အခန်း ၁၈၈၅
Vol. 126 Ch. 1885
အခန်း (၁၈၈၅)
မပြောပြနိုင်သော အရာ
နတ်သခင် ယွမ်မုန့်သည် မြေအောက်နန်းတော်မှ ထွက်ခွာလာခဲ့ပြီးနောက် တစ်စုံတစ်ခုကို မရေမရာ ရိပ်မိသွားသဖြင့် စိတ်နှလုံး တည်ငြိမ်အောင် အချိန်အတော်ကြာ မလုပ်နိုင်ဖြစ်နေခဲ့သည်။
ထိုအန္တရာယ်သည် ဤလောကဆီသို့ ကမ္ဘာပျက်မည့် ကပ်ဘေးဆိုးကြီးကို သယ်ဆောင်လာနိုင်သော်လည်း သူမ၏ ဆရာကတော့ ထိုကပ်ဘေးသည် သူမအတွက် ကောင်းသောအရာတစ်ခုဖြစ်ကြောင်း ပြောခဲ့သည်။ ထို့ထက်မက ပို၍အရေးကြီးသည်မှာ ဆရာသည် ဒုတိယအကြိမ် ပြန်လည်သက်ရှင်သန်နိုင်မည့် နည်းလမ်းကို ရရှိထားပြီးဖြစ်ကြောင်းလည်း ပြောကြားခဲ့သေးသည်။
နတ်သခင် ယွမ်မုန့်သည် နတ်ဧကရာဇ်တစ်ပါး မဟုတ်သော်လည်း ရှေးဟောင်းအမွေအနှစ်များမှတစ်ဆင့် သက်တမ်းတိုးစေမည့် မိစ္ဆာနည်းလမ်းအချို့ ရှိကြောင်း သိထားသည်။
အကယ်၍ ထိုကပ်ဘေးက သူမ၏ဆရာအတွက် ကောင်းကျိုးပြုမည်ဆိုပါက ဆရာသည် သူမ၏သက်တမ်းကို တိုးမြှင့်ရန်နှင့် ဒုတိယဘဝတစ်ခုအဖြစ် ရှင်သန်ရန်အတွက် သက်ရှိအားလုံး၏ အသက်ဇီဝများကို အသုံးချရန် ကြံရွယ်နေခြင်းလား။
သို့သော် သူမ၏ဆရာသည် ပူးကပ်ခြင်းအတတ်ပညာကို ကျင့်ကြံပြီးသား မဟုတ်ပါလား။
အဘယ်ကြောင့် ထိုတားမြစ်ထားသည့် ကျင့်စဉ်များကို အသုံးပြုရန် လိုအပ်နေသေးသနည်း။
အကယ်၍ သူမ၏ဆရာသည် တားမြစ်ကျင့်စဉ်များကို တကယ်ပဲ အသုံးပြုခဲ့မည်ဆိုလျှင် နေဝင်တောင်တန်း၏ အန္တရာယ်ဇုန်အတွင်း ချိပ်ပိတ်ခြင်းခံထားရသူများနှင့် ဘာမှခြားတော့မည် မဟုတ်ပေ။
ထိုအရာကို တွေးမိရင်း နတ်သခင် ယွမ်မုန့်၏ စိတ်ခံစားချက်များ အလွန်တရာ ရှုပ်ထွေးနောက်ကျိလာခဲ့သည်။
နတ်ဧကရာဇ် ယူလန် နောက်ထပ်လုပ်ဆောင်မည့် အရာများကို သူမ လုံးဝသဘောမတူသော်လည်း နတ်ဧကရာဇ် ယူလန်သည် သူမ၏ ဆရာဖြစ်ပြီး လျှို့ဝှက်လဝန်း ကျောင်းတော်၏ ဘိုးဘေးလည်း ဖြစ်နေပြန်သည်။
နတ်ဧကရာဇ် ယူလန်သည် လျှို့ဝှက်လဝန်း ကျောင်းတော်တစ်ခုလုံး၏ မိုးကောင်းကင်သဖွယ် ဖြစ်သည်။ သူမ ပြောသမျှသည် အတည်သာ ဖြစ်၏။
လျှို့ဝှက်လဝန်း ကျောင်းတော်မှ မည်သူမှ နတ်ဧကရာဇ် ယူလန်ကို မလွန်ဆန်ဝံ့ကြပေ။ နတ်ဧကရာဇ် ယူလန်က လျှို့ဝှက်လဝန်း ကျောင်းတော်ကို ထျန်းရန် နတ်ဘုရား နယ်မြေတစ်ခုလုံးနှင့် ရန်သူဖြစ်အောင် လုပ်ခိုင်းလျှင်ပင် လျှို့ဝှက်လဝန်း ကျောင်းတော်အနေနှင့် နာခံရမည်သာ ဖြစ်သည်။
သူမ၏ စိတ်ခံစားချက်များကို တည်ငြိမ်အောင် လုပ်ပြီးနောက် နတ်သခင် ယွမ်မုန့်သည် ကြယ်မြစ် နတ်သခင် တည်းခိုရာ နတ်မြို့ဆီသို့ တိုက်ရိုက် ဦးတည်သွားခဲ့သည်။
ထိုအချိန်တွင် ကြယ်မြစ် နတ်သခင်သည် ခြံဝင်းအတွင်းရှိ နတ်ရေကန်ထက်၌ ကျင့်ကြံခြင်းတွင် နစ်မြောနေခဲ့သည်။ မိုးကောင်းကင်ထက်မှ နတ်သခင်တစ်ပါး၏ အရှိန်အဝါ လွင့်ပျံလာသည်ကို ခံစားမိလိုက်ပြီးနောက် ကြယ်မြစ် နတ်သခင်၏ မျက်လုံးများ ပွင့်လာသည်။
လာရောက်သူမှာ နတ်သခင် ယွမ်မုန့် ဖြစ်နေသည်ကို တွေ့ရသဖြင့် ကြယ်မြစ် နတ်သခင် အနည်းငယ် အံ့အားသင့်သွားသည်။ ဆွေးနွေးပွဲကို သုံးရက်ကြာမှ ပြုလုပ်မည်ဟု ပြောခဲ့သည် မဟုတ်ပါလား။
အဘယ်ကြောင့် သူ ထွက်ခွာလာပြီးပြီးချင်းမှာပင် နတ်သခင် ယွမ်မုန့်က သူ့ထံသို့ လာရောက်တွေ့ဆုံရသနည်း။
ကြယ်မြစ် နတ်သခင်သည် ရုတ်တရက် မကောင်းသော အတိတ်နိမိတ်တစ်ခုကို ခံစားလိုက်ရသည်။
နောက်တစ်ခဏ၌ သူ ထင်ထားသည့်အတိုင်းပင် နတ်သခင် ယွမ်မုန့်က လေးလံသော အမူအရာဖြင့်
“ကြယ်မြစ် ခန်းမသခင်... ကျွန်မ တကယ်ပဲ တောင်းပန်ပါတယ်။ ရှင့်ရဲ့ ခမ်းနားသော ကောင်းကင်ခန်းမ ကိစ္စနဲ့ပတ်သက်ပြီး ကျွန်မတို့ လျှို့ဝှက်လဝန်း ကျောင်းတော်က ကူညီပေးနိုင်မှာ မဟုတ်တော့ပါဘူး။”
နတ်သခင် ယွမ်မုန့်၏ စကားကို ကြားရလျှင် ကြယ်မြစ် နတ်သခင် ကြောင်အသွားပြီးနောက် မျက်နှာပျက်သွားကာ
“ဒါက ခင်ဗျားတို့ ဘိုးဘေးရဲ့ ဆန္ဒလား”
နတ်သခင် ယွမ်မုန့်က ငြင်းဆိုခြင်းမပြုပဲ
“ဟုတ်ပါတယ်”
ကြယ်မြစ် နတ်သခင် ခဏခန့် တိတ်ဆိတ်သွားသည်။ သူ့အမြင်အရ လျှို့ဝှက်လဝန်း ကျောင်းတော်၏ ဘိုးဘေးသည် တစ်စုံတစ်ခုကို သိထားရမည် ဖြစ်သည်။ ထို့ကြောင့်ပင် လျှို့ဝှက်လဝန်း ကျောင်းတော်အား လျှို့ဝှက်ဆန်းကြယ် စွမ်းအား၏ ကူးစက်ခြင်းခံထားရသူများကို ဆန့်ကျင်ဘက်မလုပ်ဝံ့စေခြင်း ဖြစ်နိုင်သည်။
ထို့နောက် ကြယ်မြစ် နတ်သခင်က
“ခင်ဗျားတို့ ဘိုးဘေးက တစ်ခုခုကို သိနေတာလား။ ကျုပ်ကို နည်းနည်းလောက် ပြောပြလို့ ရမလား”
ဟု ထပ်မံ မေးမြန်းလိုက်သည်။
သူတို့၏ ဘိုးဘေးက ကပ်ဘေးဆိုးကြီး ကျရောက်လာတော့မည့် အရေးကို မျှော်လင့်နေ ကြောင်းကိုတော့ နတ်သခင် ယွမ်မုန့်က ပြောပြမည် မဟုတ်ပေ။
သူမက
“ဘိုးဘေးက ကျွန်မကို လျှို့ဝှက်ဆန်းကြယ် စွမ်းအားအကြောင်း ဘာမှမပြောပြပါဘူး။ ဝင်မပါဖို့ပဲ ညွှန်ကြားခဲ့တာပါ။”
နတ်သခင် ယွမ်မုန့်က လိမ်ညာနေပုံမရသည်ကို တွေ့ရသဖြင့် ကြယ်မြစ် နတ်သခင်လည်း ဆက်လက်၍ မေးမြန်းမနေတော့ပေ။ သို့သော် သူက ရုတ်တရက် တစ်စုံတစ်ခုကို တွေးမိသွားပြီး
“လုချန်းကကော ကျုပ်တို့ကို ကူညီပေးနိုင်မလား။”
ယခုအချိန်တွင် လုချန်းသည် အမည်ခံအားဖြင့် လျှို့ဝှက်လဝန်း ကျောင်းတော်၏ အဖွဲ့ဝင်တစ်ဦး ဖြစ်နေသည်။ လုချန်းက အစပိုင်းတွင် သဘောတူခဲ့သော်လည်း လျှို့ဝှက်လဝန်း ကျောင်းတော်က သဘောမတူပါက လုချန်းသည်လည်း ငါးစာအဖြစ် ပါဝင်ရန် သဘောတူလိမ့်မည်မဟုတ်ကြောင်း သူ စိုးရိမ်နေမိသည်။
နတ်သခင် ယွမ်မုန့်က ခဏခန့် စဉ်းစားပြီးနောက်
“လုချန်းရဲ့ ပင်မကိုယ်က လျှို့ဝှက်လဝန်း ကျောင်းတော်ထဲကို ဝင်ရောက်ထားတာ မဟုတ်ပါဘူး။ လျှို့ဝှက်လဝန်း ကျောင်း တော်အနေနှင့် လုချန်းကို ကန့်သတ်ချုပ်ချယ်လို့ မရနိုင်ပါဘူး။”
“နားလည်ပါပြီ။ ဒါဆိုရင်တော့ ကျုပ်ကို ခွင့်ပြုပါဦး။”
လျှို့ဝှက်လဝန်း ကျောတော်ထံမှ အကူအညီ မရရှိခဲ့ခြင်းက နှမြောစရာကောင်းသော်လည်း ထျန်းရန် နတ်ဘုရား နယ်မြေတွင် လျှို့ဝှက်လဝန်း ကျောင်းတော်ကဲ့သို့သော အုပ်စိုးသူအဆင့် မဟာအင်အားစုကြီး တစ်ခုတည်းသာ ရှိသည်မဟုတ်ပေ။
လျှို့ဝှက်လဝန်း ကျောင်းတော်အပြင် အရှေ့ပိုင်းနယ်မြေ၌ အုပ်စိုးသူအဆင့် အင်အားစု နှစ်ခု ရှိသေးသည့်အပြင် မြောက်ပိုင်းနယ်မြေမှ နဂါးပြာ ခန်းမကလည်း အရိုင်းနယ်မြေသို့ ရောက်ရှိနေပြီဖြစ်ရာ သူအနေနှင့် နဂါးပြာ ခန်းမထံမှ အကူအညီကို ရှာဖွေနိုင်ပြီး နောက်ပိုင်းတွင် ၎င်းတို့အား အကျိုးအမြတ်အချို့ ပေးလိုက်ရုံသာ ဖြစ်သည်။
ထိုအတွေးနှင့်အတူ ကြယ်မြစ် နတ်သခင်၏ ခန္ဓာကိုယ်သည် အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားကာ အလယ်ပိုင်းနယ်မြေမှ တိုက်ရိုက် ထွက်ခွာသွားခဲ့တော့သည်။
……
ချင်နတ်ဘုရားနိုင်ငံ။
လုချန်း၏ နန်းတော်။
လေနှင့်တိမ်တိုက်နန်းတော်။
နန်းဆောင်ကြီးမှာ ကျယ်ဝန်းလှပြီး နတ်အငွေ့အသက် များဖြင့် လွှမ်းခြုံနေသည်။ နန်းဆောင်အတွင်း၌ နတ်ရွှေများဖြင့် ထုဆစ်ထားသော ရွှေနဂါးတိုင်ကြီး ဆယ်တိုင်ကျော် ရှိနေပြီး နန်းဆောင်တစ်ခုလုံးကို ခမ်းနားထည်ဝါသော အသွင်ကို ဆောင်စေသည်။
ထိုအခိုက်အတန့်တွင် နန်းဆောင်၏ အလယ်ဗဟို၌ နတ်သခင်ဝမ်ရှုသည် အရိုင်းနယ်မြေနှင့် ပတ်သက်သည့် ကိစ္စအချို့ကို လုချန်းထံသို့ အစီရင်ခံတင်ပြနေခဲ့သည်။
နတ်သခင်ဝမ်ရှုသည် ကန့်သတ်ချက်တစ်ခုအောက်တွင် ရှိနေရမည်ဖြစ်ပြီး သူ့ကို အကြောင်းအရာအတော်များများကို တိုက်ရိုက် ပြောပြနိုင်မည် မဟုတ်ကြောင်း လုချန်း သိထားသော်လည်း အရိုင်းနယ်မြေနှင့် ပတ်သက်သော ကိစ္စများနှင့် ပတ်သက်လျှင်တော့ လျှို့ဝှက်ချက် အလွန်အကျွံ မပါဝင်ပါက ပြောပြနိုင်ဆဲ ဖြစ်သည်။
လုချန်းသည်လည်း နန်းဆောင်အတွင်း မတ်တတ်ရပ်နေပြီး နတ်သခင်ဝမ်ရှု၏ စကားကို ကြားပြီးနောက် မျက်ခုံးကို တွန့်ကာ
“ဒါဆို လကွယ်ဂိုဏ်းက တကယ်ပဲ တည်ရှိနေတာပေါ့။ ဒါပေမဲ့ မသိရတဲ့ အကြောင်းပြချက်တစ်ခုခုကြောင့် ရုတ်တရက် ပုန်းအောင်းသွားတာလား။”
နတ်သခင်ဝမ်ရှုသည် လကွယ်ဂိုဏ်း၏ အခြေအနေကို လုချန်း နားလည်စေရန်အတွက် အရိုင်းနယ်မြေအတွင်းရှိ အင်အားစုများ၏ လှုပ်ရှားမှုအချို့ကို ရှင်းပြခဲ့ပြီးဖြစ်သည်။ မြောက်ပိုင်းနယ်မြေ အင်အားစုများ တောင်ဘက်သို့ ရွှေ့ပြောင်းလာသည်နှင့်အမျှ နဂါးပြာ ခန်းမသည် အရိုင်းနယ်မြေကို စိုးမိုးရန် အလားအလာ အလွန်များပြားနေသည်။
လုချန်းသည် ယခုကဲ့သို့ အချိန်မျိုးတွင် လကွယ်ဂိုဏ်းက အပြင်သို့ ထွက်လာရန် ဖိအားပေးခြင်း ခံရမည်လားဆိုသည်ကို သိလိုသဖြင့် နတ်သခင်ဝမ်ရှုအား စုံစမ်းမေးမြန်းခြင်း ဖြစ်သည်။
နတ်သခင်ဝမ်ရှုက
“ဟုတ်ပါတယ်။ လကွယ်ဂိုဏ်းဟာ ထျန်းရန် နတ်ဘုရား နယ်မြေရဲ့ လျှို့ဝှက်ချက်အချို့ကို သိသွားပြီး အရိုင်းနယ်မြေကနေ ညတွင်းချင်း ပျောက်ကွယ်သွားခဲ့ပုံရပါတယ်။ လူအနည်းငယ်လောက်ပဲ လကွယ်ဂိုဏ်း တည်ရှိမှုကို သိကြတာပါ။”
လုချန်းသည် နန်းဆောင်အတွင်း ခြေလှမ်းအနည်းငယ် လှမ်းကာ နန်းဆောင်တံခါးဝသို့ ဦးတည်ရင်း နန်းဆောင်အပြင်ဘက်က မိုးကောင်းကင်ကို ကြည့်ကာ အတွေးထဲ နစ်မြောသွားခဲ့သည်။
ထိုအခိုက်အတန့်တွင် သူ ရုတ်တရက် တစ်စုံတစ်ခုကို တွေးမိသွားပြီး
“လကွယ်ဂိုဏ်းက ဘယ်လိုလျှို့ဝှက်ချက်ကို ရှာဖွေတွေ့ရှိသွားလဲဆိုတာ ခင်ဗျား သိလား”
ဟု အကဲစမ်းသည့်သဘောဖြင့် မေးလိုက်သည်။
နတ်သခင်ဝမ်ရှုက
“ကျုပ် မသိပါဘူး”
လုချန်းက
“ခင်ဗျား တကယ်မသိတာလား။ ဒါမှမဟုတ် မပြောနိုင်တာလား။”
နတ်သခင်ဝမ်ရှုကို ကန့်သတ်ချုပ်ချယ်ထားသည့် တားမြစ်ချက်စွမ်းအားတစ်ခု ရှိနေသည်ကို လုချန်း သိထားသည်။ ၎င်းတားမြစ်ချက်စွမ်းအားက သူ့အပေါ် မည်မျှအထိ သက်ရောက်မှုရှိနေသည်၊ အဘယ်အရာကို ပြောခွင့်ရှိပြီး အဘယ်အရာကို ပြောခွင့်မရှိသည်ကို လုချန်း အတိအကျ သိလို၏။
သူ၏ အတိတ်ဘဝက ကြိုတင်စီစည်မှုများကြောင့်ပင် နတ်သခင်ဝမ်ရှုအနေနှင့် ယခုအချိန်တွင် သူ့အား အများကြီး မဖွင့်ဟနိုင်ခြင်း ဖြစ်နိုင်သည်ဟု သံသယဝင်နေမိသောကြောင့် ဖြစ်သည်။ သူ အချိန်မတန်ခင် လှုပ်ရှားမိပြီး မူလအစီအစဉ်များကို ပျက်စီးစေခြင်းမှ ရှောင်ရှားရန် အတိတ်ဘဝက စီစဉ်ခဲ့ခြင်း ဖြစ်လိမ့်မည်။
သို့သော် သတ္တဝါ ဖြစ်နေသရွေ့ စူးစမ်းလိုစိတ်ကတော့ ရှိစမြဲပင်။ သူ၏ အတိတ်ဘဝက သရုပ်မှန်နှင့် မည်သည့်အရာကို သူတကယ် ကြံစည်နေခဲ့သည်ကို ယခု အလွန် စူးစမ်းချင်နေမိသည်။
နတ်သခင်ဝမ်ရှုလည်း လုချန်း၏ မေးခွန်းကို ချက်ချင်းပင် နားလည်သွားပြီး ပွင့်ပွင့်လင်းလင်းပင်
“နတ်ဘုရား... ကျုပ် တကယ်ကို မသိတာပါ”
နတ်သခင်ဝမ်ရှု၏ စကားကို ကြားလျှင် လုချန်းလည်း ထိုလျှို့ဝှက်ချက်ဟု ဆိုသောအရာကို ဆက်လက်၍ မမေးတော့ပဲ စကားလမ်းကြောင်းလွှဲကာ
“လကွယ်ဂိုဏ်းကိစ္စကို ခဏထားလိုက်ပါဦး။ လျှို့ဝှက်ဆန်းကြယ် စွမ်းအားနဲ့ပတ်သက်ပြီး ခင်ဗျား ဘယ်လိုထင်လဲ။”
“ခင်ဗျားက နေဝင်တောင်တန်းထဲက အန္တရာယ်ဇုန်တွေနဲ့ အတော်လေး ရင်းနှီးသင့်တယ်မလား။”
နတ်သခင်ဝမ်ရှုက ချက်ချင်းပင်
“နတ်ဘုရား... ကျုပ် မပြောနိုင်ပါဘူး”
လုချန်းက
“ဒါဆိုရင် ခင်ဗျားပြောလို့ရတဲ့ အရာတွေကိုပဲ ပြောပြပါ။”
ဒါက...
မည်သည့်နေရာမှ စတင်၍ ပြောရမည်ကို နတ်သခင်ဝမ်ရှု ခဏခန့် ဝေခွဲမရဖြစ်သွားသည်။
လုချန်းက
“ကျုပ်က အဲဒီစွမ်းအားကို ခုခံနိုင်စွမ်း ရှိရဲ့လား။”
နတ်သခင်ဝမ်ရှုက
“ဧကန်မုချ ခုခံနိုင်ပါတယ်”
နတ်သခင်ဝမ်ရှု၏ အဖြေကို ကြားရလျှင် လုချန်း၏ စိုးရိမ်ပူပန်မှုများ အနည်းငယ် လျော့ပါးသွားခဲ့သည်။ သူ ခုခံနိုင်ပါက ထိုအရာက လုံလောက်ပေသည်။
လုချန်းက ဆက်လက်၍
“အဲ့ဒီလျှို့ဝှက်ဆန်းကြယ် စွမ်းအားက လူတစ်ယောက်ရဲ့ စိတ်ဓာတ်ကို တိုက်စားသွားပြီးနောက်မှာ မူလလူရဲ့ အသိစိတ်က ကျန်ရှိနေနိုင်သေးလား။”
နတ်သခင်ဝမ်ရှုက
“မကျန်နိုင်ပါဘူး”
ဟု တုံ့ပြန်၏။
လုချန်း မျက်ခုံးကို တွန့်လိုက်မိသည်။ ထိုသို့ဆိုလျှင် ဝူယာနတ်သခင်သည် အရိုင်းနယ်မြေမှ ပြန်လာပြီးနောက် အခြားလူတစ်ယောက် ဖြစ်သွားခဲ့ပြီဟူသော သဘောပင်။
လုချန်းက
“ခင်ဗျားဆီမှာ အဲဒီလျှို့ဝှက်ဆန်းကြယ် စွမ်းအားကို ချုပ်ထိန်းဖို့ နည်းလမ်း ရှိလား”
ဟု ဆက်လက်မေးမြန်းသည်။
နတ်သခင်ဝမ်ရှုက
“ကျုပ်ဆီမှာ မရှိပါဘူး။ ကျုပ်ရဲ့ ဝိညာဉ်အနက်ရှိုင်းဆုံးမှာ လျှို့ဝှက်ဆန်းကြယ် စွမ်းအားရဲ့ တိုက်စားမှုကို ခုခံနိုင်တဲ့ နတ်ဘုရားစွမ်းအား အစအနတစ်ခု ချိပ်ပိတ်ထားပါတယ်။ ဒါပေမဲ့ ဒီနတ်ဘုရားစွမ်းအားက လျှို့ဝှက်ဆန်းကြယ် စွမ်းအားကိုတော့ မချုပ်ထိန်းနိုင်ပါဘူး။”
“ဒါ့အပြင် လျှို့ဝှက်ဆန်းကြယ် စွမ်းအားကို ချုပ်ထိန်းဖို့လည်း မလိုပါဘူး။ ကျုပ်တို့ အသုံးပြုတဲ့ မန္တန်တွေ၊ နတ်ဘုရားပညာရပ်တွေ ဒါမှမဟုတ် နတ်လက်နက်တွေအားလုံးဟာ လျှို့ဝှက်ဆန်းကြယ် စွမ်းအားရဲ့ တိုက်စားခြင်းခံထားရတဲ့ နတ်တွေကို ဒဏ်ရာရစေနိုင်စွမ်း ရှိပါတယ်။”
“အဲဒီလျှို့ဝှက်ဆန်းကြယ် စွမ်းအားရဲ့ အကြီးမားဆုံး အန္တရာယ်ကတော့ နတ်တစ်ပါးရဲ့ ခန္ဓာကိုယ်နဲ့ စိတ်ဓာတ်ကို တိုက်စားပစ်ပြီး အဲ့ဒီနတ်ကို အန္တရာယ်ဇုန်တွေထဲမှာ ချိပ်ပိတ်ခံထားရတဲ့ သက်ရှိတွေလိုမျိုး ဖြစ်သွားအောင် ပြောင်းလဲပစ်တာပါပဲ။”
--
………….