အခန်း ၁၈၇၈
Vol. 126 Ch. 1878
အခန်း (၁၈၇၈ )
အခြားသော မဟာမိတ်များ ရှိနေနိုင်ခြေ
ကြယ်မြစ် နတ်သခင်၏ စကားကို ခန်းမတွင်းရှိ နတ်သခင်အားလုံး မှင်တက်သွားကြရ၏။ လက်ရှိတွင် နတ်ဘုရားနယ်မြေ မဟာမိတ်တပ်ကြီး လူစုခွဲသွားခဲ့ပြီဖြစ်ပြီး မြောက်ပိုင်းနယ်၏ အမျိုးမျိုးသော အင်အားစုများသည်လည်း တောင်ဘက်သို့ စတင်ရွှေ့ပြောင်းလာနေကြပြီ ဖြစ်သည်။
နတ်ဆိုးဧကရာဇ်သည်လည်း ကြီးမားသော ခြိမ်းခြောက်မှုတစ်ခု ဖြစ်လာခဲ့ပြီး ၎င်း၏ စွမ်းအားပြန်လည်ပြည့်ဝလာရန်မှာလည်း အနှေးနှင့်အမြန်သာ ဖြစ်၏။ သို့ဖြစ်ပါလျက် ကြယ်မြစ် နတ်သခင်က အဘယ်ကြောင့် နတ်ဆိုးဧကရာဇ်အကြောင်းကို ထုတ်ဖော်ပြောဆိုရပါသနည်း။
ကြယ်မြစ် နတ်သခင်က
“ခမ်းနားသော ကောင်းကင်ခန်းမအနေနဲ့ လျှို့ဝှက်လဝန်းနန်းတော်ကို အနိုင်ယူနိုင်တာ၊ မနိုင်ယူနိုင်တာကို ခဏဖယ်ထားပြီး အဆင်အခြင်မဲ့ စစ်ပွဲတစ်ခု ဆင်နွှဲတာဟာ ခမ်းနားသော ကောင်းကင်ခန်းမအတွက် အကျအဆုံး အမြောက်အမြား ရှိစေလိမ့်မယ်... မဟာလမ်းစဉ် ကပ်ဘေးက ပိုဆိုးရွားလာပြီး ပိုကြီးမားတဲ့ ဘေးဒုက္ခတွေကလည်း မိုးမှောင်ကျသလို လာနေပြီ... ရေရေရာရာမရှိတဲ့ နတ်ဧကရာဇ် ဖြစ်ခွင့်အခွင့်အရေးတစ်ခုအတွက်နဲ့ စစ်ပွဲစတင်တာဟာ ကိုယ့်သေတွင်းကိုယ်တူးတာနဲ့ အတူတူပဲ။”
“ဒါထက် ပိုအရေးကြီးတာက နတ်ဆိုးဧကရာဇ်ဟာ မြောက်ပိုင်းနယ်ကနေ အကဲခတ် စောင့်ကြည့်နေတုန်းပဲ... အကယ်၍ အလယ်ပိုင်းနယ်နဲ့ တောင်ပိုင်းနယ်တို့ ပဋိပက္ခဖြစ်ပြီး နှစ်ဦးနှစ်ဖက် ပျက်စီးသွားရင် ဒါဟာ နတ်ဆိုးဧကရာဇ်အတွက်ပဲ အခွင့်ကောင်း ဖြစ်သွားမှာ မဟုတ်ဘူးလား။”
“ကျုပ်အမြင်အရတော့ ကျင့်စဉ်လမ်းစဉ်ကို ပြန်လည်ပြုပြင်ပြီး နတ်ဆိုးဧကရာဇ်ကို ဆန့်ကျင်ဖို့ အမျိုးမျိုးသော အင်အားစုတွေကို ဦးဆောင်နိုင်ရင် ဘယ်သူပဲ နတ်ဧကရာဇ် ဖြစ်ဖြစ် အရေးမကြီးပါဘူး။”
ကြယ်မြစ် နတ်သခင်၏ ထိုစကားများကို ကြားလျှင် ဝူယာနတ်သခင်၏ မျက်နှာ ပို၍ အုံ့မှိုင်းသွားရပြန်၏။ ကြယ်မြစ် နတ်သခင်သည် နတ်ဧကရာဇ်ဖြစ်ခွင့် အခွင့်အရေးအပေါ် ဤမျှအထိ စိတ်ဝင်စားမှု ကင်းမဲ့နေလိမ့်မည်ဟု သူ မျှော်လင့်မထားခဲ့ပေ။
သု၏ မှတ်ဉာဏ်ထဲတွင်တော့ ကြယ်မြစ် နတ်သခင်ဆိုသူက ဤမျှအထိ သဘောထားကြီးလှသော သူတစ်ယောက် မဟုတ်ပေ။
လွန်ခဲ့သော နှစ်ပေါင်းကုဋေချီက လုချန်း ထင်ရှားကျော်ကြားလာစဥ်က ကြယ်မြစ် နတ်သခင်သည် လုချန်းအား ခြိမ်းခြောက်မှုတစ်ခုအဖြစ် ပထမဦးဆုံး ရှုမြင်ခဲ့သည့် နတ်သခင် ဖြစ်ခဲ့ဖူး၏။ ထိုစဥ်က လုချန်းသည် နတ်ဘုရင် အဆင့်သာ ရှိသေးသော်လည်း ၎င်းကို ခြိမ်းခြောက်မှုတစ်ခုအဖြစ် သတ်မှတ်ခဲ့ကြ၏။
ယခုအခါ လျှို့ဝှက်လဝန်း ကျောင်းတော်က နတ်ဧကရာဇ်ဖြစ်မည့် အခွင့်အရေးကို ရရှိသွားနိုင်ခြေ ရှိနေချိန်တွင်တော့ ကြယ်မြစ် နတ်သခင်က ရုတ်တရက် သဘောထားကြီးဟန် ဆောင်နေပြန်၏။
ကြယ်မြစ် နတ်သခင်က
“လျှို့ဝှက်လဝန်း ကျောင်းတော်က တန်ဖိုးကြီးလှတဲ့ နတ်အလင်း မီးအိမ်တစ်ထောင်ကျမ်းစာကို ကျုပ်တို့ကို လိုလိုလားလား သင်ကြားပေးခဲ့တာ... ကျုပ်တို့ဘက်ကလည်း ကျေးဇူးတုံ့ပြန်ရမယ်... ကောင်းကင်အဆင့် နတ်ကျင့်စဉ်တစ်ခုကို ရွေးချယ်ပြီး ကျေးဇူးတင်စကား ပြောကြားဖို့ လျှို့ဝှက်လဝန်း ကျောင်းတော်ဆီ ကိုယ်တိုင် သွားရောက်ဖို့ ကျုပ် ရည်ရွယ်တယ်။”
ထိုစကားကြောင့် ခန်းမတွင်းရှိ နတ်သခင်အားလုံး တစ်ဖန် မှင်တက်သွားကြရပြန်၏။ ကောင်းကင်အဆင့် နတ်ကျင့်စဉ်တစ်ခုသည် အလွန်တန်ဖိုးကြီးမားသော်လည်း ကြယ်မြစ် နတ်သခင်သည် ခန်းမသခင် တစ်ပါး ဖြစ်သည်။ ကျေးဇူးတင်စကား ပြောရန်သက်သက်အတွက် သူကိုယ်တိုင် ခရီးထွက်စရာ အကြောင်းမရှိပေ။
ကြယ်မြစ် နတ်သခင်က ဆက်လက်၍
“ဒီနေ့အတွက်တော့ ဒီလောက်ပါပဲ”
ထိုသို့ ပြောပြီးနောက် ကြယ်မြစ် နတ်သခင်၏ ခန္ဓာကိုယ်ထည်လည်း ကြယ်အလင်းတန်းများအဖြစ် ပျောက်ကွယ်သွား၏။ ခန်းမကြီးအတွင်းရှိ နတ်သခင်များသည်လည်း တစ်ဦးကိုတစ်ဦး နားမလည်နိုင်စွာ ကြည့်လိုက်ကြကုန်တော့သည်။
ထိုအခိုက်အတန့်တွင် ဝူယာနတ်သခင်သည်လည်း မျက်နှာပျက်ကာ ခန်းမကြီးအတွင်းမှ ထွက်ခွာသွား၏။ သူ ထွက်ခွာသွားပြီးနောက် ကျန်ရစ်ခဲ့သည့် နတ်သခင်များ ဝိုင်းဝန်းဆွေးနွေး ငြင်းခုံလာကြသည်။
နတ်သခင်တစ်ပါးက
“ခန်းမသခင်က ဘာကို ဆိုလိုတာလဲ”
အခြားတစ်ပါးက
“ခမ်းနားသော ကောင်းကင်ခန်းမက နတ်ဧကရာဇ်ဖြစ်မယ့် အခွင့်အရေးကို တကယ်ပဲ လက်လွှတ်လိုက်ဖို့ ကြံရွယ်နေတာလား”
နောက်ထပ်နတ်သခင်တစ်ပါးက
“လက်ရှိ အခြေအနေအရတော့ စစ်ပွဲစတင်ဖို့ မသင့်တော်တာ အမှန်ပဲ”
ထိုစဉ် နတ်သခင်ထိုက်ဟွာက
“ဘာလို့ အများကြီး တွေးနေတာလဲ... ခန်းမသခင်ကိုယ်တိုင် ကျေးဇူးတင်ဖို့ လျှို့ဝှက်လဝန်း ကျောင်းတော်ဆီ သွားမယ်လို့ ပြောတာ ခင်ဗျားတို့ မကြားလိုက်ဘူးလား။”
နတ်သခင်ထိုက်ဟွာ၏ စကားကို ကြားလျှင် နတ်သခင်များအားလုံး ဆွံ့အသွားကြပြီးနောက် အလျင်အမြန်ပင် သဘောပေါက်သွားကြတော့၏။
လုချန်း၏ လက်ထဲ၌ နတ်ဧကရာဇ် ဖြစ်လာနိုင်မည့် အခွင့်အရေး တကယ် ရှိနေနိုင်ပြီး ဤမျှ အရေးကြီးသော လျှို့ဝှက်ချက်ကို ပြင်ပသို့ ပေါက်ကြားသွား၍ မဖြစ်ပေ။ အကယ်၍ လုချန်း၌ ထိုအခွင့်အရေး တကယ် ရှိနေပါက လျှို့ဝှက်လဝန်း ကျောင်းတော်သည်လည်း ထိုအကြောင်းကို သိထားပြီးဖြစ်ပေလိမ့်မည်။
သူတို့ ခန်းမသခင်၏ လျှို့ဝှက်လဝန်း ကျောင်းတော် သွားရောက်မည့် ခရီးစဥ်မှာ နတ်ဧကရာဇ် အခွင့်အရေးကို လျှို့ဝှက်လဝန်း ကျောင်းတော် တစ်ခုတည်းက အပိုင်စီးမထားသင့်ကြောင်းနှင့် ဤကိစ္စကို ခမ်းနားသော ကောင်းကင်ခန်းမက သိထားပြီးဖြစ်ကြောင်း သတိပေးရန် ဖြစ်နိုင်သည်။
သို့ဆိုလျှင် ခန်းမသခင် လျှို့ဝှက်လဝန်း ကျောင်းတော်သို့ သွားရောက်မည့် ခရီးမှာ အဓိကအားဖြင့် လုချန်း ရရှိထားသော အခွင့်အရေးအတွက်ပဲ ဖြစ်နေမလား။
အကယ်၍ လျှို့ဝှက်လဝန်း ကျောင်းတော်က ထိုအခွင့်အရေးကို တစ်ဦးတည်း သိမ်းပိုက်ထားရန် ကြံရွယ်နေပါက လုချန်း လျှို့ဝှက်လဝန်း ကျောင်းတော်၌ ရှိနေသည့် သတင်းကို ခမ်းနားသော ကောင်းကင်ခန်းမက ဖြန့်ဝေပစ်နိုင်ခြေ ရှိ၏။
ထို့နောက် အခြားသော မဟာအင်အားကြီးအုပ်စုများနှင့် ပူးပေါင်းကာ လုချန်း ကစဉ့်ကလျား ပင်လယ်မှ ယူဆောင်လာခဲ့သည့် အခွင့်အရေးများကို ခွဲဝေပေးရန် လျှို့ဝှက်လဝန်း ကျောင်းတော်အား ဖိအားပေးလာလိမ့်မည်။
…….
ခံစစ်စည်း တည်ဆောက်မည့် ပုံစံနှင့် ပတ်သက်၍ အကြီးအကဲများအား ညွှန်ကြားပြီးနောက် ယွမ်ယုတိ လျှို့ဝှက်လဝန်းနန်းတော်မှ ထွက်ခွာလာခဲ့၏။
ထို့နောက် ကောင်းကင်ယံအထက်မှနေ၍ အဆုံးမရှိသော နေဝင် တောင်တန်းကြီးများဆီသို့ သူမ ကြည့်လိုက်၏။
နေဝင်တောင်တန်းအတွင်း၌ ကြီးမားလှသော ထိတ်လန့်ဖွယ်ရာတစ်ခု ရှိနေဟန် တူသည်။ ထိုတောင်တန်းကို ကြည့်ရုံမျှနှင့်ပင် သူမ၏ စိတ်ဝိညာဉ်သည် တည်ငြိမ်မှု ကင်းမဲ့လာပြီး သူမအား လှမ်းခေါ်နေသည့် အသံတစ်ခုကိုပါ ခပ်ရေးရေး ကြားလိုက်ရသလို ခံစားလိုက်ရ၏။
ယွမ်ယုတိလည်း အလျင်အမြန်ပင် စိတ်ကို တည်ငြိမ်အောင် ထိန်းလိုက်ပြီးနောက် နဂါးနယ်မြေအတွင်း ပုန်းအောင်းနေသည့် နတ်သခင်အား ရှာဖွေရန် သူမ၏ နတ်အာရုံကို အကာအကွယ် မယူပဲ စေလွှတ်လိုက် တော့၏။
ယွမ်ယုတိက အသံလှိုင်းမှတစ်ဆင့်
“စီနီယာ... ကျွန်မ ရှင်နဲ့ တွေ့ဆုံခွင့် ရနိုင်မလားရှင့်”
အလွန်ပင် နှိမ့်ချသော အမူအရာကို ယွမ်ယုတိ ပြုမူလိုက်၏။ တစ်ဖက်လူ၏ သက်တမ်းမှာ သူမနှင့် သိပ်မကွာခြားနိုင်သော်လည်း သူမထက် စောပြီး နတ်သခင်အဆင့်သို့ ရောက်ရှိခဲ့သူ ဖြစ်သဖြင့် စီနီယာဟု ခေါ်ဝေါ်ခြင်းက သဘာဝကျလှသည်။
သို့သော်လည်း ယွမ်ယုတိ၏ အသံ နဂါးနယ်မြေအတွင်း အတော်ကြာအောင် ပဲ့တင်ထပ်နေခဲ့သော်လည်း ထိုနတ်သခင် ထွက်ပေါ်လာခြင်း လုံးဝမရှိပေ။
သူမ အပြင် အခြားသော နတ်သခင်တစ်ပါး၏ အငွေ့အသက် နဂါးနယ်မြေအတွင်း ရှိနေသည်ကို ခံစားမိသော်လည်း ထိုအငွေ့အသက် မည်သည့်နေရာ၌ ရှိနေကြောင်း အတိအကျ မသိရသဖြင့် ယွမ်ယုတိ မျက်မှောင်ကြုတ်မိသွား၏။ တစ်ဖက်လူအား မမြင်တွေ့ရသဖြင့် ထိုနတ်သခင်သည် တကယ်ပင် သက်တမ်းကုန်ဆုံးခါနီးဖြစ်၍ ပြင်ပကိစ္စရပ်များတွင် ထပ်မံပတ်သက်လိုစိတ် မရှိတော့ခြင်း ဖြစ်လိမ့်မည်ဟု ယွမ်ယုတိ တွေးတောမိသည်။
…….
ထိုအခိုက်အတန့်တွင်။
ယဲ့ချူယောင်၏ အခန်းထဲ၌။
ယဲ့ချူယောင်သည် လုချန်း၏ ရင်ခွင်အတွင်း သက်တောင့်သက်သာ မှီတွယ်ရင်း ၎င်းထံမှ ထွက်ပေါ်လာသော နွေးထွေးမှုကို ခံစားနေ၏။
ယဲ့ချူယောင်က နိုးလာပြီးနောက် ဖြည်းညှင်းစွာ ထထိုင်ကာ ပြတင်းပေါက်အပြင်ဘက်သို့ စူးစမ်းစွာ ကြည့်ရှုရင်း
“အဲဒါ ဆရာ့ရဲ့ အသံမလား ... သူ ဘယ်သူ့ကို လှမ်းခေါ်နေတာလဲ”
လုချန်းက
“ပုန်းအောင်းနေတဲ့ အဲဒီနတ်သခင်ကို လှမ်းခေါ်နေတာ ဖြစ်လိမ့်မယ်။”
လုချန်း၏ စကားဆုံးသည်နှင့် ကောင်းကင်ယံထက်တွင် ယွမ်ယုတိ၏ အသံ တစ်ဖန် ထပ်မံပဲ့တင်ထပ်လာပြန်၏။
ယွမ်ယုတိက
“စီနီယာ... ကျွန်မ ရှင်နဲ့ တွေ့ဆုံခွင့် ရနိုင်မလားရှင့်”
ယွမ်ယုတိ၏ အသံကို ထပ်ကြားရလျှင် ယဲ့ချူယောင်က
“အဲ့ဒီနတ်သခင်က ထွက်မလာချင်ဘူး ထင်တယ်။”
လုချန်းက
“ကျုပ် သွားကြည့်လိုက်မယ်”
ထိုအရာကို ကြားလျှင် ယဲ့ချူယောင် မျက်မှောင်ကြုတ်ကာ လုချန်းအား လှည့်ကြည့်လိုက်ပြီးနောက် သူ့ကို ထွက်မသွားစေလိုသဖြင့် သူ၏ ခါးအထက်သို့ တင်းကျပ်စွာ ဖက်တွယ်ရင်း ပြန်လည်လှဲလျောင်းလိုက်၏။
အစောပိုင်းက လုချန်း ပြောခဲ့သည့် အရာများကြောင့် သူမ စိတ်အနှောင့်အယှက် ဖြစ်ခဲ့ရသဖြင့် လက်ရှိအချိန်အထိ စိတ်ခံစားချက်များ ထိခိုက်လွယ်နေဆဲဖြစ်၏။ သူ့ကို သူမအနားမှ ထွက်ခွာမသွားစေလိုပေ။
ယဲ့ချူယောင်၏ အမူအရာကို မြင်လျှင် လုချန်းက ပြုံးလျက်
“စီနီယာအစ်မ... ခင်ဗျား ဘာလုပ်နေတာလဲ”
ယဲ့ချူယောင်က
“ရှင့်ရဲ့ ခန္ဓာကိုယ်ကို ထွက်သွားခွင့် မပြုနိုင်ဘူး”
သူမအနား၌ လုချန်း မရှိပါက သူမ အနေနှင့်လုံခြုံမှုရှိသည်ဟု လုံးဝမခံစားရပေ။
လုချန်းက
“အာ... ကျုပ်က ဒီခန္ဓာကိုယ် ထွက်သွားမယ်လို့ မပြောခဲ့ပါဘူး။”
သူ့၌ ခန္ဓာကိုယ် အမြောက်အမြား ရှိနေသဖြင့် ယဲ့ချူယောင်၏ အနား၌ ခန္ဓာကိုယ်တစ်ခု ချန်ရစ်ထားခြင်းက သူ့အတွက် ပြဿနာမဟုတ်ပေ။
နောက်ထပ် အခိုက်အတန့်တွင် လျှို့ဝှက်လဝန်းနန်းတော်အတွင်းရှိ အခြားသော ခန္ဓာကိုယ်တစ်ခုကို ယွမ်ယုတိ၏ အနားသို့ ပျံသန်းသွားစေရန် လုချန်း ထိန်းချုပ်လိုက်၏။ ယခုအချိန်တွင်တော့ ယွမ်ယုတိသည် တတိယအကြိမ်မြောက် လှမ်းခေါ်ပြီးဖြစ်သော်လည်း နဂါးနယ်မြေကတော့ တိတ်ဆိတ်နေဆဲ ဖြစ်သည်။
လုချန်းက ယွမ်ယုတိအနား၌ ရပ်တန့်လျက်
“လျှို့ဝှက်လဝန်းနန်းတော် ဒီနေရာကို စပြီး ရွှေ့လာတုန်းကလည်း အဲ့ဒီလူ ထွက်မလာခဲ့ဘူး... သူက ပြင်ပကိစ္စတွေနဲ့ ဘာမှမပတ်သက်ချင်တော့တာ ဖြစ်လိမ့်မယ်။”
ယွမ်ယုတိက မျက်နှာသေဖြင့်
“အကယ်၍ အရိုင်းနယ်မြေရဲ့ နတ်သခင်တွေက ပြင်ပကိစ္စတွေမှာ ဝင်မပါကြဘူးဆိုရင် လျှို့ဝှက်လဝန်းနန်းတော်အနေနဲ့ မြောက်ပိုင်းနယ်ရဲ့ အင်အားစုတွေကို တစ်ယောက်တည်း ရင်ဆိုင်ရလိမ့်မယ်။”
ယွမ်ယုတိ၏ စိုးရိမ်ပူပန်မှုမှာ နဂါးနယ်မြေအတွင်းရှိ နတ်သခင် ပေါ်မလာခြင်းကိုသာ မဟုတ်ပေ။ ပုန်းအောင်းနေကြသည့် အရိုင်းနယ်မြေမှ အခြားသော နတ်သခင်များသည်လည်း ထွက်ပေါ်လာကြလိမ့်မည် မဟုတ်ခြင်းကြောင့် ဖြစ်သည်။
သူမ ကျင့်စဉ်အဆင့် တက်ရောက်ပြီးကတည်းက တစ်ပါးမကသော နတ်သခင် အငွေ့အသက်များကို ခံစားမိခဲ့သော်လည်း မည်သည့်နတ်သခင်မှ ပြင်ပနတ်ဂိုဏ်းတစ်ခုဖြစ်သည့် သူတို့၏ ဂိုဏ်းထံသို့ ချဉ်းကပ်လာခြင်း မရှိခဲ့ပေ။
အကယ်၍ အခြားသော ပြင်ပအင်အားစုများ လျှို့ဝှက်လဝန်းနန်းတော်အနီး လာရောက်အခြေစိုက်ပြီး သူတို့၌ နတ်သခင်တစ်ပါး ရှိနေပါက သူတို့၏ ရည်ရွယ်ချက်ကို သိနိုင်ရန် ထိုအင်အားစုထံသို့ ယွမ်ယုတိ ဧကန်မုချ သွားရောက် စုံစမ်းမည် ဖြစ်၏။
သို့သော်လည်း ပုန်းအောင်းနေသည့် အရိုင်းနယ်မြေမှ နတ်သခင်များကတော့ လျှို့ဝှက်လဝန်းနန်းတော် ရောက်ရှိလာခြင်းအပေါ် စိတ်ဝင်စားမှု လုံးဝမပြခဲ့ကြပေ။ နတ်သခင်တစ်ပါး ထွက်ပေါ်လာချိန်၌ပင် လာရောက်ကြည့်ရှုခြင်း မရှိခဲ့ကြပေ။
ယွမ်ယုတိ၏ စကားကို ကြားလျှင် လုချန်း ရုတ်တရက် တစ်စုံတစ်ခုကို တွေးမိသွားကာ
“သူတို့ကို တစ်ယောက်တည်း ရင်ဆိုင်ရမှာ မဟုတ်လောက်ပါဘူး... ကျုပ်တို့မှာ အခြားမဟာမိတ်တွေ ရှိနေနိုင်သေးတယ်။”
--
…………