အခန်း ၁၈၈၁
Vol. 126 Ch. 1881
အခန်း (၁၈၈၁ )
ကြယ်မြစ်နတ်သခင်၏ သဘောထား
နတ်သခင် ယွမ်မုန့်က
“ပြောလို့ ရပါပြီ။ ကိစ္စတစ်ခုခုရှိရင်
တိုက်ရိုက် ပြောပါ ခန်းမသခင်။”
နတ်သခင် ယွမ်မုန့် ကာကွယ်ရေး နည်းဗျူဟာ ပုံစံကို ပြင်ဆင်ပြီးနောက် ကြယ်မြစ် နတ်သခင်က
“နတ်အလင်း မီးအိမ်တစ်ထောင်ကျမ်းစာက လုချန်း ကစဉ့်ကလျား ပင်လယ်ထဲကနေ ယူဆောင်လာခဲ့တဲ့ နတ်ကျင့်စဉ် ဖြစ်ရမယ် မဟုတ်လား။”
လုချန်းအကြောင်းကို ကြယ်မြစ် နတ်သခင် ပြောဆိုလိုက်သည်ကို ကြားလျှင် နတ်သခင် ယွမ်မုန့် ချက်ချင်းပင် မျက်မှောင်ကြုတ်မိသွား၏။ ထိုအခိုက်အတန့်တွင် ကြယ်မြစ် နတ်သခင်က လုချန်းအတွက်နှင့် ရောက်လာခြင်းဖြစ်မည်ဟု သူမ တွေးတောမိလိုက်သည်။
လုချန်း၏ ကိုယ်ပေါ်၌ ရှိနေနိုင်သော အခွင့်အရေးများကို ရည်ရွယ်၍ သူ ရောက်လာခြင်းဖြစ်သည်ဟု ဆိုရမည်။
အဆုံးတွင်တော့ ကြယ်မြစ် နတ်သခင်သည် ခန်းမသခင်တစ်ဦး ဖြစ်ရာ လုံလောက်သော ဆွဲဆောင်မှု မရှိလျှင် သူကိုယ်တိုင် ယခုကဲ့သို့ ခရီးထွက်လာမည် မဟုတ်ပေ။
လုချန်းဆီ၌ သူ့ကို ဧကရာဇ်အဆင့်သို့ တက်ရောက်ရန် ကူညီပေးနိုင်သည့် အခွင့်အရေး ရှိနေလိမ့်မည်ဟု ကြယ်မြစ် နတ်သခင် ယုံကြည်နေခြင်းလား။
နတ်သခင် ယွမ်မုန့်က ခပ်အေးအေးပင်
“ခန်းမသခင် ဘာကို ဆိုလိုတာလဲ။ နတ်အလင်း မီးအိမ်တစ်ထောင်ကျမ်းစာက ကျွန်မတို့ရဲ့ ဘိုးဘေး ပေးသနားခဲ့တဲ့ နတ်ကျင့်စဉ်ပါ။ အဲ့ဒါက ဘယ်လိုဖြစ်ပြီး လုချန်း ကစဉ့်ကလျား ပင်လယ်ထဲကနေ ယူဆောင်လာတဲ့ နတ်ကျင့်စဉ် ဖြစ်သွားရတာလဲ။”
နတ်သခင် ယွမ်မုန့် ဝန်မခံသည်ကို မြင်လျှင် ကြယ်မြစ် နတ်သခင်က ဖွဖွရယ်မောရင်း နန်းတော်သခင် ယွမ်မုန့်ကို
“နန်းတော်သခင် ယွမ်မုန့်... ကျုပ်တို့ စကား တွေ ကွယ်ဝှက်ပြီး ပြောမနေကြရအောင်။ မြောက်ပိုင်းနယ်ရဲ့ စစ်မြေပြင်မှာ ခင်ဗျားတို့ လျှို့ဝှက်လဝန်း ကျောင်းတော်က လူတစ်ယောက်ဟာ နတ်ဘုရင်အဆင့် စွမ်းအားလေးနဲ့တင် နတ်သခင်အဆင့် ကောင်းကင်နတ်ဆိုးကို ပြင်းထန်စွာ ဒဏ်ရာရအောင် လုပ်နိုင်ခဲ့တယ်လို့ ကျုပ် ကြားသိထားပါတယ်။”
“ဒီလို စွမ်းအားမျိုး ရှိနိုင်တဲ့သူက နတ်ဘုရင် လုချန်းကလွဲလို့ တခြားဘယ်သူ ဖြစ်နိုင်ဦးမလဲဆိုတာ ကျုပ် တကယ်ကို စဉ်းစားလို့ မရပါဘူး။”
နတ်သခင်အဆင့် ကောင်းကင်နတ်ဆိုးကို လုချန်း ပြင်းထန်စွာ ဒဏ်ရာရအောင် လုပ်ခဲ့သည့် မြင်ကွင်းကို နတ်ဘုရား နယ်မြေ မဟာမိတ်တပ်မှ နတ်များ မြင်တွေ့ခဲ့ကြသဖြင့် ၎င်းကို ဖုံးကွယ်ထားရန် မဖြစ်နိုင်ပေ။
နတ်သခင် ယွမ်မုန့် တစ်စုံတစ်ခုကို ပြောရန် ပြင်လိုက်စဉ်မှာပင် ကြယ်မြစ် နတ်သခင်က ဆက်လက်၍
“နန်းတော်သခင် ယွမ်မုန့်... စိတ်ချပါ။ ကျုပ် ဒီနေ့ လာတာက ခင်ဗျားဆီကနေ လုချန်းကို တောင်းဆိုဖို့ မဟုတ်ပါဘူး။ ကျုပ်လည်း သူ့ဆီက အခွင့်အရေးတွေကို မက်မောမိတာ မှန်ပေမဲ့ အခုအချိန်က ဒါတွေကို ဆွေးနွေးရမယ့် အချိန်မဟုတ်သေးပါဘူး။”
နတ်သခင် ယွမ်မုန့် ခဏခန့် မှင်တက်သွား၏။ လုချန်း၏ အခွင့်အရေးများကို သူမ မမျှဝေပါက လျှို့ဝှက်လဝန်း ကျောင်းတော်၌ လုချန်း ရှိနေသည့်အကြောင်း ဖော်ထုတ်မည်ဟု ခြိမ်းခြောက်ရန် ကြယ်မြစ်နတ်သခင် ကြံရွယ်နေသည်ဟု သူမ ထင်မှတ်ခဲ့ခြင်း ဖြစ်၏။
အကယ်၍ ကြယ်မြစ် နတ်သခင် ရောက်လာခြင်းက ဤအကြောင်းရင်းကြောင့် မဟုတ်လျှင် သူကိုယ်တိုင် လျှို့ဝှက်လဝန်း ကျောင်းတော်သို့ အဘယ်ကြောင့် ရောက်ရှိလာရသနည်း။
နတ်သခင် ယွမ်မုန့်က
“ အဲ့ဒါဆို ခန်းမသခင် ရောက်လာရတဲ့ စစ်မှန်တဲ့ ရည်ရွယ်ချက်ကို ကျွန်မ သိပါရစေ။”
ကြယ်မြစ် နတ်သခင်က
“ပြီးခဲ့တဲ့တစ်ခေါက် ထျန်းရန် နတ်ဘုရား နယ်မြေမှာ ထူးခြားတဲ့ ဖြစ်စဉ်တစ်ခု ဖြစ်ပေါ်ခဲ့တုန်းက ကောင်းကင်ယံက လျှို့ဝှက်ဆန်းကြယ်တဲ့ စွမ်းအားကို ကျောင်းတော်သခင် ယွမ်မုန့်လည်း ခံစားမိမှာပဲ မဟုတ်လား။”
နတ်သခင် ယွမ်မုန့်က
“ဒါကတော့ ခံစားမိတာပေါ့။”
ကြယ်မြစ် နတ်သခင်က
“အဲဒီစွမ်းအားနဲ့ ပတ်သက်ပြီး ကျောင်းတော်သခင် ယွမ်မုန့် ဘယ်လို ထင်မြင်ပါသလဲ။”
နတ်သခင် ယွမ်မုန့်က
“ဒါက လောကကြီးကို ဖျက်ဆီးမယ့် စွမ်းအားတစ်ခု ဖြစ်ပြီး မကြာခင် ကျရောက်တော့မယ့် ကပ်ဘေးရဲ့ နိမိတ်လက္ခဏာပဲ ဖြစ်ရပါမယ်။”
ကြယ်မြစ် နတ်သခင်က
“အကယ်၍ အဲဒီစွမ်းအားရဲ့ အငွေ့အသက်ကို လူတစ်ယောက်ရဲ့ ကိုယ်ပေါ်မှာ ကျုပ် ခံစားမိတယ်လို့ ပြောရင် ကျောင်းတော်သခင် ယွမ်မုန့် ဘယ်လို မြင်မလဲ။”
ထိုအရာကို ကြားလျှင် နတ်သခင် ယွမ်မုန့် ချက်ချင်း မျက်မှောင်ကြုတ်မိသွား၏။ ရှေးဟောင်း သမိုင်းကြောင်း အချို့ကို သူမ ဧကန်မုချ သိထားပုံရသည်။
နတ်သခင် ယွမ်မုန့်က
“ကြယ်မြစ် ခန်းမသခင် ကျွန်မကို နောက်ပြောင်နေတာတော့ မဟုတ်ပါဘူးနော်။”
ကြယ်မြစ် နတ်သခင်က
“ကျုပ်က ခင်ဗျားကို နောက်ပြောင်ဖို့သက်သက်နဲ့ အလယ်ပိုင်းနယ်အထိ ဒီလောက်အဝေးကြီး လာလိမ့်မယ်လို့ ထင်လို့လား။”
ကြယ်မြစ် နတ်သခင်က ဆက်လက်၍
“လုချန်းမှာ နတ်ဧကရာဇ်အဆင့်ကို တက်ရောက်နိုင်မယ့် အခွင့်အရေး ရှိကောင်းရှိနိုင်ပါတယ်။ ဒါပေမဲ့ ကျုပ်အတွက်တော့ အခုအချိန်မှာ ဘယ်သူ နတ်ဧကရာဇ် ဖြစ်လာမလဲဆိုတာ အရေးမကြီးပါဘူး။ ကောင်းကင်လမ်းစဉ်ကို ပြန်လည်ပြုပြင်ဖို့နဲ့ ထျန်းရန် နတ်ဘုရား နယ်မြေကို ဦးဆောင်ပြီး မကြာခင် ကျရောက်တော့မယ့် ကပ်ဘေးကို တွန်းလှန်နိုင်ဖို့ကသာ အဓိကပါပဲ။”
ကြယ်မြစ် နတ်သခင်၏ စကားကို ကြားလျှင် သူ လိမ်ညာနေခြင်း မဟုတ်ကြောင်း နတ်သခင် ယွမ်မုန့် ခံစားမိသဖြင့် သူမက
“ခန်းမသခင် အဲဒီလျှို့ဝှက်ဆန်းကြယ်တဲ့ အငွေ့အသက်ကို ဘယ်သူ့ဆီမှာ ခံစားမိတာလဲဆိုတာ ကျွန်မ သိပါရစေ။”
ကြယ်မြစ် နတ်သခင်က
“ကျုပ်တို့ ခန်းမရဲ့ အကြီးအကဲတစ်ယောက်ဆီမှာပါ”
နတ်သခင် ယွမ်မုန့် အံ့အားသင့်သွား၏။
ခမ်းနားသော ကောင်းကင်ခန်းမ၏ အကြီးအကဲတွေ ထိုလျှို့ဝှက်ဆန်းကြယ်သော စွမ်းအား၏ ထိန်းချုပ်ခြင်းကို ခံလိုက်ရပြီလား။
သူတို့သည် နတ်သခင်များ ဖြစ်ကြ၏။ ထိုလျှို့ဝှက်ဆန်းကြယ်သော စွမ်းအားက နတ်သခင်များကိုပင် ထိန်းချုပ်နိုင်သည်ဟူသော အချက်က ထျန်းရန် နတ်ဘုရား နယ်မြေအတွင်းရှိ အခြားသော နတ်အမြောက်အမြားကိုလည်း ထိုစွမ်းအားက တိတ်တဆိတ် ထိန်းချုပ်ထားပြီး ဖြစ်နိုင်ကြောင်း သွယ်ဝိုက်၍ ပြသနေခြင်းပင် ဖြစ်၏။
လူများကသာ ယခုထက်ထိ သတိမထားမိကြသေးခြင်း ဖြစ်ပေမည်။
နတ်သခင်များကိုပင် ထိန်းချုပ်နိုင်လျှင် နတ်သခင်ထက် အားနည်းသော နတ်များအနေဖြင့် ထိုလျှို့ဝှက်ဆန်းကြယ်သော စွမ်းအား၏ တိုက်စားကျူးကျော်မှုကို မည်သို့ တောင့်ခံနိုင်ပါတော့မည်နည်း။
ပြဿနာ၏ ကြီးလေးမှုကို နတ်သခင် ယွမ်မုန့် ချက်ချင်းပင် သိမြင်သွား၏။ ကြယ်မြစ် နတ်သခင် အဘယ်ကြောင့် ကိုယ်တိုင်ကိုယ်ကျ ရောက်ရှိလာရကြောင်း၊ ထို့ပြင် ယခုအချိန်တွင် မည်သူ နတ်ဧကရာဇ် ဖြစ်လာသည်က အရေးမကြီးတော့ဟု အဘယ်ကြောင့် ပြောဆိုရကြောင်းကို ယခုမှသာ သူမ တကယ် နားလည်သွားရပေပြီ။
လက်ရှိတွင် ထျန်းရန် နတ်ဘုရား နယ်မြေသည် ကြီးမားသော ကပ်ဘေးနှစ်ခုကို ရင်ဆိုင်နေရပြီဖြစ်သည်။ တစ်ခုမှာ ကျင့်စဉ်လမ်းစဉ် တိုက်စားခံနေရသည့် ဘေးဖြစ်ပြီး အခြားတစ်ခုမှာ ဤလျှို့ဝှက်ဆန်းကြယ်သော စွမ်းအားက တိတ်တဆိတ် ကျူးကျော်ဝင်ရောက်လာခြင်း ဖြစ်၏။
ဤကပ်ဘေးနှစ်ခုသည် သီးခြားစီ ဖြစ်ပေါ်နေခြင်း မဟုတ်ပဲ မကြာခင် ကျရောက်တော့မယ့် မဟာကပ်ဘေးကြီး၏ အစပျိုးခြင်းလည်း ဖြစ်နိုင်သည်။
ဤကဲ့သို့သော အခြေအနေမျိုးတွင် ဂိုဏ်းတစ်ခုတည်း၏ စွမ်းအားဖြင့်သာ ကျရောက်လာမည့် ဘေးအန္တရာယ်ကို တွန်းလှန်ရန် မဖြစ်နိုင်ကြောင်း လူအတစ်ဦးပင် သိနိုင်သည်။ ထို့ကြောင့် ယခုအချိန်တွင် အခွင့်အရေးများအတွက် လုယူတိုက်ခိုက်ခြင်းကို ကြယ်မြစ် နတ်သခင် စွန့်လွှတ်လိုက်ခြင်းက အလွန်ပင် ပညာရှိရာ ရောက်သည်။
ဤအခြေအနေသို့ ရောက်ရှိနေပြီဖြစ်ရာ အခွင့်အရေးများအတွက် ဆက်လက် တိုက်ခိုက်နေဦးမည်ဆိုပါက ထျန်းရန် နတ်ဘုရား နယ်မြေတစ်ခုလုံး ပျက်စီးခြင်းသို့သာ ဦးတည်သွားပေလိမ့်မည်။
ခဏခန့် တိတ်ဆိတ်သွားပြီးနောက် နတ်သခင် ယွမ်မုန့်က
“ခန်းမသခင် အဲဒီလျှို့ဝှက်ဆန်းကြယ်တဲ့ စွမ်းအားကို သူ့ဆီမှာ ဘယ်တုန်းက စပြီး သတိထားမိတာလဲ။”
ကြယ်မြစ် နတ်သခင်က
“သူ နေဝင်တောင်တန်းကနေ ပြန်လာပြီးတဲ့နောက်မှာပါ”
“နေဝင်တောင်တန်း” ဟူသော စကားလုံးကို ကြားလျှင် နတ်သခင် ယွမ်မုန့် ပို၍ တည်တံ့အေးစက်သွားပြီး
“နေဝင်တောင်တန်းရဲ့ တားမြစ်နယ်မြေတွေထဲမှာ ကြောက်မက်ဖွယ်ကောင်းတဲ့ တည်ရှိမှုအချို့ကို ချိပ်ပိတ်ထားတယ်။ အခုတော့ ချိပ်ပိတ်ခြင်းက လျော့ရဲနေပြီ ထင်တယ်။ အဲ့ဒီနတ်သခင်ရဲ့ ကိုယ်ပေါ်က လျှို့ဝှက်ဆန်းကြယ်တဲ့ စွမ်းအားက တားမြစ်နယ်မြေတစ်ခုခုကနေ လာတာ ဖြစ်ရမယ်။”
ထိုမျှ ပြောဆိုပြီးနောက် သူတို့နှစ်ဦးစလုံး အချိန်အတော်ကြာ တိတ်ဆိတ်သွားကြ၏။ နေဝင်တောင်တန်း၌ မည်သည့်အရာကို ချိပ်ပိတ်ထားကြောင်း ကြယ်မြစ် နတ်သခင် အသေးစိတ် မသိသော်လည်း ထိုနေရာရှိ တားမြစ်နယ်မြေများ အလွန်အန္တရာယ်များကြောင်းတော့ သူ သိသည်။
အရိုင်းနယ်မြေသည် အခြားနယ်မြေများနှင့် ဆက်ဆံမှု နည်းပါးရခြင်း အကြောင်းရင်းမှာ နေဝင်တောင်တန်းအတွင်း၌ နတ်သခင်များပင် အလွယ်တကူ ခြေမချရဲသော တားမြစ်နယ်မြေ အမြောက်အမြား တည်ရှိနေသောကြောင့် ဖြစ်၏။
အတိတ်ကာလတုန်းကတော့ ထူးဆန်းမှုများကို မယုံကြည်ပဲ ထိုတားမြစ်နယ်မြေများအတွင်း၌ အခွင့်အရေးများ ရှိနိုင်သည်ဟု တွေးကာ သွားရောက် စူးစမ်းခဲ့ကြသော နတ်သခင်အချို့ ရှိခဲ့ဖူးသည်။ သို့သော် ထိုနတ်သခင်များသည် နေဝင်တောင်တန်း၏ တားမြစ်နယ်မြေများအတွင်းသို့ ဝင်ရောက်သွားပြီးနောက် မည်သည့်အခါမှ ပြန်မထွက်လာနိုင်ခဲ့ကြတော့ပေ။ တဖြည်းဖြည်းနှင့် လူများသည် နေဝင်တောင်တန်းသို့ သွားရန်ပင် မရဲကြတော့ပေ။
၎င်းက အရိုင်းနယ်မြေနှင့် အခြားနယ်မြေများအကြား ဆက်ဆံမှု ပို နည်းပါးသွားစေခဲ့ခြင်း၏ အကြောင်းအရင်းတစ်ခုလည်း ဖြစ်သည်။
အချိန်မည်မျှကြာသွားသည်မသိ တိတ်ဆိတ်နေရာမှ နတ်သခင် ယွမ်မုန့်က
“အဲဒီနတ်သခင်မှာ အသိစိတ် ရှိသေးလား။”
ကြယ်မြစ် နတ်သခင်က
“ရှိပါသေးတယ်။ နောက်ပြီး သူက နတ်အလင်း မီးအိမ်တစ်ထောင်ကျမ်းစာကို အင်မတန် စိတ်ဝင်စားနေပုံရတယ်။ လုချန်းရဲ့ အခွင့်အရေးတွေ တခြားသူတွေလက်ထဲ မရောက်စေဖို့အတွက် သူ့ကို ဖမ်းဆီးဖို့ ကျုပ်ကို အကြိမ်ကြိမ် တိုက်တွန်းနေခဲ့တယ်။”
“လုချန်းက လျှို့ဝှက်လဝန်းနန်းတော်မှာ ရှိနေနိုင်မှန်း သိပြီးတဲ့နောက်မှာတော့ လျှို့ဝှက်လဝန်းနန်းတော်နဲ့ စစ်မက်ဖြစ်ပွားဖို့အထိ သူက လိုလားနေခဲ့တာ။ ဒီနတ်ကျင့်စဉ်က သူ့ကိုယ်ပေါ်က လျှို့ဝှက်ဆန်းကြယ်တဲ့ စွမ်းအားကို တားဆီးနှိမ်နင်းနိုင်တဲ့ အာနိသင် ရှိနေလိမ့်မယ်လို့ ကျုပ် သံသယဝင်မိတယ်။”
“ဒါမှမဟုတ် လုချန်းရဲ့ ကိုယ်ပေါ်မှာ သူ့ကို ကြောက်ရွံ့စေတဲ့ တခြားအရာတစ်ခုခု ရှိနေလို့လည်း ဖြစ်နိုင်ပါတယ်။”
“ဒါက ကျုပ်ကိုယ်တိုင် လျှို့ဝှက်လဝန်း ကျောင်းတော်ကို ရောက်လာရတဲ့ အကြောင်းရင်းပါပဲ။”
နတ်သခင် ယွမ်မုန့်က
“လုချန်းမှာရှိတဲ့ ဘယ်အရာကို သူ ကြောက်နေလဲဆိုတာကို ရှင် စုံစမ်းချင်တာလား။”
ကြယ်မြစ် နတ်သခင်က
“မှန်ပါတယ်”
ခဏခန့် တွေးတောပြီးနောက် နောက်ဆုံးတွင် ကြယ်မြစ် နတ်သခင်၏ စကားကို ယုံကြည်ရန် နတ်သခင် ယွမ်မုန့် ရွေးချယ်လိုက်သည်။
နတ်သခင် ယွမ်မုန့်က
“လုချန်း လျှို့ဝှက်လဝန်း ကျော်တော်မှာ မရှိပါဘူး။”
ကြယ်မြစ် နတ်သခင် မျက်မှောင် အနည်းငယ် ကြုတ်မိသွား၏။ သူက ဤမျှအထိ ပြောဆိုခဲ့ပြီးဖြစ်သော်လည်း နတ်သခင် ယွမ်မုန့်က သူ့ကို ယုံကြည်မှု မရှိသေးပါလား။
နတ်သခင် ယွမ်မုန့်က လုချန်းကို ဖုံးကွယ်ရန် ကြိုးစားနေဆဲဖြစ်သည်ဟု ကြယ်မြစ် နတ်သခင် ထင်မှတ်လိုက်စဉ်မှာပင် သူမက ဆက်လက်၍
“လုချန်းရဲ့ ပင်မကိုယ်က ဘယ်အရပ်မှာ ရှိနေမှန်း ကျွန်မလည်း မသိပါဘူး။ ဒါပေမဲ့ သူ့ရဲ့ ကိုယ်ပွားတစ်ခုတော့ လျှို့ဝှက်လဝန်း ကျောင်းတော်မှာ ရှိနေပါတယ်။ သူ့ကို ကျွန်မ ဒီကို လာခိုင်းလို့ရတယ်။ ရှင်က ဒီအကြောင်းကို သူ့ကို ပြောပြလို့ရပါတယ်။”
“ကစဉ့်ကလျား ပင်လယ်ထဲကနေ သူရရှိခဲ့တဲ့ အခွင့်အရေးတွေကို ရှင့်ကို မျှဝေဖို့ ဆုံးဖြတ်မလားဆိုတာကတော့ သူ့ရဲ့ သဘောထားပဲ ဖြစ်ပါလိမ့်မယ်။”
--
………….