← Chapters

အခန်း ၁၈၉၀

Vol. 126 Ch. 1890

အခန်း ၁၈၉၀

Vol. 126 Ch. 1890

အခန်း (၁၈၉၀ )

အတိတ်က သမိုင်းကြောင်း

ထိုအခိုက်အတန့်တွင် မျှော်စင်ရှိ အဆောင်ငယ်လေးအတွင်း၌ အလွန်ပင် ဆိတ်ငြိမ်လျက်ရှိသည်။ နေဝင်တောင်တန်း တည်ရှိရာဘက်သို့ ပြတင်းပေါက်မှတစ်ဆင့် လှမ်းမျှော်ကြည့်ရင်း နတ်သခင် ဝမ်ကျဲ၏ မျက်နှာအမူအရာက အလွန်ပင် လေးနက်နေ၏။

လျှို့ဝှက်ဆန်းကြယ်သော စွမ်းအားများ ထွက်ပေါ်နေသည့် ထိုသတ္တဝါများအကြောင်းကို တွေးမိရုံမျှဖြင့် နတ်သခင် ဝမ်ကျဲ၏ စိတ်ထဲတွင် နက်ရှိုင်းသော ကြောက်ရွံ့မှုများ ထင်ဟပ်လာခဲ့သည်။

လွန်ခဲ့သော နှစ်ပေါင်းများစွာ အကြာ ထိုကပ်ဘေးကြီး ဆိုက်ရောက်ခဲ့စဉ်က သူသည် အသက်နှစ်ဆယ်ကျော်အရွယ် လူနတ်အဆင့်မျှသာ ရှိသေးသည်။ သူ၏ ဆွေမျိုးသားချင်းများ၊ မိတ်ဆွေသူငယ်ချင်းများနှင့် ဂိုဏ်းတူညီအစ်ကိုများ ထိုကပ်ဘေးကြီးအတွင်း ပျက်စီးဆုံးရှုံးသွားခဲ့ရသည်ကို သူကိုယ်တိုင် မျက်ဝါးထင်ထင် တွေ့မြင်ခဲ့ရဖူးသည်။

ထိုမဟာပျက်စီးခြင်း ကပ်ဘေးသည် အရှေ့ပိုင်းနယ်မှ စတင်ခဲ့ခြင်း ဖြစ်သည်။ လူတို့၏ မှတ်ဉာဏ်များကို မေ့ပျောက်စေသည့် လျှို့ဝှက်ဆန်းကြယ်သော စွမ်းအားတစ်ခု ရှိနေခဲ့သော်လည်း ထိုအဖြစ်အပျက်ကိုတော့ သူ၏ နှလုံးသားထဲ အထင်အရှား မှတ်မိနေဆဲ ဖြစ်၏။

လက်ရှိတွင် နတ်သခင် ဝမ်ကျဲ အနည်းငယ် နားမလည်နိုင် ဖြစ်နေရသည်။ နတ်သခင် လင်ရှု ပေးပို့လာသော သတင်းများအရ လျှို့ဝှက်လဝန်း ကျောင်းတော်၏ ဘိုးဘေးက ခမ်းနားသော ကောင်းကင်ခန်းမကို ကူညီရန် စိတ်ဆန္ဒမရှိကြောင်း သိရသည်။

ရှည်လျားသော သမိုင်းကြောင်းရှိသည့် လျှို့ဝှက်လဝန်းနန်းတော်သည် ထိုကပ်ဘေးကြီး ကျရောက်ခဲ့စဉ်ကပင် ဗဟိုနယ်၌ ထိပ်တန်းအင်အားကြီးအုပ်စုတစ်ခု ဖြစ်ခဲ့ပြီးသား ဖြစ်သည်။ အခြားသောအင်အားစုများ မသိကြခြင်းမှာ မဆန်းသော်လည်း လျှို့ဝှက်လဝန်း ကျောင်းတော်တွင်တော့ ထိုလျှို့ဝှက်ဆန်းကြယ်သော သတ္တဝါများ၏ ကြောက်မက်ဖွယ်ကောင်းပုံကို သိထားသူ ဧကန်မုချ ရှိနေပေလိမ့်မည်။

ထိုသို့ဆိုလျှင် လျှို့ဝှက်လဝန်း ကျောင်းတော်၏ ဘိုးဘေးသည် ခမ်းနားသော ကောင်းကင်ခန်းမကို ကူညီရန် အဘယ်ကြောင့် ငြင်းဆန်ကန့်ကွက်နေရပါသနည်း။

နောက်ကွယ်တွင် ဖုံးကွယ်ထားသော လျှို့ဝှက်ချက်တစ်ခုခု ရှိနေ၍လား။

သို့မဟုတ် ခမ်းနားသော ကောင်းကင်ခန်းမက ကြံစည်ထားသည့် ပူးပေါင်းကြံစည်မှုတစ်ခုခု ဖြစ်နေနိုင်မလား။

ခဏခန့် အတွေးထဲနစ်မြောသွားပြီးနောက် စာပေစွမ်းအားလှိုင်းများကို ချင်းယွမ်ကျောင်းတော်တစ်ခုလုံးသို့ ပျံ့နှံ့သွားစေရန် နတ်သခင် ဝမ်ကျဲ တိုက်ရိုက် ထုတ်လွှတ်လိုက်၏။

ထိုသို့ ထူးခြားပြောင်မြောက်လှသော စာပေစွမ်းအားလှိုင်းများကို ခံစားမိကြလျှင် ချင်းယွမ်ကျောင်းတော်ရှိ လူအားလုံး သူတို့၏ ကျောင်းအုပ်ကြီး တံခါးပိတ်ကျင့်စဉ်မှ ထွက်လာခဲ့ပြီဖြစ်ကြောင်း သဘောပေါက်သွားကြပြီး စိုးရိမ်ပူပန်မှုများလည်း စိတ်ထဲ ဝင်ရောက်လာကြ၏။ ကျောင်းအုပ်ကြီးကိုယ်တိုင် ထွက်လာရလောက်အောင် အဘယ်ကဲ့သို့ ကြီးမားသော အဖြစ်အပျက်မျိုး ဖြစ်ပွားခဲ့သနည်း။

သားရဲမဟာမိတ်၏ မဟာမိတ်ခေါင်းဆောင်ကြီးကဲ့သို့ပင် သူတို့၏ ကျောင်းအုပ်ကြီးသည်လည်း ခေတ်အဆက်ဆက် တည်ရှိလာခဲ့သူဖြစ်ရာ သူတို့ မည်သည့်အချိန်တွင် အသက်တမ်းကုန်ဆုံးမည်ကို မည်သူမှ မသိနိုင်ပေ။ ထို့ကြောင့် သာမန်ကိစ္စရပ်လေးများအတွက်တော့ တံခါးပိတ်ကျင့်စဉ်စခန်းမှ ထွက်လာမည်မဟုတ်ပေ။

သူတို့သည် အသက်စွမ်းအားများ ဆုံးရှုံးမှုကို လျှော့ချရန်နှင့် သေဆုံးမည့်အချိန်ကို ဆွဲဆန့်ထားနိုင်ရန်အတွက် ကိုယ့်ကိုယ်ကို ချိပ်ပိတ်ထားသည့် အခြေအနေတွင်သာ အချိန်အများစုကို ကုန်လွန်စေလေ့ရှိသည်။

ယခုအချိန်တွင် ချင်းယွမ်ကျောင်းတော်၏ အရေးကိစ္စအဝဝကို နတ်သခင် လင်ရှုကသာ ဆုံးဖြတ်ပေးနေခြင်း ဖြစ်သည်။ သူသည် ဒုတိယကျောင်းအုပ်ကြီး ဖြစ်သော်လည်း ကျောင်းအုပ်ကြီးနှင့် ကွာခြားမှုမရှိလှပေ။

အကယ်၍ နတ်သခင် ဝမ်ကျဲသာ အသက်တမ်းကုန်ဆုံးသွားခဲ့ပါက နတ်သခင် လင်ရှုသည် ကျောင်းအုပ်ကြီး ရာထူးနေရာကို ချက်ချင်း ဆက်ခံနိုင်မည် ဖြစ်သည်။

ယခုကဲ့သို့ နတ်သခင် ဝမ်ကျဲ တံခါးပိတ်ကျင့်စဉ်မှ ထွက်လာခဲ့သည်ဆိုလျှင် ချင်းယွမ်ကျောင်းတော်၏ တည်ရှိမှုကိုပါ ခြိမ်းခြောက်နိုင်သည့် ဘေးအန္တရာယ်တစ်ခုခုနှင့် ကြုံတွေ့နေရပြီ ဖြစ်ရမည်။

နတ်ဆိုးဧကရာဇ် ပြန်လည်ရောက်ရှိလာခဲ့စဉ်ကပင် သူတို့၏ ကျောင်းအုပ်ကြီး ကျင့်စဉ်စခန်းမှ ထွက်မလာခဲ့သည်ကို လူတိုင်း သိထားကြရာ ယခုထွက်လာခြင်းမှာ ချင်းယွမ်ကျောင်းတော် ရင်ဆိုင်ရတော့မည့် ခြိမ်းခြောက်မှုသည် နတ်ဆိုးဧကရာဇ် ပြန်လည်ရောက်ရှိလာခြင်းထက်ပင် ပိုကြီးမားနေကြောင်း ညွှန်ပြနေသည်။

……

ချင်းယွမ်ကျောင်းတော်၏ နတ်သခင်များအားလုံးလည်း တွန့်ဆုတ်မနေပဲ အစည်းအဝေးခန်းမသို့ သွားရောက်ကာ စောင့်ဆိုင်းနေကြတော့၏။ အဘယ်ကြောင့်ဆိုသော် နတ်သခင် ဝမ်ကျဲ၏ စာပေစွမ်းအား ထုတ်လွှတ်မှုသည် အရေးကြီးကိစ္စရပ်များကို ဆွေးနွေးရန် လူစုခေါ်ယူသည့် အချက်ပြမှုတစ်ခု ဖြစ်သောကြောင့် ဖြစ်သည်။

ချင်းယွမ်ကျောင်းတော်၏ နတ်သခင်များအားလုံး အစည်းအဝေးခန်းမသို့ ရောက်ရှိလာကြလျှင် နတ်သခင် ဝမ်ကျဲ၏ ပုံရိပ်သည်လည်း ထိုနေရာ၌ ပေါ်လာခဲ့ရာ နတ်သခင်များအားလုံးက

“ကျောင်းအုပ်ကြီးကို ဂါရဝပြုပါတယ်”

ထိုသို့ ဂါရဝပြုပြီးနောက် နတ်သခင်တစ်ပါးက

“ကျောင်းအုပ်ကြီး... ဘာကိစ္စရှိလို့ တံခါးပိတ်ကျင့်စဉ်ကနေ ထွက်လာရတာလဲ ခင်ဗျာ”

နတ်သခင် ဝမ်ကျဲက အားလုံးကို

“မဟာကပ်ဘေးကြီးတစ်ခု ဆိုက်ရောက်တော့မှာမို့လို့ ကျုပ် တံခါးပိတ်ကျင့်စဉ်ကနေ မထွက်လို့ မရတော့တာ။”

ထိုအရာကို ကြားလျှင် ခန်းမအတွင်းရှိ လူအားလုံး တစ်ဦးကိုတစ်ဦး ဇဝေဇဝါဖြင့် ကြည့်လိုက်ကြ၏။

မဟာကပ်ဘေးကြီး ဟုတ်စ။

ဘယ်လို ကပ်ဘေးကြီးမျိုးပါလိမ့်။

နတ်ဆိုးဧကရာဇ်နဲ့ ပတ်သက်နေတာလား။

နတ်သခင်တစ်ပါးက ကျောင်းအုပ်ကြီးကို

“ကျောင်းအုပ်ကြီးပြောတဲ့ မဟာကပ်ဘေးကြီးက နတ်ဆိုးဧကရာဇ်နဲ့ ပတ်သက်နေတာလား ခင်ဗျာ။”

ထိုစကားကို ကြားလျှင် အစည်းအဝေးခန်းမအတွင်း ရှိနေကြသူများကို နတ်သခင် ဝမ်ကျဲ ဝေ့ကြည့်လိုက်၏။ ဤနတ်သခင်များသည် လျှို့ဝှက်ဆန်းကြယ်သော သတ္တဝါများ ရောက်ရှိလာသည့် ခေတ်ကာလ၏ နောက်ပိုင်း ရာစုနှစ်ပေါင်းများစွာ ကြာမှ မွေးဖွားလာကြသူများ ဖြစ်သဖြင့် ထိုသတ္တဝါများ တည်ရှိမှုကို မသိကြခြင်း ဖြစ်သည်။

ထို့ပြင် ထျန်းရန်နတ်ဘုရားနယ်မြေတွင် အတိတ်က မှတ်ဉာဏ်များကို ချေဖျက်ပေးသည့် စွမ်းအားတစ်ခု ရှိနေသဖြင့် ထိုလျှို့ဝှက်ဆန်းကြယ်သော သတ္တဝါများအကြောင်း သိသူ အလွန်နည်းပါးလှ၏။

နတ်သခင် ဝမ်ကျဲက အားလုံးကို

“ကျုပ် လူနတ်အဆင့်မှာပဲ ရှိသေးတဲ့ အချိန်တုန်းက ဒီလောကကြီးဟာ ကပ်ဘေးတစ်ခုနဲ့ ကြုံတွေ့ခဲ့ရဖူးတယ်။”

“အစပိုင်းမှာတော့ ကောင်းကင်ယံမှာ လျှို့ဝှက်ဆန်းကြယ်တဲ့ အမည်းရောင်စွမ်းအားတွေ ပေါ်လာခဲ့တာ။ လူတွေက ဒီအမည်းရောင်စွမ်းအားက ဘာလဲဆိုတာ မသိကြဘူး။ နတ်သခင်တွေနဲ့ နတ်ဧကရာဇ်တွေ အများကြီးကိုယ်တိုင် သွားရောက်စုံစမ်းခဲ့ကြပေမဲ့ ဘာမှ ရှာမတွေ့ခဲ့ကြဘူး။”

“ဒါက လျှို့ဝှက်ဆန်းကြယ်နေပေမဲ့ ထျန်းရန်နတ်ဘုရားနယ်မြေရဲ့ ကောင်းကင်ဘုံလမ်းစဉ်ကို မထိခိုက်စေတာမို့လို့ အစပိုင်းမှာ လူတွေက သိပ်ဂရုမစိုက်မိကြဘူး။ ဒါဟာ ထျန်းရန်နတ်ဘုရားနယ်မြေအတွင်းမှာ ကျင့်စဉ်လမ်းစဉ်အသစ်တစ်ခု တိုးတက်ပြောင်းလဲလာဖို့အတွက် နိမိတ်တစ်ခု ဖြစ်လိမ့်မယ်လို့ပဲ ထင်ခဲ့ကြတာ။”

“တစ်နေ့မှာတော့ ကောင်းကင်ယံမှာ ထောင်ပေါင်းများစွာသော အက်ကြောင်းတွေ ပေါ်လာပြီး အဲဒီအမည်းရောင်စွမ်းအားတွေ ထွက်ပေါ်နေတဲ့ သတ္တဝါတွေ အက်ကြောင်းတွေထဲကနေ ထွက်လာခဲ့ကြတယ်။ သူတို့ဟာ ဒီလောကထဲကို ဆင်းသက်လာပြီးတဲ့နောက် သက်ရှိသတ္တဝါအားလုံးကို စတင်သတ်ဖြတ်ကြတော့တာပဲ။”

“အဲဒီကပ်ဘေးဟာ အရှေ့ပိုင်းနယ်ကနေ စတင်ခဲ့တာဖြစ်ပြီး အဲဒီတုန်းက ကျုပ်ရှိနေခဲ့တဲ့ နတ်ဂိုဏ်းလည်း ကပ်ဘေးအတွင်းမှာပဲ ပျက်စီးသွားခဲ့ရတယ်။”

“အဲဒီလျှို့ဝှက်ဆန်းကြယ်တဲ့ သတ္တဝါတွေ ရောက်လာပြီးတဲ့နောက် ထျန်းရန်နတ်ဘုရားနယ်မြေရဲ့ အင်အားကြီးအုပ်စုတွေဟာ သူတို့ကို တိုက်ခိုက်နှိမ်နင်းဖို့ ချက်ချင်းပဲ ပူးပေါင်းခဲ့ကြတယ်။ ကံကောင်းတာက သူတို့က အားကောင်းပေမဲ့ အစပိုင်းမှာ အရေအတွက် သိပ်မများသေးလို့ အရှေ့ပိုင်းနယ်ထဲမှာပဲ ချက်ချင်း ပိတ်ဆို့တိုက်ခိုက်နိုင်ခဲ့ကြတယ်။”

“ဒါပေမဲ့ မထင်မှတ်ပဲနဲ့ အချို့နတ်ဂိုဏ်းတွေက တပည့်တွေဟာ အဲဒီအမည်းရောင် လျှို့ဝှက်စွမ်းအားတွေရဲ့ ကူးစက်ခြင်းကို ခံလိုက်ရပြီး အဲဒီစွမ်းအားရဲ့ တိုက်စားဖျက်ဆီးမှုကို ခံရပြီးတာနဲ့ လျှို့ဝှက်ဆန်းကြယ်တပ်ရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်သွားကြတော့တာပဲ။”

“ဒီလျှို့ဝှက်ဆန်းကြယ်တဲ့ စွမ်းအားရဲ့ တိုက်စားမှုအောက်မှာ နတ်ဂိုဏ်းအသီးသီးက တည်ဆောက်ထားတဲ့ ခံစစ်ကြောင်းတွေဟာ အလျင်အမြန်ပဲ ပြိုပျက်သွားခဲ့ရတယ်။ နှစ်အနည်းငယ်အတွင်းမှာတင် အဲဒီလျှို့ဝှက်ဆန်းကြယ်တပ်ဟာ အခြားနယ်တွေကိုပါ ကျူးကျော်ဝင်ရောက်လာခဲ့ကြတယ်...”

ထိုစဉ် နတ်သခင် ဝမ်ကျဲသည် သူ၏ စကားကို ခဏခန့်ရပ်လိုက်၏။ သူသည် ထိုကပ်ဘေးကြီးအကြောင်းကို ဆက်လက်တွေးတောရန် စိတ်မပါတော့သည့်ပုံရသည်။

နတ်သခင် ဝမ်ကျဲ၏ စကားများကို ကြားရပြီးနောက် ခန်းမအတွင်းရှိ နတ်သခင်များအားလုံး တိတ်ဆိတ်သွားကြ၏။ ထျန်းရန်နတ်ဘုရားနယ်မြေတွင် ဤကဲ့သို့သော ကပ်ဘေးမျိုး ဖြစ်ပွားခဲ့ဖူးသည်ကို သူတို့ လုံးဝ မသိခဲ့ကြပေ။

သို့သော် ကျောင်းအုပ်ကြီး၏ ပြောပြချက်ကို နားထောင်ရင်း ထိုလျှို့ဝှက်ဆန်းကြယ်တပ်၏ ပျံ့နှံ့ပုံနည်းလမ်းသည် မြောက်ပိုင်းနယ်ရှိ လူအမြောက်အမြား ကောင်းကင်နတ်ဆိုးများအဖြစ် ပြောင်းလဲစေကာ ၎င်းတို့၏အင်အားကို တိုးပွားစေခဲ့သည့် ကောင်းကင်နတ်ဆိုးတပ်နှင့် အလွန်တူညီနေကြောင်း သတိပြုမိသွားကြသည်။

အဆိုပါ လျှို့ဝှက်ဆန်းကြယ်သော သတ္တဝါများနှင့် ကောင်းကင်နတ်ဆိုးများသည် မျိုးနွယ်စုတစ်ခုတည်း ဖြစ်နေ၍လား။

အချိန်အတော်ကြာပြီးမှ နတ်သခင်တစ်ပါးက

“ကျောင်းအုပ်ကြီး... ကောင်းကင်နတ်ဆိုးတွေနဲ့ အဲဒီလျှို့ဝှက်ဆန်းကြယ်တဲ့ သတ္တဝါတွေက မျိုးနွယ်စုတစ်ခုတည်းပဲလား။”

ထိုအရာကို ကြားလျှင် နတ်သခင် ဝမ်ကျဲ ခေါင်းခါယမ်းလိုက်ရင်း အားလုံးကို

“အဲဒီတုန်းက နတ်ဆိုးဧကရာဇ်ဆိုတာ မရှိသေးဘူး။ ပြီးတော့ ကောင်းကင်နတ်ဆိုးစွမ်းအားဟာ အဲ့ဒီ လျှို့ဝှက်ဆန်းကြယ်တဲ့ စွမ်းအားနဲ့ ယှဉ်ရင် ဘာမှမဟုတ်ဘူး။”

“ကောင်းကင်နတ်ဆိုးစွမ်းအားက လူတွေရဲ့ စိတ်အလိုမကျမှုတွေ၊ စိတ်အမှောင်ဘက်ခြမ်းတွေနဲ့ ဆန္ဒတွေအပေါ်မှာ မူတည်နေတာ။ ကောင်းကင်နတ်ဆိုးလမ်းစဉ်က ထျန်းရန်နတ်ဘုရားနယ်မြေရဲ့ ကျင့်စဉ်လမ်းစဉ်တစ်ခု မဟုတ်ပေမဲ့လည်း ကောင်းကင်နတ်ဆိုးစွမ်းအားရဲ့ မြစ်ဖျားခံရာက ထျန်းရန်နတ်ဘုရားနယ်မြေက လူတွေပဲ ဖြစ်တယ်။ ဒါပေမဲ့ လျှို့ဝှက်ဆန်းကြယ်တဲ့ စွမ်းအားကတော့ သက်ရှိတွေကို ဝါးမြိုဖျက်ဆီးတတ်တဲ့ စွမ်းအားတစ်ခုဖြစ်ပြီး ဒီလောကက အရာမဟုတ်ဘူး။”

ရွှမ်ချင်းယွမ် တန်ခိုးအာဏာ ကြီးထွားလာခဲ့စဉ်က နတ်ဆိုးဧကရာဇ်ကို လျှို့ဝှက်ဆန်းကြယ်သော သတ္တဝါများ၏ ကျောထောက်နောက်ခံပြုမှုကို ရရှိထားသည့် နတ်ဧကရာဇ်တစ်ပါးဟု နတ်သခင် ဝမ်ကျဲ ထင်မှတ်ခဲ့သော်လည်း မကြာမီမှာပင် ကောင်းကင်နတ်ဆိုးစွမ်းအားနှင့် လျှို့ဝှက်ဆန်းကြယ်သော စွမ်းအားတို့အကြား ကြီးမားသော ကွာခြားချက်များ ရှိနေကြောင်း သိသွားခဲ့သည်။

ရွှမ်ချင်းယွမ်သည် ထျန်းရန်နတ်ဘုရားနယ်မြေရှိ လူတို့၏ စိတ်အလိုမကျမှုများနှင့် ဆန္ဒများကို အသုံးချကာ ကောင်းကင်နတ်ဆိုးစွမ်းအားကို ကျင့်ကြံခဲ့ခြင်းဖြစ်သည်။ သို့သော် လျှို့ဝှက်ဆန်းကြယ်သော စွမ်းအားကိုတော့ ကျင့်ကြံခြင်းဖြင့် ရရှိနိုင်ခြင်း မရှိပေ။

ထိုစွမ်းအား၏ မြစ်ဖျားခံရာနှင့် ပတ်သက်၍ နတ်သခင် ဝမ်ကျဲ ကိုယ်တိုင် မသိသကဲ့သို့ ထိုစဉ်က ကပ်ဘေးကြီးကို ဖြေရှင်းခဲ့ကြသည့် နတ်ဧကရာဇ်များပင်လျှင် သိခဲ့ကြခြင်း မရှိပေ။

ရွှမ်ချင်းယွမ်က လူများကို ကောင်းကင်နတ်ဆိုးများအဖြစ် ပြောင်းလဲလိုက်ပြီးနောက် ၎င်းတို့ကို သက်ရှိများဟု သတ်မှတ်နိုင်သေးသော်လည်း လျှို့ဝှက်ဆန်းကြယ်သော စွမ်းအားကြောင့် ပြောင်းလဲသွားသည့် သတ္တဝါများတွင်တော့ မည်သည့် အသက်စွမ်းအားမှ ကျန်ရှိတော့ခြင်း မရှိပေ။

အပြင်ပန်းအားဖြင့် သက်ရှိထင်ရှား ရှိနေသကဲ့သို့ ထင်ရသော်လည်း သေဆုံးပြီးသား လူသေများနှင့် ဘာမှ မခြားနားပေ။

အရေးကြီးဆုံးအချက်မှာ ရွှမ်ချင်းယွမ်သည် နတ်ဧကရာဇ် ဖြစ်လာပြီးနောက် အခြားသော နတ်ဧကရာဇ်များကဲ့သို့ပင် ဤလောကကြီးကို အုပ်စိုးရန်သာ စိတ်ကူးခဲ့ပြီး လောကကြီးတစ်ခုလုံးကို ဖျက်ဆီးပစ်ရန်တော့ တစ်ကြိမ်တစ်ခါမှ မတွေးတောခဲ့ဖူးခြင်း ဖြစ်သည်။

--

All Chapters