အခန်း ၁၈၈၄
Vol. 126 Ch. 1884
အခန်း (၁၈၈၄)
ကပ်ဘေးကို ကြိုဆိုချင်သူ
နတ်သခင် ယွမ်မုန့်၏ မေးခွန်းကို ကြားရလျှင် လုချန်း၏ မျက်နှာအမူအရာ အနည်းငယ်မှပင် ပြောင်းလဲခြင်း မရှိပေ။ နတ်အလင်း မီးအိမ်တစ်ထောင်ကျမ်းစာ၏ မြစ်ဖျားခံရာကို နတ်သခင် ယွမ်မုန့် မေးမြန်းလာနိုင်ကြောင်းကို သူ အစကတည်းက ခန့်မှန်းထားခဲ့၏။
အကြောင်းမူကား နတ်အလင်း မီးအိမ်တစ်ထောင်ကျမ်းစာသည် ကောင်းကင်အဆင့် နတ်ကျင့်စဉ်တစ်ခု ဖြစ်သောကြောင့် ဖြစ်၏။ နတ်ဂိုဏ်းကြီးများတွင် ကိုယ်ပိုင်ကောင်းကင်အဆင့် နတ်ကျင့်စဉ်များနှင့် သူတော်စင်အဆင့် နတ်ကျင့်စဉ်များပင် ရှိကြလိမ့်မည်။
သို့သော် ကောင်းကင်နတ်ဆိုးစွမ်းအားကို နှိမ်နင်းနိုင်စွမ်းရှိသည့် တစ်ခုတည်းသော ကျင့်စဉ်အဖြစ် နတ်အလင်း မီးအိမ်တစ်ထောင်ကျမ်းစာကိုသာ လူသိများကြ၏။ ထို့ကြောင့် ထိုကျမ်းစာမှာ သူတော်စင်အဆင့် နတ်ကျင့်စဉ်များထက်ပင် ပို၍ ရှားပါးသည်။
ထိုအခိုက်အတန့်တွင် လုချန်းက နတ်သခင် ယွမ်မုန့်ကို
“ကျုပ်ဖျက်ပစ်လိုက်တဲ့ မှတ်ဉာဏ်တွေက ကျုပ်ရဲ့ ဇနီးတွေနဲ့ပဲ သက်ဆိုင်တယ်။ ကျောင်းတော်သခင်က ကျုပ်တို့ရဲ့ နေ့စဉ်ဘဝကို ချောင်းကြည့်ချင်လို့လား။”
နတ်သခင် ယွမ်မုန့်၏ မျက်ခုံးအစုံ အနည်းငယ် တွန့်ကွေးသွား၏။ နတ်သခင် ယွမ်မုန့်က လုချန်းကို
“ဒါဆိုရင် နတ်အလင်း မီးအိမ်တစ်ထောင်ကျမ်းစာကို ရှင် ဘယ်ကနေ ရခဲ့တာလဲ။”
လုချန်းက နတ်သခင် ယွမ်မုန့်ကို
“အဲဒါကို နတ်ဆိုးဧကရာဇ်က ပေးခဲ့တာပါ။”
လုချန်း၏ ယုံချင်စရာမကောင်းသော တုံ့ပြန်မှုကို ကြားလျှင် နတ်သခင် ယွမ်မုန့်၏ မျက်နှာအမူအရာမှာ ချက်ချင်းပင် လွန်စွာ တည်တံ့ခက်ထန်သွား၏။ ထို့နောက် သူမ လုချန်းကို အေးစက်စွာ စိုက်ကြည့်လိုက်၏။
နတ်သခင် ယွမ်မုန့်က
“ရှင်ပြောချင်တာက နတ်ဆိုးဧကရာဇ်က သူရဲ့ ကိုယ်ပိုင်စွမ်းအားကို နှိမ်နင်းနိုင်တဲ့ နတ်ကျင့်စဉ်ကို ရှင့်ကို ပေးခဲ့တယ်ပေါ့ ဟုတ်လား။”
လုချန်းက နတ်သခင်
“ကျောင်းတော်သခင် ယုံကြည်ရခက်လိမ့်မယ်ဆိုတာ ကျုပ်နားလည်ပါတယ်။ ဒါပေမဲ့ ဒီနတ်ကျင့်စဉ်ကို နတ်ဆိုးဧကရာဇ် ကစဉ့်ကလျား ပင်လယ်ကနေ ထွက်ခွာသွားချိန်မှာ ကျုပ်ကို တကယ်ပဲ ပေးခဲ့တာပါ။ ကျုပ် ထျန်းရန်နတ်ဘုရား နယ်မြေကို ပြန်လာနိုင်ခဲ့တာကလည်း နတ်ဆိုးဧကရာဇ်ကြောင့်ပါပဲ။ ကျောင်းတော်သခင် စဉ်းစားကြည့်ပါ။ နတ်ဆိုးဧကရာဇ်ကလွဲရင် ကောင်းကင်နတ်ဆိုးစွမ်းအားကို နှိမ်နင်းနိုင်တဲ့ နတ်ကျင့်စဉ်ကို ဘယ်သူက ဖန်တီးနိုင်ဦးမှာလဲ။”
နတ်သခင် ယွမ်မုန့်က
“အို... ဒါဆိုရင် ရှင်က လျှို့ဝှက်လဝန်းနန်းတော်ထဲကို နတ်ဆိုးဧကရာဇ် စေလွှတ်လိုက်တဲ့ သူလျှိုတစ်ယောက်ပေါ့ ဟုတ်လား။”
လုချန်းက
“နတ်ဆိုးဧကရာဇ်ရဲ့ စွမ်းအားမျိုးနဲ့ အခြားနတ်ဂိုဏ်းတွေထဲမှာ သူလျှိုတွေ ထားဖို့ လိုအပ်မယ်လို့ ကျောင်းတော်သခင် တကယ်ပဲ ထင်နေတာလား။”
နတ်သခင် ယွမ်မုန့်က ခပ်အေးအေးလေသံဖြင့်
“မပြောနိုင်ဘူးလေ။”
ရိုးရှင်းသော နတ်ဂိုဏ်းတစ်ဂိုဏ်းသာ ဖြစ်ပါက သူလျှိုများ ထားရှိရန် တကယ်ပင် မလိုအပ်ပေ။ သို့သော် လျှို့ဝှက်လဝန်းနန်းတော်ကတော့ သာမန်ဂိုဏ်းတစ်ဂိုဏ်း မဟုတ်ပေ။
အထူးသဖြင့် ဒုတိယအကြိမ်မြောက် ဘဝကို စောင့်ဆိုင်းနေသည့် နတ်ဧကရာဇ် ဘိုးဘေးတစ်ပါး ရှိနေခြင်းကြောင့် ဖြစ်၏။
နတ်ဆိုးဧကရာဇ်က နတ်ဧကရာဇ် ယူလန်၏ အခြေအနေကို စုံစမ်းရန်အတွက် လုချန်းကို စေလွှတ်ခဲ့ခြင်း ရှိ၊ မရှိ မည်သူ သိနိုင်သနည်း။
ထိုသို့ တွေးတောမိသည်နှင့်အမျှ နတ်သခင် ယွမ်မုန့် ပို၍ သတိကြီးစွာ ထားလာမိတော့၏။ ရှုကျင့်ရှူး၏ ရင်သွေးလေး မွေးဖွားမလာသေးခြင်းက ကံကောင်းသည်ဟု သူမ ရုတ်တရက် ခံစားလိုက်ရ၏။
နတ်ဆိုးဧကရာဇ်က နတ်ဧကရာဇ် ယူလန်၏ အခြေအနေကို သိထားပြီး ထိုမမွေးဖွားသေးသော ကလေး၏ ခန္ဓာကိုယ်အတွင်း၌ တစ်စုံတစ်ရာသော ကန့်သတ်ချက် ချန်ထားခဲ့ခြင်း ရှိ၊ မရှိ မည်သူမှ မခန့်မှန်းနိုင်ပေ။
အကယ်၍ ဘဝသံသရာ လည်ပတ်ခြင်းအတွင်း ထိုကဲ့သို့သော ကန့်သတ်ချက်များနှင့် နတ်ဧကရာဇ် ယူလန် ကြုံတွေ့ရပြီး မမျှော်လင့်ထားသည့် ပြဿနာများ ဖြစ်ပွားလာခဲ့လျှင်...
ထိုနေရာသို့ ရောက်သောအခါ နတ်သခင် ယွမ်မုန့် ဆက်လက်၍ မတွေးရဲတော့ပေ...
မဟုတ်သေးဘူး။ ရှုကျင့်ရှူးရဲ့ ရင်သွေးကို နတ်ဧကရာဇ် ယူလန် ဘဝသံသရာဝင်စားမယ့် ခန္ဓာကိုယ်အဖြစ် အသုံးပြုခွင့် ပေးမှာမဟုတ်ဘူး။
နတ်သခင် ယွမ်မုန့်၏ သတိကြီးစွာ ထားနေသည့် အမူအရာကို မြင်လျှင် သူ၏ စကားများ သက်ရောက်မှုရှိသွားကြောင်း လုချန်း သိလိုက်၏။
သို့သော် သူ့အား ရွှမ်ချင်းယွမ် စေလွှတ်လိုက်သည့် သူလျှိုတစ်ဦးအဖြစ် သံသယဝင်သွားခြင်းအပေါ် လုချနန်း အနည်းငယ်မှပင် စိုးရိမ်ပူပန်ခြင်း မရှိပေ။ အဘယ့်ကြောင့်ဆိုသော် သူ၏ ဤခန္ဓာကိုယ်မှာ ကိုယ်ပွားတစ်ခုမျှသာ ဖြစ်နေခြင်းကြောင့်ပင်။
ထို့ပြင် နတ်သခင် ယွမ်မုန့်သည် သူကိုယ်သူ အနာဂတ်ကပ်ဘေးများကို တွန်းလှန်မည့် အဓိကပုဂ္ဂိုလ်တစ်ဦးအဖြစ် သတ်မှတ်ထားကြောင်း သူမ၏ အချက်အလက်များတွင် ဖော်ပြထား၏။ ထိုအကြောင်းကြောင့် ရွှမ်ချင်းယွမ်နှင့် သူ၏ ဆက်နွှယ်မှုကို နတ်သခင် ယွမ်မုန့် သိထားလျှင်ပင် သူမအပေါ် အရေးယူလုပ်ဆောင်ခြင်းမှ ရှောင်ကြဉ်ပေလိမ့်မည်။
နတ်သခင် ယွမ်မုန့်က နတ်အလင်း မီးအိမ်တစ်ထောင်ကျမ်းစာ၏ မြစ်ဖျားခံရာကို အတည်ပြုရန် နတ်ဆိုးဧကရာဇ်ထံ သွားရောက် စုံစမ်းမှာလား ဆိုသည်ကိုလည်း စိုးရိမ်စရာပင် မလိုပေ။ ရွှမ်ချင်းယွမ်ကို နတ်သခင် ယွမ်မုန့်က ရန်သူအဖြစ် သတ်မှတ်ထားရာ သူမအနေနှင့် မည်သို့ သွားရောက် အတည်ပြုပါမည်နည်း။
ထိုအခိုက်အတန့်တွင် နတ်သခင် ယွမ်မုန့် အနည်းငယ် ခေါင်းခဲသွားရ၏။ လုချန်းသည် ဤမျှအထိ ဒုက္ခပေးနိုင်မည့်သူ ဖြစ်လိမ့်မည်ဟု သူမ တစ်ခါမှ မထင်မှတ်ထားခဲ့ပေ။
ထိုစဉ် နတ်သခင် ယွမ်မုန့်က
“ရှင် အရင်ပြန်နှင့်တော့။ ကျွန်မနဲ့ ကြယ်မြစ် နတ်သခင်တို့ အစီအစဉ်တစ်ခု ဆွဲပြီးတာနဲ့ ရှင့်ဆီကို သတင်းပို့လိုက်ပါ့မယ်။”
ထိုစကားများနှင့်အတူ နတ်သခင် ယွမ်မုန့် လက်ကို ဝှေ့ယမ်းလိုက်ရာ လုချန်းလည်း စွမ်းအားတစ်ခု၏ တွန်းပို့မှုကြောင့် ကောင်းကင်တောင်ထိပ်သို့ တိုက်ရိုက် ပြန်လည်ရောက်ရှိသွားတော့၏။
လုချန်း ထွက်ခွာသွားပြီးနောက် နတ်သခင် ယွမ်မုန့်သည် အနည်းငယ်မှ တွန့်ဆုတ်မနေပဲ လျှို့ဝှက်လဝန်း ကျောင်းတော်၏ အနက်ရှိုင်းဆုံး နေရာဆီသို့ တိုက်ရိုက် ဦးတည်သွားတော့၏။
လျှို့ဝှက်လဝန်း ကျောင်းတော်၏ အနက်ရှိုင်းဆုံးနေရာတွင် ကြီးမားကျယ်ပြန့်လှသော မြေအောက်နန်းတော်တစ်ခု ရှိသည်။ ထိုနေရာအား ကျောက်တောင်များက နံရံများသဖွယ် ဝန်းရံထားပြီးနှင့် ပတ်ဝန်းကျင် တစ်ခုလုံးကိုလည်း နီလာရောင် သစ်ခွပန်းခင်းကြီးများဖြင့် လှပစွာ တန်ဆာဆင်ထား၏။ ပွင့်ဖတ်ဖျားများဆီမှ သေးငယ်သော အလင်းစက်ကလေးများ ထွက်ပေါ်နေပြီး မှေးမှိန်နေသော နေရာလွတ်ကြီးကို အလင်းပေးနေ၏။
မြေအောက်နန်းတော်၏ ဗဟိုချက်တွင် သလင်းကျောက်ခေါင်းတလားတစ်လုံး ရှိနေပြီး ၎င်း၏ မျက်နှာပြင်ပေါ်၌ သစ်ခွရိပ်များ လှုပ်ခတ်နေကြရာ အတွင်း၌ လရောင်အလင်းတန်းများ လှည့်ပတ်စီးဆင်းနေသကဲ့သို့ ထင်မှတ်ရသည်။
ထိုသလင်းကျောက်ခေါင်းအတွင်း၌ ရင်သပ်ရှုမောဖွယ် လှပလွန်းသော နတ်မိမယ်တစ်ပါး လဲလျောင်းလျက် ရှိနေ၏။ သူမ၏ ရေတံခွန်ပမာ နက်မှောင်သော ဆံနွယ်များသည် ပိုးသားဖြူပေါ်တွင် ဖြန့်ကျက်နေပြီး ဆံနွယ်အချို့မှာ ပါးပြင်နားတွင် ရစ်ဝဲလျက် ရှိနေကြ၏။ ကျောက်ခေါင်းတလားအတွင်းရှိ မသိမသာ လှုပ်ခတ်နေသော လေစီးကြောင်းကြောင့် ထိုဆံစများ အနည်းငယ်မျှ တုန်ခါနေကြ၏။
သူမ၏ မျက်ခုံးအစုံသည် နက်မှောင်ကာ ပေါ်လွင်နေပြီး ရှည်လျားသော မျက်တောင်ကော့များမှာမူ အချိန်မရွေး လှုပ်ခတ်ပွင့်လန်းလာတော့မည့် လိပ်ပြာတောင်ပံငယ်လေးများကဲ့သို့ ရှိနေကြ၏။ နှာတံမှာ ဖြောင့်စင်းနေပြီး နှုတ်ခမ်းအစုံမှာမူ မည်သည့် နှုတ်ခမ်းနီမှ ဆိုးခြယ်မထားပဲ ပန်းနုရောင် သန်းနေကာ နှုတ်ခမ်းထောင့်စွန်းများတွင်တော့ လျှို့ဝှက်ဆန်းကြယ်သော အပြုံးရိပ်တစ်ခု ခိုအောင်းနေလျက်ရှိသည်။
သူမသည် ငွေရောင်ပန်းထိုးများ ပါရှိသော ဧကရာဇ်ဝတ်ရုံကို ဝတ်ဆင်ထားပြီး ဝတ်ရုံ၏ အနားသတ်များအား ဂူအတွင်းရှိ သစ်ခွပန်းများ၏ အရောင်နှင့် လိုက်ဖက်သော ပုံစံများအဖြစ် ပန်းထိုးထား၏။ ကျောက်ခေါင်းအတွင်းရှိ မှေးမှိန်သော အလင်းရောင်အောက်တွင် ဝတ်ရုံ၏ ထောင့်စွန်းများမှာ သေးငယ်သော အလင်းစက်ကလေးများဖြင့် တောက်ပနေကြသည်။
သူမ၏ အသားအရေမှာ ဖောက်ထွင်းမြင်ရလုနီးပါး ဖြူဝင်းတောက်ပနေသော်လည်း သွေးဆုတ်ဖြူလျော်နေခြင်းမျိုး မဟုတ်ပဲ နွေးထွေးသော ကျောက်စိမ်းတုံးကဲ့သို့ တောက်ပမှုမျိုးကို ထွက်ပေါ်စေ၏။
သလင်းကျောက်ခေါင်းနံရံပေါ်တွင် ဖြစ်ပေါ်နေသော နှင်းစက်ကလေးများက သူမ၏ မျက်နှာနှင့် ပတ်ဝန်းကျင်ရှိ သစ်ခွရိပ်များကို ထင်ဟပ်စေနေ၏။ မြင်ကွင်းတစ်ခုလုံးသည် အိပ်မက်ဆန်သလို လျှို့ဝှက်ဆန်းကြယ်လှပေသည်။
မြေအောက်နန်းတော်ထဲသို့ ဝင်ရောက်လာပြီးနောက် နတ်သခင် ယွမ်မုန့်သည် အလယ်ဗဟိုရှိ သလင်းကျောက်ခေါင်းတလားဆီသို့ ချက်ချင်းပင် ဂါရဝပြုလိုက်၏။ နတ်သခင် ယွမ်မုန့်က သလင်းကျောက်ခေါင်းကို
“တပည့်မ ဆရာ့ကို ဂါရဝပြုပါတယ်။”
နတ်သခင် ယွမ်မုန့်က နှုတ်ဆက်ဂါရဝ ပြုလိုက်သော်လည်း သလင်းကျောက်ခေါင်းအတွင်းရှိ အမျိုးသမီးထံမှ မည်သည့် တုံ့ပြန်မှုမှ ရှိမလာခဲ့ပေ။
ခဏခန့် ကြာပြီးနောက် သလင်းကျောက်ခေါင်း၏ အထက်တွင် ခုနစ်ရောင်ခြယ် နတ်စွမ်းအားစုတစ်ခု စုစည်းလာပြီး စကားလုံးနှစ်လုံး ဖြစ်ပေါ်လာ၏။
သလင်းကျောက်ခေါင်းတလားထက်မှ စကားလုံးများက
“ဘာကိစ္စလဲ။”
လေထဲတွင် လွင့်မျောနေသော စကားလုံးနှစ်လုံးကို မြင်လျှင် နတ်သခင် ယွမ်မုန့်လည်း အနည်းငယ်မှ တွန့်ဆုတ်မနေပဲ လျှို့ဝှက်လဝန်းနန်းတော်တွင် မကြာသေးမီက ဖြစ်ပျက်ခဲ့သော သူမ၏ မှတ်ဉာဏ်များကို မှတ်ဉာဏ်ပုလဲတစ်ခုအဖြစ် ချက်ချင်းပင် စုစည်းကာ သလင်းကျောက်ခေါင်း၏ အထက်သို့ စေလွှတ်လိုက်၏။
နောက်တစ်ခဏတွင် ခုနစ်ရောင်ခြယ် နတ်စွမ်းအားတစ်ခုက လေထုထဲရှိ မှတ်ဉာဏ်ပုလဲကို လှုံ့ဆော်လိုက်၏။
မကြာမီ သလင်းကျောက်ခေါင်းအထက်တွင် စကားလုံးအချို့ ထပ်မံစုစည်းလာပြန်၏။
သလင်းကျောက်ခေါင်းထက်မှ စကားလုံးများက
“ဒီကိစ္စထဲမှာ ဝင်မပတ်သက်နဲ့။”
ထိုစကားလုံးများကို မြင်ရလျှင် နတ်သခင် ယွမ်မုန့် ခဏခန့် မှင်တက်သွား၏။ ပြီးခဲ့သည့်အကြိမ် ထျန်းရန်နတ်ဘုရား နယ်မြေတွင် ပုံမှန်မဟုတ်သော အခြေအနေတစ်ခု ဖြစ်ပွားခဲ့စဉ်က ပေါ်ပေါက်ခဲ့သော ထိုလျှို့ဝှက်ဆန်းကြယ်သော စွမ်းအားက သူမကိုယ်တိုင်ကိုပင် ထိတ်လန့်သွားစေခဲ့ရသည်အထိ ဖြစ်ခဲ့၏။
အကယ်၍ ထိုစွမ်းအားသာ တကယ် ပျံ့နှံ့သွားပါက ထျန်းရန်နတ်ဘုရား နယ်မြေတစ်ခုလုံး ဝါးမြိုခံရနိုင်ပြီး မည်သို့သော အကျိုးဆက်များ ဖြစ်လာမည်ကို မည်သူမှ မသိနိုင်ပေ။
သို့သော်လည်း နတ်ဧကရာဇ် ယူလန်က သူမအား ဝင်မစွက်ဖက်ရန် ပြောကြားလာခြင်းက အံ့ဩစရာပင် ဖြစ်တော့၏။ နတ်ဧကရာဇ် ယူလန်သည် နတ်သခင် ယွမ်မုန့်၏ အတွေးများကို ရိပ်မိသွားပုံရ၏။ နောက်တစ်ခဏတွင် သလင်းကျောက်ခေါင်းအထက်၌ စကားလုံးများ ထပ်မံ၍ စုစည်းလာပြန်၏။
သလင်းကျောက်ခေါင်းထက်မှ စကားလုံးများက
“ကပ်ဘေးတွေက ငါ့အတွက် အကျိုးရှိတယ်။”
ထိုစကားလုံးများကို ဖတ်ကြည့်ပြီးနောက် နတ်သခင် ယွမ်မုန့် ပို၍ ဇဝေဇဝါ ဖြစ်သွား၏။ ကပ်ဘေးများက မည်သို့မည်ပုံ ကောင်းသောအရာ ဖြစ်လာနိုင်မည်နည်း။
သူမစိတ်ထဲ ပြင်းပြလှသော စူးစမ်းလိုစိတ်တို့ ရှိနေသော်လည်း နတ်ဧကရာဇ် ယူလန်က မည်သည့် ထပ်ဆင့်ရှင်းလင်းချက်မှ ပေးမလာခဲ့ပေ။ နတ်သခင် ယွမ်မုန့်လည်း ထိုအရာ နတ်ဧကရာဇ် ယူလန်၏ လျှို့ဝှက်ချက်အချို့နှင့် သက်ဆိုင်နိုင်ကြောင်း နားလည်ထားသဖြင့် ထပ်မံ၍ မမေးမြန်းတော့ပေ။
သူမ၏ စိတ်တွင်းရှိ တုန်လှုပ်မှုများကို အတင်းအကျပ် ထိန်းချုပ်ပြီးနောက် မေးမြန်းတစ်ခု သူမထပ်မေး လိုက်၏။
“လုချန်းက နတ်ဆိုးဧကရာဇ် စေလွှတ်လိုက်တဲ့သူလို့ ယူဆနိုင်စရာ အချက်တွေ ရှိနေပါတယ်။ ရှုကျင့်ရှူးကလည်း နတ်ဆိုးဧကရာဇ်နဲ့ ဆက်စပ်မှုရှိနေဖို့ လွန်စွာ သေချာနေပါတယ်။ နတ်ဆိုးဧကရာဇ်က ရှုကျင့်ရှူးရဲ့ ခန္ဓာကိုယ်ပေါ်မှာ ကန့်သတ်ချက် တစ်စုံတစ်ရာ ချန်ထားခဲ့မှာကို တပည့် စိုးရိမ်မိပါတယ်။ တပည့် အနေနဲ့ ဆရာ့အတွက် ဘဝသံသရာဝင်စားမယ့် အသစ်စက်စက် ခန္ဓာကိုယ်တစ်ခုကို ထပ်ပြီး ရှာဖွေပေးရမလား။”
နောက်တစ်ခဏတွင် သလင်းကျောက် မျက်နှာပြင်ပေါ်၌ စကားလုံးတန်းများ ထပ်မံ၍ ပေါ်ထွက်လာပြန်၏။
သလင်းကျောက်ခေါင်းတလား ထက်မှ စကားလုံးများက
“ဝင်စားမယ့် ခန္ဓာကိုယ် မလိုပဲ ဒုတိယအကြိမ်မြောက် အသက်ရှင်သန်နိုင်မယ့် နည်းလမ်း ဆရာ့မှာ ရှိပြီးသားပါ။ ဒါပေမဲ့ သင့်တော်ပြီး အရည်အချင်းရှိတဲ့ အမျိုးသမီးတွေက ဆရာ့အတွက် လွန်စွာ အသုံးဝင်တာမို့ သူတို့အားလုံးကို လျှို့ဝှက်လဝန်း ကျောင်းတော်ဆီ ခေါ်ဆောင်ခဲ့ပါ။”
ထိုစကားများကို ဖတ်ကြည့်ရင်း နတ်သခင် ယွမ်မုန့် ပို၍ အံ့ဩတုန်လှုပ်သွားရ၏။ သူမ၏ ဆရာက ဘဝသံသရာဝင်စားမယ့် ခန္ဓာကိုယ်ကို တကယ်ပဲ မလိုအပ်တော့ဘူးလား။
သူမ၏ စိတ်တွင်းရှိ တုန်လှုပ်မှုနှင့် သိလိုစိတ်တို့ကို ဖိနှိပ်ရင်း နတ်သခင် ယွမ်မုန့်က
“တပည့် အမိန့်အတိုင်း နာခံပါ့မယ်။ ဆရာ့ဆီမှာ အခြား ညွှန်ကြားချက်တွေ မရှိတော့ဘူးဆိုရင် တပည့်ကို ခွင့်ပြုပါဦး။”
ထိုသို့ ပြောပြီးနောက် နတ်သခင် ယွမ်မုန့် ထိုနေရာတွင်ပင် ခဏခန့် စောင့်ဆိုင်းနေ၏။ သလင်းကျောက်ခေါင်းအထက်တွင် မည်သည့် ထပ်တိုးစကားလုံးမှ ပေါ်မလာတော့သည်ကို မြင်လျှင် သူမ လှည့်ထွက်ကာ မြေအောက်နန်းတော်မှ ထွက်ခွာခဲ့တော့၏။
--
……………