အခန်း ၁၈၈၉
Vol. 126 Ch. 1889
အခန်း (၁၈၈၉)
ကြယ်မြစ်နတ်ခင်၏ တောင်းဆိုမှု
ထျန်းရန် နတ်ဘုရား နယ်မြေတွင် ပြီးခဲ့သည့်အကြိမ်က ပေါ်ပေါက်ခဲ့သော ဖြစ်ရပ်ဆန်းကို နတ်သခင် ကန်းယာနှင့် နတ်သခင် လင်ရှုတို့ နှစ်ဦးစလုံး ကိုယ်တိုင်ကိုယ်ကျ တွေ့မြင်ခဲ့ကြဖူးသည်။
ထိုဖြစ်ရပ်ဆန်း ပေါ်ပေါက်လာချိန်တွင် ကောင်းကင်ထက်ရှိ လျှို့ဝှက်ဆန်းကြယ်သော စွမ်းအားမှ ထွက်ပေါ်လာသည့် အရှိန်အဝါက သူတို့နှစ်ဦးစလုံးအား နက်ရှိုင်းသော မလုံခြုံမှုကို ခံစားရစေခဲ့သည်။
ဤလျှို့ဝှက်ဆန်းကြယ်သော စွမ်းအားသည် ဤလောကသို့ ကပ်ဘေးတစ်ခု သယ်ဆောင်လာနိုင်ခြေ အလွန်များကြောင်းကိုလည်း သူတို့နှစ်ဦးစလုံး ကောင်းစွာ သိကြ၏။ အရှေ့ပိုင်းနယ်ရှိ မဟာအင်အားကြီးအုပ်စုကြီး နှစ်ခု၏ ဒုတိယခေါင်းဆောင်များ ဖြစ်ကြသည်နှင့် အညီ ထျန်းရန် နတ်ဘုရား နယ်မြေနှင့် ပတ်သက်သည့် လျှို့ဝှက်ချက်အချို့ကိုလည်း သူတို့ သိထားကြသည်။
အမှန်စင်စစ် ရှေးကျသော သမိုင်းကြောင်းရှိသည့် မည်သည့်အင်အားစုမဆို ထျန်းရန် နတ်ဘုရား နယ်မြေ၏ လျှို့ဝှက်ချက်များကို အနည်းနှင့်အများ သိကြပေသည်။
ခမ်းနားသော ကောင်းကင်ခန်းမသည် တောင်ပိုင်းနယ်၏ အကြီးမားဆုံး အင်အားစု ဖြစ်သော်လည်း အခြားသော နယ်မြေအုပ်စိုးသူအဆင့် အင်အားစုများနှင့် နှိုင်းယှဉ်ပါက များစွာ နုနယ်သေးသည်။
ထိုစဉ်အခါက တောင်ပိုင်းနယ်၏ အကြီးမားဆုံး မဟာအင်အားကြီးအုပ်စုမှာ ခမ်းနားသော ကောင်းကင်ခန်းမ မဟုတ်ပဲ အခြားတစ်ခု ဖြစ်ခဲ့၏။ နောက်ပိုင်းတွင် ထိုမဟာအင်အားစုကြီး ပြိုကွဲသွားခဲ့ခြင်းကြောင့် ခမ်းနားသော ကောင်းကင်ခန်းမ ပေါ်ထွန်းလာရခြင်း ဖြစ်သည်။
ထို့ကြောင့် ခမ်းနားသော ကောင်းကင်ခန်းမ သိထားသည့် ဗဟုသုတများမှာ အခြားနယ်ပယ်များရှိ အုပ်စိုးသူအဆင့် အင်အားစုများလောက် ကျယ်ပြန့်နက်ရှိုင်းခြင်း မရှိပေ။
ကံကောင်းထောက်မစွာဖြင့် ကြယ်မြစ် နတ်သခင်သည် ကြယ်နတ်ကိုယ်ထည်ကို ပိုင်ဆိုင်ထားသဖြင့် အန္တရာယ်များကို ကြိုတင်အာရုံခံနိုင်သည်။
ထို့ကြောင့် သူသည် ထိုလျှို့ဝှက်ဆန်းကြယ်သော စွမ်းအားကို နားမလည်နိုင်သေးသည့်တိုင် တည်ငြိမ်စွာ နေနိုင်ခဲ့ပြီး ဝူယာနတ်သခင်ကို ချက်ချင်း လက်ဦးမှုယူ တိုက်ခိုက်ခြင်းမျိုး မပြုလုပ်ခဲ့ပေ။
အကယ်၍ အခြားသော နတ်သခင်များသာ ဖြစ်ပါက ဝူယာနတ်သခင်ထံမှ လျှို့ဝှက်ဆန်းကြယ်သော စွမ်းအားကို အာရုံခံမိသည်နှင့် ၎င်းအပေါ် စတင်အရေးယူ တိုက်ခိုက်ပြီးလောက်ပြီ ဖြစ်သည်။
ထိုအခိုက်အတန့်တွင် နတ်သခင် ကန်းယာနှင့် နတ်သခင် လင်ရှုတို့ ခမ်းနားသော ကောင်းကင်ခန်းမကို ကူညီရန် စိတ်ဆန္ဒမရှိသကဲ့သို့ ဖြစ်နေသည်ကို မြင်သောအခါ ကြယ်မြစ် နတ်သခင်က
“မိတ်ဆွေတို့... အကယ်၍ အဲ့ဒီလျှို့ဝှက်ဆန်းကြယ်တဲ့ စွမ်းအားသာ ဆက်ပြီး ပျံ့နှံ့သွားမယ်ဆိုရင် တောင်ပိုင်းနယ်တင်မကပဲ ထျန်းရန် နတ်ဘုရား နယ်မြေတစ်ခုလုံးကိုပါ ရိုက်ခတ်လာနိုင်ပါတယ်။”
“ခမ်းနားသော ကောင်းကင်ခန်းမကို ကူညီခြင်းဟာ ကိုယ့်ကိုယ်ကို ကူညီခြင်းလည်း ဖြစ်ပါတယ်။ အဲဒီလျှို့ဝှက်ဆန်းကြယ်တဲ့ စွမ်းအားတွေ ပျံ့နှံ့သွားမှာကို ခင်ဗျားတို့ ဒီအတိုင်းပဲ ထိုင်ကြည့်နေတော့မှာလား။”
ကြယ်မြစ် နတ်သခင်၏ စကားကို ကြားလျှင် နတ်သခင် ကန်းယာက ခပ်ဖွဖွ ရယ်မောကာ
“ကြယ်မြစ် ခန်းမသခင်... ကျုပ်တို့ကို ခြောက်လှန့်နေဖို့ မလိုပါဘူး။
“အဲဒီလျှို့ဝှက်ဆန်းကြယ်တဲ့ စွမ်းအားက ဒီလောကကြီးဆီ ဘေးဒုက္ခတွေ သယ်ဆောင်လာမှာ မှန်ပေမဲ့ တောင်ပိုင်းနယ်နဲ့ အရှေ့ပိုင်းနယ်က အလှမ်းဝေးပါသေးတယ်။
ပျံ့နှံ့လာတယ်ဆိုဦးတော့ အရှေ့ပိုင်းနယ်ဆီ ချက်ချင်း ရောက်လာမှာ မဟုတ်ပါဘူး။”
နတ်သခင် ကန်းယာနှင့် နတ်သခင် လင်ရှုတို့သည် ထိုလျှို့ဝှက်ဆန်းကြယ်သော စွမ်းအားအကြောင်း နားလည်ထားကြသဖြင့် ၎င်း၏ ကြောက်မက်ဖွယ်ကောင်းမှုကို ကောင်းစွာသိကြ၏။
ထိုသို့ ကောင်းစွာ နားလည်ထားကြခြင်းကြောင့်ပင် အကယ်၍ ၎င်းတို့အနေနှင့် ခမ်းနားသော ကောင်းကင်ခန်းမကို ကူညီပြီး လျှို့ဝှက်ဆန်းကြယ်သော စွမ်းအား၏ ငြိစွန်းဖျက်ဆီးခြင်း ခံထားရသူများကို ဆန့်ကျင်တိုက်ခိုက်မည်ဆိုပါက ကြီးမားသော စွန့်စားမှုတစ်ခု လုပ်ရခြင်းသာ ဖြစ်သည်။
ခမ်းနားသော ကောင်းကင်ခန်းမကို ကူညီခြင်းသည် ထျန်းရန် နတ်ဘုရား နယ်မြေအတွက် ဖြစ်သည်ဟု ဆိုနိုင်သော်လည်း ဤနတ်ဘုရား နယ်မြေသည် မဟာအင်အားကြီးအုပ်စု အနည်းငယ်ထဲဖြင့်သာ ဖွဲ့စည်းထားခြင်း မဟုတ်ပေ။
အကျိုးအမြတ် တစ်စုံတစ်ရာ မရှိပဲနှင့် ၎င်းတို့က ဘာကြောင့် ဤမျှ အားစိုက်ထုတ်ရမည်နည်း။
နတ်သခင် ကန်းယာ၏ စကားကို ကြားလျှင် ကြယ်မြစ် နတ်သခင် ချက်ချင်း မျက်မှောင်ကြုတ်မိသွား၏။ တစ်ခုခု ပြန်လည်မပေးဆပ်ပဲနှင့် ဤအင်အားစုကြီး နှစ်ခုထံမှ အကူအညီ ရယူရန် မဖြစ်နိုင်ကြောင်းလည်း သဘောပေါက်လိုက်သည်။
ကြယ်မြစ် နတ်သခင် တစ်စုံတစ်ရာ ပြောရန် ပြင်လိုက်စဉ်မှာပင် နတ်သခင် လင်ရှုက ကြားဖြတ်၍
“ကြယ်မြစ် ခန်းမသခင်... ဒီအကြောင်းကို လျှို့ဝှက်လဝန်း ကျောင်းတော် သခင်ဆီ အကြောင်းကြားပြီးပြီလား။ သူကကော ဒီကိစ္စအပေါ် ဘယ်လို သဘောထားရှိလဲ။”
အလယ်ပိုင်းနယ်သည် တောင်ပိုင်းနယ်နှင့် ထိစပ်နေသဖြင့် အကယ်၍ လျှို့ဝှက်ဆန်းကြယ်သော စွမ်းအား ပျံ့နှံ့လာပြီး တောင်ပိုင်းနယ်တွင် တစ်ခုခု ဖြစ်ပွားပါက အလယ်ပိုင်းနယ်သည် နောက်ထပ် သားကောင် ဖြစ်လာပေလိမ့်မည်။
ထို့ကြောင့် နတ်သခင် လင်ရှုသည် အလယ်ပိုင်းနယ်၏ အချုပ်အခြာအာဏာပိုင် အင်အားစု ဖြစ်သော လျှို့ဝှက်လဝန်း ကျောင်းတော်၏ သဘောထားကို သိရန် အလွန် စိတ်အားထက်သန်နေခြင်း ဖြစ်သည်။
ကြယ်မြစ် နတ်သခင်က တိုက်ရိုက်ပင်
“လျှို့ဝှက်လဝန်း ကျောင်းတော်ရဲ့ ဘိုးဘေးက ကူညီဖို့ စိတ်မပါဘူး။”
ကြယ်မြစ် နတ်သခင်၏ အဖြေကို ကြားလျှင် နတ်သခင် ကန်းယာနှင့် နတ်သခင် လင်ရှုတို့ ချက်ချင်း မှင်တက်သွားကြသည်။
အလယ်ပိုင်းနယ်သည် တောင်ပိုင်းနယ်နှင့် နယ်နိမိတ်ချင်း ထိစပ်နေခြင်း ဖြစ်ရာ တောင်ပိုင်းနယ်သာ လျှို့ဝှက်ဆန်းကြယ်သော စွမ်းအား၏ ငြိစွန်းဖျက်ဆီးခြင်း ခံရပါက အလယ်ပိုင်းနယ်သည်လည်း ထပ်တူထပ်မျှ ခံစားရမည် ဖြစ်သည်။
လျှို့ဝှက်လဝန်း ကျောင်းတော် ကဲ့သို့သော အချုပ်အခြာအာဏာပိုင် အင်အားစုကြီးက ခမ်းနားသော ကောင်းကင်ခန်းမကို ကူညီရန် အဘယ့်ကြောင့် ငြင်းဆန်ရသနည်း။
လျှို့ဝှက်လဝန်း ကျောင်းတော်၏ ဘိုးဘေးက ဘာကို တွေးတောနေသနည်း။
နတ်သခင် ကန်းယာသည် စိတ်ကို ပြန်လည်တည်ငြိမ်အောင် ထိန်းလိုက်ပြီးနောက်
“ကြယ်မြစ် ခန်းမသခင်... လျှို့ဝှက်လဝန်း ကျောင်းတော်တောင်မှ ဒီကိစ္စထဲ ဝင်မပါချင်ဘူးဆိုတာကို ကြည့်ခြင်းအားဖြင့် ဒီလျှို့ဝှက်ဆန်းကြယ်တဲ့ စွမ်းအားက ဘယ်လောက်တောင် ကြောက်စရာကောင်းလဲဆိုတာ သိနိုင်ပါတယ်။
ကျုပ်တို့ အရှေ့ပိုင်းနယ်အနေနဲ့ ကူညီပေးဖို့ ဆန္ဒရှိပေမယ့် ဘယ်လို အဖိုးအခမျိုး ပေးဆပ်ရမှာလဲ။”
“စဉ်းစားကြည့်ပါ... အဲဒီလျှို့ဝှက်ဆန်းကြယ်တဲ့ စွမ်းအားက ခင်ဗျားတို့ ခန်းမရဲ့ နတ်သခင်ကိုတောင် ငြိစွန်းဖျက်ဆီးပြီးနေပြီ။ နတ်သခင်အဆင့် တစ်ယောက်တောင်မှ ဒီဖျက်ဆီးမှုကို မတွန်းလှန်နိုင်ဘူးဆိုရင် နတ်သခင်အဆင့်အောက် နိမ့်တဲ့ နတ်တွေကကော ကြံ့ကြံ့ခံနိုင်ပါ့မလား။”
“ကျုပ်တို့ တောင်ပိုင်းနယ်ကို လာပြီး အဲဒီလျှို့ဝှက်ဆန်းကြယ်တဲ့ စွမ်းအားရဲ့ ငြိစွန်းမှုကို ခံထားရတဲ့ နတ်သခင်ကို ရှင်းလင်းရုံနဲ့ တင် ကိစ္စ ပြီးသွားမယ်လို့ ထင်တာလား။”
“ကျုပ်ရဲရဲကြီး ပြောရဲတာကတော့ ကျုပ်တို့ အဲဒီနတ်သခင်ကို စတင်အရေးယူတာနဲ့တင် လျှို့ဝှက်ဆန်းကြယ်တဲ့ စွမ်းအားရဲ့ သက်ရောက်မှု ခံထားရတဲ့ နတ်တွေက မလွဲမသွေ စစ်ပွဲဆင်နွှဲလာကြလိမ့်မယ်။”
“အဲဒီအချိန်ကျရင် တောင်ပိုင်းနယ်တစ်ခုလုံး ကစဉ့်ကလျား ဖြစ်သွားလိမ့်မယ်။ ခမ်းနားသော ကောင်းကင်ခန်းမ တစ်ခုတည်းရဲ့ စွမ်းအားနဲ့တင် အဲဒီလျှို့ဝှက်ဆန်းကြယ်တဲ့ စွမ်းအားရဲ့ လွှမ်းမိုးမှုကို ခံထားရတဲ့ နတ်တွေနဲ့ ပတ်သက်တဲ့ ကိစ္စရပ်အားလုံးကို ဖြေရှင်းနိုင်မယ်လို့ ခင်ဗျား တကယ် ယုံကြည်လို့လား။”
ဒါက...
ကြယ်မြစ် နတ်သခင် နှုတ်ဆိတ်သွားခဲ့ရ၏။ နတ်သခင် ကန်းယာ၏ ခန့်မှန်းချက်များသည် တကယ်ပင် ဖြစ်နိုင်ခြေ ရှိပေသည်။
အကယ်၍ လျှို့ဝှက်ဆန်းကြယ်သော စွမ်းအား၏ ဖျက်ဆီးခြင်း ခံထားရသူမှာ ဝူယာနတ်သခင် တစ်ဦးတည်းသာ ဆိုပါက ၎င်းအား ကိုင်တွယ်ဖြေရှင်းရုံဖြင့် အဆင်ပြေနိုင်သော်လည်း...
အဆိုးဆုံးမှာ ဝူယာနတ်သခင် တစ်ဦးတည်းတင်မကပဲ အခြားသူများစွာပါ ငြိစွန်းမှု ခံထားရမည်ကို စိုးရိမ်ရခြင်း ဖြစ်သည်။
ထိုလျှို့ဝှက်ဆန်းကြယ်သော စွမ်းအားသည် နတ်သခင်အဆင့်ကိုပင် ငြိစွန်းဖျက်ဆီးနိုင်ရာ တောင်ပိုင်းနယ်ရှိ နတ်အရေအတွက် မည်မျှအထိ သက်ရောက်မှု ခံထားရပြီးပြီလဲ ဆိုတာက တွေးဝံ့စရာပင် မရှိပေ။
ခဏခန့် စဉ်းစားတွေးတောပြီးနောက် ကြယ်မြစ် နတ်သခင် သတိပြန်ဝင်လာကာ နတ်သခင် ကန်းယာနှင့် နတ်သခင် လင်ရှုတို့ကို ကြည့်လျက်
“တောင်ပိုင်းနယ်ကို ကူညီဖို့အတွက် သားရဲမဟာမိတ်နဲ့ ချင်းယွမ်ကျောင်းတော်တို့က ဘာတွေ တောင်းဆိုချင်တာလဲ။”
နတ်သခင် လင်ရှုက
“ဒါကတော့ ချင်းယွမ်ကျောင်းတော်နဲ့ ကျုပ်ပြန်လည် ဆွေးနွေးဖို့ လိုအပ်ပါသေးတယ်။”
နတ်သခင် ကန်းယာကလည်း
“ကျုပ်လည်း မဟာမိတ်ခေါင်းဆောင်ကြီးထံ အကြောင်းကြားဖို့ လိုပါတယ်။”
၎င်းတို့သည် ဒုတိယခေါင်းဆောင်များ ဖြစ်ကြပြီး အတိုင်းအတာတစ်ခုအထိ ဆုံးဖြတ်ပိုင်ခွင့် အာဏာ ရှိကြသော်လည်း ခမ်းနားသော ကောင်းကင်ခန်းမကို ကူညီမည့် ကိစ္စမှာ သေးငယ်သော ကိစ္စမဟုတ်ပေ။ အထူးသဖြင့် လျှို့ဝှက်ဆန်းကြယ်သော စွမ်းအားနှင့် ပတ်သက်နေသောကြောင့် ဖြစ်သည်။
သူတို့အနေနှင့် ဆုံးဖြတ်ချက် မချမီ သူတို့ အင်အားစု၏ အကြီးအကဲများနှင့် ဆွေးနွေးတိုင်ပင်ရန် လိုအပ်သည်။
ကြယ်မြစ် နတ်သခင်က
“ကောင်းပါပြီ... ဒါဆိုရင် ခင်ဗျားတို့နှစ်ယောက်ဆီက သတင်းကောင်းကို စောင့်မျှော်နေပါမယ်။”
ထို့ထက် ပို၍ မပြောတော့ပဲ နတ်သခင် ကန်းယာနှင့် နတ်သခင် လင်ရှုတို့သည် ကြယ်မြစ် နတ်သခင်ထံမှ ရရှိသော အချက်အလက်များကို သူတို့၏ အင်အားစုများထံ တင်ပြရန် ချက်ချင်းပင် ခြံဝင်းအတွင်းမှ ထွက်ခွာသွားကြတော့သည်။
…….
ချင်းယွမ်ကျောင်းတော်။
နံနက်ခင်းတွင် မြူခိုးများ မစဲသေးသော်လည်း ချင်းယွမ်ကျောင်းတော်၏ ပျံတက်လုမတတ် ဆောက်လုပ်ထားသော အမိုးစွန်းများပေါ်သို့ အရုဏ်ဦး အလင်းရောင်ခပ်ဖျော့ဖျော့ ကျရောက်နေပြီ ဖြစ်သည်။
ချင်းယွမ်ကျောင်းတော်၏ အမည်တွင်
“ကျောင်းတော်” ဟူသော စကားလုံး ပါဝင်သော်လည်း အမှန်စင်စစ် ၎င်းသည် ကောင်းကင်ယံအမြင့်တွင် တည်ရှိပြီး အခြားသော နတ်ဂိုဏ်းများကဲ့သို့ပင် နတ်ဂိုဏ်းတစ်ဂိုဏ်း ဖြစ်သည်။
ချင်းယွမ်ကျောင်းတော်၏ ဝင်ပေါက်တွင် “ချင်းယွမ်ကျောင်းတော်” ဟူသော စစာလုံးကြီးလေးလုံး ထွင်းထုထားသည့် ကမ္ပည်းဆိုင်းဘုတ်တစ်ခု ချိတ်ဆွဲထားပြီး ထိုစာလုံးများမှ မှိန်ပျပျ ရွှေရောင် စာပေစွမ်းအားများ စဉ်ဆက်မပြတ် ဖြာထွက်နေသည်။
ချင်းယွမ်ကျောင်းတော်၏ နတ်များ တံခါးဝကို ဖြတ်သန်းသွားသောအခါ ထိုစာပေစွမ်းအားများသည် ၎င်းတို့၏ ခန္ဓာကိုယ်ထဲသို့ စီးဝင်သွားပြီး စိတ်နှလုံးကို အလွန် ကြည်လင်လန်းဆန်းသွားစေတတ်သည်။
ချင်းယွမ်ကျောင်းတော်၏ အမြင့်ဆုံးနေရာကျောင်းတော်ဝင်း အတွင်း၌ အကြီးကျယ်ဆုံး အဆောက်အအုံ ဖြစ်သော စာပေစုဆောင်းခြင်း မျှော်စင် တည်ရှိသည်။
ထိုမျှော်စင်သည် တစ်ထပ်ပြီးတစ်ထပ် အဆင့်ဆင့် မြင့်တက်သွားကာ ကောင်းကင်ဘုံသို့ ချိတ်ဆက်ထားသော မျှော်စင်ကြီးတစ်ခုကဲ့သို့ မိုးကောင်းကင်ကို ထိုးခွဲနေသည်။
မျှော်စင်၏ အပေါ်ဆုံးထပ်တွင် ဆံပင်ဖြူနှင့် အကြီးအကဲတစ်ဦးသည် ကုတင်တစ်ခုပေါ်တွင် တင်ပလ္လင်ခွေ ထိုင်နေပြီး သူ၏ ခန္ဓာကိုယ်ပတ်လည်တွင်လည်း စီးဆင်းနေသော လမ်းစဉ်စီးကြောင်းများ ဝန်းရံနေသည်။
ထိုသူသည် ချင်းယွမ်ကျောင်းတော်၏ ကျောင်းအုပ်ကြီး ဖြစ်သော နတ်သခင် ဝမ်ကျဲ ဖြစ်သည်။
ထိုအခိုက်အတန့်တွင် တိမ်တိုက်များကြားမှ ငှက်တစ်ကောင် ပျံသန်းလာပြီး မျှော်စင်၏ ပြတင်းပေါက်ဘောင်ပေါ်သို့ နားလိုက်သည်။
နတ်သခင် ဝမ်ကျဲသည် သူ၏ မျက်လုံးများကို ဖွင့်လိုက်ပြီး လက်ကို မြှောက်လိုက်ရာ ထိုငှက်သည် အလင်းလုံးတစ်ခုအဖြစ် ပြောင်းလဲသွားပြီး နတ်သခင် ဝမ်ကျဲ၏ လက်ဖဝါးထဲသို့ ပျံဝင်သွားသည်။
အလင်းလုံးအတွင်းရှိ အကြောင်းအရာများကို ဖတ်ရှုပြီးနောက် နတ်သခင် ဝမ်ကျဲ မျက်မှောင်ကို အပြင်းအထန် ကြုတ်လိုက်မိသည်။
သူ့အား နတ်သခင် ဝမ်ကျဲဟု ခေါ်ဆိုရခြင်းအကြောင်းမှာ ထျန်းရန် နတ်ဘုရား နယ်မြေတွင် ထောင်ပေါင်းများစွာသော ကပ်ဘေးပေါင်းများစွာကို ကြံ့ကြံ့ခံ ကျော်ဖြတ်ကာ ယနေ့တိုင် အသက်ရှင်နေထိုင်နိုင်ခဲ့ခြင်းကြောင့် ထိုဘွဲ့အမည်ကို ရရှိခဲ့ခြင်း ဖြစ်သည်။
နဂို သူ၏ နတ်သခင်အဆင့် သက်တမ်းအရဆိုလျှင် သူ ကွယ်လွန်ခဲ့ပြီးသည်မှာ ကြာလှပြီဖြစ်သည်။ သို့သော်လည်း အသက်ရှည်စေနိုင်သော နတ်မြက်ပင်တစ်ပင်ကို ရရှိခဲ့ခြင်းကြောင့် သူ ဆက်လက် အသက်ရှင်နေနိုင်ခြင်း ဖြစ်သည်။
ရှည်လျားလှသော သက်တမ်းကို ပိုင်ဆိုင်ထားသူ ဖြစ်သည့်အားလျော်စွာ သူသည် ထျန်းရန် နတ်ဘုရား နယ်မြေ၏ ဆန်းကြယ်သော သတ္တဝါများကဲ့သို့သော လျှို့ဝှက်ချက် အတော်များများကို သိထားသည်။
--
………….