အခန်း ၁၈၈၆
Vol. 126 Ch. 1886
အခန်း (၁၈၈၆ )
ယွမ်ယုတိ၏ ရှာဖွေတွေ့ရှိမှု
နတ်သခင်ဝမ်ရှုထံမှ ဤအဖြေများကို ကြားရပြီးနောက် ထိုလျှို့ဝှက်ဆန်းကြယ်သော စွမ်းအားကို အကြမ်းဖျင်းအားဖြင့် လုချန်းနားလည်သဘောပေါက်သွားခဲ့သည်။
ဤလျှို့ဝှက်ဆန်းကြယ်သော စွမ်းအားသည် ရွှမ်ချင်းယွမ်၏ ကောင်းကင်နတ်ဆိုးစွမ်းအားနှင့် ဆင်တူပုံရပြီး နတ်တစ်ပါး၏ ဝိညာဉ်ကို တိုက်စားကာ ကောင်းကင်နတ်ဆိုးကဲ့သို့သော အခြားမျိုးနွယ်စုများအဖြစ် ပြောင်းလဲပစ်နိုင်စွမ်း ရှိပုံရသည်။
သဘာဝကျကျပင် လျှို့ဝှက်ဆန်းကြယ်သော စွမ်းအားနှင့် ကောင်းကင်နတ်ဆိုးစွမ်းအားအကြားတွင် အချို့သော ကွဲပြားမှုများတော့ ရှိနေသည်။ နတ်အလင်း မီးအိမ်တစ်ထောင်ကျမ်းစာ၏ ချုပ်ထိန်းမှု မရှိပါက ကောင်းကင်နတ်ဆိုးစွမ်းအားသည် နတ်အရှိန်အဝါကို ဖိနှိပ်ထားမည်ဖြစ်သော်လည်း လျှို့ဝှက်ဆန်းကြယ်သော စွမ်းအားကတော့ ထိုသို့ဖြစ်ပုံ မရပေ။
ဆိုလိုသည်မှာ ၎င်းကို ချုပ်တည်းရန်အတွက် အထူးစွမ်းအားများ မလိုအပ်ခြင်းပင် ဖြစ်သည်။
စွမ်းအား ကြီးမားနေသော နတ်တစ်ပါးအနေနှင့် လျှို့ဝှက်ဆန်းကြယ်သော စွမ်းအား၏ တိုက်စားခြင်းခံထားရသူများကို သတ်ဖြတ်နိုင်သည်။
သို့သော်လည်း မကောင်းသော အတိတ်နိမိတ်တစ်ခု လုချန်း ခံစားလိုက်ရသည်။ အကယ်၍ လျှို့ဝှက်ဆန်းကြယ်သော စွမ်းအား တိုက်စားခြင်းခံထားရသူများကို သတ်ဖြတ်ရန် ထိုမျှလောက် လွယ်ကူနေမည်ဆိုပါက အဘယ်ကြောင့် နေဝင်တောင်တန်းတွင် ကယ်တင်မရသော အန္တရာယ်ဇုန်များစွာ ရှိနေဆဲဖြစ်သနည်း။
သူတွက်ချက်ရရှိထားသော သိပြီးသား အချက်အလက်များအရ နေဝင်တောင်တန်းအတွင်း၌ ချိပ်ပိတ်ခြင်းခံထားရသည့် သက်ရှိ နှစ်မျိုး ရှိနိုင်သည်။ တစ်မျိုးမှာ မွေးကတည်းက နတ်ဘုရားများ ဖြစ်ပြီး အခြားတစ်မျိုးကတော့ လျှို့ဝှက်ဆန်းကြယ်သော စွမ်းအား၏ တိုက်စားခြင်းခံထားရသည့် နတ်များ ဖြစ်သည်။
အကယ်၍ နေဝင်တောင်တန်းတွင် ချိပ်ပိတ်ထားသောအရာများမှာ မွေးရာပါ နတ်ဘုရားများ မဟုတ်ပဲ လျှို့ဝှက်ဆန်းကြယ်သော စွမ်းအား၏ တိုက်စားခြင်းခံထားရသည့် သက်ရှိများသာ ဖြစ်နေပါက ယခင်လူများသည် ၎င်းတို့ကို အပြီးအပြတ် မချေမှုန်းနိုင်ခဲ့ပဲ ချိပ်ပိတ်ရုံသာ ပိတ်ထားနိုင်ခဲ့သည်ဟု အဓိပ္ပာယ်ရလိမ့်မည်။
ထို့နောက် နတ်အလင်း မီးအိမ်တစ်ထောင်ကျမ်းစာကို လုချန်း တွေးမိသွားပြီး ၎င်း၏ နတ်နိယာမ အကြောင်းအရာများကို မှတ်ဉာဏ်ပုလဲတစ်ခုအဖြစ် ချက်ချင်းပင် စုစည်းကာ နတ်သခင်ဝမ်ရှုထံသို့ ကမ်းပေးလိုက်သည်။
“ဒီနတ်နိယာမကို တစ်ချက်လောက် ကြည့်ပေးပါ။ ခင်ဗျား ဒါကို တစ်ခါလောက်ဖြစ်ဖြစ် ကြားဖူးလား။ ဒီနတ်နိယာမက လျှို့ဝှက်ဆန်းကြယ်တဲ့ စွမ်းအားကို ချုပ်ထိန်းနိုင်စွမ်း ရှိ၊ မရှိ ကျုပ် သိချင်လို့ပါ။”
နတ်သခင်ဝမ်ရှုသည် လက်ကို ချက်ချင်း မြှောက်လိုက်၏။ ထိုအခါ သူ၏ လက်ထိပ်မှ နတ်စွမ်းအား အစအနတစ်ခု ဝင်းလက်သွားကာ မှတ်ဉာဏ်ပုလဲအတွင်းသို့ စိမ့်ဝင်သွားခဲ့သည်။ နောက်တစ်ခဏတွင် ထိုမှတ်ဉာဏ်ပုလဲသည် နတ်သခင်ဝမ်ရှု၏ နဖူးထက်သို့ ပေါင်းစပ်ဝင်ရောက်သွားတော့သည်။
နတ်အလင်း မီးအိမ်တစ်ထောင်ကျမ်းစာ၏ အကြောင်းအရာများကို ဖတ်ရှုပြီးနောက် နတ်သခင်ဝမ်ရှုက
“နတ်ဘုရား... ကျုပ် ဒီနတ်နိယာမကို တစ်ခါမှမမြင်ဖူးပါဘူး”
ဟု ပြန်လည်ဖြေကြားခဲ့သည်။
ဟင်...
တစ်ခါမှ မမြင်ဖူးဘူး ဟုတ်လား။
ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။
စနစ်ဆိုသည်မှာ သူ၏အတိတ်ဘဝမှ နတ်အာရုံတစ်ခုမှသာ ဖြစ်သည်ဟု အမြဲတစေ သံသယဝင်ခဲ့သဖြင့် စနစ်ထံမှ ရရှိသော ဆုလာဘ်များသည်လည်း သူ၏ အတိတ်ဘဝက ကြိုတင်ပြင်ဆင်ထားခဲ့ခြင်း ဖြစ်သင့်သည်။
ထိုနိယာမသည် သူ၏ အတိတ်ဘဝက အရာတစ်ခု ဖြစ်နေပါက သူ၏ အတိတ်ဘဝတွင် သူ့နောက်သို့ လိုက်ပါခဲ့ဖူးသည့် နတ်သခင်ဝမ်ရှုကဲ့သို့သော သူတစ်ဦးအနေနှင့် ဤနိယာမကို အနည်းငယ် သိထားသင့်သော်လည်း နတ်သခင်ဝမ်ရှုကတော့ သူ တစ်ခါမှ မမြင်ဖူးကြောင်း ပြောနေသည်။
လုချန်း သက်ပြင်းအရှည်ကြီး တစ်ချက် ချလိုက်မိသည်။
သူ စိတ်စောနေခြင်းလည်း ဖြစ်နိုင်သည်။
သူသည် အရာအားလုံးကို ယခုချက်ချင်း နားလည်သဘောပေါက်ချင်နေသော်လည်း သူ၏ စွမ်းအား မလုံလောက်သေးသဖြင့် အရာအားလုံးကို သိသွားခြင်းက သူ့အတွက် ကောင်းကျိုးရှိမည်မဟုတ်ပေ။ ထို့ပြင် သူ၏စွမ်းအား သတ်မှတ်ထားသောအဆင့်တစ်ခုသို့ မရောက်ရှိသေးပါက ဤမျှများပြားလှသော ဘဝသံသရာ မှတ်ဉာဏ်များကို သူ စုပ်ယူနိုင်မည်မဟုတ်ပေ။
ကစဉ့်ကလျား သားရဲ၏ ဝမ်းဗိုက်အတွင်း သူ၏ ခန္ဓာကိုယ် အသွင်ပြောင်းလဲနေစဉ်အတွင်း သူ၏ စွမ်းအားသည် ဤမျှများပြားလှသော မှတ်ဉာဏ်များကို တောင့်ခံနိုင်စွမ်း မရှိခဲ့ပေ။
အကယ်၍ သူသာ ဘဝသံသရာ မှတ်ဉာဏ်အားလုံးကို လက်ခံလိုက်မည်ဆိုပါက နောက်ဆက်တွဲဖြစ်ပေါ်လာမည့် အကြောင်းအကျိုးအားလုံးကိုပါ တစ်ဆက်တည်း လက်ခံရမည်ဖြစ်ပြီး ထိုအကြောင်းအကျိုး စွမ်းအားသည် အလွန် ကြီးမားလှသဖြင့် သူ့အား ပြန်လည်တိုက်စားသွားနိုင်သည်။
ဤအရာက သူ့ကိုယ်သူ သတ်သေခြင်းနှင့် ဘာမှ ကွာခြားမည်မဟုတ်ပေ။
လက်ရှိ ရင်ဆိုင်နေရသော အရေးတကြီး လုပ်ဆောင်ရမည့်အလုပ်မှာ ပိုစွမ်းအားကြီးလာရန်ဖြစ်သော်လည်း နတ်များအတွက် သားသမီးရတနာ ထွန်းကားရန် အလွန်တရာ ခက်ခဲလှသည့်အပြင် သူ၏ ပုံမှန်ကျင့်ကြံခြင်းနှုန်းမှာ သူ၏ ကျင့်စဉ်အဆင့်ကို မြှင့်တင်ရန်အတွက် အလွန် နှေးကွေးလွန်းနေသည်။
လုချန်း နောက်ထပ်တစ်ကြိမ် သက်ပြင်းချလိုက်ပြီးနောက် သူ၏ အာရုံကို ယွမ်ယုတိ အနားရှိ ခန္ဓာကိုယ်ဆီသို့ ရွှေ့လိုက်သည်။
……
ထိုအခိုက်အတန့်တွင်။
ရေခဲနန်းတော်အတွင်း၌။
ယွမ်ယုတိ လုချန်းကို ငုံကြည့်လိုက်၏။ သူမ၏ အကြည့်များသည် ရေခဲကဲ့သို့ အေးစက်နေပြီး အမူအရာမှာလည်း တည်ငြိမ်အေးစက်နေခဲ့သည်။
“ဒါက ဘာသဘောလဲ”
ယွမ်ယုတိက အေးစက်စွာ မေးလိုက်သည်။
လုချန်းက ဇဝေဇဝါဖြင့်
“ဘာဖြစ်လို့လဲ”
ဟု ပြန်မေးလိုက်၏။
ယွမ်ယုတိက တိုက်ရိုက်ပင်
“ရှင့်ရဲ့ စွမ်းအားတွေကို လှည့်ပတ်စမ်း”
ဟု အမိန့်ပေးလိုက်သည်။
သူမသည် စွမ်းအားမြှင့်တင်ရန်အတွက် လုချန်းနှင့်အတူ ကျင့်ကြံနေခြင်းဖြစ်သော်လည်း ဤလူယုတ်မာသည် ပို၍ပို၍ ပျင်းရိလာပြီး စွမ်းအားလှည့်ပတ်ခြင်းကို မကြာခဏဆိုသလို လျစ်လျူရှုထားတတ်သည်။
သူ၏ စိတ်က အခြားတစ်နေရာသို့ ရောက်နေသကဲ့သို့ပင်။
လုချန်းက သူ၏စွမ်းအားကို မလှည့်ပတ်ပါက သူတို့သည် စုံတွဲကျင့်စဉ် တကယ် ကျင့်ကြံနေခြင်း မဟုတ်တော့ပေ။ ဤအရာမှာ ကာမဂုဏ်၌ နစ်မွန်းနေခြင်းမျှသာ ဖြစ်သဖြင့် ယွမ်ယုတိအနေနှင့် လက်မခံနိုင်သောအရာ ဖြစ်သည်။
ကာမဂုဏ်၌ နစ်မွန်းခြင်း သက်သက်မှာ ယွမ်ယုတိအတွက် ဘာမှအဓိပ္ပာယ်မရှိပေ။ ကျင့်ကြံခြင်းတစ်ခုတည်းကသာ သူမကို စိတ်လှုပ်ရှားစေနိုင်သည်။
လုချန်းသည် သူ ကျင့်ကြံရန်အချိန်ကို တမင်သက်သက် ထိန်းချုပ်နေခြင်းမဟုတ်ကြောင်း သဘောပေါက်လိုက်သည်။ အကြောင်းမှာ သူ ကျင့်ကြံနေစဉ်အတွင်း သူတော်စင် အဆင့် စုံတွဲကျင့်စဉ် နတ်ပညာရပ်ဖြစ်သော ဝိညာဉ်ညို့ဓာတ် ကျမ်းစာက သူ၏အာရုံအများစုကို ဖမ်းစားထားသောကြောင့် ဖြစ်သည်။
ဝိညာဉ်ညို့ဓာတ် ကျမ်းစာကြောင့် ဖြစ်ပေါ်လာရသော ခံစားချက်သည် အလွန် ပြင်းထန်လှသဖြင့် အခြားသော ခန္ဓာကိုယ်များကို တစ်ပြိုင်နက်တည်း ထိန်းချုပ်ရန် သူ့အတွက် ခက်ခဲစေသည်။ လက်ရှိတွင် ထျန်းရန် နတ်ဘုရား နယ်မြေအတွင်း ကပ်ဘေးအမျိုးမျိုး ပေါ်ပေါက်နေသဖြင့် သူသည် ထိုနေရာမှ အခြေအနေများကို အမြဲမပြတ် စောင့်ကြည့်နေရပြီး ယွမ်ယုတိနှင့် စုံတွဲကျင့်စဉ် ကျင့်ကြံခြင်းအပေါ်၌သာ သူ၏အာရုံအားလုံးကို မနှစ်မြှုပ်နိုင်ဖြစ်နေရသည်။
ယွမ်ယုတိ၏ စကားကို ကြားရလျှင် လုချန်းက အနည်းငယ် ပြုံးလိုက်ပြီး
“ကောင်းပါပြီ။ ကျုပ် အခုပဲ စွမ်းအားတွေကို လှည့်ပတ်လိုက်ပါ့မယ်။”
သူသည်လည်း ယွမ်ယုတိ၏ ထူးခြားသော ဖွဲ့စည်းပုံကို နားလည်ထား၏။ ပုံမှန်အခြေအနေများတွင် ကာမဂုဏ်ခံစားခြင်းသည် သူမအတွက် စိတ်ဝင်စားစရာ မရှိပေ။ စုံတွဲကျင့်စဉ်၏ လှုံ့ဆော်မှုအောက်တွင်သာ သူမ၏ စိတ်ခံစားချက်များ နိုးကြွလာမည် ဖြစ်သည်။
ထို့နောက် လုချန်းလည်း ဝိညာဉ်ညို့ဓာတ် ကျမ်းစာကို လည်ပတ်စေလိုက်ရာ နောက်တစ်ခဏ၌ သူတို့နှစ်ဦး၏ ပတ်ပတ်လည်၌ အမျိုးမျိုးသော လမ်းစဉ်စွမ်းအားများ စတင်လည်ပတ်လာခဲ့တော့သည်။
ထိုစဉ် အစိမ်းရောင် လမ်းစဉ်စွမ်းအားလှိုင်းများသည် ယွမ်ယုတိ၏ ခန္ဓာကိုယ်အတွင်းသို့ အလုံးအရင်းဖြင့် တိုးဝင်လာခဲ့သည်။ သူမသည် ဤအစိမ်းရောင် လမ်းစဉ်စွမ်းအားကို ချက်ချင်း အာရုံခံမိလိုက်ပြီး ၎င်းမှာ ဖန်တီးခြင်း လမ်းစဉ်၏ စွမ်းအားဖြစ်ကြောင်း လျင်မြန်စွာပင် သဘောပေါက်သွားခဲ့သည်။
ထို့နောက်တွင် အပင်များနှင့် သတ္တဝါများ မျိုးပွားကြသည့် ပုံရိပ်များ သူမ၏ စိတ်ထဲ၌ ပေါ်လာခဲ့သည်။
ယွမ်ယုတိ မျက်ခုံး အနည်းငယ် တွန့်လိုက်မိသည်။ သူမသည် သတ်ဖြတ်ခြင်း လမ်းစဉ်ကို အပြည့်အဝ နားမလည်သေးပဲ သတ်ဖြတ်ခြင်းစွမ်းအား အနည်းငယ်ကိုသာ အသုံးပြုနိုင်သေးသည်။
တကယ်တော့ သတ်ဖြတ်ခြင်း လမ်းစဉ်ကိုသာ သူမ ပို၍ နားလည်သဘောပေါက်လိုသည်။ သို့သော်လည်း ကျင့်ကြံခြင်းနှင့် ပတ်သက်လာလျှင် လုချန်းကသာ ဖြစ်စဉ်ကို ဦးဆောင်နေခြင်း ဖြစ်သဖြင့် သူမအနေနှင့် ငြင်းခုံ နေ၍မရပေ။
သို့သော်လည်း ဖန်တီးခြင်း လမ်းစဉ်သည် ကောင်းကျိုးမရှိဟုတော့ မဆိုနိုင်ပေ။ အကယ်၍ သူမသာ ဖန်တီးခြင်း လမ်းစဉ်ကို နားလည်သဘောပေါက်သွားပါက နောင်အနာဂတ်တွင် ဒဏ်ရာများကို လျင်မြန်စွာ ကုသရန်အတွက် သက်စောင့်စွမ်းအားကို အသုံးပြုနိုင်မည်ဖြစ်ပြီး သူမ၏ သက်တမ်းမှာလည်း သာမန် နတ်သခင်တစ်ပါးထက် ကျော်လွန်သွားနိုင်သည်။
ထို့ကြောင့် ယွမ်ယုတိသည် ဖန်တီးခြင်း လမ်းစဉ်၏ လမ်းစဉ်နိယာမများကို အလေးအနက်ထား၍ ဆင်ခြင်သုံးသပ်လိုက်တော့သည်။
ယွမ်ယုတိ ဖန်တီးခြင်း လမ်းစဉ်ထဲသို့ ပိုမိုနက်ရှိုင်းစွာ ဝင်ရောက်လာသည်နှင့်အမျှ သူမ၏ ကံစွမ်းအားသည်လည်း ပိုမို ကြွယ်ဝလာသည်ကို ရုတ်တရက် သတိပြုမိလိုက်သည်။ အစပိုင်းတွင် ၎င်းသည် ကောင်းသော တိုးတက်မှုတစ်ခု ဖြစ်သော်လည်း များမကြာမီမှာပင် တစ်စုံတစ်ခု မှားယွင်းနေကြောင်း ထင်ရှားလာခဲ့သည်။
ထျန်းရန် နတ်ဘုရား နယ်မြေတွင် နတ်တစ်ပါး၏ ကျင့်စဉ်အဆင့် မြင့်မားလေလေ သားသမီးရတနာ ရရှိရန် ခက်ခဲလေလေ ဖြစ်သည်။ တစ်စိတ်တစ်ပိုင်းမှာ ကောင်းကင်လမ်းစဉ် နိယာမများ၏ ကန့်သတ်ချက်များကြောင့် ဖြစ်ပြီး အခြားအကြောင်းရင်းတစ်ခုမှာ နတ်တစ်ပါး၏ ခန္ဓာကိုယ်တွင် နတ်စွမ်းအားများ အလွန် ပါဝင်နေသောကြောင့် ဖြစ်သည်။
နတ်စွမ်းအားက ကောင်းကျိုးများစွာပြုတာ မှန်သော်လည်း သက်စောင့်မျိုးစေ့အတွက်တော့ ထိုသို့မဟုတ်ပေ။
သကာရေသည် ချိုမြိန်လှသော်လည်း လူတစ်ယောက်ကို သကာရေ သမုဒ္ဒရာထဲသို့ ပစ်ချလိုက်ပါက အဆုံးသတ်တွင် ထိုလူသည် ရေနစ်သေဆုံးသွားရမည်သာ ဖြစ်သည်။
သက်စောင့်စွမ်းအားအချို့ကို လေ့လာပြီးနောက် သူမ၏ ခန္ဓာကိုယ်က အသက်ဇီဝကို မွေးမြူရန်အတွက် သင့်တော်အောင် တဖြည်းဖြည်း ပြောင်းလဲနေသည်ကို တွေ့ရှိခဲ့ရပြီး ယခင်က သောင်းကျန်းနေသော ရေခဲစွမ်းအားမှာလည်း အတိုင်းအတာတစ်ခုအထိ ထိန်းချုပ်ခြင်း ခံလိုက်ရသည်။
ဤလောကရှိ နတ်စွမ်းအားအများစုမှာ သက်စောင့်မျိုးစေ့အတွက် အန္တရာယ်ရှိသော်လည်း သက်စောင့်စွမ်းအားကတော့ ထိုသို့မဟုတ်ပေ။ အကြောင်းမှာ ၎င်းသည် ၎င်း၏ လမ်းစဉ်စွမ်းအားဖြင့် ခပ်သိမ်းသော သက်ရှိများ တည်ရှိမှုကို သဘာဝကျကျ ထောက်ပံ့ပေးထားသောကြောင့် ဖြစ်သည်။
တစ်နည်းအားဖြင့်ဆိုရသော် သူမ၏ခန္ဓာကိုယ်အတွင်း သက်စောင့်စွမ်းအား ပိုကြွယ်ဝလေလေ ၎င်း၏ အကျိုးသက်ရောက်မှုအောက်သို့ ကျရောက်ရန် ပိုလွယ်ကူလေလေ ဖြစ်သည်။
အရေးကြီးဆုံးအချက်မှာ ကောင်းကင်လမ်းစဉ် နိယာမများသည် ကျင့်စဉ်အဆင့်မြင့်မားသော နတ်များ သားသမီးရတနာ ရရှိနိုင်စွမ်းကို ကန့်သတ်ထားခြင်း ဖြစ်သည်။ ဤနိယာမသည် ဖန်တီးခြင်း လမ်းစဉ်အတွင်း ကိန်းအောင်းနေပြီး ယွမ်ယုတိ ၎င်းကို တဖြည်းဖြည်း တတ်မြောက်လာသောအခါ သူမသည် ဤကန့်သတ်ချက်ကို ကျော်လွှားနိုင်ပုံရကြောင်း သဘောပေါက်သွားခဲ့သည်။
သို့သော်လည်း သူမသည် ဤကန့်သတ်ချက်ကို ကျော်လွှားပြီး ကလေးတစ်ယောက် ရရှိခဲ့လျှင်ပင် ၎င်း၏ စွမ်းအားက ကြီးမားလာမည်မဟုတ်ပေ။ အကြောင်းမှာ သားသမီးရတနာ ရရှိနေစဉ်အတွင်း နတ်တစ်ပါးသည် သဘာဝကျကျပင် ရင်သွေးငယ်အပေါ် ကနဦး စိစစ်ရွေးချယ်မှုကို ပြုလုပ်သောကြောင့် ဖြစ်သည်။
ပြင်းထန်လှသော နတ်စွမ်းအားကို ကြံ့ကြံ့ခံနိုင်လောက်အောင် သန်မာသော ရင်သွေးငယ်များသာ ရှင်သန်နိုင်မည်ဖြစ်ပြီး ထျန်းရန် နတ်ဘုရား နယ်မြေရှိ ဘဝတွင် ပိုမိုကောင်းမွန်စွာ လိုက်လျောညီထွေ နေထိုင်နိုင်မည် ဖြစ်သည်။
အကယ်၍ သူမသည် သားသမီးရတနာ ရရှိဖို့အတွက် သက်စောင့်စွမ်းအားကို အသုံးပြုမည်ဆိုပါက ၎င်းမှာ အခြေခံအားဖြင့် ဖြတ်လမ်းနည်းကို အသုံးပြုခြင်းဖြစ်ပြီး ကနဦး စိစစ်ရွေးချယ်မှုအဆင့်ကို ရှောင်လွှဲလိုက်ခြင်း ဖြစ်ပေလိမ့်မည်။
ထိုသို့ပြုလုပ်၍ ရရှိသော ကလေး၌ မွေးရာပါ အလားအလာ ကန့်သတ်ချက်များ ရှိနေနိုင်သော်လည်း မည်သို့ပင် ဆိုစေ ထိုအရာက သူမသည် ရင်သွေးကို လျင်မြန်စွာ ရရှိနိုင်မည့် နည်းလမ်းတစ်ခု တတ်မြောက်သွားခြင်းကို ဖော်ပြနေသည်။
--
………….