့ကြည့်လိုက်ရာ... အလင်းပေါက်ဝ၏ အကျယ်ဆုံးနေရာကို ဖုံးအုပ်ထားသည့် ဧရာမ ခြေသည်းကြီးတစ်ခုကို မသဲမကွဲ မြင်တွေ့လိုက်ရသည်။ ကံကောင်းထောက်မစွာဖြင့် ထိုကျောက်ဆောင်အက်ကွဲကြောင်းမှာ ကျဉ်းမြောင်းပြီး ရှည်လျားလှသဖြင့် အခြေအနေကို ရှင်းလင်းစွာ မြင်တွေ့နိုင်ရန် အလင်းရောင် အနည်းငယ်တော့ ကျန်ရှိနေသေးသည်။

“နဂါးခြေသည်းကြီးလား” ကျူးမင်လန် အသက်ရှူမှားမတတ် ရေရွတ်မိသွားသည်။

ဤချောက်ကမ်းပါး လင်းတဆိုးအုပ်စုသည် ချောက်ကမ်းပါး၏ အလယ်ပိုင်းတွင် အဘယ် ကြောင့် အခြေချနေထိုင်ကြသနည်းဆိုသည်မှာ မဆန်းတော့ချေ။ အပေါ်ဆုံးထိပ်ဖျားတွင် ပိုမိုစွမ်းအားကြီးမားသော သတ္တဝါကြီးတစ်ကောင် ရှိနေသောကြောင့် ဖြစ်ပေသည်။ ပြီးတော့ ထိုခြေသည်း၏ ပုံသဏ္ဌာန်ကို ကြည့်ခြင်းအားဖြင့် ၎င်းမှာ သေချာပေါက် နဂါး တစ်ကောင် ဖြစ်နေသည် မဟုတ်ပါလော။

နဂါးချောက်ကမ်းပါး….

ဒီနေရာက အစစ်မှန် နဂါးချောက်ကမ်းပါးကြီးတစ်ခုပဲ။

ဤချောက်ကမ်းပါး လင်းတဆိုးများသည် ထိုနဂါးကြီး၏ အိမ်နီးနားချင်းများ သို့မဟုတ် ၎င်း၏ လက်အောက်ခံများ ဖြစ်နိုင်ချေ ရှိပေသည်။

လင်းတဆိုးများကို တစ်ချက် ပြန်လည်ကြည့်ရှုလိုက်ရာ... ၎င်းတို့သည် 'အပေါ်ထပ်' မှ စွမ်းအားကြီးမားသော အမဲလိုက်သတ္တဝါကြီး၏ တည်ရှိမှုကို အနည်းငယ်မျှပင် စိုးရိမ် ပူပန်ပုံမရချေ။ ကနဦး ကျောက်မှုန့်များ ကျလာစဉ်က ထိတ်လန့်သွားသဖြင့် ၎င်းတို့၏ အတောင်ပံများကို အနည်းငယ် ခတ်လိုက်ကြသည်မှအပ၊ ၎င်းတို့၏ အစာစားချိန်ကို ဆက်လက်၍ မနှောင့်ယှက်နိုင်ခဲ့ချေ။

ကျူးမင်လန်သည် ယခင်က ချောက်ကမ်းပါးလင်းတဆိုးများကို အမြစ်ပြတ်ချေမှုန်းရန် ရည်ရွယ်ထားခဲ့သော်လည်း၊ ယခုအခါတွင်မူ မိုးပြာနဂါးနက်ကြီးကို စိတ်လိုက်မာန်ပါ ဆင့်ခေါ်ရန် မဝံ့ရဲတော့ချေ။ ၎င်း၏ အရှိန်အဝါမှာ ကျောက်ဆောင်အက်ကွဲကြောင်း၏ အထက်ဘက်ရှိ သတ္တဝါကြီးအား လျင်မြန်စွာ သတိပြုမိသွားစေလိမ့်မည် ဖြစ်သည်... ဤနေရာက ၎င်း၏ နဂါးချောက်ကမ်းပါး မဟုတ်ပါလော။

“ဒါက ဘယ်လိုနဂါးမျိုးလဲ... သက်တမ်းရင့် တောအုပ်စိမ်းနဂါး တစ်ကောင်များလား” ကျူးမင်လန်သည် နဂါးခြေသည်းကို ကြည့်လျက် နဂါး၏ အမျိုးအစားကို စတင်ခွဲခြားရန် ကြိုးစားလိုက်သည်။

ပတ်ဝန်းကျင် အနေအထား၊ ထိုနဂါးခြေသည်း၏ အရောင်နှင့် ပုံသဏ္ဌာန်တို့ကို ထောက်ဆ လျှင် ထိုသတ္တဝါမှာ တောအုပ်စိမ်းနဂါး ဖြစ်နိုင်ချေ အလွန်များပြားပေသည်။

လီချွမ်းလွင်ပြင်မှာ ကျယ်ပြောသော သစ်တောကြီးများ တည်ရှိရာ အရပ်ဖြစ်ပြီး၊ တောအုပ် စိမ်းနဂါးမှာ တောရိုင်းနဂါးများထဲတွင် အတွေ့ရဆုံးသော အမျိုးအစားတစ်ခု ဖြစ်သည်။

ဘိုးဘေးနဂါး မြို့တော်ရှိ နန်းမိသားစုတွင် နဂါးများ မွေးမြူပျိုးထောင်ဖို့အတွက် မြင့်မြတ် ဆန်းကြယ်သော နယ်မြေအဖြစ် 'မှော်ဝင်တောအုပ်' တစ်ခု ရှိကြောင်း ကျူးမင်လန် ကြားဖူးခဲ့သည်။

နန်းမိသားစု၏ အရေးပါသော အဖွဲ့ဝင်အချို့သည် နှစ်စဉ်နှစ်တိုင်း ထိုမှော်ဝင်တောအုပ် အတွင်းသို့ ဝင်ရောက်ကာ စမ်းသပ်မှုများ ပြုလုပ်ရန် အခွင့်အရေး ရရှိကြပေသည်။ ကံကောင်းသောသူများသည် နဂါးပေါက်လေးတစ်ကောင်နှင့်အတူ ပြန်လည်ထွက်ခွာလာ နိုင်ပြီး၊ အရည်အချင်းရှိသူများမှာမူ သက်တမ်းရင့် တောအုပ်စိမ်းနဂါးကြီးတစ်ကောင်ကိုပင် အောင်မြင်စွာ တိုက်ခိုက်လွှမ်းမိုးနိုင်ကြပေသည်။

စင်စစ် ဤအကြောင်းအရာများကို ကျူးမင်လန်သည် လီရှောင်ရင်နှင့် နန်ရီတို့ထံမှ ကြားသိခဲ့ရခြင်း ဖြစ်ပေသည်။

လီမိသားစုသည် ဘိုးဘေးနဂါးမြို့တော်ကို အုပ်ချုပ်စိုးစံပြီး နယ်နိမိတ်အတွင်းရှိ အရာ အားလုံးကို စီရင်ခွင့်ရှိကြသည်။

နန်မိသားစုမှာမူ မျိုးရိုးစဉ်ဆက် နဂါးထိန်းကျောင်းခြင်းကိုသာ အာရုံစိုက်ကြသည့် မျိုးနွယ် စု ဖြစ်ပြီး၊ နဂါးများမှတစ်ပါး အခြားမည်သည့်အရာကိုမျှ စိတ်ဝင်စားခြင်း မရှိကြချေ။

ကျူးမင်လန်သည် ယခုလောလောဆယ်တွင် စိတ်လိုက်မာန်ပါ လှုပ်ရှားခြင်းမျိုးကို ရှောင်ကြဉ်လိုက်သည်။

အဖြူလေး၏ စွမ်းအားနှင့်ဆိုလျှင် ထိုသက်တမ်းရင့် တောအုပ်စိမ်းနဂါးကြီးကို အလွယ် တကူ ဖိနှိပ်ခြေမှုန်းနိုင်သော်လည်း၊ နဂါးများကို သတ်ဖြတ်ခြင်းက သူ့အတွက် တကယ့်ကို အဓိပ္ပာယ် ကြီးကြီးမားမား မရှိချေ၊ သေဆုံးသွားသော နဂါးများထက် အသက်ရှင်နေသော နဂါးများက ပိုမိုတန်ဖိုးရှိလှသည် မဟုတ်ပါလော။

ဤနေရာက အစစ်မှန် နဂါးချောက်ကမ်းပါး ဖြစ်နေမှတော့... ထိုသို့ဆိုလျှင် ဤချောက်ကမ်းပါး လင်းတဆိုးများ၏ အသိုက်သည်လည်း နဂါးရတနာအသိုက်တစ်ခု ဖြစ်နေပေလိမ့်မည်။

“ဧရာမ နဂါးကြီးအများစုဟာ သူတို့ရဲ့ ရတနာတိုက်တွေကို အမြဲတမ်း စောင့်ကြပ်မနေ တတ်ကြဘူး။ ဒါကြောင့်မို့ ရတနာတွေ ပြည့်နှက်နေတဲ့ နဂါးရတနာအသိုက်တွေထဲမှာ ဖရစ်ဖင်တွေ၊ နဂါးတုအဆိပ်စူးငှက်တွေ၊ ကျောက်ဆောင်မြွေတွေလိုမျိုး သူတို့ရဲ့ လက်အောက်ခံ သတ္တဝါမျိုးနွယ်စုတွေ နေထိုင်လေ့ရှိကြတယ်...”

ထိုအချိန်တွင် ကျူးမင်လန်သည် စာအုပ်တစ်အုပ်ထဲမှ မှတ်တမ်းတစ်ခုကို ရုတ်တရက် သတိရမိသွားခဲ့သည်။

ဒါနဲ့... အဲဒီစာအုပ် နာမည်က ဘာတဲ့လဲ.......

'ချမ်းသာကြွယ်ဝခြင်းသို့ သွားရာလမ်း' လား…..၊

မှန်ပေသည်၊ ၎င်းမှာ သူ စာကြည့်တိုက်ထဲတွင် ကျပန်းကောက်ယူ ဖတ်ရှုခဲ့ဖူးသော၊ ဦးနှောက်မရှိသည့် စာရေးဆရာတစ်ဦး ရေးသားထားသည့် စာအုပ်ပင် ဖြစ်သည်။

သို့သော်လည်း ထိုစာအုပ်ထဲရှိ နဂါးရတနာအသိုက်များအကြောင်း ဖော်ပြချက်များမှာမူ တကယ့်ကို တိကျမှန်ကန်လှပေသည်။

ဤချောက်ကမ်းပါး လင်းတဆိုးများသည် ထိုနဂါးကြီး၏ ရတနာသိုက်ကို စောင့်ကြပ် ပေးနေကြသည့် အစောင့်အရှောက်များ ဖြစ်နေကြခြင်းပင်။

“နဂါးရတနာအသိုက်ကို လုယက်တာက ငွေအမြန်ဆုံးရနိုင်မယ့် နည်းလမ်းပဲ” ကျူးမင်လန်တစ်ယောက် သူကိုယ်တိုင် အမှန်တကယ် ယခုလို နေ့ရက်မျိုးနှင့် ကြုံတွေ့ရ လိမ့်မည်ဟု အိပ်မက်ပင် မက်မထားခဲ့ဖူးချေ။

စာစဉ် (၅) ပြီးပါပြီ။

ဘာသာပြန်သူ နေဇင်။

All Chapters