← Chapters

အခန်း (၅၅-၅၆)

Vol. 6 Ch. 55-56

အခန်း (၅၅-၅၆)

Vol. 6 Ch. 55-56

အခန်း (၅၅) မိန်းမထမီနားခိုစားသူ။

“ကဲပါ... တော်ကြပါတော့၊ တကယ်လို့ အဲဒါ အမှန်ပဲဆိုရင်တောင် မင်းတို့နဲ့ ဘာဆိုင်လို့လဲ။ ကျူးမင်လန်... သူတို့ပြောတာတွေကို စိတ်ထဲမထားနဲ့။ မင်း လီချွမ်းနဂါးထိန်းအကယ်ဒမီ ကိုပဲ ပြန်လိုက်တော့၊ ဒီရက်ပိုင်း ပန်းပဲဖိုကို လာဖို့မလိုတော့ဘူး” ဆရာကြီးကျောက်လုံက အလုပ်သင်များကို စိုက်ကြည့်ရင်း ပြောလိုက်သည်။

“ဟုတ်ကဲ့ပါ၊ ကျွန်တော့် ချပ်ဝတ်တန်ဆာကလည်း ပြီးသွားပြီပဲဥစ္စာ။ ကျန်တဲ့ ကုန်ကြမ်း တွေနဲ့လည်း ကွင်းဆက်သံချပ်အချို့ သွန်းလုပ်ထားခဲ့သေးတယ်။ ဆရာကြီးကျောက်ပဲ အဲဒါတွေကို ဈေးကောင်းကောင်းနဲ့ ရောင်းထွက်အောင် ကူညီပေးပါဦးနော်” ကျူးမင်လန် က ဆိုသည်။

“ပြဿနာမရှိဘူး၊ မင်းရဲ့လက်ရာက အတော်လေး ကောင်းမွန်ပါတယ်။ ဒီအတင်းအဖျင်း ကောလာဟလတွေ ငြိမ်သက်သွားတဲ့အခါကျရင် မင်း ဒီနေရာကို အချိန်မရွေး ပြန်လာဖို့ ကြိုဆိုနေမှာပါ” ဆရာကြီးကျောက်လုံက ပြောရှာသည်။

“ကျွန်တော့်အမြင်တော့ မလာတာပဲ ကောင်းလိမ့်မယ်။ ဧကရီဘုရင်မရဲ့ အဆင့်အတန်းက ဘာလဲ၊ ဘိုးဘေးနဂါး မြို့တော်တစ်ခုလုံးက သူမကို အထင်ကြီးလေးစားပြီး မြတ်နိုး တန်ဖိုး ထားကြတာ၊ သူမကို စွဲလမ်းနေတဲ့ အထက်တန်းစားတွေနဲ့ မြင့်မြတ်မျိုးနွယ်တွေက မရေမတွက်နိုင်အောင် ရှိနေတယ်။ အဲဒီလူက ငါတို့ဆိုင်မှာ ရှိနေမှန်း သူတို့သိသွားရင် ငါတို့ ဆိုင်က ဘယ်လိုလုပ် အေးအေးချမ်းချမ်း နေရတော့မှာလဲ” ပန်းပဲဖိုပိုင်ရှင်ဖြစ်သူ ကြီးကြပ် ရေးမှူးက ပြဿနာများကို မဖိတ်ခေါ်လိုသဖြင့် ဝင်ရောက်ပြောဆိုလိုက်သည်။

“ဒါက ကျူးမင်လန်ရဲ့ အပြစ်မှ မဟုတ်တာ၊ သူက လူကောင်းတစ်ယောက်ပါ။ တစ်ယောက် ယောက်ကို အပြစ်တင်ရမယ်ဆိုရင် အဲဒါက...” ကျောက်လုံသည် ကျူးမင်လန်အတွက် အနည်းငယ် မခံမရပ်နိုင် ဖြစ်မိသည်။

“ဆရာကြီးကျောက်... ရပါတယ်ဗျာ။ ကြီးကြပ်ရေးမှူး ဆရာကြီး ပြောတာလည်း မှန်ပါ တယ်။ ကျွန်တော် နားလည်ပါတယ်။ ဘာပဲဖြစ်ဖြစ် ကျွန်တော် ဒီကိုလာရတဲ့ အဓိက ရည်ရွယ်ချက်က ချပ်ဝတ်တန်ဆာတစ်ခု သွန်းလုပ်ဖို့ပဲလေ၊ အခု အဲဒါလည်း ပြီးပြည့်စုံ သွားပြီဆိုတော့ ကျွန်တော် သွားလို့ရပါပြီ။ ကျွန်တော် ရောင်းဖို့ချန်ထားခဲ့တဲ့ ပစ္စည်းတွေ အတွက် ငွေရှင်းပေးဖို့တော့ မမေ့ပါနဲ့ဦး” ကျူးမင်လန်က သဘောထားကြီးစွာဖြင့် ပြောလိုက်သည်။

“အခုခေတ် ကောလာဟလတွေက တကယ့်ကို လူတစ်ယောက်ကို သတ်ပစ်နိုင်လောက် တယ်။ ဒီလောက်တော် ဒီလောက်ကောင်းတဲ့ လူငယ်လေးတစ်ယောက်ကိုမှ အေးအေး ချမ်းချမ်း မနေရအောင်အထိ နှောင့်ယှက်နေကြတာ။ ဧကရီဘုရင်မဆိုရင်ကော ဘာဖြစ်လဲ၊ ဧကရီဘုရင်မကရော ငါတို့ကျူးလေးလိုမျိုး သိက္ခာရှိပြီး ရိုးသားဖြောင့်မတ်တဲ့ လူငယ်လေး တစ်ယောက်အပေါ် စိတ်ကူးယဉ်လို့မရဘူးလား။ ငါ့အမြင်ကတော့ ကျူးမင်လန်က တကယ့်ကို အဖိုးတန်မျိုးမှန်လူတစ်ယောက်ဖြစ်လို့ သူနဲ့ သေချာပေါက် ထိုက်တန်တယ်” ဆရာကြီးကျောက်လုံက အသံကျယ်ကြီး အော်ဟစ်ကာ ခုခံပြောဆိုပေးလိုက်သည်။

သို့သော်လည်း သူ၏စကားကြောင့် ဘေးပတ်ဝန်းကျင်ရှိ လူများထံမှ ထူးဆန်းသော ရယ်မောသံများ ထွက်ပေါ်လာခဲ့ရပြီး၊ အထူးသဖြင့် အလုပ်သင် ကျိုးရှင်းဆိုသူက အကျယ် ဆုံး ရယ်မောနေခဲ့သည်။

“တော်စမ်းပါဗျာ၊ ကျူးမင်လန်အနေနဲ့ နောက်တစ်ဘဝ ပြန်ဝင်စားရင်တောင် သူမနဲ့ ထိုက်တန်မှာ မဟုတ်ပါဘူး” ကျိုးရှင်းက ဘောင်မရှိ ကန့်သတ်ချက်မရှိ ပိုမို၍ ကျယ်လောင် စွာ ရယ်ချလိုက်တော့သည်။

“ဒါပေမဲ့လည်း... ကျူးမင်လန်က ဧကရီဘုရင်မနဲ့ အတူအိပ်ခဲ့တာတော့ အမှန်ပဲလေ” ဘယ်သူပြောလိုက်မှန်းမသိသော စကားသံ တိုးတိုးလေးတစ်ခု ထွက်ပေါ်လာသည်။

ဤစကားတစ်ခွန်းက အလုပ်သင်များ၏ ရယ်မောသံများကို ချက်ချင်းပင် ရပ်တန့်သွားစေ ခဲ့တော့သည်။

“ငါကတော့ သူမကို တစ်ခါမှ မမြင်ဖူးဘူး၊ ဒါပေမဲ့ ပန်းချီဆရာတွေရဲ့ ပုံဖော်ချက်အရတော့ ဧကရီဘုရင်မက တကယ့်ကို လှပလွန်းပါတယ်...”

“ငါ ပွဲတော်တစ်ခုတုန်းက သူမကို တစ်ကြိမ် မြင်ဖူးတယ်၊ ပန်းချီကားတွေထဲကထက် အများကြီး ပိုလှတာပေါ့။”

သူတို့ စကားစမြည် ပြောဆိုနေကြရင်း... လေထုကြီးမှာ လှောင်ပြောင် သရော်ခြင်းမှသည် တဖြည်းဖြည်းနှင့် မနာလိုဖြစ်ကာ အံကြိတ်ရသည့် အခြေအနေသို့ ပြောင်းလဲသွားခဲ့ရ တော့သည်။

အဘယ်ကြောင့် ဤကဲ့သို့ ကံကောင်းခြင်းမျိုးက သူတို့အပေါ် မရောက်လာခဲ့ရသနည်း၊ အဘယ်ကြောင့် သူတို့သည် ထိုအချိန်က ဝူထူနယ်မြေတစ်ဝိုက်တွင် လှည့်လည်သွားလာ နေရမည့်အစား ဤနေရာတွင် ပန်းပဲထုနေခဲ့ကြရသနည်း။

ကျူးမင်လန်သည် လမ်းမအတိုင်း လျှောက်လှမ်းရင်း မြို့တော်တံတိုင်းကြီး၏ အပြင်ဘက် ဆီသို့ ဦးတည်သွားခဲ့သည်။

စည်ကားလှသော လမ်းမကြီးပေါ်တွင်မူ ထိုသို့ စည်းကမ်းမဲ့စွာ ကပ်ထားသော ပန်းချီကား များကို မတွေ့ရသော်လည်း... သူသည် လမ်းကြားငယ်လေးများအတွင်းသို့ ဝင်ရောက် လိုက်သည်နှင့် ရာဇဝတ်ကောင် ဝရမ်းပြေးပုံစံများထက်ပင် ပိုမိုများပြားစွာ ကပ်ထားသည် ကို မြင်တွေ့လိုက်ရ၏၊ အချို့လူများမှာ ထိုပုံများ လူအများကြား ပျံ့နှံ့မသွားမည်ကို စိုးရိမ် သကဲ့သို့ပင် ထပ်ဆင့်ကူးယူ၍ပင် ကပ်ထားကြသေးသည်။

တကယ့်ကို အချိန်ဖြုန်းနေကြတာပဲ….။

ထိုလှေချောင်းများပေါ်ရှိ တေးဆိုသူများနှင့် နာမည်ကျော် ပြည့်တန်ဆာမများပင်လျှင် သူ၏အရှိန်အဟုန်မျိုးဖြင့် မြန်မြန်ဆန်ဆန် နာမည်ကြီးလာလိမ့်မည် မဟုတ်ချေ။ တစ်ည တည်းနှင့်ပင်... သူတို့ အချိန်အတော်ကြာ ယုံကြည်လာခဲ့ကြသည့် လေလွင့်သူငယ် သူတောင်းစားလေး၏ မူလကိုယ်ရေးအချက်လက်မှာ ပေါ်ထွက်လာခဲ့ပြီဖြစ်ရာ၊ ထိုသူ၏ အမည်မှာ ကျူးမင်လန် ဖြစ်ပေသည်။

ကံကောင်းထောက်မစွာဖြင့်... ရုပ်ရည်အသွင်ပြင်မှာ အနည်းငယ် လှည့်စားနိုင်စွမ်း ရှိနေ သေးသည်။ ကျူးမင်လန်သည် လမ်းမကြီးပေါ်တွင် လျှောက်လှမ်းနေသော်လည်း မည်သူမျှ သူ့အား ထိုလူဖြစ်လိမ့်မည်ဟု အသေအချာ ယုံကြည်ကာ အဝေးကနေ စိုက်ကြည့်နေခြင်း မျိုး မရှိကြချေ။

သို့သော်လည်း အကယ်၍ လူများက သူ့အား အချိန်အတော်ကြာ စိစစ်ကြည့်ရှုခြင်း သို့မဟုတ် စကားစမြည် ပြောဆိုခြင်းများ ရှိလာပါက... ၎င်းတို့အနေဖြင့် သံသယဝင်လာ ကြမည်မှာ အသေအချာပင်။

လီချွမ်းနဂါးထိန်းအကယ်ဒမီသို့ ပြန်လည်လျှောက်လှမ်းလာစဉ်... ကျူးမင်လန်သည် လူထု ကောလာဟလများ၏ စွမ်းအားကို ခံစားလိုက်ရ၏။ အမှန်စင်စစ် ဤကိစ္စရပ်မှာ အချိန် အတော်ကြာကတည်းက တင်းမာနေခဲ့ခြင်းဖြစ်ပြီး၊ ယခုအခါတွင်မူ အမှန်တရားနှင့် အနီးစပ်ဆုံး ပုံစံတစ်ခု ထွက်ပေါ်လာခဲ့ပြီ ဖြစ်သည်။ လူတိုင်းက စိတ်ဝင်တစားဖြင့် နောက်ဆက်တွဲ အခြေအနေများကို စောင့်မျှော်နေကြလေသည်...

အဘယ်ကြောင့်ဆိုသော် လီယွင်ဇီသည် ဧကရီဘုရင်မ အဆင့်အတန်းကို ပြန်လည်ရရှိခဲ့ပြီး ဖြစ်ရာ၊ ဘိုးဘေးနဂါး မြို့တော်၏ နေနှင့်လကဲ့သို့ တောက်ပဆန်းကြယ်လှသော အရောင် အဝါတစ်ခု ဖြစ်လာခဲ့သောကြောင့်ပင်။

“မောင်လေး... မင်းကတော့ တကယ့်ကို အစွမ်းထက်တဲ့လူပဲ” ဖန်နန်နန်က တံတားအနီး တွင် သူ့ကို တစ်နေကုန် စောင့်ဆိုင်းနေခဲ့သည့်အလား... သူမဘေးနားတွင် မရောင်းရသေး သော မက်မွန်သီးတောင်းကြီးကို ချထားလျက် ကျူးမင်လန်အား စိုက်ကြည့်ရင်း ပြောလိုက် သည်။

“မင်းရဲ့မက်မွန်သီးတွေ ပုပ်ကုန်တော့မယ်” ကျူးမင်လန်က မှတ်ချက်ချလိုက်၏။

“ငါ မင်းကို မြင်ကတည်းက... မိန်းမထမီနားခိုစားမယ့်ကောင်လို့ ချက်ချင်းသိခဲ့တာ၊ အခု တော့ ငါ့အထင်က တကယ်ကို ကွက်တိပဲ” ဖန်နန်နန်က သူမ၏ မက်မွန်သီးများကို စိတ်ထဲမထားဘဲ ဆိုသည်။

နှင်းပွင့်များ... တဖွဲဖွဲ ကျဆင်းနေပြီး၊ မြောက်လေကလည်း တဝူးဝူး တိုက်ခတ်နေခဲ့သည်။

ကျူးမင်လန်သည် အေးစက်လှသော နှင်းပွင့်များအောက်တွင် အထီးကျန်စွာ ရပ်တန့်နေ ခဲ့ရပြီး... ခရမ်းလွန်လေပြင်းများက သူ၏ပါးပြင်ကို ရိုက်ခတ်နေသကဲ့သို့ ခံစားလိုက်ရ၏။

ကျူးမင်လန်သည် အခြားသူများ၏ လှောင်ပြောင်သရော်မှုများကို ဂရုမစိုက်ပါချေ၊ အကြောင်းမှာ လူအများစုက သူ၏နာကျင်လောက်သည့်နေရာကို ထိမှန်အောင် မပြောနိုင် ကြသောကြောင့်ပင်။

သို့သော်လည်း ဤမိန်းကလေး၏ စကားလုံးများမှာမူ... သူ၏ နှလုံးသားအိမ်တည့်တည့်သို့ တိုက်ရိုက် ထိုးနှက်သွားခဲ့လေပြီ။

တကယ့်ကို ဆိုးရွားလှသော ရှုံးနိမ့်မှုကြီးထဲက ရှုံးနိမ့်မှုပင်။

ကျူးမင်လန်က အသက်ကို ပြင်းပြင်းရှူလိုက်ပြီး သူ့စိတ်ခံစားချက်များကို တည်ငြိမ်အောင် အတတ်နိုင်ဆုံး ကြိုးပမ်းလိုက်ရ၏။

ဘာပဲဖြစ်ဖြစ် သူမက မိန်းကလေးတစ်ယောက်ပဲဥစ္စာ၊ ချောက်နက်ကြီးထဲက မကောင်းဆိုး ဝါးတစ်ကောင်မှ မဟုတ်တာ။ မကောင်းဆိုးဝါးတစ်ကောင်သာ ဖြစ်မည်ဆိုပါကလည်း... သူမနှင့် တွေ့ဆုံပြီးနောက်တွင် စိတ်ရူးပေါက်ကာ သူခိုအောင်းရာဆီသို့ နောက်ကြောင်းပြန် ပြန်လှည့်ပြေးသွားနေရလောက်ပြီ။

“အခုက ဆောင်းရာသီဆိုတော့... ဈေးကွက်ထဲမှာ 'တောင်တန်းနှင်းသစ်ခွ' မျိုး ရှိ၊ မရှိ သွားပြီး စုံစမ်းပေးပါ။ ငါ့အနေနဲ့ အဲဒါတွေကို ပျားပန်းဝတ်ရည်အဖြစ် ပြောင်းလဲပေးဖို့ မင်းတို့ မိသားစုရဲ့အကူညီ လိုအပ်တယ်။ ပြီးတော့ ဆောင်းဦးရွက်နီသစ်သားကိုလည်း ရှာပေးပါ၊ လတ်ဆတ်တဲ့ သစ်သားဆိုရင် ပိုကောင်းမယ်။ တကယ်လို့ မင်း ဒီပစ္စည်းနှစ်ခုကို ရှာတွေ့နိုင်မယ်ဆိုရင် ဈေးနှုန်းကို ဂရုစိုက်နေစရာမလိုဘူး အားလုံးကို ဝယ်ယူလိုက်ပါ။ ဒါက မင်းအတွက် ကော်မရှင်ခ” ကျူးမင်လန်က ပြောရင်း ဖန်နန်နန်၏လက်ထဲသို့ ရွှေသဲအချို့ကို ထည့်ပေးလိုက်သည်။

“ကောင်းပါပြီ... သခင်လေးကျူး” ဖန်နန်နန်က ချက်ချင်းပင် ချိုသာစွာ ပြောလိုက်ပြီး ရိုသေစွာဖြင့် ဦးညွှတ်လိုက်သေးသည်။

“ငါ့ကို မောင်လေးလို့ပဲ ဆက်ပြီး ခေါ်ပါဦး၊ 'သခင်လေးကျူး' လို့ ခေါ်တာကြီးက တစ်မျိုးကြီးပဲ” ကျူးမင်လန်က ခါးသက်သက် အပြုံးဖြင့် ဆိုသည်။

“မောင်လေး... ဒါနဲ့ ဧကရီဘုရင်မ အစ်မကြီးက အသားဖြူဖြူ၊ ရင်သားထွားထွားကြီးလား ဟင်” ဖန်နန်နန်က လျှို့ဝှက်ဆန်းကြယ်သော အမူအရာဖြင့် မေးမြန်းလိုက်သည်။

မိန်းမငယ်တစ်ဦး၏ စကားလုံးများဖြစ်သော်လည်း... ၎င်းတို့မှာ တကယ့်ကို ကာမရာဂ သောင်းကျန်းလွန်းသည့် ဘီလူးကြီးတစ်ကောင်နှင့် ကိုက်ညီသော စကားများ ဖြစ်နေချေ သည်။

ပြီးတော့... သူမ၏ သေးငယ်လှသော မျက်ဝန်းအိမ်များထဲက တောက်ပနေသည့် အကြည့် များကကော ဘာအဓိပ္ပာယ်လဲ... ဟမ်….

“မင်းက မိန်းကလေးတစ်ယောက်ပဲဟာကို... မင်းလည်း အဲဒါကို တွေးပြီး သွားရည်ကျနေ တာလား”

နှင်းပွင့်များ တဖွဲဖွဲ ကျဆင်းနေခဲ့ပြီး၊ ညဉ့်ဦးယံအချိန်၏ ရေကန်ပြင်ထက်တွင်မူ... ထိုနှင်းများသည် အဖြူရောင် ပန်းပွင့်ဖတ်ကလေးများနှင့် ဆင်တူပေရာ၊ မီးအိမ်ထွန်းညှိ ထားသော လှေငယ်များ၏ အလင်းရောင်အောက်တွင် တကယ့်ကို ထူးခြားစွာ လှပနေခဲ့ သည်။

ဆီးနှင်းများ ဖုံးလွှမ်းနေသော တောအုပ်ကို ဖြတ်သန်းရင်း ကျူးမင်လန်သည် သူ၏ နေအိမ်ဆီသို့ လျှောက်လှမ်းလာခဲ့သည်။ ဘာကြောင့်ရယ်မှန်းမသိ... သူ့တွင် မကောင်း သော နိမိတ်တစ်ခုကို ကြိုတင်ခံစားနေရ၏၊ အထူးသဖြင့် တံတားအနီးတွင် ဖန်နန်နန်နှင့် စကားပြောဆိုခဲ့ပြီးနောက်ပိုင်းတွင် ဖြစ်သည်။

သူ အိမ်တံခါးဝသို့ ရောက်ရှိလာသည့်အခါ... သူ၏ နေအိမ်ပတ်ဝန်းကျင်မှာ သူတွေးထင် ထားခဲ့သည်ထက်ပင် ပိုမို၍ တိတ်ဆိတ်ငြိမ်သက်နေခဲ့သည်။ အေးစက်လှသော ရာသီဥတု နှင့် ကျဆင်းနေသော ဆောင်းနှင်းများကြောင့် လူတိုင်းပင် မိမိတို့၏ အိမ်ခန်းများထဲ၌ အောင်းနေကြခြင်း ဖြစ်တန်ရာ၏။

“ဒီလောကမှာ ဘာလို့ ဒီလောက်တောင် အလုပ်မရှိ အားယားနေတဲ့လူတွေ ရှိနေရတာလဲ မသိဘူး”

သူသည် ဝင်းတံခါးကို တွန်းဖွင့်ကာ အိပ်စက်ရန်အတွက် သူ၏ အခန်းထဲသို့ ပြန်လာခဲ့ သည်။ ယနေ့ ပန်းပဲဖို၏ နောက်ဆုံးလုပ်ငန်းစဉ်မှာ သူ၏ ဝိညာဉ်စွမ်းအင်များကို ကုန်ခမ်း လုနီးပါး ဖြစ်စေခဲ့သည်။ သူအနေဖြင့် ရက်အနည်းငယ်ခန့် အနားယူရန် လိုအပ်နေပြီး၊ ဤအခွင့်အရေးကို အသုံးချကာ အတန်းများ ပိုမိုတက်ရောက်၍ ပညာရပ်များကို လေ့လာ သင်ယူရမည် ဖြစ်သည်။

အကယ်ဒမီသည် တကယ့်ကို အံ့သြဖွယ်ကောင်းလှပြီး၊ လောကီဘုံသားများ၏ ရှုပ်ထွေး ပွေလီလှသော ဖုန်မှုန့်များ ကင်းစင်ရာ သာယာကြည်နူးဖွယ် ကမ္ဘာငယ်လေးတစ်ခုကဲ့သို့ ပင်။

အစောကြီး ထတတ်သော အလေ့အကျင့်ရှိသဖြင့်... ကျူးမင်လန်သည် ဤမျှအေးစက်လှ သော နေ့ရက်မျိုးမှာပင် အိပ်ရာထဲ၌ အချိန်ဆွဲမနေခဲ့ချေ။ နဂါးငယ်လေးများဆီသို့ သွားရောက်ကြည့်ရှုပြီးနောက်၊ သူသည် စာအုပ်များကို ပိုက်ကာ စာသင်ခန်းဆီသို့ ဦးတည် ခဲ့သည်။

ယနေ့သည် လစဉ်ပုံမှန် သင်ကြားပေးသည့် နေ့ရက်ဖြစ်သည်။

သင်တန်းမှာ အခမဲ့ တက်ရောက်ခွင့်ရှိသည်ဖြစ်ရာ... သူ သေချာပေါက် သွားရောက်ရပေ လိမ့်မည်။

သူ စာသင်ခန်းအတွင်းသို့ ဝင်ရောက်လိုက်သည်နှင့်... နေရာအနှံ့တွင် လူများဖြင့် ပြည့်နှက် နေခဲ့ပြီ ဖြစ်သည်။ ထိုနေရာတွင် နဂါးထိန်းများ ဖြစ်နေကြပြီဖြစ်သော ကျောင်းသားများ ရှိနေသကဲ့သို့၊ နဂါးတံခါးအောက်တွင် ရုန်းကန်နေရဆဲဖြစ်သော ကျောင်းသားများလည်း ရှိနေကြရာ... ယနေ့ ပို့ချသင်ကြားမည့်သင်္ခန်းစာသည် ကျောင်းသားအုပ်စု နှစ်စုလုံးအတွက် အလွန်အရေးကြီးပုံရပေသည်။

သူသည် ထိုင်ခုံတစ်ခုကို ရှာဖွေ၍ နေရာတကျ ထိုင်လိုက်ပြီးနောက်... 'တောအုပ်နဂါးစိမ်း' အကြောင်းကို လေ့လာရန် စာအုပ်ကို လှန်လိုက်ရုံရှိသေး၊ ရုတ်တရက် သူ၏ ဘေးပတ် ဝန်းကျင်ရှိ လူဦးရေ ဆယ်ဂဏန်းခန့်မှာ ပြိုင်တူ မတ်တတ်ရပ်လိုက်ကြ၏။

ကျူးမင်လန်သည် ဆရာတစ်ယောက်ယောက် ရောက်ရှိလာပြီဟု ထင်မှတ်ကာ မသိစိတ် ဖြင့် အရိုအသေပေးရန် မတ်တတ်ရပ်လိုက်မိသော်လည်း... ထိုလူများအားလုံးက သူ့အား ဝိုင်းရံပိတ်ဆို့ထားသည့်အလား စိုက်ကြည့်နေကြသည်ကို ရိပ်မိလိုက်ရာ၊ ၎င်းမှာ သူ့အား ထောင်ချောက်ဆင်ရန် စောင့်ဆိုင်းနေကြခြင်းသာ ဖြစ်ပေသည်။

“မင်းက ကျူးမင်လန်လား” သားမွေးဝတ်ရုံကို ဝတ်ဆင်ထားသည့် ဖြူစင်ချောမောသော ကျောင်းသားလူငယ်တစ်ဦးက ရှေ့ဆုံးမှနေ၍ စတင်မေးမြန်းလိုက်သည်။

ကျူးမင်လန်သည် ထိုလူအား ကြည့်လိုက်ရင်း... တစ်နေရာရာတွင် မြင်ဖူးခဲ့သကဲ့သို့ ခခံစားလိုက်ရ၏။

သေသေချာချာ စဉ်းစားကြည့်လိုက်ရာ... ထိုနေ့က 'နဂါးဗေဒစာကြည့်တိုက်' တွင် လီယွင်ဇီနှင့် မထိုက်တန်ကြောင်း ညည်းတွားပြောဆိုနေခဲ့သော သခင်လေးဖြစ်ကြောင်း အမှတ်ရလိုက်မိသည်။

သူ၏ စကားလုံးများတွင် အခြားသော အလုပ်သင်လူငယ်များကဲ့သို့ ကြမ်းတမ်းရိုင်းစိုင်း သော စကားလုံးများ မပါဝင်ဘဲ... နောင်တရနှမြောရိပ် အနည်းငယ်သာ ပါဝင်ခဲ့သည်ကိုပင် သူ မှတ်မိနေခဲ့သည်။

သူသည် သေချာပေါက် ဧကရီဘုရင်မကို စွဲလမ်းမြတ်နိုးနေသူတစ်ဦး ဖြစ်ပေလိမ့်မည်။

ပြဿနာမှာ... သူက အဘယ်ကြောင့် ယခုလို စွပ်စွဲပြစ်တင်ရန် အသင့်ဖြစ်နေရသနည်း၊ ထို့အပြင်, ထိုကဲ့သို့သော အတွေးမျိုးရှိသူမှာ သူတစ်ယောက်တည်းလည်း မဟုတ်ပေ။

သူတို့က ယနေ့ လစဉ်ဟောပြောပွဲသို့ သူ သေချာပေါက် တက်ရောက်လိမ့်မည်ကို ကြိုတင် သိရှိနေကြတာလား….။

ကျူးမင်လန်က ဘေးဘီသို့ လှည့်ပတ်ကြည့်ရှုလိုက်ရာ... သူနှင့် ခပ်တန်းတန်းသာ ဆက်ဆံ လေ့ရှိသော အဆောင်ဖော်အချို့ကိုလည်း စာသင်ခန်းထဲတွင် မြင်တွေ့လိုက်ရပြီး၊ သူတို့၏ မျက်လုံးများမှာ သူ့အား မကြည့်ရဲဘဲ ရှောင်ဖယ်နေကြသည်။

မနေ့ညက သူ၏ အဆောင်ဝင်းကြီးတစ်ခုလုံး အဘယ်ကြောင့် ဤမျှ ငြိမ်သက်နေခဲ့ရသလဲ၊ မဆန်းတော့ချေ... သူတို့သည် ယနေ့ ဤနေရာတွင် သူ့အား ပိတ်ဆို့တိုက်ခိုက်ရန်အတွက် ကြိုတင်သဘောတူ ညှိနှိုင်းထားခဲ့ကြခြင်း ဖြစ်ပေသည်။

အကယ်ဒမီအတွင်းရှိ လေထုကြီးမှာ ပြင်ပလောကကဲ့သို့ မတည်မငြိမ် ဖြစ်နေလိမ့်မည် မဟုတ်ဟု သူ ထင်မှတ်ထားခဲ့သော်လည်း... ဤပြဿနာနှင့် ပတ်သက်လာလျှင်မူ အားလုံး က အတူတူဖြစ်နေကြပုံရသည်။

“မင်းက ကျူးမင်လန် ဟုတ်မဟုတ်ဆိုတာကိုတောင် မဝန်ခံရဲတော့ဘူးလား” သားမွေး ဝတ်ရုံနှင့် ဖြူစင်ချောမောသော လူငယ်က နောက်တစ်ကြိမ် မေးမြန်းလိုက်သည်။

“ဟုတ်ပါတယ်... ကျွန်တော်က ကျူးမင်လန်ပါ။ စီနီယာတို့ လူအများကြီး ဒီနေရာမှာ စုဝေးနေကြတာ ဘာကြောင့်ပါလဲ၊ ကျွန်တော် သိပါရစေ” ကျူးမင်လန်က ပြန်လည် ဖြေကြားလိုက်သည်။

“မင်းက တကယ့်ကို ပြန်မေးရဲသေးတယ်နော်။ ဝူထူနယ်မြေက လာတဲ့ အဲဒီ လေလွင့်သူက မင်းပဲမလား” သားမွေးဝတ်ရုံနှင့် လူငယ်၏ နောက်ကွယ်မှ လူတစ်ဦးက ဒေါသတကြီး မေးမြန်းလိုက်သည်။

“အဲဒါက လုံးဝကို ကောလာဟလ အမှားကြီးပါဗျာ” ကျူးမင်လန်က ချက်ချင်းပင် တုံ့ပြန် လိုက်သည်။

သားမွေးဝတ်ရုံနှင့် လူငယ်သည် ကျူးမင်လန်အား သေသေချာချာ စိစစ်ကြည့်ရှုလိုက်ရာ... ထူးခြားမှုမရှိဘဲ သာမန်မျှသာ ဖြစ်နေသည်ကို တွေ့လိုက်ရသည်။

“ကောလာဟလ ဖြစ်နေတယ်ဆိုရင်ကော... မင်းအနေနဲ့ ဒီကိစ္စကို ဘယ်လိုမျိုး ပြန်လည် ရှင်းလင်းဖို့ ပြင်ဆင်ထားလဲ” ထိုအုပ်စုကြားတွင် အရှိန်အဝါအရှိဆုံး ဖြစ်ပုံရသော ထိုလူငယ် က မေးမြန်းလိုက်ရာ... သူ စကားပြောဆိုချိန်တွင် အခြားသူများမှာ ငြိမ်သက်သွားကြသည်။

“တကယ်တော့... သူမနဲ့ ကျွန်တော်က တွေ့တွေ့ချင်းမှာတင် အပြန်အလှန် စိတ်ချင်းဆက် နွှယ်ပြီး မေတ္တာမျှခဲ့ကြတာပါ။ မြေအောက်အကျဉ်းထောင်ဆိုတာမျိုး လုံးဝမရှိခဲ့ပါဘူး၊ အချို့လူတွေက ကျွန်တော်တို့ နှစ်ယောက် အတူတူ ပျော်ရွှင်နေကြတာကို မကြည့်ရက်လို့ ရယ်၊ မိန်းမလှလေးတစ်ယောက်ရဲ့ နှလုံးသားက အခြားသူတစ်ယောက်ဆီမှာ ရှိနေတာကို မခံစားနိုင်လို့ရယ်ကြောင့်ပဲ ဖြစ်မယ်ထင်ပါတယ်။

ဒါကြောင့် သူတို့က ကျွန်တော့်ကို နှိမ့်ချဖို့နဲ့ သူမကို စော်ကားဖို့အတွက် ဒီလို ယုတ်မာလှတဲ့ နည်းလမ်းတွေကို လုပ်ကြံဖန်တီးခဲ့ကြတာပါ” ကျူးမင်လန်က လူအများရှေ့တွင် ဖြောင့်မတ် တည်ကြည်စွာဖြင့် ပြောကြားလိုက်သည်။

“လီယွင်ဇီက မင်းနဲ့တွေ့တွေ့ချင်း မေတ္တာမျှခဲ့တယ် ဟုတ်လား….၊ မင်းနဲ့လား….” ထိုအချိန်အထိ တည်ငြိမ်မှုကို ထိန်းရှိမ်းထားနိုင်ခဲ့သော သားမွေးဝတ်ရုံနှင့် လူငယ်သည် ကျူးမင်လန်၏ စကားကို ကြားလိုက်ရသည့်အခါတွင်မူ... ချက်ချင်းပင် နှာခေါင်းရှုံ့ကာ စက်ဆုပ်ရွံရှာသော မျက်နှာအမူအရာ ဖြစ်သွားခဲ့ရတော့သည်။

“ဟုတ်ပါတယ်... ဒါက အမျိုးသားတစ်ယောက်နဲ့ အမျိုးသမီးတစ်ယောက်ကြားက အပြန် အလှန် နှစ်သက်သဘောကျတဲ့ သာမန်ကိစ္စရပ်တစ်ခု ဖြစ်ပေမဲ့၊ အချို့ မကောင်းဆိုးဝါး စိတ်ဓာတ်ရှိသူတွေက ဒီကိစ္စကို ရုပ်ဆိုးအကျည်းတန်အောင် ပုံဖျက်ခဲ့ကြတာပါ။ ပြီးတော့ ကျွန်တော်တို့ ဘိုးဘေးနဂါး မြို့တော်ရဲ့ ဧကရီဘုရင်မ ဂုဏ်သတင်းကို ဖျက်ဆီးဖို့အတွက် ရန်သူတွေက လွှင့်ထုတ်လိုက်တဲ့ ကောလာဟလတွေလည်း ဖြစ်နိုင်သေးတယ်လေ။ သေချာတာကတော့... ကျွန်တော် ကျူးမင်လန်ကိုလည်း အပုပ်ချချင်ကြတာပေါ့။ ဒါကြောင့် ဒီကောလာဟလကို ဖြန့်တဲ့သူတွေဟာ ရန်သူ့မြို့တော်တွေက သူလျှိုတွေ ဖြစ်နိုင်သလို၊ လီယွင်ဇီအပေါ် စိတ်ကူးယဉ်နေတဲ့ စိတ္တဇဝေဒနာရှင်တွေလည်း ဖြစ်နိုင်တာ ပဲ” ကျူးမင်လန်က သူ၏လေသံတွင် မခံမရပ်နိုင်ဖြစ်မှု၊ ဖြောင့်မတ်ခြင်း အငွေ့အသက်များ ကို ထည့်သွင်းကာ ဆက်လက် ပြောဆိုလိုက်တော့သည်။

“ဒီနေရာ လာပြီး အဓိပ္ပာယ်မရှိ လျှောက်ပြောမနေနဲ့။ ဧကရီဘုရင်မက မင်းလိုကောင်ကို ဘာလို့ သဘောကျရမှာလဲ” ကျောင်းသားလူငယ်များက လုံးဝမယုံကြည်နိုင်ကြကြောင်း ဖော်ပြပြောဆိုလိုက်ကြသည်။

“နှလုံးသားရေးရာ ကိစ္စရပ်တွေဆိုတာ တကယ့်ကို ရှင်းပြရ ခက်ခဲလွန်းပါတယ်လေ။ အမှန် အတိုင်း ပြောရရင်... ကျွန်တော်ကိုယ်တိုင်လည်း ဘာကြောင့် သူမကို ဒီလောက်အထိ ရူးရူး မူးမူး ချစ်မိသွားခဲ့လဲဆိုတာ နားမလည်နိုင်အောင် ဖြစ်ရပါတယ်။ တစ်စုံတစ်ယောက်ကို ချစ်မိဖို့ဆိုတာ အကြောင်းပြချက်တွေ လိုအပ်နေလို့လားဗျာ” ကျူးမင်လန်က ကဗျာဆရာ တစ်ဦး၏ လွမ်းဆွတ်တမ်းတမှု အငွေ့အသက်များ ထည့်သွင်းကာ ပြောလိုက်သည်။

သူက လက်တစ်ဖက်ဖြင့် စာအုပ်ကို ပိုက်ထားလျက်၊ သူ၏ နက်ရှိုင်းပြီး တွေးတောဆင်ခြင် နေဟန် မျက်ဝန်းများဖြင့် ပြတင်းပေါက်အပြင်ဘက်က အေးစက်လှသော ဇီးပန်းများကို စိုက်ကြည့်နေခဲ့သည်။ သူ့ပုံစံက တကယ့် ကဗျာဆရာစစ်စစ်တစ်ဦးကဲ့သို့ပင်... တစ်ခါ တစ်ရံ၌ ကြည်နူးဟန်ပုံရိပ်များကို ဖော်ပြလိုက်၊ တစ်ခါတစ်ရံ၌ အတိတ်ကို ပြန်လည် အမှတ်ရဟန်ဖြင့် ချိုသားစွာပြုံးလိုက်၊ တစ်ခါတစ်ရံတွင်မူ ရူးသွပ်စွာဖြင့် တိုးတိုးလေး ရေရွတ်နေခဲ့သေးသည်...

သူ့အား ဝိုင်းရံထားကြသော ဘေးပတ်ဝန်းကျင်ရှိ လူများ၏ မျက်နှာအမူအရာများမှာ ချက်ချင်းပင် ပျက်ယွင်းပြောင်းလဲသွားခဲ့ကြရတော့သည်။

အထူးသဖြင့် ထိုသားမွေးဝတ်ရုံနှင့်လူငယ်၏ မျက်ဝန်းများထဲတွင်မူ... မကောင်းဆိုးဝါး မီးလျှံနှင့်အတူ ဒေါသမီးလျှံများ အုန်းခနဲ တောက်လောင်လာခဲ့လေပြီ။

သူသည် သူ့ဘဝတစ်သက်တာတွင် ဤမျှအရှက်မရှိ၊ အရေထူလှသော လူစားမျိုးကို တစ်ခါ မျှ မမြင်ဖူးခဲ့ချေ။

သူမကို ဘာလို့ချစ်မိသွားလဲဆိုတာ သူကိုယ်တိုင် နားမလည်နိုင်ခဲ့ဘူးတဲ့လား….

ဒီစကားတွေက ဒီလူ့ပါးစပ်က ထွက်ရမယ့် စကားတွေလား….

ဧကရီဘုရင်မဟူသော အမည်နာမသည် သူမ၏ အတုမဲ့ အမြော်အမြင်ကြီးမှုနှင့် ရဲစွမ်း သတ္တိကြောင့်သာမက... ကောင်းကင်ဘုံက နတ်သမီးတစ်ပါးကဲ့သို့ ထူးကဲလှပလွန်းလှ သော သူမ၏ ရုပ်အဆင်းကြောင့်လည်း ပါဝင်ပေသည်။ သူမကို မြင်တွေ့ဖူးသူတိုင်းသည် ကမ္ဘာလောကကြီးကို မှင်တက်သွားစေလောက်သည့် ထိုအလှတရားအတွက် အံ့သြ ချီးမွမ်း ခဲ့ကြရသည်ချည်း ဖြစ်သည်။

မင်းလို အမည်မဲ့ အောက်ခြေလူတန်းစားတစ်ယောက်က... မင်း ဘာလို့ သူမအပေါ် စွဲလမ်း နေရလဲဆိုတဲ့ အကြောင်းပြချက်ကို ခေါင်းခြောက်ခံပြီး စဉ်းစားနေဖို့ လိုအပ်နေသေးလို့ လား…..

ငါတို့အားလုံး ယောက်ျားတွေချည်းပဲကွ….။

အခန်း (၅၆) ငါ့ရဲ့ ချစ်ဇနီးလေး။

“လူကြီးမင်းတို့ခင်ဗျာ... ခင်ဗျားတို့အားလုံးက ယွင်ဇီကို ကာလရှည်ကြာ စွဲလမ်းမြတ်နိုးခဲ့ ကြပြီး၊ မဟုတ်မမှန် ကောလာဟလတွေကိုလည်း ကြားခဲ့ကြရမှန်း ကျွန်တော် သိပါတယ်။ တကယ်လို့ ခင်ဗျားတို့အနေနဲ့ သူမကို တကယ်ပဲ လေးစားမြတ်နိုးကြတယ်ဆိုရင်တော့... ဒီလို ညစ်ပတ်စက်ဆုပ်ဖွယ်ကောင်းတဲ့ စကားလုံးတွေနဲ့ လုပ်ကြံပုတ်ခတ်မှုတွေကို နောက် နောင် မယုံကြည်ကြပါနဲ့တော့ဗျာ” ကျူးမင်လန်က ဆက်လက်ပြောဆိုလိုက်သည်။

သူ၏လေသံမှာ အလွန်ပင် ပြတ်သားတည်ကြည်လှပြီး၊ သူ၏သဘောထားမှာလည်း အလွန်တရာ ရိုးသားဖြောင့်မတ်လွန်းလှသဖြင့်... သူ့အား လာရောက်စွပ်စွဲပြစ်တင်ရန် စုဝေးရောက်ရှိနေကြသော ကျောင်းသားအုပ်စုမှာ တခဏမျှ ဘာပြန်ပြောရမှန်းမသိဘဲ ဆွံ့အ သွားခဲ့ကြရသည်။

“ငါ မယုံဘူး……။ ဧကရီဘုရင်မက မင်းလိုကောင်မျိုးကို ဘယ်လိုလုပ် စိတ်ကူးယဉ်မှာလဲ” အဆုံးတွင်မူ... မခံမရပ်နိုင် ဖြစ်သွားခဲ့သော ချောမောသော ထိုသခင်လေးက ကျူးမင်လန် အား ဒေါသတကြီး လက်ညှိုးထိုးလျက် အော်ဟစ်လိုက်တော့သည်၊ “မင်းက သူမရဲ့ မြင့်မြတ်လှတဲ့ နာမည်ဂုဏ်သတင်းကို ညိုးနွမ်းအောင် လုပ်ခဲ့တာပဲ၊ ငါတို့ မင်းကို လုံးဝ ခွင့်မလွှတ်နိုင်ဘူး”

ကျူးမင်လန်က ထိုချောမောသော သခင်လေး၏ ရှက်ဒေါသထွက်နေသော မျက်နှာ အမူအရာကို ကြည့်ရင်း... ရယ်ချင်စိတ်ကို မနည်းအောင့်ထားလိုက်ရ၏။

“ဒါက တကယ့်ကို ထူးဆန်းလွန်း မနေဘူးလား။ လွန်ခဲ့တဲ့ လအနည်းငယ်အတွင်းမှာ... ဘိုးဘေးနဂါးမြို့တော်တစ်ခုလုံးရဲ့ အတွင်းအပြင် နေရာအနှံ့မှာ လီယွင်ဇီအပေါ် ပုတ်ခတ် စော်ကားသံတွေပဲ ဆူညံနေခဲ့တာ။ အဲဒီတုန်းကတော့ မခံမရပ်နိုင်ဖြစ်လှချေရဲ့ မင်းတို့လို လူကြီးလူကောင်းတွေ စုပေါင်းပြီးတော့ သူမဘက်ကနေ ကာကွယ်ပေးတာမျိုး၊ ဒါမှမဟုတ် စကားလုံးတွေနဲ့ လုပ်ကြံစော်ကားတဲ့သူတွေကို ပြစ်တင်ရှုတ်ချတာမျိုး တစ်ယောက်မှ မတွေ့ခဲ့ရပါလား” ကျူးမင်လန်က လူအုပ်ကြီးအား မေးခွန်းထုတ်လိုက်သည်။

အချို့သောလူများမှာ တကယ့်ကို လျှို့ဝှက်ဆန်းကြယ်စွာ ဟန်ဆောင်ကောင်းပြီး စက်ဆုပ် ရွံရှာဖွယ် ကောင်းလှပေသည်။

ဘိုးဘေးနဂါး မြို့တော်တွင် လအနည်းငယ်မျှ နေထိုင်ခဲ့စဉ်အတွင်း... ကျူးမင်လန်သည် လမ်းမများပေါ်တွင်သာမက အကယ်ဒမီအတွင်း၌ပါ သူမ၏ဂုဏ်သတင်းကို အမှန်တကယ် ဖျက်ဆီးနေကြသူများအကြောင်း တစ်ကြိမ်ထက်မက ကြားခဲ့ဖူးသော်လည်း၊ ထိုသူများကို ဝင်ရောက်တားဆီးပေးသည့်လူ သို့မဟုတ် ဧကရီဘုရင်မကို စွဲလမ်းမြတ်နိုးသူများဟု ဆိုကြပါသော ဤအုပ်စုကို တစ်ခါမျှ မြင်တွေ့ခဲ့ရခြင်း မရှိချေ။

အဘယ်ကြောင့် လီယွင်ဇီသည် ဧကရီဘုရင်မ အဆင့်အတန်းကို ပြန်လည်ရရှိပြီး၊ အနောက်ဘက်ဒေသ စစ်ပွဲများနှင့် အရှေ့ဘက်ဒေသ ပဋိပက္ခများအကြားတွင် သူမ၏ အင်အားကြီးမားမှုကို ပြန်လည်ပြသလိုက်သည့် အချိန်ကျမှသာ... ဤလူများအားလုံးက ဘုန်းခနဲ ပေါ်ထွက်လာကြရသနည်း။

ထိုလေလွင့်သူ သူတောင်းစားလေးမှာ သူကျူးမင်လန် ဖြစ်ကြောင်း သိရှိသွားကြသည့်အခါ တွင်မူ... ပြစ်တင်စွပ်စွဲချက် အားလုံးက သူ့ထံသို့သာ ဦးတည်လာခဲ့ကြသည်။

ဒါက အမှန်တကယ် သစ္စာရှိခြင်းလား၊ ဒါမှမဟုတ် အခြား လျှို့ဝှက်ရည်ရွယ်ချက်တွေ ရှိနေလို့လား….။

“ငါတို့က ဘယ်လိုလုပ်ပြီး ဝင်မပါဘဲ နေမှာလဲ။ ဒါပေမဲ့ မင်းလို မကောင်းဆိုးဝါး အကျိတ် အခဲတစ်ခု ရှိနေသရွေ့တော့... သူမဟာ ဒီလို ညစ်ပတ်တဲ့ အရိပ်မည်းကြီးအောက်ကနေ ဘယ်တော့မှ လွတ်မြောက်နိုင်မှာ မဟုတ်ဘူး။ ငါသာ မင်းနေရာမှာဆိုရင်... ကိုယ့်ရဲ့ နိမ့်ကျ တဲ့ အဆင့်အတန်းကို ကိုယ်သိပြီး၊ ကြိုးဆွဲချ အဆုံးစီရင်ပြီးတာ ကြာလှပြီ” ထိုသခင်လေးမှာ ဒေါသကြောင့် မျက်နှာတစ်ခုလုံး နီမြန်းနေခဲ့ပြီ ဖြစ်သည်။

“မှန်တယ်…၊ မင်းလိုကောင်မျိုးက ဒီလောကမှာ အသက်ရှင်နေဖို့ လုံးဝ မထိုက်တန်ဘူး”

“မင်းက လူ့ဂုဏ်သိက္ခာကို စော်ကားလိုက်တာပဲ”

“တကယ့်ကို ယုတ်မာညစ်ပတ်လွန်းတယ်”

များမကြာမီမှာပင်... လူတိုင်းသည် သူတို့၏ ဒေါသများကို ပုံချရန်အတွက် ဘုံရန်သူ တစ်ခုကို ရှာဖွေတွေ့ရှိသွားခဲ့ကြပြီး၊ သူတို့ စဉ်းစားမိသမျှ ဆဲရေးတိုင်းထွာမှု အားလုံးကို ကျူးမင်လန်ထံသို့ ပစ်ပေါက်လိုက်ကြတော့သည်။

“မနာလိုစိတ်က လူတွေကို ရုပ်ဆိုးကျည်းတန်သွားစေတာပဲနော်။ ခင်ဗျားတို့ စောစောက ကျွန်တော့်ကို ပြောခဲ့တဲ့စကားအရ… ခင်ဗျားတို့ရဲ့ ခံစားချက်ကို ကျွန်တော် နားလည်ပေး နိုင်ပါသေးတယ်။ ဘာပဲဖြစ်ဖြစ် ကျွန်တော့်မိသားစုဝင် ယွင်ဇီက ဉာဏ်ပညာနဲ့ အလှတရား ကို ပြီးပြည့်စုံစွာ ပေါင်းစပ်ထားတဲ့ အမျိုးသမီးတစ်ယောက်လေ... သူမနှလုံးသားက အခြား လူတစ်ယောက်ဆီမှာ ရှိနေတယ်ဆိုတာကို ခင်ဗျားတို့ လက်ခံဖို့ ခက်ခဲနေကြတာက ပုံမှန် ပါပဲ။ ဒါပေမဲ့ ကျွန်တော်က အမှန်တရားကို ပြောပြပြီးတာတောင်မှ... ခင်ဗျားတို့က ရူးသွပ် နေတဲ့ ခွေးအုပ်လိုမျိုး ကျွန်တော့်ဆီ ပြေးဝင်လာကြတုန်းပဲ။ ဂုဏ်သိက္ခာရှိတဲ့ အမျိုးသား တစ်ယောက်အနေနဲ့... ကျွန်တော် ဒါကို လုံးဝ သည်းမခံနိုင်တော့ဘူး” ကျူးမင်လန်က သူ၏တည်ငြိမ်မှုကို ဆက်လက်ထိန်းသိမ်းရင်း ပြောလိုက်သည်။

အကယ်ဒမီအတွင်းရှိ လူတိုင်းမှာ ထိုသခင်လေး၏ နောက်လိုက်များ မဟုတ်ကြချေ။ အခြေအနေကို ဓမ္မဓိဋ္ဌာန်ကျကျ စောင့်ကြည့်နေကြသူအချို့လည်း ရှိနေပြီး... ထိုသူများပင် လျှင် ဧကရီဘုရင်မအပေါ် စွဲလမ်းမြတ်နိုးသူများဟု ဆိုကြသော ဤအုပ်စုမှာ လွန်လွန်းနေ ပြီဟု ခံစားလိုက်ရ၏။

ရှေးလူတို့ ဆိုရိုးစကားရှိသည် မဟုတ်ပါလော….. နှလုံးသားနှစ်ခု အပြန်အလှန် ဆုံစည်း သွားကြသည့်အခါ... ဧကရီဘုရင်မမှာရော သင့်တော်လျောက်ပတ်သည့် ချစ်သူတစ်ဦး မရှိထိုက်ပေဘူးလား…..။

“ယင်ယောင်ဝူ... ကျူးမင်လန်က သူ့ကိုယ်သူ ရှင်းရှင်းလင်းလင်း ပြောပြပြီးပြီပဲဟာ။ မင်းက ဘာဖြစ်လို့ ဒီလို ပိုပြီးရှုပ်ထွေးလာအောင် ဆက်ပြီး ဇွတ်လုပ်နေရတာလဲ။ ငါ့အမြင်ကတော့ ဒါက ကောင်းတဲ့အရာတစ်ခုပဲ၊ အနည်းဆုံးတော့ ငါတို့မြို့တော်ရဲ့ ဧကရီဘုရင်မဟာ အရင်ကလိုမျိုး မကောင်းတဲ့ စကားလုံးတွေရဲ့ နှောင့်ယှက်မှုကို ခံစားရတော့မှာ မဟုတ် ဘူး” ထိုအချိန်တွင် စီနီယာအစ်မတစ်ဦးက လူအုပ်ကြားထဲမှ ထွက်လာပြီး ထိုသခင်လေး အား ပြောဆိုလိုက်သည်။

ကျူးမင်လန်သည် ထိုစီနီယာအစ်မကို မှတ်မိနေခဲ့သည်၊ သူမသည် ထိုစဉ်က ရုန်းတောင် ကြားမြို့သို့ အတူတူ သွားရောက်ခဲ့ကြသူများထဲမှ တစ်ဦးဖြစ်ပေသည်။ သူမသည် သေချာ ပေါက် ဆရာခယ်ပေနှင့် ဆရာမတွန်လန်တို့၏ အဖြစ်အပျက်ကို ကြားသိထားခဲ့ပုံရသည်။ ကျူးမင်လန်အား ဤဟန်ဆောင် စွဲလမ်းသူများအုပ်စုက ဝိုင်းဝန်းတိုက်ခိုက်နေသည်ကို မြင်တွေ့ရသည့်အခါ... သူမက တရားမျှတသော စကားတစ်ခွန်း ပြောဆိုရန်အတွက် ထွက်ပေါ်လာခြင်း ဖြစ်သည်။

ထိုချောမောသော သခင်လေး 'ယင်ယောင်ဝူ' ကမူ ထိုအမျိုးသမီးအား စိုက်ကြည့်လိုက် ရင်း... သူမ ဝင်ရောက်စွက်ဖက်သည်ကို လုံးဝ မကျေမနပ် ဖြစ်နေခဲ့သည်။

“ဒီနေ့ လူတွေ အများကြီး စုဝေးမိကြတာ တကယ့်ကို ရှားပါးတဲ့ အခွင့်အရေးမို့လို့... ကျွန်တော်ကျူးအနေနဲ့လည်း ဒီနေရာမှာ ရှိနေတဲ့သူအားလုံးကို စကားအနည်းငယ် ပြောချင်ပါတယ်။ ဒီနေရာမှာ ရှိနေတဲ့သူတွေကော၊ မရှိတဲ့သူတွေကော တစ်ယောက်နဲ့ တစ်ယောက် ထပ်ဆင့်ပြီး စကားပါးပေးကြဖို့ မျှော်လင့်ပါတယ်” ကျူးမင်လန်က ထိုစီနီယာ အစ်မအား ကျေးဇူးတင်သောအားဖြင့် ဦးစွာ ဦးညွှတ်လိုက်ပြီးနောက်... သူ၏ လေသံကို အနည်းငယ် မြှင့်တင်ကာ ပြောလိုက်တော့သည်။

“မင်းက ကိုယ့်လည်ပင်းကိုယ်လှီးပြီး တောင်းပန်စကား ပြောမလို့လား” ယင်ယောင်ဝူက ရန်လိုသော အမူအရာဖြင့် ဖိအားပေး မေးမြန်းလိုက်သည်။

“ခင်ဗျားတို့... ခင်ဗျားတို့အနေနဲ့ သူမကို စွဲလမ်းမြတ်နိုးတာကို ကျွန်တော် မကန့်ကွက်ပါ ဘူး၊ ဘာကြောင့်လဲဆိုတော့ သူမက တကယ့်ကို လျှမ်းလျှမ်းတောက်ပြီး ထူးချွန်လွန်းလို့ပါ။ ဒါပေမဲ့ ကျေးဇူးပြုပြီး နောက်နောင်ကျရင် ကိုယ့်ကိုယ်ကိုယ် သိက္ခာရှိရှိ ပြုမူ နေထိုင်ကြပါ”

“ကျွန်တော့်မိသားစုဝင် ယွင်ဇီက... ခင်ဗျားတို့လို ရူးသွပ်စွဲလမ်းသူလို့ အမည်ခံထားတဲ့ လူတွေရဲ့ နှောင့်ယှက်မှုတွေ ခံရမှာ စိုးရိမ်လို့ ဒီကိစ္စကို တိုးတိုးတိတ်တိတ်ပဲ နေဖို့ ကျွန်တော့်ကို ထပ်ခါတလဲလဲ မှာကြားခဲ့တာပါ။ အမှန်ပါပဲ... ကျွန်တော် ကျူးအနေနဲ့ ကောင်းကင်ဘုံရဲ့ နတ်သမီးတစ်ပါးလိုမျိုး ထူးကဲလှပလွန်း သူမရဲ့မျက်နှာသာပေးမှုကို ခံရတာဟာ တကယ့်ကို ကောင်းကင်ဘုံက ပေးသနားတဲ့ ကံကောင်းခြင်းမျိုးပါပဲ။”

“သူမနဲ့ ကျွန်တော့်ကြားမှာ ကျော်ဖြတ်ရခက်ခဲတဲ့ အတားအဆီးတွေ ရှိနေတယ်ဆိုတာ ကျွန်တော် ဘယ်လိုလုပ် မသိဘဲ နေမလဲ။ ဒါပေမဲ့ ဒီလောကမှာ အစစ်မှန်ဆုံး သံယောဇဉ် မေတ္တာတရားကို လောကီလူသားတွေနဲ့ ရုပ်ဝတ္ထုပစ္စည်းတွေက ဘယ်လိုလုပ်ပြီး ဟန့်တား နိုင်မှာလဲဗျာ”

“ဒီနေ့ကစပြီး... သူမရဲ့ ခမ်းနားထည်ဝါတဲ့ ဂုဏ်သတင်းကို ကျွန်တော်ကိုယ်တိုင်ကလွဲလို့ အခြားဘယ်သူကမှ ကာကွယ်စောင့်ရှောက်ခွင့် မရှိစေရဘူး”

“ယင်ယောင်ဝူ... ပြီးတော့ ဧကရီဘုရင်မကို ရူးသွပ်စွဲလမ်းမြတ်နိုးသူလို့ အမည်ခံထားကြတဲ့ ခင်ဗျားတို့အားလုံးလည်း ကျွန်တော့်ရဲ့ ချစ်လှစွာသော ဇနီးသည်အပေါ် စိတ်ကူးယဉ်ပြီး အချည်းနှီး အချိန်ကုန်နေတဲ့ လုပ်ရပ်တွေကို ကျေးဇူးပြုပြီး ရပ်တန်းက ရပ်လိုက်ကြပါ တော့”

ကျူးမင်လန်၏ ဤစကားလုံးများမှာ ယခင်က သူပြသခဲ့သော နူးညံ့သိမ်မွေ့သည့် အမူအရာများနှင့် လုံးဝ ဆန့်ကျင်ဘက် ဖြစ်နေခဲ့သည်။ သူသည် လူအုပ်ကြီးကြားတွင် ကြံ့ကြံ့ခံ မတ်မတ်ရပ်လျက်၊ သူ့မျက်နှာအမူအရာမှာလည်း ပျက်ယွင်းခြင်းမရှိ၊ လေသံမှာ လည်း တည်ငြိမ်လှသည့်အပြင်... အခြားသူများကို ရန်စမောင်းထုတ်လိုက်သည့် အငွေ့ အသက်မျိုးလည်း လွှမ်းမိုးနေခဲ့သည်။

ဤစကားက ကမ္ဘာကြီးကို ကြေညာလိုက်သည့် ကြေညာချက်တစ်ခုပင်၊ ဧကရီဘုရင်မက မည်သူ့အပိုင်ဖြစ်လဲဆိုသည်ကို အသိပေးလိုက်ခြင်း ဖြစ်ပေသည်။

ကြည့်ရှုနေကြသူ အားလုံးမှာ မှင်တက်အံ့အားသင့်သွားခဲ့ကြရတော့သည်။

သူတို့သည် ဤလောကတွင် ကျူးမင်လန်ကဲ့သို့ အရှက်မရှိ အရေထူလှသော လူစားမျိုး မရှိတော့ဟု ထင်မှတ်ထားခဲ့ကြသော်လည်း... သူက သူ့ကိုယ်ကိုယ် ဤမျှအထိ ကျော်လွန် လုပ်ဆောင်နိုင်လိမ့်မည်ဟု မည်သူက မျှော်လင့်ထားခဲ့ပါမည်နည်း။

“ဂျူနီယာမောင်လေး....... ဒီအစ်မကြီးက မောင်လေးဘက်က ကာကွယ်ပေးတယ်၊ မောင်လေး ပြောတာ တကယ့်ကို ကောင်းလွန်းပါတယ်။ တကယ်လို့ ဧကရီဘုရင်မသာ ဒီစကားကို ကြားရင် သေချာပေါက် စိတ်လှုပ်ရှားသွားမှာပါ” ထိုစီနီယာအစ်မက ပထမဆုံး အကြိမ်အဖြစ် တုံ့ပြန်ပြောဆိုပေးလိုက်သည်။

ကျူးမင်လန်သည် သူ၏ စိတ်အားထက်သန်သော ပုံစံကို ထိန်းသိမ်းထားရင်း ခေါင်းညိတ်ပြ လိုက်သော်လည်း... သူ၏ နှလုံးသားထဲတွင်မူ တိုးတိုးလေး ဆုတောင်းနေမိသည်…… ကျေးဇူးပြုပြီး ဒီစကားလုံးတွေ လီယွင်ဇီရဲ့ နားထဲကို ဘယ်တော့မှ မရောက်ပါစေနဲ့ …ဟူ၍ပင်။

“အချစ်အတွက်ဆိုရင်... အတင်းဖျင်း ကောလာဟလတွေကိုကော၊ ကြောက်စရာကောင်း တဲ့ စိန်ခေါ်မှုတွေကိုကော မကြောက်ရဘူး။ မောင်လေးကျူးရေ... အစ်မတို့လည်း မောင်လေးကို ထောက်ခံတယ်” တုန်လှုပ်ချီးအံ့ဩသွားကြသော အခြား စီနီယာအစ်မအချို့ ကလည်း သူတို့၏ လေးစားမှုများနှင့် ကောင်းချီးပေးမူများကို ဖော်ပြလာကြသည်။

သူ့စကားကို နှလုံးသားထဲအထိ ခံစားမိသွားကြသူအများစုမှာ အမျိုးသမီးများ ဖြစ်ကြပြီး... မယုံကြည်ဘဲ လှောင်ပြောင်သရော်နေကြသူအများစုမှာမူ အမျိုးသားများ ဖြစ်ကြသည်။

ကျူးမင်လန်သည် နောက်ဆုံးတွင် မနာလိုဝန်တိုစိတ်ကသာ လူတွေကို အရုပ်ဆိုး ကျည်းတန်စေတာဖြစ်ကြောင်း သေချာပေါက် နားလည်လိုက်သည်။

လီယွင်ဇီသည် ကောင်းကင်ထက်က တောက်ပလှသော လမင်းကြီးကဲ့သို့ပင်... သူမ၏ ဖြူစင်အေးမြသော အလင်းရောင်ဖြင့် နူးညံ့သော ကောင်လေးများနှင့် စိတ်အားထက်သန် သော လူငယ်များစွာ၏ နှလုံးသားကို အလင်းပေးခဲ့ရာ၊ ထိုလူငယ်များသည် ဤကဲ့သို့သော လေလွင့်သူ သာမန်အောက်ခြေ လူတန်းစားတစ်ဦးက သူမကို ပိုင်ဆိုင်သွားခဲ့သည်ဟူသော အချက်ကို နောက်ဆုံးတွင် လက်မခံနိုင်ကြခြင်း ဖြစ်သည်။ သူတို့အားလုံးသည် နှလုံးသား နက်ရှိုင်းရာတွင်မူ... သန်းပေါင်းများစွာသော လူတွေထဲက သူမ၏ မျက်နှာသာပေးမှုကို ခံရမည့် ကံထူးရှင် ဖြစ်ချင်နေကြသူများ ဖြစ်ပေသည်။

ဤမျှများပြားလှသော ပြိုင်ဘက်များနှင့် ရင်ဆိုင်ရခြင်းမှာ တကယ့်ကို ထိတ်လန့်စရာပင် ကောင်းလှသည်။

ကျူးမင်လန်သည် လမ်းမပေါ်တွင် လူတိုင်း ဝိုင်းပယ်နှင်ထုတ်ခြင်း ခံရသည့် ကြွက် တစ်ကောင်ကဲ့သို့ အဖြစ်မျိုးကို သေချာပေါက် မလိုလားပါချေ။ ဤလူအုပ်ကြီး၏ မရပ်မနား ပစ်မှတ်ထား နှောင့်ယှက်ခြင်းကို ခံနေရမည့်အစား... သူတို့ကို ဂုဏ်သိက္ခာရှိရှိဖြင့် အပြတ် အသတ် နှိပ်နင်းပစ်လိုက်တာက ပိုကောင်းလိမ့်မည်။

“မင်းက ပျင်းရိအသုံးမကျတဲ့ ပိုးစာပင်စိုက် ပိုးမွေးသမားတစ်ယောက် ဖြစ်ပြီးတော့... ဧကရီ ဘုရင်မရဲ့ နာမည်ဂုဏ်သတင်းကို အရှက်မရှိ ညစ်နွမ်းစေရုံတင်မက၊ သူမနဲ့ အပြန်အလှန် စိတ်ချင်းဆက်နွှယ်နေပါတယ်ဆိုတဲ့ ညစ်ပတ်စက်ဆုပ်ဖွယ် စကားလုံးတွေကိုပါ ရဲရဲ တင်းတင်း ဖြန့်ဝေနေသေးတယ်။ နိမ့်ကျပြီး ယုတ်မာလွန်းပါတယ်ကွာ... ဧကရီဘုရင်မက မင်းကို ဘယ်လိုပတ်သက်မှုမျိုးနဲ့မှ မထိုက်တန်ဘူးလို့ သတ်မှတ်ထားတာတောင်မှ၊ မင်းက ဇွတ်တွန်းပြီး ကပ်တွယ်နေတုန်းပဲ။ နောက်ဆက်တွဲ ဖြစ်လာမယ့် အရာတွေအတွက် ငါတို့ကို လာပြီး အပြစ်မတင်နဲ့တော့” ယင်ယောင်ဝူက ထောင်လွှားစော်ကားသော အမူအရာဖြင့် ကြေညာလိုက်သည်။

“ဒါက အကယ်ဒမီအတွင်းထဲမှာပါ ယင်ယောင်ဝူ... မင်းက ဘာဖြစ်လို့ ဓားပြတစ်ယောက် လိုမျိုး ရိုင်းစိုင်းကြမ်းကြုတ်နေရတာလဲ” ထိုစီနီယာအစ်မက ဝင်ရောက်ကန့်ကွက် လိုက်လေတော့သည်။

“သူပဲ စောစောတုန်းက ငါတို့အားလုံးကို စိန်ခေါ်စကား ပြောခဲ့တာလေ။ တကယ်လို့ သူက မရဲဝံ့လို့ လက်မခံဘူးဆိုရင်တော့... သူပြောခဲ့တဲ့ စကားတစ်ခွန်းကိုမှ ယုံကြည်စရာ မလိုတော့ဘူး။ ပြီးတော့ ဒီလိုဝူထူနယ်မြေက လူဆိုးလူမိုက်မျိုးကို ဘိုးဘေးနဂါး မြို့တော် ကနေ မောင်းထုတ်ပစ်တာ ဘာမှားလို့လဲ” ယင်ယောင်ဝူက ပြန်လည်ချေပလိုက်သည်။

“မင်းမှာ အဲဒီလိုလုပ်ဖို့ ဘယ်လိုလုပ်ပိုင်ခွင့် အာဏာရှိလို့လဲ ယင်ယောင်ဝူ” အကယ်ဒမီ အတွင်းရှိ အချို့သောလူများကလည်း ကျူးမင်လန်ဘက်မှ မတ်တတ်ရပ်၍ ကာကွယ် ပြောဆိုပေးလာကြသည်။

“စိတ်မကောင်းပါဘူး... ဒါပေမဲ့ ငါ ယင်ယောင်ဝူမှာ တကယ်ပဲ အဲဒီလို အရည်အချင်းမျိုး ရှိတယ်။ မြို့တော်ရဲ့ လူဦးရေ ရွှေ့ပြောင်းသွားလာမှုကို ထိန်းချုပ်ထားတဲ့လူက ငါ့အဖေပဲ။ ပြီးတော့ မဟုတ်မမှန်တဲ့ စကားတွေကို လုပ်ကြံပြောဆိုပြီး ဧကရီဘုရင်မရဲ့ ဂုဏ်သိက္ခာကို ဖျက်ဆီးဖို့ ကြံစည်နေတဲ့ မင်းလိုကောင်မျိုးကို မောင်းထုတ်ပစ်ဖို့ ငါတို့မှာ အပြည့်အဝ အခွင့်အရေးရှိတယ်” ယင်ယောင်ဝူက လှောင်ပြုံးပြုံးရင်း ပြောလိုက်သည်။

အခွင့်အာဏာရှိလာသည့်အခါ... ထင်တိုင်းကြဲချင်သော သဘောထားကလည်း အတူတူ ပါရှိလာတတ်စမြဲပင်။

သူတို့က တကယ်ပဲ သူယင်ယောင်ဝူမှာ ဤကဲ့သို့ ယုတ်မာနိမ့်ကျလှသည့် အောက်ခြေ လူတန်းစားကို နှိမ်နင်းဖို့ နည်းလမ်းမရှိဘူးလို့ ထင်နေကြတာလား။

ဘိုးဘေးနဂါး မြို့တော်တွင် ‘နှင်ထုတ်ခြင်း အမိန့်စာ’ ဟူသည် ရှိပြီးသားဖြစ်ရာ... နဂါးထိန်း အကယ်ဒမီကလည်း သူ့ကို ဆက်လက် လက်ခံထားနိုင်မည် မဟုတ်ပေ။

“အကယ်၍ ခင်ဗျားတို့အားလုံးက တစ်ယောက်ပြီးတစ်ယောက် စိန်ခေါ်ကြမယ်ဆိုရင် တော့...” ကျူးမင်လန်က စကားစလိုက်သည်။

“ဟွန့်... မင်းကို နှိမ်နင်းဖို့ဆိုရင် ငါတစ်ယောက်တည်းတင် လုံလောက်ရုံမက ပိုတောင် ပိုနေပါပြီ။ မင်းက ငါတို့ကို မင်းလို အရှက်မဲ့လူယုတ်မာလို့ ထင်နေတာလား” ချောမော သော သခင်လေး ယင်ယောင်ဝူက လီယွင်ဇီအပေါ် ရူးသွပ်စွဲလမ်းသူ ဤလူအုပ်စု၏ ကိုယ်စားလှယ်တစ်ဦး ဖြစ်ပေသည်။

တိုက်ပွဲတစ်ခု ဖြစ်ပွားလာခဲ့လျှင်... သူကိုယ်တိုင်က သဘာဝအတိုင်း ရှေ့ဆုံးကနေ ထွက်ပေါ်လာရမည် ဖြစ်သည်။

ပြီးတော့ ယင်ယောင်ဝူသည် သူ့ကို သေချာပေါက် ကရုဏာမဲ့စွာဖြင့်... အသေသတ်ခြင်းမျိုး မလုပ်ခဲ့လျှင်ပင်၊ သူ့ကို ဒုက္ခိတဖြစ်အောင် အရင်လုပ်ပြီးမှ ပြည်နှင်ဒဏ်ပေးကာ... စစ်မီးများနှင့် ဖရိုဖရဲဖြစ်နေသော အရပ်ဒေသတွင် သေဆုံးသွားအောင် ဖန်တီးပစ်မည် ဖြစ်သည်။

ဤသို့ လုပ်ဆောင်နိုင်မှသာလျှင်... သူ၏ရင်ထဲတွင် စူးဝင်နေသော ဆူးဒဏ်ရာကို အနည်း ငယ် သက်သာစေနိုင်မည် ဖြစ်သည်။ သို့မဟုတ်ပါက... စစ်နတ်သမီးနှင့် အကျဉ်းထောင် တစ်ခုတည်းတွင် အတူတူ ရှိနေခဲ့ဖူးသော ဤခွေးကောင်က အသက်ရှင်နေဆဲ ဖြစ်သည် ဟူသော အတွေးကပင် တကယ့်ကို ညှဉ်းပန်းနှိပ်စက်မှုတစ်ခု ဖြစ်နေလိမ့်မည်။

“ကျွန်တော် ဆိုလိုတာက အဲဒီသဘောမျိုး မဟုတ်ပါဘူး။ ကျွန်တော် ပြောချင်တာက... ခင်ဗျားတို့ဘက်က လူတွေအများကြီး ရှိနေတာမို့လို့၊ တစ်ယောက်ချင်းစီ အလှည့်ကျ လုပ်နေရင် အချိန်တွေ အများကြီး ကုန်လိမ့်မယ်... ကျေးဇူးပြုပြီး ပူးတွဲစိန်ခေါ်စာ တစ်စောင်ကို ရေးလိုက်ကြပါ၊ ဒီနေ့ ဒီနေရာမှာ ရောက်ရှိနေတဲ့ လူအားလုံး အဲဒီစာပေါ်မှာ လက်မှတ်ထိုးပြီးတော့... အားလုံး တစ်ပြိုင်တည်း အတူတူ တိုက်ခိုက်လိုက်ကြပါ” ကျူးမင်လန်က တည်ငြိမ်စွာ ပြောဆိုလိုက်သော်လည်း... သူမြွက်ဟလိုက်သည့် စကားလုံး တိုင်းတွင်မူ မောက်မာစော်ကားမှုများ အပြည့်အဝ လွှမ်းမိုးနေခဲ့သည်။

All Chapters