← Chapters

အခန်း ၁၈၇၇

Vol. 126 Ch. 1877

အခန်း ၁၈၇၇

Vol. 126 Ch. 1877

အခန်း (၁၈၇၇ )

လျှို့ဝှက်လဝန်းနန်းတော် ထပ်မံရွှေ့ပြောင်းတော့မှာလား

ထျန်းရန် နတ်ဘုရား နယ်မြေရှိ ချန်ဘုရင်ဘဝမှာ သူ၏ ပထမဦးဆုံးသော ဘဝမဟုတ်တာများလားဟု ထိုအခိုက်အတန့်တွင်လုချန်း အတွေးပွားမိလာ၏။ သူ့၌ အခြားသော ဘဝများ ရှိခဲ့ဖူးပြီး ကောင်းကင်ဘုံလမ်းစဉ်ဂိုဏ်းဆိုသည်မှာလည်း လွန်ခဲ့သော ဘဝတစ်ခု၌ သူ ချန်ရစ်ခဲ့သည့် အဖွဲ့အစည်းတစ်ခု ဖြစ်နေမလားဟု သံသယဝင်မိပြန်၏။

လုချန်းက စနစ်ကို

“စနစ်... ကောင်းကင်ဘုံလမ်းစဉ်ဂိုဏ်းက ကျုပ်ရဲ့ အရင်ဘဝတုန်းက တည်ထောင်ခဲ့တဲ့ အင်အားစုတစ်ခုလား။”

စနစ်က

“အချိန်တန်ရင် သခင် သဘာဝအတိုင်း သိလာပါလိမ့်မယ်။”

ဤအဖြေအပေါ် လုချန်း အံ့သြတုန်လှုပ်ခြင်း လုံးဝမရှိပေ။

သူက ဆက်လက်၍

“ဒါဆို ကောင်းကင်ဘုံလမ်းစဉ်ဂိုဏ်းမှာ အစွမ်းထက်တဲ့သူ ဘယ်နှစ်ယောက်လောက် ရှိလဲ... သူတို့ရဲ့ စွမ်းအားကရော ဘယ်လောက်ရှိလဲ”

စနစ်က

“ကောင်းကင်ဘုံလမ်းစဉ်ဂိုဏ်းရဲ့ ဂိုဏ်းဝင်တွေက ထျန်းရန် နတ်ဘုရား နယ်မြေအနှံ့ ပျံ့နှံ့နေပါတယ်.. အစွမ်းထက်တဲ့သူ ဘယ်နှစ်ယောက်ရှိလဲဆိုတာကိုတော့ နောက်နောင်ကျရင် သခင် သဘာဝအတိုင်း သိလာပါလိမ့်မယ်။”

ထိုအဖြေများကို ကြားလျှင် စနစ်တွင် တိကျသော စည်းမျဉ်းအချို့ ရှိနေကြောင်း သိထားသဖြင့် လုချန်း ထပ်မံ၍ မမေးမြန်းတော့ပေ။

ဤအခြေအနေက ကစဉ့်ကလျား သားရဲ၏ ဝမ်းဗိုက်အတွင်း ရောက်ရှိစဉ်က နတ်အာရုံတစ်ခုကို ခွဲထုတ်ခဲ့သည်နှင့် ဆင်တူလှ၏။ ထိုနတ်အာရုံကို ခွဲထုတ်စဉ်က သူ့ကိုယ်သူ လမ်းပြရာတွင် အလောတကြီး မဖြစ်စေရန် ကန့်သတ်ချက်တစ်ခု ထားရှိခဲ့ဖူး၏။

ထို့ကြောင့် စနစ်၏ လည်ပတ်ပုံအရ အကြောင်းအရာ အမြောက်အမြားကို အချိန်မတိုင်မီ ကြိုတင်သိခွင့် မရခြင်း ဖြစ်သည်။

စနစ်က ဤအသေးစိတ် အချက်အလက်များကို ဖွင့်ဟမပြခြင်းမှာ သူ၏ လက်ရှိစွမ်းအားနှင့်ဆိုလျှင် ကောင်းကင်ဘုံလမ်းစဉ်ဂိုဏ်းအကြောင်း အလွန်အကျွံ သိရန် မသင့်တော်သေးဟု အဓိပ္ပာယ်ရသည်။ ဤအချက်ကြောင့် ဤစနစ်သည် သူ၏ လွန်ခဲ့သော ဘဝပေါင်းများစွာက ချန်ရစ်ခဲ့သည့် နတ်အာရုံတစ်ခု ဖြစ်နေမလားဟု လုချန်း ပို၍ အတွေးပွားမိပြန်၏။

သို့သော် ထိုသို့ တွေးထင်မိသော်လည်း လက်ရှိတွင်တော့ လုချန်း အတည်ပြုရန် ကြိုးပမ်းမည် မဟုတ်ပေ။ သူ၏ စွမ်းအားမပြည့်စုံသေးပဲ သူ မထိန်းချုပ်နိုင်သည့် ကိစ္စရပ်များကို သိထားခြင်းက လမ်းစဉ်နှလုံးသားကို ပြင်းထန်စွာ ထိခိုက်စေနိုင်ကြောင်းကို လုချန်း ကောင်းစွာ နားလည်ထား၏။

ထို့ကြောင့် ဖြည်းဖြည်းချင်းသာ ရှေ့ဆက်သွားပြီး စွမ်းအားလုံလောက်လျှင်မှသာ စနစ်၏ စစ်မှန်သော ဖြစ်တည်မှုကို ရှာဖွေဖော်ထုတ်မည်ဟု ဆုံးဖြတ်လိုက်သည်။

……..

ထိုအခိုက်အတန့်တွင်။

မြောက်ပိုင်းနယ်ပယ်မှ အင်အားစုများ အရိုင်းနယ်မြေသို့ လာရောက်ရန် ပြင်ဆင်နေသည့် အကြောင်းကို လျှို့ဝှက်လဝန်းနန်းတော်၏ အကြီးအကဲများအား ယွမ်ယုတိ အသိပေးလိုက်ရာ အကြီးအကဲများအားလုံး၏ မျက်နှာများ တည်တံ့လေးနက်သွားကြ၏။

ခန်းမတစ်ခုလုံး ခဏခန့် အပ်ကျသံပင် ကြားရလောက်အောင် တိတ်ဆိတ်သွားပြီး မည်သူမှ စကားမဟရဲကြပေ။ မြောက်ပိုင်းနယ်တွင် အင်အားစု အမြောက်အမြား ရှိပြီး နတ်သခင် မည်မျှအထိ ရှိနေမည်ကိုလည်း မခန့်မှန်းနိုင်ပေ။

အဆိုးရွားဆုံး အချက်မှာ နယ်မြေတစ်ခုလုံး၏ အရှင်သခင်ဖြစ်သော နဂါးပြာ ခန်းမကိုယ်တိုင် အရိုင်းနယ်မြေသို့ လာရောက်ရန် ကြံရွယ်နေခြင်း ဖြစ်သည်။ အားနည်းသော နတ်ဂိုဏ်းအချို့သာဆိုလျှင် ကိစ္စမရှိသော်လည်း နဂါးပြာ ခန်းမကဲ့သို့ နယ်မြေအရှင်သခင်အဆင့် အင်အားစုကြီးကိုတော့ လျှို့ဝှက်လဝန်းနန်းတော် အနေနှင့် တုံ့ပြန်နိုင်စွမ်း မရှိပေ။

လျှို့ဝှက်လဝန်းနန်းတော်ကို ထပ်မံရွှေ့ပြောင်းရတော့မလားဟု အကြီးအကဲများ အတွေးဝင်လာကြသည်။ လွန်ခဲ့သော အချိန်တစ်ခုကလည်း တစ်ကြိမ် ရွှေ့ပြောင်းခဲ့ဖူးသဖြင့် မဖြေရှင်းနိုင်သော အကျပ်အတည်းများနှင့် ရင်ဆိုင်ရတိုင်း ရွှေ့ပြောင်းရန်သာ ပထမဦးဆုံး တွေးမိကြခြင်း ဖြစ်သည်။

အဘယ်ကြောင့်ဆိုသော် လုချန်း၏ ဝိညာဉ်နယ်ပယ် ဖြတ်ကျော် နည်းဗျူဟာပုံစံက သူတို့ကို မည်သည့်နေရာသို့မဆို ပို့ဆောင်ပေးနိုင်သောကြောင့် ဖြစ်၏။

ယွမ်ယုတိက

“နဂါးနယ်မြေက အရိုင်းနယ်မြေရဲ့ တောင်ဘက်အစွန်းဆုံးမှာ ရှိတာ... နဂါးပြာ ခန်းမက ဒီနေရာကို သတိမထားမိနိုင်ပေမဲ့ တခြားမြောက်ပိုင်းနယ် အင်အားစုတွေ တောင်ဘက်ကို ဆက်ဆင်းလာရင် ဒီနေရာကို ပစ်မှတ်ထားလာနိုင်တယ်... ကျွန်မတို့ ကြိုတင်ပြင်ဆင်ထားဖို့ လိုမယ်။”

ထိုအရာကို ကြားလျှင် နတ်ဘုရင်ခံ ဝေရွှီက

“ခန်းမသခင်... မြောက်ပိုင်းနယ်မြေက အင်အားစုတွေက အရိုင်းနယ်မြေတစ်လျှောက် တောင်ဘက်ကို ပျံ့နှံ့လာနေတာ... မြောက်ပိုင်းနယ်ရဲ့ အင်အားစုတွေကို အတူတူတွန်းလှန်ဖို့ အရိုင်းနယ်မြေထဲက တခြားနတ်ဂိုဏ်းတွေနဲ့ ပူးပေါင်းဖို့ မကြိုးစားသင့်ဘူးလား။”

ယွမ်ယုတိက

“ကျွန်မမှာလည်း အဲ့ဒီလို အစီအစဉ်ရှိပါတယ်... နဂါးနယ်မြေထဲမှာ နတ်သခင်တစ်ပါး ရှိနေတယ်... မြောက်ပိုင်းနယ်အင်အားစုတွေကို တွန်းလှန်ဖို့ ကျွန်မတို့နဲ့ ပူးပေါင်းချင်စိတ် ရှိမရှိ သိရအောင် သူ့ဆီ ဆက်သွယ်ကြည့်မယ်။”

နဂါးနယ်မြေအတွင်း ပုန်းအောင်းနေသော နတ်သခင်နှင့် ပတ်သက်၍တော့ ယွမ်ယုတိ အများကြီး မျှော်လင့်မထားပေ။

အဘယ်ကြောင့်ဆိုသော် သူမ နတ်သခင်အဆင့်သို့ တက်ရောက်စဉ်ကပင် ထိုနတ်သခင်သည် လုံးဝ မရှိသကဲ့သို့ တစ်ချက်မှ ပေါ်မလာခဲ့ဖူးသောကြောင့် ဖြစ်၏။ ထိုအချက်အရ ထိုနတ်သခင်သည် သက်တမ်းကုန်ဆုံးခါနီးဖြစ်ပြီး အသက်ဘေးအတွက် တံခါးပိတ် ကျင့်စဉ်စခန်း ဝင်နေခြင်းဖြစ်ကြောင်း ပြသနေသည်။

မြောက်ပိုင်းနယ် အင်အားစုများ တောင်ဘက်သို့ ဆင်းလာနေသည်ကို သိလျှင်ပင် ထိုနတ်သခင် ထွက်ပေါ်လာလိမ့်မည် မဟုတ်ပေ။ အကယ်၍ ထိုနတ်သခင်သာ ပြင်ပအင်အားစုများကို တကယ် တွန်းလှန်လိုမည့်သူဆိုပါက လျှို့ဝှက်လဝန်းနန်းတော် နဂါးနယ်မြေသို့ စတင်ပြောင်းရွှေ့လာစဉ်ကတည်းက မောင်းထုတ်ရန် ထွက်လာခဲ့ပြီးဖြစ်လိမ့်မည်။ ထိုစဉ်ကပင် ပေါ်မလာခဲ့သဖြင့် နောင်တွင်လည်း ဝင်ရောက်စွက်ဖက်မည် မဟုတ်ပေ။

ထိုနတ်သခင်အတွက်တော့ မည်သည့်အင်အားစုက နဂါးနယ်မြေကို စိုးမိုးသည်ဖြစ်စေ အရေးကြီးပုံမရပေ။ ထိုနတ်သခင် ထွက်ပေါ်လာအောင် ပြုလုပ်ရန် မဖြစ်နိုင်ကြောင်း သိသော်လည်း ယွမ်ယုတိ စမ်းသပ်ကြည့်ရန် ဆုံးဖြတ်လိုက်၏။

……

ခမ်းနားသော ကောင်းကင်ခန်းမ။

ကြယ်မြစ်ခန်းမအတွင်း၌။

ကြယ်မြစ် နတ်သခင်သည် နတ်သခင်ထိုက်ဟွာ၏ မှတ်ဉာဏ်ပုံရိပ်အား စိုက်ကြည့်ရင်း အတွေးထဲနစ်မြောနေသည်။

ထိုအခိုက်အတန့်တွင် နတ်သခင်ထိုက်ဟွာက

“နတ်သခင် ကောင်းကင်ကတော့ နတ်အလင်း မီးအိမ်တစ်ထောင်ကျမ်းစာဟာ သူတို့ဘိုးဘေးတွေဆီက ဆင်းသက်လာတဲ့ နတ်နိယာမလို့ ပြောနေတာပဲ... ဒါပေမဲ့ ကျုပ်ကတော့ အဲ့ဒါက လုချန်း ကစဉ့်ကလျား ပင်လယ်ထဲကနေ ယူလာခဲ့တဲ့ နတ်နိယာမ ဖြစ်လိမ့်မယ်လို့ သံသယဝင်မိတယ်။”

“ပြီးတော့ စစ်မြေပြင်မှာ လုချန်းနဲ့တူတဲ့သူတစ်ယောက်ကို တွေ့ခဲ့ရတယ်... သူက နတ်ဘုရင်အဆင့် စွမ်းအားနဲ့တင် နတ်သခင်အဆင့် ကောင်းကင်နတ်ဆိုးတစ်ကောင်ကို ပြင်းပြင်းထန်ထန် ဒဏ်ရာရအောင် တိုက်ခိုက်နိုင်ခဲ့တာ... လုချန်းကလွဲလို့ ဒီလိုအစွမ်းမျိုးရှိတဲ့ တခြားနတ်ဘုရင်ကို ကျုပ် မတွေးတတ်တော့ဘူး။”

ထိုသို့ပြောရင်း နတ်သခင်ထိုက်ဟွာက လက်တစ်ဖက်ကို မြှောက်လိုက်ရာ ခန်းမအတွင်း၌ အခြားသော မှတ်ဉာဏ်ပုံရိပ်တစ်ခု ထပ်မံထွက်ပေါ်လာ၏။ ခန်းမအတွင်းရှိ မြင်ကွင်း၌ လုချန်းက သူ၏ စွမ်းအားအပြည့်ဖြင့် နတ်သခင်အဆင့် ကောင်းကင်နတ်ဆိုးကို ပြင်းထန်စွာ ဒဏ်ရာရစေခဲ့သည့် တိုက်ကွက်ကို ပြသ‌နေသည်။

ထိုမြင်ကွင်းကို မြင်တွေ့ရလျှင် ခမ်းနားသော ကောင်းကင်ခန်းမ၏ နတ်သခင်များ ဝိုင်းဝန်းဆွေးနွေး ငြင်းခုံလာကြတော့သည်။

“လုချန်းက အရိုင်းနယ်မြေထဲမှာ ရှိနေတာ မဟုတ်ဘူးလား... သူ ဘယ်တုန်းက မြောက်ပိုင်းနယ်ပယ်ကို ရောက်သွားတာလဲ။”

“လုချန်းက အရိုင်းနယ်မြေထဲမှာ ကိုယ်ပွားတစ်ခု ချန်ထားခဲ့တာများလား။”

“လုချန်းက လျှို့ဝှက်လဝန်း ကျောင်းတော်နဲ့ ပတ်သက်နေတာ သေချာတယ်... မဟုတ်ရင် သူ ဘာလို့ လျှို့ဝှက်လဝန်းနန်းတော်ထဲ ဝင်သွားမှာလဲ... ကျုပ် မမှားဘူးဆိုရင် လျှို့ဝှက်လဝန်းနန်းတော်သခင်ဟာ နတ်သခင် ကောင်းကင်ရဲ့ တပည့်ရင်းပဲ။”

“ဒါဆိုရင် ကစဉ့်ကလျား ပင်လယ်ထဲက အခွင့်အရေးတွေအားလုံး လျှို့ဝှက်လဝန်း ကျောင်းတော်ရဲ့ လက်ထဲကို ရောက်သွားပြီပေါ့။”

ထိုအခိုက်အတန့်တွင် ဝူယာနတ်သခင်သည် ခန်းမအတွင်း၌ အဖန်ဖန် ပြသနေသော မှတ်ဉာဏ်ပုံရိပ်ကို ကြည့်ရင်း မျက်နှာပျက်ကာ အုံ့မှိုင်းနေ၏။ ကြယ်မြစ် နတ်သခင်၏ အကြည့်များကလည်း ဝူယာနတ်သခင်ထံသို့ မကြာခဏ ရောက်ရှိနေပြီး သူ၏ မသက်မသာဖြစ်နေသော မျက်နှာအမူအရာကို သတိပြုမိလိုက်၏။

ကြယ်မြစ် နတ်သခင်သည် ထိုင်ခုံလက်တင်ကို လက်ချောင်းဖြင့် တတောက်တောက် ခေါက်ရင်း အတွေးနက်နေဟန် တူသည်။

အချိန်အနည်းငယ် ကြာပြီးနောက် ကြယ်မြစ် နတ်သခင်က နောက်ဆုံးတွင် စကားစလာသည်။

“ခမ်းနားသော ကောင်းကင်ခန်းမ အနေနှင့် နောက်ထပ် ဘာဆက်လုပ်သင့်တယ်လို့ ခင်ဗျားတို့ ထင်ကြလဲ။”

မကြာသေးမီက ထျန်းရန် နတ်ဘုရား နယ်မြေကောင်းကင်ယံမှ လျှို့ဝှက်ဆန်းကြယ်သော အနက်ရောင် စွမ်းအားများ ထိုးဖောက်ဝင်ရောက်လာသည့် ပုံမှန်မဟုတ်သော ဖြစ်စဉ်တစ်ခု ပေါ်ပေါက်ခဲ့သည်။ ဝူယာနတ်သခင်ထံမှ လျှို့ဝှက်ဆန်းကြယ် စွမ်းအား၏ အငွေ့အသက်သည် အထက်မှ ထိုးဖောက်ဝင်ရောက်လာသော အနက်ရောင်စွမ်းအားနှင့် ထပ်တူကျနေကြောင်း ကြယ်မြစ် နတ်သခင် အတည်ပြုနိုင်ခဲ့၏။

ဤအသိက မကြာမီ ကျရောက်တော့မည့် ကပ်ဘေးသည် ဝူယာနတ်သခင်နှင့် ဆက်စပ်နေနိုင်သည်ဟု ကြယ်မြစ် နတ်သခင်ကို သံသယဝင်စေခဲ့သည်။ ထို့ကြောင့် ကြယ်မြစ် နတ်သခင်က အလျင်စလို ပြုမူခြင်း မရှိခဲ့ပေ။

သို့သော် ဝူယာနတ်သခင်၏ မကျေမနပ်ဖြစ်နေသော မျက်နှာထားကို မြင်လျှင် နတ်အလင်း မီးအိမ်တစ်ထောင်ကျမ်းစာသည် လုချန်း ကစဉ့်ကလျား ပင်လယ်မှ ယူဆောင်လာသော နတ်နိယာမ ဖြစ်ကြောင်း ကြယ်မြစ် နတ်သခင်စိတ်ထဲ အပြည့်အဝ နီးပါး သေချာသွားသည်။ ထိုနတ်နိယာမသည် ဝူယာနတ်သခင်အတွင်းရှိ မိစ္ဆာစွမ်းအားများကို နှိမ်နင်းနိုင်စွမ်း ရှိကောင်းရှိနိုင်သည်။

ဝူယာနတ်သခင်က

“ခန်းမသခင်... နတ်ဧကရာဇ်အဆင့် ရောက်ရှိနိုင်မယ့် အခွင့်အရေးကို သူတစ်ပါးလက်ထဲ အဆုံးမခံနိုင်ပါဘူး... ကျုပ်ကတော့ လျှို့ဝှက်လဝန်းနန်းတော်ကို စစ်သည်တော်တွေစေလွှတ် တိုက်ခိုက်ပြီး လုချန်းနဲ့ သူ ကစဉ့်ကလျား ပင်လယ်ထဲကနေ ရရှိခဲ့တဲ့ အခွင့်အရေးတွေကို အဓမ္မတောင်းယူဖို့ အကြံပြုချင်ပါတယ်။”

ဝူယာနတ်သခင်၏ ပြောစကားကို ကြားရလျှင် ကြယ်မြစ် နတ်သခင် အံ့သြခြင်း မရှိပေ။ နတ်အလင်း မီးအိမ်တစ်ထောင်ကျမ်းစာသည် ဝူယာနတ်သခင်အတွက် ခြိမ်းခြောက်မှုတစ်ခု ဖြစ်နေပါက ထိုနိယာမ ပျံ့နှံ့သွားခြင်းကို သူ ဧကန်မုချ ခွင့်ပြုမည် မဟုတ်ပေ။ ထို့ပြင် လုချန်း၏ လက်ထဲ၌ ဝူယာနတ်သခင်အား ခြိမ်းခြောက်နိုင်သည့် အရာ အမြောက်အမြား ရှိနေနိုင်သေးသည်။

ဝူယာနတ်သခင် ပြောပြီးနောက် အခြားသော နတ်သခင်တစ်ပါးက ထရပ်ကာ

“ခန်းမသခင်... ကျုပ်လည်း တတိယအကြီးအကဲရဲ့ အကြံပြုချက်ကို သဘောတူပါတယ်... နတ်ဧကရာဇ်က ခမ်းနားသော ကောင်းကင်ခန်းမကနေပဲ ထွက်ပေါ်လာရမယ်... တကယ်လို့ တခြားအင်အားစုကနေ နတ်ဧကရာဇ်တစ်ပါး ပေါ်ထွက်လာရင် ကျုပ်တို့ နတ်ဂိုဏ်းဟာ သူ့ရဲ့ လက်အောက်ခံ ဖြစ်သွားရုံပဲ ရှိပါလိမ့်မယ်။”

ထိုနတ်သခင် စကားပြောပြီးသည်နှင့် ကြယ်မြစ် နတ်သခင်က တည်ငြိမ်စွာဖြင့်

“လျှို့ဝှက်လဝန်းနန်းတော်ကနေ နတ်ဧကရာဇ်တစ်ပါး ပေါ်ထွက်လာမှာကို စိုးရိမ်နေမယ့်အစား နတ်ဆိုးဧကရာဇ်ရဲ့ စွမ်းအား ပြန်လည်နိုးထလာမှာကိုပဲ ပိုပြီး စိုးရိမ်သင့်တယ်။”

--

………..

All Chapters