အခန်း ၁၈၈၃
Vol. 126 Ch. 1883
အခန်း( ၁၈၈၃ )
ငါးစာ
ဝူယာနတ်သခင် အရိုင်းနယ်မြေမှ ပြန်လာပြီး နောက် သူ၏ကိုယ်ပေါ်ရှိ ကြောက်ရွံ့ထိတ်လန့်မှုကို ဖြစ်ပေါ်စေသော ထူးဆန်းသည့် အငွေ့အသက်ကို ကြယ်မြစ် နတ်သခင် ချက်ချင်း အာရုံခံမိသွားပြီး ဝူယာနတ်သခင်၏ စွမ်းအားသည် ယခုအခါ သူ့ထက် များစွာ သာလွန်နေပြီဟု ယုံကြည်ခဲ့၏။
သို့သော် ထိုသို့သောအခြေအနေမျိုးတွင်ပင် ဝူယာနတ်သခင်သည် လုချန်းကို ရှင်းလင်းရန် အရိုင်းနယ်မြေသို့ ပြန်မသွားပဲ ခမ်းနားသော ကောင်းကင်ခန်းမကို လျှို့ဝှက်လဝန်းနန်းတော်အား တိုက်ခိုက်ခိုင်းရန် ပြန်လာခဲ့ခြင်းက သူ တစ်စုံတစ်ခုကို စိုးရိမ်ထိတ်လန့်နေကြောင်း သက်သေပြနေ၏။
ဝူယာနတ်သခင်ဆီမှ ဆက်တိုက်ဖြစ်ပေါ်နေသော တုံ့ပြန်မှုများအရ သူ လုချန်းကို အလွန် အရေးထားကြောင်း ထင်ရှားနေ၏။ ထိုအချက်များအားလုံးက သူ စိုးရိမ်ထိတ်လန့်နေသောသူမှာ လုချန်းသာ ဖြစ်သင့်သည်ဟု ညွှန်ပြနေ၏။
အမှန်တော့ လုချန်းသည် အလွန်ဆုံးရှိလှ နတ်ဘုရင်အဆင့်သာ ရှိသဖြင့် ဝူယာနတ်သခင် အနေနှင့် နတ်ဘုရင်တစ်ပါးကို ကြောက်ရွံ့နေစရာ အကြောင်းမရှိပေ။ ထို့ကြောင့် သူ ကြောက်ရွံ့နေသည့်အရာမှာ လုချန်း၏ကိုယ်ပေါ်ရှိ တစ်စုံတစ်ခု ဖြစ်နိုင်၏။
လုချန်း ကစဉ့်ကလျား ပင်လယ်အတွင်း၌ မည်သည့် အခွင့်အလမ်းကိုမှ မရရှိခဲ့ပါက ဝူယာနတ်သခင်ကို စိုးရိမ်ထိတ်လန့်စေမည့်အရာ ဘာရှိပါဦးမည်နည်း။
လွန်ခဲ့သော နှစ်ပေါင်းကုဋေပေါင်းများစွာက လုချန်းကို ကစဉ့်ကလျား ပင်လယ်ထဲသို့ အတင်းအကျပ် နှင်ထုတ်ခဲ့သူမှာ ဝူယာနတ်သခင်ကိုယ်တိုင် ဖြစ်သည်ကို သိထားရမည် ဖြစ်၏။
လျှို့ဝှက်ဆန်းကြယ် စွမ်းအား ကူးစက်ခံထားရသော ဝူယာနတ်သခင်၏ စွမ်းအား အတိုင်းအဆမရှိ သန်မာလာသည်ကို ထည့်မတွက်လျှင်ပင် သူ၏ နဂိုစွမ်းအားဖြင့် လုချန်းကို ကြောက်လန့်နေစရာ မလိုပေ။
ထိုအခိုက်အတန့်တွင် လုချန်းက
“နတ်အလင်း မီးအိမ်တစ်ထောင်ကျမ်းစာက မိစ္ဆာစွမ်းအားတွေကို နှိမ်နင်းနိုင်တယ်။ ဖြစ်နိုင်တာက အဲဒီ လျှို့ဝှက်ဆန်းကြယ် စွမ်းအားကိုပါ နှိမ်နင်းနိုင်လို့ ဝူယာနတ်သခင်က ကျုပ်ကို သတ်ချင်နေတာ ဖြစ်လိမ့်မယ်။”
ကြယ်မြစ် နတ်သခင်က
“တကယ်ပဲ ဒီနတ်ကျင့်စဉ်တစ်ခုတည်းကြောင့်ပဲလား...”
ထိုစဉ် နတ်သခင် ယွမ်မုန့်က
“ခန်းမသခင်ရဲ့ နောက်ထပ် အစီအစဉ်က ဘာပါလဲ။”
“တကယ်လို့ ခန်းမသခင်က လျှို့ဝှက်ဆန်းကြယ် စွမ်းအား ကူးစက်ခံထားရတဲ့ အဲ့ဒီနတ်သခင်ကို ဖယ်ရှားချင်တယ်ဆိုရင် ကျွန်မတို့ လျှို့ဝှက်လဝန်း ကျောင်းတော်က ကူညီပေးဖို့ အဆင်သင့်ပါပဲ။”
အကယ်၍ ဝူယာနတ်သခင်ထံတွင် လျှို့ဝှက်ဆန်းကြယ် စွမ်းအား တကယ် စိမ့်ဝင်နေပါက ဤကိစ္စကို မလွဲမသွေ ဖြေရှင်းရမည် ဖြစ်၏။
မဟုတ်ပါက ဤစွမ်းအား ကူးစက်ခံရသည့် နတ်များ ပိုများပြားလာပြီး ကပ်ဘေးကြီး မဆိုက်ရောက်မီမှာပင် ထျန်းရန် နတ်ဘုရား နယ်မြေတစ်ခုလုံး ငရဲဘုံတစ်ခုအဖြစ် ပြောင်းလဲသွားနိုင်သည်။
ကြယ်မြစ် နတ်သခင်က
“ဒီကိစ္စကို ထပ်ပြီး တိုင်ပင်ဆွေးနွေးဖို့ လိုအပ်ပါသေးတယ်။”
ကြယ်မြစ် နတ်သခင်သည် ဝူယာနတ်သခင်၏ ကိုယ်ပေါ်ရှိ ထူးဆန်းသော အငွေ့အသက်ကို စိုးရိမ်ထိတ်လန့်နေဆဲ ဖြစ်၏။ အကယ်၍ သူတို့ အတူတကွ ပူးပေါင်းပြီး ဝူယာနတ်သခင်ကို ရှင်းလင်းနိုင်ခဲ့လျှင် အားလုံး အဆင်ပြေသွားမည် ဖြစ်၏။
သို့သော် ဝူယာနတ်သခင်ကို မသတ်နိုင်ပဲ နောက်ထပ် နတ်ဆိုးဧကရာဇ် တစ်ပါးကို မွေးထုတ်ပေးလိုက်သကဲ့သို့ ဖြစ်သွားပါက တောင်ပိုင်းနယ်မြေတစ်ခုလုံး ဝူယာနတ်သခင်၏ လက်အောက်သို့ ကျရောက်သွားနိုင်သည်။
အဆုံးစွန်အားဖြင့်ဆိုလျှင်တော့ နတ်ဆိုးဧကရာဇ်မှာ ထျန်းရန် နတ်ဘုရား နယ်မြေမှ လူဖြစ်သဖြင့် ရင်းနှီးပြီးသား တည်ရှိမှုတစ်ခု ဖြစ်သော်လည်း ဝူယာနတ်သခင်၏ ကိုယ်ပေါ်ရှိ လျှို့ဝှက်ဆန်းကြယ် စွမ်းအားကတော့ သူတို့ တစ်ခါမှ မကြုံတွေ့ဖူးသည့် စွမ်းအားတစ်ခု ဖြစ်ပြီး ပို၍ လျှို့ဝှက်ဆန်းကြယ်၏။
မသိနိုင်သောအရာက ပို၍ ကြောက်မက်ဖွယ်ကောင်းသည် မဟုတ်ပါလား။
နတ်ဆိုးဧကရာဇ်နှင့် နှိုင်းယှဉ်ပါက ဝူယာနတ်သခင်၏ ကိုယ်ပေါ်ရှိ လျှို့ဝှက်ဆန်းကြယ် စွမ်းအားကို ကြယ်မြစ် နတ်သခင် ပိုကြောက်ရွံ့မိ၏။
ခန်းမအတွင်းရှိ လုချန်းကို နတ်သခင် ယွမ်မုန့် လှမ်းကြည့်လိုက်ပြီး
“သူက လုချန်းကို အာရုံစိုက်တယ်လို့ ပြောခဲ့တယ် မဟုတ်လား။ ဒါဆိုရင် လုချန်းကိုပဲ ငါးစာအဖြစ် သုံးကြတာပေါ့။”
နတ်သခင် ယွမ်မုန့်၏ စကားကို ကြားလျှင် လုချန်း ခဏခန့် ဇဝေဇဝါ ဖြစ်သွား၏။ ဤကိစ္စက သူနှင့် ဘာဆိုင်လို့ သူက ငါးစာ ဖြစ်ရမည်နည်း။
သူ ကလဲ့စားချေချင်တာ အမှန်ဖြစ်သော်လည်း သူ၏ ကလဲ့စားချေမှုမှာ ဝူယာနတ်သခင် တစ်ဦးတည်းကိုသာ မဟုတ်ပဲ ခမ်းနားသော ကောင်းကင်ခန်းမတစ်ခုလုံးကို ရည်ရွယ်ခြင်း ဖြစ်၏။
ဝူယာနတ်သခင်၏ ပြဿနာသည် ခမ်းနားသော ကောင်းကင်ခန်းမ၏ အတွင်းရေးသာ ဖြစ်သဖြင့် သူ ဝင်ရောက်ပတ်သက်ရန် ရည်ရွယ်ချက် မရှိပေ။
နတ်သခင် ယွမ်မုန့်က လုချန်း၏ စိတ်ထဲမှ အတွေးများကို ရိပ်မိသွားပုံရပြီး သူ စကားမပြောမီမှာပင်
“အဲ့ဒီလူဆီက ထူးဆန်းတဲ့ စွမ်းအားတွေ ပျံ့နှံ့သွားလို့ မဖြစ်ဘူး။ အဲ့ဒီစွမ်းအားက ဘယ်လောက်အထိ အန္တရာယ်ပြုနိုင်လဲဆိုတာ ဘယ်သူမှ မသိနိုင်ဘူး။ တကယ်လို့ ပျံ့နှံ့သွားရင် ထျန်းရန် နတ်ဘုရား နယ်မြေအတွက် ကပ်ဘေးကြီး ဆိုက်ရောက်လာနိုင်တယ်။”
လုချန်း ဘာမှပြန်မပြောတော့ပေ။ ဤအရာသည် ထျန်းရန် နတ်ဘုရား နယ်မြေတစ်ခုလုံးနှင့် သက်ဆိုင်သော အရေးဟု နတ်သခင် ယွမ်မုန့်က သတိပေးနေခြင်း ဖြစ်ကြောင်း သူ နားလည်လိုက်သောကြောင့် ဖြစ်၏။
ဤအရာသည် သူ့အား ဖိအားပေးခြင်း ဖြစ်သော်လည်း လုချန်း ခဏခန့် စဉ်းစားကြည့်ပြီးနောက် နတ်သခင် ယွမ်မုန့်၏ စကား အဓိပ္ပာယ်ရှိကြောင်း ဝန်ခံလိုက်ရ၏။
ထိုစဉ်က မြောက်ပိုင်းနယ်မြေ ကောင်းကင်ယံရှိ လျှို့ဝှက်ဆန်းကြယ် စွမ်းအားကို ပြန်လည် အာရုံခံမိလျှင် အကြောင်းရင်းရှာမရပဲ သူ စိတ်မသက်မသာ ဖြစ်ခဲ့ရ၏။
ထိုစွမ်းအားသည် အတိတ်ဘဝက အစွမ်းထက်သော ပုဂ္ဂိုလ်တစ်ဦး ဖြစ်ခဲ့ဖူးသူကိုပင် စိတ်မသက်မသာ ဖြစ်စေရန် လုံလောက်သဖြင့် ဤလျှို့ဝှက်ဆန်းကြယ် စွမ်းအား၏ ကြီးမားလှသော ခြိမ်းခြောက်မှုကို ပေါ်လွင်စေ၏။
ထို့ပြင် ဝူယာနတ်သခင်ကလည်း အစကတည်းက သူ၏ ရန်သူ ဖြစ်၏။
ခမ်းနားသော ကောင်းကင်ခန်းမနှင့် လျှို့ဝှက်လဝန်း ကျောင်းတော်တို့၏ လက်ကို အသုံးချကာ ဤရန်သူကို ဖယ်ရှားနိုင်မည်ဆိုပါက သူ စဉ်းစားကြည့်သင့်၏။
ခမ်းနားသော ကောင်းကင်ခန်းမနှင့် ရှိထားသော ရန်ငြိုးများနှင့် ပတ်သတ်လျှင်တော့ သူ နတ်သခင်အဆင့်သို့ တက်ရောက်ပြီးချိန် သို့မဟုတ် သူ၏ ကျင့်စဉ်လမ်းကြောင်း ပုံမှန်အတိုင်း ပြန်လည်ကောင်းမွန်လာချိန်မှသာ ဖြေရှင်းနိုင်မည် ဖြစ်၏။
ထိုအတွေးနှင့်အတူ လုချန်းလည်း ဖြောင့်မတ်တည်ကြည်သော ဟန်ပန်ကို ပြုလုပ်လိုက်ပြီး
“ခပ်သိမ်းသော သတ္တဝါတွေအတွက် တတ်နိုင်တဲ့ဘက်ကနေ ပါဝင်လုပ်ဆောင်ပေးဖို့ ကျုပ်ဘက်က အဆင်သင့်ပါပဲ။”
လုချန်း ငါးစာအဖြစ် လုပ်ဆောင်ရန် သဘောတူသည်ကို ကြားလျှင် ကြယ်မြစ် နတ်သခင်၏ မျက်ဝန်းအစုံ၌ အရောင်တစ်ချက် ဝင်းလက်သွား၏။ အကယ်၍ ဝူယာနတ်သခင်က တကယ်ပဲ လုချန်းကို ဂရုစိုက်နေပါက လုချန်းကို ငါးစာအဖြစ် အသုံးပြုခြင်းဖြင့် ဝူယာနတ်သခင်ကို သူတို့ ကြိုတင်ပြင်ဆင်ထားသော ထောင်ချောက်အတွင်းသို့ အောင်မြင်စွာ မျှားခေါ်နိုင်မည် ဖြစ်၏။
ထိုအတွေးနှင့်အတူ ကြယ်မြစ် နတ်သခင် ပြုံးလိုက်ပြီး
“ချန်ဘုရင်မှာ ဒီလိုမျိုး အသိတရားရှိနေမှတော့ ကျုပ်အနေနှင့် ခင်ဗျားရဲ့ စေတနာကို အလဟဿ မဖြစ်စေရပါဘူး။ ဒါပေမဲ့ ဝူယာနတ်သခင်ကို ဘယ်နေရာကို မျှားခေါ်ရမလဲ။”
နတ်သခင်အဆင့် တိုက်ပွဲများ၏ ဖျက်ဆီးနိုင်စွမ်းမှာ ကြီးမားလွန်းလှ၏။ မြောက်ပိုင်းနယ်မြေသည် ထင်ရှားသော ဥပမာတစ်ခု ဖြစ်သည်။ ယခု ၎င်း၏ ကုန်းမြေထုသည် တစ်ဝက်နီးပါး ပျက်စီးသွားခဲ့ရသဖြင့် ပြန်လည်ကုစားရန် လိုအပ်နေဆဲ ဖြစ်သည်။
ယခု ဝူယာနတ်သခင်၏ စွမ်းအားက နတ်ဆိုးဧကရာဇ်နှင့် ယှဉ်နိုင်လောက်စရာ ရှိနေသဖြင့် အကယ်၍ တောင်ပိုင်းနယ်မြေ၌ တိုက်ပွဲဖြစ်ပွားပါက မြောက်ပိုင်းနယ်မြေ၏ ကံကြမ္မာအတိုင်း ကြုံတွေ့ရနိုင်ပြီး ရေတွက်မရနိုင်သော သတ္တဝါ အမြောက်အမြားကို ထိခိုက်စေနိုင်ခြေ ရှိ၏။
ကြယ်မြစ် နတ်သခင် စကားပြောပြီးနောက် နတ်သခင် ယွမ်မုန့်က
“အရိုင်းနယ်မြေပဲ။”
နတ်သခင် ယွမ်မုန့်၏ အကြံပြုချက်ကို ကြားရလျှင် ကြယ်မြစ် နတ်သခင် ခဏခန့် စဉ်းစားကြည့်လိုက်ပြီး
“အရိုင်းနယ်မြေက တကယ်ပဲ သင့်တော်တဲ့ နေရာတစ်ခု ဖြစ်လိမ့်မယ်။”
အရိုင်းနယ်မြေသည် ကျယ်ပြောလှပြီး လူသူနည်းပါးလှသဖြင့် ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့လျှင်ပင် နှမြောတသ ဖြစ်နေစရာ မလိုပေ။
ကြယ်မြစ် နတ်သခင်က
“ဒါဆိုရင်လည်း ဒီအတိုင်းပဲ ဆုံးဖြတ်လိုက်ကြတာပေါ့။”
နတ်သခင် ယွမ်မုန့်က
“ဒီကိစ္စက ကြီးလေးလွန်းတာမို့ ကျွန်မတို့ရဲ့ ဘိုးဘေးနဲ့ တိုင်ပင်ဖို့ လိုအပ်ပါသေးတယ်။ သီးခြားလုပ်ဆောင်ချက်တွေအတွက်တော့ နောက်ထပ် သုံးရက်နေရင် ပြန်ဆုံကြတာပေါ့။ ဒီအတောအတွင်း ခန်းမသခင်အနေနှင့် လျှို့ဝှက်လဝန်း ကျောင်းတော်မှာ ရက်အနည်းငယ်လောက် ထပ်ပြီး နေထိုင်ပေးဖို့ တောင်းဆိုပါရစေ။”
ကြယ်မြစ် နတ်သခင်က
“ကောင်းပါပြီ။ ဒါဆိုရင်တော့ အနှောင့်အယှက် ပေးရတော့မှာပေါ့။”
ထို့နောက် အကြီးအကဲတစ်ဦးကို နတ်သခင် ယွမ်မုန့် ခေါ်ယူကာ ကြယ်မြစ် နတ်သခင်ကို လျှို့ဝှက်လဝန်း ကျောင်းတော်၏ အောက်ခြေရှိ နတ်မြို့၌ သွားရောက်တည်းခိုရန် လိုက်ပါပို့ဆောင်စေခဲ့၏။
ကြယ်မြစ် နတ်သခင်သည် ဧည့်သည်တော်ကြီး ဖြစ်သော်လည်း သူသည် မဟာအင်အားကြီးအုပ်စုတစ်ခု၏ ခန်းမသခင် ဖြစ်နေသဖြင့် နတ်သခင် ယွမ်မုန့် အနေနှင့် သူ့ကို လျှို့ဝှက်လဝန်း ကျောင်းတော်အတွင်း၌ ဆက်ရှိနေခွင့် မပေးနိုင်ပေ။ ကျောင်းတော်၏ လျှို့ဝှက်ချက် တစ်စုံတစ်ရာ ပေါက်ကြားသွားပါက ထိခိုက်နစ်နာမှုများ ရှိလာနိုင်သောကြောင့် ဖြစ်၏။
သို့သော် လျှို့ဝှက်လဝန်း ကျောင်းတော်၏ ထိန်းချုပ်မှုအောက်ရှိ နတ်မြို့ကတော့ ၎င်း၏ အစိတ်အပိုင်းတစ်ခုအဖြစ် သတ်မှတ်နိုင်ပြီး ကြယ်မြစ် နတ်သခင်ကလည်း မဟာအင်အားကြီးအုပ်စုတစ်ခု၏ ခေါင်းဆောင် ဖြစ်သဖြင့် သဘာဝကျကျပင် နားလည်ပေးနိုင်၏။
ကြယ်မြစ် နတ်သခင် ယွမ်မုန့်ခန်းမမှ ထွက်ခွာသွားပြီးနောက် ခန်းမဆောင်ကြီးအတွင်း၌ လုချန်းနှင့် နတ်သခင် ယွမ်မုန့် နှစ်ဦးတည်းသာ ကျန်ရစ်တော့၏။ ထိုအခိုက်အတန့်တွင် လုချန်းက နတ်သခင် ယွမ်မုန့်ကို
“ကြယ်မြစ် နတ်သခင် လိမ်ညာနေတာ ဖြစ်နိုင်မယ်လို့ ခင်ဗျား မစိုးရိမ်ဘူးလား။”
နတ်သခင် ယွမ်မုန့် တည်ငြိမ်သော အမူအရာဖြင့်
“ခမ်းနားသော ကောင်းကင်ခန်းမက လျှို့ဝှက်လဝန်း ကျောင်းတော်ကို တိုက်ခိုက်ဖို့ ရည်ရွယ်နေတယ်လို့ ရှင် ဆိုလိုချင်တာလား။”
လုချန်းက
“ခမ်းနားသော ကောင်းကင်ခန်းမတစ်ခုလုံးကို အခုအချိန်မှာ လျှို့ဝှက်ဆန်းကြယ် စွမ်းအားက အလုံးစုံ ဝါးမြိုသွားတာမျိုးလည်း ဖြစ်နိုင်တယ်။ ပြီးတော့ ကြယ်မြစ် နတ်သခင်က ခင်ဗျားတို့ လျှို့ဝှက်လဝန်း ကျောင်းတော်ကို ပစ်မှတ်ထားဖို့အတွက် အဲဒီလျှို့ဝှက်ဆန်းကြယ် စွမ်းအားအကြောင်း သတင်းအချက်အလက်တွေကို တမင်တကာ ပေါက်ကြားအောင် လုပ်ခဲ့တာလည်း ဖြစ်နိုင်တာပဲ မဟုတ်လား။”
နတ်သခင် ယွမ်မုန့်က
“ကြယ်မြစ် နတ်သခင်ရဲ့ ကိုယ်ပေါ်မှာ လျှို့ဝှက်ဆန်းကြယ် စွမ်းအားရဲ့ အငွေ့အသက် မရှိဘူး။ ဒါကြောင့် လောလောဆယ်တော့ သူ့ကို ယုံကြည်လို့ရပါတယ်။ ဒါပေမဲ့ ရှင် စိုးရိမ်တာလည်း အဓိပ္ပာယ်ရှိတာမို့ ကျွန်မ မဆုံးဖြတ်ခင် ဘိုးဘေးထံ အရင် တင်ပြလိုက်ဦးမယ်။”
နတ်သခင် ယွမ်မုန့်က ဆက်လက်၍
“ဒါတင်မကသေးဘူး...”
ဟု ဆိုလိုက်ပြန်၏။
ထိုစဉ် နတ်သခင် ယွမ်မုန့်၏ အကြည့်များ လုချန်းထံသို့ ကျရောက်လာပြီး
“ရှင့်ရဲ့ မှတ်ဉာဏ်ပုလဲထဲမှာ အရင်က မှတ်ဉာဏ်တွေ တော်တော်များများ ပျောက်ဆုံးနေခဲ့ပုံရတယ်နော်။”
နတ်အလင်း မီးအိမ်တစ်ထောင်ကျမ်းစာကို ကစဉ့်ကလျား ပင်လယ်အတွင်း၌ ရရှိခဲ့သည်ဟု လုချန်း ပြောဆိုခဲ့သော်လည်း သူ၏ မှတ်ဉာဏ်ပုလဲထဲတွင် ဤနတ်ကျင့်စဉ်ကို ရရှိခဲ့သည့် မည်သည့်မှတ်ဉာဏ်မှ မရှိပေ။ ဤအရာက မှတ်ဉာဏ်များစွာကို သူ ဖုံးကွယ်ထားကြောင်း ထင်ရှားစွာ ညွှန်ပြနေ၏။
--
………….