အခန်း ၁၈၈၂
Vol. 126 Ch. 1882
အခန်း (၁၈၈၂ )
ကစဉ့်ကလျား ပင်လယ်အတွင်းမှာ မှတ်ဉာဏ်အချို့
ထို့နောက် နတ်သခင် ယွမ်မုန့်က နတ်သခင် ကောင်းကင်ကို
“ညီမလေး... လုချန်းကို ယွမ်မုန့် ခန်းမဆီ လာခိုင်းလိုက်ပါ။”
နတ်သခင် ယွမ်မုန့်၏ အသံလွှင့်စကားကို ကြားလျှင် နတ်သခင် ကောင်းကင် အနည်းငယ် မကျေမနပ် ဖြစ်သွား၏။ နတ်သခင် ယွမ်မုန့်သည် လုချန်း၏ သရုပ်မှန်ကို သူမထက် စော၍ သိထားခဲ့သော်လည်း ထိုအကြောင်းကို တစ်ခါမှ မပြောပြခဲ့ပေ။
ထို့ပြင် လုချန်းကို ရှာဖွေသည့် အခါတိုင်းတွင်လည်း သူမထံ အသံလွှင့်အကြောင်းကြားကာ သူမအား လုချန်း၏ ဆရာရင်း ဖြစ်နေသကဲ့သို့ ပြုမူတတ်သေး၏။
သူမဘာသာ လုချန်းကို ရှာတွေ့နိုင်ပါလျက်နှင့် အဘယ်ကြောင့် အကြောင်းကြားနေသနည်း။
မည်သို့ပင်ဖြစ်စေ သူမအတွက်တော့ လုချန်းသည် အမည်ခံ တပည့်ရင်းတစ်ဦးသာ ဖြစ်သည်။ လုချန်းကို သူမ မည်သည့်အရာမှ သင်ကြားပြသပေးခဲ့ခြင်း မရှိပေ။
ထို့နောက် နတ်သခင် ကောင်းကင်က
“ကျောင်းတော်သခင် သူ့ကို ရှာချင်ရင် တိုက်ရိုက်ပဲ ပြောလိုက်ပါလား။”
ထိုအခိုက်အတန့်တွင် နတ်သခင် ကောင်းကင်က လုချန်းကို
“ကျောင်းတော်သခင် ရှင့်ကို ရှာနေတယ်။”
နတ်သခင် ကောင်းကင်၏ အသံလွှင့်စကားကို ကြားလိုက်ရရုံမျှသာ ရှိသေးပြီး လုချန်း တစ်စုံတရာ တုံ့ပြန်ရန် အချိန်မရသေးမီ သူ၏မြင်ကွင်း အမှောင်အတိ ကျသွားကာ စွမ်းအားတစ်ခုက သူ၏ ခန္ဓာကိုယ်ကို အာကာသ အက်ကြောင်းတစ်ခုအတွင်းသို့ ဆွဲသွင်းသွားတော့၏။
လုချန်း၏ မျက်စိရှေ့တွင် အလင်းရောင် ပြန်လည် ပေါ်ပေါက်လာသည့် အခါ၌ သူ ယွမ်မုန့် ခန်းမအတွင်းသို့ ရောက်ရှိနေပြီ ဖြစ်၏။
ခန်းမဆောင်ကြီးအတွင်း၌ နတ်သခင် ယွမ်မုန့်အပြင် အခြား လူစိမ်း နတ်သခင်တစ်ပါးကိုပါ မြင်တွေ့လိုက်ရသဖြင့် ယနေ့တွင် သူကို နတ်သခင် ယွမ်မုန့် အဘယ်ကြောင့် ရှာဖွေရသနည်းဟု လုချန်း အနည်းငယ် စူးစမ်းလိုစိတ် ဖြစ်ပေါ်သွား၏။
လုချန်းက
“ကျောင်းတော်သခင်ကို ဂါရဝပြုပါတယ် ခင်ဗျား”
“ကျောင်းတော်သခင်အနေနဲ့ တပည့်ကို အခုလို ဆင့်ခေါ်ရတဲ့ အကြောင်းအရင်းကို သိပါရစေ။”
လုချန်း၏ မေးခွန်းကို နတ်သခင် ယွမ်မုန့် ပြန်လည်မဖြေကြားပဲ ကြယ်မြစ် နတ်သခင်နှင့် စကားပြောဆိုခဲ့သည့် မှတ်ဉာဏ်များကို မှတ်ဉာဏ်ပုလဲလုံးတစ်ခုအဖြစ် တိုက်ရိုက် ပေါင်းစည်းလိုက်ပြီးနောက် လက်ညှိုးကို ခါထုတ်ကာ ထိုမှတ်ဉာဏ်ပုလဲလုံးကို လုချန်း၏ နဖူးဆီသို့ လွှတ်တင်လိုက်၏။
မှတ်ဉာဏ်ပုလဲလုံး လုချန်း၏ နဖူးအတွင်းသို့ ဝင်ရောက်သွားသည်နှင့်တစ်ပြိုင်နက် သူလည်း အကျိုးအကြောင်း အလုံးစုံကို ချက်ချင်းပင် သဘောပေါက်သွားတော့၏။
သို့ရာတွင် ထိုအခိုက်အတန့်တွင် သူ ပို၍ပင် ဇဝေဇဝါ ဖြစ်သွား၏။ ခန်းမဆောင်ကြီးအတွင်း၌ ဘာမှမဟုတ်သလို ထိုင်နေသော ထိုလူမှာ ခမ်းနားသောကောင်းကင်ခန်းမ၏ ခန်းမသခင် ကြယ်မြစ် နတ်သခင် ဖြစ်နေလိမ့်မည်ဟု သူ လုံးဝ မထင်မှတ်ထားခဲ့ပေ။
ခမ်းနားသော ကောင်းကင်ခန်းမသည် သူ၏ ရန်သူတော်ကြီး ဖြစ်၏။ သို့သော် ယခုအခါ ထိုခမ်းနားသော ကောင်းကင်ခန်းမ၏ ခန်းမသခင်ကိုယ်တိုင်က လူကိုယ်တိုင် ရောက်ရှိလာပြီး နတ်သခင် ယွမ်မုန့်အား သူနှင့်တွေ့ဆုံခွင့်ပေးရန် တောင်းဆိုနေခြင်းဖြစ်သည်။
သို့သော်လည်း ထိုအရာကို သူ နားလည်နိုင်သည်။ သူယခုလေးတင် မြင်တွေ့ခဲ့ရသည့် မှတ်ဉာဏ်အကြောင်းအရာများသာ မှန်ကန်ပါက ထျန်းရန် နတ်ဘုရား နယ်မြေအပေါ်သို့ ကပ်ဘေးကြီး တကယ် ကျရောက်တော့မည် ဖြစ်၏။
ထို့ကြောင့် ကြယ်မြစ် နတ်သခင်အနေနှင့် သိက္ခာကို ချ၍ သူအား လူကိုယ်တိုင် လာရောက်ရှာဖွေခြင်းက မဖြစ်နိုင်သည့် အရာမဟုတ်ပေ။
နတ်သခင် ယွမ်မုန့်က
“ရှင် ကစဉ့်ကလျား ပင်လယ်ထဲမှာ နှစ်ပေါင်း ကုဋေချီ ကြာအောင် နေခဲ့တာဆိုတော့ အခွင့်အရေးတွေ အမြောက်အမြား ကြုံတွေ့ခဲ့ရမှာ သေချာတယ်။ ကျွန်မတို့ ရှင့်ရဲ့ အခွင့်အရေးတွေအကြောင်း မမေးပါဘူး။ ဒါပေမဲ့ ရှင်ရခဲ့တဲ့ အခွင့်အရေးတွေထဲမှာ အဲဒီ လျှို့ဝှက်ဆန်းကြယ် စွမ်းအားနဲ့ သက်ဆိုင်တာမျိုး ရှိလားဆိုတာပဲ ကျွန်မ သိချင်တာ။”
နတ်သခင် ယွမ်မုန့်က
“ပြီးခဲ့တဲ့အကြိမ်တုန်းက ထျန်းရန် နတ်ဘုရား နယ်မြေမှာ ပေါ်ခဲ့တဲ့ ပုံမှန်မဟုတ်တဲ့ ဖြစ်စဉ်ကိုလည်း ရှင် မြင်တွေ့ခဲ့ရမှာပဲ။ အဲ့ဒီ လျှို့ဝှက်ဆန်းကြယ် စွမ်းအားရဲ့ အငွေ့အသက်ကိုလည်း ခံစားမိခဲ့မှာ သေချာတယ်။”
နတ်သခင် ယွမ်မုန့်နှင့် ကြယ်မြစ် နတ်သခင်တို့၏ စကားပြောဆိုနေသော မှတ်ဉာဏ်ကို ဖတ်ရှုပြီးနောက် ထိုလျှို့ဝှက်ဆန်းကြယ် စွမ်းအားကို ထိန်းချုပ်ဟန့်တားနိုင်မည့် နည်းလမ်းကို ရှာဖွေရန် သူတို့ ကြိုးပမ်းနေကြကြောင်း လုချန်း သိသွား၏။
အမှန်အတိုင်း ပြောရလျှင်တော့ ပြီးခဲ့သည့်အကြိမ် မြောက်ပိုင်းနယ်၌ ရှိနေစဉ်ကမှ ထိုလျှို့ဝှက်ဆန်းကြယ် စွမ်းအားကို လုချန်း ပထမဆုံးအကြိမ်အဖြစ် ခံစားမိခဲ့ခြင်း ဖြစ်သည်။
နတ်အလင်း မီးအိမ်တစ်ထောင်ကျမ်းစာက ထိုလျှို့ဝှက်ဆန်းကြယ် စွမ်းအားအပေါ် အကျိုးသက်ရောက်မှု ရှိမရှိနှင့် ပတ်သက်၍တော့ သူကိုယ်တိုင် စမ်းသပ်ကြည့်ရခြင်း မရှိသေးသဖြင့် သူလည်း သေချာမသိပေ။ နတ်အလင်း မီးအိမ်တစ်ထောင်ကျမ်းစာနှင့် ကောင်းကင်နတ်ဆိုး စွမ်းအားကို ထိန်းချုပ်နိုင်သည့် အခြား ကျင့်စဉ်အနည်းငယ်မှလွဲ၍ မိစ္ဆာအင်အားစုများကို တုံ့ပြန်တိုက်ခိုက်ရန် သူ့၌ အခြားနည်းလမ်း မရှိပေ။
ယခင်က စနစ်ထံမှ ရရှိခဲ့သည့် မိစ္ဆာစွမ်းအားများကို နှိမ်နင်းနိုင်သော အဆင့်နိမ့် ရတနာမှာလည်း ကစဉ့်ကလျား သားရဲ၏ ဝမ်းဗိုက်အတွင်း၌သာ အာနိသင်ရှိပြီး ပြင်ပသို့ ရောက်ရှိချိန်တွင်တော့ ထိုအဆင့်နိမ့် ရတနာမှာ အာနိသင်မဲ့သွားခဲ့ပြီ ဖြစ်၏။
လုချန်း နှုတ်ဆိတ်နေသည်ကို မြင်လျှင် ကြယ်မြစ် နတ်သခင်က လုချန်းကို
“ချန်ဘုရင်... ခမ်းနားသော ကောင်းကင်ခန်းမနဲ့ ခင်ဗျားကြားမှာ နားလည်မှုလွဲတာတွေ ရှိခဲ့တယ်။ ဟိုတုန်းက ခင်ဗျားကို သေဒဏ်ပေးဖို့ ဇွတ်လုပ်ခဲ့တာက ဝူယာနတ်သခင်ပဲ။ ကျုပ်ကတော့ တံခါးပိတ် ကျင့်စဉ်စခန်း ဝင်နေလို့ ဒီကိစ္စတွေကို မသိခဲ့ရဘူး။”
“ ဒီလို ပါရမီရှင်တစ်ယောက် ရှိနေမှန်းသာ ကျုပ် သိခဲ့ရင် ခမ်းနားသော ကောင်းကင်ခန်းမထဲကို ခင်ဗျား ဝင်လာအောင် နည်းမျိုးစုံနဲ့ စည်းရုံးမှာ သေချာပြီး ခင်ဗျားကို လိုက်လံ သတ်ဖြတ်ဖို့ လူတွေကို လွှတ်မှာ မဟုတ်ဘူး။”
ကြယ်မြစ် နတ်သခင်က ဆက်လက်၍
“အခု လက်ရှိမှာတော့ လျှို့ဝှက်ဆန်းကြယ် စွမ်းအားရဲ့ တိုက်စားမှုကို ခံနေရတာက ဝူယာနတ်သခင် ဖြစ်နေတယ်။ ဒါကြောင့် ခင်ဗျားမှာ အဲဒီ လျှို့ဝှက်ဆန်းကြယ် စွမ်းအားကို တုံ့ပြန်နိုင်မယ့် နည်းလမ်း ရှိရင် ကျုပ်တို့ကို အသိပေးပါ။ ကျုပ်တို့ စွမ်းအားချင်းပူးပေါင်းပြီး သူ့ကို ဖယ်ရှားလိုက်ရင် ခင်ဗျားအတွက်လည်း ကလဲ့စားချေပြီးသား ဖြစ်သွားမှာပါ။”
“ဒီလိုဆိုရင် ခင်ဗျားနဲ့ ခမ်းနားသော ကောင်းကင်ခန်းမကြားက ရန်ငြိုးတွေကလည်း ပြေလည်သွားမယ့်အပြင် နောင်ကိုလည်း ခမ်းနားသော ကောင်းကင်ခန်းမက ခင်ဗျားကို ဒုက္ခပေးမှာ မဟုတ်တော့ဘူး။ ခင်ဗျား ဘယ်လို သဘောရလဲ။”
ကြယ်မြစ် နတ်သခင်၏ စကားကို ကြားလျှင် လုချန်း စိတ်ထဲ နှာခေါင်းရှုံ့လိုက်မိ၏။
ကြယ်မြစ် နတ်သခင်က အကွက်ရွှေ့ ကောင်းလှပေသည်။ သူကို အရေးယူခဲ့သူမှာ ဝူယာနတ်သခင် ဖြစ်သော်လည်း ကြယ်မြစ် နတ်သခင်အနေနှင့် ခန်းမသခင် တစ်ဦးဖြစ်ပါလျက်နှင့် ထိုအကြောင်းကို လုံးဝ မသိပဲ နေမည်ဟု သူ မယုံကြည်ပေ။
ကြယ်မြစ် နတ်သခင်က ယခုကဲ့သို့ စကားမျိုး ပြောနေခြင်းမှာ သူ့၌ လျှို့ဝှက်ဆန်းကြယ် စွမ်းအားကို ကိုင်တွယ်နိုင်မည့် နည်းလမ်း ရှိမရှိ စမ်းသပ်လိုရုံသက်သက်သာ ဖြစ်သည်။ သူနှင့် ခမ်းနားသော ကောင်းကင်ခန်းမကြားမှ ရန်ငြိုးများကတော့ သဘာဝကျကျပင် ယခုကဲ့သို့ လွယ်လွယ်ကူကူ ပြေလည်သွားမည်တော့ မဟုတ်ပေ။
ထိုလျှို့ဝှက်ဆန်းကြယ် စွမ်းအားသည် တကယ်ပင် ကပ်ဘေးတစ်ခု၏ နိမိတ်ဖြစ်ပါက သူသည်လည်း ထျန်းရန် နတ်ဘုရား နယ်မြေ၏ အစိတ်အပိုင်းတစ်ခု ဖြစ်သောကြောင့် တတ်နိုင်သမျှ ကူညီဆောင်ရွက်ပေးမည် ဖြစ်၏။
သို့သော် စိတ်မကောင်းစရာမှာ လက်ရှိအချိန်တွင် ထိုလျှို့ဝှက်ဆန်းကြယ် စွမ်းအားကို တိုက်ဖျက်နိုင်မည့် နည်းလမ်းကို သူ တကယ်ပင် မသိသေးခြင်း ဖြစ်သည်။
လုချန်းက
“ဒါဆိုရင်တော့ ခန်းမသခင်ကို ကျေးဇူးတင်ပါတယ်”
ပြုံးရွှင်နေသော မျက်နှာကို လက်သီးနှင့် မထိုးရဟူသော စကားအတိုင်း လုချန်းအနေနှင့် အနည်းငယ်တော့ ယဉ်ကျေးပြရပေမည်။
လုချန်းက ဆက်လက်၍
“ဒါပေမဲ့ ကျုပ် ကစဉ့်ကလျား ပင်လယ်ထဲမှာ ရခဲ့တဲ့ အကြီးမားဆုံး အခွင့်အရေးကတော့ ဒီ နတ်အလင်း မီးအိမ်တစ်ထောင်ကျမ်းစာပဲ ဖြစ်လိမ့်မယ်။”
ထိုအရာကို ကြားလျှင် နတ်သခင် ယွမ်မုန့်နှင့် ကြယ်မြစ် နတ်သခင်တို့၏လည်း နဂိုကထက်ပင်ပို၍ တည်ကြည် လေးနက်သော မျက်နှာပေးများ ဖြစ်သွားကြ၏။
လုချန်း၏ စကားကို သူတို့ မယုံကြည်ကြတာတော့ ဧကန်မုချပင်။
ကစဉ့်ကလျား ပင်လယ်ဆိုသည်မှာ အတိုင်းအဆမဲ့ ကျယ်ပြောလှသော နေရာဖြစ်၏။
လုချန်းသည် ထိုနေရာ၌ နှစ်ပေါင်း ကုဋေချီ ကုန်ဆုံးခဲ့ပါလျက်နှင့် ဤကောင်းကင်အဆင့် နတ်ကျင့်စဉ် တစ်ခုတည်းကိုသာ ရရှိခဲ့သည် ဆိုတာက အဘယ်သို့ ဖြစ်နိုင်ပါအံ့နည်း။
ကစဉ့်ကလျား ပင်လယ်အတွင်းသို့ သူတို့ကိုယ်တိုင် တစ်ခါမှ မဝင်ရောက်ဖူးသဖြင့် ထိုနေရာနှင့် ပတ်သက်၍ သူတို့ အမျိုးမျိုး စိတ်ကူးယဉ်နေကြခြင်း ဖြစ်၏။
နတ်ဧကရာဇ်များပင် ကစဉ့်ကလျား ပင်လယ်အတွင်းသို့ ဝင်ရောက်သွားပြီးနောက် ဘယ်သောအခါမှ ပြန်လည်ထွက်ခွာမလာခဲ့သည့် အချက်နှင့် ပေါင်းစပ်လိုက်သောအခါ နတ်သခင် ယွမ်မုန့်နှင့် ကြယ်မြစ် နတ်သခင်တို့သာမက ထျန်းရန် နတ်ဘုရား နယ်မြေရှိ နတ်အများစုစိတ်ထဲ ကစဉ့်ကလျား ပင်လယ်အတွင်း၌ အခွင့်အရေးများစွာ ပြည့်နှက်နေသည်ဟု ယုံကြည်နေကြသည်။
ကစဉ့်ကလျား ပင်လယ်အတွင်း၌ သဘာဝအတိုင်း အခွင့်အရေးများ မရှိခဲ့လျှင်ပင် နတ်ဧကရာဇ် ချန်ရစ်ထားခဲ့သော အမွေအနှစ်များက အခွင့်အရေးကြီးများ ဖြစ်နေပေလိမ့်မည်။
သူတို့နှစ်ဦး သူအား မယုံကြည်ကြောင်း လုချန်း သိသဖြင့် ကစဉ့်ကလျား သားရဲနှင့် သက်ဆိုင်သည့် မှတ်ဉာဏ်များကို မှတ်ဉာဏ်ပုလဲလုံး နှစ်လုံးအဖြစ် သူကိုယ်တိုင် ပေါင်းစည်းလိုက်ပြီးနောက် နတ်စွမ်းအားကို အသုံးပြုကာ ထိုမှတ်ဉာဏ်ပုလဲလုံးများကို ကြယ်မြစ် နတ်သခင်နှင့် နတ်သခင် ယွမ်မုန့်တို့၏ ရှေ့မှောက်သို့ ပို့ဆောင်ပေးလိုက်၏။
လုချန်းက
“ဒါတွေကတော့ ကျုပ်ရဲ့ ကစဉ့်ကလျား ပင်လယ်ထဲက မှတ်ဉာဏ်အချို့ပါ။ ကျုပ်ပြောတာ မယုံကြည်ဘူးဆိုရင် ဒီမှတ်ဉာဏ်တွေကို ဖတ်ရှုကြည့်နိုင်ပါတယ်။”
ထိုမှတ်ဉာဏ်ပုလဲလုံးများထဲတွင် စနစ်နှင့် သက်ဆိုင်သည့် အမှတ်အသား အားလုံးကို လုချန်း ဖျောက်ပစ်လိုက်ပြီး သူပိုစွမ်းအားကြီး လာစေရန် လမ်းညွှန်ပေးခဲ့သည့် နတ်အာရုံတစ်မျှင်ဖြင့် အစားထိုးထားခဲ့၏။
ကြယ်မြစ် နတ်သခင်နှင့် နတ်သခင် ယွမ်မုန့်တို့လည်း သံသယမျက်နှာပေးများဖြင့် လုချန်းထံမှ မှတ်ဉာဏ်ပုလဲလုံးများကို စတင်လှုံ့ဆော်လိုက်ကြပြီး ကစဉ့်ကလျား သားရဲ၏ ဝမ်းဗိုက်အတွင်းမှ သူ၏ မှတ်ဉာဏ်များကို ဖတ်ရှုပြီးနောက် နှစ်ဦးစလုံး မှင်တက်သွားကြ၏။
ကစဉ့်ကလျား ပင်လယ်အတွင်း၌ ကစဉ့်ကလျား စွမ်းအား၏ တိုက်စားမှုကို ခုခံနိုင်စွမ်းရှိသော သတ္တဝါများ တကယ် ရှိနေတာပါလား။
အရင်ဆုံး အံ့အားသင့်သွားပြီးနောက် သူတို့၏ ခံစားချက်များ ရှုပ်ထွေးသွား တော့သည်။
လုချန်း၏ မှတ်ဉာဏ်များအရ သူသည် ကစဉ့်ကလျား သားရဲ၏ ဝမ်းဗိုက်အတွင်း၌ နှစ်ပေါင်း ကုဋေချီ ကုန်ဆုံးခဲ့ရပုံပေါ်ပြီး ထိုဝမ်းဗိုက်အတွင်းမှ သူ ပြန်လည်ထွက်ခွာနိုင်ခဲ့ခြင်းမှာ အခွင့်အရေးတစ်ခုကြောင့် မဟုတ်ပဲ နတ်ဆိုးဧကရာဇ်၏ စွမ်းအားကို အားကိုးခဲ့ရခြင်း ဖြစ်သည်။ လုချန်း၏ မှတ်ဉာဏ်ပုလဲလုံးများထဲတွင် နတ်ဆိုးဧကရာဇ် ပေါ်ထွက်လာခြင်းကလည်း သူတို့ကို အလွန် အံ့အားသင့်စေခဲ့ပြန်၏။
လုချန်း ပြန်လည်ရောက်ရှိလာသည့် အချိန်နှင့် နတ်ဆိုးဧကရာဇ် ထျန်းရန် နတ်ဘုရား နယ်မြေသို့ ပြန်လည်ရောက်ရှိလာချိန် တိုက်ဆိုင်နေခြင်းကလည်း အံ့ဩစရာ မရှိတော့ပေ။
အချိန်အတော်ကြာ တိတ်ဆိတ်သွားပြီးနောက် နတ်သခင် ယွမ်မုန့်က ကြယ်မြစ် နတ်သခင်ကို
“ဖြစ်နိုင်တာကတော့ အဲဒီ လျှို့ဝှက်ဆန်းကြယ် စွမ်းအားရဲ့ တိုက်စားမှုကို ခံနေရတဲ့ နတ်သခင်ဟာ လုချန်း ပိုင်ဆိုင်ထားတဲ့အရာကို ကြောက်ရွံ့နေတာမဟုတ်ပဲ ထျန်းရန် နတ်ဘုရား နယ်မြေကို ကစဉ့်ကလျားဖြစ်အောင် လုပ်ဖို့ စစ်ပွဲတွေဖြစ်အောင် လှုံ့ဆော်ချင်နေတာပဲ ဖြစ်လိမ့်မယ်။”
နတ်သခင် ယွမ်မုန့်၏ စကားကို ကြားလျှင် ကြယ်မြစ် နတ်သခင်၏ မျက်ခုံးများ ဇဝေဇဝါဖြစ်စွာ တွန့်ခေါက်သွား၏။ တစ်စုံတရာ မှားယွင်းနေသေးသည်ဟု သူ ခံစားနေရဆဲ ဖြစ်သည်။
--