← Chapters

အခန်း (၅၁-၅၂)

Vol. 6 Ch. 51-52

အခန်း (၅၁-၅၂)

Vol. 6 Ch. 51-52

အခန်း (၅၁) - နဂါးတို့၏ သဘာဝ။

ဧရာမနဂါးကြီးများ၏ အပြင်ဘက်အကြေးခွံများမှာ အလွန်တရာ မာကျောလှပေသည်။ ထို့ကြောင့် ၎င်းတို့သည် မိမိတို့၏ အသိုက်အမြုံအတွက် ပျော့ပျောင်းသော အရာများကို မနှစ်သက်ကြဘဲ... မာကျောပြီး အလွယ်တကူ ကြေမွမသွားနိုင်သည့် ရွှေနှင့် စိန်ကဲ့သို့ ကျောက်မျက်ရတနာများကိုသာ ရွေးချယ်လေ့ရှိကြရာ၊ ထိုအရာများကပင် ၎င်းတို့အတွက် အသက်သာဆုံး အိပ်ရာတစ်ခု ဖြစ်လာခဲ့သည်။ ထို့အပြင် ရွှေနှင့် စိန်းများသည် ၎င်းတို့၏ နဂါးအကြေးခွံများကို ပိုမိုတောက်ပြောင်လာစေပြီး ပို၍လည်း ကြံ့ခိုင်စေနိုင်သည်။

မာကျောခြင်းက... တိုက်ပွဲအတွက် အမြဲအသင့်ဖြစ်နေစေပြီး မည်သည့်အရာကမျှ မဖျက်ဆီးနိုင်သော ခန္ဓာကိုယ်ကို ပိုင်ဆိုင်စေသည်။

တောက်ပြောင်ခြင်းကမူ... ဆန့်ကျင်ဘက်လိင်ကို ဆွဲဆောင်နိုင်ရန် ဖြစ်ပြီး၊ ၎င်းမှာ လူသား များ လှပဆန်းပြားသော အဝတ်အစားမျိုးစုံ ဝတ်ဆင်ရသည်ကို နှစ်သက်သဘောကျသည့် သဘောတရားနှင့် အတူတူပင် ဖြစ်၏။

ဧရာမနဂါးကြီးများ၏ အသိုက်သည် အချမ်းသာဆုံး နေရာဖြစ်သည်ဟူသော အဆိုမှာ လုံးဝ ဥဿုံ မှန်ကန်ပေသည်။

“ဆောင်းရာသီ ရောက်တော့မယ်ဆိုတော့... အဲဒီနဂါးကြီးက ဆောင်းခိုဖို့အတွက် အစာတွေ လိုက်ရှာပြီး စုဆောင်းနေရလောက်ပြီ”

“ဒါဆို ငါတို့က အချိန်ကိုပဲ စောင့်ရုံပေါ့။ သူ အပြင်ထွက်သွားတာနဲ့... သူ့ရဲ့ ရတနာသိုက် ကြီးကို အကုန်အစင် ပြောင်သလင်းခါအောင် လုယက်ပစ်မယ်”

ကျူးမင်လန်သည် ချောက်ကမ်းပါးလင်းတဆိုး အုပ်စုကို လှမ်းကြည့်ရင်း... ၎င်းတို့ကို လမ်းပြပေးသည့် ချစ်စရာကောင်းသော နတ်သူငယ်လေးများအဖြစ် ရုတ်တရက် ခံစား လိုက်ရ၏။ ၎င်းတို့၏ ညစ်ပတ်ပေရေနေသော မီးခိုးရောင်အညိုရောင် အမွှေးအတောင်များ နှင့် ချွန်ထက်သော မျက်နှာများမှာပင် ယခုအခါ အလွန်တရာ ချစ်စဖွယ်ကောင်းနေသ ယောင်ပင်... ဖြည်းဖြည်း စားကြစမ်းပါ၊ ဖြည်းဖြည်း စားကြစမ်းပါ၊ အစာနင်ပြီး သေကုန်ကြ ဦးမယ်။

“ငါတို့တော့ တကယ့်ကို သူဌေးကြီး ဖြစ်တော့မှာပဲ” သူ၏ စကားလုံးများမှာ လေထဲတွင် လွင့်ပါးသွားခဲ့သော်လည်း ကျူးမင်လန်၏ ရင်ထဲမှ ပျော်ရွှင်မှုကိုမူ အနည်းငယ်မျှ လျော့ပါး သွားစေခြင်း မရှိခဲ့ချေ။

နောက်ဆုံးတော့... သူသည် ညတွင်းချင်း ချမ်းသာကြွယ်ဝခွင့် ရပေတော့မည်။

ကျူးမင်လန်က အဖြူလေးကို အားရပါးရ နမ်းလိုက်ပြီးနောက်၊ ဘေးကင်းမည့် နေရာတစ်ခု ကို ရွေးချယ်ကာ ထိုဂူအတွင်း၌ပင် ဦးစွာ အခြေချလိုက်သည်။

အပေါ်ထပ်က နဂါးကြီး လှုပ်ရှားတာနဲ့... ငါလည်း ချက်ချင်း လှုပ်ရှားတော့မယ်။

ပစ္စည်းခိုးယူရမည့်အကြောင်း ကြားလိုက်သည်နှင့် အဖြူလေး၏ မျက်ဝန်းငယ်လေးများမှာ စိတ်လှုပ်ရှားမှုကြောင့် တောက်ပသွားခဲ့ရာ... လက်ရည်တူ ပြိုင်ဘက်တစ်ဦးနှင့် ရင်ဆိုင်ရ ချိန်ကထက်ပင် ပိုမို၍ စိတ်အားထက်သန်နေပုံရသည်။

၎င်းမှာ အနည်းငယ် ဆန်းကြယ်လှပေသည်၊ အဘယ်ကြောင့်ဆိုသော် နဂါးကြီးကို တရားမျှ တစွာ တိုက်ခိုက်အနိုင်ယူပြီး ပစ္စည်းများကို ယူဆောင်ခြင်းကလည်း တူညီသော အကျိုး အမြတ်ကို ရရှိစေမည် မဟုတ်ပါလော။

သို့သော် အခြားသူများက အသေအလဲ စောင့်ကြပ်နေသည့် ရတနာများကို အားစိုက်ထုတ် စရာမလိုဘဲ လုယူပြီးနောက်၊ လျင်မြန်စွာ ထွက်ပြေးလွတ်မြောက်ပြီး ၎င်းတို့ ဒေါသတကြီး ဖြင့် စပ်စပ်ခါ ဖြစ်နေသည်ကို လှမ်းကြည့်ရခြင်းက... ရုတ်တရက် ပို၍ပင် ပျော်ရွှင်စရာ ကောင်းပုံရသည်။

သူသည် ယခင်ကလည်း ဤကဲ့သို့သော အလုပ်မျိုးကို မြောက်မြားစွာ ပြုလုပ်ခဲ့ဖူးသော် လည်း၊ ပျော်ရွှင်မှုမှာမူ ဘယ်သောအခါမျှ လျော့ပါးမသွားခဲ့ချေ။

ကျူးမင်လန်သည် အဖြူလေး၏ ကြည်လင်သော မျက်ဝန်းများကို စိုက်ကြည့်လိုက်ရာ၊ မျက်ဝန်းများမှာ ရုတ်တရက် ကောက်ကျစ်စဉ်းလဲသော အရိပ်အယောင်များအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။ အဖြူလေးသည် ၎င်း၏ နဂိုဗီဇဝိညာဉ်ကို ထိန်းသိမ်းထားဆဲ ဖြစ်သော်လည်း၊ မြေခွေးငယ်တစ်ကောင်ကဲ့သို့ ကောက်ကျစ်စဉ်းလဲသူအဖြစ် အဘယ် ကြောင့် ပြောင်းလဲသွားရသနည်း။

ဤအချက်က ကျူးမင်လန်အား တခဏတာ အတွေးနက်သွားစေခဲ့သည်...

နဂါးတစ်ကောင်၏ ပင်ကိုယ်စရိုက်မှာ ၎င်း၏ သခင်ဖြစ်သူနှင့် အလွန်တရာ တူညီတတ် သည်ဟု ပြောလေ့ရှိကြ၏။ ထိုသို့ဆိုလျှင် အဖြူလေး၏ ပင်ကိုယ်ဗီဇမှာ... စင်စစ် သူ၏ ကိုယ်ပိုင် ပြဿနာကြောင့် ဖြစ်နေရော့သလား။

ကျွမ်းကျင်သော မုဆိုးတစ်ဦးဖြစ်ရန် စိတ်ရှည်သည်းခံမှု လိုအပ်ပေသည်။ ကျူးမင်လန် သည် အပေါ်ထပ်ရှိ ဧရာမနဂါးကြီးနှင့် အချိန်ဆွဲ၍ အကဲစမ်းရန်အတွက် သူနှင့်အတူ ပါလာ သော အသားခြောက်အချို့ကို စားသုံးရန် ပြင်ဆင်လိုက်သည်။

သွားမည်းကြီးမှာမူ မကြာသေးမီကမှ အဝစားထားခဲ့သဖြင့် ရက်ပေါင်းများစွာ အစာမစားဘဲ နေနိုင်စွမ်း ရှိသည်။

အဖြူလေးကလည်း သူနှင့်အတူ သယ်ဆောင်လာသော ပျားပန်းဝတ်ရည်များ ရှိနေသဖြင့် သေချာပေါက် ငတ်ပြတ်လိမ့်မည် မဟုတ်ချေ။

ညအချိန်သို့ ရောက်ရှိလာသော်လည်း အပေါ်ထပ်ရှိ ဧရာမနဂါးကြီးထံမှ မည်သည့်လှုပ်ရှား မှု အရိပ်အယောင်မျှ မရှိခဲ့ချေ။ ကျူးမင်လန် ဂူအတွင်းသို့ စတင်ဝင်ရောက်စဉ်က ထိုနဂါးကြီးမှာ အပြင်မှ ပြန်ရောက်ခါစ ဖြစ်ပုံရသော်လည်း၊ အပေါ်ထပ်မှ မည်သည့် အစာ စားသံကိုမျှ ကျူးမင်လန် မကြားခဲ့ရချေ။

ကြီးမားသော သတ္တဝါများ ဖြစ်ကြသည့်အားလျော်စွာ၊ ၎င်းတို့၏ ခန္ဓာကိုယ် အပူချိန်ကို ထိန်းသိမ်းရန်အတွက် ကြီးမားသော အစာစားချင်စိတ် ရှိကြရပေမည်။ အကယ်၍ ၎င်းတို့၏ ဝမ်းဗိုက်အတွင်း၌ မည်သည့်အရာမျှ မရှိပါက ၎င်းတို့၏ စွမ်းအင်သိုလှောင်မှုများကို စဉ်ဆက်မပြတ် အသုံးပြုနေရမည် ဖြစ်ပြီး၊ ယင်းက သူတို့၏ ခွန်အားနှင့် စွမ်းအားများကို အမြဲတစေ လျှော့ချနေသကဲ့သို့ ဖြစ်ပေသည်။ အကယ်၍ ပိုမိုသန်မာသော သားရဲကြီး တစ်ကောင် ရောက်ရှိလာပါက သူတို့အနေဖြင့် ထွက်ပြေးရန်ပင် အင်အားရှိတော့မည် မဟုတ်ချေ။

ကျူးမင်လန်သည် ဧရာမနဂါးကြီး အဝစားထားခဲ့လျှင်ပင်၊ နောက်တစ်ကြိမ် ထပ်မံ အမဲလိုက်ရန်အတွက် ရက်အနည်းငယ်ထက် ပို၍ ကြာမြင့်လိမ့်မည်မဟုတ်ဟု ယုံကြည် ထားသည်။ အထူးသဖြင့် ဆောင်းရာသီ ရောက်ခါနီးအချိန်မျိုးတွင် သတ္တဝါအားလုံး ဆောင်းခိုတတ်ကြပြီး အမဲလိုက်သားရဲများမှာ ပိုမို၍ စိုးရိမ်ပူပန်တတ်ကြသည် မဟုတ်ပါ လော။

နှစ်ရက် ကုန်လွန်သွားခဲ့သည်။

သုံးရက် ကုန်လွန်သွားခဲ့သည်။

စတုတ္ထမြောက်နေ့သို့ ရောက်ရှိလာသောအခါ၊ ဆံပင်များ ရှုပ်ပွလျက်ရှိသော ကျူးမင်လန် သည် နောက်ဆုံးတွင် နဂါးချောက်ကမ်းပါးထံမှ လှုပ်ရှားသံတစ်ခုကို ကြားလိုက်ရတော့ သည်။

“ဝူး... ဖတ်......”

၎င်းမှာ အသားတောင်ပံကြီးများ တဖျတ်ဖျတ်ခတ်လိုက်သည့် အသံပင်။ ကျူးမင်လန်သည် ကျောက်ဆောင်အက်ကွဲကြောင်းမှတစ်ဆင့် အထက်သို့ မော့ကြည့်လိုက်ရာ... ကျောက်မှို အကြေးခွံများဖြင့် ဖုံးလွှမ်းနေသော ဧရာမနဂါးကြီးတစ်ကောင် တဖြည်းဖြည်း ချီတက် ပျံတက်သွားသည်ကို မြင်တွေ့လိုက်ရ၏။ ၎င်း၏ အတောင်ပံကြီးများမှာ ထင်းရှူးပင်အုပ် ကြီးများအလား ကြီးမားလှပြီး၊ ကြောက်ရွံ့ထိတ်လန့်စရာ အရိပ်ကြီးတစ်ခုကိုလည်း ဖြန့်ကြက်သွားခဲ့သည်...

၎င်းမှာ... တောအုပ်စိမ်းနဂါးကြီးတစ်ကောင်ပင်။

ထို့အပြင်, ထိုနဂါးကြီးသည် သေချာပေါက် အရွယ်ရောက်အဆင့် ဖြစ်ပြီး၊ ၎င်း၏ အရှိန်အဝါ မှာ သွားမည်းကြီးထက် များစွာ ပိုမိုအစွမ်းထက်ပေသည်။

ကျူးမင်လန်အနေဖြင့် ၎င်း၏ စွမ်းအားအတိအကျကို မခန့်မှန်းနိုင်ချေ။

အရွယ်ရောက်အဆင့်နှင့် ပြီးပြည့်စုံသောအဆင့်ရှိ သတ္တဝါများမှာ အလွန်တရာ ဆင်တူကြ ပေသည်။ အကယ်၍ ထို 'တောအုပ်နဂါးစိမ်း' ကြီးသည် ပြီးပြည့်စုံသောအဆင့်သို့ ရောက်ရှိ နေခဲ့လျှင်... ငွေနှင်းအရုဏ်ဦးနဂါးဖြူပင်လျှင် ၎င်းအား အလွယ်တကူ နှိမ်နင်းနိုင်လိမ့်မည် မဟုတ်ပေ။

ထို့ကြောင့် စိတ်လိုက်မာန်ပါ အင်အားသုံး၍ မတိုက်ခိုက်ခြင်းက တကယ့်ကို အမြော်အမြင် ကြီးသော လုပ်ရပ်ဖြစ်ပေသည်။

ကျူးမင်လန် စတင်လှုပ်ရှားလိုက်ပြီ။

သူသည် လွန်ခဲ့သော ရက်အနည်းငယ်အတွင်းက ရိုးရိုးရှင်းရှင်း စောင့်ဆိုင်းနေခဲ့ခြင်း မဟုတ်ပေ။ ထိုအစောင့်အရှောက် သားရဲများဖြစ်ကြသော ချောက်ကမ်းပါး လင်းတဆိုး များ၏ အလေ့အထကို သူ ကောင်းစွာ သဘောပေါက်ထားခဲ့ပြီး ဖြစ်သည်။ ကျူးမင်လန် သည် ထိုလင်းတဆိုးအုပ်စုကို အားစိုက်ထုတ်စရာမလိုဘဲ အလွယ်တကူ ရှောင်ကွင်းကာ... ချောက်ကမ်းပါးဂူ၏ ပိုမိုနက်ရှိုင်းသော နေရာများသို့ ချက်ချင်းပင် တိုးဝင်လိုက်တော့သည်။

ချောက်ကမ်းပါးဂူ၏ နက်ရှိုင်းသော နေရာတွင်မူ အပေါ်သို့ တက်လှမ်းနိုင်သော လမ်းရှိ နေပြီး၊ ၎င်းမှာ တောင်ထိပ်၏ အထက်ဘက် ချောက်ကမ်းပါးဆီသို့ ဆက်သွယ်ထားခြင်း ဖြစ်သည်။ ကျူးမင်လန်သည် ထိုလမ်းအတိုင်း လိုက်ပါတက်လှမ်းလာခဲ့ရာ... မကြာမီမှာပင် အထက်ဘက်မှနေ၍ စောင်းလျက် ကျရောက်နေသော ဧရာမ အလင်းတန်းကြီးတစ်ခုကို မြင်တွေ့လိုက်ရ၏။ အလင်းတန်းကြီးမှာ မှောင်မည်းနေသော အောက်ခြေမြေပြင်ကို ထိုးဖောက်နေသည့် ဧရာမ လှံရှည်ကြီးများအလားပင်။

ကျူးမင်လန်သည် ထိုအလင်းရောင်ရှိရာသို့ ချဉ်းကပ်လာခဲ့ရာ... သူ၏ ဦးခေါင်းထက်နှင့် သူ လာခဲ့သော အရပ်မျက်နှာတို့တွင် ချောက်ကမ်းပါးလင်းတဆိုးများ ကင်းလှည့်နေကြသည် ကို တွေ့ရှိလိုက်ရ၏။ 'တောအုပ်နဂါးစိမ်း' ကြီး ထွက်ခွာသွားပြီးနောက်တွင် လင်းတဆိုး အစောင့်အရှောက်များသည် ပိုမို၍ တင်းကျပ်စွာ စောင့်ကြပ်နေကြခြင်း ဖြစ်သည်။ သို့သော် ဝမ်းနည်းစရာကောင်းလှသည်မှာ... တစ်စုံတစ်ဦးက ငုတို့ထက် များစွာစောပြီး အတွင်းပိုင်း ၌ ပုန်းအောင်းနေခဲ့လိမ့်မည်ဟု သူတို့ ဘယ်သောအခါမျှ တွေးမိကြလိမ့်မည် မဟုတ်ချေ။

အတွင်းပိုင်းတွင်မူ ကင်းစောင့်သူ လုံးဝမရှိသလောက်ပင်။ ကျူးမင်လန်သည် အလင်းရောင် များ ဖြာဆင်းကျရောက်နေသော နေရာဆီသို့ ရွှေ့လျားလာခဲ့ရာ... တောင်ထိပ်၏ ချောက်ကမ်းပါးထက်တွင် ခြေသည်းများဖြင့် ထွင်းထုပြုလုပ်ထားသော နဂါးရတနာ အသိုက်ကြီး တစ်ခုကို ရှာဖွေတွေ့ရှိလိုက်တော့သည်။

ထိုနဂါးရတနာအသိုက်မှာ အိမ်ဝန်းတစ်ခုနီးပါးခန့် ကြီးမားကျယ်ဝန်းပြီး၊ ရွှေ၊ ငွေ၊ ကျောက်မျက်ရတနာမျိုးစုံဖြင့် ဖုံးလွှမ်းပြည့်နှက်နေခဲ့သည်။ အသိုက်၏ အစိတ်အပိုင်း အနည်းငယ်မျှအပေါ်သို့ စောင်းလျက် ကျရောက်နေသော နေရောင်ခြည်သည်ပင်လျှင် အလွန်တရာ တောက်ပလှပလွန်းသဖြင့် မျက်စိကျိန်းမတတ် ဝေဝါးသွားခဲ့ရသည်။

ကျူးမင်လန်သည် နီရဲနေသော ပတ္တမြားများ၊ ပလက်တီနမ် (ရွှေဖြူ) များ၊ လိမ္မော်ရောင် ရွှေများနှင့် မြရတနာများကို စိုက်ကြည့်ရင်း... သူ၏ မျက်လုံးများမှာ အပြင်သို့ ပြူးထွက် မတတ် ဖြစ်သွားခဲ့ရသည်။

ဧရာမနဂါးကြီးများသည် ဤအရာများကို စုဆောင်းရန် နှစ်သက်ကြသည်မှာ မဆန်းတော့ ချေ။ ဤကဲ့သို့ ခန့်ညားထည်ဝါသည့် ရတနာများကို အတူတကွ စုစည်းထားပြီး၊ ၎င်းတို့၏ စူးရှတောက်ပသော အရောင်အဝါများကို လင်းလက်စေခြင်းက... ဧကန်စင်စစ် ဤကမ္ဘာ လောကကြီးတွင် အလှပဆုံးသော မြင်ကွင်းတစ်ခုကို ဖန်တီးပေးနေခြင်းပင် ဖြစ်ပေတော့ သည်။

သူ့အနေဖြင့် ရက်ပေါင်းများစွာ လေကိုစား၊ ဆီးနှင်းကိုသောက်လျက် စောင့်ဆိုင်းခဲ့ရသည် မှာ တကယ့်ကို အလဟဿ မဖြစ်ခဲ့ချေ။ ဤ 'တောအုပ်နဂါးစိမ်း' ကြီးမှာ အမှန်ပင် ဤကမ္ဘာလောကကြီးထဲတွင် အချစ်စဖွယ်အကောင်းဆုံး နတ်သူငယ်လေး ဖြစ်ချေတော့ သည်။

“အဖြူလေး... မင်း အဲဒီကွက်ကွက်ကို မှတ်မိသေးလား” ကျူးမင်လန်က အလောတကြီး မေးလိုက်သည်။

အဖြူလေးက သူ၏ခေါင်းကို အားပါးတရ ငြိတ်ပြလိုက်ပြီး၊ စိတ်လှုပ်ရှားစွာဖြင့် ၎င်း၏ ရှည်လျားလှသော အမြီးကြီးကို မြှောက်လိုက်၏။ ထိုအမြီးကြီးမှာ ဟင်းလင်းပြင်ထက်တွင် ရေဝဲဂယက်တစ်ခုအလား မရပ်မနား စတင်ဝဲလည် လှုပ်ရှားလာခဲ့တော့သည်...

အမြီးကြီး ဝှေ့ယမ်းသည့်အချိန် ကြာမြင့်လာလေ........ နဂါးရတနာအသိုက်အတွင်း၌ တိတ်ဆိတ်ငြိမ်သက်နေသော်လည်း အလွန်တရာ ပြင်းထန်သော စုပ်ယူခြင်းစွမ်းအား တစ်ရပ် တဖြည်းဖြည်း ဖြစ်ပေါ်လာလေ ဖြစ်သည်။ မြေပြင်ထက်တွင် ပြန့်ကျဲနေသော သနားစဖွယ် ကျောက်မျက်ရတနာများမှာ အပေါ်သို့ မြောက်တက်လာကြပြီး၊ အသိုက်သို့ ပြန်လာကြသော ပျံလွှားငှက်ငယ်များအလား အဖြူလေး၏ အမြီးမှ ဖန်တီးထားသော ဝဲဂယက်ဆီသို့ အလုအယက် ပျံသန်းဝင်ရောက်သွားကြတော့သည်။

ကျူးမင်လန် မှတ်မိသရွေ့တော့... ယခင်က အဖြူလေး၏ ဤကွက်မှာ ရန်သူ၏ ဆန်းကြယ်မှော်ပညာရပ်များကို စုပ်ယူရန် အသုံးပြုခဲ့ခြင်းဖြစ်ပြီး၊ ထို့နောက်မှ ထိုစွမ်းအား များကို တိုက်ခိုက်သူထံသို့ ပြန်လည်တုံ့ပြန် တိုက်ခိုက်ခြင်းဖြစ်သည်။ သို့သော် ဤပညာမှာ မည်သည့်အချိန်ကစ၍ ဤကဲ့သို့ ပုံစံပြောင်းလဲသွားခဲ့သည်ကိုမူ သူ မသိရှိပေ။

“အဖြူလေး... မင်းကတော့ တကယ့်ကို ပါရမီရှင်လေးပဲ။ အရင်တုန်းက ရှိခဲ့တဲ့ မိုးပြာနဂါးရဲ့ ဆန်းကြယ် မှော်ပညာရပ်တွေကိုသာ မေ့ချင်မေ့သွားမယ်... ဒီပစ္စည်းခိုးတဲ့အတတ်ကိုတော့ ဘယ်တုန်းကမှ မမေ့ခဲ့ဘူးပဲ” ကျူးမင်လန်က အဖြူလေး၏ ကျွမ်းကျင်လှသော လှုပ်ရှားမှု ကို ကြည့်လျက် ကျေနပ်အားရစွာဖြင့် ပြောလိုက်သည်။

မကြာမီအချိန်အတွင်းမှာပင် ဤအသိုက်အတွင်းရှိ ရတနာအားလုံးသည် အဖြူလေး၏ ရတနာသိုလှောင်ပညာအတွင်းသို့ စုစည်းရောက်ရှိသွားခဲ့ပြီး၊ အဖြူလေးသည်လည်း အလွန်တရာ ကျေနပ်အားရနေပုံရသည်။

ဤနေရာတွင် ဆက်ပြီး အချိန်ဆွဲနေရန် ရည်ရွယ်ချက်မရှိသဖြင့် ကျူးမင်လန်နှင့် အဖြူလေးတို့သည် ချက်ချင်းပင် လျင်မြန်စွာ ထွက်ခွာခဲ့ကြတော့သည်။

“ဝူး... ဝူး... ဝါး......”

ထိုစဉ် သူတို့၏ နောက်ဘက်ဆီမှနေ၍ စူးရှတုန်ရီကာ အချင်းချင်း လုံးထွေးရစ်ပတ်နေ သော အော်ဟစ်သံများ ထွက်ပေါ်လာခဲ့သည်။

ကျူးမင်လန်သည် သူတို့ အမိဖမ်းခံလိုက်ရပြီအထင်ဖြင့် ချက်ချင်းပင် အလောတကြီး ပုန်းကွယ်လိုက်ရသည်။

အတန်ကြာပြီးနောက် ထိုအော်ဟစ်သံများသည် ဂူအတွင်း၌ ထပ်မံ၍ ပဲ့တင်ထပ်လာခဲ့ သည်။ 'တောအုပ်နဂါးစိမ်း' ကြီး သူ့အသိုက်မှ ထွက်ခွာသွားသည်နှင့် တစ်ပြိုင်နက် ချောက်ကမ်းပါး လင်းတဆိုးအုပ်ကြီးသည် ဂူအတွင်းသို့ ပြန်လည်ရောက်ရှိလာကြကာ၊ ပတ်ဝန်းကျင်၌ ကင်းစောင့်ခြင်းကို ပိုမိုတင်းကျပ်လိုက်ကြပုံရ၏။

ကံကောင်းထောက်မစွာဖြင့် ၎င်းတို့သည် မှောင်မည်းပြီး ဗလာကျင်းနေပြီဖြစ်သော နဂါး ရတနာအသိုက်အတွင်းပိုင်းအထိ ဝင်ရောက်စစ်ဆေးခြင်း မပြုကြသေးသဖြင့် ကျူးမင်လန် တစ်ယောက် အတိုင်းအတာတစ်ခုအထိ သက်ပြင်းချနိုင်ခဲ့သည်။

မည်သူမျှ သတိမထားမိဘဲ တိတ်တဆိတ် ထွက်ခွာနိုင်ခြင်းကသာ အကောင်းဆုံး ရလဒ် ဖြစ်ပေသည်။

“ငါတို့ လာခဲ့တဲ့လမ်းအတိုင်းတော့ ပြန်လို့မရတော့ဘူး ထင်တယ်။ ဒီတောင်ထိပ်ကနေ တက်ပြီး ထွက်ပြေးဖို့ စဥ်းစားရအောင်” သူတို့ ဝင်လာခဲ့သော ဂူလမ်းကြောင်းတစ်ခုလုံး တွင် ယခုအခါ ချောက်ကမ်းပါးလင်းတဆိုးများ ပြည့်နှက်နေပြီဖြစ်ကြောင်း သတိပြုမိသွား သဖြင့် ကျူးမင်လန်က ဆုံးဖြတ်ချက်ချလိုက်သည်။ သူတို့သည် ချောက်ကမ်းပါး၏ ထိပ်မှ တစ်ဆင့် ထွက်ခွာရန် တိုင်ပင်လိုက်ကြပြီး၊ အထက်တွင် ကင်းလှည့်နေသော လင်းတဆိုး များ၏ အမြင်ကို ကွယ်ရန်အတွက် ထိုနေရာရှိ သစ်ပင်ပန်းမာန်များကို အကာအကွယ် ယူရန် ရည်ရွယ်လိုက်၏။

နဂါးရတနာအသိုက် တွင်းကြီးအတွင်းမှ အပေါ်သို့ တွားတွားတက်လာစဉ် ကျူးမင်လန် သည် အလွန်တရာ သတိကြီးစွာဖြင့် လှုပ်ရှားနေခဲ့ပြီး၊ အဖြူလေးကလည်း ကင်းလှည့်နေ သော လင်းတဆိုးများကို အနှောင့်အယှက်ပေးရန်အတွက် ချောက်ကမ်းပါးအနီးရှိ လေဒြဗ်စင် စွမ်းအင်များကို ထိန်းချုပ်ရန် ကြိုးပမ်းပေးခဲ့သည်။

ထူထပ်၍ ပျော့ပျောင်းလှသော နွယ်ပင်များဖြင့် ဖုံးလွှမ်းနေသည့် ချောက်ကမ်းပါးထိပ်သို့ ရောက်ရှိလာသောအခါ ကျူးမင်လန်သည် ခေါင်းကို အသာအယာပြူ၍ အခြေအနေကို ထောက်လှမ်းကြည့်လိုက်၏။ အထက်ပိုင်းတွင် ရှင်းလင်းနေသည်ကို မြင်တွေ့ရသဖြင့် သူသည် နဂါးသိုက်အတွင်းမှ ချက်ချင်း ခုန်ထွက်လိုက်ပြီး၊ ရှည်လျားသော သစ်ကိုင်းကြီး များ တွဲလောင်းကျနေသည့် ထင်းရှူးပင်အိုကြီးတစ်ပင်၏ အောက်တွင် ပုန်းကွယ်လိုက် သည်။

ကောင်းကင်ယံထက်တွင် ချောက်ကမ်းပါးလင်းတဆိုး မြောက်မြားစွာ ရှိနေဆဲ ဖြစ်သည်။ အဖြူလေးသည် လေပြင်းများကို ဆက်လက်၍ မွှေနှောက်နေခဲ့ပြီး၊ ထိုပြင်းထန်လှသော လေစီးကြောင်းများကြောင့် ကင်းလှည့်လင်းတဆိုးများ အထက်ရှိ ထင်းရှူးပင်များပေါ်သို့ သွားရောက်ပုန်းကွယ်ရမည့် အချိန်ကို စောင့်ဆိုင်းကာ ကျူးမင်လန် ခြေရာဖျောက်ရန် ပြင်ဆင်နေသည်။ သို့မဟုတ်ပါက ထိုလင်းတဆိုးများသည် 'တောအုပ်နဂါးစိမ်း' ကြီး ပြန်လည်ရောက်ရှိလာသည်အထိ သူတို့နောက်သို့ သေချာပေါက် တကောက်ကောက် လိုက်လံ နှောင့်ယှက်ကြပေလိမ့်မည်။

သင့်တော်မည့် အခွင့်အရေးကို တိတ်တဆိတ် စောင့်ဆိုင်းနေစဉ်... ကျူးမင်လန်သည် ပျော့ပျောင်းသော နွယ်ပင်များရှိရာဆီသို့ မရည်ရွယ်ဘဲ လှမ်းကြည့်မိရာ၊ ထိုခြောက်သွေ့နေ သော နွယ်ပင်များသည် သဘာဝအတိုင်း ပေါက်ရောက်နေခြင်း မဟုတ်ကြောင်း သတိပြုမိ လိုက်သည်။ ၎င်းတို့မှာ အပိုင်းပိုင်း ပြတ်တောက်လျက် စုပုံနေကြပြီး... ကြီးမားသော နွယ်ပင်သိုက်ကြီးတစ်ခုအသွင် ဖန်တီးထားခြင်း ဖြစ်သည်။

ထိုနွယ်ပင်အသိုက်ကြီးကို မြင်လိုက်ရသည့်အခါ ကျူးမင်လန်၏ စိတ်ထဲတွင် အတွေး တစ်ချက် ဖြတ်ခနဲ လက်သွားခဲ့၏။

သူသည် ခြေလှမ်းအနည်းငယ် နောက်ဆုတ်ကာ သစ်ပင်တစ်ပင်၏ နောက်ကွယ်တွင် ပုန်းကွယ်လိုက်သည်။ ထိုစဉ်မှာပင်... နွယ်ပင်အသိုက်ကြီးထဲမှနေ၍ ကြီးမားသော ဦးခေါင်း ကြီးတစ်ခု ပြူထွက်လာခဲ့ရာ၊ ၎င်း၌ လင်းပိုင်အစိမ်းဖျော့ရောင် အရေပြား၊ မြွေနှင့်တူသော မျက်ဝန်းအစုံ၊ ကြီးမားလှသော နှာခေါင်းပေါက်ကြီးများနှင့် အနည်းငယ် ထိုးထွက်နေသော နဂါးဦးချိုလေးများ ရှိနေခဲ့သည်။

ထိုဦးခေါင်းကြီးသည် တဖြည်းဖြည်း မြင့်တက်လာခဲ့ပြီး၊ ၎င်း၏ မျက်ဝန်းများက လေပြင်း ကြောင့် ပြင်းထန်စွာ ဝှေ့ယမ်းနေသော ထင်းရှူးပင်များကို စစ်ဆေးကြည့်ရှုနေခဲ့သည်။

နဂါးပေါက်လေးတွေလား….

ကျူးမင်လန်တစ်ယောက် အံ့သြတကြီး ဖြစ်သွားခဲ့ရသည်။

'တောအုပ်နဂါးစိမ်း' ကြီးသည် ချောက်ကမ်းပါး၏ ထိပ်ဆုံးနေရာတွင် အဘယ်ကြောင့် အမြဲ တစေ သွားရောက်နေထိုင်တတ်လဲဆိုသည်မှာ မဆန်းတော့ချေ၊ အပေါ်ထပ်တွင် မာကျော သော အကြေးခွံများ မဖွင့်ဖြိုးသေးသည့် နဂါးပေါက်လေးများအတွက် လျှို့ဝှက်အသိုက် တစ်ခု ရှိနေသောကြောင့် ဖြစ်ပေသည်။

ထိုနဂါးပေါက်ကြီးသည် ကျူးမင်လန်ကို သတိမပြုမိဘဲ၊ ဘေးပတ်ဝန်းကျင်ကိုသာ စူးစမ်း လိုစိတ်ဖြင့် ဝေ့ဝဲကြည့်ရှုနေခဲ့သည်။

မိခင်နဂါးကြီး အပြင်သို့ ထွက်ခွာသွားပြီဖြစ်ကြောင်း သိရှိသွားပုံရသဖြင့်... ထိုနဂါးပေါက် ကြီးသည် ရုတ်တရက် ပျော်ရွှင်ဖွယ် အသံငယ်တစ်ခုကို ပြုလုပ်လိုက်ပြီး၊ ၎င်း၏ ပါးစပ်တွင် တစ်စုံတစ်ခုကို ကိုက်ငုံလျက် ချောက်ကမ်းပါး၏ အစွန်းဘက်သို့ တဖြည်းဖြည်း တွားသွား တော့သည်။

ကျူးမင်လန် သေသေချာချာ စိုက်ကြည့်လိုက်သည့်အခါမှသာ... ထိုနဂါးပေါက်ကြီး၏ ပါးစပ်အတွင်း၌ သူ့ထက် များစွာသေးငယ်သော အလွန်သေးငယ်သည့် နဂါးပေါက်စလေး တစ်ကောင်ကို ကိုက်ချီထားကြောင်း ရိပ်မိလိုက်တော့သည်။

အကိုက်ခံထားရသော နဂါးပေါက်စလေး၏ ခန္ဓာကိုယ်ထက်တွင် ဒဏ်ရာအချို့ ရှိနေခဲ့ပြီး၊ ၎င်းတို့မှာ မကြာသေးမီကမှ ဖြစ်ပေါ်ထားသည့် ဒဏ်ရာများဖြစ်ကြောင်း ထင်ရှားလှပေ သည်။

ထွားကျိုင်းသော နဂါးပေါက်ကြီးသည် နွယ်ပင်အသိုက်ထဲမှ ထွက်ခွာလာပြီးနောက် ၎င်း၏ ခြေလှမ်းများကို ပိုမို၍ သွက်လက်မြန်ဆန်စွာ လှမ်းလိုက်သည်။

သူ ချောက်ကမ်းပါး၏ အစွန်းဆုံးနေရာသို့ ရောက်ရှိလာသောအခါ... ထိုနဂါးပေါက်စလေး သည် စတင်ရုန်းကန်လှုပ်ရှားလာပြီး၊ တစ်စုံတစ်ခုကို အသနားခံ တောင်းပန်နေသည့် အလား သနားစဖွယ် အော်ဟစ်သံငယ်လေးကို ပြုလုပ်ရှာတော့သည်။

သို့သော် ဝမ်းနည်းစရာကောင်းသည်မှာ... ထိုနဂါးပေါက်ကြီးသည် အနည်းငယ်မျှ စိတ်လှုပ် ရှားခြင်း မရှိခဲ့ချေ။ ၎င်းသည် ထိုနဂါးပေါက်စလေးကို နောက်တစ်ကြိမ် အားပါးတရ ထပ်မံ ကိုက်ခဲလိုက်ပြီးနောက်... ၎င်း၏ပါးစပ်မှနေ၍ အရှိန်အဟုန်ပြင်းစွာဖြင့် အောက်သို့ လွှဲရိုက် ပစ်ချလိုက်တော့သည်။

ဖွံ့ဖြိုးခြင်း မရှိသေးသည့် အတောင်ပံငယ်များကြောင့် ထိုနဂါးပေါက်စလေးမှာ အောက်ခြေ သို့ တန်းတန်းမတ်မတ် လျှောကျပြုတ်ကျသွားခဲ့ရပြီး... ၎င်း၏ စူးရှသော ကြောက်လန့်တ ကြား အော်ဟစ်သံငယ်လေးက ချောက်ကမ်းပါးဝန်းကျင်တစ်ခုလုံးတွင် ချက်ချင်းပင် ပဲ့တင် ထပ်သွားခဲ့တော့သည်။

ကျူးမင်လန်တစ်ယောက် ဆွံ့အမှင်တက်သွားခဲ့ရသည်။

ဤအခြေအနေမှာ... နောင်တော်ဖြစ်သူက ညီငယ်ဖြစ်သူအား ပျံသန်းနည်း သင်ကြား ပေးနေခြင်းမျိုး သေချာပေါက် မဟုတ်ပါချေ။

၎င်းမှာ ခန္ဓာကိုယ်ပိုမိုကြီးမားသော နဂါးပေါက်ကြီးက မိခင်နဂါးကြီး မရှိသည့်အချိန်ကို အခွင့်ကောင်းယူကာ... အတောင်ပံ မစုံသေးသည့် ညီငယ်လေးအား ချောက်ကမ်းပါး အောက်သို့ ရက်ရက်စက်စက် တွန်းချပစ်လိုက်ခြင်းသာ ဖြစ်ပေသည်။

ကျူးမင်လန်သည် ယခုအခါတွင်မှ... ချော်ရည်ပူများကဲ့သို့ ဆူပွက်နေသော သွေးပူများကို ပိုင်ဆိုင်ထားကြသည့် ဧရာမနဂါးကြီးများ၏ ပင်ကိုယ်စရိုက်မှာမူ မြွေတစ်ကောင်ကဲ့သို့ အေးစက်လွန်းနေသည်ကို ကိုယ်တိုင်မျက်မြင် ကြုံတွေ့လိုက်ရတော့သည်။

နဂါးများသည် သာမန်ဝိညာဉ်သက်ရှိများထက် သာလွန်လွန်မြောက်ကာ စွမ်းအားကြီးမား ကြသော်လည်း... ၎င်းတို့သည် ဤကမ္ဘာလောကကြီး၏ ရက်စက်ကြမ်းကြုတ်သော နိယာမတရားများကို ဆက်လက်၍ လိုက်နာနေကြရဆဲ ဖြစ်သည်။

နဂါးများသည် အလွန်တရာ အစွမ်းထက်လှပြီး ကြောက်မက်ဖွယ်ကောင်းသော ကျားရဲ များနှင့် တောကျွဲရိုင်းကြီးများကို အလွယ်တကူ သတ်ဖြတ်နိုင်ကြသော်လည်း... လက်တွေ့ တွင်မူ နဂါးအဆင့်သို့ရောက်လျှင် သာမန်တောရိုင်းတိရစ္ဆာန်များသည် ၎င်းတို့၏ အစားစာ လိုအပ်ချက်ကို ပြည့်မီအောင် ဖြည့်ဆည်းပေးနိုင်စွမ်း မရှိကြချေ။

အကယ်၍ အစားအစာက ၎င်းတို့၏ ခန္ဓာကိုယ် လိုအပ်ချက်များကို မဖြည့်ဆည်းပေးနိုင် ခဲ့ပါက... သိုးတစ်ကောင် သို့မဟုတ် နွားတစ်ကောင်ကို စားသုံးခြင်းကပင် လူသားများအနေ ဖြင့် မြက်ခြောက်များနှင့် သစ်ခေါက်များကို ဝါးမြိုနေရသကဲ့သို့သာ ဖြစ်ပေလိမ့်မည်။

၎င်းတို့သည် ထူးခြားဆန်းပြားသော မှော်ဝင်သားရဲများကိုသာ အဓိက အမဲလိုက်ကြရပြီး... ထိုမှော်ဝင်သားရဲများသည်လည်း အတိုင်းအတာတစ်ခုအထိ အသိဉာဏ်ရှိကြကာ တောတွင်းရှင်သန်နေထိုင်ရေး ပညာရပ်များကို တတ်မြောက်ထားကြသဖြင့် တိတ်တဆိတ် ပုန်းကွယ်နေတတ်ကြရာ၊ ဧရာမနဂါးကြီးများအတွက်ပင် လိုက်လံရှာဖွေရန် အလွန်တရာ ခက်ခဲလှပေသည်။

သူတို့ခန္ဓာကိုယ်၏ စွမ်းအင်များကို ပြန်လည်ဖြည့်တင်းပေးနိုင်ပြီး တစ်ချိန်တည်းမှာပင် ၎င်းတို့၏ မှော်ပညာများကို နဂိုအတိုင်း ပြန်လည်ကောင်းမွန်စေနိုင်သော အစားအစာ ဟူသည်မှာ အမြဲတစေ ရှားပါးလွန်းပေသည်။

အချို့သော ကောင်းမွန်စွာ မဖွံ့ဖြိုးသေးသည့် နဂါးငယ်လေးများဆိုလျှင် 'မိစ္ဆာဝိညာဉ်' အချို့၏ အစားအစာအဖြစ်သို့ပင် ကျရောက်သွားနိုင်ချေ ရှိသည်။ ထို့ကြောင့် သူတစ်ကိုယ် တည်း ပိုမိုသန်မာထွားကျိုင်းစွာ ကြီးပြင်းလာနိုင်ရန်အတွက်... ထိုနဂါးပေါက်ကြီးသည် သာမန်အချိန်များတွင် သူ့ညီငယ်လေးကို မကြာခဏ ကိုက်ခဲနှိပ်စက်ရုံသာ ရှိသော်လည်း ယခုလို ဆောင်းရာသီ ရောက်ခါနီးအချိန်တွင်မူ ၎င်း၏ စက်ဆုပ်ရွံရှာဖွယ်ကောင်းသော ပင်ကိုယ်စရိုက်အမှန်ကို လုံးဝဥဿုံ ဖော်ပြလိုက်ခြင်းပင် ဖြစ်တော့သည်။

အတိတ်တုန်းကမူ ကျူးမင်လန်သည် ဧရာမနဂါးကြီးများ၏ အသိုက်အမြုံအတွင်း အချင်းချင်း သတ်ဖြတ်ကြသည့် ကောလာဟလအချို့ကို ကြားဖူးခဲ့သော်လည်း... ယနေ့ ကိုယ်တိုင်မျက်မြင် ကြုံတွေ့လိုက်ရသည့်အခါတွင်မူ သူ့ရင်ထဲတွင် ထိတ်လန့်တုန်လှုပ်ရဆဲ ဖြစ်သည်။

အခန်း (၅၂) တောအုပ်နဂါးစိမ်းပေါက်လေး။

မိမိ၏ သွေးရင်းသားရင်းညီလေးကို ချောက်ကမ်းပါးအောက်သို့ တွန်းချပစ်လိုက်သည့် ရက်စက်ကြမ်းကြုတ်သော လုပ်ရပ်ကို ကျူးလွန်ပြီးနောက်... ထိုအေးစက် တည်ငြိမ်လှ သော နဂါးပေါက်ကြီးသည် နူးညံ့ပျော့ပျောင်းသော မိမိ၏ အသိုက်ဆီသို့ ယိုင်တိုင်တိုင်ဖြင့် ပြန်လည် တွားသွားတော့သည်။ ယခုအခါတွင်မူ ၎င်းသည် ဤအသိုက်အမြုံ၏ တစ်ဦး တည်းသော ပိုင်ရှင် ဖြစ်သွားခဲ့ပြီဖြစ်ရာ... ပိုမို၍လည်း နှစ်ခြိုက်စွာ အိပ်စက်နိုင်တော့မည် ဖြစ်ပေသည်။

ကျူးမင်လန်သည် ဖြစ်ပျက်သမျှ ဖြစ်စဉ်တစ်ခုလုံးကို ကိုယ်တိုင်မျက်မြင် တွေ့ရှိခဲ့ရသဖြင့် သက်ပြင်းမချဘဲ မနေနိုင်ခဲ့ချေ။

သူသည် ကနဦးက ထိုနဂါးပေါက်ကြီးကို ခိုးယူရန် ရည်ရွယ်ထားခဲ့သော်လည်း... ၎င်း၏ အေးစက်လွန်းသော ဗီဇနှင့် ယုတ်မာကောက်ကျစ်သော စရိုက်ကို တွေးတောမိသည့်အခါ တွင်မူ ရုတ်တရက် စိတ်ဝင်စားမှု အားလုံး လုံးဝဥဿုံ ပျောက်ဆုံးသွားခဲ့ရသည်။

ချောက်ကမ်းပါးလင်းတဆိုးများ ထင်းရှူးပင်များပေါ်တွင် သွားရောက်ပုန်းကွယ်မည့်အချိန် ကို တိတ်တဆိတ် စောင့်ဆိုင်းနေရင်း... ကျူးမင်လန်သည် သူကိုယ်တိုင် ထိုနဂါးပေါက်ကြီး အတွက် လင်းတဆိုးများ မမြင်တွေ့နိုင်မည့် ပြီးပြည့်စုံသော ပြစ်မှုကျူးလွန်ရာ နေရာ တစ်ခုကို အမှတ်မထင် ဖန်တီးပေးလိုက်သကဲ့သို့ ဖြစ်သွားခဲ့ကြောင်း သတိပြုမိလိုက်သည်။

မိခင်နဂါးကြီး ပြန်လည်ရောက်ရှိလာသည့်အခါတွင်မူ... ထိုနဂါးပေါက်ကြီးသည် သူ၏ ညီငယ်လေးကို သေသေချာချာ မစောင့်ရှောက်ခဲ့ကြသည့် ချောက်ကမ်းပါးလင်းတဆိုးများ အပေါ်သို့ အပြစ်ပုံချပစ်လိမ့်မည်ဟု သူ ခန့်မှန်းလိုက်မိသည်။

ကျူးမင်လန်သည် ထိုနေရာတွင် အချိန်ဆွဲမနေတော့ချေ။ သူသည် တိုက်ခတ်နေသော လေပြင်းများကို အခွင့်ကောင်းယူကာ ချောက်ကမ်းပါးထိပ်ရှိ နွယ်ပင်များမှတစ်ဆင့် အောက်သို့ လျှောချလိုက်ပြီး၊ ဤနဂါးချောက်ကမ်းပါးမှ အမြန်ဆုံး ထွက်ခွာရန် ပြင်ဆင် လိုက်တော့သည်။

သူ မြေပြင်သို့ ဆင်းသက်မိသည်နှင့်တစ်ပြိုင်နက်... ချုံပုတ်တစ်ခုအတွင်းမှနေ၍ ဒဏ်ရာ ရရှိထားသော ခွေးပေါက်စလေးတစ်ကောင်ကဲ့သို့ အလွန်တရာ အားနည်းလှသော အော်ဟစ်ညည်းတွားသံငယ်လေးများ ထွက်ပေါ်လာခဲ့သည်။ ထိုအခါမှသာ ကျူးမင်လန် သည် ထိုနဂါးပေါက်စလေးမှာ ဤနေရာသို့ ပြုတ်ကျလာခဲ့ခြင်းဖြစ်ကြောင်း ရိပ်စားမိလိုက် တော့သည်...

ဒီလောက်အမြင့်က ပြုတ်ကျတာကို တကယ်ပဲ အသက်ရှင်နေသေးတာလား….

ကျူးမင်လန်က ပြတ်တောက်နေသော နွယ်ပင်များကို တစ်ချက်မော့ကြည့်လိုက်ပြီးနောက် ထိုချုံပုတ်ဆီသို့ ပြန်လည်ကြည့်ရှုလိုက်သည်။

သူ၏နှလုံးသားက လုံးဝ အကြင်နာတရားကင်းမဲ့အောင် မရက်စက်နိုင်ခဲ့သဖြင့်... ကျူးမင်လန်သည် အနီးသို့ လျင်မြန်စွာ ချဉ်းကပ်သွားပြီး ချုံပုတ်များကို ဖယ်ရှားလိုက်ရာ၊ တစ်ကိုယ်လုံးတွင် ဒဏ်ရာများဖြင့် ပြည့်နှက်နေသည့် သနားစဖွယ် နဂါးပေါက်စလေးကို တွေ့ရှိလိုက်ရတော့သည်။

၎င်း၏ အရေပြားမှာ အလွန်တရာ နုနယ်နေဆဲဖြစ်ပြီး ခန္ဓာကိုယ်အရွယ်အစားမှာလည်း ခွေးပေါက်စလေးတစ်ကောင်ထက် မကြီးမားချေ။ ၎င်း၏ အရိုးအဆစ်များမှာလည်း နုနယ် ပျော့ပျောင်းနေဆဲ ဖြစ်သောကြောင့်သာ ချောက်ကမ်းပါးအောက်သို့ ပြုတ်ကျလာခဲ့သည့် တိုင်အောင် ရိုက်ခတ်မှုဒဏ်ကြောင့် ချက်ချင်း သေဆုံးမသွားခဲ့ခြင်း ဖြစ်ပေလိမ့်မည်။ သို့သော် ၎င်းသည် ဆူးပင်များ ပြည့်နှက်နေသော ချုံပုတ်အတွင်း၌ နာကျင်စွာဖြင့် အသည်း အသန် ရုန်းကန်နေရရှာသည်။

ထူထပ်လှသော ချုံပုတ်က ရိုက်ခတ်မှုဒဏ်ကို အတိုင်းအတာတစ်ခုအထိ လျော့ပါး သက်သာစေခဲ့သဖြင့် ၎င်းအား ချက်ချင်းသေဆုံးမသွားအောင် ကယ်တင်ပေးနိုင်ခဲ့သော် လည်း... ထိုဆူးချွန်ကြီးများသည်ပင် ၎င်း၏နုနယ်လှသော ခန္ဓာကိုယ်ကို ရက်ရက်စက်စက် ထိုးဖောက်နေခဲ့ကြရာ၊ မသေဆုံးမီအချိန်အထိ ၎င်း၏ နာကျင်ခံစားရမှုများကို ပိုမို၍ ကြာရှည်စေခဲ့သည်။

ထိုနဂါးပေါက်စလေး၏ သနားစရာကောင်းလှသော အခြေအနေကို မြင်တွေ့လိုက်ရသည့် အခါ ကျူးမင်လန်၏ နှလုံးသားမှာ နူးညံ့ပျော့ပြောင်းသွားခဲ့ရသည်။

“ငါ မင်းကို ကယ်ပါ့မယ်။ မင်း အသက်ရှင်မရှင်ဆိုတာကတော့ မင်းရဲ့ ကံကြမ္မာအပေါ်မှာပဲ မူတည်လိမ့်မယ်” ကျူးမင်လန်သည် ထိုနဂါးပေါက်စလေးအား ညင်သာစွာ ပြောလိုက် သည်။

ကျူးမင်လန်က အဖြူလေးအား ထိုဆူးပင်များကို ရေခဲရိုက်ပစ်ရန် ခိုင်းစေလိုက်ပြီး၊ အဖြူလေး၏ နှင်းခဲစွမ်းအင်ကို အသုံးပြု၍ ထို'တောအုပ်နဂါးစိမ်း' ပေါက်စလေး၏ ပြင်းထန်လှသော ဒဏ်ရာများမှ သွေးထွက်နေသည်ကို တဖြည်းဖြည်းချင်း အရှိန်သတ် တားဆီးပေးလိုက်သည်။

သူသည် ထိုနဂါးပေါက်စလေးကို ချုံပုတ်အတွင်းမှ သတိကြီးစွာဖြင့် ပွေ့ချီလိုက်သည်။ မည်သည့်အကြောင်းကြောင့်မှန်းမသိ... ကျူးမင်လန်သည် ဤသေးငယ်လှသော သတ္တဝါ လေးမှာ အလွန်တရာ မြင့်မားသော အမြင့်မှ ပြုတ်ကျခဲ့ရခြင်းကြောင့် ခန္ဓာကိုယ်အတွင်းရှိ အရိုးမြောက်မြားစွာ ကျိုးကြေပျက်စီးနေပြီး အချိန်မရွေး ကြေမွပျက်စီးသွားနိုင်သကဲ့သို့ ခံစားလိုက်ရ၏။ ထိုကျိုးကြေနေသော အရိုးစများသည်လည်း ၎င်း၏အသားစများကို စူးဝင် နေခဲ့ကြရာ ၎င်းအား ပိုမို၍ ညှဉ်းပန်းနှိပ်စက်နေခဲ့သည်။

သဘာဝအတိုင်းဆိုလျှင်... ဤကဲ့သို့ ပြင်းထန်လှသည့် ဝေဒနာမှာ နုနယ်လွန်းသော နဂါးပေါက်စလေးတစ်ကောင် တောင့်ခံနိုင်စွမ်းမရှိသည့် အရာပင် ဖြစ်သည်။ သို့သော် ထိုနဂါးငယ်လေးသည် သူ၏ အသစ်စက်စက် ပေါက်ခါစ သွားငယ်လေးများကို တင်းတင်း ကြပ်ကြပ် ခဲကြိတ်ထားလျက်... ၎င်း၏ သေးငယ်လှသော မျက်ဝန်းအစုံအတွင်း၌ နာကျည်း မုန်းတီးမှု အရိပ်အယောင်များ လင်းလက်နေခဲ့၏။ ၎င်းသည် ဤကဲ့သို့ အရှုံးပေး၍ မသေဆုံးလိုချေ။

သူသည် အသက်ရှင်သန်ရန် အပြင်းအထန် တောင့်တနေခဲ့သည်။

အတိတ်တုန်းကမူ... ကျူးမင်လန်သည် ဤကဲ့သို့ သတ္တဝါများ နာကျင်စွာဖြင့် အသည်း အသန် ရုန်းကန်နေရသည်ကို မြင်တွေ့ရသည့်အခါ ၎င်းတို့၏ သေကွင်းသေကွက် အရေးကြီးသည့် အစိတ်အပိုင်းများကို ဓားဖြင့် အမြန်ဆုံး ထိုးစိုက်ပေးခြင်းကသာ ၎င်းတို့၏ ဝေဒနာများကို လုံးဝဥဿုံ ကုန်ဆုံးစေမည့် အကောင်းဆုံးသော အကြင်နာတရားဟု တွေးတောခဲ့ဖူးသည်။

ကျူးမင်လန်သည်လည်း လက်တွေ့တွင် ဤနဂါးပေါက်စလေးအား ဝေဒနာများမှ လျင်မြန် စွာ လွတ်မြောက်ခွင့် ပေးလိုက်ချင်မိသည်၊ အဘယ်ကြောင့်ဆိုသော် ၎င်း၏ ပုံသဏ္ဍာန် ပျက်ယွင်းနေပြီး သွေးချင်းချင်းနီနေသော ခန္ဓာကိုယ်ကို ကြည့်ရုံမျှဖြင့်ပင် ရင်ထဲ၌ ဆို့နင့် အောင် နာကျင်ရလွန်းသောကြောင့် ဖြစ်ပေသည်။

သူက အဝတ်အစားများကို ချွတ်လိုက်ပြီးနောက်၊ ထိုနဂါးပေါက်စလေးကို ညင်သာစွာ ထုပ်ပိုးကာ သူ့ရင်ဘတ်တွင် တွဲလောင်းဆွဲ၍ ချိတ်ဆွဲလိုက်သည်။ ထို့နောက် အဖြူလေး၏ နောက်ခြေသည်းများကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်လျက် လီချွမ်းနဂါးထိန်းအကယ်ဒမီ ရှိရာအရပ်ဆီသို့ ဦးတည်ပျံသန်းခဲ့တော့သည်။

ဒဏ်ရာကိုမူ အကြမ်းဖျင်းမျှသာ ကုသထားနိုင်ခဲ့ခြင်းဖြစ်ပြီး၊ ထိုဆေးဝါးများသည်လည်း အနည်းငယ်မျှ အထောက်အကူမပြုနိုင်ဘဲ မသေဆုံးမီအချိန်အထိ နာကျင်မှုဒဏ်ကိုသာ ကြာရှည်ခံစားစေခိုင်းသလို ဖြစ်နေသည်။ ကျူးမင်လန်အနေဖြင့် ဆေးကုသဆောင်သို့ မရောက်ရှိမီအချိန်အထိ ဤနဂါးပေါက်စလေး အသက်ဆက်နိုင်လိမ့်မည် မဟုတ်ဟုပင် ခံစားနေရသည်...

သစ်ရွက်ပင်လယ်ကြီး၏ အထက်တွင် ပျံသန်းနေစဉ်... ကောင်းကင်ယံကြီးမှာ အုံ့မှိုင်းနေဆဲ ဖြစ်သည်။ ငွေနှင်းအရုဏ်ဦးနဂါးဖြူသည် ၎င်း၏ အတောင်ပံများကို ခတ်နေခဲ့သော်လည်း၊ ၎င်း၏ သေးငယ်လှသော အရွယ်အစားကြောင့် ကောင်းကင်ထက်တွင် တည်ငြိမ်စွာ နေနိုင် ရန်အတွက် လေစီးကြောင်းကိုသာ အဓိက အမှီပြုနေရရှာသည်။

ကျူးမင်လန်၏ အဝတ်အစားများမှတစ်ဆင့် သွေးစများ စိမ့်ထွက်လာခဲ့သည်။ ထိုနဂါးပေါက်စလေးသည် နာကျင်မှုကြောင့် ငိုညည်းခြင်းပင် မပြုနိုင်တော့သဖြင့်... ကျူးမင်လန်သည် ၎င်း၌ မည်သည့်အသက်ရှူသံ အရိပ်အယောင်မျှ မရှိတော့ဟု တွေးတောမိရင်း စိုးရိမ်တကြီးဖြင့် အောက်သို့ ငုံ့ကြည့်လိုက်ရပေတော့သည်။

သို့သော် ကျူးမင်လန်သည် ၎င်း၏ မျက်ဝန်းများကို မြင်တွေ့လိုက်ရ၏။

စိမ်းဖျော့ရောင် ဒေါင်လိုက်မျက်ဝန်း သူငယ်အိမ်အစုံမှာ... အဆုံးအထိ ပိတ်သွားခြင်း မရှိဘဲ ဇွဲသန်သန်ဖြင့် ဖွင့်ဟနေဆဲ ဖြစ်သည်။ တစ်ကိုယ်လုံးတွင် ပြင်းထန်လှသော နာကျင်မှုများ ဖြင့် ပြည့်နှက်နေသော်လည်း၊ ၎င်း၏ သွားငယ်လေးများကိုမူ ဘယ်သောအခါမျှ လျှော့ပေး မရှိ ခဲထားဆဲဖြစ်သည်။

ဤကဲ့သို့သော နာကျင်မှုမျိုးဖြင့် အသက်ရှင်နေမည့်အစား... အဘယ်ကြောင့် အရှုံးမပေး လိုက်ရသနည်း၊ အထူးသဖြင့် ၎င်းသည် အလွန်တရာ နုနယ်သေးငယ်လွန်းနေသည့် အချိန် တွင် ဖြစ်သည်။ အခြားသော ကမ္ဘာတစ်ခုတွင်ဆိုလျှင်မူ... ဤနေရာထက် ပိုမို၍ လှပ ကောင်းမွန်နေနိုင်ပေသည်။

“အဖြူလေး... ငါတို့ ဒီထက် ပိုမြန်မြန် သွားလို့ရမလား” ကျူးမင်လန်က မေးလိုက်သည်။

ငွေနှင်းအရုဏ်ဦးနဂါးဖြူသည် ၎င်း၏ အတောင်ပံများကို ပြင်းထန်စွာ ခတ်ထုတ်လိုက်ရာ၊ တောအုပ်ကြီး၏ အထက်ကောင်းကင်ယံတွင် လေပြင်းမုန်တိုင်းတစ်ရပ် ထွက်ပေါ်လာခဲ့ပြီး သစ်ပင်အားလုံးကို လှိုင်းတံပိုးများကြားရှိ ရေမှော်ပင်များအလား တုန်ခါဝှေ့ယမ်းသွားစေခဲ့ သည်။

လေစီးကြောင်းကို အမိအရစီးလျက် ငွေနှင်းအရုဏ်ဦးနဂါးဖြူသည် ပိုမို၍ လျင်မြန်စွာ ပျံသန်းခဲ့ပြီး... မကြာမီမှာပင် ထိုရှေးဟောင်းထင်းရှူးတောအုပ်ကြီး၏ အဆုံးသတ်တွင် ၎င်း၏ ဖြူစင်သန့်ရှင်းသော ပုံရိပ်လွှာမြင်ကွင်းက ပေါ်ထွက်လာခဲ့တော့သည်။ ဤစီဒါပန်း တောအုပ်ကို ထပ်မံဖြတ်ကျော်ပြီးလျှင်... မြေပြန့်လွင်ပြင်နှင့် လီချွမ်းမြစ်ကြီးကို လှမ်းမြင် တွေ့ရတော့မည် ဖြစ်သည်။

ထိုအချိန်တွင် ချောက်ကမ်းပါး၏ အစွန်း၌... ရေညှိများဖြင့် ဖုံးလွှမ်းနေသော ဧရာမ 'တောအုပ်နဂါးစိမ်း' ကြီးသည် ချောက်ကမ်းပါးထိပ်သို့ တဖြည်းဖြည်းချင်း ဆင်းသက်လာခဲ့ သည်။

ဤမျှ မြင့်မားသော အမြင့်မှနေ၍ 'တောအုပ်နဂါးစိမ်း' ကြီး၏ ကြီးမားလှသော မျက်ဝန်း သူငယ်အိမ်အစုံအတွင်း၌... တဖြည်းဖြည်း ဝေးကွာသွားနေသည့် ဝေးလံလွန်းသော ကောင်းကင်ယံတွင် အဖြူရောင် ပုံရိပ်ငယ်လေးသည် ထင်ဟပ်နေခဲ့သည်။

“ယီး…..ယီး...”

ချောက်ကမ်းပါး လင်းတဆိုးများသည် နောက်ဆုံးတွင်မှ မိမိတို့၏ ရတနာသိုလှောင်ခန်း ဓားပြတိုက်ခံလိုက်ရပြီး၊ နဂါးမျိုးဆက်ပါ ခိုးယူခြင်းခံလိုက်ရပြီဖြစ်ကြောင်း သတိပြုမိသွား ကြရာ... ထိတ်လန့်တုန်လှုပ်စွာဖြင့် ချောက်ကမ်းပါးအထက်တွင် ဝဲပျံနေကြတော့သည်။ ၎င်းတို့သည် သူခိုး၏ အနံ့အသက်ကို ဝေဟင်ထက်တွင် လိုက်လံရှာဖွေနေကြပြီး၊ လိုက်လံဖမ်းဆီးရန် ပြင်ဆင်နေကြသည်။

“ဟုမ်း...”

'တောအုပ်နဂါးစိမ်း' ကြီးက ဟိန်းဟောက်လိုက်ရာ... ချောက်ကမ်းပါးလင်းတဆိုးအားလုံး ချက်ချင်းပင် ထိတ်လန့်တုန်လှုပ်သွားကြပြီး သစ်ပင်ထိပ်ဖျားများအတွင်းသို့ အလုအယက် ပုန်းကွယ်သွားကြတော့သည်။ မည်သည့်လင်းတဆိုးမျှ အသံတစ်ချက်ပင် ထပ်မံ မထွက်ဝံ့ ကြတော့ချေ။

သစ်ကိုင်းများပေါ်တွင် တုန်တုန်ရင်ရင်ဖြင့် ပုန်းနေကြသော လင်းတဆိုးများသည် မိခင် နဂါးကြီးက မိမိတို့တစ်မျိုးနွယ်စုလုံးကို သတ်ဖြတ်ပစ်မည်ကို အလွန်တရာ ကြောက်လန့် နေကြရှာသည်။

'တောအုပ်နဂါးစိမ်း' ကြီး၏ ခြေဖဝါးအနီးတွင်မူ... နဂါးပေါက်ကြီးသည် တိုးဝှေ့လာခဲ့ပြီး ချစ်ခင်မြတ်နိုးမှုကို ဖော်ပြနေသည့်အလား အလွန်တရာ ညင်သာလှသော အော်ဟစ်သံ လေးကို ပြုလုပ်နေခဲ့သည်။

'တောအုပ်နဂါးစိမ်း' ကြီးသည် ခေါင်းကို ငုံ့လျက် တစ်ချက်ကြည့်လိုက်ပြီးနောက်... ၎င်း၏ ပါးစပ်ကို ဖွင့်ကာ သူ့အစာအိမ်အတွင်း၌ သိမ်းဆည်းထားသော အသားတစ်တုံးကို အန်ထုတ်ပေးလိုက်သည်။

ထိုနဂါးပေါက်ကြီးသည် စိတ်လှုပ်ရှားစွာဖြင့် အော်ဟစ်လိုက်ပြီး အသားတုံးပေါ်သို့ အငမ်းမရ ခုန်အုပ်လိုက်တော့သည်။ မည်သည့်ပြိုင်ဘက်မျှ မရှိတော့သဖြင့်... ၎င်းသည် ယခင်ကကဲ့သို့ အစားအစာကို ကမန်းကတန်း မြိုချရန် မလိုအပ်တော့ဘဲ၊ လည်ချောင်း အတွင်း၌ အသားများ အရည်ပျော်သွားသည်အထိ အချိန်ယူကာမှ အသာအယာ မြိုချနေခဲ့ သည်။

မိခင်နဂါးကြီးသည် ထိုနဂါးပေါက်ကြီး၏ နဖူးထက်ရှိ ကိုက်ရာများကို တစ်ချက်ကြည့် လိုက်ပြီး၊ ထို့နောက် တဖြည်းဖြည်း ဝေးကွာသွားသော အဖြူရောင် ပုံရိပ်ဆီသို့ လှမ်းကြည့် ကာ... အဆုံးသတ်တွင် လိုက်လံဖမ်းဆီးခြင်းမပြုရန် ဆုံးဖြတ်လိုက်တော့သည်။

၎င်းသည် ဗလာကျင်းနေသော နဂါးသိုက်ကြီးအတွင်းသို့ ခန္ဓာကိုယ်ကို တဖြည်းဖြည်းချင်း နစ်မြုပ်စေလိုက်ပြီး မျက်လုံးများကို ပိတ်လိုက်တော့သည်...

မကြာမီအချိန်မှာပင်... ဝလင်စွာ စားသောက်ပြီးသွားသော နဂါးပေါက်ကြီးသည်လည်း တရွေ့ရွေ့ဖြင့် တွားသွားလာခဲ့သည်။ 'တောအုပ်နဂါးစိမ်း' ကြီးသည် မျက်လုံးများကို ဖွင့်မကြည့်ဘဲ သူ့အတောင်ပံကြီးကို အသာအယာ မြှောက်လိုက်ပြီး၊ ထိုနဂါးပေါက်ကြီးကို သစ်သားကဲ့သို့ မာကျောလှသော အတောင်ပံအောက်တွင် နွေးထွေးစွာ ထုပ်ပိုးကာ အုပ်မိုး ပေးလိုက်တော့သည်။

တောအုပ်ကြီးကို ဖြတ်ကျော်ပြီးနောက်တွင်မူ... မြေပြန့်လွင်ပြင်များနှင့် မြစ်ချောင်းများ သည် အမြင်အာရုံအတွင်းသို့ တဖြည်းဖြည်းချင်း ဝင်ရောက်လာခဲ့သည်။

သို့သော် ကျူးမင်လန်၏ အဝတ်အစားများဖြင့် ထုပ်ပိုးထားသော နဂါးပေါက်စလေးမှာမူ... တဖြည်းဖြည်းချင်း ပိုမို၍ အားနည်းလာခဲ့ပြီး၊ ကျူးမင်လန်ကို စိုက်ကြည့်ရင်း မိမိ၏ မျက်ဝန်းများကို ပိတ်ကျိုးမသွားစေရန် အစွမ်းကုန် ကြိုးပမ်းအားထုတ်နေရှာသည်။

“မင်းကိုယ်မင်း ဘာလို့ ဒီလောက်တောင် ပင်ပန်းခံနေရတာလဲ...”

ကျူးမင်လန်သည် နဂါးပေါက်လေး၏ သေးငယ်လှသော မျက်ဝန်းလေးများကို စိုက်ကြည့် လိုက်မိရာ၊ ၎င်းရင်ထဲ၌ မည်သည့်အမျက်ဒေါသ အရိပ်အယောင်မျှ ရှိမနေသည်ကို ခံစား လိုက်ရသည်၊ နဂါးပေါက်လေးမှာ အနည်းငယ်မျှသော တွန့်ဆုတ်တမ်းတမှုနှင့် ကျေးဇူးတင် ရှိမှု အရိပ်အယောင်အချို့ဖြင့်... သူစိမ်းတစ်ယောက်အား နှုတ်ဆက်လမ်းခွဲနေသည့်အလား ဖြစ်ပေသည်။

၎င်းသည် ဆက်လက်၍ တောင့်ခံနိုင်စွမ်း မရှိတော့ချေ။

သူ့အနေဖြင့် အလွန်တရာ အစွမ်းကုန် ကြိုးစားအားထုတ်ခဲ့ရသော်လည်း...

ရရှိထားသော ဒဏ်ရာများမှာ တကယ့်ကို ပြင်းထန်လွန်းလှပေသည်။

အကယ်၍ ထိုချုံပုတ်သာ မရှိခဲ့ပါက... ၎င်းသည် ချက်ချင်းပင် သေဆုံးသွားခဲ့ရမည်ဖြစ်ပြီး၊ အသက်ဝိညာဉ်သည်လည်း စောစီးစွာပင် လွတ်မြောက်ခွင့် ရရှိသွားခဲ့ပေလိမ့်မည်။

သို့သော် ထိုချုံပုတ်ကြီးက ဤကမ္ဘာလောကကြီးထဲတွင် သူ၏ တည်ရှိမှုကို ခေတ္တခဏမျှ ပိုမို၍ ကြာရှည်သွားစေခဲ့သည်။

ဤခေတ္တခဏလေးအတွင်းမှာပင်... ထိုနဂါးပေါက်စလေးအား အလွန်တရာ ဆိုးရွားလှ သော နာကျင်ခြင်း ဝေဒနာများကို ခံစားသွားစေခဲ့သည်။

အကယ်၍ နောက်ဘဝဟူသည် တကယ်ရှိခဲ့လျှင်... ဤနေရာသို့ တဖန်ထပ်၍ ရောက်မလာ ပါနဲ့တော့။

“ဟူး... ဒါက တကယ် အလုပ်ဖြစ်မဖြစ် ငါမသိဘူး၊ ဒါပေမဲ့ ငါ့ရဲ့ ဝိညာဉ်နယ်မြေထဲကိုပဲ လာခဲ့ပါတော့ဗျာ” အဆုံးသတ်တွင်မူ ကျူးမင်လန်တစ်ယောက် စိတ်မချနိုင်တော့ဘဲ ရေရွတ်လိုက်မိသည်။

ငါတို့ အချင်းချင်း ဆုံတွေ့ခဲ့ကြပြီးပြီပဲ... ဒါကို ရေစက်လို့ပဲ သတ်မှတ်လိုက်ကြရအောင်။

All Chapters