← Chapters

အခန်း (၅၇-၅၈)

Vol. 6 Ch. 57-58

အခန်း (၅၇-၅၈)

Vol. 6 Ch. 57-58

အခန်း (၅၇) သူမကို ဘယ်လိုလုပ် မေ့နိုင်မှာလဲ။

စာသင်ခန်းမကြီးအတွင်းရှိ ထိုမြင်ကွင်းကို လာရောက်ကြည့်ရှုကြသူများနှင့် ကျူးမင်လန် ၏ အဆောင်ဖော် အချို့အပါအဝင် လူတိုင်းမှာ... အံ့အားသင့်လွန်းသဖြင့် ပါးစပ်အဟောင်း သား ဖြစ်သွားခဲ့ကြရပြီး အတော်ကြာအောင် ပြန်မပိတ်နိုင်ဘဲ ရှိနေခဲ့ကြတော့သည်။

သူက လီယွင်ဇီအပေါ် ရူးသွပ်စွဲလမ်းသူများ အားလုံးကို တစ်ဦးတည်းနှင့် စိန်ခေါ်လိုက်ခြင်း ကပင် လေးစားဖွယ်ဖြစ်နေပြီ ဖြစ်သော်လည်း... တစ်ယောက်ချင်းစီ မဟုတ်ဘဲ တစ်အုပ်စု လုံးကို တစ်ပြိုင်နက် ရင်ဆိုင်ရန် စိန်ခေါ်လိုက်ခြင်း ဖြစ်ပေသည်။

အကယ်ဒမီအတွင်းရှိ စွမ်းအင်အပြည့်ဆုံးနှင့် တိုက်ခိုက်ရေးဝါသနာအိုး နဂါးထိန်းများပင် လျှင် ဤကဲ့သို့သော အရာမျိုးကို လုပ်ဝံ့ကြမည်မဟုတ်ပေ။

ကျူးမင်လန်၏ ဘေးပတ်ဝန်းကျင်တွင် အနည်းဆုံး လူနှစ်ဆယ်၊ သုံးဆယ်ခန့် ရှိနေပြီး... သူတို့အားလုံးမှာ ကျောင်းသားများ ဖြစ်ကြသော်လည်း၊ အားလုံးနီးပါးမှာ စစ်မှန်သော နဂါး များကို ပိုင်ဆိုင်ထားကြသည့် နဂါးထိန်းများ ဖြစ်ကြသည်။

အကယ်၍ တစ်ယောက်လျှင် နဂါးတစ်ကောင်စီ ဆင့်ခေါ်လိုက်မည်ဆိုပါက... ၎င်းမှာ နဂါး အကောင်နှစ်ဆယ်၊ သုံးဆယ် ဖြစ်လာပေလိမ့်မည်။

“မင်း... မင်း... မင်း ရူးသွားပြီလား” ဆံပင်ကို ထုံးထားသည့် အရပ်ရှည်ရှည် ပိန်ပိန်ပါးပါး ကျောင်းသားတစ်ဦးက အော်ဟစ်လိုက်သည်။

“ကျွန်တော် အရင်ကတည်းက ပြောပြီးသားပါ။ သူမရဲ့ တောက်ပလှတဲ့ ဂုဏ်သတင်းကို ကျွန်တော်တစ်ယောက်တည်းကပဲ ကာကွယ်စောက်ရှောက်သွားမှာပါ။ ခင်ဗျားတို့လို ဟန်ဆောင်ကောင်းပြီး ရယ်စရာကောင်းတဲ့ ‘စွဲလမ်းသူ’ အုပ်စုမျိုးကို မလိုအပ်ပါဘူး။ ပြီးတော့ ကျွန်တော်က သဝန်တိုတတ်တဲ့လူစားမျိုးမို့လို့... ကျွန်တော့်ချစ်ဇနီးကို ထောက်ခံအားပေးသူတွေအဖြစ် ဟန်ဆောင်နေကြတာကို လုံးဝ မကြိုက်ဘူး။ ပူးတွဲ စိန်ခေါ်စာပေါ်မှာ ခင်ဗျားတို့ရဲ့ နာမည်တွေကို အမြန်ဆုံး လက်မှတ်ထိုးလိုက်ကြပါ၊ ရှုံးသွား ရင်တော့... ဒီနေရာတင် ချက်ချင်း လူစုခွဲပြီး လစ်လိုက်ကြတော့” ကျူးမင်လန်က သူ၏ လေသံကို အနည်းငယ်မျှ တွန့်ဆုတ်ခြင်းမရှိဘဲ ကြေညာလိုက်သည်……၊ သူအနေဖြင့် ဤဦးနှောက်မရှိသော အသုံးမကျသူများကို စိတ်ကုန်နေခဲ့သည်မှာ ကြာပြီဖြစ်ပုံရသည်။

“မင်း... မင်း... မင်း” ထိုရူးသွပ်စွဲလမ်းသူများမှာ ဒေါသထွက်လွန်းသဖြင့် စကားပင် ထစ်အကုန်ကြတော့သည်။

“ကျွန်တော့်ချစ်ဇနီး ဒုက္ခရောက်နေပြီး ပြည်သူလူထုရဲ့ ဝေဖန်ပုတ်ခတ်မှုဒဏ်ကို ခံနေရ တုန်းကတော့... ခင်ဗျားတို့ထဲက တစ်ယောက်မှ ခွေးတစ်ကောင်လို ထွက်ပြီး မဟောင်ဝံ့ ကြဘူး။ အခု သူမက မြင့်မြတ်တဲ့ ရာထူးနေရာကို ပြန်ရလာတဲ့အခါကျမှ... ခင်ဗျားတို့က ထွက်လာပြီး ဧကရီဘုရင်မရဲ့ ဂုဏ်သတင်းကို ခင်ဗျားတို့ရဲ့ လျှာတွေနဲ့ ကာကွယ်ဖို့ ကြိုးစား နေကြတယ်။ ဟွန့်... ခင်ဗျားတို့အားလုံးက ကြက်မောက်လောက်ပဲ သတ္တိရှိတဲ့ လူညံ့တွေ ပါ။ ကျွန်တော်နဲ့ တိုက်ခိုက်ဖို့ လက်မှတ်ထိုးမလား၊ ဒါမှမဟုတ် ပါးစပ်ပိတ်ပြီး ကျွန်တော့် မျက်စိရှေ့ကနေ အမြန်ဆုံး ထွက်သွားမလား” ကျူးမင်လန်က ထပ်လောင်း ပြောဆိုလိုက် သည်။

ယုတ္တိကျကျပြောရလျှင် သူတို့နှင့် အကျိုးအကြောင်း ရှင်းပြနေဖို့ မလိုအပ်ပါချေ၊ သူတို့ နားလည်ကြမည် မဟုတ်သောကြောင့်ပင်။

“ဒါတင်မကသေးဘူး... တကယ်လို့ အခြားကျောင်းသားတွေထဲက ဘယ်သူမဆို ကျွန်တော် ကျူးမင်လန်ရဲ့ မျက်နှာကို ကြည့်မရတာ ဖြစ်ဖြစ်၊ ဒါမှမဟုတ် ကျွန်တော့်ချစ်ဇနီးကို စိတ်ကူးယဉ်ချင်တာဖြစ်ဖြစ်... အဲဒီလို လူမှုရေးရာ လုပ်ထုံးလုပ်နည်းတွေအတိုင်း လုပ်နေဖို့ မလိုပါဘူး။ စိန်ခေါ်စာပေါ်မှာပဲ နာမည်နဲ့တင်ပြီး လက်မှတ်ထိုးလိုက်ပါ၊ လူနှစ်ဆယ် ပြည့်တာနဲ့... အားလုံးကို တခါတည်း ကျွန်တော် ရှင်းလင်းပေးမယ်”

“မင်းကတော့ ကိုယ့်သေတွင်းကိုယ်တူးနေတာပဲ။ ငါ မင်းကို နောက်ထပ် ရက်အနည်းငယ် လောက် အသက်ရှင်ခွင့်ပေးမလို့ပါပဲ၊ ဒါပေမဲ့ အခုတော့ အဲဒီလို လုပ်ပေးဖို့ မလိုအပ်တော့ ဘူး ထင်တယ်” ချောမောသော သခင်လေး ယင်ယောင်ဝူ၏ မျက်ဝန်းများထဲတွင်မူ အတိုင်းထက်အလွန် ရက်စက်လှသော လူသတ်လိုစိတ်များ ပြည့်နှက်နေခဲ့ပြီ ဖြစ်သည်။

ဝူထူနယ်မြေက အောက်ခြေလူတန်းစားတစ်ယောက် သေဆုံးသွားခြင်းမှာ မည်သူမျှ ဂရုစိုက်မည့် အရာမဟုတ်ချေ။

ပြီးတော့ ယင်ယောင်ဝူအတွက်မူ... လပေါင်းများစွာကြာအောင် လူပြောများနေခဲ့သည့် ဤရွံရှာဖွယ် လေလွင့်သူငယ်ကို သတ်ဖြတ်ပစ်ခြင်းမှာ ဘိုးဘေးနဂါး မြို့တော်၏ ပြည်သူ လူထုအတွက် သေချာပေါက် ကျေနပ်စရာကောင်းသော အပြုအမူတစ်ခု ဖြစ်ပေလိမ့်မည်။

“သွား... စိန်ခေါ်စာကို သွားပြီး မူကြမ်းရေးလိုက်။ ကျွန်တော့်အတွက် မိတ္တူအပိုအချို့ပါ ကူးခဲ့ဦးနော်၊ ဘိုးဘေးနဂါး မြို့တော်တစ်ခုလုံးမှာ ခင်ဗျားတို့လို လူစားမျိုးတွေ အများကြီး ရှိနေဦးမှာပဲ၊ ကျွန်တော်ကတော့ အားလုံးကို အလဲထိုးပစ်ဖို့ အသင့်ပဲ” ကျူးမင်လန်က ဆိုသည်။

အကယ်ဒမီသည် ကျောင်းသားများအချင်းချင်း စိန်ခေါ်စာများဖြင့် စိန်ခေါ်တိုက်ခိုက်ခြင်းကို ခွင့်ပြုထားသည်။

စိန်ခေါ်မှုကို အကယ်ဒမီထံသို့ တင်ပြရမည် ဖြစ်ပြီး... မလိုအပ်သော မတော်တဆမှုများ မဖြစ်ပွားစေရန်အတွက် ပုံမှန်အားဖြင့် ကြီးကြပ်ကွပ်ကဲရန် ဆရာတစ်ဦးကို တာဝန် ပေးအပ်လေ့ရှိသည်။

ယင်ယောင်ဝူ၏ ဧကရီဘုရင်မ အားပေးထောက်ခံသူများအုပ်စုကို မောင်းထုတ်ပြီး နောက်... ကျူးမင်လန်သည် စာသင်ခန်းမကြီးအတွင်း၌ သက်တောင့်သက်သာ ပြန်လည် ထိုင်လိုက်ကာ သူ၏ အရေးကြီးလှသော လစဉ်ပုံမှန်သင်ခန်းစာကို ဆက်လက်သင်ယူခဲ့ သည်။

ဤသင်ခန်းစာမှာ လီချွမ်းတောအုပ်အတွင်းရှိ 'တောအုပ်ဧရာမနဂါး' များအကြောင်း ဖြစ်ပြီး... ကျူးမင်လန်အနေဖြင့် သူ ကယ်တင်ထားခဲ့သော နဂါးပေါက်စလေးမှာ မည်သည့် နဂါးအမျိုးအစား ဖြစ်သည်ကို သေချာမသိသေးသဖြင့် ဤသင်ခန်းစာကို အလွတ်မခံလို ခြင်း ဖြစ်သည်။

၎င်း၏ ခန္ဓာကိုယ်မှာ တဖြည်းဖြည်း ချောမောကျန်းမာလာသည်နှင့်အမျှ... ရိုးရာပုံစံ ဧရာမ နဂါးများနှင့်မူ အတော်လေး ကွဲပြားခြားနားနေခဲ့သည်၊ အနည်းဆုံးတော့ ၎င်း၏ အရေပြား မှာ သာမန်နဂါးများ၏ အရေပြားနှင့်မတူဘဲ... အဖြူရောင် သက္ကလတ်ပင်၏ ချောမွေ့လှ သော သစ်ခေါက်နှင့် ပိုမိုတူနေခဲ့သည်။

စိန်ခေါ်စာများကို ရေးဆွဲပြီးနောက်... သူတို့သည် 'နဂါးတိုက်ပွဲကွင်းပြင်' တစ်ခုကို ရွေးချယ်ရပေမည်။

ဤကျွန်းငယ်နှင့် သဲသောင်ခုံပေါ်တွင် တည်ရှိနေသော်လည်း... နဂါးထိန်း အကယ်ဒမီသည် ဖီးနစ်တာရိုးမြို့နှင့် လီချွမ်းရေတံခွန်တို့၏ အနီးနားရှိ ကျယ်ပြန့်လှသော မြေနေရာများဖြင့် ဝန်းရံထားခဲ့ပြီး၊ ၎င်းတွင် ကျယ်ပြောလှသော သစ်သီးခြံများ၊ ဆေးဖက်ဝင်အပင်ဥယျာဉ် များ၊ စားကျက်မြေများနှင့် နဂါးတိုက်ပွဲကွင်းပြင်များ ပါဝင်သည်။

ကျူးမင်လန် စာသင်ခန်းမကြီးထဲမှ ထွက်လာသည်နှင့်... စိန်ခေါ်စာမှာ သူ၏ လက်ထဲသို့ ချက်ချင်း ရောက်ရှိလာခဲ့တော့သည်။ သူတို့ ရွေးချယ်ထားသော နေရာမှာ 'မြစ်တိုက်ပွဲ ကွင်းပြင်' ဖြစ်ပြီး၊ ထိုနေရာမှာ ကျူးမင်လန် တစ်ခါမျှ မရောက်ဖူးသေးသော နေရာတစ်ခု ဖြစ်ပေသည်။

ချိန်းဆိုထားသည့်အချိန်မှာ မွန်းလွဲပိုင်းဖြစ်သဖြင့်... ကျူးမင်လန်သည် အလျင်စလို မလုပ် ဘဲ သက်တောင့်သက်သာပင် ရှိနေခဲ့သည်။ အရသာရှိလှသော နေ့လယ်စာကို မြိန်ရေယှက် ရေ သုံးဆောင်ပြီးနောက်... သူသည် လီချွမ်းလွင်ပြင်၏ မြစ်ညာဘက်အရပ်ဆီသို့ အေးအေး လူလူ လမ်းလျှောက်ထွက်လာခဲ့တော့သည်။

မိုးမခတောအုပ်လေးတစ်ခုကို ဖြတ်သန်းသွားသည့်အခါ... ဆောင်းရာသီ ဖြစ်သဖြင့် ၎င်းတို့ ၏ ခြောက်သွေ့နေသော သစ်ကိုင်းများမှာ အထီးကျန်စွာ မတ်မတ်တည်နေကြသော် လည်း၊ ဆီးနှင်းများ ဖုံးလွှမ်းနေသော မြက်ခင်းပြင်ပေါ်တွင်မူ ဆောင်းဦးပန်းအချို့ ပွင့်ထွက် နေကြပြီး... မှုန်မှိုင်းနေသော မိုးမခတောအုပ်လေးအား အရောင်အသွေးအချို့ ဖြည့်ဆည်း ပေးထားခဲ့သည်။

မွန်းလွဲပိုင်း ရောက်သည့်တိုင်အောင်... အုံ့မှိုင်းနေသော မိုးကောင်းကင်တွင် နေရောင်ခြည် အနည်းငယ်မျှသာ ရှိနေသော်လည်း၊ ထူထပ်လှသော ဆောင်းရာသီ တိမ်တိုက်များက အထပ်ထပ် ကာဆီးထားခဲ့သည်။ ထိုတိမ်တိုက်များသည် ငွေမှင်ရောင် အဆင်းဖြင့် တောက်ပနေကြသော်လည်း... အောက်ခြေရှိ ကျယ်ပြန့်လှသော မြစ်ရေပြင်ကြီးဆီသို့မူ လုံလောက်သော အလင်းရောင်ကို မပေးစွမ်းနိုင်ခဲ့ကြပေ။

သူ မိုးမခတောအုပ်လေးကို ဖြတ်သန်းတော့မည့် အချိန်မှာပင်... နုနယ်လှသော ပုခုံးထက် တွင် စက္ကူထီးလေးတစ်စုံကို တင်ထားသည့် အမျိုးသမီးတစ်ဦးသည် ကျူးမင်လန်၏ အမြင် အာရုံထဲသို့ ပေါ်ထွက်လာခဲ့သည်။ သူမ၏ ခန္ဓာကိုယ်အချိုးအစားမှာ သွယ်လျပြီး ကျော့ရှင်း လှကာ... ဝတ်စားဆင်ယင်မှုမှာလည်း သပ်ရပ်ကျနလှသဖြင့်၊ ပန်းချီကားတစ်ချပ်ထဲမှ ထွက်ပေါ်လာသည့် အလှပန်းတစ်ပွင့်ကဲ့သို့ ဆွဲဆောင်မှုအပြည့် ရှိနေခဲ့သည်။

ကျူးမင်လန်သည် ထိုအမျိုးသမီး၏ ဘေးမှ ဖြည်းညှင်းစွာ ဖြတ်လျှောက်သွားခဲ့သည်၊ သူမ၏ ဘေးတိုက်ရုပ်သွင်မှာ တကယ့်ကို အပြစ်ပြောစရာမရှိအောင် လှပလွန်းလှသော် လည်း... သူက မမြင်ချင်ယောင်ဆောင်ထားလိုက်သည်။

လီယွင်ဇီသည် ပုံမှန်အားဖြင့် ဤကဲ့သို့ ကဗျာဆန်ပြီး ပန်းချီဆန်လှသော ပုံစံမျိုးကို ဝတ်ဆင်လေ့မရှိပါချေ... အကယ်၍ သူမသာ ဤကဲ့သို့ ဝတ်ဆင်လိုက်မည်ဆိုပါက သေချာ ပေါက် ရင်သပ်ရှုမောဖွယ် ကောင်းလောက်အောင် လှပနေပေလိမ့်မည်။

“ပထမဆုံးအကြိမ် ဆုံတွေ့ရုံနဲ့တင်... ငါတို့ရဲ့ စိတ်နှလုံးသားတွေက ထပ်တူကျနေခဲ့တာ လား” ထိုအမျိုးသမီးက ရုတ်တရက် စကားဆိုလိုက်သည်၊ သူမလေသံမှာ နူးညံ့လှသော် လည်း မြင့်မြတ်သော အရှိန်အဝါမျိုး ကိန်းဝပ်နေခဲ့သည်။

ကျူးမင်လန်က အံ့အားသင့်သွားသည့်ပုံစံ ဖန်တီးလိုက်ရင်း... နှိမ့်ချသော လူကြီးလူကောင်း တစ်ဦးကဲ့သို့ ယဉ်ကျေးပျူငှာစွာ ဦးညွှတ်နှုတ်ဆက်လိုက်၏၊ “သခင်မလေး နန်လင်းရှာ...”

“ငါက နန်လင်းရှာပါလို့ ပြောခဲ့လို့လား” ထိုအမျိုးသမီးက ဖြည်းညှင်းစွာ လှည့်ကြည့်လိုက် သည်၊ သူမ၏ နှုတ်ခမ်းဖျားတွင်မူ ပင်ကိုယ်ဆွဲဆောင်မှုအပြည့် ရှိပြီး လှပလွန်းသည့် အပြုံး တစ်ပွင့် စွန်းထင်နေခဲ့သည်။

“တကယ့်ကို တိုက်ဆိုင်တာပဲနော်၊ သခင်မလေးနန်က ဒီလို ဆောင်းရာသီကြီးမှာ အပြင် ထွက်လာတာကိုး။ ကျွန်တော့်မှာ လုပ်ဆောင်ရမယ့် အခြားကိစ္စတွေ ရှိနေသေးလို့... အခုပဲ ခွင့်ပြုပါဦးခင်ဗျာ” ကျူးမင်လန်က မကြားချင်ယောင်ဆောင်လိုက်ရင်း သူ၏ ခြေလှမ်းများ ကို အရှိန်မြှင့်လိုက်တော့သည်။

“အဲဒီမှာတင် ရပ်လိုက်စမ်း” ထိုအမျိုးသမီးက ဆိုသည်။

“အို... ဒုက္ခပါပဲ သခင်မလေး နန်လင်းရှာရယ်၊ ကျွန်တော်တို့က သိပ်ပြီး ရင်းနှီးကြတာလည်း မဟုတ်ဘူးလေ။ ပြီးတော့ ဒီလို အထီးကျန်လှတဲ့ နေရာမျိုးမှာ အမျိုးသားတစ်ယောက်နဲ့ အမျိုးသမီးတစ်ယောက် အတူတူ ရှိနေတာက အမြင်မတော်ပါဘူးဗျာ။ ကျွန်တော် ကျူးမင်လန်က အခုတင်ပဲ အရှုပ်အရှင်း ကောလာဟလတွေနဲ့ ပတ်သက်နေရတာ အလွန် များပြားနေပါပြီ” ကျူးမင်လန်က အလောတကြီး ပြောလိုက်သည်။

ပြေးမှဖြစ်မယ်။

ကျူးမင်လန်က သူ၏ ခြေလှမ်းများကို ပိုမိုသွက်လက်စွာ လှမ်းလိုက်သည်။

အကယ်၍ လီယွင်ဇီသည် သူမ အကယ်ဒမီသို့ လာရောက်လိမ့်မည် မဟုတ်ကြောင်း အသေ အချာ မပြောကြားခဲ့ပါက... ဤလူမှာ သေချာပေါက် 'နန်လင်းရှာ' သာ ဖြစ်ရပေမည်။

သူမသည် စာသင်ခန်းမကြီးအတွင်း၌ သူပြောခဲ့သော စကားလုံးများကို ကြားသိသွားခဲ့ပုံရ သည်၊ ထိုစကားလုံးများမှာ စာကြည့်တိုက်အတွင်း၌ သူမအား သူပြောပြခဲ့သော စကားများ နှင့် သိသိသာသာ ကွဲပြားခြားနားနေခဲ့သည် မဟုတ်ပါလော။

“လီယွင်ဇီက မင်းကို ဘာတွေ ပြောခဲ့လို့လဲ” ထိုအမျိုးသမီးက အေးစက်စွာ မေးမြန်း လိုက်လေတော့သည်။

ကျူးမင်လန်က ဘာမှ ပြန်မဖြေခဲ့ပါချေ။

“သူမက မင်းကို ငါနဲ့ပတ်သက်လို့ သတိထားဖို့ မှာထားလို့လား” ထိုအမျိုးသမီးက နောက်တစ်ကြိမ် ထပ်မံမေးမြန်းလိုက်သည်။

“မဟုတ်ပါဘူးဗျာ... ဒါပေမဲ့ စဉ်းစားကြည့်ပေါ့ သခင်မလေးရယ်။ လူအများစုက သခင်မလေးနဲ့ သခင်မလေးရဲ့ အစ်မကို သဲသဲကွဲကွဲ မခွဲခြားနိုင်ကြဘူးလေ။ ဒီလမ်းကနေ ဖြတ်သန်းသွားလာနေကြတဲ့လူတွေလည်း နည်းမှမနည်းတာ။ တကယ်လို့ သူတို့သာ သခင်မလေးနဲ့ ကျွန်တော် ဒီမှာ စကားပြောနေတာကို မြင်သွားရင် ဘယ်လို နားလည်မှုမျိုး တွေ ထပ်လွဲဦးမလဲ မပြောနိုင်ဘူးလေ။ အခြေအနေတွေက အခုတင်ပဲ တော်တော်လေး ရှုပ်ထွေးနေပါပြီ၊ ကျွန်တော့်အမြင်ကတော့ ပြဿနာတွေကို ရှောင်ရှားနိုင်ရင် အကောင်း ဆုံးပါပဲ” ကျူးမင်လန်က ရှင်းပြလိုက်သည်။

“အဲဒါဖြစ်ရင် ပိုတောင် မကောင်းဘူးလား” ထိုအမျိုးသမီးက ရယ်မောလိုက်သည်။

“ဘာဖြစ်လို့ ပိုကောင်းရမှာလဲဗျာ”

“ငါတို့နှစ်ယောက်က အပြန်အလှန် စိတ်ချင်းဆက်နွှယ်ပြီး မေတ္တာမျှနေကြတာပါလို့ လူတိုင်းကို ပြောခဲ့တာ မင်းကိုယ်တိုင်ပဲလေ။ ဒါကြောင့် အခု ငါက မင်းရဲ့ အခြေအနေကို စိတ်ပူလို့ ဒီနေရာမှာ ပေါ်လာတယ်ဆိုရင်... အဲဒါက ကမ္ဘာပေါ်မှာ သဘာဝကျဆုံး စကား တစ်ခွန်း ဖြစ်မနေဘူးလား” ထိုအမျိုးသမီး၏ အပြုံးမှာ ပိုမို၍ တောက်ပလင်းလက် လာခဲ့သည်။

“သခင်မလေး... ကျွန်တော်နဲ့ သခင်မလေးနဲ့က ဘာပတ်သက်မှုမှ မရှိပါဘူးနော်” ကျူးမင်လန်က အသံကျယ်ကျယ်ဖြင့် အော်ဟစ်လိုက်သည်။

“တခြားလူတွေကတော့ အဲဒီလို မြင်ကြမှာ မဟုတ်ဘူးလေ။ တစ်နေ့လုံး မျက်နှာဖုံးပုဝါကြီး အုပ်ထားရတာ ငါလည်း ပျင်းလှပြီ။ လတ်ဆတ်တဲ့ လေထုကို ရှူရှိုက်ရတာ တကယ့်ကို ကောင်းပါတယ်။ လာစမ်းပါ သခင်လေးကျူးရယ်... မင်းတို့ ယောက်ျားတွေရဲ့ တိုက်ပွဲ ကွင်းပြင်ဆီကို ငါကိုယ်တိုင် လိုက်ပါပို့ဆောင်ပေးပါရစေ” ထိုအမျိုးသမီးက ပြောရင်း သူမ လက်ကလေးကို ဆန့်ထုတ်ကာ... နုနယ်လှသော မိုးမခသစ်ခက်သဖွယ် ဆံနွယ်ရှည်များကို ကျော့ရှင်းစွာဖြင့် အပေါ်သို့ သိမ်းတင် စည်းနှောင်လိုက်တော့သည်။

ဤအပြုအမူက ကျူးမင်လန်အား မှင်တက်အံ့အားသင့်သွားစေခဲ့ရသည်။

သူမက လီယွင်ဇီအဖြစ် ဟန်ဆောင်ဖို့ ရည်ရွယ်နေတာပဲ….

အမှန်စင်စစ်... သူမအနေဖြင့် ဆံပင်များကို အပေါ်သို့ သိမ်းတင်လိုက်သည်နှင့် ရုပ်ရည် သွင်ပြင်ချင်း တူနေရုံမျှမက၊ သူမ၏ အငွေ့အသက်မှာလည်း လီယွင်ဇီနှင့် တစ်ထပ်တည်း ကျသွားခဲ့တော့သည်။

အလားတူပင် တောက်ပနေသည့် မျက်ဝန်းအစုံနှင့် ရင်သပ်ရှုမောဖွယ် အလှတရား... ကျူးမင်လန်မှာ မသိစိတ်ဖြင့် နောက်သို့ ခြေလှမ်းအနည်းငယ် အလိုလို ဆုတ်မိသွားခဲ့ရ သည်၊ အကယ်၍ သူသာ နောက်ထပ် အနည်းငယ်မျှ ဆက်ပြီး စိုက်ကြည့်နေမိပါက သူမတို့ နှစ်ဦးကြားက ကွဲပြားခြားနားမှုကို လုံးဝ ခွဲခြားနိုင်တော့မည် မဟုတ်ကြောင်းကို စိုးရိမ်မိ သွားခဲ့သည်။

အခန်း (၅၈) မင်းနဲ့အတူ လိုကစားပေးပါ့မယ်။

“သခင်မလေးလင်းရှာ... သခင်မလေး စိတ်ထဲမှာ ဘာတွေ ကြံစည်နေတာလဲဗျာ” ကျူးမင်လန်မှာ ငိုအားထက်ရယ်အားသန် ဖြစ်သွားရပြီး မမေးဘဲ မနေနိုင်ခဲ့ပါချေ။

နန်လင်းရှာသည်လည်း ဤအကယ်ဒမီတွင် ရှိနေသည်ဆိုသောအချက်ကို သူ မည်သို့ မေ့လျော့သွားရသနည်း။ ဤကိစ္စရပ်က ဧကရီလီယွင်ဇီထံသို့ ရောက်ရှိသွားခြင်း ရှိ၊ မရှိ မသေချာနိုင်သော်လည်း... နန်လင်းရှာကတော့ သေချာပေါက် ကြားသိသွားမည်သာ ဖြစ်သည်။

အခု သူ ဘာဆက်လုပ်ရပါ့မလဲ။

“မင်း ဘာတွေတွေးနေလဲ ငါမသိဘူးလို့ ထင်နေတာလား။ မင်းက အခု ပျံ့နှံ့နေတဲ့ အဲဒီ စက်ဆုပ်ရွံရှာဖွယ် ကောလာဟလတွေကို ရပ်တန့်ပစ်ချင်ရုံတင်မကဘဲ... လီယွင်ဇီ အရင် က ခံစားခဲ့ရတဲ့ အရှက်ရမှုတွေကိုပါ ဆေးကြောပေးချင်နေတာမလား...” ထိုအမျိုးသမီးက ဆိုသည်။

“သခင်မလေးက ကျွန်တော့်ကို နားလည်သားပဲ။ ဘိုးဘေးနဂါးမြို့တော်ရဲ့ ဧရာမ အရေး ကိစ္စတွေနဲ့ ယှဉ်ရင်... ဒီလိုပုဂ္ဂိုလ်ရေးရာ အရှုပ်အရှင်းတွေက ဘာမှ မဟုတ်ပါဘူးဗျာ။ ကျွန်တော်ကတော့ နည်းနည်းပါးပါး အနစ်နာခံပေးလိုက်ရုံပါပဲ” ကျူးမင်လန်က ပြောလိုက်သည်။

“ဒါပေမဲ့ မင်းတစ်ယောက်တည်းနဲ့ ဒီအခြေအနေကို ဘယ်လိုလုပ်ပြီး ချောချောမွေ့မွေ့ ဖြေရှင်းနိုင်မှာလဲ။ အလွန်တရာ မာနကြီးလွန်းတဲ့ လီယွင်ဇီက... မင်းရဲ့ ဒီလို ဟန်ဆောင် ကပြမှုထဲမှာ ပူးပေါင်းပါဝင်လာဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူးလေ” ထိုအမျိုးသမီးက ဆက်ပြောသည်။

“သခင်မလေးရယ်... ကျွန်တော်တစ်ယောက်တည်း တိုက်ရိုက်စီစဉ်ပြီး တစ်ယောက်တည်း သရုပ်ဆောင်လို့ ရပါတယ်ဗျာ၊ သခင်မလေးကပါ ပါဝင်ကူညီပေးဖို့အထိ ဒုက္ခမခံပါနဲ့” ကျူးမင်လန်က အလောတကြီး ငြင်းဆန်လိုက်သည်။

“ဒါက စိတ်ကူးကောင်းတစ်ခုပဲ ဥစ္စာ။ ဒီလိုနည်းနဲ့ဆိုရင် ငါလည်း အမြဲတမ်း အဲဒီလို အရှက် တရားမျိုးကို သယ်ပိုးထားစရာ မလိုတော့ဘူးပေါ့။ ငါ့နာမည်ဆိုးကို ရှင်းလင်းနိုင်ခဲ့ရင် ဒါက မကောင်းဘူးလား” ထိုအမျိုးသမီး၏ မျက်ဝန်းအစုံမှာ ဆောင်းဦးရာသီ ရေပြင်ကဲ့သို့ တောက်ပလင်းလက်နေခဲ့ပြီး၊ သူမ ကျူးမင်လန်ကို ကြည့်လိုက်သည့်အခါမှာလည်း... မေတ္တာမိုးရေစက်အချို့ စွန်းထင်နေသည့် အရိပ်အယောင်မျိုးကို ဖော်ပြရန် ကြိုးစားနေခဲ့ သည်။

သူမသည် စောစောက ရှိနေခဲ့သော ပေါ့ပေါ့ပါးပါး အမူအရာမျိုးကို ထိန်းချုပ်လိုက်ပြီး... သူမ၏ လှုပ်ရှားမှုနှင့် အမူအရာတိုင်းမှာလည်း သေချာစွာ တွက်ချက်ထားသည့်ပုံစံ ဖြစ်သွား ခဲ့သည်။ ထိုအမျိုးသမီးက ကျူးမင်လန်၏ ရှေ့သို့ ခြေလှမ်းအနည်းငယ် တိုးလှမ်းလိုက်၏။ လီယွင်ဇီ၏ အေးစက်ပြီး မည်သူမျှ အလွယ်တကူ မချဉ်းကပ်ဝံ့သည့် အရှိန်အဝါမျိုးကို သူမက ရုတ်တရက် ပိုင်ပိုင်နိုင်နိုင် ဖော်ဆောင်လိုက်ရာ... သူမကိုယ်တိုင်ကပင် အနှိုင်းမဲ့ ထူးခြားလှသည့် လီယွင်ဇီ အစစ်အမှန် ဖြစ်နေသည့်အလားပင်။

“မင်လန်... မင်း အခုမြင်နေရတဲ့ ငါ့ကို ယွင်ဇီလို့ မြင်လား၊ ဒါမှမဟုတ် လင်းရှာလို့ မြင်လား” သူမလေသံမှာ နူးညံ့သော်လည်း အေးစက်စက် အငွေ့အသက်အချို့ စွက်ဖက်နေခဲ့သည်၊ ၎င်းမှာ ဧကရီဘုရင်မလီယွင်ဇီ စကားပြောဆိုသည့် ပုံစံနှင့် တစ်ထပ်တည်းပင် ဖြစ်သည်။

“သခင်မလေး...” ကျူးမင်လန်က တံတွေးကို အနိုင်နိုင် မျိုချလိုက်ရ၏။

သူ၏ သရုပ်ဆောင်စွမ်းရည်မှာ ကမ္ဘာပေါ်တွင် မည်သူမျှ လိုက်မမီနိုင်လောက်အောင် ကောင်းမွန်လှသည်ဟု သူ့ကိုယ်သူ ထင်မှတ်ထားခဲ့သော်လည်း... နန်လင်းရှာ၏ ဟန်ပန် နှင့် အမူအရာ ပြောင်းလဲသွားပုံကို မြင်လိုက်ရသည့်အခါတွင်မူ.......

“ငါ မင်းကို 'ပထမဆုံးအကြိမ် ဆုံတွေ့ရုံနဲ့တင် စိတ်ချင်းဆက်နွှယ်ပြီး မေတ္တာမျှသွားကြ တယ်' ဆိုတဲ့ စိတ်ကူးထဲက ဇာတ်ကွက်ကို လိုက်ပါပြီး ကပြပေးပါ့မယ်” ထိုအမျိုးသမီးက သာယာသော အပြုံးလေးဖြင့် ပြောလိုက်ရင်း၊ လီယွင်ဇီ၏ အမူအရာနှင့် ပိုမိုကိုက်ညီသွား စေရန်အတွက် စောစောက ရှိနေခဲ့သော စိတ်ကောက်လိုသည့် အမူအရာလေးကို သိမ်းဆည်းလိုက်တော့သည်။

အကယ်၍ သူမသာ အစကတည်းက ဤကဲ့သို့သော ပုံစံမျိုးဖြင့် စကားပြောခဲ့မည်ဆိုပါက... ကျူးမင်လန်အနေဖြင့် သူမတို့နှစ်ဦးကြား ကွဲပြားခြားနားမှုကို လုံးဝ ခွဲခြားနိုင်မည် မဟုတ်ပေ။

ဒါက တကယ့်ကို မယုံနိုင်စရာပဲ…..

ဤညီမဖြစ်သူက သူမအစ်မဖြစ်သူနှင့် အပြစ်ပြောစရာ မရှိသည်အထိ တစ်ထပ်တည်း တူအောင် တုပနိုင်ခဲ့သည်။

“အဟမ်း... သခင်မလေးလင်းရှာ...” ကျူးမင်လန်မှာ စတင်ပြီး ထိန်းချုပ်ရ ခက်ခဲလာခဲ့ပြီ ဖြစ်သည်။

“ငါက နန်လင်းရှာပါလို့ မင်းကို ဘယ်သူပြောလဲ” ထိုအမျိုးသမီး၏ မျက်ခုံးတန်းလေးများ ကမူ ခပ်နောက်နောက်ပုံစံ မာန်မာနထောင်လွှားမှုအချို့ကို ဖော်ပြနေခဲ့သည်။

ကျူးမင်လန်မှာ သူ့ဦးခေါင်းတစ်ခုလုံး ပေါက်ကွဲတော့မတတ် ခံစားလိုက်ရ၏။

ဒီဇာတ်လမ်းကို သူ ဘယ်လိုမျိုး အဆုံးသတ်ရပါ့မလဲ။

သူမက ဇာတ်ကောင်နေရာကို လုံးဝ စီးမျောဝင်ရောက်သွားပြီ။

သူ့ဇနီးအစစ်အမှန်ကို သူ ဘယ်လို ရှင်းပြရမလဲ... ဧကရီလီယွင်ဇီကိုကော သူ ဘယ်လိုမျိုး သွားပြီး ရှင်းပြရပါ့မလဲ…..

“ကျူးမင်လန်... မင်း ဘာဖြစ်လို့ ဒီနေရာမှာ ရှိနေသေးတာလဲ” ထိုအချိန်မှာပင်... မိုးမခ တောလမ်း၏ နောက်ကွယ်ဆီမှ အသံတစ်သံ ထွက်ပေါ်လာခဲ့သည်။

ကျူးမင်လန်မှာ ထိတ်လန့်လွန်းသဖြင့် မျက်နှာတစ်ခုလုံး ဖြူလျော်သွားခဲ့ရသည်။ သူက ပုန်းကွယ်ရန် ကြိုးစားလိုက်စဉ်မှာပင်... သူ့ဘေးနားရှိ “နန်လင်းရှာ” က ထီးလေးဖြင့် ကာဆီးလိုက်ရင်း သူ့ကို စူးစိုက်စွာ ကြည့်လိုက်၏။

“တကယ်လို့ မင်းသာ ငါ့ကို ဖော်ကောင်လုပ်ဝံ့ရင်... ငါလည်း လီယွင်ဇီအနေနဲ့ မင်းကို ပြန်ပြီး ဖော်ကောင်လုပ်ပစ်မှာနော်” ထိုအမျိုးသမီးက အေးစက်စွာ ဆိုသည်။

လီယွင်ဇီက သူ့ကို နန်လင်းရှာအပေါ် သတိထားရန် သတိပေးခဲ့သည့် အကြောင်းရင်းကို ကျူးမင်လန် စတင်နားလည်သွားခဲ့ရပြီ။ ဤအမျိုးသမီးသည် လုံးဝ ခန့်မှန်းရခက်လှပြီး ကြီးမားသော ပြဿနာများကို ဖန်တီးရန်အတွက်လည်း အနည်းငယ်မျှ တွန့်ဆုတ်နေမည့် သူ မဟုတ်ချေ။

ရောက်ရှိလာသူများမှာ အသိမိတ်ဆွေ နှစ်ဦးဖြစ်ကြသည်။

နန်ရီနှင့် လီရှောင်ယင်တို့ပင်... သူတို့သည် မိုးမခပင်အောက်တွင် ရပ်နေသည့် ကျူးမင်လန် ကို မြင်တွေ့သွားကြခြင်း ဖြစ်သည်။

သူတို့ ခြေလှမ်းအနည်းငယ် ထပ်မံ တိုးလှမ်းလာသည့်အခါမှသာ... မိုးမခပင်များ၏ ကွယ်ရာတွင် တစ်ဝက်တစ်ပျက် ဖုံးကွယ်နေသည့် ကျော့ရှင်းလှပသော ခန္ဓာကိုယ် အချိုးအစားကို နန်ရီနှင့် လီရှောက်ယင်တို့က မြင်တွေ့သွားခြင်းဖြစ်သည်။

“အစ်မလင်းရှာ” နန်ရီ၏ မျက်နှာတွင် ကျူးမင်လန်၏ ဘေးနားရှိ အမျိုးသမီးကို ကြည့်ရင်း အံ့အားသင့်သွားသည့် အရိပ်အယောင်များ ပေါ်ထွက်လာခဲ့သည်။

နန်လင်းရှာသည် နန်မိသားစုအတွင်း၌ အလွန်မြင့်မားသော ရာထူးအဆင့်အတန်းကို ပိုင်ဆိုင်ထားကြောင်း ထင်ရှားလှပေသည်၊ သူမကို မြင်လိုက်သည်နှင့် ပုံမှန်အားဖြင့် အလွန် မာနထောင်လွှားတတ်သော နန်ရီသည်ပင်လျှင် ရိုရိုသေသေဖြင့် ဂါရဝပြု နှုတ်ဆက်လိုက် တော့သည်။

သို့သော်လည်း လီရှောင်ရင်ကမူ... မျက်တောင်မခတ်တမ်း မှင်တက်စွာ စိုက်ကြည့်နေခဲ့ သည်။

ကျူးမင်လန်၏ ဘေးနားရှိ အမျိုးသမီးမှာ ပန်းချီကားများထဲတွင် ဖော်ပြထားသည့် လီယွင်ဇီနှင့် တစ်ထပ်တည်း တူညီနေပြီး စကားလုံးများဖြင့် ဖော်ပြရန်ပင် ခက်ခဲလောက် အောင် လှပလွန်းနေခဲ့သောကြောင့် ဖြစ်သည်။

လီရှောင်ရင်သည် ကျူးမင်လန်က ဇာတ်လမ်းဆင်ပြီး လိမ်ညာနေခဲ့သည်ဟု ထင်မှတ်ထား ခဲ့သော်လည်း... သူနှင့် လီယွင်ဇီကြားတွင် တကယ်ပဲ ပတ်သက်မှုတစ်ခု ရှိနေလိမ့်မည်ဟု မည်သူကရော သိထားပါမည်နည်း...

“ငါက ယွင်ဇီပါ နန်ရီ” ထိုအမျိုးသမီးက တည်ငြိမ်စွာ ဆိုလိုက်သည်။

“အော်... အော်... ကျွန်တော့်ကို ခွင့်လွှတ်ပါ။ ဧကရီယွင်ဇီက နဂါးထိန်းအကယ်ဒမီဆီကို ဘာကိစ္စကြောင့် ကြွရောက်လာရတာလဲခင်ဗျာ...” နန်ရီက ကျူးမင်လန်ကို လှမ်းကြည့် လိုက်စဉ်... သူ့မျက်ဝန်းများထဲတွင်လည်း အံ့အားသင့်မှု အရိပ်ယောင်များ ဖြတ်ပြေးသွားခဲ့ ရသည်။

အံ့အားသင့်သွားခဲ့သော်လည်း... သူမသည် လီယွင်ဇီ ဖြစ်ကြောင်း သိလိုက်ရသည့်အတွက် နန်ရီက ပေါ့ဆစွာ မပြုမူဝံ့တော့ဘဲ သူမအား နောက်တစ်ကြိမ် ထပ်မံ၍ ရိုသေသေ ဦးညွှတ် လိုက်ပြန်သည်။

ကျူးမင်လန်သည် နန်ရီ၏ တုံ့ပြန်မှုကို တကယ့်ကို ထူးဆန်းအံ့ဩဖွယ်ရာအဖြစ် မြင်တွေ့ လိုက်ရသည်။

နန်ရီ... အို….. နန်ရီ၊ မင်းက ဝက်တစ်ကောင်လားကွာ။ မင်းက ကိုယ့်ရဲ့ အစ်မအရင်း ခေါက်ခေါက်ကိုတောင် သေသေချာချာ မမှတ်မိဘူးလား….

“မင်းတို့နှစ်ယောက် အရင်သွားနှင့်ကြပါ။ ငါ ကျူးမင်လန်နဲ့ စကားပြောစရာ နည်းနည်း ရှိသေးတယ်” ထိုအမျိုးသမီးက သူမ၏ အေးစက်ပြီး ခပ်စိမ်းစိမ်း အမူအရာမျိုးကို ဆက်လက် ထိန်းသိမ်းထားခဲ့သည်။

“ဟုတ်ကဲ့ပါ... ဟုတ်ကဲ့ပါ” နန်ရီက ရိုရိုသေသေဖြင့် ထပ်မံဦးညွှတ်လိုက်သည်။

မှင်တက်နေဆဲဖြစ်သော လီရှောင်ရင်ကို ဆွဲခေါ်ရင်း... နန်ရီသည် အလောတကြီးပင် ရှေ့သို့ ထွက်ခွာသွားခဲ့တော့သည်။

သူတို့သည် နဂါးကွင်းပြင်တိုက်ပွဲကို လာရောက်ကြည့်ရှုရန် ရည်ရွယ်ခဲ့ကြခြင်း ဖြစ်သော် လည်း... ကျူးမင်လန်နှင့် လီယွင်ဇီတို့ လျှို့ဝှက်စွာ တွေ့ဆုံနေကြသည်ကို မထင်မှတ်ဘဲ မြင်တွေ့လိုက်ရခြင်း ဖြစ်ပေသည်။

ဒါဆိုရင် ကျူးမင်လန် ပြောခဲ့သမျှ စကားအားလုံးက အမှန်တရားတွေပဲပေါ့…..။

ကျူးမင်လန်မှာ ဘာအရည်အချင်းတွေ ရှိလို့လဲ... ဘာဖြစ်လို့ ဧကရီယွင်ဇီက သူ့ကို စိတ်ဝင်စားသွားရတာလဲ……

မြစ်တိုက်ပွဲကွင်းပြင်ဆီသို့ လမ်းလျှောက်သွားနေသည့်တိုင်အောင်... နန်ရီသည် သူ၏ အံ့အားသင့်မှုများထဲမှ ရုန်းမထွက်နိုင်သေးချေ။ သူအနေဖြင့် ဤအခြေအနေကို အနည်း ငယ်မျှပင် လက်သင့်မခံနိုင်ဘဲ ရှိနေခဲ့သည်။ ၎င်းမှာ အရင်က ကြားသိခဲ့ရသည့် ကောလာ ဟလများထက်ပင် ပိုမို၍ ယုံကြည်ရခက်ခဲလွန်းသည် မဟုတ်ပါလော။

“အဲဒါ တကယ်ကို ကျူးမင်လန်ပဲ။ သူနဲ့ ဧကရီဘုရင်မတို့က တကယ်ကို ပတ်သက်နေကြ တာပဲ။ အို... ဘုရားရေ၊ ကျူးမင်လန်က ကောလာဟလတွေထဲက လေလွင့်သူငယ် အောက်တန်းစား သူတောင်စားတစ်ယောက်ပဲ။ အော်... နေဦး၊ မဟုတ်သေးပါဘူး၊ သူတို့က အပြန်အလှန် ချစ်ခင်မြတ်နိုးနေကြတာပဲ၊ ကောလာဟလတွေကြောင့် ဒုက္ခရောက်နေကြ တာလေ။ ဒါပေမဲ့ ဘာဖြစ်လို့ ကျူးမင်လန် ဖြစ်နေရတာလဲ။ သူက နဂါးထိန်းတစ်ယောက် ဖြစ်လာပြီး စွမ်းအားကြီး နဂါးတွေကို ပိုင်ဆိုင်ထားတယ်ဆိုပေမဲ့လည်း... သူနဲ့ ဧကရီ ဘုရင်မရဲ့ အဆင့်အတန်းက ကြီးမားတဲ့ ကွာဟချက်တစ်ခု ရှိနေသေးတာပဲလေ” လီရှောင်ရင်က သူကိုယ်တိုင်တောင် ဘာတွေပြောနေမှန်းမသိဘဲ တစ်ယောက်တည်း ရေရွတ်နေခဲ့လေတော့သည်။

ထိုဒဏ္ဍာရီဆန်ဆန် လူသားသည် သူတို့၏ နံဘေးနားမှာတင် ရှိနေခဲ့ခြင်း ဖြစ်သည်။

နန်ရီသည်လည်း အခုမှသာ အခြေအနေအရပ်ရပ်မှာ ပိုမို၍ ရှုပ်ထွေးနက်နဲလာသည်ဟု ခံစားလိုက်ရ၏။

သူသည် နန်မိသားစု၏ သွေးမျိုးဆက်တစ်ဦး ဖြစ်ပေသည်။ ဧကရီလီယွင်ဇီ ကြုံတွေ့ခဲ့ရ သော အရှက်ရမှုနှင့် ပတ်သက်၍... သူ နားလည်သဘောပေါက်ထားသည့် အမှန်တရားမှာ လမ်းဘေးရှိ ကောလာဟလများနှင့် သေချာပေါက် ကွဲပြားခြားနားနေခဲ့သည်။

နန်ရီ၏ အမြင်အရမူ... မြေအောက်အကျဉ်းထောင် ဖြစ်ရပ်မှာ အများစုက အမှန်တရား ဖြစ်နိုင်ပေသည်။ သို့သော်လည်း ထိုလေလွင့်သူငယ်မှာ ကျူးမင်လန် ဖြစ်နေခဲ့သည်ဟူ သော အချက်ကမူ... အနည်းငယ်မျှ ဆန်းကြယ်လွန်းနေခဲ့သည်။

“ဒါနဲ့... ငါတို့သုံးယောက် ဘယ်အချိန်က ကျောင်းစပြီး တက်ခဲ့ကြတာလဲ” နန်ရီက ရုတ်တရက် မေးမြန်းလိုက်သည်။

“ဆောင်းဦးအစမှာလေ” လီရှောင်ရင်က ပြန်လည် ဖြေကြားသည်။

အချိန်ကာလကို တွက်ကြည့်မည်ဆိုလျှင်... ကျောင်းစတက်စဉ်က သူမြင်တွေ့ခဲ့ရသော ကျူးမင်လန်၏ အချိန်မှာ... ဧကရီလီယွင်ဇီ ဝူထူနယ်မြေမှ လီနန်းတော်သို့ ပြန်လည် ရောက်ရှိလာသည့် အချိန်နှင့် ကွက်တိပင် ထပ်တူကျနေခဲ့သည်။

ဒါက တကယ်ကို ပြဿနာပဲ….၊ ဒီအချက်ကို သူ ဘယ်လိုလုပ်ပြီး ထည့်မစဉ်းစားမိဘဲ နေပါလိမ့်။ မဟုတ်သေးပါဘူး... သူကရော ဘယ်လိုလုပ်ပြီး ဒီလိုအချက်မျိုးကို ထည့် စဉ်းစားမိပါ့မလဲ။

“နန်ရီ... စောစောက အဲဒီနတ်သမီးလေးလို မင်း ဘာဖြစ်လို့ 'လင်းရှာ' လို့ ခေါ်လိုက်တာ လဲ” လီရှောင်ရင်က ထိုအသေးစိတ်အချက်ကို ရုတ်တရက် သတိရသွားပြီး စူးစမ်းလိုစိတ် ဖြင့် မေးမြန်းလိုက်သည်။

“မင်းနဲ့ဘာဆိုင်လို့ ဒီလောက် မေးခွန်းတွေ များနေရတာလဲကွာ” နန်ရီက စိတ်ပျက် လက်ပျက်ဖြင့် ဆိုလိုက်သည်။

“လင်းရှာဆိုတာ... အကယ်ဒမီက ပန်းချီဆရာမ နန်လင်းရှာကို ပြောတာလား။ သူမက လည်း တကယ့်ကို ရင်သပ်ရှုမောဖွယ် အလှပန်းတစ်ပွင့်ပဲလို့ အကယ်ဒမီက လူအချို့ ပြောတာ ငါကြားဖူးတယ်” လီရှောက်ယင်က မေးလိုက်ပြန်သည်။

အကယ်ဒမီအတွင်းရှိ လူတော်တော်များများက ပန်းချီဆရာမ နန်လင်းရှာအကြောင်းကို ကြားဖူးကြသော်လည်း... သူမအား အမှန်တကယ် မြင်တွေ့ဖူးသူကမူ အလွန်နည်းပါးလှ၏၊ အဓိကမှာ သူမသည် ပုံမှန်အားဖြင့် မျက်နှာဖုံးပုဝါကို အမြဲတမ်း ဝတ်ဆင်ထားလေ့ရှိသော ကြောင့် ဖြစ်သည်။

“ငါက မမေးနဲ့လို့ ပြောရင် မမေးနဲ့တော့လေကွာ” နန်ရီက ဆိုသည်။

“ဒါဆိုရင်... ဧကရီဘုရင်မကလည်း မင်းရဲ့ အစ်မပဲပေါ့၊ ဟုတ်လား။ ပြီးခဲ့တဲ့အကြိမ်တုန်းက အဲဒီလို စက်ဆုပ်ရွံရှာဖွယ် စကားတွေပြောနေတဲ့ လူတွေကို မင်း ဘာဖြစ်လို့ ထွက်ပြီး ရန်ဖြစ်ခဲ့လဲဆိုတာ အခုမှပဲ နားလည်တော့တယ်။ ဒါပေမဲ့... စောစောက မင်း ဘယ်လိုလုပ် ပြီး လူမှားသွားရတာလဲ” လီရှေင်ရင်က အံ့ဩတကြီး ရေရွတ်လိုက်တော့သည်။

နန်ရီကမူ လီရှောင်ရင်၏ မဆုံးနိုင်သော စကားစမြည်များကို ဂရုမစိုက်တော့ပါချေ။ ဘာကြောင့်ရယ်မသိ... နန်ရီသည် တစ်ခုခု မှားယွင်းနေသည်ဟု အမြဲတမ်း ခံစားနေရ၏။

ဧကရီလီယွင်ဇီနှင့် နန်လင်းရှာတို့အကြောင်းကို... သူ၏ မိသားစုဝင်များပင်လျှင် ပြောဆို ဆွေးနွေးရန် အလွန်အမင်း ဝန်လေးကြပေသည်။ နန်ရီသည် သူ၏ အစ်မနှစ်ဦးစလုံးနှင့် တွေ့ဆုံဖူးခဲ့သော်လည်း... စောစောက မိုးမခပင်အောက်ရှိ လူကို မြင်လိုက်ရသည့် အချိန် တွင်မူ... တစ်ချိန်က မိသားစုအတွင်း၌ ပျံ့နှံ့ခဲ့ဖူးသော ဆန်းကြယ်လှသည့် ပုံပြင်မှာ... အမှန်တရားလား၊ အလိမ်အညာလား ဆိုသည်ကို မည်သူမျှ သေသေချာချာ မသိရှိကြချေ။

ကျူးမင်လန်သည် မြစ်ညာဘက်အရပ်ဆီသို့ လမ်းလျှောက်လာခဲ့ပြီး... မြစ်တိုက်ပွဲကွင်းပြင် ၏ အနီးနားသို့ ရောက်ရှိလာသည့် အချိန်တွင်မူ၊ ထိုနေရာ၌ လူအမြောက်အမြား စုဝေး ရောက်ရှိနေကြပြီ ဖြစ်သည်။

သတင်းများမှာ အလွန်အမင်း လျင်မြန်စွာ ပျံ့နှံ့သွားခဲ့ခြင်း ဖြစ်သည်။ ကျူးမင်လန်၏ စိန်ခေါ်ကြေညာချက်များမှာ မွန်းလွဲပိုင်းမှာတင် ကျယ်ကျယ်ပြန့်ပြန့် ပျံ့နှံ့သွားခဲ့သဖြင့်... လူအများအပြားမှာ ထိုစိတ်လှုပ်ရှားဖွယ် မြင်ကွင်းကို ကြည့်ရှုရန်အတွက် ကွင်းပြင် အနီး နားဆီသို့ စောစီးစွာ လာရောက်စောင့်ဆိုင်းနေခဲ့ကြသည်။

ကျူးမင်လန်သည် ထီးလေးတစ်လက်ကို ဆောင်းကာ ဆက်လက် လမ်းလျှောက်လာခဲ့ သည်၊ ငွေမှင်ရောင် အုံ့မှိုင်းနေသော တိမ်တိုက်များထဲမှ ဆီးနှင်းပွင့်လေးများမှာ ဖြည်းညှင်း စွာ ကြွေကျနေကြပြီး... မြေပြင်သို့ မကျခင်မှာပင် အရည်ပျော်သွားခဲ့ကြသည်။ ထို့ကြောင့် ကျူးမင်လန်အတွက်မူ... ဆီးနှင်းများကို ကာကွယ်ရန် ထီးဆောင်းထားခြင်းမှာ လုံးဝ အဓိပ္ပာယ်မရှိသော အရာတစ်ခု ဖြစ်နေခဲ့သည်။

သို့သော်လည်း တစ်စုံတစ်ဦးက မရမက ဇွတ်အတင်း စေခိုင်းထားခဲ့သဖြင့်... ကျူးမင်လန် အနေဖြင့် သူမအတွက် ထီးကို မဆောင်းပေးဘဲ မနေဝံ့ခဲ့ပါချေ။

“ငါ မင်းကို ဒီနေရာအထိပဲ လိုက်ပို့ပေးတော့မယ်နော်... ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ပါဦး” ထိုအမျိုးသမီးက နှင်းသစ်ခွပန်းလေး စတင်ပွင့်အာစပြုချိန်တွင် ရှိတတ်သည့် ရှက်ပြုံးလေး မျိုးဖြင့် စွဲမက်ဖွယ် ချိုသာလွန်းသည့် အပြုံးတစ်ပွင့်ကို ဖော်ပြလိုက်သည်။ သူမသည် ပင်ကိုယ်အားဖြင့် မြင့်မြတ်ကျော့ရှင်းလှပသည့် ဟန်ပန်မျိုး ရှိသော်လည်း... မိမိချစ်မြတ်နိုး ရသူ၏ ဘေးနားတွင်မူ ထူးခြားလှသော နူးညံ့ပျော့ပျောင်းမှုမျိုးကို အပြည့်အဝ ဖော်ဆောင် ပြသနေခဲ့သည်။

သရုပ်ဆောင်စွမ်းရည်နှင့် ပတ်သက်လာလျှင်မူ... ကျူးမင်လန်အနေဖြင့် ရှုံးနိမ့်ကြောင်းကို အပြည့်အဝ ဝန်ခံလိုက်ရပြီ ဖြစ်သည်။ နန်လင်းရှာသည် အလွန်အမင်း ဉာဏ်ပညာကြီးမား လှပေသည်။ သူမသည် အလွန်အကျွံ တမင်တကာ သရုပ်ဆောင်ပြသခြင်းမျိုးကို မပြုလုပ် ခဲ့ပေ။

သူမသည် နဂါးထိန်းအကယ်ဒမီမှ လူများ မြင်တွေ့နိုင်သည့် အကွာအဝေးတစ်ခု၌ ခေတ္တမျှ ပေါ်ထွက်လာခဲ့ပြီး... ကျူးမင်လန်အား ယဉ်ကျေးပျူငှာစွာ နှုတ်ဆက်ကာ၊ ထီးလေးကို ယူဆောင်ပြီး တစ်ဦးတည်း ပြန်လည်ထွက်ခွာသွားခဲ့ခြင်း ဖြစ်သည်။

လမ်းခွဲနှုတ်ဆက်ရန်အတွက် ခေတ္တမျှသာ ရပ်တန့်ခဲ့ပြီး... လူတိုင်း၏ ရင်ထဲ၌ ရင်သပ်ရှုမော ဖွယ် ကောင်းလှသော နောက်ကျောပြင် အလှတရားတစ်ခုကို ချန်ထားရစ်ခဲ့ကာ... အကယ်ဒမီရှိ ဆရာများနှင့် ကျောင်းသားများ၏ ဆန်းကြယ်လှသော စိတ်ကူးစိတ်သန်းများ ကို အထိန်းအကွပ်မရှိ မျှောသွားစေခဲ့တော့သည်။

“အဲဒါ ဧကရီဘုရင်မပဲဟ”

“သူမက... ဘာဖြစ်လို့ နဂါးထိန်းအကယ်ဒမီဆီကို ရောက်လာရတာလဲ”

“လီယွင်ဇီလား…..၊ အဲဒီအမျိုးသမီးက တကယ်ပဲ လီယွင်ဇီလား…..”

“ကျူးမင်လန် ပြောခဲ့သမျှ အရာအားလုံးက တကယ်ပဲ အမှန်တရားတွေ ဖြစ်နေတာလား”

တခဏအတွင်းမှာပင်... တိုက်ပွဲကို စောင့်ဆိုင်းကြည့်ရှုနေကြသည့် ကျောင်းသားအားလုံး မှာ ထိုကျော့ရှင်းလှပင်သော အရိပ်အယောင်ကြောင့် စိတ်လှုပ်ရှားမှုများ အထွတ်အထိပ်သို့ ရောက်ရှိကာ ဆူညံပွက်လော ရိုက်သွားခဲ့ကြရတော့သည်။

ဒါဆိုရင် အရင်က ကောလာဟလအားလုံးက အလိမ်အညာတွေပဲပေါ့။

ဘာစစ်နတ်သမီးနဲ့ လေလွင့်သူလဲ... ဒါက အသိသာချည်းကို…..။ လှပသော မိန်းမပျို တစ်ဦးနဲ့ မြင့်မြတ်သော လူကြီးလူကောင်းတို့ရဲ့ ဖူးစာဆုံမှုပဲဥစ္စာ။ မနာလိုဝန်တိုတဲ့ ကောက်ကျစ်သူအချို့ကသာ... ဧကရီဘုရင်မရဲ့ ပုံရိပ်ကို ဖျက်ဆီးပစ်ဖို့အတွက် ဒီလို ဆိုးရွားညစ်ပတ်တဲ့ ကောလာဟလတွေကို လုပ်ကြံဖန်တီးခဲ့ကြတာပဲ….

“ဧကရီဘုရင်မကို မြင်ဖူးသူရှိလား... တစ်ယောက်ယောက် မြင်ဖူးလား၊ အဲဒီသခင်မလေးက တကယ်ပဲ ဧကရီဘုရင်မလား….၊ ပြောစမ်းပါဦးဟ…..

“ရာခိုင်နှုန်းအပြည့် သေချာတယ်ဗျာ၊ ကျွန်တော် သူမကို အောင်ပွဲခံအခမ်းအနားတုန်းက တခါမြင်ဖူးတယ်၊ ပြီးတော့ အဲဒီအမျိုးသမီးက ပန်းချီကားတွေထဲက လူနဲ့ တစ်ထပ်တည်းပဲ၊ ဘာမှ မမှားစေရဘူး….၊ ရာနှုန်းပြည့် အာမခံတယ်ဗျာ….

“ဧကရီဘုရင်မက ဒီလောက်အလုပ်များနေတာတောင်မှ... ကျူးမင်လန်ကို ဂရုစိုက်ဖို့ အကယ်ဒမီအထိ လာရောက်ဖို့ မမေ့လျော့ခဲ့ဘူး။ ဒါကို အချို့လူတွေကတော့ ကိုယ့်ကိုယ် ကိုယ် သူမကို အားပေးထောက်ခံသူတွေပါဆိုပြီး ကြွေးကြော်နေကြတယ်၊ အခုတော့ သူတို့ မျက်နှာတွေ ဖြန်းဖြန်းကွဲအောင် အရိုက်ခံလိုက်ရပြီပေါ့” စောစောက ယင်ယောင်ဝူ၏ မာနထောင်လွှားမှုကို လှောင်ပြောင်ခဲ့သည့် အစ်မကြီးက ထပ်မံ၍ သရော်လိုက်တော့ သည်။

ယင်ယောင်ဝူ၏ မျက်နှာမှာမူ အခုအချိန်တွင် ညိုမည်းသွားခဲ့ရပြီ ဖြစ်သည်။ ခေတ္တမျှသာ လှမ်းမြင်လိုက်ရခြင်း ဖြစ်သော်လည်း... ထိုရင်သပ်ရှုမောဖွယ် အလှတရားမှာ ဘိုးဘေးနဂါး မြို့တော် တစ်ခုလုံးတွင် ယှဉ်ပြိုင်နိုင်သူ အလွန်ရှားပါးလှပေသည်။

သူမက တကယ်ပဲ လီယွင်ဇီ ဖြစ်နေတာလား….

ဒါဆိုရင် ကျူးမင်လန် ပြောခဲ့သမျှ အရာအားလုံးက တကယ်ပဲ အမှန်တရားတွေ ဖြစ်နေတာပေါ့…..

ယုတ်မာလှချည်လား…..၊ ဒီစစ်နတ်သမီးက သူမရဲ့အလှပဆုံး ခန္ဓာကိုယ်ကိုတင် ကျူးမင်လန်ကို ပေးအပ်ခဲ့တာ မဟုတ်ဘဲ... သူမရဲ့ နှလုံးသားတစ်ခုလုံးကပါ အခိုးခံလိုက်ရ တာပဲ။

ဒီကျူးမင်လန်... သူ သေသွားရင်တောင်မှ အပြစ်တွေက ကျေနိုင်မှာ မဟုတ်ဘူး…..

“ဒီလောက်အဝေးကြီးကနေ လှမ်းမြင်ရတာကို... အဲဒါ ဧကရီဘုရင်မ လီယွင်ဇီ အစစ်အမှန် ပါလို့ ဘယ်သူက အာမခံနိုင်မှာလဲ။ ကျူးမင်လန်က သူမနဲ့ ရုပ်ချင်းတူတဲ့ တခြားနေရာက အမျိုးသမီးတစ်ယောက်ယောက်ကို အယောင်ဆောင်ဖို့ ခေါ်လာတာလည်း ဖြစ်နိုင်တာပဲ။ ဧကရီဘုရင်မကိုယ်တိုင် လူသိရှင်ကြား ထုတ်ဖော်မကြေညာမချင်းတော့... ငါတို့တွေ လုံးဝ ယုံကြည်မှာ မဟုတ်ဘူး” ယင်ယောင်ဝူက အနီးနားရှိ လူတိုင်း ကြားရစေရန် အသံ ကျယ်ကျယ်ဖြင့် ကြေညာလိုက်သည်။

“မှန်တယ်... ယင်ယောင်ဝူ ပြောတာ တရားတယ်ဗျာ။ တကယ်လို့ ဒါက အမှန်တရားဆိုရင် လည်း... သူမကိုယ်တိုင် ငါတို့ကို ကြေငြာပါစေ၊ အဲလိုမှမဟုတ်ရင်တော့ ငါတို့တွေ လုံးဝ လက်လျှော့မှာ မဟုတ်ဘူးနော်”

“မင်းတို့တစ်စုကတော့ တကယ့်ကို အကျိုးအကြောင်းမရှိ ဇွတ်မှိတ်ငြင်းနေကြတာပဲ၊ နည်းနည်းလေးတောင် အရှက်မရှိကြဘူးလား”

“စိန်ခေါ်စာကိုလည်း တင်ပြီးသွားပြီဆိုတော့... သူကတော့ ဒီတိုက်ပွဲကို သေချာပေါက် ရင်ဆိုင်ရမှာပဲ။ သူပြောတာတွေ အမှန်တရား ဖြစ်နေဦးတော့... ဧကရီဘုရင်မရဲ့ ဂုဏ်သတင်းကို ကာကွယ်ဖို့အတွက် သူ့မှာ ဘာအရည်အချင်း ရှိလို့လဲ။ သူ့မှာ အဲဒီလောက် အထိ အစွမ်းရှိလို့လား။ ဧကရီဘုရင်မရဲ့ ထိုက်တန်တဲ့ ကြင်ယာတော်လောင်းဆိုတာ... ဘယ်သူကမှ အနိုင်မယူနိုင်တဲ့ အနှိုင်းမဲ့ ပြိုင်ဘက်ကင်း စစ်သည်တော်တစ်ယောက် ဖြစ်ရမယ်” ယင်ယောင်ဝူက မဆုတ်မနစ်သော လေသံဖြင့် ဆက်လက်ပြောဆိုလိုက်သည်။

“အစ်မကြီး... သူတို့နဲ့ ထပ်ပြီး အငြင်းပွားမနေပါနဲ့တော့ဗျာ။ သူတို့က သူတို့စိတ်ထဲမှာကိုက ယဉ်ကျေးမှု မရှိကြတဲ့ လူစားမျိုးတွေမို့လို့ပါ” ကျူးမင်လန်က ရှေ့သို့ လှမ်းထွက်လာရင်း... စောစောက သူ့ဘက်မှ မားမားမတ်မတ် ရပ်တည်ပေးခဲ့သည့် စီနီယာအစ်မကြီးကို ညင်သာ စွာ ပြောဆိုလိုက်လေတော့သည်။

All Chapters