← Chapters

အခန်း (၅၉-၆၀)

Vol. 6 Ch. 59-60

အခန်း (၅၉-၆၀)

Vol. 6 Ch. 59-60

အခန်း (၅၉) နဂါးများကို ရင်ဆိုင်ခြင်း။

"ဒါက ငါတို့ရေးဆွဲထားတဲ့ စိန်ခေါ်စာပဲ။ မင်းလို အရှက်မဲ့ပြီး ရိုင်းစိုင်းမိုက်ကန်းတဲ့ လူယုတ်မာတစ်ယောက် ရှိနေတယ်ဆိုတာကို ကြားလိုက်ရတဲ့အခါ... အကယ်ဒမီက ကျောင်းသားအများအပြားက မင်းကို ပညာပေးချင်နေကြတယ်။ မင်းဘာသာမင်း ကိုယ်တိုင်သာ ဖတ်ကြည့်ပေတော့"

ယင်ယောင်ဝူက ကျူးမင်လန်ထံသို့ ပူးတွဲလက်မှတ်ရေးထိုးထားသော စိန်ခေါ်စာကို ကမ်းပေးလိုက်သည်။

ကျူးမင်လန်က စိန်ခေါ်စာကို ယူလိုက်သည်။

ဟာ... တကယ်ကြီး လူခုနစ်ဆယ်၊ ရှစ်ဆယ်လောက်တောင် ပါတာလား…..။

သူ နည်းနည်း လွန်သွားလို့ ဘေးလူတွေကိုပါ ဆွဲသွင်းမိသလို ဖြစ်သွားတာများလား။

"စစ်မှန်တဲ့ မေတ္တာတရားဆိုတာ အမြဲတမ်း အခက်အခဲတွေ၊ အန္တရာယ်တွေနဲ့ ပြည့်နှက်နေ တတ်တာပဲလေ။ လူတစ်ရာတောင် မပြည့်တဲ့ အရေအတွက်လေးနဲ့တင်... ငါ ကျူးမင်လန် က ဘယ်လိုလုပ်ပြီး နောက်ဆုတ်သွားနိုင်မှာလဲ" ကျူးမင်လန်က သူ၏ မျက်နှာအမူအရာ ကို အနည်းငယ်မျှ မပြောင်းလဲဘဲ ပြောလိုက်သည်။

ထိုသို့ပြောဆိုပြီးနောက်... ကျူးမင်လန်က အကယ်ဒမီမှ အစ်မကြီးများစွာ၏ လေးစားအား ကျဖွယ် အကြည့်များအောက်တွင် နဂါးတိုက်ပွဲကွင်းပြင် ဆီသို့ လျှောက်သွားလိုက်သည်။ လူတစ်ယောက်အတွက်နှင့် ဤကမ္ဘာကြီးတစ်ခုလုံးကို ရင်ဆိုင်ရန် ဆန္ဒရှိနေသည့် ဂုဏ်ယူ ဝင့်ကြွားမှုမျိုးက သူ၏ဟန်ပန်တွင် အပြည့်အဝ ကိန်းအောင်းနေခဲ့သည်။

သို့သော်လည်း ဘာကြောင့်ရယ်မသိ... အကွာအဝေးတစ်ခုအထိ လျှောက်လှမ်းပြီးနောက် တွင် သူ၏ခြေသလုံးများမှာ အနည်းငယ် ချည့်နဲ့အားနည်းလာသလို ခံစားလိုက်ရပြီး၊ အခြားသူများအရှေ့တွင် ထိုအားနည်းချက်များ ပေါ်လွင်မသွားစေရန် သူ အစွမ်းကုန် ထိန်းချုပ်ထားခဲ့ရသည်။

သူ ချစ်မြတ်နိုးရတဲ့ အမျိုးသမီးကို သဘောကျနေကြတဲ့ လူတွေက တကယ်ပဲ ဒီလောက် တောင် များပြားနေတာလား။

ဒီဘိုးဘေးနဂါး မြို့တော်ထဲမှာ ပြိုင်ဘက်ကင်း အလှနတ်ဘုရားမဆိုလို့ သူမ တစ်ယောက် တည်းပဲ ရှိနေတာများလား။ အကယ်ဒမီရဲ့ တရားဝင် နဂါးထိန်းဆရာ အရေအတွက်က ထောင်ဂဏန်းအနည်းငယ်လောက်ပဲ ရှိသင့်တာလေ၊ ပြီးတော့ တော်တော်များများက လည်း အရပ်လေးမျက်နှာအနှံ့ ခရီးထွက်နေတတ်ကြသေးတယ်။ ဒါဆိုရင် ဒီစိန်ခေါ်စာပေါ် မှာ ဘယ်လိုလုပ်ပြီး ရုတ်တရက်ကြီး လူငါးဆယ်လောက် ပိုလာရတာလဲ။

အခြား အလှပန်းလေးတွေကလည်း ဆွဲဆောင်မှုရှိကြတာပဲ မဟုတ်ဘူးလား။ ဘာဖြစ်လို့ ဒီအတန်းဖော် သူငယ်ချင်းတွေက သူနဲ့ အကြိုက်ချင်း သွားတူနေရတာလဲ။

မြစ်ကို ဖြတ်ကူးပြီးရင် ထွက်ပြေးသွားသင့်လား။

ကျူးမင်လန် မြစ်ကို ဖြတ်ကူးပြီးသွားသည့် အချိန်တွင်... စိန်ခေါ်ထားသည့် အဖွဲ့သည် လည်း မြစ်တစ်ဖက်ကမ်းတွင် တဖြည်းဖြည်းချင်း ပေါ်ထွက်လာခဲ့ကြပြီ ဖြစ်သည်။

စုစုပေါင်း ကျောင်းသား အယောက်နှစ်ဆယ်ခန့် ရှိပြီး... အများစုမှာ အကယ်ဒမီတွင် ကျူးမင်လန်အား ဝိုင်းဝန်းပိတ်ဆို့ခဲ့ကြသော ဟန်ဆောင်ကောင်းသည့် ထောက်ခံသူများ သာ ဖြစ်ကြသည်။

"အကယ်ဒမီက တိုက်ပွဲတစ်ခုမှာ လူအယောက်နှစ်ဆယ်ထက် ပိုပြီး ပါဝင်ခွင့်မရှိဘူးဆိုတဲ့ စည်းမျဉ်းကို ချမှတ်ထားပြီးသားပဲ။ ဒါပေမဲ့ မင်းလိုလူကို ဖြေရှင်းဖို့အတွက်ကတော့ ငါတစ်ယောက်တည်းနဲ့တင် လုံလောက်ပါတယ်။ ကျန်တဲ့လူတွေကတော့ သူတို့ရဲ့ နဂါးတွေကို ခေါ်ထုတ်ပြီး ဘေးနားကနေ စောင့်ကြည့်နေရုံပဲ" ယင်ယောင်ဝူက အခြား သူများကို လှမ်းပြောလိုက်သည်။

"ကောင်းပြီ... မင်း သူ့ကို အနိုင်တိုက်ပြီးသွားရင်၊ ငါတို့အားလုံး သူ့မျက်နှာကို ဝိုင်းပြီး တံတွေးထွေးကြမယ်" ချန်လိန်လော့က ပြောလိုက်သည်။

ချန်လိန်လော့၏ စွမ်းရည်မှာ ယင်ယောင်ဝူထက်ပင် ပိုမို မြင့်မားပြီး၊ သူသည် အကယ်ဒမီ အတွင်း၌လည်း နာမည်ဂုဏ်သတင်း တစ်စုံတစ်ရာ ရှိထားသူဖြစ်သည်။

သို့သော်လည်း... သူတို့သည် ကျူးမင်လန်အား မောင်းထုတ်ချင်နေကြသည် ဖြစ်ရာ၊ ကျောထောက်နောက်ခံ ကောင်းမွန်သည့် ယင်ယောင်ဝူက ဤကိစ္စကို ကိုယ်တွယ်ခြင်းက ပိုမိုသင့်လျော်သည်ဟု ထင်ရပေသည်။ ထို့ပြင်... တစ်ဖက်လူက ဤကဲ့သို့သော နည်းလမ်း ဖြင့် စိန်ခေါ်မှုကို တုံ့ပြန်ရဲသည်ဖြစ်ရာ၊ သူ၏ နောက်ကွယ်တွင် ဖုံးကွယ်ထားသော အရာ တစ်ခုခု သေချာပေါက် ရှိနေရမည်ဖြစ်သည်။ ချန်လိန်လော့ ထိုနေရာတွင် ရှိနေခြင်းက လည်း မမျှော်လင့်ထားသော အဖြစ်အပျက်များ မဖြစ်ပေါ်လာစေရန် ကာကွယ်ပေးနိုင်ဖို့ ဖြစ်သည်။

"မင်းတို့ရဲ့ နဂါးတွေကို အခု ခေါ်ထုတ်နိုင်ပြီ။ လူအများနဲ့ လူနည်းစု ရင်ဆိုင်ရမယ့် အခြေအနေကို ထည့်သွင်းစဉ်းစားပြီးတော့... တိုက်ပွဲအတွက် နဂါးတစ်ကောင်ကိုပဲ ခေါ်ထုတ်ခွင့်ပြုမယ်။ သေသေချာချာ စဉ်းစားပြီးမှ ရွေးချယ်ကြပါ"

ပျင်းရိလေးတွဲနေသည့်ပုံစံဖြင့် သန်းဝေလိုက်ရင်း... ရုပ်ရည်ချောမောသော လူငယ်နည်းပြ ဆရာတစ်ဦးသည် နဂါးတစ်ပိုင်းငှက်ပျံ တစ်ကောင်ကို စီးနင်းကာ ရောက်ရှိလာခဲ့ပြီး၊ သူသည် ဤတိုက်ပွဲကို ကြီးကြပ်ပေးရန် အလွန်အမင်း ဝန်လေးနေပုံရသည်။

ဆံပင်အရှည်နှင့် ထိုလူငယ်နည်းပြဆရာမှာ အမျိုးသမီး ကျောင်းသူများကြားတွင် တော်တော်လေး နာမည်ကြီးပုံရ၏။ တိုက်ပွဲကို ကြည့်ရှုရန် သူနှင့်အတူ လိုက်ပါလာကြ သော စီနီယာအစ်မများအားလုံးမှာ သူ့ကို မြင်လိုက်ရသည့်အခါတွင် မျက်ဝန်းများ အရောင် လက်သွားခဲ့ကြသည်။

"ဆရာ ပိုင်ယီရှူ... အခုလို ဒုက္ခခံပြီး လာပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်"

"ဒုက္ခခံပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ခင်ဗျာ"

ယင်ယောင်ဝူ၊ ချန်လိန်လော့နှင့် အခြားသူများမှာ အချင်းချင်း ဂရုမစိုက်သလို နေတတ်ကြ သော်လည်း... ဤဆရာအပေါ်တွင်မူ အနည်းငယ်မျှပင် မရိုမသေ မလုပ်ဝံ့ကြဘဲ တစ်ယောက်ပြီး တစ်ယောက် ရိုသေစွာ ဦးညွှတ်လိုက်ကြ၏။

"ဒီကိစ္စကို မြန်မြန်ဆန်ဆန်ပဲ အဆုံးသတ်လိုက်ကြရအောင်... ငါ့ရဲ့ နေ့လယ်ခင်း တစ်ရေး အိပ်မယ့် အချိန်ကို မနှောင့်နှေးစေနဲ့။ ဒီလို အသေးအဖွဲ ကိစ္စလေးတွေအတွက်နဲ့ အမြဲတမ်း ပြဿနာဖန်တီးနေမယ့်အစား... မင်းတို့ရဲ့ အသိအမြင်တွေ ကျယ်ပြန့်လာအောင် နာမည် ကြီး တောင်တန်းတွေနဲ့ မြစ်တွေဆီကို ခရီးထွက်ပြီး အချိန်ဖြုန်းတာက ပိုကောင်းလိမ့်မယ်" ဆရာပိုင်ယီရှူက သူ၏ လက်ကိုဝှေ့ယမ်းရင်း စိတ်မရှည်စွာဖြင့် ပြောလိုက်သည်။

"ဆရာ ပြောတာ မှန်ပါတယ်၊ ဆရာ ပြောတာ မှန်ပါတယ်။ ဒီ မောက်မာရိုင်းစိုင်းတဲ့ ကောင် ကို ဖြေရှင်းပြီးသွားတာနဲ့... ကျွန်တော်တို့ အတွေ့အကြုံတွေ ပိုရလာအောင် သေချာပေါက် ခရီးတွေ ထွက်ကြပါ့မယ်" ယင်ယောင်ဝူက ရိုရိုသေသေဖြင့် ပြောလိုက်လေတော့သည်။

"ဒါနဲ့ စကားမစပ်... မင်းတို့တွေ ဒီတစ်ခါ ဘာကိစ္စအတွက် တိုက်ခိုက်ကြမှာလဲ၊ ပြီးတော့ ဟိုဘက်မှာ ဘာလို့ လူတစ်ယောက်တည်း ဖြစ်နေရတာလဲ" ပိုင်ယီရှူက ခပ်အေးအေးပင် မေးမြန်းလိုက်သည်။

"အော်... သူက ကျူးမင်လန်လေ၊ ကျွန်တော်တို့ ဧကရီဘုရင်မရဲ့ ဂုဏ်သိက္ခာကို ညှိုးနွမ်း စေခဲ့တဲ့ လေလွင့်သူပေါ့။ အကယ်ဒမီဆီက ဝင်ခွင့်ထောက်ခံစာကို သူ ဘယ်လိုလုပ်ပြီး ခိုးယူလာနိုင်ခဲ့လဲဆိုတာတော့ ကျွန်တော်လည်း မသိဘူး။ အကယ်ဒမီထဲမှာ အချောင်ဝင် နေပြီး သေမယ့်ရက်ကို စောင့်နေရုံတင်မကဘူး၊ သူက အရူး စကားတွေပါ လျှောက်ပြောနေ သေးတယ်..." ယင်ယောင်ဝူက ကျူးမင်လန်သည် ဧကရီဘုရင်မအား တစ်ဦးတည်း ပိုင်ဆိုင် ရန် ကြိုးစားနေသည့် အကြောင်းကို အလောတကြီး ရှင်းပြလိုက်သည်။

"အော်... ဒီလိုကိုး၊ ဒါဆို နည်းနည်း ပိုပြီး စိတ်ဝင်စားဖို့ ကောင်းလာပြီပဲ..." ပိုင်ယီရှူက သူ၏ စိတ်မဝင်စားသည့် ဟန်ပန်နှင့် ခပ်အေးအေး အမူအရာကို ဆက်လက်ထိန်းသိမ်းထားရင်း... နှုတ်ခမ်းထောင့်ကို ကွေးညွတ်ကာ ပြုံးလိုက်၏။

လူတိုင်းက နဂါးတစ်ကောင်စီကို ခေါ်ထုတ်လိုက်ကြသဖြင့်... မြစ်၏ အနောက်ဘက်ကမ်း တွင် နဂါးအကောင်နှစ်ဆယ်ခန့် ပြန့်ကျဲနေလျက် ရှိသည်။ ယင်ယောင်ဝူ၏ အစောပိုင်း စကားများအရ... သူတို့၏ တစ်ခုတည်းသော တာဝန်မှာ ပြိုင်ဘက်က အရှုံးကို မငြင်းနိုင်စေ ရန်အတွက် ဘေးနားမှနေ၍ အားပေးထောက်ခံရန်သာ ဖြစ်သည်။

မည်သို့ပင်ဆိုစေကာမူ... ပြိုင်ဘက်ကို အလဲထိုးပြီးသွားသည်နှင့် တပြိုင်နက်၊ သူတို့ အားလုံးက သူ့ကို တစ်လှည့်စီ တက်နင်းပြီး၊ တံတွေးနှင့် ထွေးကာ၊ သူက မည်ကဲ့သို့သော အောက်တန်းစားမျိုး ဖြစ်ကြောင်းကို ကောင်းကောင်းကြီး နားလည်သဘောပေါက်သွား စေရန် ပြုလုပ်ကြမည် ဖြစ်သည်။ ထို့နောက်မှသာ... တစ်နည်းနည်းဖြင့် သူ့ကို ဤကမ္ဘာ လောကကြီးထဲမှ လုံးဝ ပျောက်ကွယ်သွားအောင် ဖန်တီးပစ်ရန် ရည်ရွယ်ထားကြခြင်း ဖြစ်သည်။

ယင်ယောင်ဝူက သူ၏ ဝိညာဉ်နယ်မြေကို ဖွင့်လှစ်ပြီး... သူ ပိုင်ဆိုင်ထားသော လက်သည်းနီ ခြေမြန်နဂါး တစ်ကောင်ကို ခေါ်ထုတ်လိုက်သည်။

ခြေမြန်နဂါးများမှာ စံသတ်မှတ်ချက်အရ ရှေးဟောင်းနဂါးများ ဖြစ်ကြပြီး... ရှေးဟောင်း နဂါးအမျိုးစားထဲတွင် အထူးသဖြင့် ကောက်ကျစ်စဉ်းလဲကာ ကြမ်းကြုတ်သော သားရဲ အမျိုးအစားတစ်ခုလည်း ဖြစ်ပေသည်။ ခြေမြန်နဂါး၏ အရွယ်အစားမှာ အရွယ်ရောက်ပြီး နွား သို့မဟုတ် မြင်းတစ်ကောင် အရွယ်အစားနှင့် အတူတူဖြစ်သော်လည်း... ထိုအရွယ် အစားကို ကြည့်ပြီး အထင်မသေးသင့်ပေ။ အစစ်မှန် နဂါးများအကြားတွင် ၎င်းတို့အား အထူးတလည် ကြမ်းတမ်းပြီး ခွန်အားကြီးမားသူများအဖြစ် သတ်မှတ်မထားသော်လည်း... ၎င်းတို့သည် အလွန်အမင်း မြန်ဆန်ကြပြီး၊ ခုန်ပျံကျော်လွှားရာတွင် ကျွမ်းကျင်ကာ၊ ချုံခို တိုက်ခိုက်ရာတွင် ပို၍ပင် ကျွမ်းကျင်သေးသည်။

၎င်းတို့၏ လက်သည်းများကို အသွင်းအထုတ် ပြုလုပ်နိုင်ပြီး... သတ်ဖြတ်ရာတွင် အသုံးပြု သော ဓားသွားကိရိယာများကဲ့သို့ပင် ကြီးမားသော ဒီဂရီတစ်ခုအထိ လှည့်ပတ်နိုင်စွမ်း ရှိကြသည်။ တောအုပ်ထဲတွင် ခြေမြန်နဂါးတစ်ကောင်၏ ပစ်မှတ်ထားခြင်းကို ခံလိုက်ရပြီ ဆိုပါက... ၎င်းတို့၏ ထိပ်တန်း ခြေရာခံခြင်း စွမ်းရည်များကြောင့် များသောအားဖြင့် သေချာပေါက် သေဆုံးရမည်သာ ဖြစ်သည်။

ယင်ယောင်ဝူ၏ လက်သည်းနီ ခြေမြန်နဂါးမှာ တိုက်ပွဲကွင်းပြင်ပေါ်ရှိ အာဏာပါးကွပ်သား တစ်ဦးအဖြစ် ရှင်းလင်းစွာ လေ့ကျင့်သင်ကြားပေးခြင်း ခံထားရသည်မှာ ထင်ရှားပေသည်။ လူသားတစ်ဦး၏ လက်မောင်းထက်ပင် ပိုမို၍ ပျော့ပျောင်းကွေးညွှတ်နိုင်သော ၎င်း၏ ရှေ့လက်ဖျံများမှာ... သားရေချပ်ဝတ်တန်ဆာများ၊ အသားစများနှင့် အရိုးများကို လွယ်ကူ စွာ ဖြတ်တောက်နိုင်ရုံသာမက၊ အတွင်းကလီစာများကိုပင် ထိုးဖောက်ဝင်ရောက်နိုင်စွမ်း ရှိပေသည်...

ဤကဲ့သို့ ရက်စက်ကြမ်းကြုတ်လှသည့် သတ္တဝါမျိုးသည် ပင်ကိုယ်အားဖြင့် သွေးဆာသော သဘာဝကို ပိုင်ဆိုင်ထားပေသည်။ အကယ်၍ နဂါးထိန်းသခင်ကသာ ၎င်းကို ကောင်းမွန်စွာ မထိန်းချုပ်နိုင်ခဲ့ပါက... ဤတိုက်ပွဲကွင်းပြင်ပေါ်တွင် မတော်တဆမှုတစ်ခု အလွယ်တကူ ဖြစ်ပွားလာနိုင်ခြေ အလွန်မြင့်မားပေသည်။

ကံကောင်းထောက်မစွာဖြင့်... ဤကဲ့သို့သော အကယ်ဒမီ တိုက်ပွဲများတွင် နဂါးထိန်းများ အား တိုက်ခိုက်ခြင်းကို ခွင့်မပြုထားသကဲ့သို့၊ ကျောင်းသားများအနေဖြင့်လည်း နဂါးများကို သတ်ဖြတ်ခြင်းကို လုံးဝ ခွင့်မပြုထားပါချေ။

သို့သော်လည်း စည်းမျဉ်းဆိုသည်မှာ စည်းမျဉ်းများသာ ဖြစ်ပြီး... ယင်ယောင်ဝူက ထိုစည်းမျဉ်းများကို လိုက်နာမည်၊ မလိုက်နာမည် ဆိုသည်ကတော့ လုံးဝ သီးခြား ကိစ္စရပ် တစ်ခုသာ ဖြစ်ပေတော့သည်။

ချန်လိန်လော့သည်လည်း သူ၏ နဂါးကို ခေါ်ထုတ်လိုက်သည်၊ ၎င်းမှာ ခေါင်းအစ ခြေအဆုံး ထူထဲသော ရွှံ့ကျောက်တုံးများဖြင့် ဖုံးလွှမ်းနေသည့် ကျောက်တုံးနဂါး တစ်ကောင် ဖြစ်သည်။ ဤကျောက်တုံးနဂါးသည် ရှေးဟောင်းနဂါးများထံမှ တြိဂံသံချပ်ကာနဂါး သွေးမျိုးဆက်ကို ပိုင်ဆိုင်ထားရုံသာမက... မီးခိုးရောင်နဂါးများထံမှ ဧရာမနဂါးများ၏ သွေးမျိုးဆက်ကိုပါ ပိုင်ဆိုင်ထားသေးသည်။ ၎င်းမှာ အနီးကပ်တိုက်ခိုက်ရာတွင် အသုံးပြု သည့် သာမန် ချေမှုန်းရေးလက်နက်သက်သက် မဟုတ်ပေ။

အခြားသော လူဆယ့်ရှစ်ဦးသည်လည်း သူတို့၏ ဝိညာဉ်ပဋိညာဉ် သင်္ကေတများကို ထုတ်ဖော်လိုက်ကြပြီး... သူတို့၏ အစစ်မှန် နဂါးများကို ခေါ်ထုတ်လိုက်ကြသည်။ ထိုနဂါးများ၏ သွေးမျိုးဆက်များမှာ ရောနှောနေသော်လည်း... အများစုမှာ နဂါးမျိုးစိတ် မှတ်တမ်းများထဲတွင် ဖော်ပြခံထားရသည့် နဂါးများသာ ဖြစ်ကြသည်။

ကြမ်းကြုတ်သော စာကလေးနဂါးများ၊ လေလွင့်နဂါးများ၊ အစွယ်ရှည်ကျားနဂါးများ၊ ကြမ်းတမ်းသော ဝံပုလွေနဂါးများ၊ တောအုပ်နဂါးစိမ်းများ...

ကျူးမင်လန်သည် ၎င်းတို့၏ ထင်ရှားသော လက္ခဏာရပ်များမှာ အတော်လေး ရှင်းလင်း လှသောကြောင့် အများစုကို မှတ်မိနေခဲ့သည်။ သို့သော်လည်း ၎င်းတို့အထဲတွင် ကျူးမင်လန်၏ စိတ်အာရုံကို အထူးတလည် ဖမ်းစားနိုင်ခဲ့သည့် နဂါးတစ်ကောင် ပါဝင်နေခဲ့သည်၊ ၎င်းမှာ မိုးပြာနဂါး တစ်ကောင် ဖြစ်သည်။

ယုံမှားသံသယဖြစ်ဖွယ်မရှိ... ၎င်းမှာ ဖယောင်းနဂါး တစ်ကောင် ဖြစ်ပေသည်။

၎င်း၏ ပုံပန်းသဏ္ဌာန်မှာ ဧရာမ အိမ်မြှောင်ကြီးတစ်ကောင်နှင့် တူပြီး၊ အလွန်အမင်း ချောမွေ့နေသော အကြေးခွံများပေါ်တွင် အပြောက်အကျား ပုံစံများ ရောယှက်နေခဲ့သည်။

၎င်းတွင် ရှေ့ခြေလက်များသာ ပါရှိပြီး နောက်ခြေသည်းများ မပါရှိပေ။ ၎င်းသည် လျင်မြန် စွာ ရွေ့လျားနိုင်ပြီး၊ သွယ်လျသော ခန္ဓာကိုယ်မှာ ဝါးရွက်မြွေတစ်ကောင်ကဲ့သို့ လူးလွန့်နေခဲ့ သည်။ ထို့အပြင်... ၎င်း၏ရှေ့လက်ဖျံများမှာ အလွန်အမင်း ခွန်အားကြီးမားပြီး၊ ကြီးမား သော ကျောက်တုံးကြီးများကိုပင် လွယ်ကူစွာ ချေမှုန်းနိုင်စွမ်း ရှိသည်မှာ ထင်ရှားလှပေ သည်။

ပြိုင်ဘက်များမှာ မြစ်၏ တစ်ဖက်ကမ်းတွင် ရှိနေကြသောကြောင့်... ကျူးမင်လန်အနေဖြင့် ထိုဖယောင်းနဂါး၏ သခင်မှာ မည်သူမည်ဝါ ဖြစ်ကြောင်းကို မခွဲခြားနိုင်ခဲ့သော်လည်း၊ ထိုနဂါးမှာ သေချာပေါက် သတိထားသင့်သည့် အရာတစ်ခု ဖြစ်ပေသည်။

"မင်းမှာရော တခြား ကူညီမယ့်လူတွေ မရှိဘူးလား" ဆရာပိုင်ယီရှူက နဂါးတစ်ပိုင်းငှက်ပျံ ကို စီးနင်းကာ ကျူးမင်လန်၏ အထက်ကောင်းကင်ယံတွင် လှည့်ပတ်ပျံသန်းနေရင်း မေးမြန်းလိုက်သည်။

"ဒါက ကျွန်တော့်ရဲ့ ကိုယ်ပိုင်ကိစ္စပါ" ကျူးမင်လန်က ပြောလိုက်သည်။

"မင်းရဲ့နဂါးတွေအားလုံးကို အခုပဲ ခေါ်ထုတ်နိုင်တယ်၊ ဒါမှမဟုတ်လည်း မင်းရဲ့ ခေါ်ထုတ် ခွင့်ကို သိမ်းထားပြီးတော့... တိုက်ပွဲဖြစ်တဲ့ အချိန်ကျမှ ခေါ်ထုတ်ချင်လည်း ရပါတယ်" ဆရာပိုင်ယီရှူက ပြောလိုက်သည်။

ကျူးမင်လန်က ခေါင်းညိတ်လိုက်ပြီး သူ၏ဝိညာဉ်နယ်မြေကို ဖွင့်လှစ်လိုက်ကာ... တိုက်ခိုက်ရန် အဆင်သင့်ဖြစ်နေပြီဖြစ်သော မိုးပြာနဂါးနက်ကြီးကို ခေါ်ထုတ်လိုက်တော့ သည်။

ကျူးမင်လန်၏ ဝိညာဉ်ပဋိညာဉ် သင်္ကေတများ အားလုံးမှာ အနက်ရောင်များ ဖြစ်ကြ သည်။ မိုးပြာနဂါးနက်ကြီးသည် ဧရာမ သင်္ကေတတံခါးကြီးထဲမှ လျှောက်လှမ်းထွက်လာ ခဲ့ပြီး... အနည်းငယ် ရွှံ့ဗွက်ထနေသော မြစ်ကမ်းစပ်ပေါ်တွင် မတ်တတ်ရပ်လိုက်ကာ၊ ဂုဏ်ယူဝင့်ကြွားဖွယ်ကောင်းသော အုပ်စိုးရှင်နဂါး ဦးခေါင်းခွံကြီးကို ဗီဇအလျောက် မော့ချီ လိုက်ရင်း... ကောင်းကင်ယံသို့ ဟိန်းဟောက်ကာ နဂါးအုပ်စိုးရှင်တစ်ပါး၏ အရှိန်အဝါကို အပြည့်အဝ ထုတ်ဖော်ပြသချင်နေခဲ့သည်။

သို့သော်... ပါးစပ်ကို ကျယ်လောင်စွာ ဟလိုက်သည်နှင့် တပြိုင်နက်၊ မိုးပြာနဂါးနက်၏ မျက်ဝန်းများက တစ်ဖက်ကမ်းရှိ ရန်သူများကို အကဲခတ်ကြည့်ရှုလိုက်သည်။

ကြမ်းကြုတ်ပြီး ရက်စက်လွန်းသည့် အစစ်မှန် နဂါးအုပ်စုတစ်စုပါလား…..။

အခန်း (၆၀) နဂါးစစ်သူကြီးအဆင့်။

၎င်းတို့တစ်ကောင်စီသည် အနည်းဆုံး 'နဂါးသူငယ်အဆင့်' တွင် ရှိနေကြပြီး၊ ရေတံခွန် ရေအိုင်အောက်ရှိ ထိုမိစ္ဆာကောင်လေးများပင် မယှဉ်နိုင်သော အစစ်မှန် နဂါးတစ်ကောင်၏ အစွမ်းထက်လှသော အရှိန်အဝါများကို ထုတ်လွှတ်နေကြ၏။

မိုးပြာနဂါးနက်အဖို့တော့ ၎င်းတို့ထဲမှ မည်သည့်နဂါးမဆို တစ်ကောင်ချင်း အကြိတ်အနယ် ယှဉ်ပြိုင်တိုက်ခိုက်နိုင်စွမ်း ရှိနေပုံပေါ်သည်။

မိုးပြာနဂါးနက်ကြီးမှာ ဆက်လက်၍ မဟိန်းဟောက်ရဲတော့ချေ။ သူက ခေါင်းလှည့်လာကာ လွတ်မြောက်ရန် အကောင်းဆုံး အခွင့်အရေး ဖြစ်စေမည့် မည်သည့် အရပ်မျက်နှာဆီသို့ ထွက်ပြေးရမည်နည်းဟု သူ့သခင်အား မေးမြန်းနေသည့်အလား လှည့်ကြည့်လာခဲ့သည်။

"ထွက်ပြေးမယ်လား….၊ ဒါက ဒီနေ့အတွက် မင်းရဲ့လေ့ကျင့်ရေး ခေါင်းစဉ်ပဲ" ကျူးမင်လန်က မိုးပြာနဂါးနက်အား စိတ်ပျက်စွာဖြင့် ပြောလိုက်သည်။

အုပ်စိုးရှင်နဂါးနှင့် မိုးပြာနဂါးတို့မှ မွေးဖွားလာတဲ့ ကပြားကောင်... မင်းရဲ့ စိတ်ဓာတ်တွေ ဘယ်ရောက်သွားပြီလဲ……

"အူး... ဝူး" သွားမည်းကြီးက ဝမ်းနည်းပက်လက် ညည်းတွားလိုက်၏။

တကယ်လို့ ငါ့နေရာမှာ အစားထိုးချင်ရင်လည်း ပွင့်ပွင့်လင်းလင်းသာ ပြောလိုက်ပါ… သခင် ကျူးမင်လန်ရယ်။ အဆိုးဆုံးအခြေအနေတွေ ဖြစ်လာခဲ့ရင်တောင် အဖြူလေးက တောင်တန်းတွေနဲ့ ပင်လယ်တွေဆီ တစ်ကောင်တည်း စွန့်စားထွက်ခွာသွားလို့ ရပါသေး တယ်။ ငါ့ကို အသက်ရှင်ခွင့်လေး တစ်လမ်းလောက်တောင် မပေးနိုင်ဘူးလား……။

"မင်းရဲ့ အရှိန်အဝါလေ၊ သွားမည်းကြီး... မင်းရဲ့အရှိန်အဝါကို အာရုံစိုက်ထားစမ်းပါ။ မင်း ငါ့ကို မယုံဘူးလား…..၊ ပြီးတော့ သူတို့အားလုံးကို မင်းတစ်ကောင်တည်း ဘယ်လိုလုပ် ရင်ဆိုင်ခိုင်းရက်မှာလဲ…..၊ အဖြူလေးလည်း ဒီမှာ ရှိနေတာပဲကို" ကျူးမင်လန်က စိတ်ပျက်နေဟန်ဖြင့် ဆက်ပြောလိုက်သည်။

မိုးပြာနဂါးနက်က သူ၏ အားကိုး၍မရသော သခင်ဖြစ်သူကို ပြန်လှည့်ကြည့်လိုက်ပြန် သည်။

အစစ်မှန်နဂါး အကောင်နှစ်ဆယ်တောင်လေ…….၊ အဖြူလေး ရှိနေရင်တောင် ဒီလောက် များပြားတဲ့ နဂါးတွေကို ခုခံနိုင်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး……

"မင်း အရင်သွားပြီး သူတို့ကို ရန်စလိုက်။ သူတို့ကို အရမ်းကြီး အုပ်စုကွဲသွားခွင့် ပြုလို့ မရဘူး၊ အဲဒီလိုမှမဟုတ်ရင် အဖြူလေးရဲ့ မှော်ပညာတွေက သူတို့အားလုံးကို လွှမ်းခြုံနိုင် မှာ မဟုတ်ဘူး" ကျူးမင်လန်က ညွှန်ကြားလိုက်သည်။

နောက်ဆုံးတော့လည်း ငါက ငါးစာအဖြစ် အသုံးချခံရတာပဲပေါ့။ ငါးစာအဖြစ် နေရတာ က... သူနှင့် အတော်လေး ရင်းနှီးကျွမ်းဝင်ပြီးသား ကိစ္စတစ်ခု ဖြစ်ပေသည်။ အုပ်စိုးရှင် နဂါးတစ်ကောင် ပိုင်ဆိုင်သင့်သည့် ကြီးမားခမ်းနားသော အရှိန်အဝါကို ထိန်းသိမ်းထား လျက်... သွားမည်းကြီးသည် ရှေ့သို့ စတင်ရွေ့လျားသွားခဲ့သည်။ ခြေလှမ်းအနည်းငယ်မျှ သာ လှမ်းရသေးချိန်တွင်၊ တစ်စုံတစ်ခု လုံးဝ မှားယွင်းနေကြောင်း ၎င်းက ရုတ်တရက် ခံစားလိုက်ရသည်။

သူ နဂါးအဖြစ်သို့ အသွင်မပြောင်းလဲခင်က၊ မိကျောင်းနက်လေးတစ်ကောင် ဘဝဖြင့် ငါးစာ အဖြစ် အသုံးချခံရခြင်းက တစ်ကဏ္ဍ ဖြစ်သည်။ သို့သော် မိုးပြာနဂါးနှင့် အုပ်စိုးရှင်နဂါးတို့ ၏ ပြီးပြည့်စုံသော သွေးမျိုးဆက်ပေါင်းစပ်မှုမှ ဆင်းသက်လာသည့် မိုးပြာနဂါးနက် ဖြစ်လာသည့်တိုင်အောင်၊ အဘယ်ကြောင့် ယခင်ကဲ့သို့ တူညီသော ကံကြမ္မာမျိုးကို ခံစားနေရဦးမည်နည်း……။

"မြန်မြန်လုပ်…. မြစ်ကြီးကို မင်းရဲ့ အားသာချက်အဖြစ် အသုံးချလိုက်။ သူတို့ထဲက တချို့ က ရေထဲမှာ အသားမကျကြဘူး" ကျူးမင်လန်က တိုက်တွန်းလိုက်သည်။

မိုးပြာနဂါးနက်သည် မြစ်၏ အခြားတစ်ဖက်ကမ်းဆီသို့ တုံ့ဆိုင်းတုံ့ဆိုင်း ခြေလှမ်းများဖြင့် လျှောက်လှမ်းသွားခဲ့သည်။

ကျယ်ဝန်းသော မြစ်ပြင်သို့ ရောက်ရှိသွားသောအခါ မိုးပြာနဂါးနက်ကြီးသည် ရေထဲသို့ တန်းတန်းမတ်မတ် ဆင်းသွားခဲ့ပြီး၊ ၎င်း၏ တောင့်တင်းခိုင်မာသော အမြီးနှင့် မိကျောင်း နဂါးတစ်ကောင်၏ ဗီဇစိတ်ကို အသုံးပြုကာ ရေအောက်တွင်လည်း ကျွမ်းကျင်လျင်မြန်စွာ ရွေ့လျားသွားလာခဲ့သည်။

ထို့အပြင် ဝေလငါးများ၊ ငါးမန်းများကဲ့သို့ ဧရာမ ရေသတ္တဝါကြီးများနှင့် မတူညီဘဲ ၎င်း၏ ခြေလက်လေးဖက်ကြောင့် ရေတိမ်ပိုင်းတွင် သောင်တင်သွားခြင်းမျိုး မည်သည့်အခါမျှ ဖြစ်ပေါ်မည် မဟုတ်ပေ။ မြစ်ကို ဖြတ်ကူးပြီးနောက်တွင် မိုးပြာနဂါးနက်ကြီးသည် ရေထဲမှနေ၍ ဖြည်းညင်းစွာ မတ်တတ်ရပ်လိုက်၏။

ခက်ထန်ကြမ်းကြုတ်သော ဤနဂါးကြီးသည် အဝေးမှကြည့်လျှင်ပင် တောရိုင်းဆန်ကာ ခွန်အားကြီးမားသည့် ခန္ဓာကိုယ်ဖွဲ့စည်းပုံ၏ အငွေ့အသက်များကို ထုတ်လွှတ်နေခဲ့ပြီး၊ ယခုကဲ့သို့ အနီးကပ် မြင်တွေ့ရချိန်တွင် မြစ်ရေများက ၎င်း၏ကျောပြင်ထက်မှ လျှောကျ သွားကာ မှောင်မိုက်ပြီး ကြမ်းတမ်းမာကျောသော နဂါးအရေခွံကြီး ပေါ်ထွက်လာစဉ် ၎င်းမှာ ရွေ့လျားနေသည့် သံရည်ကျို တောင်တန်းကြီးတစ်ခုအလား ထင်မှတ်ရပေသည်။

မိုးပြာနဂါးနက်၏ သွေးမျိုးဆက်မှာ အခြားသော နဂါးများစွာထက် သာလွန်နေသည်ကို တော့ ဝန်ခံရမည်ပင်။ ဥပမာအားဖြင့် မိုးပြာနဂါးနက်၏ ရှေ့မှောက်တွင် 'တောအုပ်နဂါး စိမ်း' မှာ လုံးဝကို သာမန်ကာလျှံကာမျှသာ ဖြစ်နေပုံရပြီး၊ ခန္ဓာကိုယ် ပို၍ သွယ်လျသော အခြားနဂါးများကိုမူ ဆိုဖွယ်ရာပင် မရှိတော့ချေ။

အရွယ်ရောက်ပြီးသော 'တောအုပ်နဂါးစိမ်း' တစ်ကောင်မှာ ခန္ဓာကိုယ် အရွယ်အစားအရ အတော်လေး ထင်ရှားပေါ်လွင်သော်လည်း ကံမကောင်းစွာဖြင့် ၎င်းမှာ မိုးပြာနဂါးနက်ကြီး ထက် ခေါင်းတစ်လုံးခန့် ပုနေဆဲဖြစ်သည်... မိုးပြာနဂါးနက်၏ အလွန်အမင်း ကြမ်းကြုတ် ရက်စက်ပုံပေါ်နေသော ဖြောင့်စင်းသည့် ဦးချိုကြီးများအကြောင်းကိုတော့ ထည့်ပြော နေစရာပင် မလိုတော့ပေ။

ငါးစာအဖြစ် အသုံးချခံရမည်ဆိုမှတော့၊ ရန်သူများ ဒေါသထွက်လာအောင် ဆွပေးရမည်ဆို မှတော့ မိုးပြာနဂါးနက်ကြီး၌ ရန်သူများကို ဆွဲဆောင်နိုင်မည့် ၎င်း၏ ကိုယ်ပိုင်နည်းလမ်း ရှိနေပေသည်။

၎င်းက မြစ်၏ တစ်ဖက်ကမ်းဆီသို့ လှမ်းတက်လိုက်။ ထိုနေရာတွင် တိုက်ခိုက်ရန် စိတ်အား ထက်သန်နေပုံရသည့် လက်သည်းနီခြေမြန်နဂါး တစ်ကောင်မှအပ အခြားသော နဂါးများ အားလုံးကို ၎င်းတို့၏ သခင်များက ထိန်းချုပ်ထားခဲ့ကြသည်။

"ဖူး... ဖီး" သူက နှာခေါင်းပေါက်များမှ ရေမှုန်ရေမွှားများကို အမြောက်အမြား မှုတ်ထုတ် လိုက်သည်။ ထို့နောက် မိုးပြာနဂါးနက်ကြီးသည် ၎င်း၏ ကြီးမားလှသော နဂါးတင်ပါးကြီး ကို နဂါးသားတော်အဆင့် အကောင်နှစ်ဆယ်ရှိရာဘက်သို့ လှည့်လိုက်ပြီး၊ ခန္ဓာကိုယ်ကို အနည်းငယ် ကွေးညွှတ်ကာ ၎င်း၏ နဂါးမျက်နှာကြီးကို မဲ့ရွဲ့လိုက်၏။

"ဗြုန်း…. ရွှမ်း…."

နဂါးချေးပုံကြီး တစ်ပုံ ကျဆင်းလာခဲ့သည်။ မြက်ခင်းစိမ်းစိမ်းပေါ်သို့ ကျရောက်သွားသည် နှင့် တပြိုင်နက် ထိုကြီးမားလှသော အပုံကြီးထံမှ ကောင်းကင်ယံအထိ လွင့်ပျံ့သွားစေမည့် အပုပ်နံ့ကြီးတစ်ခု ချက်ချင်းပင် ထွက်ပေါ်လာခဲ့သည်။ မြစ်ကမ်းဘေးမှ လေပြေလေညင်း များ တိုက်ခိုက်လာချိန်တွင် ထိုပြင်းထန်လှသော အနံ့ဆိုးကြီးမှာ လက်သည်းနီ ခြေမြန် နဂါး၊ ရွှံ့ကျောက်တုံးနဂါး၊ အစွယ်ရှည်ကျားနဂါး၊ ကြမ်းကြုတ်သော စာကလေးနဂါးတို့ ထံသို့ ရိုင်းပျစော်ကားဟန်ဖြင့် ပျံ့နှံ့ဝင်ရောက်သွားခဲ့လေတော့သည်...

နဂါးအကောင်နှစ်ဆယ်ရဲ့ ရှေ့တည့်တည့်မှာ ချီးပါချလိုက်တာပါလား…..

ဒီမိုးပြာနဂါးနက်ကြီးကတော့လေ...

တခဏတော့ စောင့်ကြည့်နေကြသော ကျောင်းသားများအားလုံး ဆွံ့အသွားခဲ့ကြသည်။ သခင်ကလည်း သခင်၊ နဂါးကလည်း နဂါး... အကန့်အသတ်မရှိ အရိုင်းဆန်လွန်းလှသည်။ သူ့လုပ်ရပ်က ယင်ယောင်ဝူ၊ ချန်လိန်လော့နှင့် အခြားသူများ၏ နဂါးများကို မည်မျှတောင် များ အထင်သေးလိုက်သနည်း……

တိုက်ပွဲကွင်းပြင်ပေါ်ရှိ နဂါးပိုင်ရှင်များမှာမူ သူတို့၏ မျက်နှာများမှာ ဒေါသကြောင့် မည်းမှောင်သွားခဲ့ကြပြီ။ သူတို့၏ နဂါးများမှာလည်း မိုးပြာနဂါးနက်ကြီး၏ အလွန်အမင်း ရန်စစော်ကားမှုကြောင့် အချုပ်အနှောင်များကို ဖြတ်တောက်ပစ်ချင်လာသည်အထိ ဒေါသထွက်လာကြပြီး၊ ၎င်းအား ချက်ချင်းပင် ဆွဲဖြဲပစ်ချင်နေကြတော့သည်။ အထူးသဖြင့် ထိုရှေးဟောင်းနဂါးများပင် ဖြစ်သည်။

ရှေးဟောင်းနဂါးများသည် ၎င်းတို့၏ နယ်မြေများကို သတ်မှတ်ရာတွင် မစင်များကို အသုံးပြုလေ့ရှိကြပြီး လေလွင့်နေသော အခြားသားရဲများ ၎င်းတို့၏ နယ်မြေအတွင်းသို့ ဝင်ရောက်လာခြင်းမှ တားဆီးကာ၊ မလိုအပ်သော တိုက်ပွဲများကို ရှောင်ရှားရန်အတွက် ဖြစ်သည်။

သို့သော် ယခုကဲ့သို့ လူသိရှင်ကြား မစင်စွန့်ချလိုက်ခြင်းမှာ "ကိုယ်တိုင်လည်း အသက်ရှင်ပါ၊ သူတစ်ပါးကိုလည်း အသက်ရှင်ခွင့်ပေးပါ" ဆိုသည့် ငြိမ်းချမ်းရေး သဝဏ်လွှာမျိုး မဟုတ်ပါ ချေ။ သဘောက "မင်းတို့ ရပ်နေတဲ့ နေရာက ငါ့ပိုင်နက်ပဲ၊ ပြီးတော့ အဲဒီနေရာမှာ ငါ လုပ်ချင်သလို လုပ်မယ်" ဆိုပြီး သူတို့ကို အတိအလင်း အသိပေးလိုက်ခြင်းပင် ဖြစ်သည်။

"အောက်တန်းကျတဲ့နဂါး၊ အောက်တန်းကျတဲ့လူ" ရုပ်ရည်ချောမောသော မင်းမျိုးမင်းနွယ် ယင်ယောင်ဝူက ဒေါသတကြီး ပြောလိုက်လေသည်။

အကြိမ်ကြိမ် အရှက်ခွဲခံရပြီးနောက်တွင် ယင်ယောင်ဝူ၏ သည်းခံနိုင်စွမ်းမှာ ကန့်သတ် ချက်သို့ ရောက်ရှိသွားခဲ့ပြီ။

"ဒီလိုလူမျိုးနဲ့ လူကြီးလူကောင်းဆန်ဆန် တိုက်ခိုက်ဖို့အကြောင်း ဘာလို့ ပြောနေရမှာလဲ။ သူက လူကြီးလူကောင်းက ဘာလဲဆိုတာ နားမလည်တဲ့လူမျိုးကွ။ သူ့ကို အားလုံး ဝိုင်းပြီး ရှင်းပစ်လိုက်ကြစို့" ချန်လိန်လော့က ဤအခိုက်အတန့်တွင် အော်ဟစ်လိုက်သည်။

ယင်ယောင်ဝူက ချန်လိန်လော့ကို နားမလည်နိုင်ဟန်ဖြင့် ကြည့်လိုက်၏။ ချန်လိန်လော့က အဘယ်ကြောင့် ဤကဲ့သို့ ပြောရသနည်း။ ကျူးမင်လန်ကို သူတစ်ယောက်တည်း ရှင်းပေးပြီးမှ အားလုံး ဝိုင်းပြီး တံတွေးထွေးကြမည်ဟု သဘောတူထားခဲ့သည် မဟုတ်ပါ လော။

"ဟိုနဂါးမှာ အုပ်စိုးရှင်နဂါး သွေးမျိုးဆက် ပါနေတယ်။ မင်းရဲ့ လက်သည်းနီ ခြေမြန်နဂါးနဲ့ ဆိုရင် သူ့ကို ယှဉ်နိုင်မှာ မဟုတ်ဘူး" ချန်လိန်လော့က ယင်ယောင်ဝူထံသို့ အမြန် တိုးတိုး လေး ပြောလိုက်သည်။

ယင်ယောင်ဝူသည် စိတ်မကျေနပ်သော်လည်း ပြန်လည် မချေပခဲ့ပေ။ အမှန်စင်စစ် ကျူးမင်လန် ဆင့်ခေါ်ခဲ့သော မိုးပြာနဂါးနက်ကြီးက သူ့ကို အံ့အားသင့်စေခဲ့သည်။ ထိုလူက အမှန်တကယ်ပင် 'နဂါးထိန်း' တစ်ဦး ဖြစ်နေလိမ့်မည်ဟု သူ မထင်မှတ်ထားခဲ့မိပေ။ ထိုသို့ဆိုလျှင် သူက လေလွင့်သူတစ်ယောက်သာ ဖြစ်သည်ဆိုသည့် ကောလာဟလများက အဘယ်နည်း။

အခြားသော ရှေးဟောင်းနဂါးတစ်ကောင်ဖြစ်သည့် အစွယ်ရှည်ကျားနဂါးက ဒေါသတကြီး ဟိန်းဟောက်လိုက်၏။ ၎င်းမှာ အလွန်အမင်း ရိုင်းစိုင်းကြမ်းတမ်းပြီး ၎င်း၏ သခင်ဖြစ်သူက ထိန်းချုပ်ရန် ကြိုးပမ်းနေသည့်တိုင်အောင် အစွယ်ရှည်ကျားနဂါး၏ မူလသဘာဝကိုမူ ထိန်းချုပ်၍ မရနိုင်ခဲ့ပေ။ ဤကိစ္စက သူတို့၏ မျက်နှာရှေ့တည့်တည့်၌ပင် မစင်စွန့်ချသွား သည်အထိ ဖြစ်သွားခဲ့ရပြီ မဟုတ်လော….

"ဂရား……"

ကြမ်းကြုတ်သော စာကလေးနဂါးမှာလည်း အလွန်အမင်း ဒေါသထွက်လွယ်သည့် သတ္တဝါ ဖြစ်သည်။ အစွယ်ရှည်ကျားနဂါးက ရှေ့ဆုံးက ရှိနေသော်လည်း၊ စာကလေးနဂါး၏ အရှိန် မှာ ပို၍ပင် မြန်ဆန်လှသည်။ ၎င်း၏ အတောင်ပံများကို လျင်မြန်စွာ ခတ်လိုက်ပြီး၊ စာကလေးနဂါး၏ ချွန်ထက်လှသော လက်သည်းများဖြင့် မိုးပြာနဂါးနက်ကြီး၏ မျက်လုံး များကို တည့်တည့် ချိန်ရွယ်သွားသည်ကို မြင်လိုက်ရသည်။

သို့သော် မိုးပြာနဂါးနက်မှာ တိုက်ပွဲဝင်ရန် ဆန္ဒမရှိဘဲ ခြေလှမ်းကျဲကြီးများဖြင့် မြစ်ဘက်သို့ ပြေးသွားခဲ့သည်။

လျင်မြန်သွက်လက်မှုအပိုင်းတွင် သူသည် အစွယ်ရှည်ကျားနဂါး၏ ကုန်းမြေပေါ် အပြေးနှင့် စာကလေးနဂါး၏ ပျံသန်းမှုကို မယှဉ်နိုင်သည်မှာ အမှန်ပင်။ မကြာခင်မှာပင် သူသည် အမြန်ဆုံး နဂါးနှစ်ကောင်၏ ဝိုင်းပတ်ခြင်းကို ခံလိုက်ရသည်။

သို့သော် မိုးပြာနဂါးနက်ကြီးမှာ မြက်ခင်းပြင်ပေါ်ရှိ သိုးတစ်ကောင် မဟုတ်ပေ။ ၎င်းက သူ့ဆီသို့ ပျံသန်းလာသော စာကလေးနဂါးကို ရှေ့လက်ဖျံများဖြင့် ဆုပ်ကိုင်လိုက်ပြီး နောက်၊ ကိုက်ခဲရန် ကြိုးပမ်းနေသော အစွယ်ရှည်ကျားနဂါးပေါ်သို့ ပြင်းထန်စွာ ပစ်ပေါက် လိုက်သည်။

စာကလေးနဂါးနှင့် အစွယ်ရှည်ကျားနဂါးတို့မှာ တစ်ကောင်နှင့်တစ်ကောင် ရောထွေးကာ ဆယ်မီတာကျော်အထိ လူးလိမ့်သွားကြသည်။

မကြာမီပင် အခြားနဂါးများလည်း ရောက်ရှိလာကြသည်။ ၎င်းတို့အားလုံးမှာ အလွန်အမင်း ရန်လိုပြီး ဒေါသထွက်နေကြကာ မိုးပြာနဂါးနက်ကြီးကို အရှင်လတ်လတ် ဝါးမြိုပစ်ရန်သာ စိတ်အားထက်သန်နေကြသည်။

ဆုံးဖြတ်ချက် ပြတ်သားစွာဖြင့်ပင် မိုးပြာနဂါးနက်ကြီးသည် မြစ်ထဲသို့ ခုန်ချလိုက်ရာ ရေလှိုင်းကြီးများ တဟုန်ထိုး ထွက်ပေါ်လာပြီးနောက် မြစ်၏ တစ်ဖက်ကမ်းသို့ ကူးခတ် သွားခဲ့သည်။

ရေထဲတွင်မူ အခြားမည်သည့်နဂါးမဆို မိုးပြာနဂါးနက်၏ အရှိန်ကို မယှဉ်နိုင်ပေ။ နဂါးမျိုး စိတ်များထဲတွင် သေးငယ်သည့် လက်သည်းနီ ခြေမြန်နဂါးပင်လျှင် ရေစီးသန်လှသော ကြောင့် မျောပါသွားမည်ကို စိုးရိမ်ကာ မြစ်ထဲသို့ မဆင်းရဲကြပေ။

"သွားမည်းကြီး၊ ကုန်းပေါ်တက်တော့!" ကျူးမင်လန်က ကျယ်လောင်စွာ အော်ဟစ်လိုက် သည်။

မြစ်ကို ဖြတ်ကူးပြီးနောက်တွင် အခြားနဂါးများမှာ အဝေးကြီးတွင် ကျန်ရစ်ခဲ့ကြသော် လည်း၊ ပျံသန်းနိုင်သည့် စာကလေးနဂါးနှင့် သွေးတောင်ပံနဂါး တစ်ကောင်တို့မှာမူ ကမ်းတစ်ဖက်သို့ ရောက်ရှိလာခဲ့ကြသည်။ ကျူးမင်လန်သည် လေထဲတွင် ပျံသန်းနေသော နဂါးနှစ်ကောင်ကို တစ်ချက်ကြည့်လိုက်ပြီးနောက်၊ မြစ်ထဲသို့ လိုက်ပါလာကြသည့် ကျန်ရှိသော နဂါးလေးများကို ကြည့်လိုက်သည်။

မိုးပြာနဂါးနက် တစ်ကောင်တည်းဖြင့်ဆိုလျှင် ကျူးမင်လန်အား မောင်းထုတ်ချင်နေသည့် ထိုကျောင်းသားများအဖို့ ဤကဲ့သို့သော မြစ်ကလေးမျှကို ဂရုစိုက်ကြမည် မဟုတ်ပေ။ ရေထဲတွင် ကျွမ်းကျင်သည့် နဂါးတိုင်းမှာ လိုက်လံ ဖမ်းဆီးလာကြသည်...

မြစ်၏ ရေစီးသန်ပုံမှာ ဧရာမ အစစ်မှန် နဂါးများစွာအတွက်မူ အတားအဆီးတစ်ခု မဟုတ်ခဲ့ ပေ။

"အဖြူလေး၊ နောက်ကလိုက်လာတဲ့ ကောင်တွေကို အေးခဲပစ်လိုက်"

ထိုအခိုက်အတန့်တွင် ကျူးမင်လန်သည် သူ၏ နောက်ထပ် 'ဝိညာဉ်ပဋိညာဉ်' တစ်ခုကို ဖွင့်လှစ်လိုက်၏။ သန့်စင်သော အဖြူရောင် အလင်းတန်းများမှာ တောက်ပသော အမှတ် အသားတစ်ခုအဖြစ် ပေါင်းစပ်သွားခဲ့ပြီး ထိုအမှတ်အသားပတ်လည်တွင် နှင်းနှင့် ရေခဲများ လွင့်ပျံ့လာခဲ့သည်။

ငွေနှင်းအရုဏ်ဦးနဂါးဖြူသည် ဝိညာဉ်နယ်မြေမှ ထွက်ပေါ်လာချိန်တွင်၊ ဤကျယ်ပြော သော မြစ်တိုက်ပွဲ ကွင်းပြင်ပေါ်၌ လေပွေမုန်တိုင်းတစ်ခု စတင် တိုက်ခတ်လာခဲ့သည်။ နှင်းမုန်တိုင်း တိုက်ခတ်မှုကြောင့် အနည်းငယ် ကြည်လင်နေသော ဆောင်းဦးပေါက် နေ့လယ်ခင်းကို ဆောင်းရာသီ၏ အုံ့မှိုင်းသော အရှိန်အဝါများဖြင့် ချက်ချင်းပင် လွှမ်းခြုံ လိုက်သည်။

"အဲဒါ အဖြူလေး မဟုတ်လား….၊ သူက ဘယ်လိုလုပ်ပြီး ဒီလောက်မြန်မြန် တိုးတက်သွား တာလဲ" ယခင်က အကယ်ဒမီတွင် အဖြူလေးကို မြင်ဖူးသည့် ကျောင်းသားအချို့က အံ့အားသင့်စွာဖြင့် အော်ဟစ်လိုက်ကြသည်။

အဖြူလေးမှာ ယခင်က အဖြူရောင် လင်းယုန်တစ်ကောင်ထက် မကြီးမားခဲ့သော်လည်း၊ ယခုအခါတွင်မူ အပြည့်အဝ ကြီးထွားနေပြီ ဖြစ်သည်။ ၎င်းဖြန့်လိုက်သော အတောင်ပံများ မှာ တောက်ပသော အမွေးအတောင်များဖြင့် စာကလေးနဂါးထက်ပင် ပိုမို ခန့်ညားထည်ဝါ ကာ၊ ၎င်း၏ ခန္ဓာကိုယ်ပေါ်တွင်လည်း မရေမတွက်နိုင်သော သန့်စင်သည့် 'ရေခဲကတ္တီပါ အမွေး' များ ရှိနေခဲ့သည်။

ဆောင်းရာသီ၏ အအေးဓာတ်မှာ ပြင်းထန်လွန်းနေပြီးဖြစ်ရာ၊ အဖြူလေး ရောက်ရှိလာ ခြင်းကြောင့် ဤမြေပြင်ပေါ်ရှိ အပူချိန်မှာ အလျင်အမြန် ကျဆင်းသွားခဲ့ပြီး အမှန်ပင် ကြောက်မက်ဖွယ်ကောင်းသော ရေခဲကမ္ဘာတစ်ခု ဖြစ်ပေါ်လာခဲ့သည်။

မြစ်တိုက်ပွဲ ကွင်းပြင်တစ်ခုလုံး ရေခဲများ ဖုံးလွှမ်းသွားခဲ့သည်။ အဖြူလေးက ၎င်း၏ အဖြူရောင် အတောင်ပံများကို ပြင်းထန်စွာ ခတ်လိုက်သည့်အခါ၊ မြစ်ရေပြင်အထက်တွင် အေးခဲစေသော လေစီးကြောင်းများ လည်ပတ်သွားခဲ့သည်။ ပထမဦးစွာ မြေပြင်ကို အဖြူရောင် သံချပ်ကာအလား ဖုံးလွှမ်းသွားစေသည့် ထူထဲသော ရေခဲအလွှာများ ဖြစ်ပေါ် လာပြီးနောက်... မငြိမ်မသက် ဖြစ်နေသော မြစ်ရေပြင်မှာလည်း တစ်ခဏအတွင်းမှာပင် ငြိမ်သက်သွားကာ ရေပြင်မျက်နှာပြင်မှာ ထူထဲသော ရေခဲပြင်ကြီးတစ်ခုအဖြစ် ပြောင်းလဲ သွားတော့သည်။

ရေခဲအလွှာများမှာ မြစ်ထဲသို့ တိုးဝင်လာနေကြသော နဂါးများကို ဖမ်းမိသွားခဲ့ပြီး၊ ၎င်းတို့၏ ခန္ဓာကိုယ်တစ်ဝက်မှာ ရေခဲပြင်အောက်တွင် နစ်မြုပ်နေကာ ကျန်တစ်ဝက်မှာ အပြင်ဘက် သို့ ပေါ်ထွက်နေလျက် ရှိသည်။

အမှန်စင်စစ် အေးခဲစေသော လေစီးကြောင်းများ တိုက်ခတ်လာစဉ်ကပင် ၎င်းတို့သည် ရေထဲမှ လွတ်မြောက်ရန် ရုန်းကန်နေခဲ့ကြသည်။ သို့သော် ရေပြင်မှာ အလွန်လျင်မြန်စွာ အေးခဲသွားခဲ့သောကြောင့် ၎င်းတို့၏ အစွမ်းကုန် အားထုတ်မှုဖြင့် ရေခဲပြင်ကို ဖောက်ထွက် ရန် မစွမ်းသာတော့ချေ။ ထို့ကြောင့် သူတို့သည် ထူထဲသော ရေခဲပြင်ကြီးက ၎င်းတို့အား တစ်စတစ်စ ပိတ်လှောင်ကာ မြစ်ရေပြင်၏ အေးခဲနေသော ဖမ်းဆီးမှုအတွင်းသို့ တုပ်နှောင် သွားသည်ကိုသာ ငေးကြည့်နေခဲ့ကြရသည်။

"နဂါးစစ်သူကြီးအဆင့်"

ကောင်းကင်ယံတွင်ရှိသော နည်းပြဆရာ ပိုင်ယီရှူသည် အဖြူလေးကို ကြည့်ရင်း အတော် လေးပင် အံ့အားသင့်သွားခဲ့သည်။

ဒီကျောင်းသားက နဂါးထိန်း ကျောင်းသားနှစ်ဆယ်ကို စိန်ခေါ်ရဲတာ မဆန်းတော့ပါဘူး၊ သူ့ရဲ့အဖြူလေးက တကယ်ကို 'နဂါးစစ်သူကြီး' အဆင့်ထိ ရောက်ရှိနေခဲ့တာပဲ။

ထို့အပြင် မြစ်ရေပြင်ကို အသုံးပြုကာ ရေခဲမှော်ပညာ၏ ထိရောက်မှုကို အမြင့်ဆုံးအထိ မြှင့်တင်လိုက်နိုင်ခဲ့သည်။ တိုက်ပွဲ အစပျိုးချိန်မှာပင် မြစ်ကမ်းဘေးရှိ နဂါးများမှာ တိုက်ခိုက်နိုင်စွမ်း ဆုံးရှုံးသွားပြီး ရေခဲပြင်ထဲတွင် ပိတ်မိနေသော နဂါး ခုနစ်ကောင် သို့မဟုတ် ရှစ်ကောင်အထိ ရှိနေခဲ့ပြီ။

"မင်းတို့ မြင်ကြလား…..၊ ငါ ပြောသားပဲ။ ကျူးမင်လန်ရဲ့ ငွေနှင်းအရုဏ်ဦးနဂါးဖြူက အဆင့်တက်သွားပါပြီလို့၊ ဘာလို့ မင်းတို့ကောင်တွေ တစ်ယောက်မှ မယုံကြတာလဲ" ထိုအချိန်တွင် ဟုန်ဟောက်က အဖြူလေးသည် သူ၏ နဂါးကိုယ်ပိုင်ဖြစ်သည့်အလား စိတ်လှုပ်ရှားစွာဖြင့် အော်ပြောလိုက်သည်။

အခြားသူများမှာလည်း ကောင်းကင်တွင် ဝဲပျံနေသော ငွေနှင်းအရုဏ်ဦးနဂါးဖြူကို မှင်သက်စွာ ကြည့်နေကြသည်။ ဤသည်မှာ လွန်ခဲ့သော လအနည်းငယ်ကမှ အကယ်ဒမီ သို့ တက်ရောက်လာသည့် ကျောင်းသားတစ်ဦးဟုဆိုလျှင် မည်သူမျှ မယုံကြည်နိုင်ကြပေ။ အမှန်စင်စစ် 'နဂါးစစ်သူကြီးအဆင့်' နဂါးတစ်ကောင် ပိုင်ဆိုင်ထားသည့် နဂါးထိန်းတစ်ဦး ဆိုလျှင် သူတို့၏ နည်းပြဆရာအဖြစ်ပင် အရည်အချင်း ပြည့်မီနေပြီ ဖြစ်သည်။

"အရင်တုန်းက သူ့ရဲ့ငွေနှင်းအရုဏ်ဦးနဂါးဖြူက ကြီးထွားမူအဆင့်မှာပဲ ရှိသေးတာလား" နန်ရီသည်လည်း ငွေနှင်းအရုဏ်ဦးနဂါးဖြူ၏ စစ်မှန်သော ပုံသဏ္ဌာန်ကို ပထမဆုံးအကြိမ် မြင်တွေ့နေရခြင်း ဖြစ်သည်။ ၎င်းသည် အကယ်ဒမီတွင် သူ၏ 'တောအုပ်နဂါးစိမ်း' နှင့် တိုက်ခိုက်ခဲ့စဉ်ကထက် ကမ္ဘာတစ်ခုစာမျှ ကွာခြားနေခဲ့သည်။

ငွေဖြူရောင် သန့်စင်သော သံချပ်ကာအလား ထွန်းလင်းတောက်ပနေသည့် ထိုလှပသော 'ရေခဲကတ္တီပါအမွေး' များနှင့် မြင့်မြတ်သော ရေခဲနှင်းဖတ်များ အားလုံးမှာ အေးခဲစေသည့် မှော်စွမ်းအားများဖြင့် ပြည့်နှက်နေ၏။ လှုပ်ရှားလိုက်သည့် လက်ဟန်တစ်ခုတည်းကပင် နှင်းမုန်တိုင်းကြီးကို ဖန်တီးပေးနိုင်စွမ်း ရှိနေခဲ့သည်...

"အရွယ်ရောက်ပြီးသား ငွေနှင်းအရုဏ်ဦးနဂါးဖြူက ဒီလောက်တောင် အစွမ်းထက်တာ လား…..၊ အစစ်မှန်နဂါး ခုနစ်ကောင် ရှစ်ကောင်ကို တစ်ပြိုင်နက်တည်း ပိတ်လှောင်နိုင်တာ လား…" လီရှောင်ရင်သည် နဂါးများ၏အဆင့်ကို ကောင်းကောင်း မခွဲခြားတတ်သော် လည်း၊ အဖြူလေး အသုံးပြုလိုက်သည့် 'ကောင်းကင်ရေခဲ မြေပြင်အချုပ်' မှော်ပညာ၏ ပြင်းထန်လွန်းသော အရှိန်အဝါက စိန်ခေါ်သူ အခြားနဂါးတွေထက် အဆပေါင်းများစွာ ပိုမိုအစွမ်းထက်နေကြောင်းကိုမူ ကောင်းကောင်းကြီး ခံစားမိနေသည်။

"သူတို့နဂါးတွေက နဂါးသားတော်အဆင့်တွေ၊ ကျူးမင်လန်ရဲ့ ငွေနှင်းအရုဏ်ဦးနဂါးဖြူက နဂါးစစ်သူကြီးအဆင့်လေ" နန်ရီက ရှင်းပြလိုက်သည်။

စာစဉ် (၆) ပြီးပါပြီ။

ဘာသာပြန်သူ နေဇင်။

All Chapters