← Chapters

အခန်း ၁၈၇၉

Vol. 126 Ch. 1879

အခန်း ၁၈၇၉

Vol. 126 Ch. 1879

အခန်း( ၁၈၇၉)

နတ်ဘုရား

လုချန်း၏ စကားကို ကြားလျှင် ယွမ်ယုတိ ချက်ချင်း စူးစမ်းစွာဖြင့် လှည့်ကြည့်လိုက်၏။ သူမ၏ မျက်ဝန်းများတွင် သံသယများ ပြည့်နှက်နေလျက် သူ၏ နက်ရှိုင်းနက်မှောင်သော မျက်လုံးများကို စိုက်ကြည့်လိုက်ခြင်းဖြစ်သည်။

ယွမ်ယုတိက

“အခြားကူညီမယ့်သူတွေ ရှိနေသေးတာလား”

လုချန်းပြောသော အခြားကူညီမည့်သူများ မည်သူများဖြစ်သည်ကို ယွမ်ယုတိ အနည်းငယ် သိချင်စိတ် ဖြစ်ပေါ်နေမိ၏။ ယခုလို အခြေအနေမျိုးတွင် ကူညီမည့်သူကို မည်သည့်နေရာတွင်မှ ရှာတွေ့နိုင်တော့မည်မဟုတ်ပေ။

ယွမ်ယုတိ၏ မေးခွန်းကို လုချန်း မတုံ့ပြန်ခဲ့ပေ။ ထိုအစား ကောင်းကင်လမ်းစဉ် အမိန့်ပြားကို စနစ်ထဲမှ ထုတ်ယူလိုက်၏။

ထိုအမိန့်ပြားကို ထုတ်လိုက်သည်နှင့် တပြိုင်နက် နဂါးနယ်မြေ၏ ကောင်းကင်ထက်တွင် ဝဲကရက်ပုံစံ တိမ်တိုက်ကြီးတစ်ခု ဖုံးလွှမ်းသွားတော့၏။

တိမ်တိုက်များကြားတွင် လျှပ်စီးများလက်သွားပြီး မိုးခြုန်းသံများ ဟိန်းထွက်လာ၏။ မိုးကုတ်စက်ဝိုင်းထက်မှ ခရမ်းရောင် လျှပ်စီးတန်းများ ဝုန်းကနဲ ဆင်းသက်လာပြီး သဲကန္တာရအား လာရောက်ရိုက်ခတ်ပြန်၏။ ဝဲကရက်ပုံစံ တိမ်တိုက်ကြီးသည် ကောင်းကင်ကြီး ပြိုကျတော့မည့်အလား တရွေ့ရွေ့ နိမ့်ဆင်းလာ၏။

ထိုမြင်ကွင်းကို မြင်လျှင် ယွမ်ယုတိ၏ မျက်နှာအမူအရာ အလွန်တရာ တည်တံ့အေးစက်သွားပြီး လုချန်း၏ လက်ထဲရှိ ခုနစ်ရောင်ခြယ် အမိန့်ပြားဆီသို့ သူမ၏ အကြည့်များ ရောက်ရှိသွား၏။

သူ့လက်ထဲရှိ အမိန့်ပြားကို လုချန်း ကြည့်လိုက်၏။ ဤအရာသည်လည်း သွေးဖြင့် အသိအမှတ်ပြုရန် လိုအပ်လိမ့်မည်ဟု သူ တွေးတောမိ၏။ တုံ့ဆိုင်းခြင်းမရှိပဲ ဝိညာဉ်သွေးတစ်စက်ကို သူ ထုတ်ယူကာ ကောင်းကင်လမ်းစဉ် အမိန့်ပြားထက်သို့ ချလိုက်၏။

သူ၏ သွေးနှင့် အမိန့်ပြား ထိတွေ့သွားသည်နှင့် တပြိုင်နက် ကောင်းကင်ထက်မှ ထူးခြားဆန်းပြားသော ဖြစ်စဉ်ကြီးလည်း မျက်တောင်တစ်ခတ်အတွင်း ပျောက်ကွယ်သွားပြီး ဘာမှမဖြစ်ခဲ့သလို ကောင်းကင်ကြီး ပြန်လည်တည်ငြိမ်သွားတော့၏။

ဤအရာက...

ယွမ်ယုတိ အနည်းငယ် မှင်တက်သွား၏။ ထုတ်ယူလိုက်ရုံမှဖြင့် ကောင်းကင်ကြီးကို ပြောင်းလဲစေနိုင်ပြီး သွေးဖြင့် အသိအမှတ်ပြုပြီးနောက်တွင် ထိုဖြစ်စဉ်များ ချက်ချင်းပျောက်ကွယ်သွားရအောင် ဤအရာမှာ မည်သို့သော အမိန့်ပြားနည်း။

ယွမ်ယုတိ အလောတကြီး မမေးမြန်းခဲ့ပေ။ လုချန်း ဤအမိန့်ပြားကို ထုတ်ယူလာကတည်းက ဧကန်မုချ အသုံးပြုလိမ့်မည်ဟု သူမ ယုံကြည်ထားသဖြင့် ငြိမ်သက်စွာသာ စောင့်ကြည့်ရန် ဆုံးဖြတ်လိုက်၏။

ထိုအခိုက်အတန့်တွင် နတ်စွမ်းအားများကို ကောင်းကင်လမ်းစဉ် အမိန့်ပြားထဲသို့ လုချန်း စတင်ထည့်သွင်းလိုက်၏။ စနစ်၏ အချက်အလက်များအရ အနီးအနားရှိသူများကိုသာ ဆင့်ခေါ်နိုင်သည်ဟု ဖော်ပြထားသဖြင့် ဤကောင်းကင်လမ်းစဉ် အမိန့်ပြားက ကောင်းကင်လမ်းစဉ်ဂိုဏ်းမှ လူများကို တကယ်ဆင့်ခေါ်နိုင်၊ မနိုင်ကို လုချန်းကိုယ်တိုင်လည်း သေချာမသိပေ။

သို့သော်လည်း ကောင်းကင်လမ်းစဉ် အမိန့်ပြားကို လုချန်း လှုံ့ဆော်လိုက်သည့် ထိုစက္ကန့်ပိုင်းအတွင်းမှာပင် ဝေးကွာသော အရပ်ဆီမှ နတ်သခင်တစ်ဦး၏ အငွေ့အသက်များ ရုတ်တရက် အရှိန်အဟုန်ဖြင့် ထွက်ပေါ်လာပြီး ခရမ်းရင့်ရောင် အလင်းတန်းတစ်ခု ကောင်းကင်ထက်သို့ ထိုးတက်သွားခဲ့၏။

ဖိအားပေးလှသော အငွေ့အသက်များလည်း နဂါးနယ်မြေတစ်ခုလုံးသို့

နောက်တကြိမ် ချက်ချင်း ပျံ့နှံ့သွား၏။

ထိုနတ်သခင်၏ အငွေ့အသက်ကို ခံစားမိလျှင် ယွမ်ယုတိ မျက်မှောင်ကြုတ်လိုက်မိ၏။

ဤအရာက...

သူမ၏ ခန့်မှန်းချက် မလွဲလျှင် ဤသူမှာ နဂါးနယ်မြေအတွင်း ပုန်းအောင်းနေသည့် နတ်သခင် ဖြစ်ရပေမည်။

ခုနက သူမ ထိုလူကို ခေါ်ယူခဲ့သော်လည်း ပေါ်မလာခဲ့ပဲ ယခုမှ ဘာကြောင့် ပေါ်လာရသနည်းဟု ယွမ်ယုတိ နားမလည်နိုင် ဖြစ်နေမိ၏။

ယွမ်ယုတိ ဇဝေဇဝါဖြစ်လျက် တွေးတောနေစဉ် ကောင်းကင်အမြင့်ထက်တွင် နက်မှောင်သော မြူခိုးထုကြီးတစ်ခု ပေါ်လာပြီး ထိုမြူခိုးများထဲမှ ဝတ်ရုံနက်ဝတ် အဖိုးအိုတစ်ဦး ထွက်ပေါ်လာ၏။

ထိုနက်မှောင်သော မြူခိုးများထဲတွင် ဖျက်ဆီးခြင်းလမ်းစဉ်၏ အငွေ့အသက်များ ပါဝင်နေသဖြင့် ယွမ်ယုတိကို အလွန်တရာ နေရခက်စေသော်လည်း သူမ အားတင်းကာ စောင့်ကြည့်နေမိ၏။ ယွမ်ယုတိ၏ စကားမဆုံးခင်မှာပင် အဖိုးအိုက လုချန်းကို ဦးညွှတ်ကာ ဂါရဝပြုလိုက်၏။

အဖိုးအိုက

“ကောင်းကင်လမ်းစဉ်ဂိုဏ်းရဲ့ အကြီးအကဲ ဝမ်ရှုက နတ်ဘုရားကို ဂါရဝပြုပါတယ်။”

ထို‌ခေါ်ဝေါ်ပုံကို ကြားလျှင် ယွမ်ယုတိ အံ့ဩမှင်တက်သွား၏။ ယွမ်ယုတိသာမက လုချန်းကိုယ်တိုင်လည်း ဇဝေဇဝါ ဖြစ်သွားခြင်းဖြစ်၏။

နတ်ဘုရား.....

ဤထျန်းရန်နတ်လောကကြီးထဲတွင် နတ်ဘုရားဟူသည် မည်သည့်နေရာ၌ ရှိနိုင်ပါအံ့နည်း။

ထို့နောက် ယွမ်ယုတိ သတိပြန်ဝင်လာကာ လုချန်းကို ထူးဆန်းသော မျက်ဝန်းများဖြင့် ကြည့်လိုက်၏။ စောစောပိုင်းက ဤနတ်သခင် ဝမ်ရှုကို သူမ သုံးကြိမ်တိုင်တိုင် ခေါ်ယူခဲ့သော်လည်း ပေါ်မလာခဲ့ပေ။

သို့သော်လည်း လုချန်းက အမိန့်ပြားတစ်ခုကို လှုံ့ဆော်လိုက်ရုံဖြင့် ဝမ်ရှု တိုက်ရိုက်ထွက်ပေါ်လာရုံသာမက လုချန်းကို နတ်ဘုရားဟုပင် ခေါ်ဝေါ်နေသည်။

လုန်း၏ နောက်ခံနောက်ကြောင်းက မည်သို့နည်း။

သူက ထျန်းရှနတ်ဘုရားနိုင်ငံ၏ သာမန်မင်းသားတစ်ပါး သက်သက် မဟုတ်ဘူးလား။

ထျန်းရန်နတ်လောကတွင် နတ်ဘုရားများ မရှိတော့သော်လည်း နတ်ဘုရားများနှင့် ပတ်သက်သည့် ရှေးဟောင်းမှတ်တမ်းအချို့တော့ ရှိဖူးသည်။ သို့သော် ၎င်းတို့သည် ရှေးဟောင်းကောလာဟလများ သက်သက်သာ ဖြစ်၏။

ကောလာဟလများအရ နတ်ဘုရားများနှင့် နတ်များ၏ ကွာခြားချက်မှာ နတ်ဘုရားများသည် မွေးရာပါ စွမ်းအားများကို ပိုင်ဆိုင်ကြပြီး နတ်များကတော့ လူသားဘဝမှတစ်ဆင့် ကျင့်ကြံတက်ရောက်လာကြခြင်း ဖြစ်သည်။ သို့သော် ယနေ့ခေတ်တွင် သူတို့၏ ဘိုးဘေးများသည် တစ်ချိန်က နိမ့်ကျသော လူသားများဖြစ်ခဲ့သည်ကို ဝန်ခံချင်ကြသည့် နတ်များ အလွန်ပင် ရှားပါးလှ၏။

ထျန်းရန်နတ်လောကတွင် နတ်ဘုရားများနှင့် ပတ်သက်သည့် မှတ်တမ်းများ အလွန်နည်းပါးပြီး အချို့သော ဖော်ပြချက်များမှာလည်း တိုတောင်းလွန်းလှသဖြင့် ဤလောကတွင် တစ်ချိန်က နတ်ဘုရားကဲ့သို့သော တည်ရှိမှုများ ရှိခဲ့ဖူးကြောင်း ပြသရုံမှသာ ရှိသည်။

ထိုအခိုက်အတန့်တွင် နားမလည်နိုင် အဖြစ်ဆုံး ဖြစ်နေသူမှာ လုချန်းကိုယ်တိုင်ပင် ဖြစ်၏။ သူ့တွင် အတိတ်ဘဝတစ်ခု ရှိနိုင်သည်ဟု သူ သံသယဝင်ခဲ့သော်လည်း ဤမှအထိ ကြီးကျယ်ခမ်းနားသော အဆင့်အတန်းမျိုး ရှိလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။

နတ်ဘုရား ဆိုသည်မှာ နတ်အားလုံး၏ အရှင်သခင်ကို ဆိုလိုခြင်းလား။

သူ၏ အတိတ်ဘဝက ဤမျှအထိ စွမ်းအားကြီးမားခဲ့လေသလား။

သူ့ထံရှိ စနစ်သည် တကယ်ပင် သူ၏ အတိတ်ဘဝမှ ချန်ထားရစ်ခဲ့သည့် အရာတစ်ခု ဖြစ်နေသလား။

၎င်းက သူ၏ နတ်အာရုံမှ ပြောင်းလဲလာသော ပုံရိပ်တစ်ခု ဖြစ်နေနိုင်သည်။

ခဏခန့်အကြာတွင် လုချန်း သတိပြန်ဝင်လာကာ ချောင်းအသာဟန့်ပြီး မေးလိုက်၏။

“ခင်ဗျားအပြင် ဒီအနီးအနားမှာ ကောင်းကင်လမ်းစဉ်ဂိုဏ်းက တခြားသူတွေ ရှိသေးလား။”

နတ်သခင် ဝမ်ရှုက

“နတ်ဘုရားကို အစီရင်ခံပါတယ်... နဂါးနယ်မြေထဲမှာ ကျုပ်တစ်ယောက်တည်းပဲ ရှိပါတယ်”

လုချန်းက

“ခင်ဗျား နဂါးနယ်မြေထဲမှာ ဘာလုပ်နေတာလဲ”

နတ်သခင် ဝမ်ရှုက

“နေဝင်တောင်တန်းကို စောင့်ကြည့်နေတာပါ။”

လုချန်းက

“နေဝင်တောင်တန်းမှာ ဘာတွေကို စောင့်ကြည့်ဖို့ လိုအပ်လို့လဲ။”

နတ်သခင် ဝမ်ရှုက

“နေဝင်တောင်တန်းမှာ လောကပြင်ပက တည်ရှိမှုတွေကို ချိပ်ပိတ်ထားတာ ရှိလို့ပါ။”

လုန်း၏ စိတ်ထဲ

“လောကပြင်ပက တည်ရှိမှုတွေလား”

ဟု တွေးလိုက်မိ၏။

ထိုသို့ဆိုလျှင် ထျန်းရန်နတ်လောက၏ ပြင်ပတွင် ပိုကြီးမားသော လောကကြီးတစ်ခု ရှိနေသေးတဲ့ သဘောလား။

လုချန်း အံ့ဩခြင်း မရှိသော်လည်း ဤလောကပြင်ပမှ တည်ရှိမှုများကို နေဝင်တောင်တန်းတွင် မည်သူက ချိပ်ပိတ်ခဲ့သနည်း ဟူသည်ကိုတော့ သူ သိချင်စိတ် ဖြစ်ပေါ်နေမိ၏။

ထိုသူက သူ၏ အတိတ်ဘဝကိုယ်တိုင် ဖြစ်နေနိုင်သလား။

လုချန်းက

“အဲ့ဒီလောကပြင်ပက တည်ရှိမှုတွေကို ချိပ်ပိတ်ခဲ့တာ ကျုပ်ကိုယ်တိုင်ပဲလား။”

နတ်သခင် ဝမ်ရှု စကားပြောရန် ပြင်လိုက်သော်လည်း သူ၏ ပါးစပ်ကို ဟ၍မရကြောင်း သိလိုက်ရ၏။ လျှို့ဝှက်ဆန်းကြယ်သော စွမ်းအားတစ်ခုက သူ၏ စကားကို ပိတ်ဆို့ထားသဖြင့် ဝမ်ရှု ချက်ချင်းပင် နားလည်သွားကာ လျှောက်တင်လိုက်၏။

နတ်သခင် ဝမ်ရှုက

“နတ်ဘုရား... ကန့်သတ်ချက်တစ်ခု ရှိနေလို့ပါ... အချို့စကားတွေကို ဖွင့်ဟလို့ မရပါဘူး။”

နတ်သခင် ဝမ်ရှုဆိုလိုသည့် အဓိပ္ပာယ်ကို လုချန်း ချက်ချင်းပင် နားလည်သွားသဖြင့် ထပ်မံ၍ အတင်းအကြပ် မမေးမြန်းတော့ပေ။

လုချန်းက

“မြောက်ပိုင်းနယ် အင်အားစုတွေက တောင်ပိုင်းကို ဦးတည်လာတော့မယ်... ခင်ဗျားတို့ ကောင်းကင်လမ်းစဉ်ဂိုဏ်းက တခြားသူတွေကို စုစည်းပြီး နဂါးနယ်မြေကို ခေါ်လာခဲ့ပါ။”

နတ်သခင် ဝမ်ရှုက

“နတ်ဘုရားသခင်... ကောင်းကင်လမ်းစဉ်ဂိုဏ်း ပျက်စီးသွားကတည်းက ကောင်းကင်လမ်းစဉ် အမိန့်ပြားကိုပဲ အသိအမှတ်ပြုကြတာပါ... သူတို့ ဘယ်နေရာတွေကို ပျံ့နှံ့သွားသလဲ။ ဘယ်သူဘယ်ဝါဖြစ်နေမလဲဆိုတာ ကျုပ်လည်း မသိပါဘူး။”

လုချန်း၏ စိတ်ထဲတွင်

“ဒါက...”

ဟု ရေရွတ်မိ၏။

လုချန်းက

“တော်ပြီ... ချင်နတ်ဘုရားနိုင်ငံမှာပဲ နေပါ... ဒီနေ့အတွက်တော့ ဒါပါပဲ။”

သူ၏ အတိတ်ဘဝနှင့် ပတ်သက်ပြီး နတ်သခင် ဝမ်ရှုထံမှ မည်သည့်အရာမှ ထပ်မံသိရှိနိုင်တော့မည်မဟုတ်ကြောင်း လုချန်း နားလည်လိုက်သဖြင့် ဤကိစ္စကို ဆက်လက်၍ မတွေးတောတော့ပေ။

နတ်သခင် ဝမ်ရှုက

“နတ်ဘုရားရဲ့ အမိန့်အတိုင်း နာခံပါ့မယ်”

ထိုစကားများနှင့်အတူ နတ်သခင် ဝမ်ရှု၏ ခန္ဓာကိုယ် လေထုထဲ၌ပင် ပျောက်ကွယ်သွားတော့၏။

နတ်သခင် ဝမ်ရှုထွက်ခွာသွားပြီးနောက်မှ ယွမ်ယုတိ ချက်ချင်းပင် စိတ်သက်သာရာ ရသွားတော့၏။ နတ်သခင် ဝမ်ရှုသည် ဖျက်ဆီးခြင်းလမ်းစဉ်ကို ကျင့်ကြံထားသူဖြစ်ရာ သူ၏ ကိုယ်မှ ထွက်ပေါ်နေသော အငွေ့အသက်များကို ခံစားရရုံမျှဖြင့်ပင် စိတ်မသက်မသာ ဖြစ်စေရသည်။

ထိုအခိုက်အတန့်တွင် ယွမ်ယုတိ၏ အကြည့်များ လုချန်းထံသို့ စူးစိုက်စွာ ရောက်ရှိနေဆဲဖြစ်၏။

ကောင်းကင်လမ်းစဉ်ဂိုဏ်း ဟူ၍ပေါ်လာပြီးနောက် ယခုတော့ လုချန်းကို နတ်ဘုရားဟုပင် ခေါ်ဝေါ်နေကြပေပြီ။

လုချန်း၏ ဇစ်မြစ်မှာ ထျန်းရှနတ်ဘုရားနိုင်ငံ၏ မင်းသားတစ်ပါး သက်သက် မဟုတ်တာ အလွန်ပင် ထင်ရှားလှ၏။

သူမ လုချန်း၏ လှည့်စားခြင်းကို ခံလိုက်ရလေသလား ဟုပင် တွေးတောမိ၏။ ဤသူသည် လုချန်းအစစ် မဟုတ်ပဲ အခြားတစ်ဦးဦးက ဟန်ဆောင်ထားခြင်း ဖြစ်နေနိုင်လား။

သူ့အား ယွမ်ယုတိ ထိုသို့ကြည့်နေသည်ကို မြင်လျှင် လုချန်း ပြုံးလိုက်မိ၏။

လုချန်းက ယွမ်ယုတိကို

“ဆရာက ကျုပ်ကို ဘာလို့ ဒီလိုမျိုး ကြည့်နေတာလဲ”

ယွမ်ယုတိက

“ရှင် ကျွန်မကို ပြောစရာ တစ်ခုခု ရှိလား”

လုချန်းက ယွမ်ယုတိကို

“ဘာကို ပြောရမှာလဲ”

ယွမ်ယုတိက

“ရှင်က တကယ်တမ်း ဘယ်သူလဲ”

လုချန်းက

“ခင်ဗျားရဲ့ တပည့်ပေါ့”

ယွမ်ယုတိက

“ရှင် ဘယ်သူပဲဖြစ်ဖြစ် ကျွန်မ ဂရုမစိုက်ဘူး... ကျွန်မ သိတဲ့ လုချန်း ဟုတ်မဟုတ်ဆိုတာပဲ သိချင်တယ်။”

ယခုအချိန်တွင် သူမ၏ အစိုးရိမ်ဆုံးမှာ ယခုရှိနေသော လုချန်းသည် အစစ် မဟုတ်ပဲ အရင်က သူမအား ပြောခဲ့သည့် အရာများအားလုံးမှာ အလိမ်အညာများ ဖြစ်နေမည်ကိုပင်။

ထိုသို့သာ ဆိုလျှင် သူမ၏ အစ်မဖြစ်သူလည်း အသက်ဆုံးရှုံးသွားပြီဖြစ်နိုင်ပြီး သူပြသခဲ့သည့် မှတ်ဉာဏ်မြင်ကွင်းများမှာလည်း အတုအယောင်များသာ ဖြစ်ပေလိမ့်မည်။

--

………….

All Chapters